ကျွန်ုပ်ကို ယေဟောဝါ ဘယ်လိုမြင်သလဲ
၁။ သမ္မာကျမ်းစာက မှန်နဲ့ ဘယ်လိုတူသလဲ။
၁ သင် ဘယ်နှစ်ရက်တစ်ခါ မှန်ကြည့်တတ်သလဲ။ ကျွန်ုပ်တို့အားလုံးလိုလိုကတော့ နေ့တိုင်း မှန်ကြည့်တတ်ကြပါတယ်။ ဒါမှသာ ကျွန်ုပ်တို့ရဲ့ ရုပ်အသွင်အပြင်မှာ ဂရုစိုက်ပြုပြင်ရမယ့်အပိုင်းတွေကို တွေ့နိုင်မှာဖြစ်တယ်။ သမ္မာကျမ်းစာက မှန်နဲ့ တူပါတယ်။ ကျမ်းစာဖတ်မှသာ ယေဟောဝါကြည့်ရှုတဲ့ ကျွန်ုပ်တို့ရဲ့ အတွင်းသဘောကို သိရှိနိုင်မှာဖြစ်တယ်။ (၁ ရာ. ၁၆:၇; ယာ. ၁:၂၂-၂၄) ဘုရားသခင်ရဲ့ တရားစကားတော်ဟာ “စိတ်နှလုံးအကြံအစည်များကိုလည်း ပိုင်းခြားသိမြင်” နိုင်အောင် ကူညီပေးပါတယ်။ (ဟေဗြဲ ၄:၁၂) နေ့တိုင်းကျမ်းစာဖတ်ရှုပြီး တွေးတောဆင်ခြင်တာက ကျွန်ုပ်တို့ကို ထိရောက်အောင်မြင်တဲ့ ဟောပြောသူတွေ ဖြစ်နိုင်ဖို့ အမှုဆောင်လုပ်ငန်းမှာ လိုအပ်တဲ့အပိုင်းတွေကို သိမြင်လာအောင် ဘယ်လိုကူညီပေးနိုင်ပါသလဲ။—ဆာ. ၁:၁-၃။
၂။ သမ္မာကျမ်းစာက ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ ဘယ်လိုထောက်ကူပေးနိုင်သလဲ။
၂ သမ္မာကျမ်းစာကို မှန်အနေနဲ့ အသုံးပြုပါ– ယေဟောဝါရဲ့ ရှေးခေတ်သစ္စာရှိ ကျေးကျွန်တွေအကြောင်း ကျမ်းစာမှတ်တမ်းတွေက ကိုယ်တော် မြတ်နိုးတဲ့ အရည်အသွေးတွေကို သိစေပါတယ်။ ဥပမာ၊ ဒါဝိဒ်က ဘုရားသခင့်နာမည် ထင်ရှားဖို့ စိတ်ထက်သန်မှုပြခဲ့တယ်။ (၁ ရာ. ၁၇:၄၅၊ ၄၆) ဟေရှာယက အခက်အခဲတွေကြားက သတ္တိရှိရှိ ဟောပြောခဲ့တယ်။ (ဟေရှာ. ၆:၈၊ ၉) ယေရှုက ယေဟောဝါကို ချစ်အားကြီးတဲ့အတွက် မြေကြီးပေါ်မှာ အမှုဆောင်ရတာကို ဝန်ထုပ်အနေနဲ့မဟုတ်ဘဲ လန်းဆန်းပြီး စိတ်ကျေနပ်စေတဲ့ အလုပ်အနေနဲ့ ရှုမြင်ခဲ့ပါတယ်။ (ယော. ၄:၃၄) ပထမရာစု ခရစ်ယာန်တွေက ထက်ထက်သန်သန် ဟောပြောပြီး ယေဟောဝါကို ယုံကြည်အားကိုးခဲ့တဲ့အပြင် ဘယ်တော့မှ အရှုံးမပေးဖို့လည်း စိတ်ပိုင်းဖြတ်ခဲ့ကြတယ်။ (တ. ၅:၄၁၊ ၄၂; ၂ ကော. ၄:၁; ၂ တိ. ၄:၁၇) သူတို့ရဲ့ ပုံနမူနာတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် ကျွန်ုပ်တို့လည်း အမှုဆောင်လုပ်ငန်းမှာ တိုးတက်ရမယ့်အပိုင်းတွေကို တွေ့မြင်လာပါလိမ့်မယ်။
၃။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဘာကြောင့် အချိန်မဆွဲသင့်တာလဲ။
၃ လိုအပ်ရာတွေကို ပြုပြင်ပါ– မှန်ကြည့်ပြီး လိုအပ်ရာတွေကို တွေ့ရင် ပြုပြင်ကြတယ်မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းမြင်တတ်ဖို့၊ လိုအပ်တဲ့ပြုပြင်မှုတွေ လုပ်နိုင်ဖို့ ယေဟောဝါဆီ ကျွန်ုပ်တို့ အကူအညီတောင်းနိုင်ပါတယ်။ (ဆာ. ၁၃၉:၂၃၊ ၂၄; လု. ၁၁:၁၃) အချိန်က သိပ်မကျန်တော့တဲ့အတွက်၊ သေရေးရှင်ရေးနဲ့လည်း ပတ်သက်နေတဲ့အတွက် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အချိန်မဆွဲပါနဲ့တော့။—၁ ကော. ၇:၂၉; ၁ တိ. ၄:၁၆။
၄။ သမ္မာကျမ်းစာကို သေချာလေ့လာပြီး သိရှိရာတွေနဲ့အညီ ပြုမူနေထိုင်တဲ့သူက ဘာအကျိုးရမလဲ။
၄ ယေဟောဝါ ကြည့်ရှုနေတဲ့ ကျွန်ုပ်တို့ရဲ့ အတွင်းသဘောက အပြင်ပန်းထက် ပိုအရေးကြီးပါတယ်။ (၁ ပေ. ၃:၃၊ ၄) သမ္မာကျမ်းစာကို သေချာလေ့လာပြီး သိရှိရာတွေနဲ့အညီ ပြုမူနေထိုင်တဲ့သူက ဘာအကျိုးရမလဲ။ သူဟာ ‘ကြားနာ၍ မေ့လျော့သောသူမဟုတ်ဘဲ ကျင့်သုံးသောကြောင့် ပျော်ရွှင်’ မှုရရှိပါလိမ့်မယ်။ (ယာ. ၁:၂၅) ကျွန်ုပ်တို့က “ကြေးမုံကဲ့သို့ ယေဟောဝါဘုရား၏ ဘုန်းတော်ကို ရောင်ပြန်ဟပ်ကြ” တဲ့အတွက် ပျော်ရွှင်ပြီး ထိရောက်အောင်မြင်တဲ့ အမှုဆောင်သူတွေ ဖြစ်လာပါလိမ့်မယ်။—၂ ကော. ၃:၁၈။