ခံနိုင်ရည်ဖြင့် ပြိုင်ပွဲကိုပြေးခြင်း
“ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။”—ဟေဗြဲ ၁၂:၁။
၁။ (က) ယေဟောဝါဘုရားထံ ကျွန်ုပ်တို့ဆက်ကပ်အပ်နှံသောအခါ ကျွန်ုပ်တို့ရှေ့တွင် မည်သည့်အရာကို ထားရှိသနည်း။ (ခ) ခရစ်ယာန်တစ်ဦးသည် မည်သို့သောပြေးပွဲအတွက် ပြင်ဆင်ရမည်နည်း။
ကျွန်ုပ်တို့ကိုယ်ကို ယေဟောဝါထံယေရှုခရစ်အားဖြင့် ဆက်ကပ်သောအခါ ဘုရားရှင်သည် ပုံဆောင်ချက်အားဖြင့် ကျွန်ုပ်တို့ရှေ့မှောက်တွင် ပြိုင်ပွဲတစ်ခုထားရှိလေသည်။ ပြိုင်ပွဲအဆုံးတွင်အောင်မြင်စွာပြီးဆုံးသူအားလုံးကို ဆုချပါလိမ့်မည်။ မည်သည့်ဆုနည်း။ ထာဝရအသက်ဖြစ်သည်။ ဤထူးမြတ်လှသောဆုကိုဆွတ်ခူးရန် ခရစ်ယာန်အပြေးပြိုင်သူသည် ပြင်ဆင်ထားရမည်၊ တာတိုအမြန်ပြေးပွဲအတွက်သာမဟုတ်ပဲ၊ တာဝေးပြေးပွဲအတွက်ဖြစ်သည်။ ထို့ကြောင့်သူ၌ ခံနိုင်ရည်လိုအပ်မည်။ သူသည်ရေရှည်ပြေးပွဲကိုယ်နှိုက်၏ပင်ပန်းမှုနှင့် ပြေးပွဲအတွင်းအခက်အခဲများ နှစ်ခုစလုံးကို ခံနိုင်ရည်ရှိရမည်။
၂၊ ၃။ (က) ခရစ်ယာန်ပြေးပွဲကို အဆုံးထိတိုင်ပြေးနိုင်ရန် အဘယ်အရာကထောက်ကူမည်နည်း။ (ခ) ယေရှုသည်ပြေးပွဲကို ခံနိုင်ရည်ဖြင့်ပြေးနိုင်ရန် ဝမ်းမြောက်မှုကမည်သို့ထောက်ကူခဲ့သနည်း။
၂ ထိုသို့သောပြိုင်ပွဲကို အဆုံးတိုင်အောင် ပြီးမြောက်စေရန် ကျွန်ုပ်တို့အားဘာကကူညီမည်နည်း။ ယေရှုသည် မြေကြီးပေါ်တွင် လူသားအဖြစ်ရှိစဉ် ကိုယ်တော်ကိုခံနိုင်ရည်ရှိစေရန် ဘာကကူညီပေးခဲ့သနည်း။ ကိုယ်တော်သည် ဝမ်းမြောက်ခြင်းအရည်အချင်းမှ အတွင်းခွန်အားရယူခဲ့သည်။ ဟေဗြဲ ၁၂:၁-၃ တွင်ဤသို့ဖတ်ရှုရသည်။ “ထို့ကြောင့်၊ ဤမျှလောက် များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည်ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်းပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကို အစအဦးစီရင်၍စုံလင်စေတော်မူသော သခင်ယေရှုကိုစေ့စေ့ ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ပဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။ အပြစ်ရှိသောသူတို့လက်တွင် ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။”
၃ ယေရှုသည် လူထုရှေ့ဓမ္မအမှုဆောင်စဉ်တစ်လျှောက်လုံးတွင် ယေဟောဝါ၌ ရွှင်လန်းမှုကြောင့် ပြေးပွဲကိုတစ်ချိန်လုံး ပြေးနိုင်ခဲ့သည်။ (နေဟမိ ၈:၁၀ နှင့်နှိုင်းယှဉ်) ကိုယ်တော်၏ပျော်ရွှင်ခြင်းက မိမိအား ညှဉ်းဆဲရာသစ်တိုင်တွင် အရှက်တကွဲသေဆုံးခြင်းကိုပင်ခံနိုင်ရန် ထောက်ကူခဲ့သည်၊ ယင်းနောက်ကိုယ်တော်သည် မဖော်ပြနိုင်သောပျော်ရွှင်မှုနှင့် သေခြင်းမှထမြောက်ခြင်းကို ခံစားခဲ့ရပြီး ဘုရားသခင်၏လုပ်ငန်းပြီးဆုံးသည်အထိရှုမြင်နိုင်ရန် ကိုယ်တော်၏ဖခမည်းတော်လက်ယာဘက်သို့ တက်ကြွတော်မူသည်။ ဘုရားသခင်ဘက်ရှိလူသားတစ်ဦးအဖြစ် ကိုယ်တော်၏ခံနိုင်ရည်အားဖြင့် ကိုယ်တော်သည် မိမိ၏ထာဝရအသက်ရပိုင်ခွင့်ကို စွဲကိုင်ထားသည်။ မှန်ပါသည်၊ လုကာ ၂၁:၁၉ ဆိုသည့်အတိုင်း “သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ရောက်ကြ” မည်။
၄။ ယေရှုသည် မိမိ၏ပြေးပွဲဝင်ဘက်တို့အတွက် မည်သို့သောပုံသက်သေချမှတ်ခဲ့၍ ကျွန်ုပ်တို့စိတ်ထဲတွင်ဘာကို အာရုံစိုက်ထားသင့်သနည်း။
၄ ယေရှုခရစ်သည် မိမိ၏ပြိုင်ပွဲဝင်ဘက်တို့အား အကောင်းဆုံးပုံသက်သေများတင်ပြခဲ့၍ ကိုယ်တော်၏ပုံသက်သေက ကျွန်ုပ်တို့လည်း အောင်နိုင်သူများဖြစ်နိုင်ကြောင်း စိတ်ချစေသည်။ (၁ ပေတရု၊ ၂:၂၁) ယေရှုကျွန်ုပ်တို့အားလုပ်ခိုင်းသည်ကို ကျွန်ုပ်တို့လုပ်နိုင်သည်။ ကိုယ်တော်သည် ခံနိုင်ရည်ရှိသကဲ့သို့ ကျွန်ုပ်တို့လည်းခံနိုင်ရည်ရှိနိုင်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုင်မာစွာတုပစဉ် မိမိတို့ ရွှင်လန်းရသည့်အကြောင်းရင်းအပေါ် အာရုံစိုက်ရန်လိုသည်။ (ယောဟန် ၁၅:၁၁၊ ၂၀၊ ၂၁) ရွှင်လန်းမှုသည် ယေဟောဝါ၏အမှုတော်တွင် ထူးမြတ်လှသောထာဝရအသက်ဆု ရရှိသည်အထိ စွဲစွဲမြဲမြဲပြေးရန် ကျွန်ုပ်တို့အားခွန်အားပေးပါလိမ့်မည်။—ကောလောသဲ ၁:၁၀၊ ၁၁။
၅။ ကျွန်ုပ်တို့ရှေ့တွင်ရှိ ပြေးပွဲအတွက် မည်သို့ရွှင်လန်း၍ ခွန်အားရယူနိုင်သနည်း။
၅ ပြိုင်ပွဲတွင် စွဲမြဲမှုရှိရန်အတွက် ကျွန်ုပ်တို့အားကူညီဖို့ ယေဟောဝါသည် သာမန်ထက်ကျော်လွန်သောတန်ခိုးပေးလေသည်။ ကျွန်ုပ်တို့နှိပ်စက်ခံရသောအခါ ထိုတန်ခိုးနှင့် အဘယ်ကြောင့်နှိပ်စက်ခံရသည့်အခွင့်အရေးခံစားရကြောင်း အသိပညာက ကျွန်ုပ်တို့အား ခွန်အားရှိစေသည်။ (၂ ကောရိန္သု ၄:၇-၉) ဘုရားသခင့်နာမတော်ဂုဏ်တင်ရန်နှင့် ကိုယ်တော်၏အချုပ်အခြာကို စွဲကိုင်ခြင်းကြောင့်ခံရသည့် အဘယ်အရာမဆိုသည် ကျွန်ုပ်တို့ထံမှ ဘယ်သူမျှမယူသွားနိုင်သော ပျော်ရွှင်ရန်အကြောင်းဖြစ်လေသည်။ (ယောဟန် ၁၆:၂၂) ယင်းက တမန်တော်များသည် ယေရှုနှင့်ဆက်နွယ်၍ ယေဟောဝါဘုရားရှင်လုပ်ဆောင်ခဲ့သော ထူးမြတ်လှသောအရာများကို သက်သေခံခြင်းကြောင့် ဂျူးလွှတ်ရုံး၏အမိန့်ဖြင့် ရိုက်နှက်ခံရပြီးနောက် အဘယ်ကြောင့်ရွှင်လန်းခဲ့ကြောင်းကို ရှင်းပြသည်။ အကြောင်းမှာ “သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည်အရှက်ကွဲခြင်းကို ခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့်” ဖြစ်သည်။ (တမန်တော် ၅:၄၁၊ ၄၂) သူတို့၏ရွှင်လန်းမှုသည် နှိပ်စက်ခြင်းကိုယ်နှိုက်မှလာခြင်းမဟုတ်ပဲ သူတို့သည် ယေဟောဝါနှင့်ယေရှုကို နှစ်သက်စေသည်ဟူသော နက်ရှိုင်းသည့်အတွင်းကျေနပ်မှုမှလာသည်။
၆၊ ၇။ ခရစ်ယာန်အပြေးသမားသည် ဒုက္ခခံရစဉ်ပင် အဘယ်ကြောင့်အထူးဝမ်းမြောက်နိုင်၍ မည်သည့်ရလဒ်ဖြင့်နည်း။
၆ ကျွန်ုပ်တို့အသက်တာတွင် နောက်ထပ်ထောက်မသောတန်ခိုးသည် ကျွန်ုပ်တို့ရှေ့တွင် ဘုရားရှင်ချမှတ်ပေးသော မျှော်လင့်ချက်ဖြစ်သည်။ ပေါလုပြောသကဲ့သို့ပင် “ငါတို့သည် ထာဝရဘုရားကိုယုံကြည်ကိုးစားခြင်းဖြင့် ကိုယ်တော်၏ရှေ့တော်၌ သူတော်ကောင်းအဖြစ်ကိုရရှိပြီးဖြစ်သောကြောင့် ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရဘုရား၏ရှေ့တော်မှောက်တွင် ငြိမ်သက်ခြင်းကို ခံစားကြရ၏။ ငါတို့သည်. . . ယုံကြည်ကိုးစားသည်ဖြစ်၍. . . ငါတို့အား ထာဝရဘုရားအဘယ်မျှ ကျေးဇူးပြုတော်မူကြောင်းကို သိမြင်စေတော်မူ၏။ ထိုကျေးဇူးတော်ကို ယခုငါတို့ ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ ငါတို့သည်ထာဝရဘုရား၏ဘုန်းအသရေတော်ကို ခံစားရမည်ကို စိတ်ချယုံကြည်ရသဖြင့် ရွှင်လန်းဝမ်းမြောက်ကြ၏။ ဆင်းရဲဒုက္ခများအထဲ၌ပင်လျှင် ငါတို့ရွှင်လန်းဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည် သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်းသည် ခံနိုင်ရည်ရှိမှုကိုလည်းကောင်း၊ ခံနိုင်ရည်ရှိမှုသည် စိတ်ချယုံကြည်မှု [နှစ်သက်ဖွယ်အခြေအနေ ကဘ] ကိုလည်းကောင်းပြုစု၍ ပေးတတ်ကြောင်းကို ငါတို့သိကြ၏။ ငါတို့သည် ဤသို့ယုံကြည်စိတ်ချလျှင် အဘယ်အခါ၌မျှ စိတ်ပျက်ရလိမ့်မည်မဟုတ်။”—ရောမ ၅:၁-၅။ သက။
၇ ဆင်းရဲဒုက္ခကိုယ်နှိုက်သည် ရွှင်လန်းဖွယ်မဟုတ်ချေ။ သို့သော်လည်း နောက်ပိုင်းဖြစ်ပေါ်လာသော ငြိမ်သက်ခြင်းအသီးများသည် ရွှင်လန်းဖွယ်ဖြစ်သည်။ ဤအသီးများသည် ခံနိုင်ရည်၊ နှစ်သက်ဖွယ်အခြေအနေ၊ မျှော်လင့်ခြင်းနှင့် ထိုမျှော်လင့်ချက်၏ ပြည့်စုံရာများဖြစ်သည်။ ကျွန်ုပ်တို့ခံနိုင်ရည်ရှိခြင်းသည် မျက်နှာသာတော်ကိုရရှိစေမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်မျက်နှာသာကိုရရှိသောအခါ ကိုယ်တော်ပြုခဲ့သော ကတိတော်များပြည့်စုံလာရန်အတွက် စိတ်ချစွာဖြင့် မျှော်လင့်နိုင်သည်။ ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့အား လမ်းမှန်ပေါ်ရှိစေပြီး မျှော်လင့်ချက်ပြည့်စုံသည့်တိုင်အောင် ဆင်းရဲဒုက္ခအောက်၌ အားရှိစေသည်။—၂ ကောရိန္သု ၄:၁၆-၁၈။
ခံနိုင်ရည်ရှိသူများပျော်ရွှင်
၈။ ဤစောင့်ဆိုင်းရာကာလသည် ကျွန်ုပ်တို့အတွက်အဘယ်ကြောင့် အချိန်ဖြုန်းတီးခြင်းမဟုတ်သနည်း။
၈ ပြေးပွဲဝင်သူများကိုဆုပေးရန် ဘုရားရှင်ကန့်သတ်ထားသည့်အချိန်ကိုစောင့်ဆိုင်းစဉ် ကျွန်ုပ်တို့ကြုံတွေ့ရသော ပြောင်းလဲမှုများရှိလေသည်။ ယင်းတို့မှာ စုံစမ်းခြင်းများကို အောင်မြင်စွာရင်ဆိုင်ခြင်းမှရရှိသော ဝိညာဏတိုးတက်မှုများဖြစ်ပြီး ၄င်းတို့သည် ကျွန်ုပ်တို့အား ဘုရားရှင်၏ကြီးစွာသော မျက်နှာသာကိုရရှိစေသည်။ ယင်းတို့က ကျွန်ုပ်တို့ဘာဖြစ်ကြောင်းသက်သေပြပြီး ရှေးမှသစ္စာရှိသူများ၊ အထူးသဖြင့်ကျွန်ုပ်တို့၏ပုံသက်သေ ယေရှုခရစ်ပြသခဲ့သော အလားတူအရည်အချင်းကိုပြသရန် အခွင့်အရေးကိုပေးလေသည်။ တမန်တော်ယာကုပ်ကဆိုသည်။ “ငါ့ညီအစ်ကိုတို့ သင်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးနှင့် တွေ့ကြုံရသောအခါ ဝမ်းမြောက်စရာဖြစ်သည်ဟု ခံယူကြလော့။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားအား ယုံကြည်ခြင်းအားဖြင့် စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်နိုင်လာသည်နှင့်အမျှ မိမိတို့တွင် ခံနိုင်ရည်တိုး၍လာကြောင်းကို သင်တို့သိရှိကြရသောကြောင့်ဖြစ်၏။ သင်တို့သည် မည်သည့်အရာမျှ ချို့တဲ့မှုမရှိပဲ ပြည့်ဝစုံလင်လာကြစေရန် အဆုံးတိုင်အောင် ခံနိုင်ရည်ရှိကြပေမည်။” (ယာကုပ် ၁:၂-၄၊ သက။) မှန်ပါသည်၊ စုံစမ်းခြင်းအမျိုးမျိုးရင်ဆိုင်ရရန် ကျွန်ုပ်တို့မျှော်လင့်ပေမည်။ သို့သော်ယင်းတို့က ကျွန်ုပ်တို့အားလျောက်ပတ်သော အရည်အချင်းများကို မွေးမြူနေရန် လုပ်ဆောင်ပေးမည်။ သို့ဖြင့်ကျွန်ုပ်တို့သည် မည်သို့သောအခက်အခဲများ ရင်ဆိုင်ရစေကာမူ ဆုရရှိသည့်တိုင်အောင် ဤပြိုင်ပွဲတွင်ရပ်တည်နေမည်ကိုပြသသည်။
၉၊ ၁၀။ (က) စုံစမ်းခြင်းကို ခံနိုင်ရည်ရှိသူများသည် အဘယ်ကြောင့်ပျော်ရွှင်သနည်း။ စုံစမ်းခြင်းများကို ကျွန်ုပ်တို့မည်သို့ရင်ဆိုင်သင့်သနည်း။ (ခ) ရှေးမှပျော်ရွှင်သူများသည် မည်သူများနည်း။ ကျွန်ုပ်တို့သည် မည်သို့သူတို့အဝင်ဖြစ်နိုင်သနည်း။
၉ ထို့ကြောင့်ယာကုပ်ဤသို့ပြောသည်မှာ အံ့ဩစရာမဟုတ်ချေ။ “စုံစမ်းနှောင့်ယှက်ခြင်းကို ကြံ့ကြံ့ခံနိုင်သောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ယင်းသို့ခံနိုင်သည်ရှိသော် ထာဝရဘုရားကို ချစ်သောသူတို့အား ကိုယ်တော်ကတိထားတော်မူသည့် အသက်တည်းဟူသောဆုကို ရရှိမည်ဖြစ်သောကြောင့်တည်း။” (ယာကုပ် ၁:၁၂၊ သက) ကျွန်ုပ်တို့သည် စုံစမ်းခြင်းများကို ခိုင်မာစွာရင်ဆိုင်၍ ယင်းတို့ကိုအောင်မြင်စေရန် ကျွန်ုပ်တို့အားခွန်အားရှိစေသည့် ဘုရားရေးရာအရည်အချင်းများနှင့် တပ်ဆင်ထားကြပါစို့။—၂ ပေတရု ၁:၅-၈။
၁၀ ကျွန်ုပ်တို့နှင့်ဘုရားသခင်ဆက်ဆံပုံနည်းလမ်းသည် အသစ်အဆန်းမဟုတ်ကြောင်း သတိရပါ။ ရှေးအချိန်မှ “များစွာသောသက်သေ” တို့သည် ဘုရားရှင်ထံသူတို့၏ တည်ကြည်မှုကိုပြသသည့်အလျောက် အလားတူဆက်ဆံခံခဲ့ရသည်။ (ဟေဗြဲ ၁၂:၁) သူတို့ကို ဘုရားသခင်နှစ်ခြိုက်ကြောင်း ကိုယ်တော်၏နှုတ်ကပါဌ်တော်တွင် မှတ်တမ်းတင်ထား၍ သူတို့သည်စုံစမ်းခြင်းအောက်တွင် ခံရပ်သောကြောင့် သူတို့အားလုံးမင်္ဂလာရှိသည်ဟု ကျွန်ုပ်တို့ယူမှတ်သည်။ ယာကုပ်ကဤသို့ဆိုသည်။ “ညီအစ်ကိုတို့၊ ဘုရားသခင်၏နာမတော်ကို အမှီပြု၍ ဟောပြောခဲ့ကြသော ပရောဖက်တို့၏အကြောင်းကို အောက်မေ့ဆင်ခြင်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သူတို့တွင်ခံနိုင်ရည်ရှိပုံကို စံနမူနာယူကြလော့။ သူတို့သည် ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အား မင်္ဂလာရှိသူများဟူ၍ ငါတို့ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည်ကို သင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌သူ့အား ထာဝရဘုရားအဘယ်သို့ကြည့်ရှုတော်မူကြောင်းကိုလည်း သင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သနားကြင်နာတော်မူ၍ ကရုဏာတော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း။” (ယာကုပ် ၅:၁၀၊ ၁၁၊ သက။) ဤခဲယဉ်းသောနောက်ဆုံးကာလတွင် ရှေးရာစုများက ပရောဖက်များပြုလုပ်ခဲ့သကဲ့သို့ ယေဟောဝါအားတည်ကြည်စွာ အမှုထမ်းရွက်မည့်သူအချို့ ကမ္ဘာ့မြင်ကွင်းတွင် ပေါ်လာမည့်အကြောင်း တင်ကြိုဟောထားခဲ့သည်။—ဒံယေလ ၁၂:၃။ ဗျာဒိတ် ၇:၉။
ယေဟောဝါ၏အားရဖွယ် နှုတ်ကပါဌ်တော်မှ ထောက်မမှုရယူခြင်း
၁၁။ ဘုရားနှုတ်ကပါဌ်တော်သည် ကျွန်ုပ်တို့အားခံနိုင်ရည်ရှိရန် မည်သို့ကူညီပေးနိုင်သနည်း။ ကျွန်ုပ်တို့သည် ယေရှု၏ပုံဥပမာတွင်ရှိသော ကျောက်ပေါရာဒေသကဲ့သို့ အဘယ်ကြောင့်မဖြစ်သင့်သနည်း။
၁၁ ပေါလုက “ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌အထက်က ရေးထားသမျှသည် ငါတို့ကိုဆုံးမသြဝါဒပေး၍ ရေးထားသတည်း” ဟုဆိုရာ၌ ခံနိုင်ရည်အတွက်နောက်ထပ်အထောက်အကူတစ်ခုကို ညွှန်ပြခဲ့သည်။ (ရောမ ၁၅:၄) အချိန်တိုင်းတွင် ကျွန်ုပ်တို့မှလျောက်ပတ်သောတုံ့ပြန်မှု ထွက်ပေါ်လာရန်အတွက် ဘုရားနှုတ်ကပါဌ်တော်သမ္မာတရားသည် ကျွန်ုပ်တို့အတွင်းတွင် နက်ရှိုင်းစွာအမြစ်တွယ်ရမည်။ ကျွန်ုပ်တို့သည် ယေရှု၏မျိုးကြဲသူပုံဥပမာတွင်ဖော်ပြသည့် ကျောက်ပေါသောမြေနှင့်တူခြင်းအားဖြင့် ဘာမျှအကျိုးမခံစားရချေ။ “ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ခြင်းခံယူသော်လည်း စိတ်နှလုံး၌အမြစ်မစွဲ ခဏသာတည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့်ညှဉ်းဆဲခြင်းကိုခံရသောအခါ ချက်ချင်းဖောက်ပြန်တတ်သည်။” (မာကု ၄:၁၆၊ ၁၇) ဘုရားနှုတ်ကပါဌ်တော်မှ သမ္မာတရားသည် ထိုကဲ့သို့သောသူများတွင် နက်ရှိုင်းစွာအမြစ်မတွယ်ချေ။ သို့ဖြင့်၊ ဒုက္ခကာလတွင် သူတို့သည် ယင်းမှခွန်အားနှင့်မျှော်လင့်ချက်၏စစ်မှန်သော အရင်းအမြစ်အဖြစ် မမှီခိုနိုင်ကြချေ။
၁၂။ သတင်းကောင်းကိုလက်ခံသောအခါ မိမိတို့ကိုယ်ကို မည်သို့မလှည့်စားသင့်သနည်း။
၁၂ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လက်ခံသူမည်သူမဆိုသည် ဘာဖြစ်လာမည်နှင့်စပ်လျဉ်း၍ မိမိကိုယ်ကို မလှည့်စားသင့်ချေ။ သူသည်ဆင်းရဲဒုက္ခ သို့မဟုတ် နှိပ်စက်ခြင်းသင့်ရောက်စေသည့် အသက်တာကိုလှမ်းယူနေသည်။ (၂ တိမောသေ ၃:၁၂) သို့သော်ဘုရားနှုတ်ကပါဌ်တော်ကို စွဲကိုင်ခြင်းနှင့် ယင်းအကြောင်းအခြားသူများကို ပြောပြခြင်းကြောင့် စုံစမ်းခြင်းအမျိုးမျိုးခံရသည့် အခွင့်အရေးရရှိခြင်းကို “ဝမ်းမြောက်စရာ” ဟုယူမှတ်သင့်သည်။—ယာကုပ် ၁:၂၊ ၃။
၁၃။ ပေါလုသည် မည်သို့နှင့်အဘယ်ကြောင့် သက်သာလောနိတ်ရှိ ခရစ်ယာန်များအပေါ် ဝမ်းမြောက်နိုင်ခဲ့သနည်း။
၁၃ ပထမရာစုတွင် သက်သာလောနိတ်ရှိ ဆန့်ကျင်သူများသည် ပေါလု၏ဟောပြောခြင်းကြောင့် ရုန်းရင်းခတ်ခဲ့ကြသည်။ ပေါလုသည် ဗေရိမြို့သို့သွားခဲ့စဉ် ပို၍ဒုက္ခပေးရန် ဤနှိပ်စက်သူများသည် သူ့နောက်လိုက်ခဲ့ကြသည်။ သက်သာလောနိတ်တွင် ကျန်ရစ်သောသစ္စာရှိသူများထံ နှိပ်စက်ခံခဲ့ရသူတမန်တော်က ဤသို့ရေးသားခဲ့သည်။ “ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍ လူတိုင်းအသီးသီးတို့သည် အချင်းချင်းချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍ ငါတို့သည်ပြုသင့်သည်အတိုင်း သင်တို့ကြောင့်ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။ သို့ဖြစ်၍၊ သင်တို့သည်ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကိုခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိသည်ကို ငါတို့သည်ထောက်၍ ဘုရားသခင်၏အသင်းတော်များတွင် သင်တို့ကြောင့်ဝါကြွားကြ၏။ သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍ ထိုနိုင်ငံတော်ကိုဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှာ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။” (၂ သက်သာလောနိတ် ၁:၃-၅) ရန်သူများလက်တွင် ခံရပ်လျက် သက်သာလောနိတ်ရှိခရစ်ယာန်များသည် ခရစ်တော်ကဲ့သို့သောအရည်အချင်းနှင့်အရေအတွက်တွင် တိုးပွားလာသည်။ ယင်းသည်မည်သို့ ဖြစ်နိုင်သနည်း။ သူတို့သည် ယေဟောဝါ၏အားရှိဖွယ် နှုတ်ကပါဌ်တော်မှ ခွန်အားရယူသောကြောင့်ဖြစ်သည်။ သူတို့သည် သခင်အရှင်၏အမိန့်တော်များကိုနာခံ၍ ခံနိုင်ရည်ဖြင့်ပြိုင်ပွဲတွင် ပြေးသောကြောင့်ဖြစ်သည်။—၂ သက်သာလောနိတ် ၂:၁၃-၁၇။
အခြားသူများ၏ကယ်တင်ခြင်းအတွက်
၁၄။ (က) အခက်အခဲများရှိငြားလည်း ကျွန်ုပ်တို့သည် အဘယ်အကြောင်းများကြောင့် ဓမ္မအမှုတွင်ရွှင်လန်းစွာ ရပ်တည်သင့်သနည်း။ (ခ) ကျွန်ုပ်တို့သည်အဘယ်အတွက် ဆုတောင်းသင့်ပြီး အဘယ်ကြောင့်နည်း။
၁၄ အဓိကအနေနှင့် ဘုရားဘုန်းထင်ရှားရေးအတွက် ကျွန်ုပ်တို့သည်အခက်အခဲများကို သစ္စာရှိစွာနှင့် မညည်းမညူခံရပ်ကြသည်။ သို့သော်၊ ထိုသို့သောအရာများအောက် ကျွန်ုပ်တို့အဘယ်ကြောင့်သည်းခံရခြင်း၏ တစ်ကိုယ်ကောင်းမဲ့သည့် အခြားအကြောင်းရှိသေးသည်။ ယင်းမှာ “ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံ” ဖို့ဘုရားနိုင်ငံတော်ကြေညာသူများ ပိုမိုထွက်ပေါ်လာရေးအတွက် အခြားသူများအား ဘုရားနိုင်ငံတော်သတင်းကိုကမ်းလှမ်းသွားနိုင်ရန် အတွက်ဖြစ်သည်။ (ရောမ ၁၀:၁၁) ရိတ်သိမ်းခြင်း၏သခင်သည် ဘုရားနိုင်ငံတော်ကြေညာသူများ ပိုမိုပေးခြင်းဖြင့်သူတို့၏လုပ်ငန်းကို ကောင်းချီးပေးရန် ဘုရားလုပ်ငန်းတော်တွင်ပါဝင်သူတို့ ဆုတောင်းသင့်သည်။ (မဿဲ ၉:၃၈) ပေါလုက တိမောသေအား ဤသို့ရေးသားခဲ့သည်။ “သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသောအရာတို့ကို သစ္စာနှင့်ပြည့်စုံလျက် သူတစ်ပါးတို့ကိုသွန်သင်ခြင်းငှာ တတ်စွမ်းနိုင်သော သူတို့၌အပ်ပေးလော့။ ထိုသို့အလို့ငှာသင်သည် ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့ ဆင်းရဲဒုက္ခကိုသည်းခံလော့။”—၂တိမောသေ ၂:၂၊ ၃။
၁၅။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုစစ်သူရဲများ၊ ပြိုင် “ပွဲ” ဝင်သူများကဲ့သို့ အဘယ်ကြောင့်ပြုမူသင့်သနည်း။
၁၅ စစ်သည်တစ်ဦးသည် ပိုမိုကန့်သတ်မှုနည်းသော အရပ်သားဘဝမှ မိမိကိုယ်ကိုသီးခြားနေသည်။ အလားတူပင်ဖြစ်သည်။ သို့ဖြင့်ပေါလုက ဆက်လက်၍တိမောသေထံ ဤသို့ရေးသားခဲ့သည်။ “မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှာ၊ လောကီမှုရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။ ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။” (၂တိမောသေ ၂:၄၊ ၅) ပြေးပွဲတွင် “အသက်သရဖူ” အတွက် အောင်ပွဲဆွတ်ခူးရန် အပြေးသမားများသည် ချုပ်တည်းရမည်ဖြစ်ပြီး အသုံးမဝင်သောဝန်ထုပ်များနှင့် ရှုပ်ထွေးမှုကို ရှောင်ရှားရမည်။ ဤသို့ဖြင့်သူတို့သည် အခြားသူများထံ ကယ်တင်ခြင်းသတင်းယူဆောင်ခြင်းအပေါ် အာရုံစိုက်နိုင်ပေမည်။—ယာကုပ် ၁:၁၂။ ၁ ကောရိန္သု ၉:၂၄၊ ၂၅ နှိုင်းယှဉ်။
၁၆။ အဘယ်အရာကိုချည်နှောင်၍မရသနည်း။ မည်သူ့အကျိုးအတွက် ကျွန်ုပ်တို့ခံရပ်သနည်း။
၁၆ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ကိုယ်တော်ကိုတွေ့ရန် ရှာဖွေနေသူများအားချစ်သောကြောင့် အခြားသူများထံ ကယ်တင်ခြင်းသတင်းရောက်ရှိရန်အလို့ငှာ ပျော်ရွှင်စွာဖြင့် ခံရပ်ကြသည်။ ဘုရားနှုတ်ကပါဌ်တော်ကို ချုပ်နှောင်၍မရချေ။ အခြားသူများကယ်တင်ခြင်းရရေးအတွက် ဟောပြောခြင်းကိုချည်နှောင်၍မရချေ။ ပေါလုက တိမောသေအား သူသည်အဘယ်ကြောင့် ဤမျှစုံစမ်းခြင်းကို ရင်ဆိုင်ရန်စိတ်သန်ကြောင်း ဖော်ပြခဲ့သည်။ “ဒါဝိဒ်အမျိုးဖြစ်သောယေရှုခရစ်သည် ငါဟောသောဧဝံဂေလိတရားအတိုင်း သေခြင်းမှထမြောက်တော်မူသည်ဟု အောက်မေ့လော့။ ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် ချည်နှောင်ခြင်းနှင့်ကင်းလွတ်၏။ ထို့ကြောင့် ရွေးကောက်တော်မူသောသူတို့သည်၊ ထာဝရဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ သူတို့အဖို့အရာရာကိုငါသည်းခံ၏။” (၂တိမောသေ ၂:၈-၁၀) ယနေ့တွင်ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်ဝင်စားမည့် အကြွင်းအကျန်အနည်းငယ်အတွက်သာမဟုတ်ပဲ ခရစ်တော်၏နိုင်ငံတော်အောက်တွင် မြေကြီးပရဒိသုရရှိမည့်လူအုပ်ကြီးဖြစ်သည့် သိုးထိန်းကောင်းယေရှုခရစ်၏အခြားသိုးမှ လူအုပ်ကြီးကိုလည်း ကျွန်ုပ်တို့၏စိတ်တွင်ရှိသည်။—ဗျာဒိတ် ၇:၉-၁၇။
၁၇။ ပြေးပွဲကို ကျွန်ုပ်တို့အဘယ်ကြောင့် လက်မလျော့သင့်သနည်း။ ပြေးပွဲတွင်အဆုံးတိုင်အောင် ဆက်လက်ပါဝင်လျှင် မည်သည့်ရလဒ်ရရှိမည်နည်း။
၁၇ ကျွန်ုပ်တို့သည် လက်လျှော့သူများဖြစ်လျှင် မိမိတို့ကိုယ်နှိုက်ကိုဖြစ်စေ၊ အခြားသူတစ်ဦးဖြစ်စေ ကယ်တင်ခြင်းသို့ကူညီပေးနိုင်မည် မဟုတ်ချေ။ ခရစ်ယာန်ပြေးပွဲတွင် မည်သို့သောအခက်အခဲများ ရင်ဆိုင်ရစေကာမူ ခံနိုင်ရည်ရှိခြင်းဖြင့် မိမိတို့ကိုယ်ကိုဆုအတွက် တစ်စိုက်မတ်မတ်ဖြစ်စေပြီး အခြားသူများအတွက်တန်ခိုးပါသောပုံသက်သေဖြစ်စေကာ ကယ်တင်ခြင်းသို့တိုက်ရိုက်ကူညီပေးနိုင်သည်။ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းသည် ကောင်းကင်ဖြစ်စေ၊ မြေကြီးဖြစ်စေ “ ဆုကိုရခြင်းငှာပန်းတိုင်သို့” လိုက်ပြေးသောပေါလု၏သဘောထားသည်တုပရန် ကောင်းသောအရာတစ်ခုဖြစ်သည်။—ဖိလိပ္ပိ ၃:၁၄၊ ၁၅။
ပြေးပွဲ၌ဆက်လက်ကြံ့ခိုင်
၁၈။ ဆုကိုဆွတ်ခူးရန် မည်သည့်အရာအပေါ်မူတည်သနည်း။ သို့သော်အဆုံးတိုင်အောင်ပြေးနိုင်ရန် အဘယ်အရာကိုရှောင်ရှားရမည်နည်း။
၁၈ ယေဟောဝါ၏ဘုန်းထင်ရှားမှုအတွက် ကျွန်ုပ်တို့၏ခရစ်ယာန်ပြေးပွဲကို အောင်ပွဲခံပြီးမြောက်စေရန်နှင့် ကျွန်ုပ်တို့အတွက်ထားရှိသော ဆုကိုဆွတ်ခူးရန်၊ ပြေးပွဲတစ်လျှောက်လုံးတွင် ကျွန်ုပ်တို့၏ဆက်လက်ကြံ့ခိုင်မှုအပေါ် မူတည်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းအကြောင်းကိုမဖြစ်စေသည့်အရာများနှင့် မိမိကိုယ်ကိုဝန်ပိစေလျှင် အဆုံးတိုင်အောင်ရောက်နိုင်မည်မဟုတ်ချေ။ ထိုသို့သောအရာများကို ဖယ်ရှားလိုက်ပြီးနောက်ပင် ကျွန်ုပ်တို့စုစည်းနိုင်သမျှ ဇွဲနှင့်ခံနိုင်ရည်တင်ပြရန် အခြေအနေကတောင်းဆိုနေတုန်းပင်ဖြစ်သည်။ ထို့ကြောင့်ပေါလုက သွန်သင်ချက်ပေးသည်။ “ငါတို့သည်ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးကြကုန်အံ့။” (ဟေဗြဲ ၁၂:၁) ခံရမည့်ဒုက္ခကို လွန်ကဲစွာမပြောသင့်ဘဲ ယင်းတို့ကိုရွှင်လန်းဖွယ်ဆုအတွက် ပေးဆပ်ရသော သေးငယ်သောတန်ကြေးအဖြစ် ယေရှုကဲ့သို့မှတ်ယူသင့်သည်။—ရောမ ၈:၁၈ နှင့်နှိုင်းယှဉ်။
၁၉။ (က) ပေါလုသည် မိမိ၏အသက်တာကုန်ဆုံးခါနီးတွင် မည်သည့်ယုံကြည်စိတ်ချမှုကို တင်ပြခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် ခံနိုင်ရည်ပြေးပွဲ၏အဆုံးနားသို့ ရောက်ရှိလာစဉ် ကတိထားရာဆုလာဘ်နှင့်စပ်လျဉ်း၍ အဘယ်ယုံကြည်စိတ်ချမှု ရှိသင့်သနည်း။
၁၉ မိမိ၏အသက်တာအဆုံးတွင်ပေါလုက “ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မ [ဖြောင့်မတ်ခြင်း၊ ကဘ] သရဖူသည် ငါ့အဖို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့်စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကိုငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။” (၂တိမောသေ ၄:၇၊ ၈) ကျွန်ုပ်တို့သည် ထာဝရအသက်ဆုကိုရရှိရန် ဤခံနိုင်ရည်ပြေးပွဲတွင် ပါဝင်လျက်ရှိသည်။ ပြေးပွဲကို ကျွန်ုပ်တို့အစပြုခဲ့စဉ်ကထင်သည်ထက် ပြေးပွဲကပိုမိုရှည်လျားနေသည့်အတွက် ကျွန်ုပ်တို့၏ခံနိုင်ရည်ကုန်ဆုံးသွားလျှင် ကတိထားရာဆုကိုရရှိရန်နီးစဉ် ကျွန်ုပ်တို့ရှုံးနိမ့်ပါလိမ့်မည်။ အလွဲမယူပါနှင့်။ ဆုရရန်နီးသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
၂၀။ ပြေးပွဲ၏အဆုံးသို့ရောက်သည့်တိုင်အောင် ကျွန်ုပ်တို့၏သန္နိဌာန်သည် မည်သို့ဖြစ်သင့်သနည်း။
၂၀ ထို့ကြောင့် ကြီးစွာသောဒုက္ခအစပြုခြင်းကိုကြည့်ရှုစဉ် ကျွန်ုပ်တို့၏မျက်စိကို မနွမ်းလျစေပါနှင့်။ (၂ ပေတရု ၃:၁၁၊ ၁၂) ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ပြသနေသောနိမိတ်အားလုံးကိုထောက်ရှု၍ ကျွန်ုပ်တို့သည် ရှေ့သို့ယုံကြည်ခြင်းဖြင့် ကြည့်မျှော်ကြပါစို့။ ကျွန်ုပ်တို့၏ ခံနိုင်ရည်စွမ်းအားခါးဆစ်ကို ခါးပန်းစည်းလျက် ယေရှုခရစ်အားဖြင့် ယေဟောဝါ၏ဘုန်းထင်ရှားရေးအတွက် ရွှင်လန်းဖွယ်ဆုကျေးဇူးရသည့်အဆုံးထိတိုင်အောင် ကျွန်ုပ်တို့ရှေ့တွင် ယေဟောဝါဘုရားသခင်ထားသောပြေးပွဲတွင် ကြံ့ခိုင်စွာပါဝင်နိုင်ပါစေ။
သင်မည်သို့ဖြေဆိုမည်နည်း
▫ ခရစ်ယာန်တစ်ဦးသည် မည်သို့သောပြိုင်ပွဲမျိုးအတွက် ပြင်ဆင်ရမည်နည်း။
▫ ပြိုင်ပွဲတွင်ပြေးရာတွင် ဝမ်းမြောက်ခြင်းသည် အဘယ်ကြောင့်ဤမျှအရေးပါရသနည်း။
▫ အခက်အခဲများရင်ဆိုင်ရငြားလည်း ဓမ္မအမှုတွင်အဓိကအဘယ်အကြောင်းရင်းများကြောင့် ကျွန်ုပ်တို့ရပ်တည်သနည်း။
▫ ကျွန်ုပ်တို့ရှေ့တွင် ဘုရားရှင်ချထားသောပြိုင်ပွဲကို အဘယ်ကြောင့်ကျွန်ုပ်တို့လက်မလျော့သင့်သနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
တာဝေးပြိုင်ပွဲမှာကဲ့သို့ ခရစ်ယာန်များသည် ခံနိုင်ရည်ရှိရမည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
“အသက်သရဖူ” အတွက် လှမ်းနေရာတွင် ပြေးပွဲဝင်သူများသည် ချုပ်တည်းခြင်းကိုကျင့်သုံးရမည်