ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၂/၁ စာ. ၁၈-၂၃
  • အခြားသိုးနှင့် ပဋိညာဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခြားသိုးနှင့် ပဋိညာဉ်သစ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လူမျိုးခြား” နှင့် “ဘုရားသခင်၏ဣသရေလအမျိုး”
  • သာ၍ကြီးမြတ်သော အပြစ်ဖြေရာနေ့
  • မြင့်မြတ်သောလုပ်ငန်းတော်တွင် အလုပ်များ
  • “ထာဝရပဋိညာဉ်”
  • ပဋိညာဉ်သစ်အားဖြင့် သာ၍ကြီးမားသော ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ပဋိညာဉ်တရားသစ်ကနေ သင် အကျိုးကျေးဇူးရရှိနိုင်
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • မင်းတို့ဟာ ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာလိမ့်မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၂/၁ စာ. ၁၈-၂၃

အခြားသိုးနှင့် ပဋိညာဉ်သစ်

“ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ငါ၏ပဋိညာဉ်၌ မှီဝဲသော လူမျိုးခြားအပေါင်းတို့ကို ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့” မည်။—ဟေရှာယ ၅၆:၆၊ ၇၊ သမ္မာ။

၁။ (က) ယောဟန်၏အဆင်းအာရုံအရ ယေဟောဝါ၏တရားစီရင်ချက်လေများကို ထိန်းထားစဉ် အဘယ်အရာ ပြီးမြောက်အောင်မြင်ခဲ့သနည်း။ (ခ) အဘယ်မှတ်သားလောက်ဖွယ်လူအုပ်ကြီးကို ယောဟန်တွေ့ မြင်ခဲ့သနည်း။

ဗျာဒိတ်ကျမ်းပါ စတုတ္ထအဆင်းအာရုံတွင် “ဘုရားသခင်၏ဣသရေလအမျိုး” တွင်ပါဝင်သူအားလုံးကို အပြီးသတ်တံဆိပ်ခတ်နေစဉ် ယေဟောဝါ၏ ဖျက်ဆီးတတ်သော တရားစီရင်ချက်လေများအား ထိန်းထားသည်ကို တမန်တော်ယောဟန် တွေ့ မြင်ခဲ့သည်။ ဤသူတို့ကား အာဗြဟံမျိုးနွယ်၏အဓိကမျိုးနွယ်ဖြစ်သူ ယေရှုအားဖြင့် ဦးဦးဖျားဖျား ကောင်းချီးရသူများဖြစ်ကြသည်။ (ဂလာတိ ၆:၁၆; ကမ္ဘာဦး ၂၂:၁၈; ဗျာဒိတ် ၇:၁-၄) ထိုအဆင်းအာရုံတွင်ပင် ယောဟန်သည် “အဘယ်သူမျှ မရေမတွက်နိုင်သော လူအုပ်ကြီးကို တွေ့ရ၏။ သူတို့သည် ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းတို့မှ လာရောက်ကြသူများဖြစ်ကြ၏။ . . . ‘ကယ်တင်ခြင်းကျေးဇူးသည် ပလ္လင်တော်ပေါ်မှာ စံတော်မူသော ငါတို့ထာဝရဘုရားသခင်နှင့် သိုးသငယ်တော်ထံမှသက်ရောက်လာ၏’ ဟုကြွေးကြော်ကြ၏။” (ဗျာဒိတ် ၇:၉၊ ၁၀၊ သတင်းကောင်း) “ကယ်တင်ခြင်းသည် . . . သိုးသငယ်တော်ထံမှ သက်ရောက်လာ၏” ဟုပြောခြင်းက လူအုပ်ကြီးသည်လည်း အာဗြဟံမျိုးနွယ်အားဖြင့် ကောင်းချီးခံစားရကြောင်း တင်ပြသည်။

၂။ လူအုပ်ကြီးသည် အဘယ်အချိန်တွင် ပေါ်လွင်ထင်ရှားလာပြီး ယင်းကို မည်သို့ခွဲခြားသိမြင်ရသနည်း။

၂ ထိုလူအုပ်ကြီးကို လွန်ခဲ့သည့် ၁၉၃၅ ခုနှစ်က အသိအမှတ်ပြုခဲ့ပြီး ယနေ့၎င်း၏အရေအတွက်သည် ငါးသန်းကျော်နေပေပြီ။ ကြီးစွာသောဒုက္ခကိုကျော်နင်းဖို့ မှတ်သားခံရကြရာ “သိုး” နှင့် “ဆိတ်” ကိုယေရှုခွဲခြားသောအခါ ယင်း၏အဖွဲ့ဝင်များအား ထာဝရအသက်ပေးဖို့အတွက် သီးခြားခွဲထားမည်။ လူအုပ်ကြီးတွင်ပါဝင်သော ခရစ်ယာန်များသည် ယေရှု၏သိုးခြံပုံဥပမာပါ “အခြားသိုး” တွင်ပါဝင်ကြသည်။ သူတို့သည် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ကြသည်။—မဿဲ ၂၅:၃၁-၄၆; ယောဟန် ၁၀:၁၆; ဗျာဒိတ် ၂၁:၃၊ ၄။

၃။ ပဋိညာဉ်တရားသစ်နှင့်ပတ်သက်၍ ဘိသိက်ခံခရစ်ယာန်များနှင့် အခြားသိုးတို့သည် မည်သို့ကွာခြားသနည်း။

၃ ၁၄၄,၀၀၀ အတွက် အာဗြဟံပဋိညာဉ်၏ကောင်းချီးကို ပဋိညာဉ်သစ်အားဖြင့် စီမံပေးသည်။ ဤပဋိညာဉ်တွင် ပါဝင်သူများ အနေနှင့် သူတို့သည် “ကျေးဇူးတရားအောက်” နှင့် “ခရစ်တော်၏ပညတ်အောက်” သို့ရောက်လာကြသည်။ (ရောမ ၆:၁၅၊ သမ္မာ; ၁ ကောရိန္သု ၉:၂၁၊ သမ္မာ) ထို့ကြောင့် ဘုရားသခင့်ဣသရေလအမျိုး၏အဖွဲ့ဝင် ၁၄၄,၀၀၀ သာလျှင် ယေရှု၏သေခြင်းအောက်မေ့ရာပွဲတော်တွင် အထိမ်းအမှတ်များကို ထိုက်တန်စွာစားသုံးကြပြီး ယေရှုသည် သူတို့နှင့်သာနိုင်ငံတစ်ခုအတွက် ပဋိညာဉ်ဖွဲ့တော်မူခဲ့သည်။ (လုကာ ၂၂:၁၉၊ ၂၀၊ ၂၉) လူအုပ်ကြီးအဖွဲ့ဝင်များသည် ပဋိညာဉ်သစ်တွင် ပါဝင်သူများမဟုတ်ကြပေ။ သို့သော် သူတို့သည် ဘုရားသခင်၏ဣသရေလအမျိုးနှင့် ပူးပေါင်းကာ သူတို့၏ “နိုင်ငံ” တွင်အတူနေကြသည်။ (ဟေရှာယ ၆၆:၈) ထို့ကြောင့် သူတို့သည်လည်း ယေဟောဝါ၏ မခံစားထိုက်သော ကျေးဇူးတရားအောက်နှင့် ခရစ်တော်၏ပညတ်အောက်ရောက်လာသည်ဟုဆိုခြင်းမှာ ကျိုးကြောင်းညီညွတ်လှသည်။ ပဋိညာဉ်သစ်တွင် ပါဝင်သူများမဟုတ်ကြသော်လည်း ယင်းမှအကျိုးခံစားရသူများဖြစ်သည်။

“လူမျိုးခြား” နှင့် “ဘုရားသခင်၏ဣသရေလအမျိုး”

၄၊ ၅။ (က) ဟေရှာယအရ အဘယ်အုပ်စုသည် ယေဟောဝါထံတော်၌ အစေခံကြမည်နည်း။ (ခ) ဟေရှာယ ၅၆:၆၊ ၇ သည်လူအုပ်ကြီးအပေါ် မည်သို့ပြည့်စုံခဲ့သနည်း။

၄ ပရောဖက်ဟေရှာယက “ထာဝရဘုရားအားဝတ်ပြုခြင်း၊ နာမတော်ကိုချစ်ခြင်း၊ ကျွန်တော်၊ ကျွန်တော်မဖြစ်ခြင်းအလို့ငှာ ထာဝရဘုရား၌မှီဝဲလျက် ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ငါ၏ပဋိညာဉ်၌မှီဝဲသော လူမျိုးခြားအပေါင်းတို့ကို ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့၍ [ဆုတောင်း] ရာငါ့အိမ်၌ ဝမ်းမြောက်စေမည်။ သူတို့၏မီးရှို့ရာယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံမည်” ဟုမိန့်တော်မူခဲ့သည်။ (ဟေရှာယ ၅၆:၆၊ ၇၊ သမ္မာ) ယင်းက ဣသရေလနိုင်ငံတွင် ဣသရေလလူမျိုးမဟုတ်သော “လူမျိုးခြား” တို့သည် ကိုယ်တော်၏နာမတော်ကို ချစ်ခြင်း၊ ပညတ်ပဋိညာဉ်ပါစည်းကမ်းချက်များကို နာခံခြင်း၊ ဥပုသ်စောင့်ခြင်းနှင့် ဘုရားသခင်၏ “ဆုတောင်းရာအိမ်” ဖြစ်သောဗိမာန်တော်တွင် ယဇ်သကာများကို ပူဇော်ခြင်းတို့ပြုကာ ယေဟောဝါအား ဝတ်ပြုကြမည်ဟုဆိုလိုခြင်းပင်တည်း။—မဿဲ ၂၁:၁၃။

၅ ကျွန်ုပ်တို့အချိန်တွင် “ထာဝရဘုရား၌မှီဝဲသော . . . လူမျိုးခြားအပေါင်းတို့” မှာ လူအုပ်ကြီးဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ဣသရေလအမျိုးနှင့်ပူးပေါင်းကာ ယေဟောဝါထံတော်တွင် အစေခံကြသည်။ (ဇာခရိ ၈:၂၃) ဘုရားသခင်၏ဣသရေလအမျိုးကဲ့သို့ပင် လက်ခံတော်မူဖွယ်သော ထပ်တူယဇ်သကာများကို ပူဇော်ကြသည်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ဘုရားသခင်၏ဝိညာဉ်ရေးဆိုင်ရာ ဗိမာန်ဖြစ်သော “ဆုတောင်းရာအိမ်” တွင်သူတို့ဝတ်ပြုကြသည်။ (ဗျာဒိတ် ၇:၁၅ နှိုင်းယှဉ်။) သူတို့သည် ပတ်စဉ်ဥပုသ်ကို စောင့်ကြပါသလော။ ဘိသိက်ခံကော အခြားသိုးပါ ဥပုသ်စောင့်ဖို့မိန့်မှာမခံရပါ။ (ကောလောသဲ ၂:၁၆၊ ၁၇) သို့သော် ပေါလုက ဘိသိက်ခံဟေဗြဲခရစ်ယာန်များအား ဤသို့ဆိုသည်– “ဥပုသ်နေ့၌ ထာဝရဘုရားနားနေတော်မူသကဲ့သို့ ကိုယ်တော်၏လူစုအတွက် နားနေရန် နေ့ရက်တစ်ရက်ရှိသေး၏။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရား ကတိထားတော်မူသော နားနေခွင့်ကိုရရှိသူသည် ထာဝရဘုရားနည်းတူ မိမိ၏အလုပ်မှ နားနေမည်ဖြစ်သောကြောင့်တည်း။” (ဟေဗြဲ ၄:၉၊ ၁၀၊ သတင်းကောင်း) ထိုဟေဗြဲခရစ်ယာန်တို့သည် ကိုယ်တိုင် “ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို” လက်အောက်ခံကြသည့်အခါ ဤ ‘ဥပုသ်နေ့နားနေခြင်း’ တွင်ပါဝင်ခဲ့ကြရာ ပညတ်တရား၏အကျင့်များအားဖြင့် မိမိတို့ဖြောင့်မတ်ရာသို့ရောက်ဖို့ကြိုးစားခြင်းမှ အနားယူခဲ့ကြလေသည်။ (ရောမ ၁၀:၃၊ ၄) ဘိသိက်ခံတစ်ပါးအမျိုးသားခရစ်ယာန်တို့သည် ယေဟောဝါ၏ဖြောင့်မတ်ခြင်းတရားကို ကိုယ်တိုင်လက်အောက်ခံကြခြင်းဖြင့် ထပ်တူအနားယူမှုတွင် ပါဝင်ကြပါသည်။ လူအုပ်ကြီးသည် အဆိုပါအနားယူမှုတွင် သူတို့နှင့်အတူပါဝင်နေကြသည်။

၆။ ယနေ့အခြားသိုးများသည် ပဋိညာဉ်သစ်အောက် မည်သို့ဝင်ရောက်လာခဲ့ကြသနည်း။

၆ ထို့အပြင် ပညတ်ပဋိညာဉ်အောက်ဝင်ရောက်ခဲ့ကြသည့် ရှေးကလူမျိုးခြားတို့ကဲ့သို့ပင် အခြားသိုးတို့သည် ပဋိညာဉ်သစ်အောက်ဝင်ရောက်ခဲ့ကြသည်။ အဘယ်နည်းဖြင့်နည်း။ ယင်းတွင် ပါဝင်သူများဖြစ်လာခြင်းအားဖြင့်မဟုတ်ဘဲ ယင်းနှင့်ပတ်သက်သည့်ပညတ်များကို လိုက်နာခြင်းနှင့် ယင်းအစီအစဉ်များမှ အကျိုးခံစားခြင်းတို့အားဖြင့် ဖြစ်သည်။ (ယေရမိ ၃၁:၃၃၊ ၃၄ နှိုင်းယှဉ်။) သူတို့၏ဘိသိက်ခံအပေါင်းအသင်းများကဲ့သို့ပင် အခြားသိုးတို့သည် ယေဟောဝါ၏ပညတ်တရားတော်ကို ‘သူတို့၏နှလုံးထဲတွင်’ ရေးသွင်းထားကြသည်။ ယေဟောဝါ၏ ပညတ်တော်များနှင့် မူများကို နှစ်နှစ်ကာကာမြတ်နိုးကာ လိုက်နာကြသည်။ (ဆာလံ ၃၇:၃၁; ၁၁၉:၉၇) ဘိသိက်ခံခရစ်ယာန်များနည်းတူ သူတို့သည် ယေဟောဝါအားသိကျွမ်းကြသည်။ (ယောဟန် ၁၇:၃) အရေဖျားလှီးခြင်းကော အသို့နည်း။ ပဋိညာဉ်သစ်မဖွဲ့မီ အနှစ် ၁,၅၀၀ ခန့်တွင် မောရှေက ဣသရေလလူမျိုးများအား “သင်၏နှလုံးအရေဖျားကိုလှီးဖြတ်လော့” ဟုတိုက်တွန်းခဲ့သည်။ (တရားဟောရာ ၁၀:၁၆; ယေရမိ ၄:၄) မဖြစ်မနေပြုရသည့် ခန္ဓာကိုယ်အရေဖျားလှီးခြင်းသည် ပညတ်တရားနှင့်အတူ အဆုံးတိုင်သွားပြီဖြစ်သော်လည်း ဘိသိက်ခံများကော အခြားသိုးများပါ သူတို့၏နှလုံးသားကို “အရေဖျားလှီး” ကြရမည်ဖြစ်သည်။ (ကောလောသဲ ၂:၁၁) နောက်ဆုံးတွင် ယေဟောဝါသည် ယေရှုသွန်းတော်မူသည့် “ပဋိညာဉ်တရား . . . ၏အသွေး” ကိုအခြေပြုပြီး အခြားသိုးတို့၏အပြစ်ကို လွှတ်ပေးတော်မူသည်။ (မဿဲ ၂၆:၂၈; ၁ ယောဟန် ၁:၉; ၂:၂) ဘုရားသခင်သည် ၁၄၄,၀၀၀ ကိုဝိညာဉ်ရေးဆိုင်ရာသားများအဖြစ် မွေးစားသကဲ့သို့ သူတို့အား မမွေးစားပါ။ သို့သော် အာဗြဟံသည် ဘုရားသခင်၏မိတ်ဆွေအဖြစ် ဖြောင့်မတ်ကြောင်းကြေညာခံရသည့်သဘောအတိုင်း အခြားသိုးများကို ဖြောင့်မတ်ကြောင်း ကြေညာတော်မူသည်။—မဿဲ ၂၅:၄၆; ရောမ ၄:၂၊ ၃; ယာကုပ် ၂:၂၃။

၇။ ယနေ့ အာဗြဟံကဲ့သို့ ဖြောင့်မတ်ကြောင်းကြေညာခံရသည့် အခြားသိုးများအတွက် အဘယ်အလားအလာ ပွင့်သွားသနည်း။

၇ ၁၄၄,၀၀၀ အတွက် ဖြောင့်မတ်ကြောင်းကြေညာခံရခြင်းက ကောင်းကင်နိုင်ငံတွင် ယေရှုနှင့်အတူ အုပ်စိုးဖို့မျှော်လင့်ချက်ရရှိစေသည့်လမ်းကို ပွင့်သွားစေသည်။ (ရောမ ၈:၁၆၊ ၁၇; ဂလာတိ ၂:၁၆) အခြားသိုးများအတွက်မူ ဘုရားသခင့်မိတ်ဆွေများအဖြစ် ဖြောင့်မတ်ကြောင်းကြေညာခံရခြင်းက သူတို့သည် လူအုပ်ကြီးတွင်ပါဝင်သူများအဖြစ် အာမဂေဒုန်ကို ကပ်ကျော်ခြင်းဖြင့်ဖြစ်စေ၊ ‘ဖြောင့်မတ်သောသူများ၏ထမြောက်ခြင်း’ အားဖြင့်ဖြစ်စေ မြေကြီးပရဒိသုတွင် ထာဝရအသက်မျှော်လင့်ချက် ရင်ဝယ်ပိုက်ခွင့်ရစေပါသည်။ (တမန်တော် ၂၄:၁၅) ဤမျှော်လင့်ချက်ရရှိခြင်း၊ စကြဝဠာကို အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၏ မိတ်ဆွေတစ်ယောက်ဖြစ်ရခြင်း၊ ကိုယ်တော်၏ “တဲတော်၌ . . . တည်းရ” ခြင်းတို့သည် မဟာအခွင့်ထူးကြီးပင်တည်း! (ဆာလံ ၁၅:၁၊ ၂) မှန်ပါသည်၊ ဘိသိက်ခံများကော အခြားသိုးများပါ အာဗြဟံ၏မျိုးနွယ်တော် ယေရှုမှတစ်ဆင့် အံ့ဖွယ်နည်းဖြင့် ကောင်းချီးခံစားရကြသည်။

သာ၍ကြီးမြတ်သော အပြစ်ဖြေရာနေ့

၈။ ပညတ်တရားအောက်ရှိ အပြစ်ဖြေရာနေ့ယဇ်သကာများက အဘယ်အရာကို ရှေ့ပြေးပုံတင်ပြသနည်း။

၈ ပဋိညာဉ်သစ်အကြောင်းဆွေးနွေးသောအခါ ပေါလုသည် မိမိ၏စာဖတ်ပရိသတ်အား ပညတ်ပဋိညာဉ်အောက်ရှိ နှစ်ပတ်လည် အပြစ်ဖြေရာနေ့ကို ပြန်လည်သတိရစေခဲ့သည်။ ထိုနေ့ရက်တွင် ယဇ်သကာများကို သတ်သတ်စီ—လေဝိယဇ်ပုရောဟိတ်အနွယ်အတွက် ယဇ်တစ်ခုနှင့် ယဇ်ပုရောဟိတ်မဟုတ်သော ၁၂ နွယ်အတွက် နောက်ယဇ်တစ်ခု—ပူဇော်ပေးရသည်။ ယင်းသည် ကောင်းကင်မျှော်လင့်ချက်ရှိ ၁၄၄,၀၀၀ ကော မြေကြီးမျှော်လင့်ချက်ရှိ သန်းနှင့်ချီသောသူများကိုပါ အကျိုးရရှိစေမည့် ယေရှု၏ကြီးမြတ်တော်မူသော ယဇ်သကာ၏ရှေ့ပြေးဥပစာဖြစ်ကြောင်း ရှင်းပြလာခဲ့သည်မှာ ကြာမြင့်ပေပြီ။a ပြည့်စုံချက်တွင် ပဋိညာဉ်သစ်အောက် သာ၍ကြီးမြတ်သော အပြစ်ဖြေရာနေ့အားဖြင့် ယေရှုယဇ်သကာ၏အကျိုးကျေးဇူးများကို စီမံပေးကြောင်း ပေါလု ပြသခဲ့သည်။ ဤသာ၍ကြီးမြတ်သောနေ့၏ ယဇ်ပုရောဟိတ်မင်းအနေနှင့် ယေရှုသည် လူသားများအား “ထာဝရရွေးနုတ်ခြင်းကျေးဇူးကို” ရရှိနိုင်စေရန် အပြစ်ဖြေရာယဇ်သကာအဖြစ် မိမိ၏စုံလင်သည့်အသက်ကို ပေးဆက်တော်မူခဲ့သည်။—ဟေဗြဲ ၉:၁၁-၂၄။

၉။ ပဋိညာဉ်သစ်ထဲတွင်ရှိနေခြင်းကြောင့် ဘိသိက်ခံဟေဗြဲခရစ်ယာန်များသည် အဘယ်အရာကို ရင်ဝယ်ပိုက်ထားနိုင်ကြသနည်း။

၉ ပထမရာစုမှ ဟေဗြဲခရစ်ယာန်များစွာသည် “[မောရှေ] ပညတ်တရားဘက်၌ စိတ်အားကြီး” နေကြဆဲဖြစ်သည်။ (တမန်တော် ၂၁:၂၀) သို့နှင့် ပေါလုက ဤသို့အသိပေးနှိုးဆော်ခြင်းမှာ သင့်တော်လှသည်– “ထိုကြောင့် ပထမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှာ၊ ခရစ်တော်သည် အသေခံတော်မူသည်ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ကတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည်အကြောင်း၊ ထိုသခင် [ယေရှု] သည် ပဋိညာဉ်တရားသစ်၏အာမခံဖြစ်တော်မူ၏။” (ဟေဗြဲ ၉:၁၅) ပဋိညာဉ်တရားသစ်သည် ဟေဗြဲခရစ်ယာန်များအား သူတို့၏အပြစ်များကို ဖော်ထုတ်ပြသည့် ပဋိညာဉ်တရားဟောင်းမှ ကျွတ်လွတ်စေသည်။ ပဋိညာဉ်သစ်၏ကျေးဇူးကြောင့် သူတို့သည် “[ကောင်းကင်ဆိုင်ရာ] ကတိတော်နှင့်ယှဉ်သောထာဝရအမွေကို” ရင်ဝယ်ပိုက်ထားနိုင်ကြပါသည်။

၁၀။ ဘိသိက်ခံများကော အခြားသိုးများပါ ဘုရားသခင်ကို အဘယ်အရာအတွက် ကျေးဇူးတင်ကြသနည်း။

၁၀ “သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်” ရွေးနုတ်ဖိုးယဇ်သကာမှ အကျိုးရရှိကြမည်။ (ယောဟန် ၃:၁၆၊ ၃၆) “ခရစ်တော်သည် လူများအပြစ်တို့ကိုခံခြင်းငှာ တစ်ခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တစ်ဖန် ထိုသခင်ကိုမျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့” ဟုပေါလုဆိုသည်။ (ဟေဗြဲ ၉:၂၈) ယနေ့ ယေရှုအား စိတ်ထက်သန်စွာမျှော်လင့်နေသူများတွင် သက်ရှိထင်ရှားရှိနေသေးသော ဘုရားသခင်၏ဣသရေလအမျိုးမှ ဘိသိက်ခံခရစ်ယာန်များနှင့် ထာဝရအမွေအနှစ်ကို ပိုင်ဆိုင်ထားကြသည့် သန်းနှင့်ချီသော လူအုပ်ကြီးလည်း ပါဝင်ပါသည်။ ထိုနှစ်တန်းစားစလုံးသည် သာ၍ကြီးမြတ်သော အပြစ်ဖြေရာနေ့နှင့် ကောင်းကင်ဆိုင်ရာအသန့်ရှင်းဆုံးအခန်းတွင် ယဇ်ပုရောဟိတ်မင်းကြီး ယေရှု၏ဓမ္မအမှုတို့အပါအဝင် ပဋိညာဉ်သစ်အတွက်လည်းကောင်း၊ ယင်းနှင့်ဆက်နွှယ်သည့် အသက်ရစေသော ကောင်းချီးများအတွက်လည်းကောင်း ဘုရားသခင်အား ကျေးဇူးတင်ကြပါသည်။

မြင့်မြတ်သောလုပ်ငန်းတော်တွင် အလုပ်များ

၁၁။ ယေရှု၏ယဇ်သကာအားဖြင့် ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်လျက် ဘိသိက်ခံများကော အခြားသိုးများပါ အဘယ်အမှုကို ပျော်ရွှင်စွာလုပ်ဆောင်ကြသနည်း။

၁၁ ပေါလုက ဟေဗြဲခရစ်ယာန်များထံရေးသည့် သူ၏စာတွင် ပဋိညာဉ်သစ်အစီအစဉ်ရှိ ယေရှု၏ယဇ်သကာတန်ဖိုးသည် ပဋိညာဉ်တရားဟောင်းအောက်ရှိ အပြစ်ဖြေရာယဇ်များနှင့်ယှဉ်လျှင် ပို၍ကြီးမြင့်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ (ဟေဗြဲ ၉:၁၃-၁၅) ယေရှု၏သာ၍မြတ်သော ယဇ်သကာသည် “သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍၊ . . . အသက်ရှင်တော်မူသောဘုရားသခင်ကို ဝတ်ပြု [“ဘုရားသခင်ထံ သန့်ရှင်းမြင့်မြတ်သော လုပ်ငန်းတော်ကို ထမ်းဆောင်နိုင်၊” ကဘ] မည်အကြောင်း၊ . . . ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှာ” တတ်နိုင်တော်မူ၏။ ဟေဗြဲခရစ်ယာန်များအတွက် “သေခြင်းနှင့်စပ်ဆိုင်သောအကျင့်” များတွင် “ပထမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်” များပါဝင်သည်။ ယနေ့ခရစ်ယာန်များအတွက်မူ ယင်းတို့တွင် နောင်တစစ်ရကာ ဘုရားသခင်ခွင့်လွှတ်ပေးတော်မူခဲ့သည့် အတိတ်ကပြုမိသော အပြစ်များပါဝင်သည်။ (၁ ကောရိန္သု ၆:၉-၁၁) ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက် ဘိသိက်ခံခရစ်ယာန်တို့သည် “အသက်ရှင်တော်မူသော ဘုရားသခင်ထံ မြင့်မြတ်သော လုပ်ငန်းတော်ကို” ထမ်းဆောင်ကြသည်။ လူအုပ်ကြီးသည်လည်း အလားတူထမ်းဆောင်ကြသည်။ “သိုးသငယ်၏အသွေး” ဖြင့် သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်မှုရကြကာ ဘုရားသခင်၏မဟာဝိညာဉ်ရေးဆိုင်ရာဗိမာန်တွင် “မြင့်မြတ်သောလုပ်ငန်းတော်ကို နေ့ညမပြတ်ထမ်းဆောင်နေ” ကြသည်။—ဗျာဒိတ် ၇:၁၄၊ ၁၅၊ ကဘ။

၁၂။ ကျွန်ုပ်တို့တွင် “[သံသယ] နှင့်ကင်းသောယုံကြည်ခြင်း” ရှိကြောင်း မည်သို့တင်ပြကြသနည်း။

၁၂ ထို့အပြင် ပေါလုက “ငါတို့သည် သစ္စာနှင့်ပြည့်စုံသောသဘောရှိ၍၊ [သံသယ] ကင်းသောယုံကြည်ခြင်း၌တည်လျက်၊ စိတ်နှလုံးကို [ဆိုးယုတ်သည့်ကိုယ်ကိုကိုယ်သိသောစိတ်] နှင့်လွတ်အောင်ဖျန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေနှင့်ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့” ဟုဆိုသည်။ (ဟေဗြဲ ၁၀:၂၂) ကျွန်ုပ်တို့တွင် “[သံသယ] နှင့်ကင်းသောယုံကြည်ခြင်း” ရှိကြောင်း မည်သို့ပြသနိုင်သနည်း။ ဟေဗြဲခရစ်ယာန်များအား ပေါလုက “[ကောင်းကင်ဆိုင်ရာ] မျှော်လင့်ခြင်းအကြောင်းကိုဝန်ခံ၍၊ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ကတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုမှတစ်ပါး၊ မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း၊ အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့” ဟုတိုက်တွန်းခဲ့သည်။ (ဟေဗြဲ ၁၀:၂၃-၂၅) ကျွန်ုပ်တို့၏ယုံကြည်ခြင်းရှင်သန်နေလျှင် ကျွန်ုပ်တို့လည်း ‘အချင်းချင်းစည်းဝေးခြင်းအမှုကို ရှောင်’ ကြမည်မဟုတ်ပေ။ မေတ္တာစိတ်ရှိဖို့၊ ကောင်းသောအမှုများကို ပြုကြဖို့နှင့် ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် မြေကြီးနှင့်ဆိုင်သည်ဖြစ်စေ၊ ကောင်းကင်နှင့်ဆိုင်သည်ဖြစ်စေ လူထုရှေ့ကြေညာသည့် အရေးကြီးလုပ်ငန်းအတွက် ခွန်အားရှိဖို့ ညီအစ်ကိုများအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အားပေးတိုက်တွန်းလိုကြပါလိမ့်မည်။—ယောဟန် ၁၃:၃၅။

“ထာဝရပဋိညာဉ်”

၁၃၊ ၁၄။ ပဋိညာဉ်သစ်သည် အဘယ်နည်းများဖြင့် ထာဝရဖြစ်သနည်း။

၁၃ ၁၄၄,၀၀၀ မှနောက်ဆုံးသူသည် သူတို့၏ကောင်းကင်မျှော်လင့်ချက် ပြည့်စုံသည့်အခါ အဘယ်သို့ဖြစ်ပျက်မည်နည်း။ ပဋိညာဉ်သစ်သည် မသက်ဆိုင်တော့ဘဲဖြစ်မည်လော။ ထိုအချိန်တွင် မြေကြီးပေါ်၌ ဘုရားသခင်၏ဣသရေလအမျိုးမှ ကျန်ကြွင်းသူ ရှိတော့မည်မဟုတ်ပါ။ ပဋိညာဉ်တွင် ပါဝင်သူအားလုံးသည် ယေရှုနှင့်အတူ “[ကိုယ်တော့်] ခမည်းတော်၏နိုင်ငံ၌” ရှိနေကြလိမ့်မည်။ (မဿဲ ၂၆:၂၉) သို့သော် ဟေဗြဲအသင်းသားများထံရေးသည့် ပေါလု၏စကားများကို ကျွန်ုပ်တို့သတိရကြသည်– ‘ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် ထာဝရပဋိညာဉ်တရား၏အသွေးတော်ဖြင့်၊ သိုးများကိုထိန်းသောသိုးထိန်းကြီး . . . ကိုသေခြင်းမှနုတ်ဆောင်တော်မူသည်။’ (ဟေဗြဲ ၁၃:၂၀; ဟေရှာယ ၅၅:၃) ပဋိညာဉ်သစ်သည် အဘယ်သဘောဖြင့် ထာဝရဖြစ်သနည်း။

၁၄ ပထမအနေနှင့် ပညတ်ပဋိညာဉ်နှင့်မတူဘဲ ယင်းကို မည်သည့်အခါမျှအစားထိုးမည်မဟုတ်ပေ။ ဒုတိယအနေနှင့် ယေရှု၏အုပ်စိုးမှုသည် တည်မြဲသကဲ့သို့ပင် ယင်း၏လုပ်ဆောင်မှုအကျိုးများသည် တည်မြဲပါသည်။ (လုကာ ၁:၃၃ နှင့် ၁ ကောရိန္သု ၁၅:၂၇၊ ၂၈ နှိုင်းယှဉ်။) ကောင်းကင်နိုင်ငံတော်သည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်များတွင် ထာဝရနေရာရှိသည်။ (ဗျာဒိတ် ၂၂:၅) တတိယမှာ အခြားသိုးတို့သည် ပဋိညာဉ်သစ်အစီအစဉ်မှ ဆက်၍အကျိုးခံစားရကြလိမ့်မည်။ ခရစ်တော်၏အနှစ်တစ်ထောင် စိုးစံရာကာလအတွင်း သစ္စာရှိသူများသည် ယခုကဲ့သို့ပင် “ကိုယ်တော်၏ ဗိမာန်တော်တွင် [ယေဟောဝါ၏] မြင့်မြတ်သောလုပ်ငန်းတော်ကို နေ့ညမပြတ်ထမ်းဆောင်နေ” ကြမည်ဖြစ်သည်။ ယေဟောဝါသည် ယေရှု၏ “ပဋိညာဉ်တရား . . . ၏အသွေး” အပေါ်အခြေပြုပြီး ခွင့်လွှတ်ပေးခဲ့သော သူတို့၏အတိတ်ကအပြစ်များကို ပြန်ဖော်မည်မဟုတ်ပါ။ သူတို့သည် ယေဟောဝါ၏မိတ်ဆွေများအဖြစ် ဖြောင့်မတ်သောရပ်တည်မှုကို ဆက်၍ခံစားရကြမည်ဖြစ်ပြီး ကိုယ်တော်၏ပညတ်တရားကို သူတို့၏နှလုံးသားထဲတွင် ရေးသွင်းထားမြဲဖြစ်ကြမည်။

၁၅။ ကမ္ဘာသစ်တွင် မြေကြီးပေါ်၌ ယေဟောဝါအားဝတ်ပြုသူများနှင့် ကိုယ်တော်၏ဆက်ဆံရေးကို ဖော်ပြပါ။

၁၅ ထိုအချိန်တွင် ဤလူသားကျေးကျွန်များနှင့်ပတ်သက်ပြီး ယေဟောဝါက ‘ငါသည် သူတို့၏ဘုရားသခင်၊ သူတို့သည် ငါ၏လူဖြစ်ကြမည်’ ဟုမိန့်တော်မူနိုင်မည်လော။ မိန့်တော်မူနိုင်ပါမည်။ ကိုယ်တော်သည် “လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ” မည်။ (ဗျာဒိတ် ၂၁:၃) သူတို့သည် ယေရှုခရစ်၏ကောင်းကင်သတို့သမီး “ချစ်ဖွယ်သောမြို့တော်” ၏မြေကြီးဆိုင်ရာ ကိုယ်စားလှယ်တော်များဖြစ်သော “သန့်ရှင်းသူတို့၏တပ်” ဖြစ်လာပါလိမ့်မည်။ (ဗျာဒိတ် ၁၄:၁; ၂၀:၉; ၂၁:၂) ဤအရာရှိရှိသမျှတို့သည် ယေရှုသွန်းတော်မူသော “ပဋိညာဉ်တရား . . . ၏အသွေး” ကိုသူတို့ယုံကြည်ခြင်း၊ ကမ္ဘာပေါ်ရှိစဉ် ဘုရားသခင်၏ဣသရေလအမျိုးဖြစ်ခဲ့သော ကောင်းကင်ဘုရင်များနှင့် ယဇ်ပုရောဟိတ်များကို သူတို့လက်အောက်ခံခြင်းတို့ကြောင့် ဖြစ်လာနိုင်မည်တည်း။—ဗျာဒိတ် ၅:၁၀။

၁၆။ (က) ကမ္ဘာပေါ်သို့ ထမြောက်လာမည့်သူများကို အဘယ်အလားအလာများ အသင့်စောင့်နေသနည်း။ (ခ) အနှစ်တစ်ထောင်အကုန်တွင် အဘယ်ကောင်းချီးများ ရရှိလာမည်နည်း။

၁၆ ကမ္ဘာပေါ်တွင် ထမြောက်လာကြသည့် သေလွန်ခဲ့သူများကောအသို့နည်း။ (ယောဟန် ၅:၂၈၊ ၂၉) သူတို့သည်လည်း အာဗြဟံ၏မျိုးနွယ်ယေရှုအားဖြင့် “ကောင်းချီးမင်္ဂလာကိုခံ” စားဖို့ဖိတ်ခေါ်ခံရကြမည်။ (ကမ္ဘာဦး ၂၂:၁၈) သူတို့သည်လည်း ယေဟောဝါ၏နာမတော်ကို ချစ်ကြရမည်၊ ကိုယ်တော်ထံအစေခံကာ လက်ခံတော်မူဖွယ်ယဇ်သကာများကို ဆက်သကြရပြီး ကိုယ်တော်၏ဆုတောင်းရာအိမ်တော်တွင် မြင့်မြတ်သောလုပ်ငန်းတော်ကို ထမ်းဆောင်ကြရမည်။ ဤသို့လုပ်ဆောင်သောသူများသည် ဘုရားသခင်၏အနားယူခြင်းထဲတွင် ပါဝင်ကြပါလိမ့်မည်။ (ဟေရှာယ ၅၆:၆၊ ၇) အနှစ်တစ်ထောင်အကုန်တွင် သစ္စာရှိသူအားလုံးသည် ယေရှုခရစ်နှင့် ကိုယ်တော်၏ ၁၄၄,၀၀၀ သောယဇ်ပုရောဟိတ်ချင်းတို့၏ ဆောင်ကြဉ်းပေးမှုဖြင့် လူ့စုံလင်မှုသို့ရောက်ရှိကြမည်။ သူတို့သည် ဘုရားသခင်၏မိတ်ဆွေများအဖြစ် ဖြောင့်မတ်ကြောင်း ကြေညာခံရရုံမျှမဟုတ်ဘဲ ဖြောင့်မတ်သူများဖြစ်လာကြမည်။ “သူတို့သည် အသက်ပြန်၍ရှင်ကြ” ကာ အာဒံထံမှအမွေရခဲ့သည့် အပြစ်နှင့်သေခြင်းမှ ကွင်းလုံးကျွတ်လွတ်မြောက်သွားမည်။ (ဗျာဒိတ် ၂၀:၅၊ သတင်းကောင်း; ၂၂:၂) ကြီးမားသည့်ကောင်းချီးတစ်ရပ်ပင်ဖြစ်မည်တည်း! ယနေ့ကျွန်ုပ်တို့ရှုမြင်ချက်အရ ထိုအချိန်တွင် ယေရှုနှင့် ၁၄၄,၀၀၀ တို့၏ ယဇ်ပုရောဟိတ်လုပ်ငန်းသည် အပြီးသတ်သွားမည့်ပုံရှိသည်။ ယင်း၏ရည်ရွယ်ချက် ပြီးပြည့်သွားပြီဖြစ်ရာ ပို၍ကြီးမားသောအပြစ်ဖြေရာနေ့၏ကောင်းချီးများ အဆုံးတိုင်ပါမည်။ ထို့အပြင် ယေရှုသည် “နိုင်ငံကိုဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူ” မည်။ (၁ ကောရိန္သု ၁၅:၂၄) လူသားများအတွက် နောက်ဆုံးစမ်းသပ်ချက်ရှိမည်ဖြစ်ပြီး ထိုအခါ စာတန်နှင့်သူ၏နတ်ဆိုးတို့သည် ထာဝရဖျက်ဆီးခံရမည်ဖြစ်သည်။—ဗျာဒိတ် ၂၀:၇၊ ၁၀။

၁၇။ ကျွန်ုပ်တို့၌ရှိသော ရွှင်လန်းမှုကြောင့် ကျွန်ုပ်တို့တစ်ဦးစီ အဘယ်အရာကို ပြုလုပ်ဖို့ဆုံးဖြတ်သင့်သနည်း။

၁၇ ထိုအချိန်၌အစပြုမည့် စိတ်လှုပ်ရှားဖွယ်ခေတ်သမယတွင် “ထာဝရပဋိညာဉ်” သည်အကယ်၍ အခန်းကဏ္ဍတစ်ခုခုရှိမည်ဆိုလျှင် အဘယ်ကဏ္ဍမှပါဝင်ဆောင်ရွက်မည်နည်း။ ယင်းသည် ကျွန်ုပ်တို့ပြောရမည့်အရာမဟုတ်ပေ။ ဤအထိ ယေဟောဝါဖော်ပြထားတော်မူရာများသည် ယခုအချိန်အတွက် လုံလောက်ပေပြီ။ ယင်းက ကျွန်ုပ်တို့အား မျှော်တလင့်လင့်အံ့သြမိန်းမော ကျန်ရစ်စေသည်။ စဉ်းစားကြည့်ပါလေ၊ “မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်” တွင်ပါဝင်သူများအဖြစ် ထာဝရအသက်ရမည်ပါတကား! (၂ ပေတရု ၃:၁၃) ထိုကတိတော်ကို အမွေခံလိုသည့် ကျွန်ုပ်တို့၏ဆန္ဒကို အဘယ်အရာကမျှ လျော့ပါးမသွားပါစေနှင့်။ အခိုင်အမာရပ်တည်ရန်မှာ မလွယ်ကူဘဲဖြစ်နိုင်သည်။ ပေါလုက “ဘုရားသခင်အလိုတော်ကိုဆောင်ပြီးမှ၊ ကတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ် [“ခံနိုင်ရည်၊” သတင်းကောင်း] ရှိရမည်” ဟုဆိုထားသည်။ (ဟေဗြဲ ၁၀:၃၆) သို့သော် ဖြေရှင်းရမည့်ပြဿနာ၊ ကျော်လွှားရမည့်အတိုက်အခံ တစ်စုံတစ်ရာကို ကျွန်ုပ်တို့ရှေ့၌ရှိသော ရွှင်လန်းမှုနှင့်နှိုင်းယှဉ်လိုက်လျှင် ဘာမျှမဟုတ်တော့ပေ။ (၂ ကောရိန္သု ၄:၁၇) ထို့ကြောင့် ကျွန်ုပ်တို့တစ်ယောက်မျှ “ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူမ” ဖြစ်ပါလေစေနှင့်။ ယင်းအစား “စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်” ကြောင်း ကိုယ်တိုင်သက်သေထူနိုင်ကြပါစေ။ (ဟေဗြဲ ၁၀:၃၉) ကျွန်ုပ်တို့အားလုံးသည် ပဋိညာဉ်များ၏ဘုရားသခင်ယေဟောဝါကို အပြည့်အဝယုံကြည်စိတ်ချခြင်းဖြင့် ကျွန်ုပ်တို့ယောက်စီယောက်တိုင်း ထာဝရကောင်းချီးများ ခံစားနိုင်ကြပါစေ။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည့် ကမ္ဘာသစ်ထဲသို့ကပ်ကျော်ခြင်း [လိပ်] အခန်း ၁၃ ရှု။

သင်နားလည်သလော

▫ ဘိသိက်ခံခရစ်ယာန်များအပြင် မည်သူများသည် အာဗြဟံမျိုးနွယ်အားဖြင့် ကောင်းချီးခံစားနေကြရသနည်း။

▫ ပဋိညာဉ်သစ်အားဖြင့် ကောင်းချီးခံစားရခြင်းတွင် အခြားသိုးတို့သည် ပဋိညာဉ်ဟောင်းအောက်ရှိ ဘာသာဝင်များနှင့် မည်သို့တူညီကြသနည်း။

▫ အခြားသိုးတို့သည် သာ၍ကြီးမြတ်သော အပြစ်ဖြေရာနေ့အစီအစဉ်အားဖြင့် မည်သို့အကျိုးခံစားကြရသနည်း။

▫ ပေါလုက ပဋိညာဉ်သစ်ကို “ထာဝရပဋိညာဉ်” တစ်ခုဟု အဘယ်ကြောင့်ခေါ်ခဲ့သနည်း။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]

ဗိမာန်တော်တွင် မြင့်မြတ်သောလုပ်ငန်းတော်

လူအုပ်ကြီးသည် ဘိသိက်ခံခရစ်ယာန်များနှင့်အတူ ယေဟောဝါ၏မဟာဝိညာဉ်ရေးဆိုင်ရာ ဗိမာန်တော်၏ မြေကြီးရင်ပြင်တွင် ဝတ်ပြုကြပါသည်။ (ဗျာဒိတ် ၇:၁၄၊ ၁၅; ၁၁:၂) သူတို့သည် တစ်ပါးအမျိုးသားများအတွက်သီးခြားရင်ပြင်တစ်ခုတွင်ရှိနေကြသည်ဟု ကောက်ချက်ချစရာအကြောင်းမရှိပါ။ ယေရှုကမ္ဘာပေါ်ရှိစဉ်က ဗိမာန်တော်တွင် တစ်ပါးအမျိုးသားများ၏ရင်ပြင်တစ်ခုရှိခဲ့ပါသည်။ သို့သော် ရှောလမုန်နှင့် ယေဇကျေလတို့၏ဗိမာန်တော်များ၏ ဘုရားသခင်မှုတ်သွင်းခံပုံစံများတွင် တစ်ပါးအမျိုးသားများ၏ရင်ပြင်အတွက် စီစဉ်ပေးထားခြင်းမရှိပါ။ ရှောလမုန်ဗိမာန်တော်တွင် ဣသရေလလူမျိုးနှင့် ဘာသာဝင် အမျိုးသားအမျိုးသမီးများ အတူတကွဝတ်ပြုကြသည့် အပြင်ရင်ပြင်တစ်ခုရှိခဲ့ပါသည်။ ယင်းသည် လူအုပ်ကြီးက သန့်ရှင်းမြင့်မြတ်သောလုပ်ငန်းတော်ကို ထမ်းရွက်နေကြောင်း ယောဟန်မြင်တွေ့ခဲ့သည့် ဝိညာဉ်ရေးဆိုင်ရာ ဗိမာန်တော်၏ မြေကြီးရင်ပြင်၏ပရောဖက်ပြုပုံစံဖြစ်သည်။

သို့သော် ယဇ်ပလ္လင်ကြီးတည်ရှိရာ အတွင်းရင်ပြင်ထဲသို့ ယဇ်ပုရောဟိတ်များနှင့် လေဝိများသာ ဝင်နိုင်ပါသည်; သန့်ရှင်းသောအခန်းသို့ ယဇ်ပုရောဟိတ်များသာ ဝင်နိုင်သည်; အသန့်ရှင်းဆုံးအခန်းထဲသို့မူ ယဇ်ပုရောဟိတ်မင်းကြီးသာ ဝင်နိုင်ပါသည်။ အတွင်းရင်ပြင်နှင့် သန့်ရှင်းသောအခန်းတို့သည် ဘိသိက်ခံခရစ်ယာန်များ၏ သူမတူထူးကဲသော ဝိညာဉ်ရေးအခြေအနေ၏ ရှေ့ပြေးအရိပ်ဖြစ်သည်ဟု နားလည်ထားရသည်။ အသန့်ရှင်းဆုံးအခန်းမူ ကောင်းကင်ယဇ်ပုရောဟိတ်မင်းကြီးနှင့်အတူ မသေနိုင်သောအသက်ကို ဘိသိက်ခံခရစ်ယာန်များ ရရှိကြမည့် ကောင်းကင်ကိုယ်နှိုက်ကို ပုံတင်ပြပါသည်။—ဟေဗြဲ ၁၀:၁၉၊ ၂၀။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ရှေ့၌ရှိသော ရွှင်လန်းမှုကြောင့် “စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်” ကြစို့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ