ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၁/၁၅ စာ. ၈-၁၃
  • စုံစမ်းခြင်းများကြုံရငြား၊ သင်၏ယုံကြည်ခြင်း၌စွဲမြဲလော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စုံစမ်းခြင်းများကြုံရငြား၊ သင်၏ယုံကြည်ခြင်း၌စွဲမြဲလော့!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စုံစမ်းခြင်းများ ကြုံရသောအခါ
  • ဉာဏ်ပညာကိုရှာဖွေခြင်း
  • ဆင်းရဲချမ်းသာမရွေး ဝမ်းမြောက်နိုင်
  • စုံစမ်းခြင်းကို ခံရပ်တည်ကြည်သောသူတို့ ပျော်ရွှင်ကြ
  • ဘုရားသခင်—ကောင်းမြတ်သောအရာများ၏ဇာစ်မြစ်
  • ‘နှုတ်ကပါဌ်တရားတော်ကို ကျင့်သောသူ’ ဖြစ်လော့
  • သမားရိုးကျဝတ်ပြုသူများဖြစ်ရုံထက်မက
  • စမ်းသပ်မှု ကြုံရတဲ့အခါ ဝမ်းမြောက်နေနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ရွှင်လန်းသည့် ‘နှုတ်ကပါဌ်တရားကို ကျင့်သောသူများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အဘယ်ကြောင့်ကျွန်ုပ်တို့ ယုံကြည်ခြင်းနှင့်ဉာဏ်ပညာလိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • စမ်းသပ်မှုများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၁/၁၅ စာ. ၈-၁၃

စုံစမ်းခြင်းများကြုံရငြား၊ သင်၏ယုံကြည်ခြင်း၌စွဲမြဲလော့!

“ငါ့ညီအစ်ကိုတို့ . . . အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။”—ယာကုပ် ၁:၂၊ ၃။

၁။ ယေဟောဝါ၏လူတို့သည် အဘယ်အခြေအနေများကြားမှ ကိုယ်တော်၌ယုံကြည်ပြီး “ရွှင်လန်းသောနှလုံး” ဖြင့်အမှုဆောင်နေကြသနည်း။

ယဟောဝါ၏လူတို့သည် ကိုယ်တော်၌ယုံကြည်ခြင်းနှင့် “ရွှင်လန်းသောနှလုံး” ဖြင့် ကိုယ်တော်၏သက်သေများအဖြစ် အမှုဆောင်နေကြသည်။ (တရားဟောရာ ၂၈:၄၇၊ ကဘ; ဟေရှာယ ၄၃:၁၀) စုံစမ်းခြင်းအမျိုးမျိုးကြားမှပင် ဤသို့သူတို့လုပ်ဆောင်နေကြသည်။ အခက်အခဲများရှိကြသော်လည်း ဤစကားများမှခွန်အားယူကြသည်– “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်း [“ခံနိုင်ရည်၊” ကဘ] ကိုပွားစေတတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။”—ယာကုပ် ၁:၂၊ ၃။

၂။ ယာကုပ်၏စာကိုရေးသူနှင့်ပတ်သက်၍ အဘယ်အရာသိရှိရသနည်း။

၂ ယေရှုခရစ်၏မိတူဖကွဲညီဖြစ်သူ တပည့်တော်ယာကုပ်က စီ.အီး. ၆၂ ခန့်တွင် ထိုသို့ရေးသားဖော်ပြခဲ့သည်။ (မာကု ၆:၃) ယာကုပ်သည် ယေရုရှလင်အသင်းတော်တွင် အကြီးအကဲတစ်ဦးဖြစ်သည်။ အမှန်မှာ “အမှီတံကဲဖြစ်သော” သူ၊ ကေဖ (ပေတရု)၊ ယောဟန်တို့သည် အသင်းတော်ကို ခိုင်မြဲစေသည့် အားကြီးသောအထောက်အမများဖြစ်ကြပုံရှိသည်။ (ဂလာတိ ၂:၉) စီ.အီး. ၄၉ ခန့်တွင် “တမန်တော်တို့နှင့်သင်းအုပ်တို့” အားအရေဖျားလှီးခြင်းပြဿနာကို တင်ပြကြသောအခါ ပထမရာစုရှိ အုပ်ချုပ်ရေးအဖွဲ့လက်ခံခဲ့သော ကျမ်းစာနှင့်ကိုက်ညီသော အဆိုပြုချက်တစ်ခုကို ယာကုပ်တင်ပြခဲ့သည်။—တမန်တော် ၁၅:၆-၂၉။

၃။ ပထမရာစုခရစ်ယာန်များကြုံတွေ့ခဲ့ရသော ပြဿနာတချို့ကား အဘယ်အရာများဖြစ်ပြီး ယာကုပ်၏စာမှ အကြီးမားဆုံးအကျိုးကို ကျွန်ုပ်တို့မည်သို့ရရှိနိုင်မည်နည်း။

၃ ကြောင့်ကြပူပန်တတ်သော ဝိညာဉ်ရေးသိုးထိန်းတစ်ဦးအနေဖြင့် ယာကုပ်သည် “သိုးစုအကြောင်းတို့ကိုသိ” ခဲ့သည်။ (သု. ၂၇:၂၃) ခရစ်ယာန်များသည် ပြင်းထန်သောစုံစမ်းခြင်းအမျိုးမျိုးကို ရင်ဆိုင်နေခဲ့ရကြောင်းသူသိခဲ့သည်။ ချမ်းသာသူကို မျက်နှာသာပိုပေးနေကြသည့်အတွက် တချို့သောသူတို့၏အတွေးအခေါ်သည် ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်ခဲ့သည်။ များစွာသောသူတို့အတွက် ဝတ်ပြုမှုသည် လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာဖြစ်ခဲ့သည်။ တချို့သည် မိမိတို့၏လျှာကို မထိန်းနိုင်သည့်အတွက် ထိခိုက်နစ်နာစရာဖြစ်စေခဲ့သည်။ လောကစိတ်ဓာတ်သည် ထိခိုက်မှုဖြစ်စေလျက်ရှိပြီး လူအများသည် သည်းခံမှုသော်လည်းကောင်း၊ ရိုးစင်းမှုသော်လည်းကောင်း မရှိကြတော့ချေ။ အမှန်ပင် ဝိညာဉ်ရေးဖျားနာခြင်းသည် ခရစ်ယာန်အချို့အပေါ် ကျရောက်နေသည်။ ယာကုပ်၏စာသည် ထိုကိစ္စရပ်များကို တည်ဆောက်မှုပေးသည့်နည်းဖြင့် ဖော်ပြထားပြီး သူ၏သွန်သင်စကားသည် ပထမရာစု၌ကဲ့သို့ ယနေ့လည်းလက်တွေ့ကျနေဆဲဖြစ်သည်။ ဤစာကို ကျွန်ုပ်တို့တစ်ဦးချင်းထံရေးသည့်စာအဖြစ် ယူမှတ်မည်ဆိုလျှင် ကျွန်ုပ်တို့သည် ကြီးစွာသောအကျိုးရရှိပေမည်။a

စုံစမ်းခြင်းများ ကြုံရသောအခါ

၄။ စုံစမ်းခြင်းများကို ကျွန်ုပ်တို့မည်သို့ရှုမြင်သင့်သနည်း။

၄ စုံစမ်းခြင်းများကို မည်သို့ရှုမြင်ဖို့ ကျွန်ုပ်တို့အား ယာကုပ်ဖော်ပြသည်။ (ယာကုပ် ၁:၁-၄) ဘုရားသခင့်သားတော်နှင့် သူ၏တော်စပ်မှုကို မဖော်ပြဘဲ သူသည် နှိမ့်ချစွာဖြင့် မိမိကိုယ်ကို “ဘုရားသခင်နှင့်သခင်ယေရှုခရစ်၏ကျွန်” ဟုခေါ်ဆိုခဲ့သည်။ ကနဦး၌ နှိပ်စက်ညှဉ်းပန်းခံရသောကြောင့် “အရပ်ရပ်တို့၌ကွဲပြားသော” ဝိညာဉ်ရေးဣသရေလ “တစ်ဆယ့်နှစ်ပါးသောအမျိုး” ထံသို့ယာကုပ်စာရေးသားပါသည်။ (တမန်တော် ၈:၁; ၁၁:၁၉; ဂလာတိ ၆:၁၆; ၁ ပေတရု ၁:၁) ခရစ်ယာန်များအဖြစ် ကျွန်ုပ်တို့လည်း နှိပ်စက်ညှဉ်းပန်းခံရပြီး “အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့်တွေ့ကြုံ” ကြရသည်။ သို့ရာတွင် စုံစမ်းခြင်းကိုခံရပ်ခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုသန်စွမ်းစေကြောင်း သတိရမည်ဆိုလျှင် ဘေးဒုက္ခကြုံရသောအခါ ကျွန်ုပ်တို့သည် “ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြ” မည်။ စုံစမ်းခြင်းခံရစဉ် ဘုရားသခင်ထံကျွန်ုပ်တို့၏သစ္စာသမာဓိကို ထိန်းသိမ်းထားမည်ဆိုလျှင် ယင်းက တည်တံ့သောပျော်ရွှင်ခြင်းကိုရစေပါလိမ့်မည်။

၅။ ကျွန်ုပ်တို့၏စုံစမ်းခြင်းများတွင် အဘယ်အရာပါဝင်နိုင်ပြီး ထိုအရာများကို အောင်မြင်စွာခံရပ်သောအခါ အဘယ်အရာဖြစ်သနည်း။

၅ ကျွန်ုပ်တို့ခံရသည့်စုံစမ်းခြင်းများထဲတွင် လူသားများကြုံရလေ့ရှိသော ဆင်းရဲဒုက္ခများပါဝင်သည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ကျန်းမာရေးချို့တဲ့ပေမည်။ ဘုရားသခင်သည် အံ့ဖွယ်နည်းဖြင့် ယခုကုသမပေးသော်လည်း ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ကိုယ်တော်နားညောင်းကာ ဖျားနာမှုအတွက် လိုအပ်သောဉာဏ်ပညာနှင့် ခံနိုင်ရည်ကို ပေးတော်မူသည်။ (ဆာလံ ၄၁:၁-၃) ကျွန်ုပ်တို့သည် ယေဟောဝါ၏ နှိပ်စက်ညှဉ်းပန်းခံသက်သေများအဖြစ် ဖြောင့်မတ်ခြင်းတရားအတွက်လည်း ဆင်းရဲဒုက္ခခံရကြသည်။ (၂ တိမောသေ ၃:၁၂; ၁ ပေတရု ၃:၁၄) ထိုသို့သောစုံစမ်းခြင်းများကို အောင်မြင်စွာခံရပ်တည်ကြည်ကြသောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ‘စစ်ကြောစုံစမ်းခြင်း ခံရပြီး’ [“အစစ်ခံထားသောအရည်အသွေး၊” ကဘ] ဖြစ်ကြောင်းပြသမည်။ သို့နှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အောင်ပွဲခံသောအခါ “သည်းခံခြင်း [“ခံနိုင်ရည်၊” ကဘ] ကိုပွားစေတတ်” သည်။ စုံစမ်းခြင်းများအားဖြင့် ပိုမိုခိုင်မြဲသောယုံကြည်ခြင်းသည် အနာဂတ်စမ်းသပ်မှုများအတွက် ခံနိုင်ရည်ရှိစေပါလိမ့်မည်။

၆။ “သည်းခံခြင်းစိတ်သည်” မည်သို့ “ပြီးပြည့်စုံရန်လုပ်ဆောင်” ပြီး၊ ကျွန်ုပ်တို့သည်စုံစမ်းခြင်းခံနေရစဉ် အဘယ်လက်တွေ့ကျသောခြေလှမ်းများကို လှမ်းနိုင်သနည်း။

၆ ယာကုပ်က ဤသို့ဆိုသည်၊ “သို့ရာတွင် သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင် [“ပြီးပြည့်စုံရန်လုပ်ဆောင်၊” ကဘ] ပါစေ။” ကျွန်ုပ်တို့သည် ကျမ်းစာမူမဟုတ်သည့်နည်းလမ်းဖြင့် စုံစမ်းခြင်းကို အလျင်အမြန်အဆုံးတိုင်စေရန် မကြိုးစားဘဲ ယင်းကိုခွင့်ပြုခြင်းအားဖြင့် ခံနိုင်ရည်သည် ကျွန်ုပ်တို့အား ယုံကြည်ခြင်းတွင်မလစ်ဟင်းဘဲ ခရစ်ယာန်များအဖြစ် ပြီးပြည့်စုံရန် “လုပ်ဆောင်” ပေးပါလိမ့်မည်။ စုံစမ်းခြင်းတစ်ခုက အားနည်းချက်အချို့ကိုထင်ရှားစေပါက ယင်းကိုကျော်လွှားနိုင်ဖို့ ယေဟောဝါ၏အကူအညီတောင်းဆိုသင့်သည်။ စုံစမ်းခြင်းသည် လိင်ဆိုင်ရာယိုယွင်းရန် သွေးဆောင်ခံနေရခြင်းဖြစ်ပါက အသို့နည်း။ ထိုပြဿနာအတွက်ဆုတောင်းပြီး ဆုတောင်းချက်များနှင့်အညီလုပ်ဆောင်ကြစို့လေ။ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုကိုထိန်းသိမ်းရန် ကျွန်ုပ်တို့၏အလုပ်ခွင်ကိုပြောင်းဖို့ သို့မဟုတ် အခြားပြုသင့်ရာကိုပြုဖို့ လိုအပ်ပေမည်။—ကမ္ဘာဦး ၃၉:၇-၉; ၁ ကောရိန္သု ၁၀:၁၃။

ဉာဏ်ပညာကိုရှာဖွေခြင်း

၇။ စုံစမ်းခြင်းများကိုရင်ဆိုင်ဖို့ ကျွန်ုပ်တို့မည်သို့အကူအညီရယူနိုင်မည်နည်း။

၇ စုံစမ်းခြင်းကို မည်သို့ရင်ဆိုင်ဖြေရှင်းရမည်ကိုမသိဖြစ်နေသောအခါ အဘယ်အရာပြုလုပ်ရမည်ကို ယာကုပ်ဖော်ပြသည်။ (ယာကုပ် ၁:၅-၈၊ သမ) ဉာဏ်ပညာကင်းမဲ့သည့်အတွက် ယုံကြည်စွာဖြင့် ယင်းအတွက်ဆုတောင်းခြင်းကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့ကိုအပြစ်တင်မည်မဟုတ်ပါ။ စုံစမ်းခြင်းကို လျော်ကန်စွာကြည့်မြင်တတ်၍ ခံရပ်တည်ကြည်ဖို့ ကိုယ်တော်မစတော်မူမည်။ ယုံကြည်သူချင်းတို့က ညွှန်ပြ၍လည်းကောင်း၊ သမ္မာကျမ်းစာလေ့လာရာတွင်လည်းကောင်း ကျမ်းချက်များကိုသတိပြုမိပေမည်။ ဘုရားသခင့်စီမံမှုအားဖြင့် ဖြစ်ပေါ်လာသည့်အဖြစ်အပျက်များက ကျွန်ုပ်တို့ဘာပြုလုပ်သင့်သည်ကို တွေ့ရှိရန်အကူအညီရနိုင်ပေမည်။ ဘုရားသခင့်ဝိညာဉ်တော်လမ်းပြမှုကို ရရှိပေမည်။ (လုကာ ၁၁:၁၃) ထိုအကျိုးကျေးဇူးများကို ခံစားရဖို့ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်တော့်လူမျိုးတော်ကို အမြဲတွယ်ကပ်နေကြရမည်။—သု. ၁၈:၁။

၈။ ယုံမှားသံသယရှိသောသူသည် အဘယ့်ကြောင့်ယေဟောဝါထံမှ မည်သည့်အရာမျှရမည်မဟုတ်သနည်း။

၈ ကျွန်ုပ်တို့သည် “ယုံမှားသံသယအလျှင်းမရှိဘဲ ယုံကြည်လျက်တောင်းလျှောက်” ပါက ယေဟောဝါသည် စုံစမ်းခြင်းများကို အောင်မြင်စွာဖြေရှင်းနိုင်ဖို့ ဉာဏ်ပညာပေးတော်မူမည်။ ယုံမှားသံသယရှိသောသူသည် ကြိုတင်၍မခန့်မှန်းနိုင်သည့် “လေပြင်းတိုက်ခတ်သောပင်လယ်လှိုင်းနှင့်တူ” ၏။ ကျွန်ုပ်တို့သည် ထိုမျှဝိညာဉ်ရေးမတည်ငြိမ်သောသူဖြစ်နေလျှင် ‘ယေဟောဝါ အထံတော်မှ တစ်စုံတစ်ရာကိုရမည်ဟု မထင်မှတ်သင့်ပေ။’ ဆုတောင်းရာတွင် သို့မဟုတ် တခြားနည်းလမ်းများတွင် “စိတ်ဒွိဟရှိ” ပြီး “ယိမ်းယိုင်သူ” မဖြစ်ကြစို့နှင့်။ ယင်းအစား ဉာဏ်ပညာ၏အရင်းအမြစ်ဖြစ်သော ယေဟောဝါ၌ ယုံကြည်ခြင်းရှိကြစို့။—သု. ၃:၅၊ ၆။

ဆင်းရဲချမ်းသာမရွေး ဝမ်းမြောက်နိုင်

၉။ ယေဟောဝါ၏ဝတ်ပြုသောသူများအဖြစ် ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဝမ်းမြောက်စရာအကြောင်းရှိသနည်း။

၉ ဆင်းရဲခြင်းသည် ကျွန်ုပ်တို့ခံရသောစုံစမ်းခြင်းများထဲမှ တစ်ခုဖြစ်နေလင့်ကစား ခရစ်ယာန်များသည် ဆင်းရဲချမ်းသာမရွေး ဝမ်းမြောက်နိုင်ကြောင်း စိတ်တွင်စွဲမှတ်နေကြစို့။ (ယာကုပ် ၁:၉-၁၁) ယေရှု၏နောက်လိုက်များဖြစ်မလာကြမီ ဘိသိက်ခံအများစုသည် ဥစ္စာပစ္စည်းမရှိသူများဖြစ်ကြပြီး လောက၏အထင်အမြင်သေးခြင်းကို ခံခဲ့ကြရသည်။ (၁ ကောရိန္သု ၁:၂၆) သို့ရာတွင် သူတို့သည် ဘုရားသခင့်နိုင်ငံတော်အမွေခံများဖြစ်ခွင့်သို့ ‘ချီးမြှောက်ခံရခြင်း’ ကြောင့်ဝမ်းမြောက်နိုင်ကြသည်။ (ရောမ ၈:၁၆၊ ၁၇) တစ်ဖက်တွင် ယခင်က လေးစားခံခဲ့ရသောချမ်းသာသူများသည် ခရစ်တော်၏နောက်လိုက်များအဖြစ် လောက၏အထင်အမြင်သေးမှုကို ခံရသောကြောင့် “အရှက်ခွဲခံ” ကြရသည်။ (ယောဟန် ၇:၄၇-၅၂; ၁၂:၄၂၊ ၄၃) သို့ရာတွင် လောကီစည်းစိမ်နှင့် အဆင့်မြင့်အခြေအနေသည် ကျွန်ုပ်တို့ခံစားနေသော ဝိညာဉ်ရေးချမ်းသာမှုများနှင့် နှိုင်းယှဉ်ကြည့်လျှင် အချည်းနှီးသက်သက်ဖြစ်သောကြောင့် ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့အားလုံးသည် ဝမ်းမြောက်နိုင်ကြပါသည်။ ထို့ပြင် ကျွန်ုပ်တို့အထဲတွင် လူမှုရေးအဆင့်အတန်းနှင့်ပတ်သက်ပြီး မာနကြီးစရာအကြောင်းမရှိခြင်းက ကျေးဇူးတင်စရာပင်တည်း!—သု. ၁၀:၂၂; တမန်တော် ၁၀:၃၄၊ ၃၅။

၁၀။ ခရစ်ယာန်တစ်ဦးသည် လောကီစည်းစိမ်ကို မည်သို့ရှုမြင်သင့်သနည်း။

၁၀ ကျွန်ုပ်တို့၏အသက်သည် စည်းစိမ်နှင့် လောကီအောင်မြင်မှုအပေါ်မမှီခိုကြောင်း ယာကုပ်က ကျွန်ုပ်တို့ကိုသိမြင်စေသည်။ နေ၏ “ပူသောအရှိန်” ကြောင့်ပန်းတစ်ပွင့်ညှိုးနွမ်းသွားခြင်းမှ မကာကွယ်နိုင်သကဲ့သို့ ချမ်းသာသောသူတစ်ဦး၏စည်းစိမ်သည် သူ၏အသက်ကိုပို၍မရှည်စေနိုင်ပါ။ (ဆာလံ ၄၉:၆-၉; မဿဲ ၆:၂၇) ဖြစ်နိုင်ဖွယ်ရှိသော စီးပွားရေးလုပ်ငန်းနောက်လိုက်စဉ် မိမိ “အမှုအရာတို့၌” သူသေသွားနိုင်သည်။ ထို့ကြောင့် အရေးကြီးရာမှာ “ဘုရားသခင့် ရှေ့တော်တွင် . . . ကြွယ်ဝ” ဖို့နှင့် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားမြှင့်တင်ရေးတွင် အတတ်နိုင်ဆုံးပါဝင်လုပ်ဆောင်ဖို့ဖြစ်သည်။—လုကာ ၁၂:၁၃-၂၁; မဿဲ ၆:၃၃; ၁ တိမောသေ ၁:၁၇-၁၉။

စုံစမ်းခြင်းကို ခံရပ်တည်ကြည်သောသူတို့ ပျော်ရွှင်ကြ

၁၁။ စုံစမ်းခြင်းများရင်ဆိုင်ရစဉ် မိမိတို့၏ယုံကြည်ခြင်း၌ စွဲမြဲသူများအတွက် အဘယ်အလားအလာရှိသနည်း။

၁၁ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ကျွန်ုပ်တို့သည် စုံစမ်းခြင်းများကို ခံရပ်မှသာလျှင် ပျော်ရွှင်နိုင်သည်။ (ယာကုပ် ၁:၁၂-၁၅) စုံစမ်းခြင်းများကို ယုံကြည်ခြင်းမပျက်ဘဲ ကျွန်ုပ်တို့ခံရပ်ပါက ကျွန်ုပ်တို့သည်ပျော်ရွှင်သည်ဟု ဆိုနိုင်သည်၊ အကြောင်းမှာ ဘုရားသခင့်မျက်မှောက်တွင် မှန်သောအရာကိုလုပ်ဆောင်ရာတွင် ရွှင်လန်းမှုရှိသောကြောင့်ဖြစ်သည်။ သေသည့်တိုင် ယုံကြည်ခြင်း၌စွဲမြဲကြသည့်အတွက် ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ကောင်းကင်တွင် မသေနိုင်သည့် “အသက်သရဖူ” ကိုရရှိကြသည်။ (ဗျာဒိတ် ၂:၁၀; ၁ ကောရိန္သု ၁၅:၅၀) အကယ်၍ကျွန်ုပ်တို့သည် မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိပြီး ဘုရားသခင်၌ယုံကြည်ခြင်းကို ထိန်းသိမ်းထားပါက ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်ကို ကျွန်ုပ်တို့မျှော်လင့်နိုင်ပါသည်။ (လုကာ ၂၃:၄၃; ရောမ ၆:၂၃) ယေဟောဝါသည် ကိုယ်တော်အားယုံကြည်ကြောင်းတင်ပြသောသူခပ်သိမ်းအပေါ် ကောင်းမြတ်လှပေစွ!

၁၂။ ဆန့်ကျင်မှုများတွေ့ကြုံရသောအခါ “ငါ့ကိုဘုရားသခင်သွေးဆောင်တော်မူသည်” ဟုအဘယ့်ကြောင့် မပြောသင့်သနည်း။

၁၂ ယေဟောဝါကိုယ်တော်တိုင်သည် ကျွန်ုပ်တို့ကို အကျိုးယုတ်စေမှုများဖြင့် သွေးဆောင်နေခြင်းကား ဖြစ်နိုင်ပါမည်လော။ မဖြစ်နိုင်ပါ။ “ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်” ဟုကျွန်ုပ်တို့မပြောသင့်ပေ။ ယေဟောဝါသည် အပြစ်ပြုဖို့ ကျွန်ုပ်တို့ကိုသွေးဆောင်တော်မမူဘဲ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌စွဲမြဲနေကြမည်ဆိုလျှင် စုံစမ်းခြင်းများကို ခံရပ်တည်ကြည်နိုင်ဖို့ လိုအပ်သောခွန်အားကိုပေးပြီး အမှန်တကယ်ကူညီတော်မူမည်။ (ဖိလိပ္ပိ ၄:၁၃) ဘုရားသခင်သည် သန့်ရှင်းတော်မူသောကြောင့် အမှားပြုရန် ကျွန်ုပ်တို့၏တိုက်လှန်မှုကို အားနည်းစေသည့်အခြေအနေများကို ဖြစ်ပေါ်စေမည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် မသန့်ရှင်းသောအခြေအနေ၌ မိမိကိုယ်ကိုကျရောက်စေပြီး အပြစ်ပြုမိပါကကိုယ်တော်အားအပြစ်မတင်သင့်ပေ။ အကြောင်းမှာ “မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှအပြစ်သို့သွေးဆောင်တော်မမူ” ချေ။ ယေဟောဝါသည် ကျွန်ုပ်တို့ကောင်းကျိုးအတွက်ပဲ့ပြင်ရန် စုံစမ်းခြင်းကိုခွင့်ပြုမည်ဖြစ်သော်လည်း ကိုယ်တော်သည် ဆိုးညစ်သောရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့ကို သွေးဆောင်တော်မမူပေ။ (ဟေဗြဲ ၁၂:၇-၁၁) စာတန်သည် ကျွန်ုပ်တို့ကို အမှားပြုရန် သွေးဆောင်နိုင်သော်လည်း ဘုရားသခင်သည် ထိုဆိုးညစ်သောသူ၏လက်မှ ကျွန်ုပ်တို့ကို ကယ်တင်နိုင်တော်မူသည်။—မဿဲ ၆:၁၃။

၁၃။ မှားယွင်းသောဆန္ဒကို ကျွန်ုပ်တို့မငြင်းပယ်ပါက မည်သို့ဖြစ်နိုင်သနည်း။

၁၃ အခြေအနေတစ်စုံတစ်ခုသည် ကျွန်ုပ်တို့ကိုအပြစ်သို့သွေးဆောင်နိုင်သော မှားယွင်းသည့်ဆန္ဒဖြစ်ပေါ်စေနိုင်သောကြောင့် ရိုးစင်းဖို့လိုအပ်ပါသည်။ ယာကုပ်က ဤသို့ပြောသည်– “လူအသီးသီးတို့သည် ကိုယ်တပ်မက်ခြင်းဖြင့်ဆွဲငင်ဖြားယောင်းခံရသော် စုံစမ်းသွေးဆောင်ရာရောက်၏ [ကဘ]။” ကျွန်ုပ်တို့၏နှလုံးတွင် အပြစ်ပြုလိုသောဆန္ဒကိန်းအောင်းစေပါက ကျွန်ုပ်တို့၏အပြစ်အတွက် ဘုရားသခင်အား အပြစ်တင်၍မရပါ။ မှားယွင်းသောဆန္ဒကို ကျွန်ုပ်တို့ထုတ်မပစ်ပါက ‘ယင်းသည် ပဋိသန္ဓေစွဲ’ ၍နှလုံးများတွင်မွေးမြူကာ “အပြစ်ကိုဖွားတတ်၏။” အပြစ်သည်လည်း ပြည့်စုံလာသော် “သေခြင်းကိုဖွားတတ်၏။” ထင်ရှားသည်မှာ၊ ကျွန်ုပ်တို့သည် မိမိတို့၏နှလုံးများကိုစောင့်ရှောက်ပြီး အပြစ်သို့တိမ်းညွတ်လိုမှုကို တွန်းလှန်နေဖို့လိုအပ်သည်။ (သု. ၄:၂၃) ကာဣနသည် အပြစ်၏လွှမ်းမိုးမှုကိုခံရတော့မည်အကြောင်း သတိပေးခံခဲ့ရသော်လည်း သူလက်မခံခဲ့ပေ။ (ကမ္ဘာဦး ၄:၄-၈) သို့ဖြင့် ကျွန်ုပ်တို့သည် ကျမ်းစာနှင့်မညီညွတ်သောလမ်းစဉ်သို့ စ၍လိုက်နေလျှင်ကောအသို့နည်း။ ဘုရားသခင်အား ကျွန်ုပ်တို့မပြစ်မှားမိဖို့အတွက် ခရစ်ယာန်အကြီးအကဲများက ကြိုးစား၍ပြုပြင်တည့်မတ်ပေးမည်ဆိုလျှင် ယင်းကို ကျွန်ုပ်တို့အမှန်ပင်ကျေးဇူးတင်သင့်သည်။—ဂလာတိ ၆:၁။

ဘုရားသခင်—ကောင်းမြတ်သောအရာများ၏ဇာစ်မြစ်

၁၄။ ဘုရားသခင်၏ ဆုကျေးဇူးများသည် “စုံလင်” သည်ဟု အဘယ်သဘောမျိုးဖြင့် ပြောနိုင်သနည်း။

၁၄ ယေဟောဝါသည် စုံစမ်းခြင်းများ၏ဇာစ်မြစ်မဟုတ်ဘဲ ကောင်းမြတ်သောအရာများ၏ဇာစ်မြစ်ဖြစ်ကြောင်းကို ကျွန်ုပ်တို့သတိရနေသင့်သည်။ (ယာကုပ် ၁:၁၆-၁၈) ယာကုပ်သည် ယုံကြည်သူချင်းတို့အား “ချစ်သောညီအစ်ကိုတို့” ဟုခေါ်ဆိုခဲ့ပြီး ဘုရားသခင်သည် ‘ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့’ ကိုပေးတော်မူသောအရှင်ဖြစ်ကြောင်းပြသခဲ့သည်။ ယေဟောဝါ၏ဝိညာဉ်ရေးနှင့် ကာယရေးဆုကျေးဇူးများသည် လိုလေသေးမရှိ “စုံလင်” သို့မဟုတ် ပြည့်စုံသည်။ ထိုအရာများသည် “အထက်အရပ်၊” ကျိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ လာသည်။ (၃ ဓမ္မရာဇဝင် ၈:၃၉) ယေဟောဝါသည် နေ၊ လနှင့်ကြယ် “အလင်းတို့၏အဘ” ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အားဝိညာဉ်ရေးအလင်းနှင့် သမ္မာတရားကိုလည်း ပေးသနားတော်မူသည်။ (ဆာလံ ၄၃:၃; ယေရမိ ၃၁:၃၅; ၂ ကောရိန္သု ၄:၆) ဘုရားသခင်သည် ရွေ့လျားစဉ်အရိပ်များကို ပြောင်းလဲစေကာ မွန်းတည့်ချိန်မှသာ ယင်း၏အထွတ်အထိပ်သို့ရောက်သည့်နေနှင့်မတူဘဲ ကောင်းမြတ်ရာများကို ပေးရာတွင် အစဉ်မိမိ၏အထွတ်အထိပ်တွင်ရှိနေသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ပေးသနားတော်မူသော ဝိညာဉ်ရေးအစီအစဉ်များမှ အကျိုးအပြည့်အဝရယူမည်ဆိုလျှင် စုံစမ်းခြင်းများကိုရင်ဆိုင်နိုင်ရန် ကျွန်ုပ်တို့အား အမှန်ပင်အသင့်ပြင်ဆင်ပေးတော်မူလိမ့်မည်။—မဿဲ ၂၄:၄၅၊ သမ။

၁၅။ ယေဟောဝါ၏ အကောင်းမြတ်ဆုံးဆုကျေးဇူးတစ်ခုကား အဘယ်နည်း။

၁၅ ဘုရားသခင်၏အကောင်းမြတ်ဆုံး ဆုကျေးဇူးတစ်ခုကားအဘယ်နည်း။ သတင်းကောင်း သို့မဟုတ် “သမ္မာတရားစကား” နှင့်အညီပူးပေါင်းလုပ်ဆောင်ကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဝိညာဉ်ရေးရာသားများကို မွေးဖွားပေးတော်မူခြင်းဖြစ်သည်။ ဝိညာဉ်တော်ဖွားများသည် “တစ်စုံတစ်ရာသောအဦးသီးသောအသီးများ” ဖြစ်ကြပြီး ကောင်းကင်ဆိုင်ရာ “[ဘုရားသခင့်] နိုင်ငံတော်နှင့်ယဇ်ပုရောဟိတ်များ” ဖြစ်ဖို့ လူသားများထဲမှရွေးချယ်ခြင်းခံရသူများဖြစ်ကြသည်။ (ဗျာဒိတ် ၅:၁၀၊ ကဘ; ဧဖက် ၁:၁၃၊ ၁၄) ယေရှုခရစ်ရှင်ပြန်ထမြောက်ခဲ့သောနေ့စွဲဖြစ်သည့် နိသန်လ ၁၆ ရက်နေ့တွင် အဦးသီးသောမုယောပူဇော်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခဲ့သော ပင်တေကုတ္တေပွဲနေ့တွင် ဂျုံမုန့်ညက်နှစ်လုံးပူဇော်ခြင်းတို့ကို ယာကုပ်စဉ်းစားနေခြင်းဖြစ်နိုင်ပေသည်။ (ဝတ်ပြုရာ ၂၃:၄-၁၁၊ ၁၅-၁၇) ထိုသို့ဆိုလျှင် ယေရှုသည် အဦးသီးသောအသီးဖြစ်ပြီး ကိုယ်တော်နှင့်တွဲဖက်အမွေခံများသည် “တစ်စုံတစ်ရာသောအဦးသီးသောအသီးများ” ဖြစ်ကြသည်။ ကျွန်ုပ်တို့၌ မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိလျှင်ကောအသို့နည်း။ ယင်းမျှော်လင့်ချက်ကို စိတ်တွင်စွဲမှတ်နေခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်အုပ်စိုးမှုအောက် ထာဝရအသက်ရရှိနိုင်ရန် စီစဉ်ပေးတော်မူသည့် “ကောင်းမြတ်သောဆုကျေးဇူး” ပေးသနားတော်မူသောအရှင်အား ယုံကြည်ခြင်း၌စွဲမြဲနေရန်ထောက်ကူပါလိမ့်မည်။

‘နှုတ်ကပါဌ်တရားတော်ကို ကျင့်သောသူ’ ဖြစ်လော့

၁၆။ အဘယ်ကြောင့် ကျွန်ုပ်တို့သည် ‘နားကြားခြင်းငှာလျင်မြန်ပြီး စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းငှာနှေး’ သင့်သနည်း။

၁၆ လောလောဆယ် စုံစမ်းခြင်းကြုံနေရသည်ဖြစ်စေ၊ မကြုံသည်ဖြစ်စေ ကျွန်ုပ်တို့သည် “နှုတ်ကပါဌ်တရားကိုကျင့်သောသူ” များဖြစ်ကြရမည်။ (ယာကုပ် ၁:၁၉-၂၅) ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို နာခံပြီးကျင့်သောသူများ၊ “နားကြားခြင်းငှာလျင်မြန်” သူများဖြစ်ဖို့လိုသည်။ (ယောဟန် ၈:၄၇) အခြားတစ်ဖက်တွင် ကျွန်ုပ်တို့၏စကားများကို ဂရုတစိုက်ချင့်ချိန်၍ “စကားပြောခြင်းငှာ . . . နှေးကြ” စို့လေ။ (သု. ၁၅:၂၈; ၁၆:၂၃) ကျွန်ုပ်တို့ကြုံတွေ့နေကြရသောစုံစမ်းနှောင့်ယှက်မှုများသည် ဘုရားသခင်ထံမှဖြစ်သည်ဟု အလျင်အမြန်မပြောမိဖို့ ကျွန်ုပ်တို့ကို ယာကုပ် တိုက်တွန်းနေခြင်းဖြစ်နိုင်ပေသည်။ ‘လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်သောကြောင့် အမျက်ထွက်ခြင်းငှာ နှေးကြ’ ရန်လည်း မှာကြားခံရသည်။ တစ်စုံတစ်ယောက်ပြောသောစကားကြောင့် အမျက်ထွက်ပါက ကြမ်းတမ်းစွာမတုံ့ပြန်ဖို့ ‘နှောင့်နှေး’ ကြစို့။ (ဧဖက် ၄:၂၆၊ ၂၇) ကျွန်ုပ်တို့အားပြဿနာများဖြစ်စေနိုင်ကာ အခြားသူများအတွက်စုံစမ်းခြင်းဖြစ်လာသော ဒေါသစိတ်သည် ကျွန်ုပ်တို့၏ဖြောင့်မတ်သောဘုရားသခင်၌ ယုံကြည်သူတစ်ဦးနှင့်လျော်ကန်သောအပြုအမူကိုမဖြစ်ပေါ်စေနိုင်ပါ။ ထိုမှတစ်ပါး ကျွန်ုပ်တို့သည် “ပိုင်းခြားသိမြင်ခြင်း၌ကြွယ်ဝ” ပါက “အမျက်ထွက်နှေး” မည်ဖြစ်ကာ ညီအစ်ကိုညီအစ်မများသည် ကျွန်ုပ်တို့ထံချဉ်းကပ်လာလိမ့်မည်။—သု. ၁၄:၂၉၊ ကဘ။

၁၇။ နှလုံးနှင့်စိတ်ထဲမှဆိုးညစ်မှုကို ဖယ်ရှားပစ်ခြင်းအားဖြင့် အဘယ်အရာကိုဖြစ်မြောက်စေသနည်း။

၁၇ ကျွန်ုပ်တို့သည် ဘုရားသခင်စက်ဆုပ်ရွံရှာ၍ ဒေါသအမျက်ကို နှိုးဆော်သည့် “ခပ်သိမ်းသောညစ်ညူးခြင်း” တို့နှင့်အမှန်ကင်းစင်ရန်လိုပါသည်။။ ထို့အပြင် ကျွန်ုပ်တို့သည် ‘ထိုများပြားလှသော အရာ၊ ဆိုးယုတ်မှုကိုပယ်ရှား’ ရမည်။ ကျွန်ုပ်တို့အားလုံးသည် ကာယရေးဖြစ်စေ၊ စိတ်ထားဖြစ်စေ မသန့်ရှင်းစေသောအရာမှန်သမျှကို မိမိတို့၏အသက်တာမှ ရှင်းလင်းပစ်သင့်သည်။ (၂ ကောရိန္သု ၇:၁; ၁ ပေတရု ၁:၁၄-၁၆; ၁ ယောဟန် ၁:၉) စိတ်နှလုံးထဲမှဆိုးညစ်မှုမှန်သမျှကို ဖယ်ရှားပစ်ခြင်းဖြင့် သမ္မာတရားဆိုင်ရာ “အထဲ၌စိုက်ပျိုးသောနှုတ်ကပါဌ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့်ခံယူ” ဖို့ထောက်ကူသည်။ (တမန်တော် ၁၇:၁၁၊ ၁၂) ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်နေသည်မှာ မည်မျှပင်ကြာခဲ့ပါစေ ကျမ်းစာသမ္မာတရားကို ကျွန်ုပ်တို့နှလုံးထဲတွင်ဆက်လက်၍ ပိုမိုစိုက်ပျိုးခွင့်ပြုနေရမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် စိုက်ပျိုးထားသောသမ္မာတရားသည် ကယ်တင်ခြင်းရစေသော ‘ဥပဓိရုပ်သစ်’ ကိုဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။—ဧဖက် ၄:၂၀-၂၄။

၁၈။ နှုတ်ကပါဌ်တရားကိုနာရုံမျှသာပြုသောသူနှင့် ၎င်းကိုလည်းကျင့်သောသူသည် မည်သို့ခြားနားသနည်း။

၁၈ နှုတ်ကပါဌ်တရားတော်သည် ကျွန်ုပ်တို့၏လမ်းညွှန်ဖြစ်ကြောင်း မည်သို့ပြသမည်နည်း။ “နှုတ်ကပါဌ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြ” ခြင်းအားဖြင့်ဖြစ်သည်။ (လုကာ ၁၁:၂၈) “ကျင့်သောသူ” များသည် ခရစ်ယာန်ဓမ္မအမှုတွင် ဇွဲရှိရှိလုပ်ဆောင်ခြင်းနှင့် ဘုရားသခင့်လူမျိုးတော်၏ အစည်းအဝေးများတွင် မှန်မှန်ပါဝင်ခြင်းကဲ့သို့သော လုပ်ဆောင်မှုများကို ဖြစ်ပေါ်စေသည့် ယုံကြည်ခြင်းရှိ၏။ (ရောမ ၁၀:၁၄၊၁၅; ဟေဗြဲ ၁၀:၂၄၊၂၅) တရားကိုနာရုံမျှသာပြုသောသူသည် “မှန်၌ မိမိပကတိမျက်နှာကိုကြည့်သောသူနှင့်တူ၏။” ကြည့်ပြီးမှထွက်သွား၍ ပြုပြင်ရန်လိုသော မိမိ၏အဆင်းသဏ္ဌာန်ကို မေ့လျော့တတ်သည်။ ‘အကျင့်ကျင့်သောသူများ’ အဖြစ် ကျွန်ုပ်တို့သည် ကိုယ်တော်တောင်းဆိုထားသမျှအပါအဝင် ဘုရားသခင်၏ “စုံလင်သောတရား” ကိုဂရုတစိုက်လေ့လာနာခံကြပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့မွေ့လျော်ကြရသောလွတ်လပ်မှုသည် အသက်ကိုရစေသည့်အတွက် အပြစ်နှင့်သေခြင်း၏ချုပ်နှောင်ခံရမှုနှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် ‘စုံလင်သောတရား၌ . . . တည်ကြည်’ ပြီးစေ့စေ့ကြည့်ရှုလျက် နာခံကြစို့။ စဉ်းစားကြည့်ပါ! ကျွန်ုပ်တို့သည် ‘တရားကိုနာ၍ မေ့လျော့သောသူများမဟုတ်၊ အကျင့်ကျင့်သောသူများ’ အဖြစ် ဘုရားသခင့်မျက်နှာသာတော်ရရှိကြသည့်အတွက် ရွှင်လန်းကြရသည်။—ဆာလံ ၁၉:၇-၁၁။

သမားရိုးကျဝတ်ပြုသူများဖြစ်ရုံထက်မက

၁၉၊ ၂၀။ (က) ယာကုပ် ၁:၂၆၊ ၂၇ အရ စင်ကြယ်သောဝတ်ပြုမှုသည် ကျွန်ုပ်တို့ထံမှ အဘယ်အရာတောင်းဆိုသနည်း။ (ခ) သန့်ရှင်းသောဝတ်ပြုမှု၏ဥပမာတချို့ကား အဘယ်နည်း။

၁၉ ဘုရားသခင့်မျက်နှာသာတော်ရဖို့ဆိုလျှင် စစ်မှန်သောဝတ်ပြုရေးသည် လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာမဟုတ်ကြောင်း သတိရနေရန်လိုသည်။ (ယာကုပ် ၁:၂၆၊ ၂၇) ကျွန်ုပ်တို့သည် ယေဟောဝါနှစ်သက်တော်မူသော ‘သမားရိုးကျဝတ်ပြုသူများ’ ဖြစ်သည်ဟု မိမိတို့ကိုယ်ကိုယူမှတ်ကြမည်ဖြစ်သော်လည်း အမှန်အရေးပါသည်ကား ကျွန်ုပ်တို့တစ်ဦးစီကို ကိုယ်တော်ယူမှတ်ပုံဖြစ်သည်။ (၁ ကောရိန္သု ၄:၄) ကြီးလေးသောချွတ်ယွင်းချက်တစ်ခုသည် ‘လျှာကိုထိန်း’ ဖို့ပျက်ကွက်ခြင်းဖြစ်နိုင်သည်။ အခြားသူများကို သွားပုပ်လေလွင့်ပြောဆို၊ လိမ်ညာ သို့မဟုတ် အခြားနည်းများဖြင့် လျှာကိုတလွဲအသုံးပြုနေလျက်ပင် ကျွန်ုပ်တို့၏ဝတ်ပြုမှုကို ဘုရားသခင်နှစ်သက်ပါသည်ဟု ထင်နေပါက မိမိကိုယ်ကိုလှည့်ဖြားရာရောက်နေပေမည်။ (ဝတ်ပြုရာ ၁၉:၁၆; ဧဖက် ၄:၂၅) မည်သည့်အကြောင်းကြောင့်မဆို ကျွန်ုပ်တို့၏ ‘ဝတ်ပြုမှု’ သည် “အချည်းနှီးသက်သက်ဖြစ်” ကာ ဘုရားသခင်လက်မခံနိုင်ဖွယ်ဖြစ်ရန် ကျွန်ုပ်တို့မလိုလားပါ။

၂၀ စင်ကြယ်သောဝတ်ပြုမှု၏ အသွင်အပြင်အားလုံးကို ယာကုပ်မဖော်ပြသော်လည်း ‘ဒုက္ခရောက်နေသော မိဘမဲ့ကလေးများနှင့် မုဆိုးမတို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း’ ပါဝင်၏ဟုဆိုသည်။ (ဂလာတိ ၂:၁၀; ၆:၁၀; ၁ ယောဟန် ၃:၁၈) ခရစ်ယာန်အသင်းတော်သည် မုဆိုးမများအား ကူညီထောက်ပံ့ခြင်းကို အထူးပင်စိတ်ဝင်စားကြောင်းတင်ပြသည်။ (တမန်တော် ၆:၁-၆; ၁ တိမောသေ ၅:၈-၁၀) ဘုရားသခင်သည် မုဆိုးမများနှင့် မိဘမဲ့သူတို့၏ ကွယ်ကာရှင်ဖြစ်တော်မူသောကြောင့် သူတို့၏ဝိညာဉ်ရေးနှင့် ကာယရေးဘက် အတတ်နိုင်ဆုံးကူညီပေးခြင်းဖြင့် ကိုယ်တော်နှင့်အတူပူးပေါင်း၍ လုပ်ဆောင်ကြစို့လေ။ (တရားဟောရာ ၁၀:၁၇၊ ၁၈) စင်ကြယ်သောဝတ်ပြုမှုဟူသည် စာတန်၏လက်တွင်းရှိ မဖြောင့်မတ်သော လူ့အဖွဲ့အစည်း ‘ဤလောကီအညစ်အကြေးတို့မှ ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်း’ ကိုလည်းဆိုလိုသည်။ (ယောဟန် ၁၇:၁၆; ၁ ယောဟန် ၅:၁၉) ထို့ကြောင့် ယေဟောဝါအားဂုဏ်တင်ပြီး ကိုယ်တော့်လုပ်ငန်းတော်တွင် အသုံးဝင်သူများဖြစ်နိုင်ကြရန် လောက၏ဘုရားတရားမဲ့သောအပြုအမူတို့မှ ကင်းကင်းရှင်းရှင်းနေကြစို့လေ။—၂ တိမောသေ ၂:၂၀-၂၂။

၂၁။ ယာကုပ်၏စာနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သုံးသပ်သင့်သော နောက်ထပ်မေးခွန်းများကား အဘယ်နည်း။

၂၁ ယခုအထိ သုံးသပ်ခဲ့သော ယာကုပ်၏သွန်သင်ချက်က ကျွန်ုပ်တို့အား စုံစမ်းခြင်းများကို ခံရပ်ရန်နှင့် ယုံကြည်ခြင်း၌စွဲမြဲရန် ထောက်ကူသင့်သည်။ ကောင်းမြတ်သောဆုကျေးဇူးများကို မေတ္တာပါပါပေးကမ်းတော်မူသောအရှင်အပေါ် ကျွန်ုပ်တို့ပိုမို၍ တန်ဖိုးထားလေးမြတ်သင့်သည်။ ထို့ပြင် ယာကုပ်၏စကားများသည် စင်ကြယ်သောဝတ်ပြုမှုကို ကျင့်သုံးဖို့အကူအညီပေးသည်။ သို့သော် အခြားအဘယ်အရာများကိုလည်း ကျွန်ုပ်တို့အားဂရုစိုက်စေသနည်း။ ကျွန်ုပ်တို့သည် ယေဟောဝါ၌စစ်မှန်သောယုံကြည်ခြင်းရှိကြောင်း ပြသဖို့ရန် နောက်ထပ်အဘယ်ခြေလှမ်းများကို လှမ်းနိုင်သေးသနည်း။

သင်မည်သို့ဖြေဆိုမည်နည်း

◻ စုံစမ်းခြင်းများကို ခံရပ်တည်ကြည်ဖို့ အဘယ်အရာကကူညီမည်နည်း။

◻ ခရစ်ယာန်များသည် စုံစမ်းခြင်းများကြား အဘယ့်ကြောင့် ဝမ်းမြောက်နိုင်ကြသနည်း။

◻ ကျွန်ုပ်တို့သည် နှုတ်ကပါဌ်တရားကိုကျင့်သောသူများ မည်သို့ဖြစ်နိုင်ကြသနည်း။

◻ စင်ကြယ်သောဝတ်ပြုရေးတွင် အဘယ်အရာပါဝင်သနည်း။

[အောက်ခြေမှတ်ချက်များ]

a ဤဆောင်းပါးနှင့် နောက်ဆောင်းပါးနှစ်ခုကို သီးသန့် သို့မဟုတ် မိသားစုကျမ်းစာသင်အံမှုတွင်လေ့လာစဉ် ယုံကြည်ခြင်းခိုင်ခံ့စေသော ယာကုပ်၏စာမှ ကိုးကားထားရာတစ်ခုစီကိုဖတ်ရှုခြင်းဖြင့် အထူးပင်အကျိုးရှိကြောင်း သင်တွေ့ရှိပါလိမ့်မည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

စုံစမ်းခြင်းခံရချိန်တွင် ဆုတောင်းချက်များနားညောင်းတော်မူသော ယေဟောဝါ၏တန်ခိုးတော်၌ ယုံကြည်ပါ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

“နှုတ်ကပါဌ်တရားတော်ကို ကျင့်သောသူ” များသည် ဘုရားသခင့်နိုင်ငံတော်ကို ကမ္ဘာချီကြွေးကြော်နေကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ