ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၇/၁ စာ. ၁၄-၁၉
  • အကြီးအကဲတို့၊ ဖြောင့်မတ်ခြင်းနှင့်အညီစီရင်ကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြီးအကဲတို့၊ ဖြောင့်မတ်ခြင်းနှင့်အညီစီရင်ကြလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်တော်—အတုယူဖွယ်တရားသူကြီး
  • မြေကြီးပေါ်ရှိတရားသူကြီးများ
  • ‘ကြောက်ရွံ့မှုနှင့်ကျင့်ကြံ’ သောတရားသူကြီးများ
  • အချိန်ပြည့်သိုးထိန်းများ
  • အကျိုးပြုသောသိုးထိန်းများနှင့် တရားသူကြီးများ အဖြစ်ဆောင်ရွက်ခြင်း
  • အမှုကြားနာရာတွင် မှန်ကန်သောသဘောထား
  • အမှုကြားနာခြင်း၏ရည်ရွယ်ချက်
  • အကြီးအကဲများ—ဘုရားသခင့်သိုးတော်စုကို ကြင်နာယုယစွာဆက်ဆံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေဟောဝါ၊ မျက်နှာမလိုက်သော “မြေတစ်ခွင်လုံး၏တရားသူကြီး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • အကြီးအကဲတို့၊ အပြစ်လုပ်ထားသူကို ကရုဏာ ပြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၇/၁ စာ. ၁၄-၁၉

အကြီးအကဲတို့၊ ဖြောင့်မတ်ခြင်းနှင့်အညီစီရင်ကြလော့

“သင့်ညီအစ်ကိုချင်းတို့၏အမှုကို နားထောင်သောအခါ ဖြောင့်မတ်ခြင်းနှင့်အညီစီရင်ရမည်။”—တရားဟောရာ ၁:၁၆၊ ကဘ။

၁။ တရားစီရင်ရေးကိစ္စတွင် မည်သည့်အခွင့်အာဏာလွှဲအပ်မှုရှိခဲ့သနည်း။ ယင်းသည် လူသားတရားသူကြီးများအတွက် မည်သည့်အဓိပ္ပာယ်ရှိသနည်း။

တရားသူကြီးချုပ်ယေဟောဝါသည် တရားစီရင်ခွင့်အာဏာကို မိမိ၏သားတော်အား လွှဲအပ်ထားတော်မူသည်။ (ယောဟန် ၅:၂၇) ခရစ်ယာန်အသင်းတော်၏ဦးစီးအနေနှင့် ခရစ်တော်သည် တစ်ခါတစ်ရံတရားသူကြီးများအဖြစ် ထမ်းဆောင်ရသောအကြီးအကဲများကိုခန့်အပ်ရန် သစ္စာနှင့်သတိပညာရှိကျေးကျွန်အတန်းစားနှင့်ယင်း၏အုပ်ချုပ်ရေးအဖွဲ့ကို အသုံးပြုတော်မူသည်။ (မဿဲ ၂၄:၄၅-၄၇။ ၁ ကောရိန္သု ၅:၁၂၊ ၁၃။ တိတု ၁:၅၊ ၉) ကိုယ်စားတရားသူကြီးများအနေနှင့် ယင်းအကြီးအကဲများသည် ကောင်းကင်တရားသူကြီးများဖြစ်သော ယေဟောဝါနှင့်ခရစ်တော်ယေရှုတို့၏ပုံသက်သေကို နီးနီးကပ်ကပ်လိုက်လျှောက်ကြရမည်။

ခရစ်တော်—အတုယူဖွယ်တရားသူကြီး

၂၊ ၃။ (က) ယေရှု၏တရားသူကြီးဆိုင်ရာအရည်အချင်းကို မည်သည့်မေရှိဆိုင်ရာပရောဖက်ပြုချက်က ဖော်ပြသနည်း။ (ခ) မည်သည့်အချက်များသည် အထူးသဖြင့်မှတ်သားဖွယ်ဖြစ်သနည်း။

၂ တရားသူကြီးအနေနှင့်ခရစ်တော်၏အကြောင်းကို ပရောဖက်ပြုချက်ရေးထားသည်ကား ဤသို့ဖြစ်သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကိုပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သောသတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုသိ၍ ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာကျိန်းဝပ်တော်မူလိမ့်မည်။ ထိုသူသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့ခြင်း၌မွေ့လျော်သည်ဖြစ်၍ မိမိမျက်စိမြင်သည့်အတိုင်းတရားမစီရင်၊ မိမိနား ကြားသည့်အတိုင်းမဆုံးဖြတ်ဘဲ ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍ နှိမ့်ချသောမြေကြီးသားတို့ဘက်၌နေလျက် ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။”—ဟေရှာယ ၁၁:၂-၄။

၃ ထိုပရောဖက်ပြုချက်တွင် “တစ်ကမ္ဘာလုံးကို ဖြောင့်မတ်ခြင်းနှင့်အညီတရားစီရင်” ရန် ခရစ်တော်အားအရည်အချင်းရှိစေသည့်အချက်များကို သတိထားကြည့်ပါ။ (တမန်တော် ၁၇:၃၁၊ ကဘ) သူသည် ဘုရားသခင်၏ဝိညာဉ်တော်၊ ဘုရားရေးရာဉာဏ်ပညာ၊ သိနားလည်ခြင်း၊ အကြံပေးချက်၊ အသိပညာတို့နှင့်အညီ တရားစီရင်သည်။ ယေဟောဝါကိုကြောက်ရွံ့ခြင်းနှင့်အညီ တရားစီရင်သည်ကိုလည်း သတိပြုပါ။ ထို့ကြောင့် “ခရစ်တော်၏တရားပလ္လင်” သည် “ဘုရားသခင်၏တရားပလ္လင်” ကိုကိုယ်စားပြုသည်။ (၂ ကောရိန္သု ၅:၁၀။ ရောမ ၁၄:၁၀) သူသည် အရာရာကို ဘုရားသခင်စီရင်ပုံအတိုင်းစီရင်ရန် သတိထားသည်။ (ယောဟန် ၈:၁၆) အပေါ်ယံသွင်ပြင် သို့မဟုတ် ပြောသံကြားသည့်စကားသက်သက်အားဖြင့်မစီရင်ပါ။ နူးညံ့၍နှိမ့်ကျသူများအတွက် မှန်ကန်စွာတရားစီရင်ပေးသည်။ မည်မျှကောင်းမြတ်လှသည့်တရားသူကြီးပါတကား။ ယနေ့ တရားစီရင်ခြင်းအခွင့်အာဏာကိုကျင့်သုံးခွင့်ရသူ မစုံလင်သောလူသားများအတွက် မည်မျှကောင်းမွန်သည့်ပုံသက်သေပါတကား။

မြေကြီးပေါ်ရှိတရားသူကြီးများ

၄။ (က) ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေးကာလတွင် ၁၄၄,၀၀၀ တို့၏လုပ်ဆောင်ချက်တစ်ရပ်ကားအဘယ်နည်း။ (ခ) အချို့သောဘိသိက်ခံခရစ်ယာန်တို့သည် မြေကြီးပေါ်တွင်ရှိနေသေးစဉ် တရားသူကြီးများအဖြစ်ခန့်အပ်ခံရမည်ကို မည်သည့်ပရောဖက်ပြုချက်ကတင်ပြသနည်း။

၄ တမန်တော် ၁၂ ပါးနှင့်အစပြုခဲ့သော၊ အလွန်နည်းသောအရေအတွက်ဖြစ်သည့် ဘိသိက်ခံခရစ်ယာန်များသည် အနှစ်တစ်ထောင်ကာလတွင် ယေရှုနှင့်အတူတွဲဖက်တရားသူကြီးများဖြစ်ကြမည့်အကြောင်း ကျမ်းစာကဖော်ပြထားသည်။ (လုကာ ၂၂:၂၈-၃၀။ ၁ ကောရိန္သု ၆:၂။ ဗျာဒိတ် ၂၀:၄) မြေကြီးပေါ်ရှိဝိညာဏဣသရေလဘိသိက်ခံအကြွင်းအကျန်များသည် သူတို့ကိုယ်တိုင်တရားစီရင်ခြင်းခံရကြပြီး ၁၉၁၈-၁၉ ခုနှစ်များတွင် ပြန်လည်ဖွဲ့စည်းခြင်းခံရသည်။ (မာလခိ ၃:၂-၄) ဤဝိညာဏဣသရေလပြန်လည်ဖွဲ့စည်းမှုအကြောင်းကို ဤသို့ပရောဖက်ပြုထားသည်။ “သင်၏တရားသူကြီးနှင့်တိုင်ပင်မှူးမတ်တို့ကို ရှေးဦးစွာခန့်ထားသည်နည်းတူ တစ်ဖန်ငါခန့်ထားဦးမည်။” (ဟေရှာယ ၁:၂၆) ထို့ကြောင့် ဇာတိဣသရေလများ “နည်းတူ” အကြွင်းအကျန်များအား ယေဟောဝါသည် ဖြောင့်မတ်သောတရားသူကြီးများနှင့်အကြံပေးသူများကို ပေးတော်မူခဲ့သည်။

၅။ (က) ဝိညာဏဣသရေလပြန်လည်ဖွဲ့စည်းပြီးနောက်တွင် မည်သူများသည် “တရားသူကြီးအရာ၌ခန့်ထား” ခြင်းခံရကြသနည်း။ ဗျာဒိတ်ကျမ်းတွင် သူတို့မည်သို့ပုံဖော်ခံရသနည်း။ (ခ) ယခုအခါ ဘိသိက်ခံကြီးကြပ်မှူးများသည် တရားစီရင်ရေးကိစ္စများတွင် မည်သူတို့၏အထောက်အမကိုရရှိကြပြီး ထိုသူတို့သည် သာ၍ကောင်းသောတရားသူကြီးများဖြစ်လာရန် မည်သို့လေ့ကျင့်ခံရကြသနည်း။

၅ အစပြုပြောရလျှင် “တရားသူကြီးအရာ၌ခန့်ထား” ခြင်းခံရသော ‘ပညာရှိသူ’ များအားလုံးသည် ဘိသိက်ခံအသက်ကြီးသူများ သို့မဟုတ် အကြီးအကဲများဖြစ်ကြသည်။ (၁ ကောရိန္သု ၆:၄၊ ၅) သစ္စာရှိ၍လေးစားဖွယ်ကောင်းသောဘိသိက်ခံအကြီးအကဲများကို ဗျာဒိတ်ကျမ်းစာစောင်တွင် ယေရှု၏ထိန်းကွပ်မှုနှင့်ညွှန်ကြားမှုအောက်တွင်ရှိကြောင်းရည်ညွှန်းသော လက်ယာလက်တွင်ရှိသည့်အဖြစ်နှင့် ပုံဖော်ထားသည်။ (ဗျာဒိတ် ၁:၁၆၊ ၂၀။ ၂:၁) ၁၉၃၅ ခုနှစ်မှစ၍ ဘိသိက်ခံများသည် “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်ပြီး မြေကြီးပရဒိသုတွင်ထာဝရနေရန်မျှော်လင့်ချက်ရှိသည့် အစဉ်အမြဲတိုးပွားနေသော “လူအုပ်ကြီး” ၏ သစ္စာခံအထောက်အမကိုရရှိလာခဲ့ကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄-၁၇) “သိုးသငယ်၏မင်္ဂလာဆောင်ပွဲ” နီးလာသည်နှင့်အမျှ ဤသူများသည် ကမ္ဘာတစ်ခွင်ရှိယေဟောဝါသက်သေများ၏အသင်းတော်ပေါင်း ၆၆,၀၀၀ ကျော်တွင် အကြီးအကဲများနှင့်တရားသူကြီးများအဖြစ်အမှုထမ်းရန် ဘိသိက်ခံအုပ်ချုပ်ရေးအဖွဲ့၏ခန့်အပ်ခံခြင်းကိုခံရကြသည်။a (ဗျာဒိတ် ၁၉:၇-၉) ထိုသူများသည် “ကမ္ဘာသစ်” အဖွဲ့အစည်းတွင် တာဝန်ယူအမှုထမ်းရန် အထူးသင်တန်းကျောင်းများအားဖြင့် လေ့ကျင့်ခံထားကြရသည်။ (၂ ပေတရု ၃:၁၃) နိုင်ငံပေါင်းများစွာတွင် ၁၉၉၁ ခုနှစ်ကုန်ပိုင်းလောက်ကကျင်းပခဲ့သော နိုင်ငံတော်ဓမ္မအမှုဆောင်ကျောင်းတွင် တရားရေးကိစ္စများကိုတော်လျော်မှန်ကန်စွာကိုင်တွယ်ခြင်းနှင့်ပတ်သက်၍ အထူးပြုပို့ချခဲ့သည်။ တရားသူကြီးများအဖြစ်တာဝန်ထမ်းဆောင်ရသောအကြီးအကဲများသည် မှန်ကန်ဖြောင့်မတ်စွာတရားစီရင်ကြသည့် ယေဟောဝါနှင့်ခရစ်တော်ယေရှုတို့ကို တုပသင့်ကြသည်။—ယောဟန် ၅:၃၀။ ၈:၁၆။ ဗျာဒိတ် ၁၉:၁၊ ၂။

‘ကြောက်ရွံ့မှုနှင့်ကျင့်ကြံ’ သောတရားသူကြီးများ

၆။ တရားရေးကော်မတီတွင်ပါဝင်ထမ်းဆောင်ရသောအကြီးအကဲများသည် အဘယ်ကြောင့် ‘ကြောက်ရွံ့မှုနှင့်ကျင့်ကြံ’ သင့်သနည်း။

၆ ခရစ်တော်ကိုယ်တိုင် ယေဟောဝါကိုကြောက်ရွံ့ခြင်းနှင့် ကိုယ်တော့်ဝိညာဉ်တော်အကူအညီဖြင့် တရားစီရင်သည်မှန်လျှင် မစုံလင်သောအကြီးအကဲများသည် ပို၍ပင်ထိုသို့ပြုကျင့်သင့်သည်တကား။ တရားရေးကော်မတီတွင်ပါဝင်ထမ်းဆောင်ရန်ခန့်အပ်ခံရသောအခါ သူတို့သည် ‘ကြောက်ရွံ့မှုနှင့်ကျင့်ကြံ’ ပြီး ဖြောင့်မတ်စွာတရားစီရင်နိုင်ရေးအတွက် ‘ဘက်မလိုက်တမ်းတရားစီရင်တော်မူသောခမည်းတော်အား’ အသနားခံသင့်သည်။ (၁ ပေတရု ၁:၁၇) သူတို့သည် “စစ်ကြောခံရမည့်” လူ့အသက်များ၊ လူတို့၏ “စိုးလ်” များနှင့်ဆက်ဆံနေရသည်ကို သတိရသင့်သည်။ (ဟေဗြဲ ၁၃:၁၇) ဤအတိုင်းပင် သူတို့လည်း ရှောင်လွဲနိုင်သောမှားယွင်းစွာတရားစီရင်ချက်အတွက် ယေဟောဝါရှေ့တော်တွင် စာရင်းရှင်းကြရမည်မလွဲပေ။ ဟေဗြဲ ၁၃:၁၇ နှင့်ပတ်သက်၍ ဂျေ၊ အိပ်ချ်၊ အေ၊ အေးဘရတ် ကဤသို့မှတ်ချက်ချရေးသားထားသည်။ “သိုးထိန်းများ၏တာဝန်မှာ စိုးလ်များကိုတာဝန်ခံ စောင့် ကြည့်နေရန်ဖြစ်ပြီး . . . မိမိတို့၏မှားယွင်းမှုကြောင့်ပျောက်ဆုံးသူများအပါအဝင်၊ သူတို့အားလုံးအတွက် တာဝန်ယူ ရမည်ဖြစ်သည်။ ဤကားမှန်သောနှုတ်ကပါဌ်တော်ဖြစ်သည်။ နှုတ်ကပါဌ်တော်၏ဓမ္မအမှုဆောင်အားလုံးတို့သည် ဤကြီးလေးသောတာဝန်ကို မိမိတို့ စိတ်လိုကိုယ်လျောက် ရယူခဲ့ကြခြင်းဖြစ်ကြောင်းယူမှတ်သင့်သည်။” —ယောဟန် ၁၇:၁၂။ ယာကုပ် ၃:၁ နှိုင်းယှဉ်။

၇။ (က) ယခုခေတ်တရားသူကြီးများသည် မည်သည့်အရာကိုသတိရသင့်ပြီး သူတို့၏ရည်ရွယ်ချက်ကား မည်သည့်အရာဖြစ်သင့်သနည်း။ (ခ) အကြီးအကဲများသည် မဿဲ ၁၈:၁၈-၂၀ မှ မည်သည့်သင်ခန်းစာကို ရယူသင့်သနည်း။

၇ အမှုကိစ္စတစ်ခုစီ၏တရားသူကြီးများမှာ ယေဟောဝါနှင့်ယေရှုခရစ်တော်တို့ဖြစ်ကြကြောင်း တရားစီရင်ခြင်းအခွင့်အာဏာကိုကျင့်သုံးသူအကြီးအကဲများသတိရသင့်သည်။ ဣသရေလနိုင်ငံရှိတရားသူကြီးများ ဤသို့သတိပေးခံခဲ့ရကြောင်းပြန်ဆင်ခြင်ကြည့်ပါ။ “လူ၏အမှုကိုစောင့်၍တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာတွင် [သင်တို့နှင့်] ရှိတော်မူသောထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အမှုတော်ကိုစောင့်၍ စီရင်ရကြ၏။ သို့ဖြစ်၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောစိတ်ရှိ၍ သတိပြုကြလော့။ . . . သို့ပြုလျှင် [သင်တို့] ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည်။” (၂ ရာဇဝင်ချုပ် ၁၉:၆-၁၀) အကြီးအကဲများသည် အမှုတစ်ခုကိုကိုင်တွယ်ရာတွင် ယေဟောဝါသည် ‘တရားစီရင်ရာ၌ သူတို့နှင့်ရှိတော်မူ’ သည်မှာအမှန်ဖြစ်ကြောင်းသေချာစေရန် ရိုသေခန့်ညားသည့်ကြောက်ရွံ့မှုဖြင့် အကောင်းဆုံးလုပ်ဆောင်သင့်သည်။ သူတို့၏ဆုံးဖြတ်ချက်သည် ပြဿနာတစ်ခုအပေါ် ယေဟောဝါနှင့်ခရစ်တော်တို့၏စဉ်းစားဆင်ခြင်ပုံနည်းလမ်းကို တိကျစွာထင်ဟပ်သင့်သည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖော်ပြချက်အရဆိုလျှင် သူတို့သည် ပုံဆောင်သဘောအရ မြေကြီးပေါ်တွင် ‘ချည်နှောင်’ (အပြစ်ရှိကြောင်းမြင်) လျှင် သို့မဟုတ် ‘ဖြေလွှတ်’ (အပြစ်ကင်းကြောင်းတွေ့) လျှင် ကောင်းကင်တွင် ချည်နှောင်၊ ဖြေလွှတ် နှင့်ပြီးသား ဖြစ်ပေမည်။ သူတို့သည် ယေရှုနာမ၌ ယေဟောဝါထံဆုတောင်းလျှင် ယေရှုသည်သူတို့ကိုကူညီရန် “သူတို့၏အလယ်” တွင်ရှိနေပေမည်။ (မဿဲ ၁၈:၁၈-၂၀၊ အောက်ခြေမှတ်ချက်၊ ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၅၊ ၁၉၈၉ စာမျက်နှာ ၉) အမှုနားထောင်နေသည့်အစုအဝေးသည် သူတို့အလယ်တွင်ယေရှုခရစ်အမှန်ရောက်ရှိနေကြောင်း တင်ပြသင့်သည်။

အချိန်ပြည့်သိုးထိန်းများ

၈။ ယေဟောဝါနှင့်ယေရှုခရစ်တို့ဥပမာပေးရှင်းပြသည့်အတိုင်း သိုးတော်စုအပေါ်အကြီးအကဲများ၏အဓိကတာဝန်ကား အဘယ်နည်း။ (ဟေရှာယ ၄၀:၁၀၊ ၁၁။ ယောဟန် ၁၀:၁၁၊ ၂၇-၂၉)

၈ အကြီးအကဲများသည် အချိန်ပြည့်တရားစီရင်ကြသည်မဟုတ်ချေ။ သူတို့သည် အချိန်ပြည့်သိုးထိန်းများ ဖြစ် ကြသည်။ သူတို့သည် ပြစ်ဒဏ်ပေးသူများမဟုတ်ဘဲ အနာပျောက်ကင်းစေသူများဖြစ်ကြသည်။ (ယာကုပ် ၅:၁၃-၁၆) ကြီးကြပ်မှူးအတွက် ဂရိဝေါဟာရ (အီပစ္စကိုပေါ့စ်) ၏အခြေအမြစ်ကျသည့်ဆိုလိုရင်းမှာ ဂရုတစိုက်ကာကွယ်စောင့်ခြင်းဖြစ်သည်။ Theological Dictionary of the New Testament က “[၁ ပေတရု ၂:၂၅ တွင်] သိုးထိန်းဟူသောဝေါဟာရကိုဖြည့်စွက်ခြင်းအားဖြင့် [အီပစ္စကိုပေါ့စ်] ဟူသောစကားလုံးသည် အမြဲစောင့်ကြည့်နေခြင်း သို့မဟုတ် စောင့်ကြပ်နေခြင်းကိုပြုရသည့်သိုးထိန်းလုပ်ငန်းဟုအဓိပ္ပာယ်ရသည်” ဟုဖော်ပြထားသည်။ မှန်ပါသည်။ သူတို့၏အဓိကတာဝန်မှာ သိုးများကိုစောင့်ကြည့်နေရန်၊ စောင့်ကြပ်နေရန်နှင့် သူတို့ကို သိုးအုပ် ထဲ တွင်ရှိနေစေရန်ဖြစ်သည်။

၉၊ ၁၀။ (က) အကြီးအကဲများ၏ပထမဆုံးတာဝန်ကားအဘယ်အရာဖြစ်ကြောင်း ပေါလုထင်ရှားစေခဲ့သနည်း။ ထို့ကြောင့်အဘယ်မေးခွန်းမေးသင့်သနည်း။ (ခ) တမန်တော် ၂၀:၂၉ ပါပေါလု၏စကားများက ဘာကိုဆိုလိုသနည်း။ ထို့ကြောင့်အကြီးအကဲများသည် တရားရေးကိစ္စများကို လျော့နည်းရန်မည်သို့ကြိုးစားနိုင်သနည်း။

၉ ဧဖက်မြို့အသင်းတော်ရှိအကြီးအကဲများကိုစကားပြောရာတွင် တမန်တော်ပေါလုသည် ထူးခြားထင်ရှားရမည့်စကားများကို အထူးပြုဖော်ပြခဲ့သည်။ “သင်တို့သည်ကိုယ့်ကိုယ်ကိုလည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကသင်တို့ကိုခန့်အပ်ထားသည့်၊ ကြီးကြပ်မှူးများ အဖြစ် သင်တို့တာဝန်ထမ်းရမည့်သိုးတော်စုကိုလည်းကောင်း ဂရုစိုက်ကြလော့။ ဘုရားသခင်သည် မိမိသားတော်ရင်း၏အသွေးတော်နှင့်ဝယ်ယူထားတော်မူသောအသင်းတော်ကို ထိန်းကျောင်း ကြလော့။” (တမန်တော် ၂၀:၂၈၊ ကဘ) တမန်တော်ပေါလုက ပြစ်ဒဏ်ပေးခြင်းကိုမဟုတ်ဘဲ ထိန်းကျောင်းခြင်းကို ထင်ရှားစေခဲ့သည်။ အချို့အကြီးအကဲများသည် အောက်ပါမေးခွန်းများကို အခေါက်ခေါက်အခါခါပြန်လှန်သုံးသပ်လိုကြပေမည်။ ‘သိုးထိန်းလည်ပတ်ခြင်းတွင် ကျွန်ုပ်တို့၏အချိန်နှင့်ကြိုးစားအားထုတ်မှုကိုပိုမိုစိုက်ထုတ်ပါက စုံစမ်းစစ်ဆေးမှုနှင့်တရားစီရင်ခြင်းများအတွက် ကုန်မည့်အချိန်အတော်များများကို မသက်သာစေပေလော။’

၁၀ “ကြမ်းတမ်းသောတောခွေးများ” နှင့်ပတ်သက်၍ ပေါလုသတိပေးခဲ့သည်မှာမှန်ပါသည်။ သို့သော် ‘သိုးများကိုမသနား’ ခြင်းအတွက် သူတို့ကိုပေါလုမရှုတ်ချခဲ့ပေလော။ (တမန်တော်၂၀:၂၉) သစ္စာရှိကြီးကြပ်မှူးများသည် ထို “တောခွေးများ” ကိုနှင်ထုတ်ရန်သူပြောနေသည့်အခါ အကြီးအကဲများသည် အခြားသိုးစုအဝင်များကို “သနားကြင်နာစွာ” ဆက်ဆံရန် သူ့စကားများကဖော်ပြနေခြင်းမဟုတ်ပေလော။ သိုးတစ်ကောင်သည် ဝိညာဉ်ရေးအားနည်းလာပြီး ဘုရားဝတ်ပြုရေးမှလမ်းလွဲသွားလျှင် သူ သို့မဟုတ် သူမသည်ဘာလိုအပ်သနည်း။ ရိုက်နှက်ခြင်းလော၊ ကုသခြင်းလော။ ပြစ်ဒဏ်ပေးခြင်းလော၊ ထိန်းကျောင်းပေးခြင်းလော။ (ယာကုပ် ၅:၁၄၊ ၁၅) ထို့ကြောင့် အကြီးအကဲများသည် သိုးထိန်းလည်ပတ်မှုလုပ်ငန်းအတွက် မှန်မှန်အချိန်ဇယားဆွဲသင့်သည်။ ယင်းသို့အားဖြင့် အပြစ်၏ဖိစီးမှုခံရသောခရစ်ယာန်များပါဝင်ပတ်သက်သည့် အချိန်အလွန်စားသောတရားရေးကိစ္စများကိုရှောင်ရှားနိုင်သော ပျော်ရွှင်သည့်အကျိုးကိုရရှိစေသည်။ အကြီးအကဲများဦးစွာအာရုံစိုက်သင့်သည့်အရာမှာ သက်သောင့်သက်သာရှိမှုနှင့် လန်းဆန်းမှုဖြစ်စေသည့်အရာကိုပေးရန်ဖြစ်သည်။ သို့မှသာ ယေဟောဝါ၏လူမျိုးတော်အတွင်း အေးငြိမ်းမှု၊ ငြိမ်သက်မှုနှင့် လုံခြုံမှုများတိုးပွားလာမည်ဖြစ်သည်။—ဟေရှာယ ၃၂:၁၊ ၂။

အကျိုးပြုသောသိုးထိန်းများနှင့် တရားသူကြီးများ အဖြစ်ဆောင်ရွက်ခြင်း

၁၁။ တရားရေးကော်မတီတွင်ပါဝင်ထမ်းဆောင်ရသောအကြီးအကဲသည် အဘယ်ကြောင့် ဘက်မလိုက်ခြင်း နှင့် “အထက်မှသက်ရောက်သောပညာ” လိုအပ်ရသနည်း။

၁၁ ခရစ်ယာန်တစ်ဦးခြေလှမ်းမမှားမီကတည်းက သိုးထိန်းလည်ပတ်မှုကိုအားထုတ်လုပ်ဆောင်ခြင်းသည် ယေဟောဝါ၏လူမျိုးများအလယ်တွင် တရားရေးကိစ္စအတော်များများကိုလျှော့နည်းစေသည်။ (ဂလာတိ ၆:၁ နှိုင်းယှဉ်။) မည်သို့ဆိုစေ လူသား၏အပြစ်နှင့်မစုံလင်မှုကြောင့် ခရစ်ယာန်ကြီးကြပ်မှူးများသည် တစ်ချိန်မဟုတ်တစ်ချိန်တွင် အမှားပြုသည့်ကိစ္စများကိုကိုင်တွယ်ရပေမည်။ မည်သည့်စည်းမျဉ်းမူက သူတို့အားလမ်းညွှန်သင့်သနည်း။ မောရှေအချိန် သို့မဟုတ် ကနဦးခရစ်ယာန်များအချိန်ကတည်းကစ၍ အပြောင်းအလဲမရှိခဲ့ပါ။ ဣသရေလတရားသူကြီးများအား မောရှေပြောခဲ့သည့်စကားများသည် ယနေ့တိုင်အတည်ဖြစ်သည်။ “သင့်ညီအစ်ကိုချင်းတို့၏အမှုကိုနားထောင်သောအခါ ဖြောင့်မတ်ခြင်းနှင့်အညီစီရင်ရမည်။ . . . တရားစီရင်ရာတွင် မည်သည့်ဘက်ကိုမျှမလိုက်ရ။” (တရားဟောရာ ၁:၁၆၊ ၁၇၊ ကဘ) ဘက်မလိုက်ခြင်းသည် “အထက်မှသက်ရောက်သောပညာ” ၏အသွင်အပြင်တစ်ခုဖြစ်သည်။ ယင်းပညာသည် တရားရေးကော်မတီတွင်ပါဝင်လုပ်ဆောင်ရသည့်အကြီးအကဲများအတွက် အလွန်အရေးတစ်ကြီးလိုအပ်သည်။ (ယာကုပ် ၃:၁၇။ သု၊ ၂၄:၂၃) ယင်းပညာကသူတို့အား အားနည်းမှုနှင့် ဆိုးညစ်မှုကို ပိုင်းခြားနားလည်စေမည်။

၁၂။ မည်သည့်နည်းအားဖြင့်တရားသူကြီးများသည် ဖြောင့်မတ်ရုံမကကောင်းမြတ်ရန်ဖြစ်သနည်း။

၁၂ အကြီးအကဲများသည် “ဖြောင့်မတ်ခြင်းနှင့်အညီစီရင်ဆုံးဖြတ်” ရမည်။ ယေဟောဝါ၏အမှားအမှန်စံချိန်နှင့်အညီ စီရင်ရမည်။ (ဆာလံ ၁၉:၉၊ ကဘ) သို့သော် ဖြောင့်မတ်သူဖြစ်ရန်ကြိုးစားရာ၌ သူတို့သည် ကောင်းသောသူဖြစ်ရန်လည်းကြိုးစားသင့်သည်။ ရောမ ၅:၇၊ ၈ တွင် ပေါလုခွဲခြားဖော်ပြထားသည့်အဓိပ္ပာယ်အရ Insight on the Scriptures စာအုပ်ပါ “ဖြောင့်မတ်ခြင်း” ခေါင်းစဉ်အောက်ရှိဆောင်းပါးက ယင်းကျမ်းပိုဒ်များနှင့်ပတ်သက်၍ ဤသို့ဖော်ပြထားသည်။ “ကောင်းမြတ်ခြင်းကြောင့်မှတ်သားထိုက်သူ သို့မဟုတ် ကောင်းမြတ်ခြင်းအားဖြင့်ခွဲခြားဖော်ပြထိုက်သူ ဟူသောဂရိစကားအသုံးအနှုန်းက ရက်ရောသူ (ကောင်းမှုပြုရန်စိတ်လွယ်သူ သို့မဟုတ် သူတစ်ပါးအားအကျိုးဖြစ်ထွန်းစေသူ) နှင့် ကျေးဇူးပြုတတ်သူ (ထိုကောင်းမြတ်ခြင်းကိုစိတ်အားထက်သန်စွာတင်ပြတတ်သူ) ကိုဖော်ပြသည်။ သူသည် တရားမျှတခြင်းကတောင်းဆိုသောအရာသက်သက်ကိုသာပြုရန် အာရုံစိုက်သည်မဟုတ်ဘဲ ထိုထက်မကလုပ်ဆောင်သည်။ အခြားသူများကိုလုံးဝစာနာထောက်ထားစိတ်နှင့် အကျိုးပြုကူညီလိုသောသဘောများဖြင့် လှုံ့ဆော်ခံရသူဖြစ်သည်။” (အတွဲ ၂၊ စာမျက်နှာ ၈၀၉) ဖြောင့်မတ်ရုံမကကောင်းမြတ်သောအကြီးအကဲများသည် ပြစ်မှားသူကို ကြင်နာမှုနှင့်စာနာစွာဆက်ဆံပေမည်။ (ရောမ ၂:၄) သူတို့သည် ကရုဏာနှင့်ကြင်နာမှုကိုတင်ပြရန်ဆန္ဒရှိသင့်ပေသည်။ ပြစ်မှားသူအား နောင်တရရန်လိုအပ်ကြောင်းသိမြင်စေရန် သူတို့အတတ်နိုင်ဆုံးကူညီရမည်။ ပြစ်မှားသူသည် အစပိုင်းတွင် သူတို့၏ကြိုးစားအားထုတ်မှုကို တုံ့ပြန်မည်မဟုတ်ဟန်ရှိသည့်တိုင် ထိုသို့ပြုရန်ဖြစ်သည်။

အမှုကြားနာရာတွင် မှန်ကန်သောသဘောထား

၁၃။ (က) အကြီးအကဲတစ်ဦးသည် တရားသူကြီးအဖြစ်ဆောင်ရွက်စဉ် မည်သည့်အဖြစ်မှရပ်စဲခြင်းမရှိသနည်း။ (ခ) ပေါလု၏မည်သည့်သြဝါဒက အမှုကြားနာခြင်းနှင့်လည်းသက်ဆိုင်သနည်း။

၁၃ တရားရေးဆိုင်ရာအမှုကြားနာရန်လိုအပ်သောအခြေအနေတွင် ကြီးကြပ်မှူးများမမေ့သင့်သည့်အရာမှာ သူတို့သည် “ကောင်းသောသိုးထိန်း” ၏လက်အောက်ရှိ ယေဟောဝါ၏သိုးများကိုထိန်းကျောင်းနေရသော သိုးထိန်းများသာဖြစ်နေကြောင်းပင်ဖြစ်သည်။ (ယောဟန် ၁၀:၁၁) အခက်အခဲဆိုက်ရောက်နေသောသိုးများကိုမှန်မှန်ကူညီရန် ပေါလုပေးသည့်သြဝါဒသည် အမှုကြားနာခြင်းနှင့်လည်း ထပ်တူသက်ဆိုင်နေသည်။ “ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင်ဝိညာဉ်ဆုကျေးဇူးကိုခံရသောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့်ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့။ ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကိုကျင့်ကြလော့” ဟုပေါလုပြောခဲ့သည်။—ဂလာတိ ၆:၁၊ ၂။b

၁၄။ တရားရေးဆိုင်ရာအမှုကြားနာခြင်းကို ကြီးကြပ်မှူးများမည်သို့ယူမှတ်သင့်သနည်း။ အပြစ်ပြုသူအပေါ်သူတို့၏သဘောထားကားမည်သို့ဖြစ်သင့်သနည်း။

၁၄ တရားရေးကော်မတီတွင်ပါဝင်သောအကြီးအကဲများသည် ပြစ်ဒဏ်စီရင်ထိုက်သည့် ကြီးမြတ်သောတရားသူကြီးများဖြစ်သည်ဟု မိမိတို့ကိုယ်ကိုယူမှတ်မည့်အစား အမှုကြားနာခြင်းကို သိုးထိန်းလည်ပတ်မှု၏ကဏ္ဍတစ်ခုဟုယူမှတ်သင့်သည်။ ယေဟောဝါ၏သိုးတစ်ကောင်သည် ဒုက္ခရောက်နေသည်ဆိုလျှင် သူ သို့မဟုတ် သူမအားကယ်တင်ရန် သူတို့ဘာလုပ်နိုင်မည်နည်း။ ထိုလမ်းလွဲနေသည့်သိုးကိုအကူအညီပေးရန် အလွန်အချိန်နှောင်းနေပြီလော။ ထိုသို့မဖြစ်ရန်ကျွန်ုပ်တို့မျှော်လင့်ပါသည်။ အကြီးအကဲများသည် ကရုဏာပြသင့်သည့်နေရာတွင်ပြသရန် အပြုသဘောထားရှိသင့်သည်။ ကြီးလေးသောပြစ်မှုကျူးလွန်ခြင်းဖြစ်ပွားခဲ့လျှင် ယေဟောဝါ၏စံချိန်တော်များကို သူတို့နှိမ့်ချလိုက်ရမည်မဟုတ်ပါ။ သို့သော် အခြေအနေတိုင်းကိုအေးငြိမ်းလျော့ပါးစေရန် သူတို့၏အာရုံစူးစိုက်ခြင်းက သူတို့အား ဖြစ်နိုင်သည့်နေရာတိုင်းတွင် ကရုဏာကိုတိုး၍ပြသရန်အကူအညီဖြစ်စေမည်။ (ဆာလံ ၁၀၃:၈-၁၀၊ ၁၃၀:၃) ဝမ်းနည်းစရာကား အကြီးအကဲများက မကြမ်းတမ်းသော်လည်းခိုင်မာမှုကိုတင်ပြရသည့်အထိ အချို့ပြစ်မှားသူများသည် အလွန်ခေါင်းမာကြသည်။—၁ ကောရိန္သု ၅:၁၃။

အမှုကြားနာခြင်း၏ရည်ရွယ်ချက်

၁၅။ ပုဂ္ဂိုလ်များစပ်ကြားကြီးလေးသောပြဿနာပေါ်ပေါက်လျှင် ဦးဆုံးမည်သည့်အချက်ကိုစစ်ဆေးမည်နည်း။

၁၅ ပုဂ္ဂိုလ်များစပ်ကြား ကြီးလေးသောပြဿနာဖြစ်လျှင် ပြဿနာတွင်ပါဝင်သူများသည် မဿဲ ၅:၂၃၊ ၂၄ သို့မဟုတ် မဿဲ ၁၈:၁၅ တွင်ဖော်ပြထားသည့်စိတ်ဓာတ်ဖြင့် ပြဿနာပြေလည်ရန်တစ်ဦးချင်းကြိုးစားခဲ့ခြင်းရှိမရှိကို ပညာရှိသောအကြီးအကဲသည်စစ်ဆေးပေမည်။ မရှိလျှင် အကြီးအကဲတစ်ဦး သို့မဟုတ် နှစ်ဦးကသွန်သင်ဆုံးမခြင်းအားဖြင့် လုံလောက်ပေသည်။ နှင်ထုတ်လောက်သည့်ကြီးလေးသောပြစ်မှုများကျူးလွန်မှသာလျှင် တရားရေးရာစီရင်ဆုံးဖြတ်မှုလိုအပ်သည်။ (မဿဲ ၁၈:၁၇။ ၁ ကောရိန္သု ၅:၁၁) တရားရေးကော်မတီကိုဖွဲ့စည်းရခြင်းသည် ခိုင်လုံသောကျမ်းစာဆိုင်ရာအခြေအမြစ်ရှိရပေမည်။ (ကင်းမျှော်စင် စက်တင်ဘာ ၁၅၊ ၁၉၉၀၊ စာမျက်နှာ ၂၁ ရှု။) ကော်မတီဖွဲ့ပြီဆိုပါက အမှုတစ်ခုစီအတွက် အရည်အချင်းအပြည့်မီဆုံးသောအကြီးအကဲများ ရွေးချယ်သင့်သည်။

၁၆။ အကြီးအကဲများသည် အမှုကြားနာခြင်းမှ မည်သည့်အရာကိုရယူနိုင်ရန်ကြိုးစားကြသနည်း။

၁၆ အကြီးအကဲများသည် အမှုကြားနာခြင်းမှ မည်သည့်အရာကိုရယူနိုင်ရန်ကြိုးစားကြသနည်း။ ပထမအနေနှင့် အမှန်တရားကိုမသိမချင်း ဖြောင့်မတ်စွာတရားစီရင်နိုင်မည်မဟုတ်။ ဣသရေလလူမျိုးများတွင် အရေးကြီးသောကိစ္စများကို ‘စေ့စေ့မေးမြန်း’ ကြရသကဲ့သို့ဖြစ်သည်။ (တရားဟောရာ ၁၃:၁၄။ ၁၇:၄) ထို့ကြောင့် အမှုကြားနာရခြင်း၏ရည်ရွယ်ချက်တစ်ခုမှာ အဖြစ်မှန်ကိုဖော်ထုတ်သိရှိရန်ဖြစ်သည်။ သို့ရာတွင် ယင်းကို မေတ္တာနှင့်ပြုလုပ်နိုင်သည်၊ ပြုလုပ် သင့် သည်။ (၁ ကောရိန္သု ၁၃:၄၊ ၆၊ ၇) အဖြစ်မှန်သိရှိလာသောအခါ အကြီးအကဲများသည် အသင်းတော်ကိုကာကွယ်ရန်နှင့် ယေဟောဝါ၏မြင့်မားသည့်စံချိန်များအတွင်းဆက်တည်ရှိနေစေရန်၊ ဝိညာဉ်တော်အတားအဆီးမရှိသက်ရောက်ရန်တို့အတွက် လိုအပ်သမျှကိုလုပ်ဆောင်မည်ဖြစ်သည်။ (၁ ကောရိန္သု ၅:၇၊ ၈) မည်သို့ဆိုစေ ကြားနာခြင်း၏ရည်ရွယ်ချက်တစ်ခုမှာ အန္တရာယ်ကျရောက်နေသည့်အပြစ်သားကို အတတ်နိုင်ဆုံးကယ်တင်ရန်ဖြစ်သည်။—လုကာ ၁၅:၈-၁၀ နှိုင်းယှဉ်။

၁၇။ (က) အမှုကြားနာစဉ်တွင် စွဲချက်တင်ခံရသူကို မည်သို့ဆက်ဆံသင့်သနည်း။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။ (ခ) ဤသို့ပြုနိုင်ရန် တရားရေးကော်မတီအဖွဲ့ဝင်များအနေနှင့် မည်သည့်အရာလိုအပ်သနည်း။

၁၇ စွဲချက်တင်ခံရသောပုဂ္ဂိုလ်ကို ဘုရားသခင်၏သိုးတစ်ကောင်ပမာဆက်ဆံသင့်သည်။ သူ သို့မဟုတ် သူမကို ညင်သာစွာဆက်ဆံသင့်သည်။ အပြစ်တစ်ခု (သို့မဟုတ် အပြစ်များ) ကိုကျူးလွန်မိပြီဆိုလျှင် ဖြောင့်မတ်သောတရားသူကြီး၏ရည်ရွယ်ချက်မှာ အပြစ်ပြုသူကိုပြန်လည်တည့်မတ်နိုင်အောင်ကူညီရန်၊ မိမိမှားယွင်းသည့်လမ်းစဉ်ကိုနားလည်ရန်၊ နောင်တယူရန်၊ ဤသို့အားဖြင့် “စာတန့်ကျော့ကွင်း” မှအလျင်အမြန်ကယ်နှုတ်ခံရရန်ဖြစ်သည်။ ယင်းသို့ပြုရန် “သွန်သင်မှုနည်းပညာ” နှင့် “နူးညံ့စွာလမ်းညွှန်ခြင်း” လိုအပ်သည်။ (၂ တိမောသေ ၂:၂၄-၂၆၊ ၄:၂။ ကဘ) ထိုအခါအပြစ်ပြုသူသည် မိမိအပြစ်ရှိကြောင်းအသိအမှတ်ပြုပြီး အမှန်စိတ်ထိခိုက်ကာ ယေဟောဝါ၏ခွင့်လွှတ်မှုကိုတောင်းခံလျှင်မည်သို့နည်း။ (တမန်တော် ၂:၃၇ နှိုင်းယှဉ်။) သူအမှန်တကယ်အကူအညီလိုအပ်သည်ဟုကော်မတီကအခိုင်အမာသိရှိပါက ယေဘုယျအားဖြင့် သူ့ကိုနှင်ထုတ်စရာမလိုပါ။—The Watchtower, January 1, 1983, page 31, paragraph 1 ရှု။

၁၈။ (က) မည်သည့်အခါတွင် တရားရေးကော်မတီသည် ပြစ်မှားသူအားနှင်ထုတ်ခြင်းအားဖြင့် ခိုင်မာမှုကိုတင်ပြရသနည်း။ (ခ) မည်သည့်နှလုံးကြေကွဲဖွယ်အခြေအနေကြောင့် အကြီးအကဲများသည် ပျောက်လွင့်နေသောသိုးများအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းသင့်သနည်း။

၁၈ အခြားတစ်ဖက်တွင် တရားရေးကော်မတီအဖွဲ့ဝင်များသည် နောင်တမယူသောအယူဖောက်ပြန်မှုများ၊ ယေဟောဝါ၏ပညတ်တော်များကိုစိတ်လိုကိုယ်လျောက်ဆန့်ကျင်မှုများ သို့မဟုတ် ဆိုးညစ်မှုသက်သက်ဖြင့်ရင်ဆိုင်ရသောအခါ သူတို့၏တာဝန်မှာ နောင်တမယူသည့်အပြစ်ကျူးလွန်သူကိုနှင်ထုတ်ခြင်းအားဖြင့် အသင်းတော်သားများကိုကာကွယ်ရန်ဖြစ်သည်။ ပြစ်မှားသူသည် ဘုရားရေးရာဝမ်းနည်းမှုကင်းမဲ့ကြောင်းထင်ရှားလျှင် တရားရေးကော်မတီသည် သူ့ကိုထပ်ခါထပ်ခါတွေ့ဆုံခြင်း သို့မဟုတ် သူ့အားစကားပြောအောင်လုပ်ခြင်းဖြင့် မရမကနောင်တယူအောင်လုပ်ရန်တာဝန်မရှိပါ။c မကြာမီနှစ်များအတွင်းက ကမ္ဘာတစ်ဝန်းလုံးတွင် နှင်ထုတ်ခံရသူများ၏အရေအတွက်သည် ခန့်မှန်းခြေအားဖြင့် ကြေညာသူအရေအတွက်၏ ၁ ရာခိုင်နှုန်းဖြစ်သည်။ ယင်းက သိုးခြံတွင်ရှိသောသိုး ၁၀၀ ခန့်၌ တစ်ကောင်ပျောက်နေသည်၊ အနည်းဆုံးခေတ္တပျောက်နေသည့်အဓိပ္ပာယ်ပင်ဖြစ်သည်။ လူတစ်ဦးသိုးခြံထဲသို့ပြန်လည်ရောက်ရှိရန် မည်မျှအချိန်ကုန်လူပန်းဖြစ်ရသည်ကိုထောက်ခြင်းအားဖြင့် နှစ်စဉ်ထောင်ပေါင်းများစွာသောသူတို့သည် “စာတန်လက်သို့အပ်နှံခံ” ရသည်ကိုသိရခြင်းက မည်မျှနှလုံးကြေကွဲဖွယ်ရာပါတကား။—၁ ကောရိန္သု ၅:၅။

၁၉။ တရားရေးကော်မတီတွင်ပါဝင်ထမ်းဆောင်ရသောအကြီးအကဲများသည် မည်သည့်အရာကို ဘယ်တော့မျှမမေ့သင့်သနည်း။ ထို့ကြောင့် သူတို့၏ရည်ရွယ်ချက်ကား အဘယ်နည်း။

၁၉ တရားရေးကိစ္စကိုစတင်ကိုင်တွယ်တော့မည့်အကြီးအကဲများသတိရသင့်သည်မှာ အသင်းတော်တွင်ဖြစ်ပေါ်သောပြစ်မှုအများစုတွင် ဆိုးညစ်မှုကြောင့်မဟုတ်ဘဲ အားနည်းမှုကြောင့်ဖြစ်ကြောင်းပင်ဖြစ်သည်။ အောက်ပါစကားများဖြင့်နိဂုံးချုပ်ခဲ့သော ယေရှုပေးခဲ့သည့်ပျောက်သောသိုးဥပမာကို သူတို့ဘယ်တော့မျှမမေ့သင့်ပါ။ “ဖြောင့်မတ်၍နောင်တရစရာအကြောင်းမရှိသောသူကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည်ဝမ်းမြောက်ခြင်းရှိသည်ထက် နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်းရှိကြသည်ဟုငါဆို၏။” (လုကာ ၁၅:၇) မှန်ပါသည်။ “[ယေဟောဝါ၊ ကဘ] . . . သည် အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည်နောင်တရစေခြင်းငှာ အလိုတော်ရှိ” တော်မူသည်။ (၂ ပေတရု ၃:၉) ကမ္ဘာတစ်ခွင်လုံးရှိတရားရေးကော်မတီများသည် ယေဟောဝါ၏အကူအညီအားဖြင့် ပြစ်မှားသူအား နောင်တယူရန်နှင့် ထာဝရအသက်သို့ပို့ဆောင်သောလမ်းကျဉ်းပေါ်ပြန်လည်ခြေချနိုင်ရန်အတွက် အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းအားဖြင့် ကောင်းကင်၌ဝမ်းမြောက်ခြင်းဖြစ်ပါစေ။—မဿဲ ၇:၁၃၊ ၁၄။

[အောက်ခြေမှတ်ချက်များ]

a ခရစ်တော်၏လက်ယာလက်ရှိ အခြားသိုးများထဲမှအကြီးအကဲများ၏အခြေအနေကို ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသော Revelation—Its Grand Climax At Hand! စာအုပ် စာမျက်နှာ ၁၃၆ အောက်ခြေမှတ်ချက်ကိုကြည့်။

b ကင်းမျှော်စင်၊ စက်တင်ဘာ ၁၅၊ ၁၉၉၀၊ စာမျက်နှာ ၂၂ ရှု။

c ကင်းမျှော်စင်၊ စက်တင်ဘာ ၁၊ ၁၉၈၁၊ စာမျက်နှာ ၂၀၊ အပိုဒ် ၂၄ ရှု။

ပြန်လည်စစ်ဆေးရန်မေးခွန်းများ

▫ ကြီးမြတ်သောသိုးထိန်းနှင့် ကောင်းသောသိုးထိန်းတို့၏ ပုံသက်သေကိုလိုက်လျှောက်သောအားဖြင့် အကြီးအကဲများ၏အဓိကရည်ရွယ်ချက်ကား မည်သည့်အရာဖြစ်သင့်သနည်း။

▫ အကြီးအကဲများသည် မည်သည့်နည်းဖြင့် တရားစီရင်ရေးကိစ္စများကိုလျှော့နည်းစေနိုင်သနည်း။

▫ တရားသူကြီးများသည် မည်သည့်သဘောဖြင့် ဖြောင့်မတ်ရန်သာမက ကောင်းမြတ်ရန်ပါလိုသနည်း။

▫ အမှုကြားနာစဉ် အပြစ်ပြုသူကိုမည်သို့ဆက်ဆံသင့်သနည်း။ မည်သည့် ရည်ရွယ်ချက်ဖြင့်နည်း။

▫ နှင်ထုတ်ခြင်းသည် အဘယ်ကြောင့် နောက်ဆုံးစီရင်ချက်ဖြစ်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ