ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ နိုဝင်ဘာ စာ. ၁၂-၁၇
  • ယေဟောဝါဟာ ကူညီမစရှင် ဖြစ်လို့ သတ္တိရှိပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါဟာ ကူညီမစရှင် ဖြစ်လို့ သတ္တိရှိပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုနဲ့ ကောင်းကင်တမန်တွေဆီက အကူအညီ
  • အာဏာရှိသူတွေဆီက အကူအညီ
  • ယုံကြည်သူချင်းတွေဆီက အကူအညီ
  • ယေဟောဝါ၏နိုင်ငံတော်အကြောင်း ရဲရင့်စွာ ကြေညာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “စေ့စေ့စပ်စပ် သက်သေခံတယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ရောမမြို့ကို ပေါလု အပို့ခံရ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “ယေဟောဝါဘုရားရဲ့ အလိုတော်အတိုင်း ဖြစ်ပါစေ”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ နိုဝင်ဘာ စာ. ၁၂-၁၇

လေ့လာရန် ဆောင်းပါး ၄၆

ယေဟောဝါဟာ ကူညီမစရှင် ဖြစ်လို့ သတ္တိရှိပါ

“မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး။”—ဟီ. ၁၃:၅။

သီချင်း ၅၅ သူတို့ကို မကြောက်နဲ့

အကြိုသုံးသပ်ချက်a

၁။ ပြဿနာတွေနဲ့ တစ်ကိုယ်တည်း လုံးပန်းနေရချိန်မှာ ဘာက နှစ်သိမ့်မှု ဖြစ်စေမလဲ။ (ဆာလံ ၁၁၈:၅-၇)

ကူညီမယ့်သူ မရှိဘဲ တစ်ကိုယ်တည်း ဖြစ်နေတယ်လို့ ခံစားဖူးသလား။ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေ အပါအဝင် လူများစွာ အဲဒီလို ခံစားဖူးကြတယ်။ (၁ ဘု. ၁၉:၁၄) အဲဒီလို ခံစားနေရတယ်ဆိုရင် “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို သတိရပါ။ “ယေဟောဝါဟာ ကူညီမစရှင် ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ” လို့ ယုံကြည်စိတ်ချစွာ ပြောနိုင်ပါတယ်။ (ဟီ. ၁၃:၅၊ ၆) အေဒီ ၆၁ လောက်မှာ ယုဒပြည်က ခရစ်ယာန်တွေဆီ တမန်တော် ပေါလု ရေးခဲ့တဲ့ အဲဒီစကားတွေက ဆာလံ ၁၁၈:၅-၇ မှာပါတဲ့ စကားတွေကို အမှတ်ရစေတယ်။—ဖတ်ပါ။

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။ ဘာကြောင့်လဲ။

၂ ယေဟောဝါဟာ ကူညီမစရှင် ဖြစ်ကြောင်း ဆာလံဆရာလိုပဲ ပေါလု ကိုယ်တွေ့ ကြုံခဲ့တယ်။ ဥပမာ၊ ဟီဘရူး ခရစ်ယာန်တွေဆီ စာမရေးခင် နှစ်နှစ်ကျော်လောက်က မုန်တိုင်းထန်တဲ့ ပင်လယ်မှာ ခရီးကြမ်း နှင်ခဲ့ရတယ်။ (တ. ၂၇:၄၊ ၁၅၊ ၂၀) ခရီးစဉ်တစ်လျှောက်ကော မတိုင်ခင်မှာပါ ပေါလုကို နည်းအမျိုးမျိုးနဲ့ ယေဟောဝါ ကူညီထောက်မတယ်။ အဲဒီထဲက သုံးနည်းကို ဆွေးနွေးကြပါမယ်။ ယေဟောဝါက ယေရှုနဲ့ ကောင်းကင်တမန်တွေကတစ်ဆင့်၊ အာဏာရှိသူတွေကတစ်ဆင့်၊ ယုံကြည်သူချင်းတွေကတစ်ဆင့် ကူညီပေးတယ်။ ပေါလုရဲ့ ဘဝမှာ ကြုံခဲ့ရတာတွေကို ပြန်သုံးသပ်ခြင်းက ကျွန်တော်တို့ အကူအညီတောင်းတဲ့အခါ ဖြေကြားပေးမယ်ဆိုတဲ့ ဘုရားကတိကို ပိုယုံကြည်စိတ်ချစေတယ်။

ယေရှုနဲ့ ကောင်းကင်တမန်တွေဆီက အကူအညီ

၃။ ပေါလု ဘယ်လို တွေးမိနိုင်သလဲ။ ဘာကြောင့်လဲ။

၃ ပေါလု အကူအညီ လိုအပ်နေတယ်။ အေဒီ ၅၆ လောက်မှာ လူအုပ်က ပေါလုကို ဂျေရုဆလင် ဗိမာန်တော်ကနေ အပြင်ဆွဲထုတ်ပြီး သတ်ဖို့ ကြိုးစားတယ်။ နောက်တစ်နေ့၊ ဂျူးတရားရုံးချုပ်ရှေ့ ရောက်တဲ့အခါ ရန်သူတွေ တစ်စစီ ဆွဲဖြတ်ခါနီးပဲ။ (တ. ၂၁:၃၀-၃၂။ ၂၂:၃၀။ ၂၃:၆-၁၀) ‘ဘယ်လောက်ကြာကြာ ဒီလို ခံနေရဦးမှာလဲ’ လို့ ပေါလု တွေးမိမှာပဲ။

၄။ ယေရှုကတစ်ဆင့် ပေါလုကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၄ ပေါလု ဘယ်အကူအညီ ရခဲ့သလဲ။ ပေါလု အဖမ်းခံရပြီးနောက် ညမှာ “သခင်” ယေရှုက အနားမှာ လာရပ်ပြီး “သတ္တိရှိပါ။ ဂျေရုဆလင်မြို့မှာ ငါ့အကြောင်း စေ့စေ့စပ်စပ် သက်သေခံခဲ့သလို ရောမမြို့မှာလည်း မင်း သက်သေခံရဦးမယ်” လို့ ပြောတယ်။ (တ. ၂၃:၁၁) အချိန်ကိုက် အားပေးမှုပါပဲ။ ဂျေရုဆလင်မြို့မှာ ပေါလု သက်သေခံခဲ့တာကို ယေရှု ချီးမွမ်းတယ်။ ရောမမြို့ကို ဘေးကင်းစွာ ရောက်ပြီး ထပ်သက်သေခံရဦးမယ်လို့လည်း ကတိပေးတယ်။ အဲဒီကတိစကား ကြားတဲ့အခါ အဖေ့ရင်ခွင်ထဲက ကလေးလို ပေါလု လုံခြုံမှု ခံစားခဲ့ရမှာပဲ။

ပင်လယ်မှာ မုန်တိုင်းထန်နေချိန် သင်္ဘောပေါ်က ယောက်တိုင်း အသက်လွတ်မယ်ဆိုပြီး ပေါလုကို ကောင်းကင်တမန် ကတိပေးနေ (စာပိုဒ် ၅ ကိုကြည့်ပါ)

၅။ ကောင်းကင်တမန်ကတစ်ဆင့် ပေါလုကို ယေဟောဝါ ဘယ်လို ကူညီသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၅ တခြား ဘယ်အခက်အခဲတွေ ပေါလု ကြုံရသလဲ။ ဂျေရုဆလင်က အဲဒီအဖြစ်အပျက်တွေပြီးနောက် နှစ်နှစ်လောက်မှာ အီတလီကို သင်္ဘောနဲ့ သွားနေတုန်း မုန်တိုင်းမိတယ်။ သင်္ဘောသားတွေ၊ ခရီးသည်တွေက သေတော့မယ်လို့ ထင်နေကြတယ်။ ပေါလုကတော့ မကြောက်ဘူး။ ဘာကြောင့်လဲ။ “ကျွန်တော် ဝတ်ပြုတဲ့ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တစ်ပါးက ညတုန်းက ကျွန်တော့်အနားမှာ ပေါ်လာပြီး ‘ပေါလု၊ မကြောက်ပါနဲ့။ ဆီဇာ ရှေ့မှောက်ကို မင်း ရောက်ရလိမ့်မယ်။ ဘုရားသခင်က မင်းနဲ့အတူပါလာတဲ့ လူအားလုံးကို အသက်ချမ်းသာ ပေးမှာပါ’ လို့ ပြောတယ်” ဆိုပြီး သင်္ဘောပေါ်က လူတွေကို ပေါလု ပြောတယ်။ အစောပိုင်းတုန်းက ယေရှုကတစ်ဆင့် ပေးခဲ့တဲ့ ကတိကို အခု ကောင်းကင်တမန်ကတစ်ဆင့် ယေဟောဝါ ပြန်ပြောနေတာ။ ပေါလု တကယ်ပဲ ရောမမြို့ကို ရောက်လာတယ်။—တ. ၂၇:၂၀-၂၅။ ၂၈:၁၆။

၆။ ယေရှုရဲ့ ဘယ်ကတိက အားရှိစေသလဲ။ ဘာကြောင့်လဲ။

၆ ကျွန်တော်တို့ ဘယ်အကူအညီ ရနေသလဲ။ ပေါလုကို ကူညီခဲ့သလို ကျွန်တော်တို့ကိုလည်း ယေရှု ကူညီပေးပါလိမ့်မယ်။ ဥပမာ၊ “လောကစနစ် နိဂုံးပိုင်းအထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲ ရှိနေမယ်” လို့ နောက်လိုက်အားလုံးကို ယေရှု ကတိပေးတယ်။ (မ. ၂၈:၂၀) ယေရှုရဲ့ စကားက အားရှိစရာပါပဲ။ ဘာကြောင့်လဲ။ ကျွန်တော်တို့အားလုံး အခက်အခဲတွေ ကြုံနေရလို့ပဲ။ ဥပမာ၊ ချစ်ရသူတစ်ယောက် သေဆုံးတဲ့အခါ တစ်ရက်နှစ်ရက်လောက် မဟုတ်ဘဲ နှစ်ပေါင်းများစွာ ဝမ်းနည်းပူဆွေးကြရတယ်။ တချို့က အသက်အရွယ် အိုမင်းမှုကြောင့် စိတ်ဓာတ်ကျနေကြတယ်။ တချို့ကျတော့ စိတ်ကျဝေဒနာ ခံစားနေရတယ်။ ဒါတောင် အခက်ခဲဆုံး နေ့တွေမှာ သာမက ဘဝတစ်လျှောက်လုံး ကျွန်တော်တို့နဲ့အတူ ယေရှု “အမြဲ ရှိနေ” မယ်ဆိုတာ သိထားလို့ ကြံ့ကြံ့ခံ ရပ်တည်နေကြတယ်။—မ. ၁၁:၂၈-၃၀။

အမှုဆောင်မှာ အိမ်တစ်အိမ်ကို သွားဖို့ ဇနီးမောင်နှံကို ကောင်းကင်တမန် လမ်းညွှန်ပေးနေ။ အိမ်ထဲမှာ အမျိုးသားတစ်ယောက် ဆုတောင်းနေ။

ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ကို ကောင်းကင်တမန်တွေ လမ်းညွှန်ထောက်မနေ (စာပိုဒ် ၇ ကိုကြည့်ပါ)

၇။ ဗျာဒိတ် ၁၄:၆ အရ ဒီနေ့ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကူညီနေသလဲ။

၇ ကောင်းကင်တမန်တွေကတစ်ဆင့် ယေဟောဝါ ကူညီပေးမယ်လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ (ဟီ. ၁:၇၊ ၁၄) ဥပမာ၊ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့လူတွေ” ကို “နိုင်ငံတော် သတင်းကောင်း” ဟောဖို့ ကောင်းကင်တမန်တွေ လမ်းညွှန်ထောက်မနေတယ်။—မ. ၂၄:၁၃၊ ၁၄။ ဗျာဒိတ် ၁၄:၆ ကိုဖတ်ပါ။

အာဏာရှိသူတွေဆီက အကူအညီ

၈။ တပ်မှူးတစ်ယောက်ကတစ်ဆင့် ပေါလုကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၈ ပေါလု ဘယ်အကူအညီ ရခဲ့သလဲ။ ရောမမြို့ကို ပေါလု ရောက်မယ်လို့ အေဒီ ၅၆ တုန်းက ယေရှု ကတိပေးတယ်။ ဒါပေမဲ့ ဂျေရုဆလင်မှာ ဂျူးတချို့ ပေါလုကို ချောင်းမြောင်းလုပ်ကြံဖို့ ကြံစည်နေကြတယ်။ အဲဒီအကြောင်း ရောမတပ်မှူး ကလောဒိလုသိ ကြားတဲ့အခါ ပေါလုကို ကယ်ခဲ့တယ်။ ဂျေရုဆလင်မြို့ကနေ ၆၅ မိုင်လောက် ဝေးတဲ့ ကဲသရိမြို့ကို စစ်တပ် ခြံရံပြီး ချက်ချင်း ပို့ပေးတယ်။ ကဲသရိမြို့မှာ ဘုရင်ခံ ဖေလဇ်က ပေါလုကို “ဟေရုဒ်မင်းရဲ့ နန်းတော်မှာ အစောင့်အကြပ်နဲ့ ထားဖို့” အမိန့်ချလိုက်တယ်။ ဒါကြောင့် သတ်ချင်နေသူတွေရဲ့ လက်ကနေ ပေါလု လွတ်သွားတယ်။—တ. ၂၃:၁၂-၃၅။

၉။ ပေါလုကို ဘုရင်ခံ ဖေတ္တု ဘယ်လို ကူညီပေးသလဲ။

၉ နှစ်နှစ်ကြာပြီးနောက် အေဒီ ၅၈ မှာ ပေါလု ကဲသရိမြို့မှာ အကျဉ်းကျနေတုန်းပဲ။ ဖေလဇ်မင်းရဲ့ အရိုက်အရာကို ဖေတ္တု ဆက်ခံထားတယ်။ ပေါလုကို အမှုစစ်ဖို့ ဂျေရုဆလင်မြို့ကို ပို့ပေးပါဆိုပြီး ဂျူးတွေ အသနားခံကြတော့ ဖေတ္တု ငြင်းလိုက်တယ်။ “လမ်းခုလတ်မှာ ချောင်းမြောင်းလုပ်ကြံဖို့ စီစဉ်ထား” တာ သိလို့ ဖြစ်နိုင်တယ်။—တ. ၂၄:၂၇–၂၅:၅။

၁၀။ ဆီဇာဆီမှာ အယူခံဝင်ဖို့ ပေါလု အသနားခံတာကို ဘုရင်ခံ ဖေတ္တု ဘယ်လို တုံ့ပြန်သလဲ။

၁၀ နောက်ပိုင်း ပေါလုရဲ့ အမှုကို ကဲသရိမြို့မှာ စစ်တယ်။ ဖေတ္တုက “ဂျူးတွေရှေ့ မျက်နှာရချင်တဲ့အတွက်” ပေါလုကို “ဒီအမှုအတွက် ဂျေရုဆလင်မြို့ကို သွားပြီး အစစ်ဆေးခံချင်သလား” လို့ မေးတယ်။ ဂျေရုဆလင်မှာ အသတ်ခံရနိုင်မှန်း ပေါလု သိတယ်။ အဲဒီအပြင် အသက်လွတ်ဖို့၊ ရောမမြို့ကို ရောက်ပြီး ဆက်အမှုဆောင်ဖို့ ဘာလုပ်ရမယ်ဆိုတာလည်း သိတယ်။ ဒါကြောင့် “ဆီဇာဆီမှာ ကျွန်တော် အယူခံဝင်မယ်” လို့ ပြောတယ်။ ဖေတ္တုက အတိုင်ပင်ခံတွေနဲ့ ဆွေးနွေးပြီး “မင်း ဆီဇာဆီမှာ အယူခံဝင်လိုက်ပြီဆိုတော့ ဆီဇာဆီကိုပဲ သွားရမယ်” လို့ ပြောတယ်။ ဖေတ္တုရဲ့ စီရင်ချက်ကြောင့် ရန်သူတွေလက်ကနေ လွတ်ပြီး သူတို့နဲ့ အလှမ်းဝေးရာ ရောမမြို့ကို ပေါလု မကြာခင် ရောက်သွားတော့မယ်။—တ. ၂၅:၆-၁၂။

၁၁။ ဟေရှာယရဲ့ အားရှိစရာ ဘယ်စကားတွေကို ပေါလု ပြန်တွေးမိနိုင်သလဲ။

၁၁ အီတလီကို သွားဖို့ ပေါလု စောင့်နေတုန်း ပရောဖက် ဟေရှာယရဲ့ သတိပေးချက်ကို ပြန်တွေးမိနိုင်တယ်။ “စစ်ဗျူဟာ ခင်းကြ။ ဒါပေမဲ့ အဲဒီစစ်ဗျူဟာ ပျက်လိမ့်မယ်။ ကြိုက်သလို စီစဉ်ကြ။ ဒါပေမဲ့ အဲဒီအစီအစဉ် အောင်မြင်မှာ မဟုတ်ဘူး။ ငါတို့နဲ့အတူ ဘုရားသခင် ရှိတယ်” လို့ ဆန့်ကျင်သူတွေကို ပြောဖို့ ဟေရှာယကို ယေဟောဝါ ညွှန်ကြားတယ်။ (ဟေရှာ. ၈:၁၀) ဘုရား ကူညီမယ်ဆိုတာ ပေါလု သိတဲ့အတွက် ရှေ့မှာ ကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ အားရှိနေခဲ့တယ်။

ပေါလုနဲ့ တခြား အကျဉ်းသားတွေ သင်္ဘောကုန်းပတ်မှာ ရပ်နေ။ ဓားကိုင်ထားတဲ့ စစ်သား အန္တရာယ်ကနေ သူတို့ကို ရောမတပ်မှူး ကာကွယ်ပေးနေ။

အရင်ကလိုပဲ ဒီနေ့မှာလည်း ကျေးကျွန်တွေကို ကာကွယ်ဖို့ အာဏာရှိသူတွေကို ယေဟောဝါ လှုံ့ဆော်ပေးနိုင် (စာပိုဒ် ၁၂ ကိုကြည့်ပါ)

၁၂။ ပေါလုကို ယုလိ ဘယ်လို ဆက်ဆံသလဲ။ ပေါလု ဘာကို သိခဲ့မလဲ။

၁၂ အေဒီ ၅၈ မှာ အီတလီကို ပေါလု သင်္ဘောနဲ့ စထွက်လာတယ်။ အကျဉ်းသား ဖြစ်တဲ့အတွက် ရောမ တပ်စုမှူး ယုလိ လက်အောက်မှာ နေရတယ်။ ဒါကြောင့် ယုလိ လက်ခုပ်ထဲက ရေ ဖြစ်သွားပြီ။ အခွင့်အာဏာကို ယုလိ ဘယ်လို အသုံးပြုသလဲ။ နောက်တစ်နေ့ ကမ်းကပ်တဲ့အခါ “ယုလိက ပေါလုကို စေတနာထားပြီး မိတ်ဆွေတွေဆီ သွားခွင့်ပေးတယ်။” နောက်ပိုင်း ပေါလုရဲ့ အသက်ကိုတောင် ကယ်တင်ခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ သင်္ဘောပျက်တဲ့အခါ အကျဉ်းသားတွေ ထွက်ပြေးမှာစိုးလို့ သတ်ပစ်ဖို့ စစ်သည်တွေ ဆုံးဖြတ်ပေမဲ့ ယုလိ တားဆီးခဲ့တယ်။ “ပေါလုကို အသက်ဘေးက လွတ်စေချင်” လို့ပဲ။ မိမိကို ကူညီဖို့ သဘောကောင်းတဲ့ တပ်စုမှူးကို ယေဟောဝါ အသုံးပြုနေမှန်း ပေါလု သိခဲ့မှာပဲ။—တ. ၂၇:၁-၃၊ ၄၂-၄၄။

ဒေါသထွက်နေတဲ့ အရာရှိကို ထောင်မှူး ထိန်းပေးနေ။ အရာရှိက ဆုတောင်းနေတဲ့ ညီအစ်ကိုကို အော်ဟစ်နေ။

စာပိုဒ် ၁၃ ကိုကြည့်ပါ

၁၃။ အာဏာရှိသူတွေကို ယေဟောဝါ ဘယ်လို သုံးနိုင်သလဲ။

၁၃ ကျွန်တော်တို့ ဘယ်အကူအညီ ရနေသလဲ။ ယေဟောဝါက သန့်ရှင်းသော စွမ်းအားတော်ကို သုံးပြီး အာဏာရှိသူတွေကို မိမိ အလိုရှိတဲ့အတိုင်း လုပ်စေနိုင်တယ်။ “ရှင်ဘုရင်ရဲ့ စိတ်နှလုံးဟာ ယေဟောဝါရဲ့ လက်ထဲမှာရှိတဲ့ မြစ်ချောင်းတွေနဲ့ တူတယ်။ ဘုရားက အလိုရှိတဲ့ဘက်ကို စီးဆင်းစေတယ်” လို့ ဘုရင် ရှောလမုန် ရေးတယ်။ (ပညာ. ၂၁:၁) ဘာကို ဆိုလိုသလဲ။ လူတွေက ကိုယ်စီးစေချင်တဲ့ဘက်ကို ရေစီးစေဖို့ မြောင်းဖောက်နိုင်တယ်။ အဲဒီလိုပဲ ယေဟောဝါလည်း စွမ်းအားတော်ကို သုံးပြီး အာဏာရှင်တွေရဲ့ စဉ်းစားပုံကို မိမိ အလိုတော်နဲ့ ကိုက်ညီစေနိုင်တယ်။ ဒီနည်းအားဖြင့် ဘုရားလူမျိုးကို အကျိုးပြုမယ့် ဆုံးဖြတ်ချက်တွေ ချဖို့ သူတို့ လှုံ့ဆော်ခံရတယ်။—ဧဇရ ၇:၂၁၊ ၂၅၊ ၂၆ နဲ့ နှိုင်းယှဉ်ပါ။

၁၄။ တမန်တော် ၁၂:၅ အရ ဘယ်သူတွေအတွက် ဆုတောင်းပေးနိုင်သလဲ။

၁၄ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။ ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်လုပ်ငန်းအပေါ် အကျိုးသက်ရောက်မယ့် ဆုံးဖြတ်ချက်တွေကို “ရှင်ဘုရင်တွေ၊ အထက်အာဏာပိုင်တွေ” ချတော့မယ့်အခါမျိုးမှာ သူတို့အတွက် ဆုတောင်းပေးနိုင်တယ်။ (၁ တိ. ၂:၁၊ ၂။ နေ. ၁:၁၁) အကျဉ်းကျနေတဲ့ ညီအစ်ကို/မတွေအတွက် ပထမရာစု ခရစ်ယာန်တွေလိုပဲ စိတ်အားထက်သန်စွာ ဆုတောင်းပေးနိုင်တယ်။ (တမန်တော် ၁၂:၅ ကိုဖတ်ပါ။ ဟီ. ၁၃:၃) ညီအစ်ကို/မတွေကို ကြီးကြပ်နေတဲ့ ထောင်မှူးတွေအတွက်လည်း ဆုတောင်းပေးနိုင်တယ်။ ယုလိလို စိတ်ကောင်းဝင်ပြီး အကျဉ်းကျနေတဲ့ ညီအစ်ကို/မတွေကို “စေတနာထား” နိုင်အောင် သူတို့စိတ်ကို လှုံ့ဆော်ပေးဖို့ ဆုတောင်းနိုင်တယ်။

ယုံကြည်သူချင်းတွေဆီက အကူအညီ

၁၅-၁၆။ အာရိတ္တာခုနဲ့ လုကာကတစ်ဆင့် ပေါလုကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၅ ပေါလု ဘယ်အကူအညီ ရခဲ့သလဲ။ ရောမမြို့ကို သွားတဲ့ ခရီးစဉ်အတွင်း ယုံကြည်သူချင်းတွေကတစ်ဆင့် ပေါလုကို ယေဟောဝါ အကြိမ်ကြိမ် ကူညီပေးတယ်။ ဥပမာတချို့ သုံးသပ်ကြည့်ကြစို့။

၁၆ ပေါလုရဲ့ သစ္စာရှိ မိတ်ဆွေ နှစ်ယောက်ဖြစ်တဲ့ အာရိတ္တာခုနဲ့ လုကာဟာ ပေါလုနဲ့အတူ ရောမမြို့ကို လိုက်သွားဖို့ ဆုံးဖြတ်ကြတယ်။b တကယ်တော့ ရောမမြို့ကို ဘေးကင်းစွာ ရောက်မယ်လို့ အာရိတ္တာခုနဲ့ လုကာကို ယေရှု ကတိပေးခဲ့တာ မဟုတ်ဘူး။ ဒါတောင် ပေါလုနဲ့အတူ လိုလိုလားလား အသက်စွန့်ဖို့ အသင့်ရှိခဲ့ကြတယ်။ သူတို့ ဘေးကင်းမယ်ဆိုတာ ရေကြောင်းခရီးမှာ မုန်တိုင်းထန်ချိန် ပေါလု ပြောတော့မှ သိခဲ့ကြတာ။ ဒါကြောင့် ကဲသရိမြို့ကို သွားမယ့် သင်္ဘောပေါ် အာရိတ္တာခုနဲ့ လုကာ တက်လာတဲ့အခါ ယေဟောဝါဆီ ပေါလု ဆုတောင်းပြီး သတ္တိရှိတဲ့ အဲဒီမိတ်ဆွေ နှစ်ယောက်အတွက် ကျေးဇူးတင်ခဲ့မှာပဲ။—တ. ၂၇:၁၊ ၂၊ ၂၀-၂၅။

၁၇။ ယုံကြည်သူချင်းတွေကတစ်ဆင့် ပေါလုကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၇ ပေါလုဟာ ခရီးစဉ်အတွင်း ယုံကြည်သူချင်းတွေဆီက အကူအညီကို အကြိမ်ကြိမ် ရရှိခဲ့တယ်။ ဥပမာ၊ ဆိုင်ဒုန်မြို့မှာ သင်္ဘောဆိုက်တော့ ယုလိက ပေါလုကို “မိတ်ဆွေတွေဆီ သွားခွင့်ပေး” တဲ့အတွက် “မိတ်ဆွေတွေက ပေါလုကို ကူညီခွင့်ရကြတယ်။” နောက်ပိုင်း၊ ပေါတယောလိမြို့မှာ “ညီအစ်ကိုတွေကို တွေ့တော့ ခုနစ်ရက်လောက် နေဖို့” ပေါလုနဲ့ မိတ်ဆွေတွေကို “တောင်းပန်ကြတယ်။” လိုအပ်ရာတွေကို ကူညီပေးတဲ့ အဲဒီညီအစ်ကိုတွေကို အားရှိစရာ တွေ့ကြုံမှုတွေ ပေါလု ဝေမျှခဲ့မှာပဲ။ (တမန်တော် ၁၅:၂၊ ၃ နဲ့ နှိုင်းယှဉ်ပါ။) အဲဒီလည်ပတ်မှုကနေ လန်းဆန်းမှု ရပြီးနောက် ပေါလုနဲ့ မိတ်ဆွေတွေ ခရီးဆက်ခဲ့ကြတယ်။—တ. ၂၇:၃။ ၂၈:၁၃၊ ၁၄။

အကျဉ်းသား ပေါလု စစ်သားတွေနဲ့ လျှောက်လာ။ ရောမမြို့က ညီအစ်ကို/မတွေ ပေါလုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေ။

ပေါလုလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါဆီက အကူအညီကို ယုံကြည်သူချင်းတွေကတစ်ဆင့် ရရှိ (စာပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈။ ပေါလု ဘာကြောင့် ဘုရားကို ကျေးဇူးတင်ချီးမွမ်းပြီး အားတက်လာသလဲ။

၁၈ ရောမမြို့ကို သွားနေတုန်း လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ရောမ အသင်းတော်ကို “ခင်ဗျားတို့ဆီ လာချင်နေတာလည်း နှစ်အတော်ကြာ ရှိနေပြီ” လို့ ရေးခဲ့တာကို ပေါလု တွေးနေမှာပဲ။ (ရော. ၁၅:၂၃) အကျဉ်းသားအနေနဲ့ ရောက်လာမယ်လို့တော့ မထင်ထားဘူး။ ရောမမြို့က ညီအစ်ကိုတွေ လမ်းခုလတ်မှာ လာစောင့်နေတာ တွေ့တော့ ပေါလု သိပ်အားရှိသွားမှာပဲ။ “ပေါလုက သူတို့ကို မြင်တော့ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး အားတက်လာတယ်။” (တ. ၂၈:၁၅) ညီအစ်ကိုတွေ ရောက်လာပေးလို့ ဘုရားကို ပေါလု ကျေးဇူးတင်ခဲ့တယ်။ ဘာကြောင့်လဲ။ ယုံကြည်သူချင်းတွေကတစ်ဆင့် ယေဟောဝါ ကူညီတာကို ခံစားရပြန်လို့ပဲ။

ဆေးရုံတက်နေတဲ့ ခင်ပွန်းကို လာကြည့်တဲ့ ဇနီးမောင်နှံကို ညီအစ်မ လှိုက်လှိုက်လှဲလှဲ ကြိုနေ။ ဇနီးမောင်နှံက လက်ဆောင်အဖြစ် အစားအစာတချို့ ယူလာ။

စာပိုဒ် ၁၉ ကိုကြည့်ပါ

၁၉။ ၁ ပေတရု ၄:၁၀ အရ လိုအပ်နေသူတွေကို ကူညီဖို့ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို သုံးနိုင်သလဲ။

၁၉ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။ သင့်အသင်းတော်မှာ ဖျားနာလို့၊ ချစ်ရသူ သေဆုံးသွားလို့၊ တခြား အခက်အခဲတွေ ရှိလို့ စိတ်ဓာတ်ကျနေတဲ့ ညီအစ်ကို/မတွေကို သိသလား။ သိမယ်ဆိုရင် ကိုယ့်ဘက်က ကြင်နာတဲ့၊ မေတ္တာရှိတဲ့ အရာတစ်ခုခု ပြောနိုင်၊ လုပ်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကျွန်တော်တို့ရဲ့ စကားနဲ့ လုပ်ရပ်ဟာ ညီအစ်ကို/မတွေ လိုအပ်နေတဲ့ အားပေးမှု ဖြစ်နိုင်တယ်။ (၁ ပေတရု ၄:၁၀ ကိုဖတ်ပါ။)c ကျွန်တော်တို့ ကူညီပေးလိုက်သူတွေဟာ “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို ပြန်ယုံကြည်စိတ်ချလာနိုင်တယ်။ အဲဒီလိုသာ ဖြစ်မယ်ဆိုရင် ဝမ်းသာစရာပဲ မဟုတ်လား။

၂၀။ ‘ယေဟောဝါဟာ ကူညီမစရှင် ဖြစ်တယ်’ လို့ ဘာကြောင့် ပြောနိုင်သလဲ။

၂၀ ပေါလုနဲ့ မိတ်ဆွေတွေလိုပဲ ကျွန်တော်တို့လည်း ဘဝခရီးတစ်လျှောက် ကြမ်းတမ်းတဲ့ ဒုက္ခမုန်တိုင်းတွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ အတူရှိနေလို့ ကြောက်ဖို့ မလိုပါဘူး။ ယေရှုနဲ့ ကောင်းကင်တမန်တွေကတစ်ဆင့် ယေဟောဝါ ကူညီပေးတယ်။ ဘုရားရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ အခါမျိုးမှာ အာဏာရှိသူတွေကတစ်ဆင့်လည်း ကူညီပေးတယ်။ ကျွန်တော်တို့ကို ကူညီဖို့ ညီအစ်ကို/မတွေရဲ့ စိတ်ကို သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ယေဟောဝါ လှုံ့ဆော်ပေးတယ်။ ဒါကြောင့် “ယေဟောဝါဟာ ကူညီမစရှင် ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ” လို့ ပေါလုလိုပဲ ပြောနိုင်ကြပါတယ်။—ဟီ. ၁၃:၆။

သင် ဘယ်လို ဖြေမလဲ

  • ယေရှုနဲ့ ကောင်းကင်တမန်တွေကတစ်ဆင့် ဘယ်အကူအညီကို ကျွန်တော်တို့ ရနေသလဲ။

  • “အထက်အာဏာပိုင်တွေ” နဲ့ပတ်သက်ပြီး ဘာဆုတောင်းနိုင်သလဲ။

  • လိုအပ်နေတဲ့ ယုံကြည်သူချင်းတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

a အခက်အခဲတွေ ရင်ဆိုင်ဖို့ တမန်တော် ပေါလုကို ယေဟောဝါ ကူညီပေးတဲ့ နည်းသုံးနည်းကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အရင်က ကျေးကျွန်တွေကို ယေဟောဝါ ကူညီပေးပုံအကြောင်း ပြန်သုံးသပ်တာက ဒီနေ့လည်း ဘဝမုန်တိုင်းတွေကို ကျော်ဖြတ်နိုင်ဖို့ ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။

b အာရိတ္တာခုနဲ့ လုကာဟာ ပေါလုနဲ့အတူ ခရီးသွားဖူးတယ်။ ယုံကြည်စိတ်ချရတဲ့ ဒီအမျိုးသားတွေဟာ ရောမမြို့မှာ ပေါလု ထောင်ကျတော့လည်း အတူရှိနေပေးကြတယ်။—တ. ၁၆:၁၀-၁၂။ ၂၀:၄။ ကော. ၄:၁၀၊ ၁၄။

c ၂၀၀၉၊ ဇန်နဝါရီ ၁၅ ကင်းမျှော်စင် စာ. ၁၃-၁၄၊ ပိုဒ်. ၅-၉ ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ