ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ နိုဝင်ဘာ စာ. ၈-၁၃
  • ဝမ်းမြောက်စွာ ခံရပ်ဖို့ ယေဟောဝါ ကူညီပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝမ်းမြောက်စွာ ခံရပ်ဖို့ ယေဟောဝါ ကူညီပေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ နားထောင်ပေး
  • ယေဟောဝါ လမ်းညွှန်ပေး
  • ယေဟောဝါ ကောင်းချီးပေး
  • ခံရပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါ
  • ယေဟောဝါအား စောင့်မျှော်လျက် နေပါ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယခုမှစ၍ ထာဝစဉ်ရွှင်လန်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ပုံဆောင်ပရဒိသုကနေ ဘယ်တော့မှ ထွက်မသွားပါနဲ့
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ပရဒိသု ပြန်လည်တည်ထောင်လေပြီ!
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ နိုဝင်ဘာ စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၄၆

ဝမ်းမြောက်စွာ ခံရပ်ဖို့ ယေဟောဝါ ကူညီပေး

“ယေဟောဝါက မင်းတို့ကို မျက်နှာသာပေးဖို့ စိတ်ရှည်ရှည် စောင့်နေတယ်။ မင်းတို့ကို ကရုဏာပြဖို့ ကြွလာမယ်။”—ဟေရှာ. ၃၀:၁၈။

သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ

အကြိုသုံးသပ်ချက်a

၁-၂။ (က) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။ (ခ) ကျွန်တော်တို့ကို ကူညီဖို့ ယေဟောဝါ လိုလိုလားလား ရှိကြောင်း ဘာက ဖော်ပြသလဲ။

ဘဝအခက်အခဲတွေကို ခံရပ်နိုင်ဖို့၊ အမှုတော်မှာ ပျော်ရွှင်ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ ဘယ်နည်းတွေနဲ့လဲ။ ယေဟောဝါရဲ့ အကူအညီကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်မလဲ။ အဲဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ အရင်ဆုံး၊ ကျွန်တော်တို့ကို ကူညီဖို့ ယေဟောဝါ တကယ် လိုလိုလားလား ရှိရဲ့လား ဆိုတာ ဆွေးနွေးကြစို့။

၂ ဟီဘရူး ခရစ်ယာန်တွေဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု သုံးထားတဲ့ အသုံးအနှုန်း တစ်ခုက အဲဒီမေးခွန်းရဲ့ အဖြေရဖို့ ကူညီပေးနိုင်တယ်။ “ယေဟောဝါဟာ ကူညီမစရှင် ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ” လို့ ပေါလု ရေးတယ်။ (ဟီ. ၁၃:၆) ကျမ်းစာ အဘိဓာန်တွေအရ “ကူညီမစရှင်” ဆိုတဲ့ အသုံးအနှုန်းဟာ အကူအညီ တောင်းခံသူဆီ အပြေးအလွှား သွားကူညီသူကို ဆိုလိုတယ်။ ဒုက္ခရောက်နေသူ တစ်ယောက်ယောက်ကို ကယ်တင်ဖို့ ယေဟောဝါ အပြေးအလွှား သွားတာ မြင်ယောင်ကြည့်ပါ။ ကျွန်တော်တို့ကို ကူညီဖို့ ယေဟောဝါ သိပ်လိုလိုလားလား ရှိတာ သေချာတယ်။ ကျွန်တော်တို့ ဘေးမှာ ယေဟောဝါ ရှိနေရင် အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ပါတယ်။

၃။ အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးတဲ့ နည်းသုံးနည်းက ဘာတွေလဲ။

၃ အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးတဲ့ နည်းတချို့က ဘာတွေလဲ။ ဟေရှာယကျမ်းမှာ အဖြေ ရှာကြည့်ကြစို့။ ဘာကြောင့်လဲ။ ဟေရှာယကျမ်းမှာ ပါတဲ့ ပရောဖက်ပြုချက် များစွာဟာ ဒီနေ့ခေတ် ဘုရားကျေးကျွန်တွေနဲ့ သက်ဆိုင်လို့ပဲ။ အဲဒီအပြင် ကျွန်တော်တို့ နားလည်လွယ်မယ့် အသုံးအနှုန်းတွေနဲ့ ယေဟောဝါကို ဟေရှာယ ပုံဖော်လေ့ ရှိတယ်။ ဥပမာ၊ ဟေရှာယ အခန်းကြီး ၃၀ ကို ဖတ်ကြည့်ပါ။ (၁) ဆုတောင်းချက်တွေကို ဂရုစိုက် နားထောင်ပြီး ဖြေကြားခြင်း၊ (၂) လမ်းညွှန်ချက် ပေးခြင်း၊ (၃) လောလောဆယ်ရော အနာဂတ်မှာပါ ကောင်းချီး ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို ယေဟောဝါ ကူညီပုံအကြောင်း ဖော်ပြဖို့ လှပတဲ့ သရုပ်ဖော်ချက်တွေ သုံးထားတယ်။ ယေဟောဝါ ကူညီပေးတဲ့ အဲဒီနည်း သုံးနည်းကို အသေးစိတ် လေ့လာကြည့်ကြစို့။

ယေဟောဝါ နားထောင်ပေး

၄။ (က) ဟေရှာယခေတ်က ဂျူးတွေကို ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။ သူတို့ ဘာဖြစ်ဖို့ ယေဟောဝါ ခွင့်ပြုလိုက်သလဲ။ (ခ) သစ္စာရှိသူတွေကို ယေဟောဝါ ဘာမျှော်လင့်ချက် ပေးသလဲ။ (ဟေရှာယ ၃၀:၁၈၊ ၁၉)

၄ ဟေရှာယ အခန်းကြီး ၃၀ အစမှာ ယေဟောဝါက ဂျူးတွေကို “အပြစ် တစ်ခုပေါ် တစ်ခု ထပ်ဆင့်” လုပ်နေတဲ့ “ခေါင်းမာတဲ့ သားတွေ” အဖြစ် ဖော်ပြတယ်။ ‘ဒီလူတွေဟာ ပုန်ကန်တတ်တဲ့သူတွေ၊ ယေဟောဝါရဲ့ပညတ်ကို နာယူချင်စိတ် မရှိတဲ့ သားတွေ’ လို့ ဆက်ပြောတယ်။ (ဟေရှာ. ၃၀:၁၊ ၉) ဘုရားစကား နားမထောင်လို့ လူတွေ ဘေးဆိုး ကြုံဖို့ ယေဟောဝါ ခွင့်ပြုလိမ့်မယ်လို့ ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၃၀:၅၊ ၁၇။ ယေ. ၂၅:၈-၁၁) တကယ်ပဲ၊ ဗာဗုလုန်ကို သုံ့ပန်းအဖြစ် သူတို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်။ ဒါပေမဲ့ သူတို့ထဲက သစ္စာရှိ ဂျူးတချို့ကိုတော့ မျှော်လင့်ချက် သတင်း ဟေရှာယ ပြောတယ်။ တစ်နေ့ကျရင် ဂျေရုဆလင်ဆီ ယေဟောဝါ ပြန်ပို့ပေးမယ်။ (ဟေရှာယ ၃၀:၁၈၊ ၁၉ ကို ဖတ်ပါ။) အဲဒီအတိုင်း အတိအကျ ဖြစ်ခဲ့တယ်။ ဗာဗုလုန် သုံ့ပန်းဘဝကနေ ယေဟောဝါ လွတ်မြောက်စေတယ်။ ဒါပေမဲ့ ချက်ချင်းတော့ မဟုတ်ဘူး။ “ယေဟောဝါက မင်းတို့ကို မျက်နှာသာပေးဖို့ စိတ်ရှည်ရှည် စောင့်နေတယ်” ဆိုတဲ့ စကားက သစ္စာရှိသူတွေ ကယ်တင်ခံရဖို့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ခဲ့ရတယ်ဆိုတာ ပြတယ်။ ဗာဗုလုန် သုံ့ပန်းဘဝနဲ့ နှစ် ၇၀ နေပြီးမှ ဂျေရုဆလင်ကို တချို့ ပြန်လာခွင့် ရကြတယ်။ (ဟေရှာ. ၁၀:၂၁။ ယေ. ၂၉:၁၀) နေရင်းပြည် ပြန်ရောက်တဲ့အခါ သုံ့ပန်းဘဝမှာ ကျခဲ့တဲ့ ဝမ်းနည်းမျက်ရည်တွေဟာ ဝမ်းသာမျက်ရည်အဖြစ် ပြောင်းသွားတယ်။

၅။ ဟေရှာယ ၃၀:၁၉ မှာ ဘယ်လို အာမခံထားသလဲ။

၅ “ဘုရားက မင်း အော်ဟစ် အကူအညီတောင်းတဲ့အခါ ကျိန်းသေ မျက်နှာသာပေးမယ်” ဆိုတဲ့ စကားကနေ ကျွန်တော်တို့ နှစ်သိမ့်မှု ရနိုင်တယ်။ (ဟေရှာ. ၃၀:၁၉) ကျွန်တော်တို့ အော်ဟစ် အကူအညီ တောင်းတဲ့အခါ ယေဟောဝါ ဂရုစိုက် နားထောင်ပေးမယ်၊ အမြန် အဖြေပေးမယ်ဆိုတာ ဟေရှာယ စိတ်ချစေတယ်။ “မင်းရဲ့အသံကို ကြားတာနဲ့ ပြန်ဖြေမယ်” လို့ ဟေရှာယ ဆက်ပြောတယ်။ မိမိဆီ ဆုတောင်းသူတွေကို ကူညီဖို့ ယေဟောဝါ ဘယ်လောက် လိုလိုလားလား၊ ထက်ထက်သန်သန် ရှိကြောင်း အဲဒီစကားတွေက ဖော်ပြတယ်။ ဒါက ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီပေးတယ်။

၆။ ကျေးကျွန်တစ်ယောက်စီရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ပေးကြောင်း ဟေရှာယ ဘယ်လို ဖော်ပြသလဲ။

၆ အဲဒီအခန်းငယ်ကနေ ဆုတောင်းခြင်းအကြောင်း ဘာသိရသေးသလဲ။ ကျွန်တော်တို့ တစ်ယောက်စီရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဂရုစိုက် နားထောင်တယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ဟေရှာယ အခန်းကြီး ၃၀ အစပိုင်းမှာ လူမျိုးတော်ကို အုပ်စုလိုက်အဖြစ် စကားပြောနေလို့ “မင်းတို့” ဆိုတဲ့ အများကိန်း သုံးထားတယ်။ ဒါပေမဲ့ အခန်းငယ် ၁၉ မှာ “မင်း” ဆိုပြီး အနည်းကိန်း သုံးထားတယ်။ တစ်ယောက်ချင်းစီကို ပြောနေတာ ဖြစ်လို့ပဲ။ “မင်း မငိုကြွေးရတော့ဘူး၊” “ဘုရားက မင်း အော်ဟစ် အကူအညီတောင်းတဲ့အခါ ကျိန်းသေ မျက်နှာသာပေးမယ်၊” “မင်းရဲ့အသံကို ကြားတာနဲ့ ပြန်ဖြေမယ်” လို့ ဟေရှာယ ပြောတယ်။ ယေဟောဝါဟာ မေတ္တာရှိတဲ့ ဖခင် ဖြစ်လို့ စိတ်ပျက်နေတဲ့ သားသမီးကို “မင်းအစ်ကို၊ အစ်မလောက်တောင် စိတ်မမာဘူး” လို့ ဘယ်တော့မှ မပြောဘူး။ အဲဒီအစား ကျွန်တော်တို့ တစ်ယောက်ချင်းစီကို ဂရုစိုက်ပြီး ဆုတောင်းချက်တွေကို သတ်သတ်မှတ်မှတ် နားထောင်ပေးတယ်။—ဆာ. ၁၁၆:၁။ ဟေရှာ. ၅၇:၁၅။

ပုံ– တစ်နေ့တာအတွင်း အချိန်အခါ အမျိုးမျိုးမှာ ညီအစ်မတစ်ယောက် ဆုတောင်းနေ။ ၁။ သမီး ကျောင်းမသွားခင် သမီးနဲ့အတူ ဆုတောင်းနေ။ ၂။ အိမ်သန့်ရှင်းရေး လုပ်ပြီး ခဏနားချိန်အတွင်း ဆုတောင်းနေ။ ၃။ နေ့လယ်ပိုင်းမှာ ဆုတောင်းနေ။ ၄။ သမီး အိပ်ရာဝင်ပြီးနောက် ဆုတောင်းနေ။

‘ဘုရားသခင်ကို မငြိမ်စေကြနဲ့’ လို့ ဟေရှာယ ပြောတာ ဘာကို ဆိုလိုသလဲ (စာပိုဒ် ၇ ကို ကြည့်ပါ)

၇။ မပြတ် ဆုတောင်းဖို့ ဟေရှာယနဲ့ ယေရှု ဘယ်လို အလေးပေးဖော်ပြသလဲ။

၇ ကိုယ်စိုးရိမ်နေတဲ့ ကိစ္စတစ်ခုအကြောင်း ဆုတောင်းပြောပြတဲ့အခါ ယေဟောဝါရဲ့ ချက်ချင်း တုံ့ပြန်ပုံဟာ ခံရပ်နိုင်အောင် ခွန်အားပေးတာ ဖြစ်နိုင်တယ်။ ကိုယ်မျှော်လင့်ထားချိန်မှာ အခက်အခဲ မပြီးဆုံးဘဲ ဆက်ရှိနေတယ်ဆိုရင် ခံရပ်နိုင်စွမ်း ပေးဖို့ ယေဟောဝါဆီ ကျွန်တော်တို့ အကြိမ်ကြိမ် ဆုတောင်းရနိုင်တယ်။ အဲဒီလို ဆုတောင်းဖို့လည်း ဘုရား ဖိတ်ခေါ်ထားတယ်။ ‘ဘုရားသခင်ကို မငြိမ်စေကြနဲ့’ ဆိုတဲ့ ဟေရှာယရဲ့ စကားက အဲဒီအချက်ကို ဖော်ပြတယ်။ (ဟေရှာ. ၆၂:၇၊ ယုဒသန်ကျမ်း) ဘာကို ဆိုလိုသလဲ။ ယေဟောဝါ ခဏလေးတောင် ငြိမ်ငြိမ်နေလို့ မရတဲ့အထိ မပြတ် ဆုတောင်းနေသင့်တယ်။ ဟေရှာယရဲ့ စကားက ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး လုကာ ၁၁:၈-၁၀၊ ၁၃ မှာ ပါတဲ့ ယေရှုရဲ့ ပုံဥပမာကို သတိရစေတယ်။ သန့်ရှင်းသော စွမ်းအားတော် ရအောင် “ဇွဲမလျှော့ဘဲ တောင်းနေ” ဖို့၊ “တောင်းမြဲတောင်း” ဖို့ ယေရှု သင်ပေးတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် လမ်းညွှန်ပေးဖို့လည်း ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။

ယေဟောဝါ လမ်းညွှန်ပေး

၈။ ရှေးခေတ်တုန်းက ဟေရှာယ ၃၀:၂၀၊ ၂၁ မှာ ပါတဲ့ စကားတွေ ဘယ်လို ပြည့်စုံခဲ့သလဲ။

၈ ဟေရှာယ ၃၀:၂၀၊ ၂၁ ကို ဖတ်ပါ။ ဂျေရုဆလင်မြို့ကို ဗာဗုလုန် စစ်တပ် တစ်နှစ်ခွဲ ဝိုင်းရံချိန်မှာ လူတွေ ဒုက္ခကြုံရတာ မဆန်းတော့လို့ မုန့်စားရသလို၊ ရေသောက်ရသလို ဖြစ်လာတယ်။ ဒါပေမဲ့ ဂျူးတွေသာ နောင်တရပြီး အကျင့် ပြောင်းလဲမယ်ဆိုရင် ကယ်တင်မယ်လို့ အခန်းငယ် ၂၀၊ ၂၁ မှာ ယေဟောဝါ ကတိပေးတယ်။ ယေဟောဝါကို “မဟာသွန်သင်ရှင်” အဖြစ် ဟေရှာယ ဖော်ပြပြီး နှစ်သက်လက်ခံဖွယ်နည်းနဲ့ ဘယ်လို ဝတ်ပြုရမယ်ဆိုတာ ဘုရား သင်ပေးမယ်လို့ ကတိပေးတယ်။ ဂျူးတွေ သုံ့ပန်းဘဝကနေ လွတ်မြောက်ချိန်မှာ အဲဒီစကားတွေ ပြည့်စုံလာတယ်။ ယေဟောဝါဟာ သူတို့ရဲ့ မဟာသွန်သင်ရှင် ဖြစ်လာတယ်။ ဘုရားရဲ့ လမ်းညွှန်မှုကြောင့် စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်တည်ထောင်နိုင်ခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း ယေဟောဝါကို မဟာသွန်သင်ရှင်အဖြစ် ရထားတာ တကယ့် ကောင်းချီးပါပဲ။

၉။ ယေဟောဝါရဲ့ လမ်းညွှန်ချက် ရနေတဲ့ နည်းတစ်နည်းက ဘာလဲ။

၉ အဲဒီအခန်းငယ်တွေမှာပဲ ယေဟောဝါရဲ့ သွန်သင်မှုကို နည်းနှစ်နည်းနဲ့ ခံယူရတဲ့ ကျောင်းသားတွေအဖြစ် ကျွန်တော်တို့ကို ဟေရှာယ ပုံဖော်ထားတယ်။ ပထမနည်းကတော့ “မဟာသွန်သင်ရှင်ကို မင်းမျက်စိနဲ့ တပ်အပ်မြင်ရလိမ့်မယ်” လို့ ဟေရှာယ ပြောတယ်။ ကျောင်းသားတွေရှေ့ ရပ်နေတဲ့ ဆရာကို မြင်ယောင်မိစေတယ်။ ဒီနေ့ခေတ်၊ ဘုရားရဲ့ သွန်သင်ချက်ကနေ ကျွန်တော်တို့ အကျိုးခံစားနေရတာ အခွင့်ထူးပါပဲ။ ယေဟောဝါ ဘယ်လို သွန်သင်ပေးသလဲ။ အဖွဲ့အစည်းကတစ်ဆင့်ပါ။ အဖွဲ့အစည်းကတစ်ဆင့် ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ ရနေလို့ ကျေးဇူးတင်စရာပါပဲ။ အသင်းတော် အစည်းအဝေး၊ အစည်းအဝေးကြီး၊ စာပေ၊ ရုပ်သံ၊ တခြားနည်းတွေနဲ့ အဲဒီလမ်းညွှန်ချက်တွေ ရကြတယ်။ ဒါတွေက အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ကူညီပေးတယ်။

၁၀။ “နောက်ကနေပြောတဲ့ အသံကို” ဘယ်နည်းနဲ့ ကြားနေရသလဲ။

၁၀ ယေဟောဝါ သွန်သင်ပေးတဲ့ ဒုတိယနည်းကတော့ “နောက်ကနေပြောတဲ့ အသံကို နားနဲ့ ဆတ်ဆတ်ကြားရလိမ့်မယ်” လို့ ဟေရှာယ ပြောတယ်။ ကျောင်းသားအနောက်ကနေ လမ်းလျှောက်ပြီး ဘယ်လမ်း သွားရမယ်ဆိုတာ လမ်းညွှန်ပေးနေတဲ့ ဆရာအဖြစ် ယေဟောဝါကို ပုံဖော်ထားတာ။ ဒီနေ့ခေတ်မှာ ဘုရားအသံကို ကျွန်တော်တို့ အနောက်ကနေ ကြားနေရတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျမ်းစာကို လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ရေးထားတာ ဖြစ်လို့ ကျွန်တော်တို့ အနောက်ကနေ ပြောတဲ့ အသံလိုပါပဲ။ ကျမ်းစာဖတ်တိုင်း အနောက်က လာတဲ့ ဘုရားအသံကို ကြားရသလိုပါပဲ။—ဟေရှာ. ၅၁:၄။

၁၁။ ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ဘယ်အချက်တွေ လုပ်ရမလဲ။ ဘာကြောင့်လဲ။

၁၁ အဖွဲ့အစည်းနဲ့ ကျမ်းစာကတစ်ဆင့် ယေဟောဝါ ပေးတဲ့ လမ်းညွှန်ချက်ကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်သလဲ။ ဟေရှာယ အချက်နှစ်ချက် ပြောတာ သတိပြုပါ။ ပထမ၊ “လမ်းမှန်က ဒီမှာ။” ဒုတိယ၊ “ဒီလမ်းအတိုင်း လျှောက်ပါ။” (ဟေရှာ. ၃၀:၂၁) “လမ်းမှန်” ကို သိရုံနဲ့ မပြီးဘူး။ “ဒီလမ်းအတိုင်း လျှောက်” ဖို့ လိုတယ်။ ကျမ်းစာကတစ်ဆင့်၊ အဖွဲ့အစည်း ရှင်းပြချက်တွေကတစ်ဆင့် ဘုရားတောင်းဆိုတာတွေကို ကျွန်တော်တို့ သိလာတယ်။ ဘယ်လို လက်တွေ့ကျင့်ရမယ်ဆိုတာလည်း သိလာတယ်။ အမှုတော်မှာ ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ဆိုရင် အဲဒီ နှစ်ချက်စလုံး လုပ်ဖို့ လိုတယ်။ ဒါမှ ယေဟောဝါရဲ့ ကောင်းချီး ရမှာ။

ယေဟောဝါ ကောင်းချီးပေး

၁၂။ ဟေရှာယ ၃၀:၂၃-၂၆ အရ လူမျိုးတော်ကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးသလဲ။

၁၂ ဟေရှာယ ၃၀:၂၃-၂၆ ကို ဖတ်ပါ။ ဗာဗုလုန် သုံ့ပန်းဘဝကနေ ပြန်လာတဲ့ ဂျူးတွေအတွက် ဒီပရောဖက်ပြုချက် ဘယ်လို ပြည့်စုံလာသလဲ။ ရုပ်ပိုင်းရော ဘုရားရေးရာပိုင်းပါ ကောင်းချီး အလျှံပယ် ရကြတယ်။ အစားအစာ အလျှံပယ် ပေးပြီး ဘုရား ကောင်းချီးပေးသလို အရေးကြီးဆုံးကတော့ စင်ကြယ်တဲ့ ဝတ်ပြုရေး တဖြည်းဖြည်း ပြန်တည်ထောင်နိုင်အောင် လိုအပ်တာ မှန်သမျှ ပြင်ဆင်ပေးတယ်။ အရင်က တစ်ခါမှ မခံစားရဖူးတဲ့ အတိုင်းအတာနဲ့ ရတဲ့ ကောင်းချီးတွေပါပဲ။ အခန်းငယ် ၂၆ မှာ ပြောသလို အလင်း ပိုထွန်းလင်းအောင်၊ တစ်နည်းအားဖြင့် ဘုရားစကားကို ပိုနားလည်အောင် ဘုရား ကူညီပေးတယ်။ (ဟေရှာ. ၆၀:၂) ယေဟောဝါရဲ့ ကောင်းချီးကြောင့် ကျေးကျွန်တွေ “စိတ်ကြည်နူး” ရတဲ့အတွက် ဝမ်းမြောက်စွာ ဆက်အမှုဆောင်ဖို့ ခွန်အား ရှိလာကြတယ်။—ဟေရှာ. ၆၅:၁၄။

၁၃။ ပြန်တည်ထောင်ခြင်း ပရောဖက်ပြုချက် ဒီနေ့ခေတ်မှာ ဘယ်လို ပြည့်စုံနေသလဲ။

၁၃ စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်တည်ထောင်ခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ဟာ ဒီနေ့ခေတ်နဲ့ရော သက်ဆိုင်သလား။ သက်ဆိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ ဖြစ်တဲ့ မဟာဗာဗုလုန်ကနေ ၁၉၁၉ ကစပြီး လူသန်းပေါင်းများစွာ လွတ်မြောက်လာကြတယ်။ အစ္စရေးတွေရဲ့ ကတိထားရာ ပြည်ထက် ပိုကောင်းတဲ့ ပုံဆောင်ပရဒိသုထဲ ပို့ဆောင်ခံကြရတယ်။ (ဟေရှာ. ၅၁:၃။ ၆၆:၈) ပုံဆောင်ပရဒိသုဆိုတာ ဘာလဲ။

၁၄။ ပုံဆောင်ပရဒိသုဆိုတာ ဘာလဲ။ ဒီနေ့ခေတ် အဲဒီမှာ ဘယ်သူတွေ နေထိုင်နေသလဲ။ (စကားလုံး ရှင်းလင်းချက်ကို ကြည့်ပါ။)

၁၄ ၁၉၁၉ ကစပြီး ပုံဆောင်ပရဒိသုမှာ ဘိသိက်ခံတွေ ပျော်ရွှင်နေကြတယ်။b မြေကြီး မျှော်လင့်ချက် ရှိတဲ့ “တခြားသိုး” လည်း ပုံဆောင်ပရဒိသုမှာ နေခွင့်ရလာပြီး ဘုရားကောင်းချီး အလျှံပယ် ခံစားနေရတယ်။—ယော. ၁၀:၁၆။ ဟေရှာ. ၂၅:၆။ ၆၅:၁၃။

၁၅။ ဒီနေ့ခေတ်မှာ ပုံဆောင်ပရဒိသု ဘယ်မှာ ရှိသလဲ။

၁၅ ဒီနေ့ခေတ်မှာ ပုံဆောင်ပရဒိသု ဘယ်မှာ ရှိသလဲ။ ယေဟောဝါကို ဝတ်ပြုသူတွေဟာ ကမ္ဘာ့ဒေသ အရပ်ရပ်မှာ နေထိုင်ကြတယ်။ ဒါကြောင့် ပုံဆောင်ပရဒိသုဟာ ကမ္ဘာတစ်ဝန်းလုံးမှာ တည်ရှိတယ်။ ကျွန်တော်တို့ ဘယ်မှာပဲ နေထိုင်ပါစေ စစ်မှန်တဲ့ ဝတ်ပြုရေးကို တက်တက်ကြွကြွ အားပေးထောက်မနေသရွေ့ ပုံဆောင်ပရဒိသုမှာ နေထိုင်နေကြတယ်။

ပုံ– ၁။ နိုင်ငံတော်ခန်းမမှာ ကိုယ့်ဆီ လာတောင်းပန်တဲ့ ညီအစ်ကိုကို ညီအစ်ကိုတစ်ယောက် လိုလိုလားလား ခွင့်လွှတ်။ ၂။ ရောင်စုံပန်းခင်း ဖုံးလွှမ်းထားတဲ့ တောင်ကုန်း။

ပုံဆောင်ပရဒိသု ပိုလှပအောင် ကျွန်တော်တို့ တစ်ယောက်စီ ဘယ်လို ပါဝင်အားဖြည့်နိုင်သလဲ (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)

၁၆။ ပုံဆောင်ပရဒိသုရဲ့ အလှတရားကို ဘယ်လိုနည်းနဲ့ ဆက်အာရုံစိုက်နိုင်သလဲ။

၁၆ ပုံဆောင်ပရဒိသုမှာ ဆက်ရှိနေဖို့ဆိုရင် တခြားအရာတွေအပြင် ကမ္ဘာချီ ခရစ်ယာန် အသင်းတော်အတွက် ကျေးဇူးတင်လေးမြတ်စိတ် ဆက်ရှိနေရမယ်။ ဘယ်လိုနည်းနဲ့ ဆက်ရှိနိုင်သလဲ။ ပုံဆောင်ပရဒိသုမှာ နေထိုင်သူတွေရဲ့ အပြစ်အနာအဆာတွေကို မဟုတ်ဘဲ အလှတရားကို အာရုံစိုက်ခြင်းအားဖြင့်ပါ။ (ယော. ၁၇:၂၀၊ ၂၁) အဲဒီလို အာရုံစိုက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဒီဥပမာကို စဉ်းစားကြည့်ပါ။ လှပတဲ့ ဥယျာဉ်ထဲမှာ အပင် အမျိုးမျိုး ရှိသလို အသင်းတော်တွေထဲက ပုံဆောင်ပရဒိသုမှာလည်း အပင်နဲ့ ခိုင်းနှိုင်းနိုင်တဲ့ လူအမျိုးမျိုး ရှိတယ်။ (ဟေရှာ. ၄၄:၄။ ၆၁:၃) ကိုယ့်အနီးအနားက “အပင်” တစ်ပင်ချင်းစီရဲ့ အပြစ်အနာအဆာကို မဟုတ်ဘဲ “သစ်တော” တစ်ခုလုံးရဲ့ အလှအပကို ဆက်အာရုံစိုက်နေဖို့ လိုတယ်။ ကိုယ်တိုင် ဒါမှမဟုတ် အသင်းတော်ထဲက တခြားသူတွေရဲ့ အပြစ်အနာအဆာတွေကြောင့် ကမ္ဘာချီ စည်းလုံးတဲ့ အသင်းတော်ရဲ့ အလှတရားကို မမြင်တော့တဲ့အထိ မဖြစ်သင့်ဘူး။

၁၇။ အသင်းတော်ရဲ့ စည်းလုံးမှု တိုးများအောင် ကျွန်တော်တို့ တစ်ယောက်စီ ဘာလုပ်နိုင်သလဲ။

၁၇ စည်းလုံးမှု တိုးများအောင် ကျွန်တော်တို့ တစ်ယောက်ချင်းစီ ဘာလုပ်နိုင်သလဲ။ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ခြင်းအားဖြင့်ပါပဲ။ (မ. ၅:၉။ ရော. ၁၂:၁၈) အသင်းတော်ထဲက တခြားသူတွေနဲ့ သင့်မြတ်ဖို့ ကိုယ့်ဘက်က အစပြုလုပ်ဆောင်တိုင်း ပုံဆောင်ပရဒိသု ပိုလှလာအောင် ပါဝင်အားဖြည့်ပေးရာ ရောက်တယ်။ ပုံဆောင်ပရဒိသုမှာ နေထိုင်သူ တစ်ယောက်ချင်းကို စင်ကြယ်တဲ့ ဝတ်ပြုရေးဆီ ယေဟောဝါ ဆွဲဆောင်ထားကြောင်း သတိရပါ။ (ယော. ၆:၄၄) တန်ဖိုးရှိတယ်လို့ ယေဟောဝါဘုရား ယူမှတ်ထားတဲ့ ကျေးကျွန်တွေကြား ငြိမ်သက်စည်းလုံးမှု တိုးများအောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေတာ ဘုရား တွေ့တဲ့အခါ သိပ်ပျော်မှာ သေချာတယ်။—ဟေရှာ. ၂၆:၃။ ဟဂ္ဂဲ ၂:၇။

၁၈။ ဘာတွေအကြောင်း မကြာမကြာ တွေးတောဆင်ခြင်သင့်သလဲ။ ဘာကြောင့်လဲ။

၁၈ ဘုရားကျေးကျွန်တွေအဖြစ် ကိုယ်ရထားတဲ့ ကောင်းချီးတွေကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်သလဲ။ ကျမ်းစာ၊ ကျမ်းစာအခြေပြု စာပေတွေ လေ့လာပြီး သေသေချာချာ တွေးတောဆင်ခြင်ပါ။ ဒါက ခရစ်ယာန် အရည်အသွေးတွေ ပြုစုပျိုးထောင်နိုင်အောင်၊ အသင်းတော်မှာ “ညီရင်းအစ်ကိုမေတ္တာ၊” “ချစ်ခင်မြတ်နိုး” မှု ပြနိုင်အောင် ကူညီပေးပါလိမ့်မယ်။ (ရော. ၁၂:၁၀) လောလောဆယ် ရနေတဲ့ ကောင်းချီးတွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။ အနာဂတ်မှာ ရမယ့် ကောင်းချီးတွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားကို ထာဝစဉ် ဝတ်ပြုခွင့် မျှော်လင့်ချက် ပိုခိုင်မာလာမယ်။ ဒါတွေအားလုံးက လောလောဆယ် ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုဖို့ ကူညီပေးပါလိမ့်မယ်။

ခံရပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါ

၁၉။ (က) ဟေရှာယ ၃၀:၁၈ အရ ဘာကို စိတ်ချနိုင်သလဲ။ (ခ) ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ဘာက ကူညီပေးမလဲ။

၁၉ ယေဟောဝါဟာ ဒီစနစ်ဆိုးကို အဆုံးတိုင်စေတဲ့အခါ ကျွန်တော်တို့ကို ကယ်တင်ဖို့ “ကြွလာ” ပါလိမ့်မယ်။ (ဟေရှာ. ၃၀:၁၈) “တရားမျှတတဲ့ ဘုရားသခင်” ဖြစ်လို့ စာတန့်စနစ်ကို လိုအပ်တာထက် ပိုပြီး တစ်ရက်တောင် သက်ဆိုးရှည်ခွင့် ပြုမှာ မဟုတ်ကြောင်း ကျွန်တော်တို့ စိတ်ချတယ်။ (ဟေရှာ. ၂၅:၉) အဲဒီအချိန်ကို ယေဟောဝါနဲ့အတူ စိတ်ရှည်ရှည် စောင့်နေကြတယ်။ ဒီအတောအတွင်း ဆုတောင်းခြင်း အခွင့်ထူးကို တန်ဖိုးထားဖို့၊ ကျမ်းစာ လေ့လာပြီး လက်တွေ့ကျင့်သုံးဖို့၊ ကောင်းချီးတွေကို တွေးတောဆင်ခြင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ဒါဆိုရင် ဝမ်းမြောက်စွာ ခံရပ်ရင်း ဝတ်ပြုနိုင်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးပါလိမ့်မယ်။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါ နားထောင်ဖို့ အသင့်ရှိကြောင်း ဟေရှာယ အခန်းကြီး ၃၀ က ဘယ်လို အမှတ်ရစေသလဲ။

  • ယေဟောဝါ လမ်းညွှန်ပေးဖို့ အသင့်ရှိကြောင်း ဟေရှာယ အခန်းကြီး ၃၀ က ဘယ်လို အမှတ်ရစေသလဲ။

  • ယေဟောဝါ ကောင်းချီးပေးဖို့ အသင့်ရှိကြောင်း ဟေရှာယ အခန်းကြီး ၃၀ က ဘယ်လို အမှတ်ရစေသလဲ။

သီချင်း  ၁၄၂ မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း

a ဘဝအခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ကျေးကျွန်တွေကို ယေဟောဝါ ကူညီပေးတဲ့ နည်းသုံးနည်းအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ ဟေရှာယ အခန်းကြီး ၃၀ ကို လေ့လာကြမယ်။ ယေဟောဝါဆီ ဆုတောင်းဖို့၊ ကျမ်းစာ ဖတ်ရှုလေ့လာဖို့၊ လက်ရှိနဲ့ အနာဂတ် ကောင်းချီးတွေကို တွေးတောဆင်ခြင်ဖို့ အရေးကြီးကြောင်း သိလာရပါမယ်။

b စကားလုံး ရှင်းလင်းချက်– “ပုံဆောင်ပရဒိသု” ဆိုတာ ငြိမ်းချမ်းလုံခြုံတဲ့ အခြေအနေကို ဆိုလိုတယ်။ အဲဒီမှာ ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြုခွင့် ရကြတယ်။ ဘာသာရေး အလိမ်အညာတွေကနေ လွတ်မြောက်စေတဲ့ ကျမ်းစာ အကြောင်းအရာ အလျှံပယ် ရကြတယ်။ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောရတဲ့ ကျေနပ်စရာ အလုပ်လည်း ရထားတယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်အောင် ကူညီပေးတဲ့ မေတ္တာရှိ ညီအစ်ကို/မတွေလည်း ရထားတယ်။ မှန်ကန်တဲ့နည်းနဲ့ ယေဟောဝါကို စဝတ်ပြုချိန်၊ ဘုရားကို အတတ်နိုင်ဆုံး အတုယူချိန်မှာ ပုံဆောင်ပရဒိသုထဲ ကျွန်တော်တို့ ရောက်လာကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ