ရွှင်လန်းသည့် ‘နှုတ်ကပါဌ်တရားကို ကျင့်သောသူများ’
“သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌စိုက်ပျိုးသော နှုတ်ကပါဌ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူကြလော့။ ကိုယ်ကိုကိုယ်လှည့်ဖြား၍ နှုတ်ကပါဌ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။” —ယာကုပ် ၁:၂၁၊ ၂၂။
၁ ၁၉၉၆ နှစ်အတွက် ကျွန်ုပ်တို့၏နှစ်ချုပ်ကျမ်းချက်ကို မည်သို့သဘောထားသင့်သနည်း။
‘နှုတ်ကပါဌ်တရားကို ကျင့်သောသူများဖြစ်ကြလော့။’ ဤရိုးရှင်းသည့်အဆိုတွင် အစွမ်းထက်သောသတင်းတရားပါဝင်သည်။ ယင်းကို သမ္မာကျမ်းစာပါ “ယာကုပ်သြဝါဒစာ” မှ ကောက်နုတ်ထားပြီး ၁၉၉၆ ခုနှစ် တစ်နှစ်လုံး ယေဟောဝါသက်သေများ၏နှစ်ချုပ်ကျမ်းချက်အဖြစ် ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် ဖော်ပြထားမည်။
၂၊ ၃။ မိမိအမည်တပ်ထားသည့်စာကို ယာကုပ်ရေးသားသင့်ကြောင်း အဘယ်ကြောင့်လျော်ကန်သနည်း။
၂ သခင်ယေရှု၏မိတူဖကွဲညီ ယာကုပ်သည် ကနဦးခရစ်ယာန်အသင်းတော်တွင် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ယေရှုထမြောက်ပြီးနောက် တစ်ချိန်တွင် ကျွန်ုပ်တို့သခင်သည် ယာကုပ်ကို၊ ထို့နောက် တမန်တော်အားလုံးကို ကိုယ်ယောင်ထင်ရှားပြခဲ့သည်။ (၁ ကောရိန္သု ၁၅:၇) နောက်ပိုင်းတွင် တမန်တော်ပေတရုသည် အံ့ဖွယ်နည်းဖြင့် ထောင်မှ လွှတ်ခြင်းခံရသောအခါ စုဝေးနေသောခရစ်ယာန်အုပ်စုတစ်စုကို သူဤသို့ပြောခဲ့သည်– “ယာကုပ်နှင့်ညီအစ်ကိုတို့အား ဤအကြောင်းကိုပြန်ကြားကြလော့။” (တမန်တော် ၁၂:၁၇) ယာကုပ်သည် ကိုယ်တိုင်တမန်တော်တစ်ပါးမဟုတ်သော်လည်း ဘာသာပြောင်းဝင်လာသော တစ်ပါးအမျိုးသားများ အရေဖျားလှီးခံစရာမလိုတော့ကြောင်း တမန်တော်များနှင့် အကြီးအကဲများဆုံးဖြတ်ကြသော ယေရုရှလင်ရှိအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပချိန်တွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပုံရသည်။ ယာကုပ်သည် ကိစ္စရပ်များကို ခြုံငုံသုံးသပ်ကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အတည်ပြုခံရသော ထိုဆုံးဖြတ်ချက်ကို အသင်းတော်အားလုံးထံသို့ ပေးပို့ခဲ့သည်။—တမန်တော် ၁၅:၁-၂၉။
၃ ယာကုပ်၏စေ့ငုဆင်ခြင်တင်ပြချက်သည် အလွန်အရေးပါကြောင်း ထင်ရှားသည်။ သို့သော် သူက မိမိသည် “ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ကျွန်” မျှသာဖြစ်ကြာင်း မိမိကိုယ်ကို နှိမ့်ချစွာအသိအမှတ်ပြုခဲ့သည်။ (ယာကုပ် ၁:၁) သူ၏မှုတ်သွင်းခံစာတွင် ယနေ့ခရစ်ယာန်များအတွက် အားထားနိုင်သောသြဝါဒနှင့် အားပေးမှုအလျှံပယ်ပါဝင်သည်။ ယင်းစာသည် သတင်းကောင်းကို “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား” ဟောပြောခဲ့ပြီးနောက် ဗိုလ်ချုပ်စက်စတီးယပ်စ် ဂဲလပ်စ်အားဖြင့် ယေရုရှလင်မြို့ကို ရောမများစတင်တိုက်ခိုက်ခြင်းမတိုင်မီ လေးနှစ်ခန့်အလို၌ ပြီးစီးခဲ့သည်။ (ကောလောသဲ ၁:၂၃) ယင်းတို့သည် ခက်ခဲသောအချိန်များဖြစ်ခဲ့ပြီး ဂျူးလူမျိုးကို ကိုယ်တော်တရားစီရင်လုဆဲဆဲဖြစ်ကြောင်း ယေဟောဝါ၏ကျေးကျွန်များ ကောင်းစွာသိထားကြသည်။
၄။ ကနဦးခရစ်ယာန်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အလွန်ယုံကြည်စိတ်ချခဲ့ကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၄ ထိုခရစ်ယာန်များတွင် ဟေဗြဲကျမ်းစောင်အားလုံးနှင့် ဂရိကျမ်းစောင်အများစုရှိထားသည်။ ခရစ်ယာန်ကျမ်းကလောင်ရှင်များသည် အစောပိုင်းစာစောင်များကို အများအပြားကိုးကားခြင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သူတို့အလွန်ယုံကြည်စိတ်ချကြကြောင်း ဖော်ပြသည်။ အလားတူစွာ ယနေ့ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စိတ်အားထက်သန်စွာလေ့လာဖို့လိုပြီး မိမိတို့၏အသက်တာတွင် ကျင့်သုံးဖို့လိုသည်။ ခံရပ်တည်ကြည်နိုင်ရန် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကပေးသည့် ဝိညာဏခွန်အားနှင့် ရဲစွမ်းသတ္တိလိုအပ်သည်။—ဆာလံ ၁၁၉:၉၇; ၁ တိမောသေ ၄:၁၃။
၅။ ကျွန်ုပ်တို့သည် ယနေ့အချိန်တွင် အထူးလမ်းညွှန်မှု အဘယ့်ကြောင့်လိုအပ်သနည်း၊ ယင်းကို အဘယ်နေရာတွင် တွေ့ရှိနိုင်သနည်း။
၅ ယနေ့လူသားများသည် “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ” ၏နှုတ်ခမ်းဝတွင် ရောက်နေကြသည်။ (မဿဲ ၂၄:၂၁) ကျွန်ုပ်တို့ကပ်ကျော်ရန်မှာ ဘုရားသခင့်လမ်းညွှန်မှုရရှိခြင်းပေါ်တွင် မူတည်နေသည်။ ကျွန်ုပ်တို့သည် ယင်းကိုမည်သို့ရှာတွေ့နိုင်သနည်း။ ဘုရားသခင့်ဝိညာဉ်တော်မှုတ်သွင်းခံ နှုတ်ကပါဌ်တော်၏ သွန်သင်ချက်များခံယူဖို့ ကျွန်ုပ်တို့နှလုံးကို ဖွင့်ထားခြင်းအားဖြင့်ဖြစ်သည်။ ယင်းသည် ရှေးအချိန်က ယေဟောဝါ၏သစ္စာရှိကျေးကျွန်များကဲ့သို့ ကျွန်ုပ်တို့ကို “တရားကိုကျင့်သောသူ” ဖြစ်စေနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဝီရိယစိုက်ထုတ်ကာ ဖတ်ရှုလေ့လာရမည်ဖြစ်ပြီး ယေဟောဝါအားချီးမွမ်းရန် ယင်းကို အသုံးပြုရမည်။—၂ တိမောသေ ၂:၁၅; ၃:၁၆၊ ၁၇။
ဝမ်းမြောက်ရွှင်လန်းမှုဖြင့် ခံရပ်တည်ကြည်ခြင်း
၆။ ကျွန်ုပ်တို့သည် စုံစမ်းခြင်းများနှင့် တွေ့ကြုံရသောအခါ အဘယ်ကြောင့် ပျော်ရွှင်ဝမ်းမြောက်သင့်သနည်း။
၆ သူ့စာ၏နိဒါန်းတွင် ယာကုပ်က သန့်ရှင်းသောဝိညာဉ်တော်၏ ဒုတိယအသီးဖြစ်သော ဝမ်းမြောက်ခြင်းကို ဖော်ပြထားသည်။ သူဤသို့ရေးသားသည်– “ညီအစ်ကိုတို့၊ သင်တို့ယုံကြည်ခြင်းကို စံချသောအရာဖြင့် တည်ကြည်ခြင်းဖြစ်ပွားကြောင်းသိမြင်လျက်၊ အထပ်ထပ်စုံစမ်းရာကျရောက်သည့်ကာလ၊ ဝမ်းမြောက်ရန်သက်သက်ဟု မှတ်ယူကြလော့။ သို့ရာတွင် သင်တို့သည်ယုတ်လျော့ခြင်းမရှိ ပြည့်ဝစုံလင်စေခြင်းငှာ တည်ကြည်ခြင်းအကျိုးကိုစုံလင်ကြစေ။” (ယာကုပ် ၁:၂-၄၊ သမ; ဂလာတိ ၅:၂၂၊ ၂၃) အထပ်ထပ်စုံစမ်းမှုများကို တွေ့ကြုံရခြင်းသည် “ဝမ်းမြောက်ရန်သက်သက်” ဖြစ်သည်ဟု မည်သို့ဆိုနိုင်မည်နည်း။ အမှန်မှာ ယေရှုက မိမိ၏တောင်ပေါ်ဒေသနာတွင် ဤသို့ပင်မိန့်မြွက်ခဲ့သည်– “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည်ကြီးလှပေ၏။” (မဿဲ ၅:၁၁၊ ၁၂) ထာဝရအသက်ပန်းတိုင်ဆီသို့ရှေ့ရှု၍ ကိုယ်ဖိရင်ဖိကျွန်ုပ်တို့ကြိုးစားသည်နှင့်အမျှ ကျွန်ုပ်တို့၏အားထုတ်မှုအပေါ် ယေဟောဝါကောင်းချီးပေးသနားတော်မူသည်ကို တွေ့မြင်ရခြင်းမှ ပျော်ရွှင်မြူးထူးဖွယ်စိတ်ကျေနပ်မှုရရှိစေသည်။—ယောဟန် ၁၇:၃; ၂ တိမောသေ ၄:၇၊ ၈; ဟေဗြဲ ၁၁:၈-၁၀၊ ၂၆၊ ၃၅။
၇။ (က) ခံရပ်တည်ကြည်ရန် ကျွန်ုပ်တို့ မည်သို့အကူအညီရရှိနိုင်သနည်း။ (ခ) ယောဘကဲ့သို့ ကျွန်ုပ်တို့မည်သို့ဆုချခံရနိုင်သနည်း။
၇ ယေရှုကိုယ်တော်တိုင် “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်” ခံရပ်တည်ကြည်ခဲ့သည်။ (ဟေဗြဲ ၁၂:၁၊ ၂) ယေရှု၏ရဲစွမ်းသတ္တိရှိသောနမူနာကို အာရုံစွဲလမ်းခြင်းဖြင့် ကျွန်ုပ်တို့လည်း ခံရပ်တည်ကြည်နိုင်သည်တကား! ယာကုပ်က သူ့စာ၏နိဂုံးတွင်ဖော်ပြသည့်အတိုင်း ယေဟောဝါသည် သမာဓိစောင့်သိသူများကို ကြွယ်ဝစွာဆုချပါသည်။ “တည်ကြည်စွာနေခဲ့သောထိုသူတို့ကို မင်္ဂလာရှိသူဟု ငါတို့ခေါ်ဝေါ်ကြ၏။ ယောဘသည်တည်ကြည်ကြောင်းကိုလည်းကောင်း၊ အဆုံး၌စီရင်တော်မူသည့်အလျောက် ထာဝရဘုရားသည် မေတ္တာကရုဏာနှင့်ပြည့်စုံတော်မူကြောင်းကိုလည်းကောင်း သင်တို့ကြားမြင်ဖူးကြပြီ” ဟု ယာကုပ်ဆိုခဲ့သည်။ (ယာကုပ် ၅:၁၁၊ သမ) ယောဘသည် ပြန်လည်ကျန်းမာရေးကောင်းလာခြင်း၊ လိုလေသေးမရှိရွှင်လန်းမှုနှင့် ချစ်မြတ်နိုးရသူများနှင့်အတူ ပျော်ရွှင်သောအသက်တာကို ပြန်လည်ပေးအပ်ခံရစဉ် သူ၏သမာဓိအတွက်ဆုချပေးခြင်းခံရပုံကို ပြန်သတိရပါ။ သမာဓိရှိရှိ တည်ကြည်နေခြင်းသည် ယခုလောလောဆယ် ယေဟောဝါ၏အမှုဆောင်ခြင်းမှရသည့် ရွှင်လန်းဝမ်းမြောက်မှု၏ အထွတ်အထိပ်အနေနှင့် ဘုရားသခင့်ကမ္ဘာသစ်၏ ကတိထားတော်မူသော ပရဒိသုတွင် သင့်ကို အလားတူပျော်ရွှင်မြူးထူးစေမည်။
ဉာဏ်ပညာကို ရှာယူခြင်း
၈။ ကျွန်ုပ်တို့သည် မှန်ကန်ပြီးလက်တွေ့ကျသော ဉာဏ်ပညာကို မည်သို့ရှာတွေ့ကောင်းရှာတွေ့မည်နည်း၊ ထိုကိစ္စတွင် ဆုတောင်းချက်သည် အဘယ်ကဏ္ဍမှပါဝင်သနည်း။
၈ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဝီရိယစိုက်ထုတ်လေ့လာကာ ယင်းကိုလက်တွေ့ကျင့်သုံးခြင်းက ဘုရားရေးရာဉာဏ်ပညာရရှိစေမည်ဖြစ်ပြီး စာတန့်အသက်ငင်နေသောစနစ်၏ ယိုယွင်းမှုကြား စုံစမ်းမှုများကို ခံရပ်တည်ကြည်စေနိုင်သည်။ ဤကဲ့သို့သောဉာဏ်ပညာကို ရှာဖွေတွေ့ရှိမည်ဟု ကျွန်ုပ်တို့ မည်သို့အာမခံချက်ရရှိနိုင်သနည်း။ “သင်တို့အနက် တစ်ယောက်ယောက်၌ ဉာဏ်ပညာယုတ်လျော့လျှင်၊ အပြစ်မတင်ဘဲ သူခပ်သိမ်းတို့အား ကြွယ်ဝစွာသနားတော်မူသော ဘုရားသခင့်ထံ တောင်းလျှောက်စေ၊ သနားတော်မူလိမ့်မည်။ ယုံမှားသံသယ အလျှင်းမရှိဘဲ ယုံကြည်လျက်တောင်းလျှောက်စေ၊ ယုံမှားသံသယရှိသူသည် လေပြင်းတိုက်ခတ်သော ပင်လယ်လှိုင်းနှင့်တူ” သည်ဟု ယာကုပ်ဖော်ပြသည်။ (ယာကုပ် ၁:၅၊ ၆၊ သမ) ယေဟောဝါသည် ကျွန်ုပ်တို့အသနားခံချက်များကို နားထောင်တော်မူမည်ဖြစ်ကြောင်းနှင့် ကိုယ်တော်သတ်မှတ်ထားသောအချိန်တွင် သတ်မှတ်ထားသော နည်းဖြင့်ဖြေကြားတော်မူမည်ဖြစ်ကြောင်း မယိမ်းမယိုင်သော ယုံကြည်စိတ်ချမှုဖြင့် စိတ်အားထက်သန်စွာ ဆုတောင်းသင့်သည်။
၉။ ယာကုပ်က ဘုရားရေးရာဉာဏ်ပညာနှင့် ယင်းအသုံးဝင်ပုံကို မည်သို့ဖော်ပြသနည်း။
၉ ဘုရားရေးရာဉာဏ်ပညာသည် ယေဟောဝါထံတော်မှလာသော ဆုကျေးဇူးတစ်ခုဖြစ်သည်။ ဤကဲ့သို့ဆုကျေးဇူးများကို ဖော်ပြကာ ယာကုပ်ဤသို့ဆိုသည်– “ကောင်းသောဆုနှင့် စုံလင်သောကျေးဇူးရှိသမျှသည် ပြောင်းလဲခြင်း၊ လှည့်၍အရိပ်ကျခြင်း ကင်းသောအရှင်၊ အလင်းတန်ဆာများ၏အဘထံ၊ အထက်အရပ်မှ ဆင်းသက်၏။” သူ၏စာနောက်ပိုင်းတွင် စစ်မှန်သောဉာဏ်ပညာရရှိခြင်းအကျိုးကို ရှင်းပြကာ ဤသို့ဆိုသည်– “သင်တို့ဘောင်တွင် ဉာဏ်ပညာရှိ၍နားလည်တတ်သူကား မည်သူနည်း။ ဉာဏ်ပညာနှင့်ဆိုင်ရာသိမ်မွေ့ခြင်းအားဖြင့် ကောင်းမွန်စွာကျင့်ကြံပြုမူလျက် သူ့ကိုယ်ကျင့်ကို ပြပါစေ။ . . . အထက်မှဆင်းသက်သောဉာဏ်ပညာမူကား ဦးစွာသန့်စင်၍ နောက် သင့်တင့်နူးညံ့လိုက်နာလျက်၊ မျက်နှာရွေးခြင်း၊ ဟန်ဆောင်ခြင်းမဲ့လျက်၊ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးများနှင့်လည်းကောင်း ပြည့်စုံ၏။”—ယာကုပ် ၁:၁၇၊ သမ; ၃:၁၃-၁၇၊ သမ။
၁၀။ ဗာဗုလုန်ဘာသာတရားသည် ဘာသာမှန်နှင့် ဆန့်ကျင်ဘက်မည်သို့ဖြစ်သနည်း။
၁၀ ခရစ်ယာန်ဘောင်တွင်ဖြစ်စေ၊ အခြားဘောင်တွင်ဖြစ်စေ ဗာဗုလုန်ဘာသာရေးအင်ပါယာတွင် ဝတ်ပြုသူများအတွက် ထုံးစံမှာ ဓမ္မသီချင်းများကို ဆိုခြင်း၊ အထပ်ထပ်ရွတ်သောဆုတောင်းချက်များကို ကြားရလေ့ရှိခြင်းနှင့် ဟောပြောချက်တစ်ခုကို ကြားရကောင်းကြားရလေ့ရှိသည်။ ဘာသာတရားအများစုသည် တောက်ပသော အနာဂတ်အလားအလာကို မမြင်ကြသောကြောင့် မျှော်လင့်ချက်အတွက်သတင်းတရားကို ကြွေးကြော်ဖို့ မည်သည့်အားပေးစကားကိုမျှ နှုတ်မဟကြပါ။ ဘုရားသခင့်မေရှိယနိုင်ငံတော်၏ ဂုဏ်ကျက်သရေရှိသော မျှော်လင့်ချက်ကို တစ်ခါမျှမဖော်ပြကြ သို့မဟုတ် လုံးလုံးနားလည်လွဲနေကြသည်။ ယေဟောဝါက ခရစ်ယာန်ဘောင် နောက်လိုက်များနှင့်ပတ်သက်၍ ဤသို့ပရောဖက်ပြုမိန့်မြွက်တော်မူသည်– “ငါ၏လူတို့သည် အသက်စမ်းရေတွင်းတည်းဟူသော ငါ့ကိုစွန့်ပယ်၍၊ ရေမလုံ ပဲ့ပျက်သောရေကျင်းတို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။” (ယေရမိ ၂:၁၃) သူတို့တွင် သမ္မာတရားရေမရှိပါ။ ကောင်းကင်ဆိုင်ရာဉာဏ်ပညာ ကင်းမဲ့နေသည်။
၁၁၊ ၁၂။ (က) မြင့်မြတ်သောဉာဏ်ပညာသည် ကျွန်ုပ်တို့ကို မည်သို့လှုံ့ဆော်သင့်သနည်း။ (ခ) အဘယ်အရာနှင့်စပ်လျဉ်း၍ မြင့်မြတ်သောဉာဏ်ပညာက ကျွန်ုပ်တို့ကို သတိပေးသနည်း။
၁၁ ယနေ့ ယေဟောဝါသက်သေများအလယ်တွင် ဖြစ်နေသောအရာသည် ယင်းနှင့်မည်မျှခြားနားလိုက်သည်ဖြစ်ခြင်း! ကြီးမားသည့် ဘုရားပေးစွမ်းအင်ဖြင့် သူတို့သည် လာလတ္တံ့သော ကိုယ်တော့်နိုင်ငံတော်ဆိုင်ရာသတင်းကောင်းကို ကမ္ဘာတစ်ခွင်ပျံ့နှံ့စေကြသည်။ သူတို့နှုတ်မြွက်ကြသည့် ဉာဏ်ပညာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ပေါ်တွင် အခိုင်အမာအခြေခံသည်။ (သု. ၁:၂၀; ဟေရှာယ ၄၀:၂၉-၃၁ နှိုင်းယှဉ်။) အမှန်မှာ ကျွန်ုပ်တို့၏ဘုရားသခင်လည်းဖြစ် ဖန်ဆင်းရှင်လည်းဖြစ်သောသူ၏ မဟာရည်ရွယ်ချက်များကို သူတို့ကြွေးကြော်ရာတွင် စစ်မှန်သော ဉာဏ်ပညာနှင့် တတ်သိနားလည်မှုတို့ကို လက်တွေ့အသုံးပြုကြသည်။ အသင်းတော်သားအားလုံးကို “ဝိညာဏသိနားလည်မှု၊ ဉာဏ်ပညာအမျိုးမျိုးနှင့်ဝိညာဏဉာဏ်ဖြင့် [ဘုရားသခင့်] အလိုတော်ကို သိကျွမ်းခြင်းပညာမှန်နှင့်ပြည့်စုံ” စေခြင်းသည် ကျွန်ုပ်တို့၏ဆန္ဒဖြစ်သင့်သည်။ (ကောလောသဲ ၁:၉၊ ကဘ) ဤအခြေခံကို ရရှိထားခြင်းဖြင့် လူငယ်လူကြီးမဟူ “တရားကိုကျင့်သောသူ” ဖြစ်ရန် အမြဲမပြတ်လှုံ့ဆော်ခံရမည်။
၁၂ “အထက်မှဆင်းသက်သော ဉာဏ်ပညာ” က ဘုရားသခင်စိတ်တော် ငြိုငြင်စေနိုင်သည့် အပြစ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို သတိပေးသည်။ “ငါ့ညီအစ်ကိုတို့၊ သင်တို့သည် ဤအကြောင်းအရာများကို သိကြ၏။ အသီးအသီး ကြားနာရန် လျင်မြန်ကြစေ၊ ပြောဆိုရန်နှင့် အမျက်ထွက်ရန် နှောင့်နှေးကြစေ။ လူ၏အမျက်သည် ဘုရားသခင့်ဖြောင့်မတ်ခြင်းတရားကို မဖြစ်ပွားစေနိုင်” ဟုယာကုပ်ဆိုသည်။ မှန်သည်၊ ကျွန်ုပ်တို့သည် ဘုရားသခင့်သွန်သင်ချက်ကို နားထောင်ရန်နှင့် လက်တွေ့ကျင့်သုံးရန် လျင်မြန်ပြီး စိတ်ထက်သန်ရမည်။ သို့သော် ကျွန်ုပ်တို့သည် “ငယ်သောအင်္ဂါ” ဖြစ်သည့် လျှာကို တလွဲမသုံးဖို့ သတိပြုရှောင်ရှားရမည်။ ဝါကြွားခြင်း၊ ဉာဏ်ပညာမဲ့သည့် အတင်းအဖျင်းပြောခြင်း သို့မဟုတ် မိမိပြောသမျှမှန်သည်ဟု တစ်ယူသန်ယူမှတ်ကာပြောဆိုခြင်းတို့အားဖြင့် လျှာသည် ပုံဆောင်သဘောအရ “ကြီးမားသောသစ်တော” ကို မီးရှို့နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏ပေါင်းသင်းဆက်ဆံမှုမှန်သမျှတွင် နှစ်သက်ဖွယ်ကောင်းခြင်းနှင့် ချုပ်တည်းခြင်းတို့ကို ပြုစုပျိုးထောင်ပေးဖို့လိုသည်။—ယာကုပ် ၁:၁၉၊ ၂၀၊ သမ; ၃:၅၊ သမ။
၁၃။ ကျွန်ုပ်တို့သည် “အထဲ၌စိုက်ပျိုးသော နှုတ်ကပါဌ်တရား” ကိုခံယူရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၁၃ “ထို့ကြောင့် ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ်လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌စိုက်ပျိုးသော နှုတ်ကပါဌ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူကြလော့” ဟု ယာကုပ်ရေးသားသည်။ (ယာကုပ် ၁:၂၁) ဤလောဘဇောတိုက်သောလောကသည် ယင်း၏ ဝင့်ဝါပလွှားသော၊ ရုပ်ပစ္စည်းငမ်းငမ်းတက်သော၊ ကိုယ့်ကိုယ်ကိုဦးစားပေးဘဝပုံစံ၊ ယုတ်ညံ့သောစာရိတ္တတို့နှင့်အတူ ပျောက်ကွယ်လုပြီ။ “ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်၏။” (၁ ယောဟန် ၂:၁၅-၁၇) သို့ဆိုလျှင် ကျွန်ုပ်တို့သည် “အထဲ၌စိုက်ပျိုးသော နှုတ်ကပါဌ်တရား” ကို ခံယူရန် အလွန်အရေးကြီးသည်တကား! ဘုရားသခင့်နှုတ်ကပါဌ်တော်ကပေးသည့် ဉာဏ်ပညာသည် ဤအသက်ငင်နေသောလောက၏ ဆိုးယုတ်မှုနှင့် လုံးလုံးလျားလျားဆန့်ကျင်သည်။ ထိုဆိုးယုတ်မှုတစ်ခုကိုမျှ ကျွန်ုပ်တို့အလိုမရှိပါ။ (၁ ပေတရု ၂:၁၊ ၂) ကျွန်ုပ်တို့သည် ယေဟောဝါ၏ဖြောင့်မတ်သောလမ်းစဉ်များမှ ဘယ်တော့မျှသွေဖည်မသွားဖို့ ဆုံးဖြတ်ချက်ချစေရန် သမ္မာတရားကို မြတ်နိုးသည့်စိတ်နှင့် သန်မာသောယုံကြည်ခြင်းတို့ကို ကျွန်ုပ်တို့၏နှလုံးထဲတွင် စွဲမြဲနေစေဖို့လိုသည်။ သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နားထောင်ရုံနှင့် လုံလောက်ပြီလော။
‘နှုတ်ကပါဌ်တရားကို ကျင့်သောသူများ’ ဖြစ်လာခြင်း
၁၄။ ကျွန်ုပ်တို့သည် နှုတ်ကပါဌ်တရားကို ‘နားထောင်သူများ’ ကော ‘ကျင့်သောသူများ’ ပါ မည်သို့ဖြစ်လာနိုင်သနည်း။
၁၄ ယာကုပ် ၁:၂၂ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ကိုယ်ကိုကိုယ်လှည့်ဖြား၍ နှုတ်ကပါဌ်တရားကို နာရုံမျှသာပြုသူသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။” ‘နှုတ်ကပါဌ်တရားကို ကျင့်သောသူများဖြစ်ကြလော့’! ယာကုပ်၏စာတွင် ဤခေါင်းစဉ်ကို ပေါ်လွင်စေသည်မှာ သေချာသည်။ ကျွန်ုပ်တို့သည် နားထောင်ပြီးနောက် “မှာထားတော်မူသည့်အတိုင်း” လုပ်ရမည်တည်း! (ကမ္ဘာဦး ၆:၂၂) ယနေ့ခေတ်လူများစွာက ဒေသနာတော်ကို နားထောင်ပြီး ထုံးတမ်းစဉ်လာအရဖြစ်သော ဝတ်ပြုပွဲအချို့တွင် တစ်ခါတစ်ရံပါဝင်လျှင် လုံလောက်ပြီဟု ပြောဆိုကြပြီး ယင်းထက်ပို၍ ဘာမျှမလုပ်ကြပါ။ သူတို့၏စံနှုန်းအရ ‘အကျင့်သီလကောင်း’ ဖြင့်သူတို့နေထိုင်နေသ၍ လုံလောက်နေမည်ဟု ထင်မှတ်ကြပေမည်။ သို့တိုင် ယေရှုခရစ်က ဤမိန့်တော်မူခဲ့သည်– “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်း၍ငါ့နောက်သို့လိုက်ရမည်။” (မဿဲ ၁၆:၂၄) ဘုရားသခင့်အလိုတော်ကို ဆောင်ခြင်းနှင့်ပတ်သက်၍ ယေရှု၏နမူနာကိုလိုက်လျှောက်ရာတွင် ခရစ်ယာန်စစ်များအတွက် ကိုယ့်ကိုယ်ကိုအနစ်နာခံစွန့်လွှတ်သည့်အပြုအမူနှင့် ခံရပ်တည်ကြည်ခြင်းရန်လိုအပ်သည်မှာ ရှင်းပါသည်။ သူတို့အတွက် ယနေ့ဘုရားသခင့်အလိုတော်မှာ ရှင်ပြန်ထမြောက်ပြီးသောယေရှုက ပထမရာစုတွင် ဤသို့အမိန့်ပေးခဲ့သကဲ့သို့ပင်ဖြစ်သည်– “သွား၍လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့။” (မဿဲ ၂၈:၁၉) ဤကိစ္စတွင် သင်မည်သို့လုပ်ဆောင်နေသနည်း။
၁၅။ (က) ကျွန်ုပ်တို့သည် “တရားကိုကျင့်သောသူ” အနေနှင့် မည်သို့ပျော်ရွှင်ဝမ်းမြောက်လာနိုင်ကြောင်း ဖော်ပြသည့် အဘယ်ဥပမာကို ယာကုပ်ပေးသနည်း။ (ခ) ထုံးတမ်းစဉ်လာအရဝတ်ပြုရုံသက်သက်နှင့် အဘယ်ကြောင့်မလုံလောက်သနည်း။
၁၅ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆက်ပြီးစေ့စေ့စပ်စပ်ကြည့်ရှုပါက ယင်းသည် ကျွန်ုပ်တို့မည်သို့သောလူစားမျိုးဖြစ်ကြောင်း ရုပ်လုံးဖော်ပြသည့် မှန်တစ်ချပ်သဖွယ်ဖြစ်နိုင်သည်။ ယာကုပ်က ဤသို့ဆိုသည်– “လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား တရားနာ၍မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] သောသူဖြစ်၏။” (ယာကုပ် ၁:၂၃-၂၅) မှန်သည်၊ သူသည် ပျော်ရွှင်စွာ ‘နှုတ်ကပါဌ်တရားကို ကျင့်သောသူ’ ဖြစ်မည်။ ထို့အပြင် ကျွန်ုပ်တို့၏ခရစ်ယာန်ဘဝအသက်တာ ကဏ္ဍအသီးသီးတွင် “ကျင့်သောသူ” ဖြစ်ရန် အရေးကြီးသည်။ ကျွန်ုပ်တို့သည် ထုံးတမ်းစဉ်လာအရဝတ်ပြုရုံသက်သက်နှင့် လုံလောက်ပါပြီဟူသည့် အတွေးဖြင့် မိမိတို့ကိုယ်ကို ဘယ်တော့မျှမလှည့်ဖြားသင့်ပါ။ ဇွဲရှိသောခရစ်ယာန်များပင် လျစ်လျူရှုခဲ့နိုင်သည့် စစ်မှန်သောဝတ်ပြုရေး၏အသွင်အပြင်အချို့ကို လိုက်နာစောင့်ထိန်းရန် ယာကုပ်က ကျွန်ုပ်တို့ကို ဩဝါဒပေးသည်။ သူဤသို့ရေးသားသည်– “ခမည်းတော်ဘုရားသခင့်ရှေ့တော်၌ စင်ကြယ်သန့်ရှင်းသောဘုရားတရားကြည်ညိုခြင်းကား၊ အဘမရှိသောသူငယ်နှင့် မုဆိုးမတို့ခံရသော ဆင်းရဲခြင်း၌ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကအစွန်းအကွက်နှင့် ကင်းစင်အံ့သောငှာ ကိုယ်ကိုစောင့်ရှောက်ခြင်းပေတည်း။”—ယာကုပ် ၁:၂၇၊ သမ္မာ။
၁၆။ အာဗြဟံသည် အဘယ်နည်းများဖြင့် ‘ယေဟောဝါ၏မိတ်ဆွေ’ ဖြစ်လာပြီး ကျွန်ုပ်တို့သည် ကိုယ်တော်၏မိတ်ဆွေအဖြစ်ကို မည်သို့ရရှိနိုင်သနည်း။
၁၆ ‘ကျွန်ုပ် ဘုရားသခင်ကို ယုံပါသည်’ ဟုပြောရုံမျှပြောပြီး ဘာမျှဆက်မလုပ်ဘဲနေခြင်းသည် မလုံလောက်ပါ။ ယာကုပ် ၂:၁၉ တွင် ဤသို့မှတ်သားရသကဲ့သို့ဖြစ်သည်– “ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ကြောက်ရွံ့တုန်လှုပ်ကြ၏။” ယာကုပ်က “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်” ကြောင်းအလေးပေးဖော်ပြကာ အာဗြဟံကို ကိုးကား၍ဤသို့ဆိုသည်– “ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍ အကျင့်အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။” (ယာကုပ် ၂:၁၇၊ ၂၀-၂၂) အာဗြဟံ၏အကျင့်များတွင် သူ၏ဆွေမျိုးများကို ကယ်တင်ပေးခြင်း၊ ဧည့်ဝတ်ကျေပွန်မှုတင်ပြခြင်း၊ ဣဇာက်ကို ပူဇော်ရန် ပြင်ဆင်ခြင်းနှင့် “ခိုင်ခံ့မြဲမြံသောမြို့” ဖြစ်သည့် အနာဂတ်မေရှိယနိုင်ငံတော်နှင့်ပတ်သက်သော ဘုရားသခင့်ကတိတော်၌ မယိမ်းမယိုင်ယုံကြည်မှုကို ‘ထင်ရှားစွာကြေညာခြင်း’ တို့ပါဝင်သည်။ (ကမ္ဘာဦး ၁၄:၁၆; ၁၈:၁-၅; ၂၂:၁-၁၈; ဟေဗြဲ ၁၁:၈-၁၀၊ ၁၃၊ ၁၄၊ ကဘ; ၁၃:၂) အာဗြဟံသည် ‘‘‘ယေဟောဝါ၏မိတ်ဆွေ’ ဟုခေါ်ဝေါ်ခြင်းခံရ” သည်မှာ သင့်လျော်လှသည်။ (ယာကုပ် ၂:၂၃၊ ကဘ) ကျွန်ုပ်တို့လည်း လာလတ္တံ့သော ဖြောင့်မတ်ခြင်းတည်ရာ ဘုရားသခင့်နိုင်ငံတော်၌ ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းကို တက်တက်ကြွကြွကြွေးကြော်ပါက ‘ယေဟောဝါ၏မိတ်ဆွေ’ အဖြစ် သတ်မှတ်ရေတွက်ခံရပေမည်။
၁၇။ (က) ရာခပ်သည် အဘယ်ကြောင့် “ဖြောင့်မတ်ကြောင်းကြေညာ” ခံရသနည်း၊ သူမမည်သို့ ဆုချခံရသနည်း။ (ခ) ‘နှုတ်ကပါဌ်တရားကို ကျင့်သောသူများဖြစ်လာ’ သူများနှင့်ပတ်သက်၍ အဘယ်စာရင်းရှည်ကြီးကို ကျမ်းစာတွင် ဖော်ပြထားသနည်း။ (ဂ) ယောဘသည် မည်သို့ဆုချခံခဲ့ရသနည်း၊ အဘယ်ကြောင့်နည်း။
၁၇ “တရားကိုကျင့်သောသူ” များသည် အမှန်ပင် “ယုံကြည်ခြင်းအားဖြင့်သာ မဟုတ်။ ကိုယ်ကျင့်အားဖြင့် ဖြောင့်မတ် [“ကြောင်းကြေညာခံရ၊” ကဘ] ရာရောက်သည်။” (ယာကုပ် ၂:၂၄၊ သမ) ရာခပ်သည် ယေဟောဝါ၏ တန်ခိုးကြီးမားသော လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ မိမိကြားသိခဲ့သည့် “နှုတ်ကပါဌ်တော်” ၌ယုံကြည်ခြင်းတွင် အကျင့်များကို ထပ်ဖြည့်စွက်ခဲ့သူဖြစ်သည်။ သူမသည် ဣသရေလသူလျှိုများကို ဖွက်ထားပြီး သူတို့လွတ်မြောက်ဖို့အကူအညီပေးသည်၊ ထို့နောက်တွင် သူမသည် ဖခင်၏အိမ်ထောင်စုကို ဖျက်ဆီးခြင်းဘေးမှကာကွယ်ခံရရန် စုစည်းခဲ့သည်။ ရှင်ပြန်ထမြောက်ရာကာလတွင် အကျင့်ဖြင့် သက်သေထူသော ယုံကြည်ခြင်းသည် သူမကို မေရှိယ၏ဘေးမတစ်ဦးဖြစ်ခွင့်ရစေကြောင်း သူမသိရသောအခါ မည်မျှပျော်ရွှင်ဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း! (ယောရှု ၂:၁၁; ၆:၂၅; မဿဲ ၁:၅) ဟေဗြဲ အခန်းကြီး ၁၁ က ယုံကြည်ခြင်းကိုထင်ရှားပြသကာ ‘ကျင့်သောသူများဖြစ်လာ’ သည့် အခြားသူများအကြောင်း စာရင်းရှည်ကြီးတစ်ခုကို တင်ပြထားပြီး သူတို့သည် ကြွယ်ဝစွာဆုချခံရမည်။ စုံစမ်းမှုကို အလူးအလိမ့်ခံရချိန်တွင် ဤသို့ပြောခဲ့သူ ယောဘကိုလည်း ကျွန်ုပ်တို့မေ့၍မဖြစ်ပါ– “ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိစေသတည်း။” ကျွန်ုပ်တို့သိရှိခဲ့သည့်အတိုင်း သူ၏ယုံကြည်ခြင်းနှင့် အကျင့်တို့က အလွန်ကောင်းသောဆုကို ရရှိစေခဲ့သည်။ (ယောဘ ၁:၂၁; ၃၁:၆; ၄၂:၁၀; ယာကုပ် ၅:၁၁) အလားတူစွာ ယနေ့တွင် ‘နှုတ်ကပါဌ်တရားကို ကျင့်သောသူများ’ အနေနှင့် ကျွန်ုပ်တို့၏ခံရပ်တည်ကြည်မှုက ယေဟောဝါကို ပီတိပြုံးပြုံးစေမည်ဖြစ်သည်။
၁၈၊ ၁၉။ နှစ်ရှည်လများ ဖိနှိပ်ခံခဲ့ရသော ညီအစ်ကိုများသည် ‘နှုတ်ကပါဌ်တရားကို ကျင့်သောသူများ’ မည်သို့ဖြစ်လာခဲ့သနည်း၊ သူတို့၏လုပ်ဆောင်မှုက အဘယ်ကောင်းချီးကို ဖြစ်စေခဲ့သနည်း။
၁၈ နှစ်များစွာတစ်လျှောက် အကြီးအကျယ် ခံရပ်တည်ကြည်ခဲ့သူများထဲတွင် အရှေ့ဥရောပရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများ ပါဝင်သည်။ ယခုအခါ ကန့်သတ်ပိတ်ပင်မှုများစွာကို ဖယ်ရှားလိုက်ပြီဖြစ်ရာ ဤသူတို့သည် အခြေအနေသစ်တွင် ‘နှုတ်ကပါဌ်တရားကို ကျင့်သောသူများ’ အမှန်ပင်ဖြစ်ခဲ့ကြသည်။ အနီးအနားရှိနိုင်ငံများမှ သာသနာပြုများနှင့် ရှေ့ဆောင်များသည် သွန်သင်ခြင်းနှင့် ဖွဲ့စည်းခြင်းတို့တွင် အထောက်အကူပေးရန် ထိုနေရာသို့ပြောင်းရွှေ့ခဲ့ကြသည်။ ဖင်လန်ဌာနခွဲနှင့် အနီးအနားရှိ ကင်းမျှော်စင်အသင်းဌာနခွဲများက ကျွမ်းကျင်သောဆောက်လုပ်ရေးသမားများကို စေလွှတ်ပေးခဲ့ပြီး ရက်ရောသော ကမ္ဘာချီညီအစ်ကိုအသင်းအပင်းက ဌာနခွဲရုံးအသစ်နှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်များဆောက်လုပ်မှုအတွက် ငွေကြေးများလှူဒါန်းခဲ့ကြသည်။—၂ ကောရိန္သု ၈:၁၄၊ ၁၅ နှိုင်းယှဉ်။
၁၉ နှစ်ရှည်လများ ဖိနှိပ်ခံခဲ့ရသောထိုညီအစ်ကိုများသည် လယ်ကွင်းတွင် ဇွဲရှိရှိတုံ့ပြန်ဆောင်ရွက်ခဲ့ကြလေပြီတကား! သူတို့သည် ‘ဒုက္ခကာလ’ တွင် မရနိုင်ခဲ့သော ဤအခွင့်အရေးများကို ပြန်၍ကာမိစေရန်အလား ‘သူတို့ကြိုးစားအားထုတ်လုပ်ကိုင်နေကြသည်။’ (၁ တိမောသေ ၄:၁၀၊ သတင်းကောင်း; ၂ တိမောသေ ၄:၂၊ ကဘ) ဥပမာ၊ ဤနှစ်တွင် လွန်ခဲ့သည့် ဧပြီလက ဖိနှိပ်မှုအလွန်ကြမ်းသည့် အယ်လ်ဘေးနီးယားတွင် “ဘဝသည် ပြဿနာများနှင့် အဘယ်ကြောင့် ဤမျှပြည့်နှက်နေသနည်း” ခေါင်းစဉ်တပ်ထားသည့် ဘုရားသခင့်နိုင်ငံတော်သတင်းစောင်ရေအားလုံးကို သုံးရက်တည်းနှင့် ဝေငှခဲ့ကြသည်။ ယင်းသည် ထိုနိုင်ငံ၏လှုပ်ရှားနေသောကြေညာသူ ၅၃၈ ထက် များစွာသာလွန်သည့်အရေအတွက်—တက်ရောက်သူ ၃,၄၉၁ ယောက်ရှိသည့် ယေရှု၏သေခြင်းအောက်မေ့ရာပွဲနောက် ကြီးကျယ်သောလုပ်ဆောင်မှုတစ်ခု ဖြစ်သည်။
၂၀။ ဤမကြာသေးသော သတိရအောက်မေ့ပွဲ တက်ရောက်သူများက မည်သည့်အချက်ကိုဖော်ပြသနည်း၊ များစွာသောသူများ မည်သို့အကူအညီပေးခြင်း ခံရနိုင်သနည်း။
၂၀ မကြာသေးမီကနှစ်များတွင် အောက်မေ့ရာပွဲ၌ ၁၀,၀၀၀,၀၀၀ ကျော်တိုးများတက်ရောက်ရန် အခြားနိုင်ငံများကလည်း ထူးထူးခြားခြားပါဝင်ထောက်မခဲ့သည်။ ဒေသများစွာတွင် သတိရအောက်မေ့ပွဲကို တက်ရောက်နားထောင်ခြင်းအားဖြင့် ယုံကြည်ခြင်းသန်စွမ်းလာသော လူသစ်များသည် ‘နှုတ်ကပါဌ်တရားကို ကျင့်သူများဖြစ်လာနေ’ ကြသည်။ ထိုအခွင့်ထူးအတွက် အရည်အချင်းပြည့်မီရန် ဤအပေါင်းအသင်းသစ်များကို ကျွန်ုပ်တို့ ပို၍အားပေးနိုင်သလော။
၂၁။ ကျွန်ုပ်တို့၏နှစ်ချုပ်ကျမ်းချက်နှင့်အညီ အဘယ်လမ်းစဉ်ကို ကျွန်ုပ်တို့လိုက်လျှောက်သင့်ပြီး မည်သည့်ပန်းတိုင်ဖြင့်နည်း။
၂၁ ကျွန်ုပ်တို့သည် ပထမရာစုကတည်းက မြောက်မြားစွာရှိနေသော ဇွဲရှိသည့်ခရစ်ယာန်များနည်းတူ ကောင်းကင်နိုင်ငံတွင် သို့မဟုတ် ယင်း၏ မြေကြီးနယ်ပယ်တွင်ဖြစ်ရမည့် ထာဝရအသက် ‘ပန်းတုံးတိုင်သို့လိုက်ပြေး’ ရာတွင် ကြိုးစားအားထုတ်လုပ်ကိုင်ရန် စိတ်ပိုင်းဖြတ်ကြစို့။ (ဖိလိပ္ပိ ၃:၁၂-၁၄) ဤပန်းတိုင်ကို လက်လှမ်းမီဆွတ်ခူးနိုင်ရေးအတွက် မည်သည့်နည်းဖြင့်မဆို ကျွန်ုပ်တို့အားထုတ်မှု ပြုထိုက်သည်။ ဤအချိန်သည် နားထောင်ရုံလောက်သာပြုခြင်းသို့ ဒုံရင်းပြန်ရန်အချိန်မဟုတ်ဘဲ အချိန်တိုင်းအချိန်တိုင်း ‘အားယူ၍လုပ်ဆောင်’ ရမည့်အချိန်ဖြစ်သည်။ (ဟဂ္ဂဲ ၂:၄; ဟေဗြဲ ၆:၁၁၊ ၁၂) ‘စိုက်ပျိုးထားသောနှုတ်ကပါဌ်တရားကို ခံယူ’ ထားခြင်းဖြင့် ကျွန်ုပ်တို့သည် ယခုအချိန်နှင့် လာမည့်ထာဝရအစီအစဉ်တွင် ‘နှုတ်ကပါဌ်တရားကို ရွှင်လန်းစွာ ကျင့်သူများဖြစ်လာ’ ပါစေ။
သင်မည်သို့ဖြေဆိုမည်နည်း
▫ ကျွန်ုပ်တို့သည် ပျော်ရွှင်ဝမ်းမြောက်မှုဖြင့် မည်သို့ခံရပ်တည်ကြည်နိုင်သနည်း။
▫ “အထက်အရပ်မှဆင်းသက်သော ဉာဏ်ပညာ” ဟူသည် အဘယ်နည်း၊ ယင်းနှင့်အညီ ကျွန်ုပ်တို့မည်သို့ လိုက်လျှောက်နိုင်သနည်း။
▫ ကျွန်ုပ်တို့သည် “နှုတ်ကပါဌ်တရားကို နာရုံမျှသာပြုသူမဟုတ်၊ တရားကိုကျင့်သောသူ” များ အဘယ်ကြောင့်ဖြစ်ကြရမည်နည်း။
▫ အဘယ်မှတ်တမ်းများက ‘နှုတ်ကပါဌ်တရားကိုကျင့်သောသူများ’ ဖြစ်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်သင့်သနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့လည်း မြင့်မြတ်သောသွန်သင်ခြင်းအတွက် မိမိတို့၏နှလုံးများကို ဖွင့်ထားကြစို့လေ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ချစ်မြတ်နိုးရသူများနှင့်အတူ လိုလေသေးမရှိ ပျော်ရွှင်သောအသက်တာကို ယောဘအားပြန်ပေးခြင်းဖြင့် သူ၏သမာဓိစောင့်သိမှုကို ဆုချခဲ့