ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၈/၁၅ စာ. ၁၀-၁၅
  • ယေဟောဝါသည် ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချရာဖြစ်သင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချရာဖြစ်သင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသိပညာနှင့် မိတ်ဆွေဖြစ်ခြင်းအပေါ် အခြေခံသည့်ယုံကြည်စိတ်ချမှု
  • ယေဟောဝါရွေးချယ်သူများကို ယုံကြည်စိတ်ချကြောင်းတင်ပြခြင်း
  • ယေဟောဝါ ရွေးချယ်သူများအား စောဒကတက်ခြင်းကိုရှောင်
  • ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ ယုံကြည်စိတ်ချမှု တင်ပြခြင်း
  • ဘုရားသခင့်ဖြောင့်မတ်ခြင်း၌ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယုံကြည်စိတ်ချမှုကို ပြန်လည်ရရှိစေနိုင်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဘုရားသခင့်မေတ္တာ၏ အကြီးမားဆုံးသက်သေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်လျက် ကျင့်ဆောင်ပြုမူခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၈/၁၅ စာ. ၁၀-၁၅

ယေဟောဝါသည် ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချရာဖြစ်သင့်

“ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် သင်ကိုးစား [ယုံကြည်စိတ်ချ] ရာဖြစ်” သည်။—နယပုံပြင် ၃:၂၆၊ သမ။

၁။ လူများစွာက ဘုရားသခင်ကို ကိုးစားသည်ဟုဆိုကြသော်လည်း ထိုသို့အမြဲ မပြုကြကြောင်း အဘယ်အချက်ကဖော်ပြသနည်း။

အမေရိကန်ပြည်ထောင်စု၌ သုံးစွဲသောငွေပေါ်တွင် “ဘုရားသခင်ကို ငါတို့ကိုးစား၏” ဟူသောစာတမ်းပါရှိသည်။ သို့သော် ထိုနိုင်ငံ သို့မဟုတ် အခြားတစ်နေရာတွင် ဤငွေကိုသုံးစွဲသူအားလုံး ဘုရားသခင်ကိုအမှန် အားထားကြပါသလော။ သို့မဟုတ် သူတို့သည် ငွေကြေးကိုယ်နှိုက်ကို သာ၍အားထားသလော။ ထိုနိုင်ငံ သို့မဟုတ် အခြားမည်သည့်နိုင်ငံမဆို၏ငွေအပေါ် ထိုသို့အားထားခြင်းကို ဘယ်တော့မျှ အာဏာအလွဲသုံးစားခြင်းမပြုသော၊ အဘယ်နည်းဖြင့်မျှလောဘကြီးတော်မမူသော မေတ္တာရှင်၊ တန်ခိုးကြီးသော ဘုရားသခင်အပေါ် အားထားခြင်းနှင့် သဟဇာတမဖြစ်စေနိုင်ချေ။ အမှန်မှာ ကိုယ်တော်သည် လောဘကြီးခြင်းကို ပြတ်ပြတ်သားသား ရှုတ်ချထား၏။—ဧဖက် ၅:၅။

၂။ ဥစ္စာဓန၏အစွမ်းနှင့်ပတ်သက်၍ ခရစ်ယာန်စစ်များ၌ အဘယ်သဘောထားရှိသနည်း။

၂ ခရစ်ယာန်စစ်များသည် သူတို့၏ယုံကြည်စိတ်ချမှုကို “လှည့်စား” တတ်သောဥစ္စာဓနအပေါ်တွင်မဟုတ်ဘဲ ဘုရားသခင်အပေါ်ထားရှိကြ၏။ (မဿဲ ၁၃:၂၂) ပျော်ရွှင်မှုတိုးမြှင့်ပေးဖို့နှင့် အသက်ဆက်ရှင်စေဖို့ ငွေကြေး၏အစွမ်းမှာ အလွန်ပင်ကန့်သတ်မှုရှိကြောင်း သူတို့အသိအမှတ်ပြုကြသည်။ အကြီးမြတ်ဆုံးတန်ခိုးရှင်ဘုရားသခင်၏ အစွမ်းတန်ခိုးတော်မှာမူ ထိုသို့မဟုတ်ချေ။ (ဇေဖနိ ၁:၁၈) သို့ဖြစ်၍ “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့်ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ‘ငါသည်သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား’ ဟုကတိတော်ရှိ၏” ဟူ၍သတိပေးထားခြင်းမှာ မည်မျှပညာရှိလေစွတကား!—ဟေဗြဲ ၁၃:၅။

၃။ တရားဟောရာ ၃၁:၆ ၏ရှေ့နောက်စကားက ပေါလုကိုးကားခဲ့သော ယင်းအခန်းငယ်ကို မည်သို့အလင်းဖြာပေးသနည်း။

၃ တမန်တော်ပေါလုသည် ဟေဗြဲခရစ်ယာန်များထံသို့ အထက်ပါစကားများကို ရေးသားရာတွင် မောရှေမသေဆုံးမီ၌ ဣသရေလလူမျိုးများအားပေးခဲ့သော ညွှန်ကြားချက်ကို ကိုးကားခဲ့သည်– “အားယူ၍ရဲရင့်ခြင်းရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကိုမကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူမည်။ သင်တို့ကိုစွန့်တော်မမူ၊ ပစ်ထားတော်မမူ။” (တရားဟောရာ ၃၁:၆) ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များရရှိဖို့အတွက် ယေဟောဝါကိုအားထားခြင်းထက် သာလွန်သောယုံကြည်စိတ်ချမှုရှိရန် မောရှေကလှုံ့ဆော်ပေးနေကြောင်း ရှေ့နောက်စကားကဖော်ပြသည်။ မည်သို့အားဖြင့်နည်း။

၄။ ကိုယ်တော်အား ကိုးစားနိုင်ကြောင်း ဣသရေလလူမျိုးကို ဘုရားသခင် မည်သို့သက်သေထူခဲ့သနည်း။

၄ ဣသရေလလူမျိုးသည် တောထဲ၌အနှစ် ၄၀ ပတ်လုံး လှည့်လည်သွားလာနေစဉ် ဘုရားသခင်သည် သူတို့၏ဘဝလိုအပ်ရာများကို မှန်မှန်ထောက်ပံ့ပေးခဲ့၏။ (တရားဟောရာ ၂:၇; ၂၉:၅) ကိုယ်တော်သည် ဦးဆောင်လမ်းညွှန်မှုကိုလည်း စီစဉ်ပေးခဲ့၏။ ယင်းကိုတင်ပြသည့်နည်းတစ်နည်းမှာ နေ့အချိန်တွင် မိုးတိမ်ဖြင့်၊ ညအချိန်၌ မီးလျှံဖြင့်ဖြစ်ပြီး ဣသရေလလူမျိုးကို “နို့နှင့်ပျားရည်စီးတတ်သောပြည်သို့” လမ်းပြခေါ်ဆောင်ခဲ့သည်။ (ထွက်မြောက်ရာ ၃:၈; ၄၀:၃၆-၃၈) ကတိထားရာပြည်သို့ အမှန်တကယ်ဝင်ခါနီးတွင် ယေဟောဝါသည် ယောရှုကို မောရှေ၏အရာဆက်ခံသူအဖြစ် ရွေးချယ်တော်မူခဲ့၏။ ထိုပြည်သားတို့သည် ခုခံတိုက်ခိုက်ကြပေလိမ့်မည်။ သို့သော် ယေဟောဝါသည် ဆယ်စုနှစ်များစွာတိုင်အောင် မိမိ၏လူတို့နှင့်အတူ ချီတက်တော်မူခဲ့သဖြင့် ကြောက်စရာမလိုချေ။ ယေဟောဝါအား ယုံကြည်ကိုးစားနိုင်သောဘုရားသခင်အဖြစ် သိထားရန် ဣသရေလလူများ၌ ခိုင်လုံသောအကြောင်းရှိသည်တကား!

၅။ ကတိထားရာပြည်သို့မဝင်မီ ဣသရေလလူမျိုး၏အခြေအနေနှင့် ယနေ့ခရစ်ယာန်တို့၏အခြေအနေသည် မည်သို့တူညီသနည်း။

၅ ယနေ့ခရစ်ယာန်တို့သည် လက်ရှိဆိုးယုတ်သောကမ္ဘာ့တောကန္တာရကိုဖြတ်၍ ဘုရားသခင့်ကမ္ဘာသစ်ထဲ ချီတက်လာခဲ့ကြပြီ။ သူတို့ထဲမှ အချို့သည် ဤလမ်းစဉ်ကို အနှစ် ၄၀ ထက်မက လိုက်လျှောက်ခဲ့ကြပြီ။ ယခု သူတို့သည် ဘုရားသခင့်ကမ္ဘာသစ်၏ နယ်စပ်တွင် ရပ်နေကြလေပြီ။ သို့တိုင် နို့နှင့်ပျားရည်စီးခဲ့သော ရှေးခေတ်ကတိထားရာပြည်ထက် သာ၍ဘုန်းကြီးသည့်ပြည်ထဲသို့မဝင်နိုင်စေရန် အနှောင့်အယှက်တစ်မျိုးမဟုတ်တစ်မျိုးပေးသည့်ရန်သူများ ရှိနေဆဲဖြစ်သည်။ သို့ဖြစ်၍ “ငါသည်သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား” ဟူ၍ ပေါလုထပ်မံပြောဆိုခဲ့သောမောရှေ၏စကားများသည် ယနေ့ခရစ်ယာန်များအတွက် မည်မျှဆီလျော်လှလေခြင်း! အားယူပြီး ရဲစွမ်းသတ္တိရှိသူ၊ ယုံကြည်ခြင်းအပြည့်ရှိ၍ ယေဟောဝါအား ယုံကြည်စိတ်ချသူအားလုံးတို့သည် ဆုကျေးဇူးအမှန်ပင်ရရှိမည်ဖြစ်သည်။

အသိပညာနှင့် မိတ်ဆွေဖြစ်ခြင်းအပေါ် အခြေခံသည့်ယုံကြည်စိတ်ချမှု

၆၊ ၇။ (က) ယေဟောဝါအပေါ် အာဗြဟံ၏ယုံကြည်စိတ်ချမှုကို စမ်းသပ်သောအရာကား အဘယ်နည်း။ (ခ) ဣဇာက်ကိုပူဇော်မည့်နေရာသို့ သွားနေစဉ် အာဗြဟံသည် မည်သို့ခံစားကောင်းခံစားခဲ့ရမည်နည်း။

၆ တစ်ခါသော် ဣသရေလလူမျိုး၏ဘိုးဘေး အာဗြဟံသည် မိမိသားဣဇာက်ကို မီးရှို့ရာယဇ်အဖြစ်ပူဇော်ရန် အမိန့်ပေးခံခဲ့ရ၏။ (ကမ္ဘာဦး ၂၂:၂) မေတ္တာရှိသောထိုဖခင်သည် မဆိုင်းမတွဘဲ စိတ်လိုကိုယ်လျောက်နာခံဖို့ရန် ယေဟောဝါအပေါ် ဤမျှခိုင်မာသောယုံကြည်စိတ်ချမှုရှိရန် အဘယ်အရာကဖြစ်စေသနည်း။ ဟေဗြဲ ၁၁:၁၇-၁၉ ကဤသို့ဖြေဆိုသည်– “အာဗြဟံသည် စုံစမ်းတော်မူခြင်းကိုခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။ ‘ဣဇာက်၌သာ “သင်၏အမျိုး” တည်လိမ့်မည်’ ဟူသော ဗျာဒိတ်တော်မှစ၍ ကတိတော်များကိုခံရသောသူသည်၊ မိမိ၌တစ်ယောက်တည်းသော ထိုသားကိုပူဇော်၏။ ထိုသို့ပူဇော်သောအခါ သေခြင်းမှထမြောက်စေခြင်းငှာ၊ ဘုရားသခင်တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။”

၇ ယဇ်ပူဇော်သည့်နေရာသို့ ရောက်ရှိဖို့အတွက် အာဗြဟံနှင့် ဣဇာက်တို့သည် သုံးရက်တိုင်ခရီးနှင်ခဲ့ကြရကြောင်း သတိရပါ။ (ကမ္ဘာဦး ၂၂:၄) မိမိတောင်းဆိုခံရရာကို ပြန်လည်စဉ်းစားဖို့ အာဗြဟံ၌ အချိန်များစွာရရှိခဲ့သည်။ သူ့ခံစားချက်နှင့် စိတ်လှုပ်ရှားမှုများကို ကျွန်ုပ်တို့စဉ်းစားကြည့်နိုင်သလော။ မမျှော်လင့်ဘဲ ဣဇာက်မွေးဖွားလာခြင်းက ပျော်ရွှင်မှုကိုဖြစ်စေခဲ့၏။ ဘုရားသခင့်ဝင်စွက်လုပ်ဆောင်မှု၏ ထိုသာဓကမှ အာဗြဟံနှင့် ယခင်ကမြုံနေသောသူ့ဇနီးစာရာအား ဘုရားသခင့်အပေါ်ထားရှိသည့် သံယောဇဉ်ကို ပိုခိုင်မြဲစေခဲ့သည်။ ထို့နောက်တွင် သူတို့သည် ဣဇာက်နှင့် သူ၏မျိုးစဉ်မျိုးဆက်၏အနာဂတ်ကိုစောင့်မျှော်ရင်း အသက်ရှင်ခဲ့ကြမည်မှာ မလွဲဧကန်ပင်။ သူတို့၏မျှော်လင့်ချက်များသည် ဘုရားသခင်တောင်းဆိုရာကြောင့် ရုတ်ခြည်းအဆုံးသတ်ရတော့မည်လော။

၈။ ဘုရားသခင်အပေါ် အာဗြဟံ၏ယုံကြည်စိတ်ချမှုသည် ဣဇာက်ကို ကိုယ်တော် ရှင်ပြန်ထမြောက်စေနိုင်ကြောင်း ယုံကြည်သည်ထက် မည်သို့ကျော်လွန်ခဲ့သနည်း။

၈ သို့တိုင် အာဗြဟံတွင် ရင်းနှီးသောမိတ်ဆွေများစပ်ကြားရှိ တစ်ဦးကိုတစ်ဦး သိကျွမ်းခြင်းအပေါ်မူတည်သည့် ယုံကြည်စိတ်ချမှုရှိသည်။ “ဘုရားသခင် [“ယေဟောဝါ၊” ကဘ] ၏အဆွေ” အဖြစ် အာဗြဟံသည် “ဘုရားသခင် [“ယေဟောဝါ၊” ကဘ] ကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ” ခြင်းခံခဲ့ရ၏။ (ယာကုပ် ၂:၂၃) ယေဟောဝါအပေါ် အာဗြဟံ၏ယုံကြည်စိတ်ချမှုသည် ဣဇာက်ကို ဘုရားသခင်ရှင်ပြန်ထမြောက်စေနိုင်ကြောင်း ယုံကြည်ရုံထက် ကျော်လွန်လေသည်။ အာဗြဟံသည် အကြောင်းစုံကို မသိခဲ့လင့်ကစား သူ့အားပြုလုပ်ရန် ယေဟောဝါတောင်းဆိုတော်မူသောအရာမှာ သင့်တော်လျောက်ပတ်သည်ဟု သူယုံကြည်စိတ်ချ၏။ ဤသို့တောင်းဆိုရာတွင် ယေဟောဝါသည်တရားပါသလောဟု သံသယဖြစ်ဖို့အကြောင်း သူ၌လုံးဝမရှိခဲ့ချေ။ ထို့နောက် ယဇ်သကာအဖြစ် ဣဇာက်ကို အမှန်သတ်တော့မည့်အချိန်တွင် ယေဟောဝါ၏ကောင်းကင်တမန်သည် ဝင်တားဆီးခဲ့ရာ အာဗြဟံ၏ယုံကြည်စိတ်ချမှုသည် ပိုမိုမြဲမြံခဲ့သည်။—ကမ္ဘာဦး ၂၂:၉-၁၄။

၉၊ ၁၀။ (က) အာဗြဟံသည် အစောပိုင်း မည်သည့်အချိန်က ယေဟောဝါအား ယုံကြည်စိတ်ချကြောင်း ပြသခဲ့သနည်း။ (ခ) အာဗြဟံထံမှ အရေးကြီးသော အဘယ်သင်ခန်းစာကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။

၉ ယေဟောဝါ၏ဖြောင့်မတ်ခြင်းအပေါ် ထပ်တူယုံကြည်စိတ်ချမှုမျိုးကို လွန်ခဲ့သော ၂၅ နှစ်ခန့်က အာဗြဟံပြသခဲ့ဖူး၏။ သောဒုံနှင့် ဂေါမောရမြို့များကို ဖျက်ဆီးပစ်မည်ဟု သတိပေးခံရသောအခါ ပင်ကိုအားဖြင့် သူသည် မိမိ၏တူလောတအပါအဝင် ထိုတွင်နေထိုင်သောဖြောင့်မတ်သူ မည်သူမဆိုအတွက် စိုးရိမ်ပူပန်ခဲ့သည်။ အာဗြဟံက ဘုရားသခင်အား ဤသို့တောင်းပန်ခဲ့သည်– “ထိုသို့ပြု၍ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည်၊ တရားသဖြင့်ပြုတော်မူမည်မဟုတ်လော။”—ကမ္ဘာဦး ၁၈:၂၅။

၁၀ ယေဟောဝါသည် မည်သည့်အခါမျှ မဖြောင့်မတ်သောအရာကို ပြုမည်မဟုတ်ကြောင်း ဘိုးဘေးအာဗြဟံ ယုံကြည်ခဲ့သည်။ နောက်ပိုင်းတွင် ဆာလံဆရာက “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏” ဟုသီဆိုခဲ့သည်။ (ဆာလံ ၁၄၅:၁၇) ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကို ဤသို့မေးရပေမည်– ‘ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို သံသယလုံးဝမဖြစ်ဘဲ ကျွန်ုပ်တို့ကြုံတွေ့ဖို့ ယေဟောဝါခွင့်ပြုထားရာကို လက်ခံပါသလော။ ကိုယ်တော် ခွင့်ပြုတော်မူသမျှသည် ကျွန်ုပ်တို့၏ကောင်းကျိုးနှင့် အခြားသူတို့၏ကောင်းကျိုးအတွက်လည်း ဖြစ်နိုင်ကြောင်း ယုံကြည်စိတ်ချပါသလော။’ ယုံကြည်ပါသည်ဟု ကျွန်ုပ်တို့ဖြေနိုင်လျှင် အာဗြဟံထံမှ အရေးပါသောသင်ခန်းစာရရှိပေပြီ။

ယေဟောဝါရွေးချယ်သူများကို ယုံကြည်စိတ်ချကြောင်းတင်ပြခြင်း

၁၁၊ ၁၂။ (က) ဘုရားသခင့်ကျေးကျွန်များသည် ယုံကြည်စိတ်ချမှုနှင့်ပတ်သက်၍ အဘယ်အမှုကိုပြုရန် လိုအပ်ခဲ့သနည်း။ (ခ) တစ်ခါတစ်ရံ ကျွန်ုပ်တို့အတွက် အဘယ်အရာသည် ပြဿနာတစ်ရပ်ဖြစ်နိုင်သနည်း။

၁၁ ယေဟောဝါအား မိမိတို့၏ယုံကြည်စိတ်ချရာအဖြစ် ရှုမြင်သူတို့သည် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များ အပြီးသတ်စေဖို့ ကိုယ်တော်ရွေးချယ်အသုံးပြုသူများကိုလည်း ယုံကြည်စိတ်ချကြောင်း တင်ပြကြ၏။ ဣသရေလလူမျိုးအနေနှင့် ယင်းက မောရှေနှင့် နောက်ပိုင်းတွင်သူ့ကို ဆက်ခံသူ ယောရှုအား ယုံကြည်စိတ်ချမှုပြသခြင်းကို ဆိုလိုသည်။ ကနဦးခရစ်ယာန်များအတွက်မူ တမန်တော်များနှင့် ယေရုရှလင်အသင်းတော်ရှိ အသက်ကြီးသူများကို ယုံကြည်စိတ်ချကြောင်းတင်ပြခြင်းကို ဆိုလို၏။ ယနေ့ ကျွန်ုပ်တို့အတွက်မူ ‘အချိန်တန် ဝိညာဉ်အစားအသောက်ကို’ ဝေပေးဖို့ခန့်အပ်ထားခြင်းခံရသည့် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ နှင့်အတူ အုပ်ချုပ်ရေးအဖွဲ့ဝင်တို့အပေါ်၌ ယုံကြည်စိတ်ချခြင်းကို ဆိုလိုသည်။—မဿဲ ၂၄:၄၅။

၁၂ အမှန်မှာ ခရစ်ယာန်အသင်းတော်တွင် ဦးဆောင်နေသူတို့ကို ယုံကြည်စိတ်ချမှုရှိခြင်းက ကျွန်ုပ်တို့ကိုယ်တိုင်၏ အကျိုးအတွက်ဖြစ်သည်။ “သင်တို့ကိုအုပ်သောသူတို့၏စကားကိုနားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကိုမဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကိုခံရမည်အကြောင်း သတိပြုလျက်နေကြလော့” ဟူ၍ ကျွန်ုပ်တို့မှာကြားခံရ၏။—ဟေဗြဲ ၁၃:၁၇။

ယေဟောဝါ ရွေးချယ်သူများအား စောဒကတက်ခြင်းကိုရှောင်

၁၃။ ဦးဆောင်ဖို့ ခန့်အပ်ခံရသူတို့ကို ယုံကြည်စိတ်ချရန် အဘယ်အကြောင်းရှိသနည်း။

၁၃ ယေဟောဝါ၏လူတို့ကို ဦးဆောင်နေသူများ၌ ယုံကြည်စိတ်ချမှုတင်ပြရာတွင် ချင့်ချင့်ချိန်ချိန်ရှိဖို့ သမ္မာကျမ်းစာက ကူညီပေးသည်။ ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကို ဤသို့မေးလိုပေမည်– ‘မောရှေ မှားဖူးသလား။ တမန်တော်တွေဟာ သူတို့မှာ ယေရှုရှိစေလိုခဲ့တဲ့ ခရစ်တော်လိုစိတ်ထားမျိုး အမြဲပဲပြခဲ့သလား။’ အဖြေမှာ ရှင်းနေပါသည်။ ယေဟောဝါသည် မိမိလူတို့ကိုလမ်းညွှန်ပေးရန် မစုံလင်ကြသော်လည်း သစ္စာရှိ၍ မိမိကိုယ်ကိုအပ်နှံထားသူတို့အား အသုံးပြုရန် ရွေးချယ်တော်မူ၏။ ထိုနည်းတူ ယနေ့ အကြီးအကဲတို့သည် မစုံလင်ကြသော်လည်း ‘ဘုရားသခင့်အသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ၊ [ကြီးကြပ်မှူးများအဖြစ်] သန့်ရှင်းသောဝိညာဉ်တော်ဖြင့် [ခန့်အပ်ထားတော်မူသော]’ သူများအဖြစ် သူတို့ကို အသိအမှတ်ပြုသင့်သည်။ သူတို့သည် ကျွန်ုပ်တို့၏ထောက်ခံမှုနှင့် လေးစားမှုကိုရထိုက်ပေ၏။—တမန်တော် ၂၀:၂၈။

၁၄။ အာရုန် သို့မဟုတ် မိရိအံအစား မောရှေကို ဘုရားသခင်ရွေးချယ်ခဲ့ခြင်းနှင့်ပတ်သက်၍ အဘယ်အရာကိုသတိပြုထိုက်သနည်း။

၁၄ အာရုန်သည် မောရှေထက် သုံးနှစ်ကြီးသော်လည်း သူတို့နှစ်ဦးစလုံးမှာ မိရိအံထက်အသက်ငယ်သည်။ (ထွက်မြောက်ရာ ၂:၃၊ ၄; ၇:၇) အာရုန်သည် မောရှေထက် အပြောအဆိုသာ၍သွက်လက်သောကြောင့် မိမိညီ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခံခဲ့ရ၏။ (ထွက်မြောက်ရာ ၆:၂၉–၇:၂) သို့တိုင် ဣသရေလလူမျိုးကို ဦးဆောင်ရန် ယေဟောဝါသည် အသက်အကြီးဆုံးဖြစ်သော မိရိအံ သို့မဟုတ် စကားအသွက်လက်ဆုံးဖြစ်သော အာရုန်ကို ရွေးချယ်တော်မမူခဲ့ချေ။ ကိုယ်တော်သည် အချက်အလက်အားလုံးနှင့် အချိန်အခါ၏လိုအပ်မှုကို အပြည့်အဝသိမှတ်ကာ မောရှေကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းအချက်ကို သူတို့ကောင်းစွာ သဘောမပေါက်မီအချိန်တွင် အာရုန်နှင့် မိရိအံတို့သည် ဤသို့ညည်းညူခဲ့ကြသည်– “ထာဝရဘုရားသည် မောရှေအားဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလော။” “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” သူအဖြစ် မိရိအံနှင့် အာရုန်အသိအမှတ်ပြုသင့်သည့် ယေဟောဝါရွေးချယ်ထားသူကို မလေးမခန့်ပြုခဲ့သောကြောင့် ဦးဆုံးသွေးထိုးပေးသူဖြစ်နိုင်သည့် မိရိအံသည် အပြစ်ပေးခြင်းခံခဲ့ရသည်။—တောလည်ရာ ၁၂:၁-၃၊ ၉-၁၅။

၁၅၊ ၁၆။ ကာလက်သည် ယေဟောဝါအား ယုံကြည်စိတ်ချကြောင်း မည်သို့သက်သေထူခဲ့သနည်း။

၁၅ ကတိထားရာပြည်သို့ သူလျှို ၁၂ ဦးသွားရောက်ထောက်လှမ်းရာမှ ပြန်လာကြသောအခါ ၁၀ ဦးသည် မကောင်းသတင်းကို ယူဆောင်လာ၏။ ‘အရပ်အမောင်းမှာ သာမန်ထက်ကြီး’ သောခါနနိလူတို့အကြောင်းပြောပြခြင်းအားဖြင့် ဣသရေလတို့ကို ကြောက်ရွံ့စိတ်ပျက်စေခဲ့ကြသည်။ ယင်းက တစ်ဖန် ‘မောရှေနှင့်အာရုန်ကို အပြစ်တင်မြည်တမ်းဖို့’ ဣသရေလလူမျိုးကို လှုံ့ဆော်ပေးပြန်သည်။ သို့သော် သူလျှိုအားလုံးသည် မောရှေနှင့် ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှုကင်းမဲ့ခဲ့ကြသည်မဟုတ်။ “ကာလက်ကလည်း ‘ချက်ချင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်’ ဟုဆို၍ မောရှေရှေ့မှာလူများတို့ကို ငြိမ်းစေ၏” ဟုကျွန်ုပ်တို့ဖတ်ရသည်။ (တောလည်ရာ ၁၃:၂၊ ၂၅-၃၃; ၁၄:၂) ကာလက်ကဲ့သို့ပင် သူ့အဖော် သူလျှိုယောရှုသည်လည်း မားမားမတ်မတ်ရပ်တည်ခဲ့၏။ သူတို့က “ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။ . . . ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ . . . ထာဝရဘုရားသည် ငါတို့လက်၌ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကို မကြောက်ကြနှင့်” ဟုနှစ်ဦးစလုံး ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှုရှိစွာ ပြောဆိုခဲ့ကြသည်။ (တောလည်ရာ ၁၄:၆-၉) ယေဟောဝါအပေါ် ဤသို့ယုံကြည်စိတ်ချမှုရှိခြင်းမှ ဆုကျေးဇူးရရှိခဲ့ကြ၏။ ထိုအချိန်ကအသက်ရှင်ခဲ့သော အသက်ကြီးပိုင်း လူမျိုးဆက်တွင် ကာလက်၊ ယောရှုနှင့် လေဝိသားအချို့သာလျှင် ကတိထားရာပြည်သို့ဝင်ခွင့်ရရှိခဲ့ကြသည်။

၁၆ နှစ်အနည်းငယ်ကြာပြီးနောက် ကာလက်ကဤသို့ပြောခဲ့သည်– “အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ၏။ . . . ဣသရေလအမျိုးသည် တော၌လှည့်လည်စဉ်အခါ၊ ထာဝရဘုရားသည် ထိုသို့မောရှေအားမိန့်တော်မူသောနေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အတိုင်း၊ အနှစ်လေးဆယ့်ငါးနှစ်ပတ်လုံး အကျွန်ုပ်အသက်ကိုရှင်စေတော်မူသဖြင့်၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ့်ငါးနှစ်ရှိပါပြီ။ သို့ရာတွင် မောရှေစေလွှတ်သောနေ့၌ ခွန်အားရှိသကဲ့သို့ ယနေ့ရှိပါ၏။ ထိုအခါ . . . တတ်စွမ်းနိုင်သကဲ့သို့ ယခုလည်းတတ်စွမ်းနိုင်ပါ၏။” (ယောရှု ၁၄:၆-၁၁) ကာလက်၏ အပြုသဘောပါသောစိတ်ထား၊ သူ၏သစ္စာရှိမှုနှင့် ကာယရေးဆိုင်ရာစွမ်းဆောင်နိုင်စွမ်းတို့ကို သတိမူပါ။ သို့တိုင်၊ ယေဟောဝါသည် ကာလက်အား မောရှေ၏အရာကိုဆက်ခံသူအဖြစ် မရွေးချယ်ခဲ့ချေ။ ဤအခွင့်အရေးကို ယောရှုရရှိခဲ့၏။ ယေဟောဝါတွင် အကြောင်းများရှိ၍ရွေးချယ်ခဲ့ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပြီး ယင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့သည်။

၁၇။ ပေတရုသည် တာဝန်အတွက် မထိုက်တန်ဟု အဘယ်အရာက ယူဆစေနိုင်သနည်း။

၁၇ တမန်တော်ပေတရုသည် မိမိ၏သခင်ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်ခဲ့၏။ သူသည် ကမူးရှူးထိုးနိုင်ပြီး ယဇ်ပုရောဟိတ်မင်းကျွန်၏နားရွက်ကို ခုတ်ပစ်ခဲ့သည်။ (မဿဲ ၂၆:၄၇-၅၅၊ ၆၉-၇၅; ယောဟန် ၁၈:၁၀၊ ၁၁) အချို့က ပေတရုသည် သူရဲဘောကြောင်သူ၊ စိတ်မတည်ငြိမ်သူ၊ အထူးအခွင့်အရေးများမရထိုက်သူ ဟုဆိုပေမည်။ သို့တိုင် ဘုရားသခင့်နိုင်ငံတော်၏သော့များ ပေးအပ်ခြင်းခံရပြီး အုပ်စုသုံးစုစလုံးကို ကောင်းကင်ခေါ်တော်မူခြင်းလမ်း ဖွင့်ပေးခွင့်ရခဲ့သူမှာ မည်သူနည်း။ ပေတရုပင်တည်း။—တမန်တော် ၂:၁-၄၁; ၈:၁၄-၁၇; ၁၀:၁-၄၈။

၁၈။ ယုဒဖော်ပြသည့် အဘယ်အမှားကို ကျွန်ုပ်တို့ ရှောင်ရှားလိုကြသနည်း။

၁၈ ဤပုံဥပမာများက အပြင်ပန်းအားဖြင့် ဆုံးဖြတ်စီရင်ခြင်းကို ကျွန်ုပ်တို့သတိထားရမည်ဖြစ်ကြောင်း ဖော်ပြ၏။ ကျွန်ုပ်တို့သည် ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှုရှိမည်ဆိုလျှင် ကိုယ်တော်၏ရွေးချယ်မှုကို သံသယဖြစ်မည်မဟုတ်ချေ။ ကိုယ်တော်၏မြေကြီးဆိုင်ရာအသင်းတော်သည် မမှားနိုင်ဟုမဆိုကြသော မစုံလင်သူများဖြင့် ဖွဲ့စည်းထားသော်လည်း သူတို့ကို ကြီးကျယ်သောနည်းလမ်းဖြင့် ကိုယ်တော်အသုံးပြုနေသည်။ ယေရှု၏မိတူဖကွဲညီယုဒက ပထမရာစုရှိခရစ်ယာန်တို့အား “အာဏာစက်ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့” သူများကိုသတိပြုရန် မှာကြားခဲ့သည်။ (ယုဒ ၈-၁၀) မည်သည့်အခါမျှသူတို့နှင့် ကျွန်ုပ်တို့မတူသင့်ချေ။

၁၉။ ယေဟောဝါ၏ရွေးချယ်ရာများကို ကျွန်ုပ်တို့စောဒကတက်စရာအကြောင်း အဘယ်ကြောင့်မရှိသနည်း။

၁၉ ယေဟောဝါသည် အချိန်အခါအလိုက် ကိုယ်တော်သွားစေလိုသည့်လမ်းစဉ်တွင် မိမိလူမျိုးအားလမ်းပြပေးရန် လိုအပ်သည့်အရည်အချင်းများရှိသူအချို့ကိုရွေးချယ်ပြီး တာဝန်ထမ်းဆောင်စေပုံရှိသည်။ ယင်းအချက်ကို ကြိုးစားအသိအမှတ်ပြုပြီး ဘုရားသခင်ရွေးချယ်ရာကို စောဒကမတက်ဘဲ ကျွန်ုပ်တို့တစ်ဦးချင်းစီကို ယေဟောဝါထားရှိသည့်နေရာတွင် ရောင့်ရဲနှိမ့်ချစွာဖြင့်နေ၍ အမှုထမ်းဆောင်သင့်သည်။ သို့ဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါအား ကျွန်ုပ်တို့၏ယုံကြည်စိတ်ချရာ ဖြစ်စေခဲ့ကြကြောင်း ပြသလေပြီ။—ဧဖက် ၄:၁၁-၁၆; ဖိလိပ္ပိ ၂:၃။

ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ ယုံကြည်စိတ်ချမှု တင်ပြခြင်း

၂၀၊ ၂၁။ မောရှေနှင့် ဘုရားသခင်ဆက်ဆံနည်းမှ ကျွန်ုပ်တို့ အဘယ်အရာကို သင်ယူနိုင်သနည်း။

၂၀ တစ်ခါတစ်ရံ မိမိကိုယ်ကို ယုံကြည်စိတ်ချလွန်းပြီး ယေဟောဝါအပေါ်ယုံကြည်စိတ်ချမှုအလွန်နည်းနေလျှင် မောရှေထံမှ သင်ခန်းစာယူကြစို့။ အသက် ၄၀ ပြည့်သောအခါ သူသည် မိမိနည်းမိမိဟန်ဖြင့် အီဂျစ်သုံ့ပန်းဘဝမှ ဣသရေလလူမျိုးကိုလွတ်မြောက်စေရန် ကြိုးစားပြုလုပ်ခဲ့၏။ သူ၏ကြိုးပမ်းမှုမှာ ရည်ရွယ်ချက်ကောင်းသော်လည်း ဣသရေလလူမျိုးကို ချက်ချင်းမကယ်လွှတ်နိုင်ခဲ့သကဲ့သို့ သူ၏အခြေအနေကိုလည်း သာ၍ကောင်းမလာစေခဲ့ချေ။ အမှန်မှာ သူထွက်ပြေးခဲ့ရ၏။ တိုင်းတစ်ပါးတွင် အနှစ် ၄၀ ကြာခက်ခက်ခဲခဲလေ့ကျင့်ခံခဲ့ရပြီးမှသာလျှင် အစောပိုင်းက သူပြုလိုခဲ့ရာကို ပြုလုပ်ရန်ရွေးချယ်ခံရဖို့ အရည်အချင်းပြည့်မီလာသည်။ ယခုအခါ ယေဟောဝါ၏အချိန်ဇယားအရ သတ်မှတ်ထားသောအချိန်တွင် ကိုယ်တော့်နည်းလမ်းတော်အတိုင်း အရာရာကို ဆောင်ရွက်နေသည့်အတွက် ယေဟောဝါ၏ကျောထောက်နောက်ခံမှုရရှိရန် သူယုံကြည်စိတ်ချနိုင်ပေသည်။—ထွက်မြောက်ရာ ၂:၁၁–၃:၁၀။

၂၁ ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် ဤသို့မေးလိုပေမည်– ‘အကျွန်ုပ်သည် ယေဟောဝါနှင့် အသင်းတော်ရှိခန့်အပ်ခံအကြီးအကဲများရှေ့ ရံဖန်ရံခါသွားပြီး အရှိန်တိုးမြှင့်ဖို့ သို့မဟုတ် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြုလုပ်ဖို့ ကြိုးစားမိပါသလော။ အခွင့်အရေးအချို့ကိုမရသဖြင့် ဥပေက္ခာပြုခံရသည်ဟု ခံစားနေမည့်အစား ဆက်လက်ရရှိနေသောလေ့ကျင့်မှုကို တလိုတလားလက်ခံပါသလော။’ ကျွန်ုပ်တို့သည် မောရှေထံမှ အရေးကြီးသောသင်ခန်းစာကို အမှန်တကယ်ပင် ရယူခဲ့ပြီလော။

၂၂။ ကြီးမြတ်သောအခွင့်အရေးကို ဆုံးရှုံးခဲ့သော်လည်းယေဟောဝါအပေါ် မောရှေမည်သို့ သဘောထားသနည်း။

၂၂ ထို့ပြင် မောရှေထံမှ နောက်ထပ်သင်ခန်းစာတစ်ခုကို ကျွန်ုပ်တို့သင်ယူနိုင်သည်။ တောလည်ရာ ၂၀:၇-၁၃ က သူ့အတွက်ဝမ်းနည်းဖွယ်ရာဖြစ်ခဲ့သည့် သူပြုလုပ်မိသောအမှားတစ်ခုကို ကျွန်ုပ်တို့အားဖော်ပြ၏။ သူသည် ကတိထားရာပြည်ထဲသို့ ဣသရေလလူမျိုးကို ဦးဆောင်ပြီးဝင်ခွင့်မရရှိခဲ့ပါ။ ထိုအခါ သူက အဆိုပါကိစ္စတွင် ယေဟောဝါ၏ဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိဟု သူတုံ့ပြန်ခဲ့ပါသလော။ ဘုရားသခင်က သူ့ကို မတရားသဖြင့်ဆက်ဆံသည်ဟု ယူမှတ်ကာစိတ်ကောက်ပြီး တစ်သီးပုဂ္ဂလနေခဲ့ပါသလော။ မောရှေသည် ယေဟောဝါ၏ဖြောင့်မတ်ခြင်းအပေါ် ယုံကြည်စိတ်ချမှုကင်းမဲ့သွားပါသလော။ မောရှေမသေမီ ဣသရေလလူမျိုးအား သူပြောခဲ့သောစကားတွင် အဖြေတွေ့နိုင်ပါသည်။ ယေဟောဝါအကြောင်း မောရှေဤသို့ပြောခဲ့သည်– “အမှုတော်သည်စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏။” (တရားဟောရာ ၃၂:၄) မောရှေသည်အဆုံးအထိ ယေဟောဝါအပေါ် သူ၏ယုံကြည်စိတ်ချမှုကို ထိန်းသိမ်းထားခဲ့သည်မှာ သေချာသည်။ ကျွန်ုပ်တို့ကော။ ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းအပေါ် ခိုင်ခံ့သောယုံကြည်စိတ်ချမှုရှိဖို့ တစ်ဦးစီအနေနှင့် ကြိုးစားနေပါသလော။ ယင်းသို့ မည်သို့ပြုလုပ်နိုင်သနည်း။ ကြည့်ကြစို့။

သင်မည်သို့ဖြေမည်နည်း

◻ ယေဟောဝါအား ကိုးစားနေရန် ဣသရေလလူမျိုးတွင် အဘယ်အကြောင်းများရှိသနည်း။

◻ ယုံကြည်စိတ်ချမှုနှင့်ပတ်သက်၍ အာဗြဟံထံမှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူနိုင်သနည်း။

◻ ယေဟောဝါ၏ရွေးချယ်ရာများအပေါ် စောဒကတက်ခြင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့်ရှောင်ရှားသင့်သနည်း။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေဟောဝါအား ယုံကြည်စိတ်ချခြင်းတွင် အသင်းတော်၏ ဦးစီးဦးဆောင်များကို လေးစားခြင်းပါဝင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ