ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၅/၁၅ စာ. ၁၆-၂၀
  • သင့်ယုံကြည်ခြင်းအရည်အသွေး —ယခုစမ်းသပ်ခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ယုံကြည်ခြင်းအရည်အသွေး —ယခုစမ်းသပ်ခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်မည်သို့ စမ်းသပ်ခံရနိုင်ဖွယ်ရှိသနည်း
  • စမ်းသပ်ခံပြီးသောယုံကြည်ခြင်းမှ အကျိုးကျေးဇူး
  • ခရစ်ယာန်ယုံကြည်ခြင်း စမ်းသပ်ခံရအံ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ‘အိုထာဝရဘုရားသခင်၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်းတော်မူပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • စမ်းသပ်မှုများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “ယုံကြည်ခြင်းလိုနေသည့်နေရာတွင် ကျွန်ုပ်အားကူညီပေးတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၅/၁၅ စာ. ၁၆-၂၀

သင့်ယုံကြည်ခြင်းအရည်အသွေး —ယခုစမ်းသပ်ခံရ

“ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကိုပွားစေတတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။”—ယာကုပ် ၁:၂၊ ၃။

၁။ ခရစ်ယာန်များသည် ယုံကြည်ခြင်းစမ်းသပ်ခံရဖို့ အဘယ်ကြောင့်မျှော်လင့်သင့်သနည်း။

စစ်မှန်သောခရစ်ယာန်များသည် ဒုက္ခဆင်းရဲမခံလိုကြပါ၊ နာကျင်ခြင်း သို့မဟုတ် အရှက်ခွဲခံရခြင်းတို့ကို မနှစ်သက်ကြပါ။ သို့တိုင် ယေရှု၏မိတူဖကွဲညီ ယာကုပ်ရေးသားခဲ့သော အထက်ပါစကားများကို စိတ်ထဲတွင်ထားကြ၏။ ဘုရားသခင်၏စံနှုန်းများအတိုင်း ကျင့်ကြံကြသောကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အခြားအခက်အခဲများကိုကြုံတွေ့ရန် မျှော်လင့်နိုင်ကြောင်း ခရစ်တော်သည် မိမိ၏တပည့်များအားရှင်းလင်းစွာဆိုခဲ့သည်။ (မဿဲ ၁၀:၃၄; ၂၄:၉-၁၃; ယောဟန် ၁၆:၃၃) သို့ဖြစ်စေကာမူ ထိုသို့သောစမ်းသပ်မှုများမှ ပျော်ရွှင်မှုရရှိနိုင်သည်။ အသို့နည်း။

၂။ (က) ကျွန်ုပ်တို့၏ယုံကြည်ခြင်း စမ်းသပ်မှုများမှ မည်သို့ပျော်ရွှင်မှုကို ဖြစ်စေနိုင်သနည်း။ (ခ) ခံနိုင်ရည်သည် ကျွန်ုပ်တို့၏အဖြစ်အပျက်တွင် မည်သို့အကုန်အစင်ပြုပြင်နိုင်မည်နည်း။

၂ စုံစမ်းနှောင့်ယှက်မှုများ သို့မဟုတ် ယုံကြည်ခြင်းစမ်းသပ်မှုများခံရစဉ် ပျော်ရွှင်မှုရခြင်း၏ သော့ချက်မှာ ယင်းတို့သည် ကောင်းသောအသီးသီးပွင့်နိုင်စေသောကြောင့်ဖြစ်သည်။ ယာကုပ်ပြောသကဲ့သို့ပင် စမ်းသပ်မှုများ သို့မဟုတ် အခက်အခဲများကို ရင်ဆိုင်ရသောအခါ ခံရပ်ခြင်းက “သည်းခံခြင်း [“ခံနိုင်ရည်၊” ကဘ] ကို” တိုးပွားစေတတ်၏။ ကျွန်ုပ်တို့သည် ထိုတန်ဖိုးရှိသောခရစ်ယာန်အရည်အသွေးကို မွေးမြူခြင်းမှ အကျိုးရယူနိုင်သည်။ ယာကုပ်က ဤသို့ရေးသားခဲ့သည်– “သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင်ပါစေ။” (ယာကုပ် ၁:၄) ခံနိုင်ရည်သည် လုပ်ဆောင်စရာ “အလုပ်” တစ်ခုရှိသည်။ ယင်း၏တာဝန်မှာ ကျွန်ုပ်တို့အား အဘက်ဘက်တွင် ပြီးပြည့်သောခရစ်ယာန်များအဖြစ် ပြည့်ဝစေရန်ဖြစ်သည်။ သို့ဖြင့် စုံစမ်းနှောင့်ယှက်ခြင်းများကို အလျင်အမြန်ရပ်တန့်သွားစေရန် ကျမ်းစာနှင့်မညီညွတ်သည့် မည်သည့်နည်းကိုမျှအသုံးပြုရန်မကြိုးပမ်းဘဲ ယင်းတို့ကို ဆက်ဖြစ်ခွင့်ပြုခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် စမ်းသပ်ခံရပြီးဖြစ်ကာ သန့်စင်ပြီးဖြစ်မည်။ ကျွန်ုပ်တို့သည် အခြေအနေများ သို့မဟုတ် လူအချင်းချင်းတို့နှင့် ဆက်ဆံရာတွင် စိတ်ရှည်ခြင်း၊ ထောက်ထားစာနာခြင်း၊ ကြင်နာခြင်း သို့မဟုတ် ချစ်ခြင်းမေတ္တာလျော့နည်းနေပါက သာ၍ပြည့်ဝလာရန် ခံနိုင်ရည်က ပြုလုပ်ပေးနိုင်သည်။ မှန်ပါသည်၊ အကျိုးဆက်မှာ စမ်းသပ်မှုများသည် ခံနိုင်ရည်ကိုဖြစ်ထွန်းစေ၏; ခံနိုင်ရည်သည် ခရစ်ယာန်အရည်အသွေးများကို တိုးပွားစေသည်; ယင်းတို့သည် ပျော်ရွှင်စရာအကြောင်းဖြစ်သည်။—၁ ပေတရု ၄:၁၄; ၂ ပေတရု ၁:၅-၈။

၃။ စုံစမ်းနှောင့်ယှက်မှုများ သို့မဟုတ် ယုံကြည်ခြင်းစမ်းသပ်မှုများခံရမည်ကို ကြောက်ရွံ့ပြီး အဘယ်ကြောင့်မတွန့်ဆုတ်သင့်သနည်း။

၃ တမန်တော်ပေတရုကလည်း ယုံကြည်ခြင်းစမ်းသပ်မှုများကို ကျွန်ုပ်တို့အဘယ်ကြောင့်မကြောက်ရွံ့ သို့မဟုတ် မတွန့်ဆုတ်သင့်ကြောင်း ပေါ်လွင်စေခဲ့သည်။ သူကဤသို့ရေးသားခဲ့သည်– “အရည်ကျို၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကိုစစ်ကြောခြင်းအရာသည် သာ၍မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလိုငှာဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသောစုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသောကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။” (၁ ပေတရု ၁:၆၊ ၇) ဤစကားများသည် အထူးသဖြင့် ယခု သာ၍အားရဖွယ်ဖြစ်သည်၊ အကြောင်းမှာ ချီးမွမ်းခြင်း၊ ဘုန်းတန်ခိုး၊ ဂုဏ်တင်ခြင်းနှင့် ကပ်ကျော်ခြင်းကာလဖြစ်သည့် “ကြီးစွာသောဒုက္ခ” သည် အချို့သူတို့ယူဆသည်ထက် သာ၍နီးကပ်နေပြီဖြစ်ကာ ကျွန်ုပ်တို့ ယုံကြည်သူများဖြစ်ခါစအချိန်ထက် သာ၍နီးနေသောကြောင့်ဖြစ်သည်။—မဿဲ ၂၄:၂၁; ရောမ ၁၃:၁၁၊ ၁၂။

၄။ ညီအစ်ကိုတစ်ဦးသည် မိမိနှင့် အခြားဘိသိက်ခံများတွေ့ကြုံခဲ့ရသော စမ်းသပ်မှုများနှင့်ပတ်သက်၍ မည်သို့ခံစားခဲ့ရသနည်း။

၄ ရှေ့ဆောင်းပါးတွင် ၁၉၁၄ ခုနှစ်မှစ၍ ဘိသိက်ခံအကြွင်းအကျန် ရင်ဆိုင်ခဲ့ရသော စမ်းသပ်မှုများကို ကျွန်ုပ်တို့ သုံးသပ်ခဲ့ကြ၏။ ယင်းတို့သည် ပျော်ရွှင်စရာအခြေခံ ဖြစ်ခဲ့ပါသလော။ အေ. အိပ်ချ်. မက္ခမီလန်က နှောင်းဖြစ်အင်ကိုဆင်ခြင်၍ ဤသို့ဆိုခဲ့သည်– “အဖွဲ့အစည်းအပေါ်ကျရောက်ခဲ့သည့် ပြင်းထန်သောစုံစမ်းနှောင့်ယှက်ခြင်းများနှင့် ၎င်းအတွင်းရှိသူများ၏ ယုံကြည်ခြင်းစမ်းသပ်မှုများကို ကျွန်တော်တွေ့မြင်ခဲ့ရပါပြီ။ ၎င်းသည် ဘုရားသခင့်ဝိညာဉ်တော်အကူအညီဖြင့် ယနေ့တိုင်ရပ်တည်နေပြီး ဆက်တိုးတက်ကြီးပွားနေပါသည်။ အကြောင်းအရာအသစ်တစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည့်အစား ကျမ်းစာဆိုင်ရာ အကြောင်းများကို သဘောပေါက်နားလည်ဖို့ ယေဟောဝါရှင်းပြပေးမည့်အချိန်ကို စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းနေခြင်း၏ဉာဏ်ပညာကို ကျွန်တော်တွေ့မြင်ခဲ့ရပါပြီ။ . . . ကျွန်တော်တို့၏ရှုမြင်ပုံနှင့်ပတ်သက်၍ ရံဖန်ရံခါ မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမဆိုပြုရပါစေ၊ ယင်းက ကရုဏာပါသောရွေးနုတ်ဖိုးပြင်ဆင်ပေးချက်နှင့် ထာဝရအသက်နှင့်ဆိုင်သော ဘုရားသခင့်ကတိတော်ကို ပြောင်းလဲသွားစေမည်မဟုတ်ပါ။ ထို့ကြောင့် မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာသောကြောင့် သို့မဟုတ် ရှုမြင်ပုံများပြောင်းလဲသွားသောကြောင့် ယုံကြည်ခြင်းအားနည်းသွားစရာအကြောင်းမရှိပါ။”—၁၉၆၉၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၅၀၄ [လိပ်]။

၅။ (က) အကြွင်းအကျန်သည် စမ်းသပ်ခံခဲ့ရခြင်းမှ အဘယ်အကျိုးများဖြစ်ပေါ်ခဲ့သနည်း။ (ခ) ဤစမ်းသပ်ခြင်းဖြစ်ရပ်သည် ကျွန်ုပ်တို့အတွက် ယခု အဘယ်ကြောင့်စိတ်ဝင်စားစရာ ဖြစ်သင့်သနည်း။

၅ ၁၉၁၄–၁၉ ခုနှစ်အတွင်း စမ်းသပ်ရာကာလကို ကျော်လွှားခဲ့ကြသော ဘိသိက်ခံခရစ်ယာန်များသည် ဤလောက၏သြဇာလွှမ်းမိုးမှုနှင့် ဗာဗုလုန်ဘာသာရေးဆိုင်ရာထုံးစံဓလေ့များမှ လွတ်မြောက်ခဲ့ကြသည်။ အကြွင်းအကျန်သည် စင်ကြယ်၍ သန့်စင်ပြီးဖြစ်သောလူမျိုးတစ်မျိုးအဖြစ် ရှေ့သို့ချီတက်ကြပြီး ဘုရားသခင်အားချီးမွမ်းခြင်းယဇ်ကို စိတ်လိုကိုယ်လျောက်ပူဇော်ကြကာ လူစုတစ်စုအနေနှင့် သူတို့ကို ကိုယ်တော်နှစ်သက်လက်ခံမည်ဟု စိတ်ချနေကြ၏။ (ဟေရှာယ ၅၂:၁၁; ၂ ကောရိန္သု ၆:၁၄-၁၈) တရားစီရင်ခြင်းသည် ဘုရားသခင့်အိမ်တော်မှစတင်ခဲ့သော်လည်း ယင်းသည် သတ်မှတ်ထားသည့်တစ်ကာလအတွင်း ပြီးစီးလိမ့်မည်မဟုတ်ချေ။ ယေဟောဝါ၏လူမျိုးသည် ဆက်၍ စမ်းသပ်မှုနှင့် ဆန်ကာချခြင်းကို ခံနေကြရသည်။ ချဉ်းကပ်လာနေသည့် “ကြီးစွာသောဒုက္ခ” ကို “လူအုပ်ကြီး” အဝင်များအဖြစ်ကပ်ကျော်ရန် မျှော်လင့်သူတို့သည်လည်း ယုံကြည်ခြင်းစမ်းသပ်ခံနေကြရသည်။ (ဗျာဒိတ် ၇:၉၊ ၁၄) ယင်းကို ဘိသိက်ခံအကြွင်းအကျန် တွေ့ကြုံခဲ့ရသည့်နည်းများနှင့် အခြားနည်းလမ်းများဖြင့်လည်း ခံကြရ၏။

သင်မည်သို့ စမ်းသပ်ခံရနိုင်ဖွယ်ရှိသနည်း

၆။ လူများစွာတွေ့ကြုံခဲ့သော ပြင်းထန်သည့်စမ်းသပ်ချက်တစ်ခုကား အဘယ်နည်း။

၆ ခရစ်ယာန်များစွာသည် တိုက်ရိုက်အတိုက်အခိုက်ခံရသောပုံစံဖြင့် စမ်းသပ်ခံရခြင်း၏စိန်ခေါ်ချက်အကြောင်း တွေးတောခဲ့ကြသည်။ သူတို့သည် ဤအကြောင်းကိုသတိရကြသည်– “[ဂျူးဘာသာရေးခေါင်းဆောင်တို့သည်] တမန်တော်တို့ကိုခေါ်၍ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကိုအမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍လွှတ်ကြ၏။ တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏နာမကြောင့်မိမိတို့သည် အရှက်ကွဲခြင်းကိုခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။” (တမန်တော် ၅:၄၀၊ ၄၁) ထို့အပြင် ဘုရားသခင့်လူတို့၏ ခေတ်သစ်သမိုင်း၊ အထူးသဖြင့်ကမ္ဘာ့စစ်ကြီးများအတွင်းက ထင်ရှားစေသည်မှာ ယေဟောဝါသက်သေတို့သည် နှိပ်စက်ညှဉ်းပန်းသူတို့၏လက်ချက်ဖြင့် ရိုက်နှက်မှုများသာမက ထိုထက်ဆိုးရွားသောအမှုများကို ကြုံတွေ့ခဲ့ရကြောင်းဖြစ်သည်။

၇။ မျက်မှောက်ခေတ် ခရစ်ယာန်အချို့သည် ယုံကြည်ခြင်းကို အဘယ်အတိုင်းအတာအထိ တင်ပြခဲ့ကြသနည်း။

၇ နှိပ်စက်ညှဉ်းပန်းခံရသော ခရစ်ယာန်များနှင့်ပတ်သက်၍ ဤလောကသည် ဘိသိက်ခံအကြွင်းအကျန်နှင့် “အခြားသိုး” မှလူအုပ်ကြီးကို ခွဲခြားကြမည်မဟုတ်ပါ။ (ယောဟန် ၁၀:၁၆) နှစ်များတစ်လျှောက် အုပ်စုနှစ်စုစလုံးမှသူတို့သည် ဘုရားသခင်ကိုချစ်ကြသည့်အပြင် ကိုယ်တော်အားယုံကြည်ကြသောကြောင့် ထောင်ချခံရခြင်းနှင့် အသတ်ခံရသည့်အထိ အပြင်းအထန်စမ်းသပ်ခံခဲ့ကြရသည်။ အုပ်စုနှစ်စုစလုံး၏မျှော်လင့်ချက်သည် မည်သို့ပင်ရှိစေကာမူ သူတို့သည် ဘုရားသခင့်ဝိညာဉ်တော်လိုအပ်ခဲ့ကြသည်။ (၁၉၉၆၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၃၁ နှိုင်းယှဉ်။) နာဇီဂျာမနီတွင် ၁၉၃၀ နှင့် ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း ကလေးများအပါအဝင် ယေဟောဝါ၏ကျေးကျွန်မြောက်မြားစွာတို့သည် ထူးကဲသော ယုံကြည်ခြင်းတင်ပြခဲ့ကြသည်။ မကြာသေးမီက ဘရွန်ဒီ၊ အဲရိထရိအာ၊ အီသီယိုးပီးယား၊ မာလာဝီ၊ မိုဇမ်ဘစ်၊ ရဝမ်ဒါ၊ စင်ကာပူနှင့် ဇိုင်ယာအစရှိသောနိုင်ငံများတွင် ယေဟောဝါ၏လူမျိုးတော်သည် နှိပ်စက်ညှဉ်းပန်းမှုဖြင့် စမ်းသပ်ခံခဲ့ကြရသည်။ ဤသို့သော စမ်းသပ်မှုများကို ဆက်ခံနေကြရသည်။

၈။ ယုံကြည်ခြင်း စမ်းသပ်ခံရရာတွင် ရိုက်နှက်ခြင်းဖြင့် နှိပ်စက်ခံရခြင်းထက်မကပါဝင်ကြောင်း အာဖရိကမှညီအစ်ကိုတစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်များက မည်သို့ဖော်ပြသနည်း။

၈ ဖော်ပြထားနှင့်ပြီးဖြစ်သည်အတိုင်း ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် သာ၍ပါးနပ်သောနည်းများဖြင့်လည်း စမ်းသပ်ခံနေရပါသည်။ အချို့သောစမ်းသပ်မှုများမှာ တိုက်ရိုက်မဟုတ်ဘဲ လွယ်ကူစွာခွဲခြား မသိနိုင်ချေ။ အောက်ပါနည်းအချို့ကို သင်မည်သို့တုံ့ပြန်လိမ့်မည်ဖြစ်ကြောင်းသုံးသပ်ကြည့်ပါ။ အင်ဂိုလာနိုင်ငံမှ ကလေးဆယ်ယောက်ရှိသည့် ညီအစ်ကိုတစ်ဦးသည် တာဝန်ခံညီအစ်ကိုများနှင့် အတန်ကြာအဆက်အသွယ်ပြတ်တောက်နေသည့် အသင်းတော်တစ်ခုတွင်ရှိခဲ့သည်။ နောက်ပိုင်းတွင် ထိုအသင်းတော်သို့ အခြားသူများလာရောက် လည်ပတ်နိုင်ခဲ့ပါသည်။ မိသားစုကို သူမည်သို့ကျွေးမွေးနေသနည်းဟု မေးမြန်းခံခဲ့ရ၏။ သူ့ခမျာ ပြောမထွက်ခဲ့ချေ၊ အလွန်ခက်ခဲခဲ့သည်ဟူ၍သာ သူပြောပြသည်။ သူ၏သားသမီးများကို အနည်းဆုံးတစ်နေ့တစ်နပ် ကျွေးနိုင်ခဲ့ပါသလော။ သူက ဤသို့ဖြေဆိုခဲ့သည်– “အတော်ခဲယဉ်းခဲ့ပါတယ်။ ရှိတာနဲ့ နေတတ်လာပါပြီ။” ထို့နောက် ခံယူချက်အပြည့်ရှိလေသံဖြင့်သူက “ဒီနောက်ဆုံးကာလမှာ ဒီလိုပဲမျှော်လင့်ထားတယ် မဟုတ်လား” ဟုပြောခဲ့သည်။ ထိုသို့သော ယုံကြည်ခြင်းသည် ဤလောကတွင် ထူးခြားသည်ဖြစ်သော်လည်း ဘုရားသခင့်နိုင်ငံတော်ကတိတော်များ ပြည့်စုံလိမ့်မည်ကို အပြည့်အဝယုံကြည်စိတ်ချကြသူများဖြစ်သော သစ္စာရှိခရစ်ယာန်များအတွက်မှာမူ အထူးအဆန်းမဟုတ်ချေ။

၉။ ၁ ကောရိန္သု ၁၁:၃ နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ မည်သို့စမ်းသပ်ခံနေရသနည်း။

၉ လူအုပ်ကြီးသည် သီအိုကရက်တစ်အစီအစဉ်များနှင့်စပ်လျဉ်း၍လည်း စမ်းသပ်ခံကြရသည်။ ကမ္ဘာချီ ခရစ်ယာန်အသင်းတော်သည် ဘုရားရေးရာမူများနှင့် သီအိုကရက်တစ်စံနှုန်းများအတိုင်း ညွှန်ကြားခံရသည်။ ယင်းက ဦးဆုံးအနေဖြင့် ယေရှုအား အသင်းတော်၏ဦးခေါင်းအဖြစ်ခန့်အပ်ခံရသူ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုဝန်ခံခြင်းကို ဆိုလိုသည်။ (၁ ကောရိန္သု ၁၁:၃) ယေဟောဝါ၏အလိုတော်ကို စည်းလုံးညီညွတ်စွာဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ သီအိုကရက်တစ်ခန့်အပ်မှုများနှင့် ဆုံးဖြတ်ချက်များကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့် ကိုယ်တော့်ခမည်းတော်အား စိတ်လိုကိုယ်လျောက် လက်အောက်ခံကြောင်း တင်ပြသည်။ ထိုထက်ကား ဒေသခံအသင်းတော်တိုင်းတွင် ဦးဆောင်ပေးဖို့ရန်အမျိုးသားများကို ခန့်အပ်ထားသည်။ သူတို့သည် မစုံလင်သူများဖြစ်ကြပြီး သူတို့၏အမှားများကို ကျွန်ုပ်တို့ အလွယ်တကူတွေ့မြင်ပေမည်; သို့တိုင် ထိုသို့သော ကြီးကြပ်မှူးများကို ရိုသေလေးစားရန်နှင့် လက်အောက်ခံကြရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ (ဟေဗြဲ ၁၃:၇၊ ၁၇) ရံဖန်ရံခါ ယင်းသည် သင့်အတွက် စိန်ခေါ်ချက်ဖြစ်ပါသလော။ ယင်းသည် သင့်အတွက် တကယ့်စမ်းသပ်ချက်လော။ သို့ဖြစ်လျှင် ဤသင့်ယုံကြည်ခြင်းစမ်းသပ်မှုမှ အကျိုးခံစားနေရပါသလော။

၁၀။ လယ်ကွင်းဓမ္မအမှုနှင့်ပတ်သက်၍ အဘယ်စမ်းသပ်မှုကို ကျွန်ုပ်တို့ကြုံတွေ့နေရသနည်း။

၁၀ လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်ရသည့်အခွင့်ထူးနှင့် တောင်းဆိုချက်တို့နှင့်စပ်လျဉ်း၍လည်း ကျွန်ုပ်တို့စမ်းသပ်ခံကြရသည်။ ဤစမ်းသပ်ချက်ကို အောင်မြင်ဖို့အတွက် ဓမ္မအမှုတွင် အပြည့်အဝပါဝင်ခြင်းသည် အနည်းငယ် သို့မဟုတ် စတိလောက်သာ ဟောပြောခြင်းထက်ပိုလုပ်ဖို့လိုကြောင်း သိထားရမည်ဖြစ်သည်။ မိမိ၌ရှိသမျှကို လှူခဲ့သော ဆင်းရဲသားမုဆိုးမအကြောင်းချီးမွမ်းခဲ့သည့် ယေရှု၏စကားများကို သတိရပါ။ (မာကု ၁၂:၄၁-၄၄) ‘ကျွန်ုပ်၏ လယ်ကွင်းဓမ္မအမှုနှင့်ပတ်သက်၍ မိမိကိုယ်ကိုအလားတူ ပေးနေပါသလော’ ဟုကိုယ့်ကိုယ်ကို မေးလိုပေမည်။ ကျွန်ုပ်တို့အားလုံးသည် အချိန်တိုင်း ယေဟောဝါ၏သက်သေများဖြစ်ကြရမည်ဖြစ်ရာ အခွင့်အရေးရတိုင်း ကျွန်ုပ်တို့၏အလင်းကိုလင်းဖို့ အသင့်ရှိသင့်သည်။—မဿဲ ၅:၁၆။

၁၁။ နားလည်မှုပြောင်းလဲခြင်း သို့မဟုတ် အမူအကျင့်နှင့်ပတ်သက်၍ ဆုံးမခံရခြင်းသည် မည်သို့စမ်းသပ်မှုဖြစ်နိုင်သနည်း။

၁၁ ကျွန်ုပ်တို့ရင်ဆိုင်နိုင်သည့် အခြားစမ်းသပ်မှုတစ်ခုမှာ တိုးတက်ထွန်းလင်းနေသော သမ္မာတရားအလင်းနှင့် သစ္စာရှိကျေးကျွန်အတန်းအစားပေးသည့် ဆုံးမစကားကို အဘယ်အတိုင်းအတာအထိ တန်ဖိုးထားလေးမြတ်သည်နှင့်ပတ်သက်ပေမည်။ (မဿဲ ၂၄:၄၅) ဆေးရွက်ကြီးအသုံးပြုသူတို့သည် အသင်းတော်အတွင်း ဆက်လက်ရှိနေလိုလျှင် ယင်းအကျင့်ကို စွန့်လွှတ်ရမည်ဟူ၍ သဘောပေါက်ခဲ့စဉ်ကကဲ့သို့ ရံဖန်ရံခါ ကိုယ်ပိုင်အမူအကျင့်ကို ပြုပြင်ပြောင်းလဲဖို့လိုပေမည်။a (၂ ကောရိန္သု ၇:၁) သို့မဟုတ် ကျွန်ုပ်တို့ကြိုက်နှစ်သက်သောတေးဂီတကိုဖြစ်စေ၊ အခြားအပန်းဖြေနည်းတစ်မျိုးမျိုးကိုဖြစ်စေ ပြုပြင်ဖို့လိုကြောင်းကို လက်ခံခြင်းနှင့်ပတ်သက်၍ စမ်းသပ်ခံရကောင်းခံရပေမည်။b ပေးသော ပညာရှိဆုံးမစကားကို ကျွန်ုပ်တို့သည် အတွန့်တက်မည်လော။ သို့မဟုတ် ကျွန်ုပ်တို့၏အတွေးအခေါ်ကို ဘုရားသခင့်ဝိညာဉ်တော်အား ပုံသွင်းခွင့်ပြုကာ ခရစ်ယာန်ဥပဓိရုပ်ကို ယူတင်ဝတ်ဆောင်ရန် ခွင့်ပြုပါမည်လော။—ဧဖက် ၄:၂၀-၂၄; ၅:၃-၅။

၁၂။ နှစ်ခြင်းခံပြီးနောက် ယုံကြည်ခြင်းခိုင်ခံ့စေရန် အဘယ်အရာလိုအပ်သနည်း။

၁၂ ဆယ်စုနှစ်ချီ၍ လူအုပ်ကြီး၏အရေအတွက်သည် တိုးများလာနေပြီ၊ သူတို့နှစ်ခြင်းခံပြီးသည့်နောက် ယေဟောဝါနှင့် သူတို့၏ဆက်ဆံရေးကို ဆက်လက်၍ခိုင်မြဲနေစေကြသည်။ ယင်းတွင် ခရစ်ယာန်စည်းဝေးကြီးတစ်ခုကို တက်ခြင်း၊ ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ အစည်းအဝေးအချို့ကိုတက်ခြင်း သို့မဟုတ် လယ်ကွင်းလုပ်ငန်းတော်တွင် ရံဖန်ရံခါပါဝင်ခြင်းထက်မက ပါဝင်သည်။ ပုံဥပမာပေးရန်မှာ လူတစ်ဦးသည် ခန္ဓာကိုယ်အရ မဟာဗာဗုလုန်၊ မှောက်မှားသောဘာသာရေး ကမ္ဘာ့အင်ပိုင်ယာအပြင်ဘက်တွင် ရှိနေပေမည်၊ သို့သော် ယင်းကို အမှန်တကယ်ကျောခိုင်းခဲ့ပြီလော။ သူသည် မဟာဗာဗုလုန်၏သဘောထားဖြစ်သည့် ဘုရားသခင့်ဖြောင့်မတ်သောစံနှုန်းများကို မထီလေးစားပြုသည့်သဘောထားကို ဆုပ်ကိုင်ထားဆဲလော။ သူသည် အကျင့်အကြံကောင်းခြင်းနှင့် အိမ်ထောင်ရေးတွင်သစ္စာရှိခြင်းကို ပေါ့ပေါ့တန်တန်ယူမှတ်နေပါသလော။ သူသည် ဝိညာဉ်ရေးရာထက် ကိုယ်ရေးကိုယ်တာနှင့် ရုပ်ပစ္စည်းအကျိုးစီးပွားကို ပို၍အလေးပေးသလော။ သူသည် လောကီအညစ်အကြေးနှင့် အမှန်ပင်ကင်းစင်နေပြီလော။—ယာကုပ် ၁:၂၇။

စမ်းသပ်ခံပြီးသောယုံကြည်ခြင်းမှ အကျိုးကျေးဇူး

၁၃၊ ၁၄။ စစ်မှန်သောဝတ်ပြုရေးလမ်းစဉ်ပေါ် စလျှောက်လှမ်းပြီးနောက် အချို့သူတို့သည် မည်သို့ပြုလုပ်ခဲ့ကြပြီနည်း။

၁၃ ကျွန်ုပ်တို့သည် မဟာဗာဗုလုန်မှ အမှန်တကယ်ထွက်ခဲ့ပြီး လောကမှလည်းထွက်ခဲ့ပြီဆိုလျှင် နောက်တွင်ထားရစ်ခဲ့သည်အရာများကို ပြန်မကြည့်ကြစို့နှင့်။ လုကာ ၉:၆၂ တွင်တွေ့ရသည့်မူအရ ကျွန်ုပ်တို့မှမည်သူမဆိုသည် နောက်ပြန်လှည့်ကြည့်လျှင် ဘုရားသခင့်နိုင်ငံတော်၏ လက်အောက်ခံတစ်ဦးဖြစ်ခွင့်ကို ဆုံးရှုံးနိုင်မည်ဖြစ်သည်။ ယေရှုက ဤသို့မိန့်တော်မူ၏– “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်၍ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန်။”

၁၄ သို့သော် ယခင်ကခရစ်ယာန်ဖြစ်လာခဲ့သူအချို့သည် ၎င်းနောက်တွင် ဤအစီအစဉ်စနစ်၏ ပုံသွင်းခြင်းကိုခံခဲ့ကြသည်။ ဤလောကသဘောထားကို လုံးဝမတွန်းလှန်ခဲ့ကြပေ။ (၂ ပေတရု ၂:၂၀-၂၂) ဤလောက၏အာရုံပျံ့လွင့်စရာများကို သူတို့စိတ်ဝင်စားကြပြီး အချိန်ပေးနေကြရာ သူတို့၏တိုးတက်မှုသည် နှောင့်နှေးနေသည်။ သူတို့၏စိတ်နှလုံးကို ဘုရားသခင့်နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားအပေါ်တွင် အခိုင်အမာစူးစိုက်ထားပြီး သူတို့၏ဘဝတွင် ၎င်းတို့ကို ရှေးဦးထားမည့်အစား ရုပ်ပစ္စည်းပန်းတိုင်များနောက်လိုက်ရန် သွေဖည်သွားခဲ့ကြပြီ။ သူတို့သည် မိမိတို့၏ယုံကြည်ခြင်းအားနည်းမှုနှင့် မပူမအေးအခြေအနေကို အသိအမှတ်ပြုကာ မြင့်မြတ်သောသွန်သင်ချက်ကို ရှာခြင်းဖြင့် မိမိတို့၏လမ်းစဉ်ကို မပြောင်းလဲပစ်ပါက ယေဟောဝါနှင့် ကိုယ်တော်၏အဖွဲ့အစည်းနှင့် တန်ဖိုးရှိဆက်ဆံရေး ဆုံးရှုံးမည့်အန္တရာယ်ရှိနေသည်။—ဗျာဒိတ် ၃:၁၅-၁၉။

၁၅။ ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ဆက်လက်ရရှိနေဖို့ အဘယ်အရာလိုအပ်သနည်း။

၁၅ ကျွန်ုပ်တို့သည် မျက်နှာသာရခြင်းနှင့် အလျင်အမြန်ချဉ်းကပ်လာနေသော ကြီးစွာသောဒုက္ခကို ကပ်ကျော်ထိုက်သူများဖြစ်ရန် သန့်ရှင်းမှုကိုထိန်းသိမ်းထားခြင်းနှင့် ကျွန်ုပ်တို့၏ဝတ်လုံများကို ‘သိုးသငယ်၏အသွေး၌လျှော်ခြင်း’ အပေါ်မူတည်နေပါသည်။ (ဗျာဒိတ် ၇:၉-၁၄; ၁ ကောရိန္သု ၆:၁၁) ကျွန်ုပ်တို့သည် ဘုရားသခင့်မျက်မှောက်တော်တွင် သန့်ရှင်းဖြောင့်မတ်သောရပ်တည်မှုကို မထိန်းသိမ်းထားပါက ကျွန်ုပ်တို့၏မြင့်မြတ်သောလုပ်ငန်းတော်သည် နှစ်သက်လက်ခံနိုင်စရာဖြစ်မည်မဟုတ်ပေ။ စမ်းသပ်ခံပြီးသောယုံကြည်ခြင်းအရည်အသွေးသည် ကျွန်ုပ်တို့အား ခံနိုင်ရည်ရှိစေရန်နှင့် ဘုရားသခင့်ငြိုငြင်မှုကို မခံရစေရန် အကူအညီပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့တစ်ဦးစီ အမှန်သဘောပေါက်ထားသင့်သည်။

၁၆။ မုသားစကားများသည် အဘယ်နည်းများဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စမ်းသပ်မှုဖြစ်နိုင်သနည်း။

၁၆ ရံဖန်ရံခါ သတင်းဖြန့်ချိရေးနှင့် အာဏာပိုင်များသည် ဘုရားသခင့်လူမျိုးကို မဟုတ်မမှန်စွပ်စွဲ၍ ကျွန်ုပ်တို့၏ ခရစ်ယာန်ယုံကြည်ချက်များနှင့် အသက်တာလမ်းစဉ်ကို အထင်အမြင်လွဲမှားစေကြသည်။ ယေရှုက ‘ကျွန်ုပ်တို့သည် ဤလောကနှင့်မဆက်ဆံကြသောကြောင့် လောကီသားတို့သည် ကျွန်ုပ်တို့ကို မုန်းကြမည်’ ဟုအတိအလင်းဖော်ပြထားရာ ဤသို့ဖြစ်သည်ကို ကျွန်ုပ်တို့မအံ့သြသင့်ပေ။ (ယောဟန် ၁၇:၁၄) စာတန်ကြောင့် အလင်းကွယ်နေကြရသူများသည် ကျွန်ုပ်တို့ကို ခြိမ်းခြောက်ပြီး စိတ်ပျက်အားလျော့စေရန်နှင့် သတင်းကောင်းကို ရှက်စရာအဖြစ်ယူမှတ်ကြစေရန် ပြုလုပ်သည်ကို ခွင့်ပြုကြမည်လော။ သမ္မာတရားနှင့်စပ်လျဉ်း၍ မုသားများက ကျွန်ုပ်တို့၏ပုံမှန်စည်းဝေးတက်ခြင်းနှင့် ဟောပြောခြင်းလုပ်ငန်းကို ထိခိုက်စေရန်ခွင့်ပြုမည်လော။ သို့မဟုတ် ခိုင်မြဲစွာရပ်တည်ပြီး ရဲစွမ်းသတ္တိရှိကာ ယေဟောဝါနှင့် ကိုယ်တော့်နိုင်ငံတော်၏သမ္မာတရားကို ဆက်ပြီးကြေညာရန် ယခင်ကထက်ပို၍သန္နိဋ္ဌာန်ချနိုင်ကြပါမည်လော။

၁၇။ ယုံကြည်ခြင်းကို ဆက်တင်ပြနေဖို့ရန် အဘယ်အာမခံချက်က ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်သနည်း။

၁၇ ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံခြင်းအရ၊ ယခု ကျွန်ုပ်တို့သည် ဆုံးခန်းချိန်၏အဆုံးပိုင်းတွင် အသက်ရှင်နေကြသည်။ ဖြောင့်မတ်သော ကမ္ဘာသစ်ဆိုင်ရာ ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုသည့်မျှော်လင့်ချက်များသည် ကြည်နူးဖွယ်ကောင်းစွာအကောင်အထည်ပေါ်လာမည်မှာ သေချာသည်။ ထိုနေ့ရက်မရောက်မချင်း ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းကို အရှိန်မလျှော့ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်နှုတ်မြွက်စကားတော်၌ ခိုင်မြဲသောယုံကြည်ခြင်းတင်ပြ၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို သက်သေထူကြစို့လေ။ ပတ်စဉ် ထောင်နှင့်ချီသောတပည့်သစ်များ နှစ်ခြင်းခံနေကြသည်ကို စဉ်းစားကြည့်ပါလေ။ ယေဟောဝါ၏ တရားစီရင်ခြင်းနှင့်စပ်လျဉ်း၍ ကိုယ်တော်၏သည်းခံခြင်းတရားကြောင့် သာ၍များစွာသောသူတို့ကို ကယ်တင်ခြင်းရစေသည့်အတွက် ကျေးဇူးတင်စရာအကြောင်း မလုံလောက်ပေလော။ အသက်ကယ်သည့် နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို ဆက်၍လုပ်ဆောင်ရန် ယေဟောဝါခွင့်ပြုထားခြင်းကြောင့် ကျွန်ုပ်တို့ရွှင်လန်းနေကြသည်မဟုတ်လော။ ထို့အပြင် သန်းနှင့်ချီသောသူများသည် သမ္မာတရားကိုလက်ခံခဲ့ကြပြီး သူတို့၏ယုံကြည်ခြင်းကို တင်ပြနေကြသည်ဖြစ်ရာ နှစ်ထောင်းအားရမဖြစ်ကြပေလော။

၁၈။ ယေဟောဝါ၏ အမှုတော်ကိုဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ သင်၏သန္နိဋ္ဌာန်ကားအဘယ်နည်း။

၁၈ ယခု ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စမ်းသပ်ခြင်းသည် မည်မျှကြာဦးမည်ကို ကျွန်ုပ်တို့မပြောနိုင်ကြပါ။ သို့သော် တစ်ခုသေချာသည်မှာ ယေဟောဝါသည် လက်ရှိဆိုးသွမ်းသောကောင်းကင်နှင့်မြေကြီးကို စာရင်းရှင်းရန် ချိန်းချက်ထားသည့်နေ့တစ်နေ့ ရှိခြင်းပင်ဖြစ်သည်။ ဤအချိန်အတွင်း ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုစုံလင်စေသူ ယေရှုတင်ပြခဲ့သောအမြင့်မားဆုံး ယုံကြည်ခြင်းအရည်အသွေးကိုတုပရန် သန္နိဋ္ဌာန်ထားကြစို့လေ။ ထို့အပြင် ဇရာအိုပိုင်းဝင်နေပြီဖြစ်သော ကျွန်ုပ်တို့နှင့်အတူ အမှုဆောင်နေကြသည့်ဘိသိက်ခံအကြွင်းအကျန်နှင့် ရဲစွမ်းသတ္တိရှိအခြားသူများ၏ စံနမူနာကိုလည်း လိုက်လျှောက်ကြစို့လေ။

၁၉။ အဘယ်အရာက ဤလောကကိုအောင်မည်ဟု သင်အသေအချာသိနိုင်သနည်း။

၁၉ ကောင်းကင်အလယ်၌ ပျံဝဲနေသောကောင်းကင်တမန်နှင့် ပူးပေါင်းပြီး လူမျိုး၊ အနွယ်၊ ဘာသာစကားနှင့် လူအသီးသီးတို့ထံ ထာဝရသတင်းကောင်းကို လက်မလျှော့ဘဲ ကြေညာရန် သန္နိဋ္ဌာန်ချထားသင့်သည်။ “ဘုရားသခင်ကိုကြောက်ရွံ့ ၍ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ” ဟူသည့်ကောင်းကင်တမန်၏ကြေညာချက်ကို သူတို့ကြားနာပါလေစေ။ (ဗျာဒိတ် ၁၄:၆၊ ၇) ထိုမြင့်မြတ်သော တရားစီရင်ချက်ချမှတ်သည့်အခါ စမ်းသပ်ခံပြီးသည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအရည်အသွေးနှင့်စပ်လျဉ်း၍ ရလဒ်ကား မည်သို့ဖြစ်မည်နည်း။ လက်ရှိအစီအစဉ်စနစ်မှ ဘုရားသခင့်ဖြောင့်မတ်သောကမ္ဘာသစ်ထဲသို့ လွတ်မြောက်ရခြင်းတည်းဟူသော ဘုန်းကျက်သရေနှင့် ပြည့်စုံသည့်အောင်ပွဲဖြစ်မည် မဟုတ်ပေလော။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း စမ်းသပ်မှုများကို ခံရပ်တည်ကြည်ခြင်းအားဖြင့် တမန်တော်ယောဟန်ကဲ့သို့ ကျွန်ုပ်တို့လည်း ဤသို့ဆိုနိုင်ကြပေမည်– “လောကကိုအောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။”—၁ ယောဟန် ၅:၄။

[အောက်ခြေမှတ်ချက်များ]

a ၁၉၇၃၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၃၃၆-၄၃ နှင့် ၁၉၇၃၊ ဇူလိုင် ၁ ရက်ထုတ် စာမျက်နှာ ၄၀၉-၁၁ [လိပ်] ရှု။

b ၁၉၈၃၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၂၇-၃၁ ရှု။

သင်မှတ်မိသလော

◻ ယုံကြည်ခြင်း စမ်းသပ်မှုများသည် မည်သို့ပျော်ရွှင်စရာ ဖြစ်နိုင်သနည်း။

◻ အလွယ်တကူခွဲခြား၍မသိနိုင်သော ယုံကြည်ခြင်းစမ်းသပ်မှုအချို့ကားအဘယ်နည်း။

◻ ယုံကြည်ခြင်း စမ်းသပ်မှုများကို အောင်မြင်ခြင်းဖြင့် မည်သို့တာရှည်အကျိုးခံစားနိုင်သနည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အေ. အိပ်ချ်. မက္ခမီလန် (အရှေ့ဝဲဘက်) နှင့် ကင်းမျှော်စင်အသင်း၏တာဝန်ခံများ မတရားသဖြင့် အကျဉ်းချခံခဲ့ကြရသည့်အချိန်ခန့်တွင်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သူသည် ၁၉၂၈ ခုနှစ်၊ မစ်ရှီဂန်ပြည်နယ် ဒက်ထရွိုက်မြို့တွင်ကျင်းပခဲ့သော စည်းဝေးကြီးကို တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ညီအစ်ကို မက္ခမီလန်သည် သူ၏ နောက်ဆုံးနှစ်များတွင် ယုံကြည်ခြင်းကိုတင်ပြနေဆဲ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဤမိသားစုနည်းတူ အာဖရိကနိုင်ငံရှိ ခရစ်ယာန် များစွာသည် စမ်းသပ်ခံရပြီးသော အရည်အသွေးရှိသည့်ယုံကြည်ခြင်းကို တင်ပြခဲ့ကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ