ဩနေသိဖော်—ရဲရင့်သောနှစ်သိမ့်ပေးသူ
“အကျဉ်းခံရသောသူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့မှတ်၍၊ သူတို့ကိုအောက်မေ့ကြလော့။ . . . ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။” (ဟေဗြဲ ၁၃:၃) ဤစကားများကို တမန်တော်ပေါလုရေးခဲ့ချိန် စီး.အီး. ၆၁ ခန့်တွင် မိမိကိုယ်တိုင် တစ်ကြိမ်ထက်မက အကျဉ်းချခြင်းခံခဲ့ရကာ အာဇာနည်တစ်ဦးအဖြစ် မိမိမသေမီ နောက်ထပ်တစ်ကြိမ် အကျဉ်းချခြင်းခံရဦးမည်ဖြစ်သည်။ (တမန်တော် ၁၆:၂၃၊ ၂၄; ၂၂:၂၄; ၂၃:၃၅; ၂၄:၂၇; ၂ ကောရိန္သု ၆:၅; ၂ တိမောသေ ၂:၉; ဖိလေမုန် ၁) မိမိတို့၏ယုံကြည်ခြင်းစမ်းသပ်မှုကို ရင်ဆိုင်နေရသော ယုံကြည်သူချင်းတို့အား အသင်းတော်များက ကူညီပေးဖို့ ယခုအချိန်တွင် အရေးတကြီးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ထိုစဉ်ကလည်း လိုအပ်ခဲ့သည်။
ပထမရာစုတွင် လိုအပ်မှုကို အထူးသဖြင့် ဂရုစိုက်တတ်သော တပည့်တစ်ဦးကား ဩနေသိဖော်ဖြစ်၏။ ရောမတွင် ပေါလုဒုတိယအကြိမ် အကျဉ်းချခံနေစဉ်အတွင်း သူရောက်သွားပါသည်။ သူနှင့်ပတ်သက်၍ တမန်တော်က ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရား၏ကရုဏာတော်သည် ဩနေသိဖော်၏အိမ်၌ သက်ရောက်ပါစေသော။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက်ရှိသော်လည်း၊ သူသည်ရှက်ကြောက်ခြင်းမရှိဘဲ၊ ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက် ငါ့ကိုရှာ၍တွေ့၏။” (၂ တိမောသေ ၁:၁၆၊ ၁၇) ထိုစကားအနည်းငယ်သည် အမှန်တကယ် မည်သည့်အဓိပ္ပာယ်ရှိသည်ကို လေးနက်စွာတွေးတောဖို့ အချိန်ယူခဲ့ဖူးပါသလော။ ထိုသို့ပြုလုပ်ခြင်းသည် ဩနေသိဖော်အား သင့်လေးမြတ်မှု တိုးများလာနိုင်ဖွယ်ရှိပါလိမ့်မည်။ သူသည် ရဲရင့်သောနှစ်သိမ့်ပေးသူတစ်ဦးဖြစ်ခဲ့သည်ကို သင်တွေ့လာပါလိမ့်မည်။
ပေါလု၏ဒုတိယအကြိမ်အကျဉ်းချခံရခြင်း
ပေါလုသည် ပထမအကြိမ်အကျဉ်းချခံရခြင်းမှ လွတ်မြောက်လာပြီးနောက် ရောမထောင်တစ်ခု၌ ခြားနားသောအခြေအနေများအောက်တွင် နောက်ထပ်အကျဉ်းချခံရပြန်သည်။ ယခင် ပေါလုငှားရမ်းထားသောအိမ်တွင် သူ့ကိုမိတ်ဆွေများတွေ့ခွင့်ရရှိခဲ့ကြသည်။ ထို့ပြင် သူလွတ်မြောက်တော့မည်ဟု ယုံကြည်စိတ်ချနေပုံရ၏။ ယခုမှာမူ လူအများ၏စွန့်ခွာခြင်းကိုခံရကာ အာဇာနည်အဖြစ် သေရတော့မည့်ပုံရှိသည်။—တမန်တော် ၂၈:၃၀; ၂ တိမောသေ ၄:၆-၈၊ ၁၆; ဖိလေမုန် ၂၂။
ပေါလုသည် စီ.အီး. ၆၅ ခုနှစ်ခန့် ဤအချိန်တွင် ထောင်ကျနေပါသည်။ ၎င်းနှစ်မတိုင်မီ တစ်နှစ်ခန့်—စီ.အီး. ၆၄၊ ဇူလိုင်—က ရောမတစ်ခွင် မီးလောင်ခဲ့သည်။ ထိုမီးလောင်မှုကြောင့် မြို့၏ဒေသ ၁၄ ခုအနက် ၁၀ ခုတွင် အကြီးအကျယ်ပျက်စီးမှုဖြစ်ပွားခဲ့သည်။ ရောမသမိုင်းဆရာ တက်စီးတပ်စ်၏အဆိုအရ ဧကရာဇ်မင်းနီရိုးသည် “၎င်းမီးလောင်မှုကြီးဖြစ်ပွားရခြင်းမှာ အမိန့်တစ်ခုကြောင့်ဖြစ်သည်ဟူသော ဥပါဒါန်အစွဲကို မပယ်ဖျက်နိုင်ခဲ့ချေ။ ထို့ကြောင့် နီရိုးသည် ထိုသတင်းကို ပယ်ရှားပစ်ဖို့ လူထုက ခရစ်ယာန်များဟုခေါ်သောသူများအပေါ် အပြစ်ပုံချကာ သူတို့၏မနှစ်မြို့ဖွယ်များအတွက် မုန်းတီးခံရသော လူတစ်စုကို အပြင်းအထန်နှိပ်စက်ကလူပြုလေတော့သည်။ . . . ပြောင်လှောင်မှုအမျိုးမျိုးဖြင့်လည်း သူတို့သေခဲ့ကြရသည်။ သားရဲအရေခွံများခြုံပေးပြီး ခွေးများကို ကိုက်ဆွဲသတ်စေခြင်း၊ လက်ဝါးကပ်တိုင်တွင် သံရိုက်ခံရခြင်း၊ နေ့အလင်းရောင်ပျောက်သွားသောအခါ ညအလင်းရောင်ရရှိစေဖို့ မီးရှို့ခံရခြင်းဖြင့် အပြစ်ဒဏ်ပေးခံရကြသည်။”
ဤကဲ့သို့သောအခြေအနေမျိုးနှင့် ထပ်တူအဖြစ်မျိုးကြုံရဖွယ်ရှိချိန်တွင် ပေါလုတစ်ဖန်ထောင်ကျပြန်သည်။ ထို့ကြောင့် မိမိ၏မိတ်ဆွေ ဩနေသိဖော်ရောက်ရှိလာခြင်းအတွက် သူကျေးဇူးတင်မိမည်မှာ အံ့ဩစရာမဟုတ်ပေ! သို့ဖြစ်စေကာမူ ဩနေသိဖော်၏ရှုထောင့်မှ အလားတူအခြေအနေကို ကျွန်ုပ်တို့ကြည့်ကြစို့။
အကျဉ်းသားဖြစ်သူ ပေါလုထံလည်ပတ်ခြင်း
ဩနေသိဖော်၏မိသားစုသည် ဧဖက်မြို့တွင် နေထိုင်ပုံရှိသည်။ (၂ တိမောသေ ၁:၁၈; ၄:၁၉) ဩနေသိဖော်သည် သူ့ကိစ္စနှင့်သူ ထိုအင်ပိုင်ယာ၏မြို့တော်သို့ ရောက်ရှိခြင်းလော သို့တည်းမဟုတ် ပေါလုထံတမင်လာခြင်းလောဆိုသည်ကို အတိအကျမဖော်ပြထားချေ။ မည်သို့ပင်ဖြစ်ပါစေ၊ တမန်တော်က ဤသို့ထုတ်ဖော်ရေးသားခဲ့သည်– ‘ရောမမြို့သို့ ဩနေသိဖော်ရောက်သောအခါ သူသည် ငါ့ကို အဖန်ဖန်သက်သာစေပြီ။’ (၂ တိမောသေ ၁:၁၆၊ ၁၇) အဘယ်နည်းဖြင့် သက်သာစေခဲ့သနည်း။ ဩနေသိဖော်၏အကူအညီတွင် ကာယရေးအကူအညီ ပါဝင်ခဲ့မည်မှန်သော်လည်း သူရောက်ရှိလာခြင်းက ပေါလုအတွက် အားပေးမှုဖြစ်သည့် အားဆေးတစ်ခွက်လည်းဖြစ်ကြောင်း ထင်ရှားသည်။ အမှန်အားဖြင့် ဘာသာပြန်ကျမ်းအချို့တွင် ဤသို့ဖတ်ရှုကြရသည်– “သူသည် ငါ့စိတ်ဓာတ်ကို အဖန်ဖန်အားတက်စေပြီ။” သို့တည်းမဟုတ် “သူသည်ငါ့ကို အဖန်ဖန်နှစ်သိမ့်ခဲ့ပြီ။”
ထိုအချိန်၌ ရောမတွင် အကျဉ်းကျနေသော ခရစ်ယာန်တစ်ဦးထံ သွားရောက်လည်ပတ်ရန် စိန်ခေါ်မှုများစွာရှိသည်။ ပေါလု၏ပထမအကြိမ် အကျဉ်းချခံရသောအချိန်နှင့်မတူဘဲ ရောမခရစ်ယာန်များသည် သူနှင့်အဆက်အသွယ်ပြတ်နေသည်မှာ ထင်ရှား၏။ ရောမကဲ့သို့သောမြို့ကြီးတစ်မြို့တွင် အပြစ်ကျူးလွန်မှုအမျိုးမျိုးကြောင့် အကျဉ်းချခံရသောသူများစွာထဲမှ မထင်ရှားသောအကျဉ်းသားတစ်ဦးကို ရှာတွေ့ရန်မှာ မလွယ်ကူသောကိစ္စဖြစ်သည်။ ထို့ကြောင့် အပတ်တကုတ်ကြိုးစားရှာဖွေရန် လိုအပ်မည်။ ပညာရှင် ဂျိုဗန်းနီးရောစ်တားန်ရိုသည် အဖြစ်အပျက်ကို ဤသို့ဖော်ပြသည်– “အခက်အခဲ အမျိုးမျိုးရှိပေမည်။ အထူးသဖြင့် ရှာဖွေမှုပြုရာတွင် သတိပညာအထူးလိုအပ်နေပါသည်။ ဤတွင်ထိုတွင် သတင်းစုဆောင်းကာ ပြစ်မှုများစွာတွင်ပတ်သက်သောအကျဉ်းသား တစ်ယူသန်အဖိုးအိုတစ်ဦး၏ထောင်ကို သိချင်စိတ်တင်ပြမည်ဆိုလျှင် မသင်္ကာစရာဖြစ်စေခဲ့ပေမည်။”
စာရေးဆရာ ပီ. အင်န်. ဟယ်ရီဆန်က အလားတူအခြေအနေမျိုးကို ဤသို့ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြသည်– “စုပြုံသွားလာနေသည့်လူအုပ်ကြားထဲတွင် ခိုင်မာပြတ်သားသောရည်ရွယ်ချက်ရှိ မျက်နှာတစ်ခုကို ကျွန်တော်တို့ ရိပ်ခနဲမြင်လိုက်မိ၍ ဝေးလံသည့်အီဂျီးယန်းပင်လယ်ကမ်းရိုးတန်းမှ ယင်းလူစိမ်းနောက် စိတ်ဝင်တစားလိုက်ရာ သူသည် ရှုပ်ထွေးသည့် မရောက်ဖူးသောလမ်းများပေါ်လျှောက်သွားပြီး တံခါးပေါင်းမြောက်မြားစွာကိုခေါက်ကာ သဲလွန်စတိုင်းကို လိုက်ရာတွင် အန္တရာယ်ရှိကြောင်း သတိပေးခံရသော်လည်း သူ၏ရှာဖွေမှုကို မရပ်တန့်; မထင်ရှားသောအကျဉ်းထောင်တစ်ခုတွင် မိမိအားနှုတ်ဆက်သည့် ရင်းနှီးဖူးသောအသံတစ်သံကို ကြားသည့်အထိ ရှာဖွေခဲ့ရာ ရောမစစ်သားတစ်ဦးနှင့်အတူ သံကြိုးတွဲခတ်ထားသောပေါလုကို ရှာဖွေတွေ့ရှိလေသည်။” ၎င်းနေရာသည် အခြားသောရောမထောင်များကဲ့သို့ဖြစ်မည်ဆိုလျှင် ယင်းသည် သံကြိုးဖြင့်ချည်နှောင်ခြင်းနှင့် ဆင်းရဲဒုက္ခအမျိုးမျိုးရှိရာ အေးစိမ့်မှောင်မဲပြီး ညစ်ပတ်သောနေရာဖြစ်နိုင်ပေသည်။
ပေါလုကဲ့သို့ အကျဉ်းသားတစ်ဦး၏မိတ်ဆွေအဖြစ် သိမြင်ခံရခြင်းသည် အန္တရာယ်ရှိသည်။ ယင်းထက် သူ့ထံလည်ပတ်နေခြင်းက ပို၍ပင်အန္တရာယ်ရှိသည်။ ခရစ်ယာန်တစ်ဦးအဖြစ် ကိုယ့်ကိုကိုယ်ပွင့်ပွင့်လင်းလင်းဖော်ပြခြင်းက အဖမ်းခံရပြီး နှိပ်စက်မှုကြောင့် သေနိုင်သည့်အထိ အန္တရာယ်များသည်။ သို့သော် ဩနေသိဖော်သည် တစ်ကြိမ်၊ နှစ်ကြိမ်လည်ပတ်ခြင်းဖြင့်သာ မကျေနပ်ခဲ့ချေ။ သူသည် ဤသို့ “အဖန်ဖန်” ပြုလုပ်ဖို့ ရှက်လည်းမရှက်၊ ကြောက်လည်းမကြောက်ခဲ့ပေ။ “အကျိုးသယ်ပိုးသူ” ဟူသောအဓိပ္ပာယ်ရှိ အမည်ပိုင်ရှင်သြနေသိဖော်သည် သူ့အမည်နှင့်အညီ အန္တရာယ်များရှိလင့်ကစား ရဲစွမ်းသတ္တိဖြင့် မေတ္တာပါပါ အမှန်ပင်ကူညီထောက်မမှုပေးခဲ့သည်။
ဩနေသိဖော်သည် ဤအရာရှိရှိသမျှတို့ကို အဘယ်ကြောင့်ပြုလုပ်ခဲ့သနည်း။ ဘရိုင်ယန်ရပ်စခီး က ဤသို့မှတ်သားဖော်ပြခဲ့သည်– “အကျဉ်းထောင်သည် ကာယညှဉ်းပန်းမှုခံရသည့်နေရာဖြစ်သည့်အပြင် အကျဉ်းသားအပေါ်ကျရောက်သည့် ဖိစီးမှုများကြောင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြရသည့် နေရာတစ်နေရာလည်းဖြစ်သည်။ ဤအရာအားလုံးကိုထည့်တွက်ကြည့်သော် ကူညီပေးသူများ ကိုယ်တိုင်လာရောက်ပြီး အားပေးစကားများပြောဆိုခြင်းသည် အကျဉ်းသားအတွက် စိတ်ပိုင်းအရ အကြီးအကျယ်စိတ်အားတက်စေနိုင်သည်။ ဩနေသိဖော်သည် ယင်းကိုသိမြင်ကာ မိမိ၏မိတ်ဆွေအား ရဲရင့်စွာသစ္စာရှိခဲ့သည်။ ဤကူညီမှုကို ပေါလုမည်မျှကျေးဇူးတင်လေးမြတ်ခဲ့မည်ပါတကား!
ဩနေသိဖော် မည်သို့ဖြစ်သွားခဲ့သနည်း
ပေါလုသည် တိမောသေထံပေးပို့သည့် မိမိ၏ဒုတိယစာတွင် ဩနေသိဖော်၏အိမ်သူအိမ်သားများကို နှုတ်ခွန်းဆက်စကားများပေးပို့ကာ သူနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “သူသည် ထိုနေ့ရက်၌ သခင်ဘုရားလက်မှ ကရုဏာတော်ကိုခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။” (၂ တိမောသေ ၁:၁၈; ၄:၁၉) “ထိုနေ့ရက်၌” ဟူသောစကားလုံးသည် ဘုရားသခင့်တရားစီရင်ရာနေ့ကို ရည်ညွှန်းနေခြင်းကြောင့် ဩနေသိဖော်ကွယ်လွန်သွားပြီဟု များစွာသောသူတို့က ထင်မြင်ယူဆကြသည်။ ယင်းသို့ဖြစ်ခဲ့လျှင် “ဩနေသိဖော်သည် ဤအန္တရာယ်ရှိသောနယ်ပယ်တွင် လည်ပတ်စဉ် နောက်ဆုံးအကြိမ်၌ သူသည် . . . အသတ်ခံခဲ့ရပြီ” ဟု ပီ. အင်န်. ဟယ်ရီဆန်က အဆိုပြုသည်။ ဩနေသိဖော်သည် အဝေးသို့ရောက်နေခြင်းလည်း ဖြစ်ပေမည်၊ သို့မဟုတ် ပေါလုသည် သူ၏အိမ်သူအိမ်သားအားလုံးထံ နှုတ်ခွန်းဆက်လိုက်ရာတွင် သူလည်းပါဝင်ခြင်းဖြစ်ပေမည်။
အချို့က “သူသည် ထိုနေ့ရက်၌ သခင်ဘုရားလက်မှ ကရုဏာတော်ကိုခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော” ဟူသောဖော်ပြချက်တွင် ထူးခြားသောအဓိပ္ပာယ်ရှိသည်ဟု ယူမှတ်ကြသည်။ ထိုစကားလုံးများက နာမ်ဝိညာဉ်ဘုံတွင် အသက်ရှင်နေကာ ဝေဒနာခံစားနေရဖွယ်ရှိသည့် ထွက်ခွာသွားသော သူများအတွက် ဆုတောင်းပေးခြင်းသည် လျော်ကန်ကြောင်းတင်ပြနေသည်ဟု သူတို့ယူမှတ်ကြသည်။ သို့သော်လည်း ဤကဲ့သို့သောထင်မြင်ယူဆချက်သည် သေသောသူမူကား အဘယ်အရာကိုမျှမသိဟူသော ကျမ်းစာဆိုင်ရာသွန်သင်ချက်နှင့် ဖီလာဆန့်ကျင်နေသည်။ (ဒေသနာ ၉:၅၊ ၁၀) ဩနေသိဖော်ကွယ်လွန်သွားလင့်ကစား ပေါလုသည် မိမိ၏မိတ်ဆွေအပေါ် ဘုရားသခင့်ကရုဏာတော်ကျရောက်စေဖို့ မေတ္တာပို့သလိုက်ခြင်းသာဖြစ်ပါသည်။ “လူအားလုံးထံ ထိုသို့မေတ္တာပို့သခြင်းသည် ကျွန်ုပ်တို့၏အခွင့်အရေးဖြစ်သည်။ သို့သော် သေသောသူအတွက် ဆုတောင်းပေးခြင်း၊ မစ္ဆားပွဲများကျင်းပပေးခြင်းမှာမူ [တမန်တော်၏] စိတ်ထဲတွင် လုံးဝမကြံစည်သောအရာဖြစ်သည်” ဟုအာရ်. အက်ဖ်. ဟော့တန်ကဆိုသည်။
သစ္စာစောင့်သိသော နှစ်သိမ့်ပေးသူများဖြစ်ကြစို့
ဩနေသိဖော်သည် ပေါလုကို ကူညီပေးနေစဉ် သူကွယ်လွန်သည်ဖြစ်စေ၊ မကွယ်လွန်သည်ဖြစ်စေ ထောင်၌ ပေါလုကိုရှာဖွေဖို့၊ လည်ပတ်ဖို့ သူ့အတွက် အမှန်တကယ်ပင် အန္တရာယ်ရှိခဲ့ပါသည်။ ဩနေသိဖော်ထံမှ ရရှိခဲ့သောအလွန်လိုအပ်နေသည့် ထောက်ပံ့ကူညီမှုနှင့်အားပေးမှုတို့ကို ပေါလုအမှန်ပင်ကျေးဇူးတင်လေးမြတ်ခဲ့မည်မှာ သံသယမရှိနိုင်ချေ။
စမ်းသပ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အကျဉ်းချခံရခြင်းတို့ကို ခရစ်ယာန်ယုံကြည်သူချင်းတို့ တွေ့ ကြုံရသောအခါ ကျွန်ုပ်တို့သည် သူတို့အား နှစ်သိမ့်မှုနှင့်အားပေးမှုတို့ကို ပေးနိုင်သည့်အခြေအနေတွင် ရှိပေမည်။ ထို့ကြောင့် သူတို့အတွက်ဆုတောင်းပေးပြီး မေတ္တာပါစွာ ကူညီမစပေးနိုင်ကြပါစေ။ (ယောဟန် ၁၃:၃၅; ၁ သက်သာလောနိတ် ၅:၂၅) ဩနေသိဖော်ကဲ့သို့ ကျွန်ုပ်တို့သည်လည်း ရဲရင့်သောနှစ်သိမ့်ပေးသူများဖြစ်ကြစို့လေ။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဩနေသိဖော်သည် အကျဉ်းကျနေသူ တမန်တော်ပေါလုကို ရဲရင့်စွာနှစ်သိမ့်ပေးခဲ့သည်