ယုံကြည်ခြင်းက ကျွန်ုပ်တို့အား လုပ်ဆောင်ရန် လှုံ့ဆော်!
“[အာဗြဟံ၏] ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။”—ယာကုပ် ၂:၂၂။
၁၊ ၂။ ကျွန်ုပ်တို့တွင်ယုံကြည်ခြင်းရှိပါက မည်သို့လုပ်ဆောင်ကြမည်နည်း။
လူအများက ဘုရားသခင်၌ယုံကြည်သည် ဟုဆိုကြသည်။ သို့တိုင်၊ ယုံကြည်ခြင်းရှိသည်ဟု ပြောရုံပြောခြင်းသည် အသက်မဲ့သည့်ရုပ်ကလာပ်တစ်ခုပမာဖြစ်သည်။ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏” ဟုတပည့်တော်ယာကုပ်ရေးသားခဲ့သည်။ ဘုရားသခင်ကိုကြောက်ရွံ့သောအာဗြဟံသည် “အကျင့်နှင့်အတူပြုပြင်” သည့်ယုံကြည်ခြင်းရှိကြောင်းကိုလည်း သူပြောခဲ့သည်။ (ယာကုပ် ၂:၁၇၊ ၂၂) ထိုစကားများသည် ကျွန်ုပ်တို့အတွက် မည်သို့အဓိပ္ပာယ်ရှိသနည်း။
၂ ကျွန်ုပ်တို့တွင် စစ်မှန်သောယုံကြည်ခြင်းရှိလျှင် ခရစ်ယာန်စည်းဝေးများတွင် ကြားရသောအရာများကို ယုံကြည်ရုံသာပြုမည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ တက်ကြွသောသက်သေများဖြစ်သောကြောင့် ယုံကြည်ခြင်းကို သက်သေပြမည်ဖြစ်သည်။ မှန်ပါသည်၊ ယုံကြည်ခြင်းသည် အသက်တာတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလိုက်လျှောက်ဖို့နှင့် လုပ်ဆောင်ဖို့အတွက် တွန်းအားပေးမည်ဖြစ်သည်။
မျက်နှာလိုက်ခြင်းသည် ယုံကြည်ခြင်းနှင့်မလိုက်ဖက်
၃၊ ၄။ အခြားသူများနှင့်ဆက်ဆံရာနည်းလမ်းတွင် ယုံကြည်ခြင်းသည် မည်သို့အကျိုးသက်ရောက်သင့်သနည်း။
၃ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ခရစ်တော်အပေါ် စစ်မှန်သောယုံကြည်ခြင်းရှိလျှင် မျက်နှာလိုက်ကြမည်မဟုတ်ပေ။ (ယာကုပ် ၂:၁-၄) ယာကုပ်ရည်ညွှန်းရေးခဲ့သောသူအချို့သည် စစ်မှန်သောခရစ်ယာန်များကို တောင်းဆိုထားသည့်အတိုင်းမလုပ်ဘဲ မျက်နှာလိုက်နေကြသည်။ (ရောမ ၂:၁၁) ထို့ကြောင့် ယာကုပ်က ဤသို့ဆိုသည်– “ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကိုထောက်ခြင်းမရှိကြနှင့်။” အကယ်၍အစည်းအဝေးသို့ ရွှေလက်စွပ်နှင့် ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားသော မယုံကြည်သူ သူဌေးတစ်ယောက်နှင့် “ညစ်သောအဝတ်ကို ဝတ်သောဆင်းရဲသောသူ” တို့ဝင်လာပါက နှစ်ဦးစလုံးသည် ကောင်းစွာကြိုဆိုခံရသင့်သော်လည်း ချမ်းသာသောသူကို အထူးဂရုစိုက်အလေးပေးခဲ့ကြသည်။ သူတို့အား “ကောင်းမွန်သော ဤအရပ်မှာ” ထိုင်ပါဟူ၍လည်းကောင်း၊ ဆင်းရဲသောမယုံကြည်သူကိုကား တစ်စုံတစ်ယောက်သောသူ၏ခြေရင်းတွင် ရပ်လော့ သို့မဟုတ် ထိုင်လော့ဟူ၍လည်းကောင်း ပြောတတ်ကြသည်။
၄ ယေဟောဝါသည် ချမ်းသာသူနှင့် ဆင်းရဲသူတို့အတွက်ပါ ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာကို စီစဉ်ပေးတော်မူခဲ့သည်။ (၂ ကောရိန္သု ၅:၁၄) ထို့ကြောင့် ကျွန်ုပ်တို့သည် ချမ်းသာသူကိုမျက်နှာလိုက်လျှင် ‘ဆင်းရဲတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့စည်းစိမ်ရှိစေခြင်းငှာ၊ ဆင်းရဲခြင်းကိုခံတော်မူသော’ ယေရှုခရစ်၏ယုံကြည်ခြင်းမှ ဝေးကွာကြောင်းပြနေပေလိမ့်မည်။ (၂ ကောရိန္သု ၈:၉) မှားယွင်းသောသဘောထားဖြင့် လူတို့ကိုဂုဏ်တင်သည့် ယင်းသို့သောနည်းဖြင့် ဘယ်တော့မျှ လူများကိုအကဲမဖြတ်ကြစို့နှင့်။ ဘုရားသခင်သည် မျက်နှာလိုက်တော်မမူပေ၊ သို့သော် ကျွန်ုပ်တို့မျက်နှာလိုက်ပါက “မကောင်းသောအကြံအစည်နှင့်စီရင်သောသူ” ဖြစ်ကြပေမည်။ (ယောဘ ၃၄:၁၉) ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသည့်အတွက် ကျွန်ုပ်တို့သည် မျက်နှာလိုက်ရန် သို့မဟုတ် ‘ကိုယ့်အကျိုးစီးပွားကြောင့် သူ့မျက်နှာကိုထောက်ထားခန့်ညား’ ရန်သွေးဆောင်ခံမည်မဟုတ်ပေ။—ယုဒ ၄၊ ၁၆။
၅။ “ယုံကြည်ခြင်း၌ချမ်းသာ” သူဖြစ်ရန် မည်သူတို့ကို ဘုရားသခင် ရွေးချယ်တော်မူပြီး ရုပ်ပစ္စည်းချမ်းသာသူများသည် မည်သို့လုပ်ဆောင်တတ်လေ့ရှိကြသနည်း။
၅ အမှန်ချမ်းသာသူသည် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြပြီး မျက်နှာမလိုက်ဘဲ အားလုံးကို မေတ္တာပြသရန် ယာကုပ်တိုက်တွန်းထားသည်။ (ယာကုပ် ၂:၅-၉) ‘ဘုရားသခင်သည် ဆင်းရဲသောသူတို့အား ယုံကြည်ခြင်းနှင့်ကြွယ်ဝစေခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်အမွေခံများ ဖြစ်စေခြင်းငှာလည်းကောင်း’ သူတို့ကိုရွေးကောက်တော်မူသည်။ ယင်းသို့ဖြစ်ရသည်မှာ ဆင်းရဲသောသူများသည် သတင်းကောင်းကိုပိုမို၍ လက်ခံတတ်ကြသောကြောင့်ဖြစ်သည်။ (၁ ကောရိန္သု ၁:၂၆-၂၉) လူ့အတန်းအစားတစ်ရပ်အနေဖြင့် ရုပ်ပစ္စည်းချမ်းသာသူများသည် အကြွေးများ၊ လုပ်ခများနှင့် တရားရေးကိစ္စများဖြင့် အခြားသူများအပေါ် ဖိနှိပ်လေ့ရှိတတ်သည်။ သူတို့သည် ခရစ်တော်နှင့်ပတ်သက်၍ မကောင်းပြောကြပြီး ကိုယ်တော်၏နာမတော်ကြောင့် ကျွန်ုပ်တို့ကိုနှိပ်စက်ညှဉ်းပန်းကြသည်။ သို့ရာတွင် ကိုယ်နှင့်စပ်ဆိုင်သူကို မေတ္တာရှိရန်—ဆင်းရဲချမ်းသာမရွေးအညီအမျှချစ်ရန်—တောင်းဆိုထားသော “ရွှေပညတ်” ကိုနာခံရန် ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်ထားကြစို့။ (ဝတ်ပြုရာ ၁၉:၁၈; မဿဲ ၂၂:၃၇-၄၀) ထိုသို့ဘုရားသခင်တောင်းဆိုထားသောကြောင့် မျက်နှာလိုက်ခြင်းသည် “ဒုစရိုက်ကိုပြု” “[မကောင်းသောအကျင့်] ကိုပြု” ခြင်းဖြစ်သည်။
‘ကရုဏာသည် တရားစီရင်ခြင်းကို ဝမ်းမြောက်တတ်၏’
၆။ အခြားသူများကို ကရုဏာဖြင့်ကျွန်ုပ်တို့မဆက်ဆံလျှင် ပညတ်လွန်ကျူးသူများ မည်သို့ဖြစ်မည်နည်း။
၆ ကျွန်ုပ်တို့သည် ကရုဏာမရှိဘဲ မျက်နှာလိုက်ကြပါက ပညတ်ကိုလွန်ကျူးသူများဖြစ်ကြမည်။ (ယာကုပ် ၂:၁၀-၁၃) ဤကိစ္စတွင် ခြေလှမ်းတစ်ချက်မှားခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ပညတ်အလုံးစုံကို ပြစ်မှားသူများဖြစ်လာသည်။ မတရားမေထုန်မကျူးလွန်ကြသော်လည်း ခိုးမှုပြုကြသော ဣသရေလလူမျိုးများသည် မောရှေ၏ပညတ်ကို ကျူးလွန်သူများဖြစ်လာကြသည်။ ခရစ်ယာန်များအနေနှင့်ကျွန်ုပ်တို့သည် ပဋိညာဉ်တရားသစ်တွင်ရှိသော တရားတော်ကို နှလုံးသွင်းထားကြသည့် ဝိညာဏဣသရေလလူမျိုးဖြစ်သော “လူလွတ်၏တရားတော်” အတိုင်း စီရင်ခံရကြ၏။—ယေရမိ ၃၁:၃၁-၃၃၊ ကဘ။
၇။ ဆက်၍မျက်နှာလိုက်နေလျှင် ဘုရားသခင်ထံမှကရုဏာကို အဘယ်ကြောင့် မမျှော်လင့်သင့်သနည်း။
၇ ကျွန်ုပ်တို့တွင် ယုံကြည်ခြင်းရှိသည်ဟုဆိုကာ မျက်နှာလိုက်ခြင်းတွင်စွဲမြဲနေပါက အန္တရာယ်ရှိသည်။ မေတ္တာနှင့်ကရုဏာကင်းမဲ့သောသူများသည် သနားကရုဏာကင်းမဲ့စွာ တရားစီရင်ခံရလိမ့်မည်။ (မဿဲ ၇:၁၊ ၂) ယာကုပ်က ဤသို့ဆိုသည်– “ကရုဏာသည် တရားစီရင်ခြင်းကို အောင်၍ ဝါကြွား [“ဝမ်းမြောက်၊” ကဘ] တတ်၏။” ကျွန်ုပ်တို့၏ဆက်ဆံမှုအားလုံးတွင် ကရုဏာပြသခြင်းဖြင့် ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြမှုကို လက်ခံမည်ဆိုလျှင် တရားစီရင်ခံရသောအခါ အပြစ်တင်ခံရမည်မဟုတ်ပေ။ ယင်းအစား ကရုဏာခံရပြီး တင်းကျပ်စွာစီရင်မှု သို့မဟုတ် မနှစ်မြို့ဖွယ်စီရင်ချက်ကို အောင်နိုင်ပါလိမ့်မည်။
ယုံကြည်ခြင်းသည် အကျင့်မွန်များကိုဖြစ်ထွန်းစေ
၈။ ယုံကြည်ခြင်းရှိသည်ဟု ပြောနေသော်လည်း အကျင့်မရှိသောသူ၏ အခြေအနေကား အဘယ်နည်း။
၈ ယုံကြည်ခြင်းသည် မေတ္တာနှင့်ကရုဏာတရားရှိစေသည့်အပြင် အခြားကောင်းသောအကျင့်များကို ဖြစ်ထွန်းစေပါသည်။ (ယာကုပ် ၂:၁၄-၂၆) အကျင့်ကင်းမဲ့သောယုံကြည်ခြင်းရှိပါ၏ဟုပြောဆိုခြင်းသည် ကျွန်ုပ်တို့ကိုကယ်တင်မည်မဟုတ်ပါ။ မှန်ပါသည်၊ ပညတ်တရားကိုကျင့်ခြင်းအားဖြင့် ဘုရားသခင့်ရှေ့မှောက်တော်တွင် ဖြောင့်မတ်သူမဖြစ်နိုင်ပေ။ (ရောမ ၄:၂-၅) ယာကုပ်က ဥပဒေတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကြောင့် ကျင့်ကြံပြုမူခြင်းအကြောင်းကို ပြောဆိုနေခြင်းဖြစ်သည်။ ထိုအရည်အသွေးများဖြင့် လှုံ့ဆော်ခံရမည်ဆိုလျှင် ကျွန်ုပ်တို့သည် ဝတ်ပြုသူချင်းများ၏လိုအပ်ရာအတွက် ဆန္ဒဖြင့်သာ ကြင်နာမှုပြမည်မဟုတ်ပေ။ အဝတ်အစားမရှိ၊ ငတ်မွတ်နေသောညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကို ကာယရေးအရ ပေးကမ်းထောက်မလိမ့်မည်။ ‘သင်သည် ဆင်းရဲနွမ်းပါးသောညီအစ်ကိုအား “ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့” ဟုပြောလျက် သူတို့လိုအပ်ရာကိုမပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း’ ဟုယာကုပ်မေးသည်။ အကျိုးမရှိပါ။ (ယောဘ ၃၁:၁၆-၂၂) ယင်း “ယုံကြည်ခြင်း” သည်အသေပင်တည်း!
၉။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိကြောင်း အဘယ်အရာကတင်ပြသနည်း။
၉ ကျွန်ုပ်တို့သည် ဘုရားသခင့်လူမျိုးတော်နှင့် အတော်အတန် ပေါင်းသင်းနေပေမည်၊ သို့သော် နှလုံးအပြည့်ဖြင့်ကျင့်ခြင်းသည်သာ ယုံကြည်ခြင်းရှိကြောင်း ကျွန်ုပ်တို့၏အဆိုကို ထောက်ခံနိုင်မည်။ ကျွန်ုပ်တို့သည် သုံးပါးတစ်ဆူအယူဝါဒကို ငြင်းပယ်ခဲ့ပြီး စစ်မှန်သောဘုရားသခင်တစ်ဆူတည်းကို ယုံကြည်လျှင် ကောင်းပေ၏။ သို့တိုင်၊ ယုံရုံမျှသာသည် ယုံကြည်ခြင်းမဟုတ်ပေ။ “နတ်ဆိုးတို့သည်ယုံ၍” ဖျက်ဆီးခံရတော့မည်ဖြစ်သည့်အတွက် “တုန်” လှုပ်၍ကြောက်ရွံ့ကြသည်။ ကျွန်ုပ်တို့တွင် ယုံကြည်ခြင်းအမှန်တကယ်ရှိလျှင်မူ ယင်းက သတင်းကောင်းဟောပြောခြင်းနှင့် ဆင်းရဲနွမ်းပါးသော ယုံကြည်သူချင်းတို့အား အစားအစာနှင့် အဝတ်အစားများ ထောက်ပံ့ခြင်းတို့ကို ပြုရန်လှုံ့ဆော်မည်ဖြစ်သည်။ ယာကုပ်က ဤသို့မေးသည်– “လျှပ်ပေါ် [ဘုရားသခင်၏တိကျသောအသိပညာနှင့်မပြည့်] သောလူ၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိလိုပါသလော။” မှန်ပါသည်၊ ယုံကြည်ခြင်းတွင် လုပ်ဆောင်မှုရှိဖို့လိုအပ်သည်။
၁၀။ အာဗြဟံသည် “ယုံကြည်ခြင်းလမ်းသို့လိုက်သောသူတို့၏အဘ” ဟုအဘယ်ကြောင့်အခေါ်ခံခဲ့ရသနည်း။
၁၀ ဘုရားသခင်ကိုကိုင်းရှိုင်းသော ဘိုးဘေးအာဗြဟံ၏ ယုံကြည်ခြင်းသည် လုပ်ဆောင်ဖို့တွန်းအားပေးခံခဲ့ရသည်။ “ယုံကြည်ခြင်းလမ်းသို့လိုက်သောသူတို့၏အဘ” အဖြစ်သူသည် “မိမိသားဣဇာက်ကို ယဇ်ပလ္လင်၌တင်လှူပူဇော်သောအခါ၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်” ခဲ့သည်။ (ရောမ ၄:၁၁၊ ၁၂; ကမ္ဘာဦး ၂၂:၁-၁၄) ဘုရားသခင်သည် ဣဇာက်ကိုပြန်၍ထမြောက်စေနိုင်ကြောင်းနှင့် ကိုယ်တော်ကတိထားရာမျိုးနွယ်တော်သည် မိမိထံမှတစ်ဆင့် ပြည့်စုံစေမည်ဖြစ်ကြောင်း အာဗြဟံမယုံကြည်ခဲ့ပါက အသို့နည်း။ သို့ဆိုလျှင် အာဗြဟံသည် မိမိ၏သားကို လုံးဝပူဇော်ဖို့ကြိုးစားခဲ့မည်မဟုတ်ပေ။ (ဟေဗြဲ ၁၁:၁၉) အာဗြဟံ၏နာခံမှုရှိအကျင့်များကြောင့် “သူ၏ယုံကြည်ခြင်းသည် ပြည့်ဝစုံလင်” သို့မဟုတ် ပြီးပြည့်စုံခဲ့ပါသည်။ ထိုနည်းအားဖြင့် “‘အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏’ ဟူသောကျမ်းစကား [ကမ္ဘာဦး ၁၅:၆] ပြည့်စုံလေ၏။” ဣဇာက်ကိုပူဇော်ဖို့ အာဗြဟံကြိုးပမ်းခဲ့သည့် လုပ်ဆောင်မှုများက အာဗြဟံသည် ဖြောင့်မတ်သည်ဟူသော ဘုရားသခင်၏အစောပိုင်းက ကြေညာချက်ကို အတည်ပြုပါသည်။ ယုံကြည်ခြင်းအကျင့်အားဖြင့် ဘုရားသခင်ကို ချစ်ကြောင်းပြသခဲ့ရာ “ယေဟောဝါ၏အဆွေ” ဟုခေါ်ခြင်းခံရသည်။
၁၁။ ရာခပ်၏ကိစ္စတွင် ယုံကြည်ခြင်း၏အဘယ်အထောက်အထား ကျွန်ုပ်တို့တွင်ရှိသနည်း။
၁၁ “လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကို” အာဗြဟံပြသခဲ့သည်။ ယေရိခေါမြို့မှ ပြည့်တန်ဆာရာခပ်သည်လည်း ထို့အတူဖြစ်သည်။ သူမသည် ရန်သူများဖြစ်သောခါနာန်လူမျိုးများလက်မှ လွတ်မြောက်စေခဲ့သည့် “[ဣသရေလ] တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့်လွှတ်လိုက်၍၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်” ခဲ့သည်။ ဣသရေလသူလျှိုများနှင့် မတွေ့ဆုံမီကပင် ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း သူမသိခဲ့ပြီး သူမဆက်ပြောသောစကားများနှင့် ပြည့်တန်ဆာအလုပ်ကို စွန့်လွှတ်ခဲ့ခြင်းက သူမ၏ယုံကြည်ခြင်းကို သာဓကပြခဲ့သည်။ (ယောရှု ၂:၉-၁၁; ဟေဗြဲ ၁၁:၃၁) အကျင့်အားဖြင့်တင်ပြသည့် ယုံကြည်ခြင်းဆိုင်ရာ ဤဒုတိယဥပမာကို ဖော်ပြပြီးနောက် ယာကုပ်က ဤသို့ဆက်ပြောသည်– “ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။” လူတစ်ယောက် သေသောအခါ မည်သည့်လှုပ်ရှားသည့်အစွမ်း၊ သို့မဟုတ် “စပစ်ရစ်” မျှသူ့၌မရှိတော့၊ သို့နှင့် မည်သည့်အရာမျှ မလုပ်ဆောင်နိုင်တော့ချေ။ ယုံကြည်ခြင်းရှိကြောင်းပြောရုံသာပြောလျှင် အသက်မဲ့ပြီး အသုံးမဝင်သည့် အသေကောင်ကဲ့သို့ ဖြစ်နေမည်။ သို့သော်၊ ကျွန်ုပ်တို့၌ စစ်မှန်သောယုံကြည်ခြင်းရှိလျှင် ယင်းက ဘုရားသခင့်ရေးရာလုပ်ဆောင်မှုကိုပြုလုပ်ဖို့ ကျွန်ုပ်တို့အား လှုံ့ဆော်ပေးပါလိမ့်မည်။
ထိုလျှာကို ချုပ်တည်းလော့!
၁၂။ အသင်းတော်တွင် အကြီးအကဲများသည် အဘယ်အရာကိုလုပ်သင့်ကြသနည်း။
၁၂ စကားပြောခြင်းနှင့် သွန်သင်ခြင်းသည်လည်း ယုံကြည်ခြင်းရှိကြောင်း ထင်ရှားစေနိုင်သည်၊ သို့သော် ချုပ်တည်းဖို့လိုပါသည်။ (ယာကုပ် ၃:၁-၄) အသင်းတော်တွင် သွန်သင်သူများအဖြစ် အကြီးအကဲများသည် ကြီးလေးသောတာဝန်ရှိပြီး ဘုရားသခင်ထံ၌ ကြီးမားသောစာရင်းရှင်းရန်ရှိသည်။ ထို့ကြောင့် သူတို့သည် မိမိတို့ရည်ရွယ်ချက်များနှင့် အရည်အချင်းများကို နှိမ့်ချစွာဆန်းစစ်သင့်သည်။ အသိပညာနှင့်စွမ်းရည်အပြင် ဤသူများသည် ဘုရားသခင်နှင့် ယုံကြည်သူချင်းတို့အတွက် နက်ရှိုင်းသောမေတ္တာရှိရမည်။ (ရောမ ၁၂:၃၊ ၁၆; ၁ ကောရိန္သု ၁၃:၃၊ ၄) အကြီးအကဲများသည် သူတို့၏အကြံဉာဏ်ကို ကျမ်းချက်များအပေါ်အခြေခံရမည်။ အကြီးအကဲတစ်ဦး၏ သွန်သင်ချက်သည်မှားယွင်းကာ အခြားသူများအတွက် ပြဿနာများပေါ်ပေါက်စေပါက သူ့ကိုခရစ်တော်မှတစ်ဆင့် မနှစ်မြို့ဖွယ် ဘုရားသခင်တရားစီရင်တော်မူလိမ့်မည်။ ထို့ကြောင့် အကြီးအကဲများသည် နှိမ့်ချမှုရှိပြီး ကြိုးစားလေ့လာသူများ၊ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သစ္စာရှိစွာလိုက်လျှောက်သူများဖြစ်သင့်သည်။
၁၃။ ကျွန်ုပ်တို့သည် စကားအားဖြင့်အဘယ်ကြောင့်မှားတတ်ကြသနည်း။
၁၃ ကောင်းစွာသွန်သင်ပေးသူများပင်လျှင်—အမှန်အားဖြင့် ကျွန်ုပ်တို့အားလုံးသည်—မစုံလင်ခြင်းကြောင့် “အများအားဖြင့်မှား” တတ်ကြ၏။ စကားအားဖြင့်မှားခြင်းသည် အများဆုံးဖြစ်တတ်ရာတစ်ခုဖြစ်ပြီး ထိခိုက်စေသော အားနည်းချက်တစ်ခုဖြစ်သည်။ ယာကုပ်က ဤသို့ပြောသည်– “စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကိုချူပ်တည်းနိုင်သောသူဖြစ်၏။” ယေရှုခရစ်နှင့်မတူကြဘဲ ကျွန်ုပ်တို့သည်လျှာကိုသဲလဲစင်မချုပ်တည်းနိုင်ကြပါ။ ချုပ်တည်းနိုင်မည်ဆိုလျှင် ကိုယ်ခန္ဓာ၏အခြားအစိတ်အပိုင်းများကိုလည်း ချုပ်တည်းနိုင်ပေမည်။ အမှန်သော် ဇက်ကြိုးဖြင့်မြင်းကို ဦးလှည့်သွားစေနိုင်ပြီး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းထန်သောလေဟုန်နှင့်လွင့်သွားသော်လည်း တက်မကိုင်အလိုရှိရာအရပ်သို့ သေးငယ်သောတက်မဖြင့်လှည့်ပေးနိုင်သည်။
၁၄။ လျှာကိုချုပ်တည်းနိုင်ရန် ကြိုးစားအားထုတ်ဖို့လိုကြောင်းကို ယာကုပ်ကမည်သို့အလေးပေးဖော်ပြသနည်း။
၁၄ ကျွန်ုပ်တို့အားလုံးသည် လျှာကိုချုပ်တည်းဖို့ ကြိုးစားမှုအမှန်လိုအပ်ကြောင်း ရိုးသားစွာဝန်ခံရမည်။ (ယာကုပ် ၃:၅-၁၂) မြင်းတစ်ကောင်နှင့် နှိုင်းယှဉ်လျှင် ဇက်ကြိုးသည်သေးငယ်၏; ထို့အတူ တက်မတစ်ခုသည် သင်္ဘောတစ်စင်းနှင့်ယှဉ်လျှင် အလွန်သေးငယ်၏။ လျှာသည်လည်း လူ့ကိုယ်ခန္ဓာနှင့်ယှဉ်လိုက်သောအခါ သေးငယ်၏၊ သို့သော်လည်း “အလွန်ဝါကြွားတတ်၏။” ကျမ်းစာက ဝါကြွားခြင်းကို ဘုရားသခင်မနှစ်သက်ကြောင်းရှင်းပြထားရာ ယင်းမှရှောင်ကြဉ်နိုင်ရန် ကိုယ်တော်၏အကူအညီကိုရှာယူကြစို့။ (ဆာလံ ၁၂:၃၊ ၄; ၁ ကောရိန္သု ၄:၇) မီးပွားငယ်လေးတစ်ခုမျှဖြင့် တောအုပ်မီးလောင်နိုင်သည်ကို သတိရကာ စိတ်အဆွခံရသောအခါ၌လည်း ကျွန်ုပ်တို့၏လျှာကိုထိန်းနိုင်ပါစေ။ ယာကုပ်ဖော်ပြသကဲ့သို့ “လျှာသည် မီးဖြစ်” ပြီးကြီးစွာသောထိခိုက်မှုကို ဖြစ်စေနိုင်သည့်အစွမ်းရှိသည်။ (သု. ၁၈:၂၁) ထိန်းသိမ်းရခက်သောလျှာကိုယ်နှိုက်သည် “ဒုစရိုက် “[မကောင်းသောအကျင့်] ၏လောကဓာတ်ဖြစ်” သတည်း! ဤဘုရားတရားမဲ့သောလောက၏ ဆိုးသွမ်းသည့်စရိုက်ဟူသမျှသည် ထိန်းချုပ်မရသောလျှာနှင့် ဆက်စပ်လျက်ရှိသည်။ ယင်းသည် သွားပုပ်လေလွင့်ပြောဆိုခြင်းနှင့် မှားယွင်းသောသွန်သင်ခြင်းအစရှိသော ထိခိုက်ပျက်စီးစေသောအရာများ၏ တရားခံဖြစ်သည်။ (ဝတ်ပြုရာ ၁၉:၁၆; ၂ ပေတရု ၂:၁) သင်မည်သို့ထင်သနည်း။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် လျှာကိုချုပ်တည်းရန် ကြိုးစားဖို့လှုံ့ဆော်မပေးသင့်ပေလော။
၁၅။ အထိန်းမရှိသောလျှာကြောင့် အဘယ်ဆိုးကျိုးများ ဖြစ်နိုင်မည်နည်း။
၁၅ ထိန်းချုပ်မရသောလျှာသည် ကျွန်ုပ်တို့ကို လုံးလုံး “ညစ်ညူး” စေသည်။ ဥပမာ၊ ကျွန်ုပ်တို့သည်အကြိမ်ကြိမ်လိမ်ညာနေကြောင်းမိသွားလျှင် လူလိမ်အဖြစ်နာမည်ကျော်သွားမည်။ သို့ရာတွင် မထိန်းချုပ်သောလျှာသည် မည်သို့ ‘ဇာတိစက်ကိုရှို့’ သနည်း။ အသက်တာကို ဆိုးကျိုးသံသရာဝဲသြဃတစ်ခုသဖွယ် ဖြစ်စေခြင်းအားဖြင့်ဖြစ်သည်။ အသင်းတော်တစ်ခုလုံးသည် ထိန်းချုပ်မရသောလျှာတစ်ခုကြောင့် ကမောက်ကမဖြစ်သွားနိုင်သည်။ ယာကုပ်သည် ဟိန္နုံချိုင့်ဖြစ်သော “ဂေဟင်္နာ” အရပ်ကိုဖော်ပြသည်။ တစ်ချိန်က ကလေးများကိုယဇ်ပူဇော်ရန်အတွက် အသုံးပြုခဲ့သည့် ၎င်းနေရာသည် ယေရုရှလင်မြို့၏ အမှိုက်သရိုက်များကို မီးရှို့ပစ်သည့် နေရာတစ်ခုဖြစ်လာသည်။ (ယေရမိ ၇:၃၁) ထို့ကြောင့်ဂေဟင်္နာသည် လုံးဝဖျက်ဆီးခံရခြင်းကို ပုံဆောင်သည်။ တစ်နည်းအားဖြင့် ဂေဟင်္နာသည် ယင်း၏အဖျက်စွမ်းအားကို ထိန်းသိမ်းရခက်သောလျှာအား ပေးလိုက်သည့်သဘော သက်ရောက်သည်။ ကျွန်ုပ်တို့၏လျှာကို မထိန်းပါက ကျွန်ုပ်တို့စမွှေးသည့်မီးဖြင့် ကိုယ်တိုင်ပြန်အလောင်ခံရသူ ဖြစ်သွားနိုင်ပေသည်။ (မဿဲ ၅:၂၂) တစ်စုံတစ်ဦးကို ကဲ့ရဲ့သည့်အတွက်ကြောင့် ကျွန်ုပ်တို့သည် အသင်းတော်မှနှင်ထုတ်ခံရသည့်အထိပင် ဖြစ်သွားနိုင်ပေသည်။—၁ ကောရိန္သု ၅:၁၁-၁၃။
၁၆။ ထိန်းသိမ်းရခက်သောလျှာက ဖြစ်ပေါ်စေနိုင်သောထိခိုက်မှုကို ထောက်ရှုလျှင် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။
၁၆ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ရှုခြင်းမှ သင်သိမည်ဖြစ်သည့်အတိုင်း လူသည် တိရစ္ဆာန်များကို အုပ်စိုးသင့်ကြောင်း ယေဟောဝါမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) သတ္တဝါမျိုးပေါင်းစုံကို ယဉ်ပါးအောင်လုပ်နိုင်ခဲ့ကြပြီ။ သာဓကအားဖြင့် လေ့ကျင့်ထားသောသိမ်းငှက်များကို အမဲလိုက်ရာတွင် အသုံးပြုခဲ့ကြသည်။ ယာကုပ်ဖော်ပြသော ‘တွားတတ်သည့် တိရစ္ဆာန်မျိုး’ တွင်မြွေအလပ်မာယ်ဆရာများ၏ ထိန်းချုပ်ခံရသော မြွေများပါဝင်နိုင်သည်။ (ဆာလံ ၅၈:၄၊ ၅) လူသည် ဝေလငါးများကိုပင် ထိန်းနိုင်သော်လည်း အပြစ်သားများဖြစ်ကြသော ကျွန်ုပ်တို့သည် လျှာကိုအပြည့်အဝမယဉ်ပါးစေနိုင်ကြပါ။ သို့သော်ငြားလည်း ကျွန်ုပ်တို့သည် ဆဲဆိုခြင်း၊ ထိခိုက်နာကြည်းစေသော၊ သို့မဟုတ် သွားပုပ်လေလွင့်ပြောဆိုမှုတို့ကို ရှောင်ကြဉ်သင့်သည်။ ထိန်းသိမ်းရခက်သောလျှာသည် သေစေနိုင်သောအဆိပ်ဖြင့်ပြည့်နေသည့် တန်ဆာပလာတစ်ခုနှင့်တူနိုင်သည်။ (ရောမ ၃:၁၃) မှောက်မှားသောသွန်သင်သူများ၏လျှာသည် အစောပိုင်းခရစ်ယာန်တချို့ကို ဘုရားသခင်ထံမှ ဦးလှည့်သွားစေခဲ့ကြသည်မှာ ဝမ်းနည်းဖွယ်ရာပင်။ ထို့ကြောင့် ရေးသားခြင်းဖြင့်ဖြစ်စေ၊ အပြောဖြင့်ဖြစ်စေ တင်ပြလာသည့် အဆိပ်ပြင်းသော အယူဖောက်ပြန်စကားများ၏ လွှမ်းမိုးမှုကို ဘယ်တော့မျှမခံကြစို့နှင့်။—၁ တိမောသေ ၁:၁၈-၂၀; ၂ ပေတရု ၂:၁-၃။
၁၇၊ ၁၈။ ယာကုပ် ၃:၉-၁၂ တွင်အဘယ်ရှေ့နောက်မညီမှုအချို့ကို ထောက်ပြထားပြီး ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။
၁၇ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ကိုယ်တော်၏အလိုတော်နှင့်တွေ့လိုခြင်းသည် အယူဖောက်ပြန်ခြင်းမှ ကျွန်ုပ်တို့ကိုကာကွယ်နိုင်ပြီး လျှာကိုရှေ့နောက်မညီအသုံးပြုခြင်းမှ တားဆီးပေးနိုင်သည်။ ရှေ့နောက်မညီမှုရှိသူအချို့ကိုညွှန်ပြ၍ ယာကုပ်ပြောသည်မှာ ‘ကျွန်ုပ်တို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏’ ဟူ၍ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆) ယေဟောဝါသည် “ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသော” ကျွန်ုပ်တို့၏ခမည်းတော်ဖြစ်သည်။ (တမန်တော် ၁၇:၂၄၊ ၂၅) ကိုယ်တော်သည် ဝိညာဉ်ရေးသဘောအရ ဘိသိက်ခံခရစ်ယာန်များ၏ဖခင်လည်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖြစ်ကြသောကြောင့် ချစ်ခြင်း၊ တရားမျှတခြင်းနှင့် ဉာဏ်ပညာအပါအဝင် စိတ်ပိုင်းဆိုင်ရာနှင့် အကျင့်ဆိုင်ရာ အရည်အသွေးများတွင် တိရစ္ဆာန်များနှင့်ကွာခြားကြသည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည် ယေဟောဝါ၌ယုံကြည်ခြင်းရှိလျှင် မည်သို့လုပ်ဆောင်သင့်သနည်း။
၁၈ လူတို့ကို ကျွန်ုပ်တို့ကျိန်ဆဲမည်ဆိုလျှင် သူတို့အပေါ်ဆိုးကျိုးသက်ရောက်စေရန် ထက်သန်စွာတောင်းဆိုရာ သို့မဟုတ် ကျိန်ဆိုရာကျသည်။ ကျွန်ုပ်တို့သည် တစ်စုံတစ်ဦးကို ကျိန်ဆိုဖို့ ဘုရားသခင့်မှုတ်သွင်းခံ အခွင့်အာဏာရ ပရောဖက်များမဟုတ်ကြသည့်အတွက် ထိုသို့သောပြောဆိုမှုများသည် မုန်းတီးမှု၏အထောက်အထားဖြစ်မည်ဖြစ်ပြီး ဘုရားသခင်အား ထောမနာချီးမွမ်းခြင်းကို အချည်းနှီးဖြစ်စေပေမည်။ နှုတ်တစ်ပါးတည်းက “ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း” ထွက်လာခြင်းသည်မသင့်လျော်ပါ။ (လုကာ ၆:၂၇၊ ၂၈; ရောမ ၁၂:၁၄၊ ၁၇-၂၁; ယုဒ ၉) အစည်းအဝေးများတွင် ဘုရားသခင်ကိုချီးမွမ်းသီဆိုကြပြီးနောက်တွင် ယုံကြည်သူချင်းများကို ဆိုးရွားစွာပြောဆိုခြင်းသည် တကယ့်အပြစ်ကြီးပါတကား! စမ်းရေပေါက်တစ်ပေါက်တည်းမှ ချိုသောရေနှင့် ခါးသောရေ မထွက်နိုင်ပေ။ “သင်္ဘောသဖန်းပင်သည် သံလွင်သီးကိုမသီးနိုင်” သကဲ့သို့ ငန်သောရေသည် ချိုသောရေကို မဖြစ်စေနိုင်ပါ။ ကျွန်ုပ်တို့သည် ကောင်းသောစကားကိုပြောသင့်သော်လည်း နာကြည်းဖွယ်စကားများကို စွဲမြဲစွာပြောနေလျှင် ဝိညာဉ်ရေးအရ တစ်စုံတစ်ခုမှားနေပေပြီ။ ထိုအကျင့်ရှိနေလျှင် ယင်းနည်းဖြင့်ပြောဆိုခြင်းကို ရပ်ဆိုင်းဖို့ ယေဟောဝါ၏အကူအညီအတွက် ဆုတောင်းကြစို့။—ဆာလံ ၃၉:၁။
အထက်မှသက်ရောက်သောဉာဏ်ပညာဖြင့် ကျင့်ဆောင်ပါ
၁၉။ ကောင်းကင်ဆိုင်ရာဉာဏ်ပညာ၏ လမ်းပြမှုကို ကျွန်ုပ်တို့ခံရပါက အခြားသူများအပေါ် မည်သို့အကျိုးသက်ရောက်နိုင်မည်နည်း။
၁၉ ကျွန်ုပ်တို့အားလုံးသည် ယုံကြည်ခြင်းရှိသောသူများနှင့် လျော်ညီစွာ ပြောဆိုလုပ်ဆောင်ဖို့ ဉာဏ်ပညာလိုသည်။ (ယာကုပ် ၃:၁၃-၁၈) ကျွန်ုပ်တို့တွင် ဘုရားသခင်ကိုရိုသေကိုင်းရှိုင်းသော ကြောက်ရွံ့ခြင်းရှိလျှင် ကောင်းကင်ဆိုင်ရာဉာဏ်ပညာ၊ အသိပညာကို မှန်ကန်စွာအသုံးချနိုင်သည့်အရည်အသွေးကို ကိုယ်တော်ပေးအပ်တော်မူသည်။ (သု. ၉:၁၀; ဟေဗြဲ ၅:၁၄) “ပညာ၏နူးညံ့သိမ်မွေ့ခြင်း” ကိုမည်သို့ပြသဖို့ ကိုယ်တော့်နှုတ်ကပါဌ်တော်က သွန်သင်ပေးသည်။ ကျွန်ုပ်တို့သည်နူးညံ့သိမ်မွေ့သောကြောင့် အသင်းတော်ဆိုင်ရာ ငြိမ်သက်ခြင်းကို တိုးပွားစေပါသည်။ (၁ ကောရိန္သု ၈:၁၊၂) မိမိတို့သည် ယုံကြည်သူချင်းများကို သွန်သင်သူကြီးများဖြစ်ကြသည်ဟု ဝါကြွားသောသူ မည်သူမဆိုသည် သူ၏ဘဝင်မြင့်သောစိတ်ထားကို ရှုတ်ချသည့် ‘ခရစ်ယာန်သမ္မာတရားကို မုသာဖြင့်ဆန်’ နေကြသည်။ (ဂလာတိ ၅:၂၆) သူတို့၏ “ပညာ” သည်ဘုရားသခင်နှင့်ကင်းကွာနေသော အပြစ်သားများ၏စရိုက်လက္ခဏာဖြစ်သော “မြေကြီးပညာ” ဖြစ်သည်။ ယင်းပညာသည် သွေးသားတပ်မက်မှုမှ ပေါ်ထွက်လာရာ “ဇာတိ” [“တိရစ္ဆာန်ဆိုင်ရာ၊” ကဘ] ပညာဖြစ်သည်။ နာမ်ဝိညာဉ်ဆိုးများသည် ဝင့်ဝါမာန်တက်တတ်ကြသောကြောင့် ယင်းသည် “နတ်ဆိုးပညာ” ပင်ဖြစ်သတည်း! (၁ တိမောသေ ၃:၆) ထို့ကြောင့် သွားပုပ်လေလွင့်ပြောဆိုခြင်းနှင့် မျက်နှာလိုက်ခြင်းကဲ့သို့သော ‘ဆိုးညစ်ခြင်းအမျိုးမျိုး’ ကိုရှင်သန်စေနိုင်သည့်ဝန်းကျင်တစ်ခုကို မဖန်တီးမိရလေအောင် ဉာဏ်ပညာနှင့် နှိမ့်ချစွာဖြင့်ကျင့်ဆောင်ကြစို့။
၂၀။ ကောင်းကင်ဆိုင်ရာ ဉာဏ်ပညာကို သင်မည်သို့ဖော်ပြမည်နည်း။
၂၀ “အထက်ရပ်ပညာကား ရှေးဦးစွာစင်ကြယ်” ၍အကျင့်ပိုင်းနှင့် ဝိညာဉ်ရေးဆိုင်ရာစင်ကြယ်မှုရှိစေသည်။ (၂ ကောရိန္သု ၇:၁၁) ယင်းပညာသည် “ငြိမ်းချမ်း” ပြီးငြိမ်သက်ခြင်းကို ကျွန်ုပ်တို့အားမီအောင်လိုက်စေသည်။ (ဟေဗြဲ ၁၂:၁၄) ကောင်းကင်ဆိုင်ရာ ဉာဏ်ပညာသည် ကျွန်ုပ်တို့အား လူ့တစ်ယူသန်များနှင့် လူ့ကန့်လန့်များမဖြစ်စေဘဲ “သင့်တင့်လျော်ကန်” သူများဖြစ်စေပါသည်။ (ဖိလိပ္ပိ ၄:၅) အထက်မှပညာသည် “နာခံရန်အသင့်” ဖြစ်စေရာ မြင့်မြတ်သောသွန်သင်ခြင်းကို နာခံဖို့နှင့် ယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် အားပေးသည်။ (ရောမ ၆:၁၇) အထက်အရပ်မှသက်ရောက်သောပညာသည် ကျွန်ုပ်တို့ကို သနားကရုဏာ၊ ထောက်ထားစာနာမှုလည်းရှိစေသည်။ (ယုဒ ၂၂၊ ၂၃) “ကောင်းမြတ်သောအသီးများ” နှင့်ပြည့်ဝသောကြောင့် အခြားသူများအတွက်ပူပန်စေတတ်ပြီး ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သမ္မာတရားနှင့်အညီ ကျင့်ဆောင်စေပါသည်။ (ဧဖက် ၅:၉) ထို့အပြင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသူများအဖြစ် ငြိမ်းချမ်းသောအခြေအနေများအောက်တွင် ရှင်သန်သည့် “ဖြောင့်မတ်ခြင်းအသီး” ကိုကျွန်ုပ်တို့သီးပွင့်နိုင်ကြသည်။
၂၁။ ယာကုပ် ၂:၁–၃:၁၈ အရ ဘုရားသခင်၌ယုံကြည်ခြင်းက ကျွန်ုပ်တို့အား အဘယ်အရာကို လုပ်ဆောင်ရန်လှုံ့ဆော်သင့်သနည်း။
၂၁ သို့ဖြစ်၍ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို လုပ်ဆောင်ရန် လှုံ့ဆော်သည်မှာ ရှင်းနေပေသည်။ ယင်းက ကျွန်ုပ်တို့ကို မျက်နှာမလိုက်စေဘဲ၊ ကရုဏာနှင့် ကောင်းသောအကျင့်များကို ပြုကျင့်စေသည်။ ယုံကြည်ခြင်းသည် လျှာကိုချုပ်တည်းပြီး ကောင်းကင်ဆိုင်ရာ ဉာဏ်ပညာဖြင့်ကျင့်ဆောင်ဖို့ ကျွန်ုပ်တို့ကိုကူညီပေးသည်။ သို့ရာတွင် ဤစာစောင်မှ ကျွန်ုပ်တို့သင်ယူရရှိရာသည် ယင်းထက်မကပေ။ ယေဟောဝါ၌ ယုံကြည်သူများနှင့်ထိုက်တန်သော ပြုမူပြောဆိုပုံအတိုင်းပြုမူရန် အကူအညီပေးနိုင်သည့် နောက်ထပ်အကြံဉာဏ်ကို ယာကုပ်ပေးသည်။
သင်မည်သို့ဖြေဆိုမည်နည်း
◻ မျက်နှာလိုက်ခြင်း၏ အမှားကားအဘယ်နည်း။
◻ ယုံကြည်ခြင်းနှင့်အကျင့်သည် မည်သို့ဆက်စပ်နေသနည်း။
◻ လျှာကိုချုပ်တည်းရန် အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။
◻ ကောင်းကင်ဆိုင်ရာဉာဏ်ပညာကား အဘယ်အရာနည်း။