ဘုရားသခင့်အဖွဲ့အစည်းအဝင်အဖြစ် လုံခြုံစွာနေလော့
“ယေဟောဝါ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုအထဲသို့ပြေးဝင်၍ ကွယ်ကာမှုကိုရလိမ့်မည်။”—သု. ၁၈:၁၀၊ ကဘ။
၁။ ယေရှု၏ဆုတောင်းချက်အရ ခရစ်ယာန်များသည် အဘယ်ခက်ခဲသောအခြေအနေ၌ရှိသနည်း။
ယေရှုမသေမီလေး၌ မိမိ၏နောက်လိုက်များအတွက် ကောင်းကင်ခမည်းတော်ထံ ဆုတောင်းပေးခဲ့သည်။ မေတ္တာပါသောပူပန်မှုဖြင့် ကိုယ်တော်ဤသို့ဆို၏– “ကိုယ်တော့်နှုတ် [တော်ထွက်] တရားကို ဤသူတို့အားအကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကိုမုန်းကြပါ၏။ ဤသူတို့ကို ဤလောကမှနုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။” (ယောဟန် ၁၇:၁၄၊ ၁၅) လောကသည် ခရစ်ယာန်များအတွက် အန္တရာယ်အရပ်ဖြစ်မည်ကို ယေရှုသိခဲ့သည်။ ယင်းက သူတို့အကြောင်းမုသာပြောပြီး သူတို့ကိုနှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် ယင်း၏မုန်းတီးမှုကိုပြမည်။ (မဿဲ ၅:၁၁၊ ၁၂; ၁၀:၁၆၊ ၁၇) ယင်းသည် ယိုယွင်းမှု၏ဇာစ်မြစ်လည်းဖြစ်မည်။—၂ တိမောသေ ၄:၁၀; ၁ ယောဟန် ၂:၁၅၊ ၁၆။
၂။ ခရစ်ယာန်များသည် ဝိညာဉ်ရေးလုံခြုံရာအရပ်ကို အဘယ်နေရာတွင် တွေ့ရှိနိုင်မည်နည်း။
၂ ခရစ်ယာန်များကိုမုန်းမည့်လောကသည် ဘုရားသခင်နှင့်စိမ်းကားပြီး စာတန်၏ထိန်းချုပ်မှုအောက်ရှိသူတို့နှင့်ဖွဲ့စည်းထားသည်။ (၁ ယောဟန် ၅:၁၉) ဤလောကသည် ခရစ်ယာန်အသင်းတော်ထက် သာ၍ကြီးမားပြီး စာတန်ကိုယ်နှိုက်သည် မည်သည့်လူသားထက်မဆိုပိုမိုတန်ခိုးကြီး၏။ ထို့ကြောင့် လောက၏မုန်းတီးမှုသည် တကယ့်ခြိမ်းခြောက်မှုဖြစ်၏။ ယေရှု၏နောက်လိုက်များသည် အဘယ်နေရာတွင် ဝိညာဉ်ရေးလုံခြုံမှုရှာတွေ့နိုင်မည်နည်း။ ၁၉၂၂၊ ဒီဇင်ဘာ ၁ ရက်ထုတ်ကင်းမျှော်စင်ပါဆောင်းပါးတစ်ခုတွင် ဤသို့ဖြေဆိုအကြံပြုခဲ့သည်– “ယခုအခါ ကျွန်ုပ်တို့သည် ဆိုးယုတ်သည့်ကာလတွင် အသက်ရှင်နေကြသည်။ စာတန့်အဖွဲ့အစည်းနှင့် ဘုရားသခင့်အဖွဲ့အစည်းကြားတွင် တိုက်ပွဲဖြစ်နေသည်။ ယင်းသည် အလွန်ပြင်းထန်သည့်တိုက်ပွဲဖြစ်သည်။” ဤတိုက်ပွဲတွင် ဘုရားသခင့်အဖွဲ့အစည်းသည် ဝိညာဉ်ရေးလုံခြုံရာအရပ်ဖြစ်သည်။ “အဖွဲ့အစည်း” ဟူသောစကားလုံးကို သမ္မာကျမ်းစာတွင် မတွေ့ရချေ၊ လွန်ခဲ့သော ၁၉၂၀ ပြည့်လွန်နှစ်များတွင် “ဘုရားသခင့်အဖွဲ့အစည်း” ဟူသည့်အသုံးအနှုန်းအသစ်တစ်ခုဖြစ်ခဲ့သည်။ သို့ဆိုလျှင် ဤအဖွဲ့အစည်းကား အဘယ်နည်း။ ယင်းတွင် အကာအကွယ် မည်သို့ရရှိမည်နည်း။
ယေဟောဝါ၏အဖွဲ့အစည်း
၃၊ ၄။ (က) အဘိဓာန်တစ်ခုနှင့် ကင်းမျှော်စင်အရ အဖွဲ့အစည်းဟူသည် အဘယ်နည်း။ (ခ) ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာအသင်းအပင်းကို အဘယ်သဘောဖြင့် အဖွဲ့အစည်းဟုခေါ်နိုင်သနည်း။
၃ အောက်စ်ဖို့ဒ်အဘိဓာန်အကျဉ်းအရ အဖွဲ့အစည်းသည် “စနစ်တကျဖွဲ့စည်းထားသောအဖွဲ့” ဖြစ်၏။ ယင်းကိုစိတ်ထဲထားလျက် ကျွန်ုပ်တို့နားလည်ကြသည်မှာ ပထမရာစုရှိခရစ်ယာန်များကို ယေရုရှလင်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့၏ဦးစီးမှုအောက် ဒေသခံအသင်းတော်များအဖြစ် တမန်တော်များကဖွဲ့စည်းခဲ့သောကြောင့် ထို “ညီအစ်ကိုများအသင်းအပင်း” ကိုအဖွဲ့အစည်းတစ်ခုဟုဆိုခြင်းသည် လျောက်ပတ်ပါသည်။ (၁ ပေတရု ၂:၁၇၊ ကဘ) ယနေ့ ယေဟောဝါသက်သေများ၌ အလားတူဖွဲ့စည်းပုံရှိ၏။ ပထမရာစုအဖွဲ့၏စည်းလုံးမှုကို “သင်းအုပ်အရာ၊ ဆရာအရာ” အစရှိသော “လူတို့တွင်ဆုလာဘ်များ” ဖြစ်သူတို့ကခိုင်ခံ့စေခဲ့ကြသည်။ ဤသူတို့အနက်အချို့သည် အသင်းတော်တစ်ခုပြီးတစ်ခုလှည့်လည်ကြစဉ် အခြားသူများမူ ဒေသခံအသင်းတော်များတွင် အကြီးအကဲများဖြစ်ကြသည်။ (ဧဖက် ၄:၈၊ ၁၁၊ ၁၂၊ ကဘ; တမန်တော် ၂၀:၂၈) အလားတူ “ဆုလာဘ်များ” သည် ယနေ့ယေဟောဝါသက်သေများ၏စည်းလုံးမှုကို ခိုင်ခံ့စေသည်။
၄ “အဖွဲ့အစည်း” ဟူသောစကားလုံးနှင့်ပတ်သက်၍ ၁၉၂၂၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ဆောင်းပါးက ဤသို့ဆိုသည်– “အဖွဲ့အစည်းတစ်ခုသည် ရည်ရွယ်ချက်တစ်ခုကိုအကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသော လူ့အသင်းအပင်းတစ်ခုဖြစ်၏။” ကင်းမျှော်စင်က ယေဟောဝါသက်သေများအား အဖွဲ့အစည်းတစ်ခုဟုဆိုခြင်းက “သူတို့သည် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်ဟူသည့် သဘောမျိုးမသက်ရောက်စေဘဲ ကျမ်းစာကျောင်းသားများ [ယေဟောဝါသက်သေများ] သည် ဘုရားသခင့်ရည်ရွယ်ချက်များကို ဆောင်ရွက်ရန်ကြိုးပမ်းကြကာ အရာရာ၌သခင်ဘုရားပြုသကဲ့သို့ စနစ်တကျပြုကြသည်ဟုဆိုလိုခြင်းမျှသာဖြစ်သည်။” (၁ ကောရိန္သု ၁၄:၃၃) တမန်တော်ပေါလုက သူ့ခေတ်ရှိခရစ်ယာန်များသည် အလားတူစနစ်တကျဆောင်ရွက်ခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။ ဘိသိက်ခံခရစ်ယာန်အသင်းအဖွဲ့ကို ခန္ဓာကိုယ်ပုံမှန်လည်ပတ်နိုင်ရန် မိမိကျရာတာဝန်အသီးသီးထမ်းဆောင်ကြသော အင်္ဂါများစွာရှိ လူ့ကိုယ်ခန္ဓာနှင့် သူနှိုင်းယှဉ်ခဲ့သည်။ (၁ ကောရိန္သု ၁၂:၁၂-၂၆) ယင်းသည် အဖွဲ့အစည်းနှင့်ပတ်သက်၍ အလွန်ကောင်းသောဥပမာဖြစ်၏! အဘယ်ကြောင့် ခရစ်ယာန်များကိုဖွဲ့စည်းထားသနည်း။ “ဘုရားသခင့်ရည်ရွယ်ချက်များ” ကိုဆောင်ရွက်ရန် ယေဟောဝါ၏အလိုတော်ကိုလုပ်ဆောင်ရန်ဖြစ်သည်။
၅။ ဘုရားသခင့်မျက်မြင်ရအဖွဲ့အစည်းကား အဘယ်နည်း။
၅ ယနေ့ စစ်မှန်သောခရစ်ယာန်များသည် “လူမျိုးတစ်မျိုး၊” “တိုင်းနိုင်ငံ” တစ်ခုအဖြစ်စည်းလုံးနေကြကာ ၎င်း၌ “လောကတွင်အလင်းဆောင်သူများအဖြစ်ထွန်းလင်းနေကြ” မည်ဟုသမ္မာကျမ်းစာက ကြိုတင်ဟောခဲ့သည်။ (ဟေရှာယ ၆၆:၈; ဖိလိပ္ပိ ၂:၁၅၊ ကဘ) စနစ်တကျဖွဲ့စည်းထားသောဤ “လူမျိုး” သည် ယခုအခါ ငါးသန်းခွဲမကရှိနေပြီဖြစ်သည်။ (ဟေရှာယ ၆၀:၈-၁၀၊ ၂၂) သို့ရာတွင် ယင်းသည် ဘုရားသခင့်အဖွဲ့အစည်းဝင်အကုန်အစင်မဟုတ်ချေ။ ကောင်းကင်တမန်များလည်း ပါဝင်ကြသည်။
၆။ အကျယ်ပြန့်ဆုံးသဘောအရ ဘုရားသခင့်အဖွဲ့အစည်းသည် မည်သူများဖြင့်ဖွဲ့စည်းထားသနည်း။
၆ ဘုရားသခင်၏လူသားကျေးကျွန်များနှင့်အတူ ကောင်းကင်တမန်များအမှုထမ်းနေသည့် အထောက်အထားများစွာရှိသည်။ (ကမ္ဘာဦး ၂၈:၁၂; ဒံယေလ ၁၀:၁၂-၁၄; ၁၂:၁; ဟေဗြဲ ၁:၁၃၊ ၁၄; ဗျာဒိတ် ၁၄:၁၄-၁၆) ထို့ကြောင့် ၁၉၂၅၊ မေ ၁၅ ရက်ထုတ်ကင်းမျှော်စင်က ဤသို့လျောက်ပတ်စွာဆို၏– “သန့်ရှင်းသောကောင်းကင်တမန်အားလုံးသည် ဘုရားသခင့်အဖွဲ့အစည်းအဝင်များဖြစ်ကြသည်။” ထို့အပြင် ဤသို့ဆက်ဆိုသည်– “ဘုရားသခင့်အဖွဲ့အစည်း၏ဦးစီးနေရာတွင် တန်ခိုးအာဏာအားလုံးကိုပိုင်ဆိုင်သော သခင်ယေရှုခရစ်ရှိ၏။” (မဿဲ ၂၈:၁၈) ထိုကြောင့် အကျယ်ပြန့်ဆုံးသဘောအရ ဘုရားသခင့်အဖွဲ့အစည်းသည် ဘုရားသခင့်အလိုတော်ကို အတူတကွလုပ်ဆောင်ကြသော ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိသူအားလုံးဖြင့်ဖွဲ့စည်းထားသည်။ (လေးထောင့်ကွက်ကိုရှု။) ယင်းတွင်အပါအဝင်ဖြစ်ရခြင်းသည် အလွန်ထူးမြတ်သောအခွင့်အရေးပါတကား! ထို့အပြင် ယေဟောဝါဘုရားသခင်ကို စည်းစည်းလုံးလုံးချီးမွမ်းရန် ကောင်းကင်နှင့်မြေကြီးရှိ သက်ရှိသတ္တဝါအားလုံးဖွဲ့စည်းခံရမည့်အချိန်ကို စောင့်မျှော်ရခြင်းသည် ရွှင်လန်းစရာပင်! (ဗျာဒိတ် ၅:၁၃၊ ၁၄) သို့သော် ယနေ့ဘုရားသခင့်အဖွဲ့အစည်းကပေးသည့် အကာအကွယ်ကား အဘယ်နည်း။
ဘုရားသခင့်အဖွဲ့အစည်းတွင် ကာကွယ်ခံရ—မည်သို့နည်း
၇။ ဘုရားသခင့်အဖွဲ့အစည်းသည် အဘယ်နည်းဖြင့် ကျွန်ုပ်တို့ကိုကာကွယ်ပေးသနည်း။
၇ ဘုရားသခင့်အဖွဲ့အစည်းသည် ကျွန်ုပ်တို့ကို စာတန်နှင့်သူ၏ပရိယာယ်များမှ ကာကွယ်ပေးနိုင်သည်။ (ဧဖက် ၆:၁၁) ယေဟောဝါအားဝတ်ပြုသူများကို ဖိစီးမှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် သွေးဆောင်မှုများ ပြုရသည့် စာတန်၏တစ်ခုတည်းသောရည်ရွယ်ချက်မှာ– ‘သူတို့သွားအပ်သောလမ်း’ မှလွဲသွားစေရန်ဖြစ်သည်။ (ဟေရှာယ ၄၈:၁၇; မဿဲ ၄:၁-၁၁ နှိုင်းယှဉ်။) ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်အတွင်း ထိုတိုက်ခိုက်မှုများကို ဘယ်တော့မျှလုံးလုံးလျားလျားရှောင်နိုင်မည်မဟုတ်ချေ။ သို့ရာတွင် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ရင်းနှီးသောဆက်ဆံရေးနှင့် ကိုယ်တော့်အဖွဲ့အစည်းတို့သည် ကျွန်ုပ်တို့ကိုခိုင်ခံ့စေပြီး အကာအကွယ်ပေးသောကြောင့် ‘လမ်း’ တွင်ဆက်ရှိနေရန် ထောက်ကူသည်။ ရလဒ်အနေဖြင့် ကျွန်ုပ်တို့၏မျှော်လင့်ချက်ပျောက်ဆုံးမသွားချေ။
၈။ ယေဟောဝါ၏မျက်မြင်မရအဖွဲ့အစည်းသည် ကိုယ်တော့်မြေကြီးပေါ်ရှိကျေးကျွန်များကို မည်သို့ထောက်မသနည်း။
၈ ဤအကာအကွယ်ကို ဘုရားသခင့်အဖွဲ့အစည်းက မည်သို့ပေးသနည်း။ ဦးဆုံး ကျွန်ုပ်တို့သည် ယေဟောဝါ၏နာမ်ဝိညာဉ်ကျေးကျွန်များ၏ အဆက်မပြတ်သောထောက်မမှုကို ရရှိထားကြသည်။ ယေရှုသည် ပြင်းထန်သည့်ဖိစီးမှုကြုံခဲ့ရသောအခါ ကောင်းကင်တမန်တစ်ပါး၏အလုပ်အကျွေးပြုခြင်းကိုခံခဲ့ရသည်။ (လုကာ ၂၂:၄၃) အသက်ဘေးနှင့်ရင်ဆိုင်ခဲ့ရသောအခါ ပေတရုကို ကောင်းကင်တမန်က အံ့ဖွယ်နည်းဖြင့်ကယ်တင်ခဲ့၏။ (တမန်တော် ၁၂:၆-၁၁) ယနေ့ ထိုသို့သောအံ့ဖွယ်အမှုများမရှိသော်လည်း ယေဟောဝါ၏လူမျိုးတို့သည် သူတို့၏ဟောပြောခြင်းလုပ်ငန်းကို ကောင်းကင်တမန်များထောက်မမည်ဟု ကတိပေးခံခဲ့ကြရသည်။ (ဗျာဒိတ် ၁၄:၆၊ ၇) သူတို့သည် ခက်ခဲသောအခြေအနေများကြုံရသောအခါ၌ပင် သာမန်ထက်သာလွန်သောတန်ခိုးကိုရရှိလေ့ရှိကြသည်။ (၂ ကောရိန္သု ၄:၇) ထို့အပြင် “ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ [“ယေဟောဝါ၏၊” ကဘ] ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ” ကြောင်းသူတို့သိထားကြသည်။—ဆာလံ ၃၄:၇။
၉၊ ၁၀။ “ယေဟောဝါ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်” ဖြစ်သည်ဟုမည်သို့ဆိုနိုင်ပြီး၊ ဤမူသည် ဘုရားသခင့်အဖွဲ့အစည်းတစ်ရပ်လုံးနှင့် မည်သို့သက်ဆိုင်သနည်း။
၉ ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းသည်လည်း အကာအကွယ်ဖြစ်၏။ မည်သို့အားဖြင့်နည်း။ နယပုံပြင် ၁၈:၁၀ [ကဘ] တွင်ဤသို့ဖတ်ရသည်– “ယေဟောဝါ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုအထဲသို့ပြေးဝင်၍ ကွယ်ကာမှုကိုရလိမ့်မည်။” ယင်းသည် ဘုရားသခင့်နာမတော်ကိုအကြိမ်ကြိမ်ခေါ်ရုံဖြင့် အကာအကွယ်ရမည်ဟုမဆိုလိုပါ။ ယင်းအစား ဘုရားသခင့်နာမတော်၌ ကျွန်ုပ်တို့ခိုလှုံခြင်းသည် ယေဟောဝါကိုယ်တော်တိုင်အား ကိုးစားသည့်သဘောသက်ရောက်သည်။ (ဆာလံ ၂၀:၁; ၁၂၂:၄) ယင်းသည် ကိုယ်တော့်ပိုင်သအုပ်စိုးမှုကိုထောက်မခြင်း၊ ကိုယ်တော့်ပညတ်များနှင့်မူများကိုထောက်ခံခြင်းနှင့် ကိုယ်တော့်ကတိတော်များကို ယုံကြည်ခြင်းတို့ကိုဆိုလိုသည်။ (ဆာလံ ၈:၁-၉; ဟေရှာယ ၅၀:၁၀; ဟေဗြဲ ၁၁:၆) ယင်းတွင် ယေဟောဝါအား အကြွင်းမဲ့ဆက်ကပ်အပ်နှံခြင်းပါဝင်သည်။ ဤနည်းအတိုင်း ယေဟောဝါအားဝတ်ပြုသူများသာ ဆာလံဆရာနှင့်အတူ ဤသို့ပြောနိုင်မည်– “သန့်ရှင်းသောနာမတော်၌ ကိုးစားကြသောကြောင့် [ယေဟောဝါ] ၌စိတ်ရွှင်လန်းရကြမည်။”—ဆာလံ ၃၃:၂၁၊ သမ; ၁၂၄:၈။
၁၀ ယခုအခါ ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်း၌ရှိသူအားလုံးသည် မိက္ခာနှင့်အတူ ဤသို့ဆိုကြသည်– “ငါတို့မူကား၊ ကိုယ့်ဘုရားသခင်ယေဟောဝါ၏နာမတော်ကို အမှီပြု၍ကာလအစဉ်လိုက်လျှောက်ကြမည်။” (မိက္ခာ ၄:၅၊ ကဘ) မျက်မှောက်ခေတ်အဖွဲ့အစည်းသည် သမ္မာကျမ်းစာ၌ ‘မိမိနာမအဖို့လူများ’ ဟုခေါ်ထားသည့် “ဘုရားသခင်၏ဣသရေလအမျိုး” ၏ပတ်လည်တွင် စုရုံးနေသည်။ (ဂလာတိ ၆:၁၆; တမန်တော် ၁၅:၁၄၊ ကဘ; ဟေရှာယ ၄၃:၆၊ ၇; ၁ ပေတရု ၂:၁၇) ထို့ကြောင့် ယေဟောဝါ၏အဖွဲ့အစည်းအဝင်ဖြစ်ခြင်းသည် ဘုရားသခင့်နာမတော်၌အကာအကွယ်ရှာယူသော လူစုတွင်ပါဝင်ခြင်းကိုဆိုလိုသည်။
၁၁။ ယေဟောဝါ၏အဖွဲ့အစည်းအဝင်ဖြစ်သူတို့ကို အဘယ်သတ်သတ်မှတ်မှတ်နည်းလမ်းများဖြင့် ကာကွယ်ပေးသနည်း။
၁၁ ထို့အပြင် ဘုရားသခင့်မျက်မြင်ရအဖွဲ့အစည်းသည် အချင်းချင်းကိုအားပေးတည်ဆောက်ကြသော ယုံကြည်သူချင်းများ၏အသင်းအပင်း၊ ယုံကြည်ခြင်းအသိုင်းအဝိုင်းတစ်ရပ်ဖြစ်သည်။ (သု. ၁၃:၂၀; ရောမ ၁:၁၂) ယင်းသည် သိုးများကိုခရစ်ယာန်သိုးထိန်းများ ကြည့်ရှုပြုစု၍ ဖျားနာပြီးအားလျော့နေသူတို့ကိုအားပေး၊ လဲသူတို့ကိုပြန်ထူပေးရာအရပ်ဖြစ်သည်။ (ဟေရှာယ ၃၂:၁၊ ၂; ၁ ပေတရု ၅:၂-၄) ဘိသိက်ခံခရစ်ယာန်များဖြင့် ဖွဲ့စည်းထားသော “သစ္စာနှင့်သတိပညာရှိသောကျွန်” သည်အဖွဲ့အစည်းမှတစ်ဆင့် “အချိန်တန်အစာ” ကိုပြင်ဆင်ပေး၏။ (မဿဲ ၂၄:၄၅၊ သမ) ထို “ကျွန်” သည် အကောင်းဆုံးသောဝိညာဉ်ရေးရာမွန်များ—ထာဝရအသက်ရရှိစေသည့် သမ္မာကျမ်းစာအခြေပြုတိကျသောအသိပညာ—ကို စီမံပေးလျက်ရှိသည်။ (ယောဟန် ၁၇:၃) ထို “ကျွန်” ၏လမ်းပြညွှန်ကြားမှုကျေးဇူးကြောင့် ခရစ်ယာန်များသည် သူတို့ပတ်လည်ရှိအန္တရာယ်ပြည့်နှက်နေသည့်ဝန်းကျင်တွင် မြင့်မားသောအကျင့်စံနှုန်းများကိုထိန်းသိမ်းပြီး “မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်း” ကြရန်အထောက်အကူရသည်။ (မဿဲ ၁၀:၁၆) ထို့အပြင် တန်ခိုးပါသောအကာအကွယ်ဖြစ်သည့် ‘သခင်ဘုရား၏အမှုတော်၌ အလုပ်များ’ နေကြရန် သူတို့အမြဲအကူအညီရရှိကြသည်။—၁ ကောရိန္သု ၁၅:၅၈။
မည်သူများသည် ဘုရားသခင့်အဖွဲ့အစည်းအဝင်များ ဖြစ်ကြသနည်း
၁၂။ မည်သူတို့သည် ဘုရားသခင့်ကောင်းကင်အဖွဲ့အစည်းအဝင်ဖြစ်သည်ဟု ခွဲခြားဖော်ပြခံရသနည်း။
၁၂ ဤကာကွယ်မှုကို ဘုရားသခင့်အဖွဲ့အစည်းအဝင်တို့ရရှိနိုင်သောကြောင့် ဤတွင်မည်သူတို့ပါဝင်ကြသနည်း။ ကောင်းကင်အဖွဲ့အစည်းနှင့်စပ်လျဉ်း၍ ယင်း၏အဖြေသည် ထင်ရှား၏။ စာတန်နှင့် သူ၏ကောင်းကင်တမန်များသည် ကောင်းကင်၌မရှိကြတော့ချေ။ အခြားတစ်ဖက်တွင်မူ သစ္စာရှိကောင်းကင်တမန်များသည် ထိုတွင်၊ “စည်းဝေး” ၌ရှိနေကြဆဲဖြစ်သည်။ နောက်ဆုံးသောနေ့ရက်များတွင် ဘုရားသခင့်ပလ္လင်တော်ပတ်ဝန်းကျင်၌ “သိုးသငယ်၊” ခေရုဗိမ်များ (“သတ္တဝါလေးပါး”) နှင့် “များစွာသော ကောင်းကင်တမန်တို့” ရှိကြသည်ကိုတမန်တော်ယောဟန်မြင်ခဲ့သည်။ သူတို့နှင့်အတူ ကောင်းကင်အမွေသို့ဘုန်းဝင်စားခဲ့ကြပြီးဖြစ်သည့် ထိုဘိသိက်ခံခရစ်ယာန်များကိုကိုယ်စားပြုသော အသက်ကြီးသူ ၂၄ ပါးရှိကြမည်ဖြစ်သည်။ (ဟေဗြဲ ၁၂:၂၂၊ ၂၃; ဗျာဒိတ် ၅:၆၊ ၁၁; ၁၂:၇-၁၂) ယင်းတို့အားလုံးသည် ဘုရားသခင့်အဖွဲ့အစည်းအဝင်ဖြစ်ကြောင်းထင်ရှားသည်။ သို့သော် လူသားများနှင့်ပတ်သက်၍မူကား ဤမျှမရှင်းချေ။
၁၃။ ဘုရားသခင့်အဖွဲ့အစည်းတွင် ပါဝင်သူနှင့် မပါဝင်သူတို့ကို ယေရှုမည်သို့ခွဲခြားဖော်ပြသနည်း။
၁၃ ယေရှုက ကိုယ်တော့်နောက်လိုက်ဟု အမည်ခံမည့်သူအချို့နှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ထိုနေ့၌ကား၊ ‘သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လော’ ဟုအများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ ‘သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ’ ဟုထိုသူတို့အား အတည့်အလင်းငါပြောမည်။” (မဿဲ ၇:၂၂၊ ၂၃) တစ်စုံတစ်ယောက်သည် မတရားမှုပြုနေမည်ဆိုလျှင် သူမည်သို့ပင်ဆိုနေပါစေ၊ အဘယ်နေရာ၌ဝတ်ပြုနေပါစေ ဘုရားသခင့်အဖွဲ့အစည်းအဝင် မဟုတ်သည်မှာအမှန်။ လူတစ်ဦးသည် ဘုရားသခင့်အဖွဲ့ဝင်ဖြစ်ကြောင်း မည်သို့ခွဲခြားသိမြင်နိုင်ကြောင်းကိုလည်း ယေရှုဖော်ပြခဲ့သည်။ ကိုယ်တော်က ဤသို့ဆို၏– “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။”—မဿဲ ၇:၂၁။
၁၄။ ဘုရားသခင့်အဖွဲ့အစည်းတွင်ပါဝင်သူများ ထမ်းဆောင်ရမည့် ဘုရားသခင့်အလိုတော်ဆိုင်ရာ အဘယ်တာဝန်များကို ခွဲခြားဖော်ပြထားသနည်း။
၁၄ ထိုကြောင့် “ကောင်းကင်နိုင်ငံတော်” တွင်အဓိကမဏ္ဍိုင်ဖြစ်သော ဘုရားသခင့်အဖွဲ့အစည်း၌အဝင်ဖြစ်ရန် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ရမည်။ ကိုယ်တော့်အလိုတော်ကား အဘယ်နည်း။ ပေါလုက ဤသို့ဆိုစဉ် ယင်း၏အရေးပါကဏ္ဍတစ်ခုကို ဖော်ပြခဲ့သည်– “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ၊ [ဘုရားသခင်] အလိုတော်ရှိ၏။” (၁ တိမောသေ ၂:၄) လူတစ်ဦးသည် သမ္မာကျမ်းစာမှတိကျသောအသိပညာကိုရယူကာ မိမိ၏ဘဝတွင်ကျင့်သုံးပြီး “လူအပေါင်းတို့” ထံယင်းသတင်းကိုဖြန့်ပေးမည်ဆိုလျှင် သူသည် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်နေသည်။ (မဿဲ ၂၈:၁၉၊ ၂၀; ရောမ ၁၀:၁၃-၁၅) ယေဟောဝါ၏သိုးတို့ကို ကျွေးမွေးစောင့်ရှောက်ခြင်းသည်လည်း ဘုရားသခင့်အလိုတော်ဖြစ်၏။ (ယောဟန် ၂၁:၁၅-၁၇) ဤတွင် ခရစ်ယာန်အစည်းအဝေးများသည် အရေးပါ၏။ ထိုအစည်းအဝေးများကိုတက်ရောက်နိုင်လျက်နှင့် မတက်ဘဲနေသူသည် ဘုရားသခင့်အဖွဲ့အစည်းတွင် သူ၏အခွင့်အရာကိုလေးမြတ်မှုကင်းမဲ့စေသည်။—ဟေဗြဲ ၁၀:၂၃-၂၅။
လောကနှင့်မိတ်သဟာယဖွဲ့ခြင်း
၁၅။ ယာကုပ်သည် မိမိခေတ်ရှိအသင်းတော်များကို မည်သို့သတိပေးခဲ့သနည်း။
၁၅ ယေရှုသေဆုံးပြီးနောက် အနှစ် ၃၀ ခန့်တွင် ကိုယ်တော်၏မိတူဖကွဲညီယာကုပ်က ဘုရားသခင့်အဖွဲ့အစည်းတွင် ပါဝင်ခွင့်ရှိခြင်းအတွက် စိုးရိမ်စရာရှိစေနိုင်သောအရာတချို့ကို ဖော်ပြခဲ့သည်။ သူ ဤသို့ရေးသားခဲ့သည်– “မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိတ်သဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့်မိတ်သဟာယဖွဲ့သောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။” (ယာကုပ် ၄:၄) ဘုရားသခင့်ရန်သူတစ်ဦးသည် ကိုယ်တော့်အဖွဲ့ဝင်လုံးဝမဖြစ်ပေ။ သို့နှင့် လောကနှင့်မိတ်သဟာယဖွဲ့ခြင်းကား အဘယ်နည်း။ မကောင်းသောအပေါင်းအသင်းများနှင့် ပေါင်းဖော်ခြင်း သို့မဟုတ် ပတ်သက်ခြင်းစသည်ဖြင့် ရှင်းပြခဲ့ဖူးသည်။ ထို့အပြင် ယာကုပ်သည် သတ်သတ်မှတ်မှတ်ရှိသောအခြားအရာတစ်ခု—မလျောက်ပတ်သောအကျင့်များသို့ ဦးတည်စေနိုင်သည့် မှားယွင်းသောသဘောထားများ—ကိုအလေးပေးခဲ့သည်။
၁၆။ လောကနှင့်မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင့်ရန်သူဖြစ်ကြောင်း ယာကုပ်သတိပေးချက်၏ရှေ့နောက်စကားက အဘယ်နည်း။
၁၆ ယာကုပ် ၄:၁-၃ တွင်ဤသို့ဖတ်ရသည်– “သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ သင်တို့အင်္ဂါများ၌ စစ်ပြိုင်သောကိလေသာကာမ [ညစ်ညမ်းသောစိတ်]ကြောင့် ဖြစ်သည်မဟုတ်လော။ သင်တို့သည် တပ်မက်၍မရကြ။ လူအသက်ကိုသတ်၍လည်းကောင်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍လည်းကောင်း အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲနေကြ၏။ ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဖို့ ရှိစေခြင်းငှာ၊ အလွဲတောင်းသောကြောင့်မရကြ။” ဤစကားများကိုရေးပြီးနောက် လောကနှင့်မိတ်သဟာယဖွဲ့ခြင်းကို ယာကုပ်သတိပေးခဲ့ခြင်းဖြစ်သည်။
၁၇။ ပထမရာစုခရစ်ယာန်အသင်းတော်တွင် အဘယ်နည်းဖြင့် “ရန်တွေ့ခြင်း” နှင့် “တိုက်လှန်ခြင်း” များဖြစ်ခဲ့သနည်း။
၁၇ ယာကုပ်သေဆုံးပြီး၍ ရာစုနှစ်များစွာကြာပြီးနောက် ခရစ်ယာန်အတုများသည် ပကတိအတိုင်း အချင်းချင်းစစ်တိုက်၍ သတ်ဖြတ်ခဲ့ကြသည်။ သို့ရာတွင် ယာကုပ်သည် ကောင်းကင်ဆိုင်ရာ ‘ယဇ်ပုရောဟိတ်များနှင့်ဘုရင်များ’ ဖြစ်ကြမည့် ပထမရာစုရှိ “ဘုရားသခင်၏ဣသရေလ” ဝင်များထံရေးသားနေခြင်းဖြစ်သည်။ (ဗျာဒိတ် ၂၀:၆) သူတို့သည် ပကတိစစ်ပွဲများတွင် အချင်းချင်းမသတ်ဖြတ်ခဲ့ကြပါ။ သို့ဖြစ်လျှင် ယာကုပ်သည် ခရစ်ယာန်များအား အဘယ်ကြောင့်ထိုသို့ဆိုခဲ့ရသနည်း။ တမန်တော်ယောဟန်က မိမိညီအစ်ကိုကိုမုန်းသူမှန်သမျှအား လူသတ်သူဟုဆိုခဲ့သည်။ ထို့အပြင် အသင်းတော်အတွင်း ပုဂ္ဂိုလ်ရေးပဋိပက္ခများနှင့် ခိုက်ရန်ဖြစ်မှုများကို “ရန်တွေ့ခြင်း” နှင့် “တိုက်လှန်ခြင်း” ဟုပေါလုဆိုခဲ့သည်။ (တိတု ၃:၉; ၂ တိမောသေ ၂:၁၄; ၁ ယောဟန် ၃:၁၅-၁၇) ယင်းသဘောအရ ခရစ်ယာန်ချင်းတို့အားချစ်ဖို့ပျက်ကွက်ခြင်းကို ယာကုပ်ဆိုလိုနေဟန်ရှိသည်။ သူတို့အထဲတွင် ခရစ်ယာန်များသည် လောက၌ရှိသူများတစ်ဦးနှင့်တစ်ဦးဆက်ဆံတတ်ကြသကဲ့သို့ ပြုမူဆက်ဆံနေကြသည်။
၁၈။ ခရစ်ယာန်များကြား၌ အဘယ်နည်းဖြင့် မေတ္တာမဲ့သောလုပ်ရပ်များနှင့် သဘောထားများဖြစ်ပေါ်လာနိုင်သနည်း။
၁၈ ခရစ်ယာန်အသင်းတော်များတွင် ထိုကဲ့သို့သောအမှုများအဘယ်ကြောင့်ဖြစ်ပျက်ရသနည်း။ တပ်မက်ခြင်းနှင့် “ကိလေသာကာမ [ညစ်ညမ်းသောစိတ်”] စသည့်မှားယွင်းသောသဘောထားများကြောင့်ဖြစ်သည်။ ထောင်လွှားခြင်း၊ မနာလိုခြင်းနှင့် ကျော်ကြားလိုစိတ်ပြင်းပြခြင်းတို့သည်လည်း အသင်းတော်ရှိမေတ္တာပါသော ခရစ်ယာန်ပေါင်းသင်းမှုကို ပျက်စီးစေနိုင်သည်။ (ယာကုပ် ၃:၆၊ ၁၄) ထိုသဘောထားများသည် လောက၏မိတ်ဆွေဖြစ်စေရာ သို့ဖြင့်ဘုရားသခင့်ရန်သူဖြစ်စေ၏။ ဤကဲ့သို့သောသဘောထားများကိုသိုထားသူတစ်ယောက်မျှ ဘုရားသခင့်အဖွဲ့အစည်းအဝင်ဖြစ်ရန် မမျှော်လင့်နိုင်ပေ။
၁၉။ (က) ခရစ်ယာန်တစ်ဦး၏နှလုံး၌ မှားယွင်းသောအတွေးအခေါ် ကိန်းအောင်းနေကြောင်းတွေ့ရလျှင် အဓိကအားဖြင့် မည်သူ့ကိုအပြစ်တင်ရမည်နည်း။ (ခ) ခရစ်ယာန်တစ်ဦးသည် မှားယွင်းသောအတွေးများကို မည်သို့အနိုင်ယူနိုင်သနည်း။
၁၉ ကျွန်ုပ်တို့၏စိတ်ထဲတွင် မှားယွင်းသောအတွေး ကိန်းအောင်းနေကြောင်းတွေ့ရှိလာလျှင် မည်သူ့ကိုအပြစ်တင်နိုင်မည်နည်း။ စာတန်ကိုလော။ တစ်နည်းအားဖြင့် မှန်၏။ သူသည် ထိုသို့သောသဘောထားများ ပျံ့နှံ့နေသည့် “အာကာသကောင်းကင်၏တန်ခိုးကို အစိုးရသောမင်း” ဖြစ်သည်။ (ဧဖက် ၂:၁၊ ၂; တိတု ၂:၁၂) သို့သော် ကျွန်ုပ်တို့၏မစုံလင်မှု၌ပင် မှားယွင်းသောအတွေးများသည် အမြစ်တွယ်နေတတ်၏။ လောကနှင့်မိတ်သဟာယဖွဲ့ခြင်းအကြောင်း သတိပေးပြီးနောက် ယာကုပ်ဤသို့ရေးသည်– “‘ငါတို့၌တည်နေသောစိတ်ဝိညာဉ်သည် အားကြီးစွာ တောင့်တသည်’ ဟူသောကျမ်းစာချက် အချည်းနှီးသက်သက်ဖြစ်သည်ဟု ထင်ကြသလော။” (ယာကုပ် ၄:၅၊ သမ္မာ) ကျွန်ုပ်တို့အားလုံး၌ မွေးရာပါအမှားပြုလိုသောဆန္ဒရှိကြသည်။ (ကမ္ဘာဦး ၈:၂၁; ရောမ ၇:၁၈-၂၀) သို့သော် ကျွန်ုပ်တို့၏အားနည်းချက်များကို အသိအမှတ်ပြုပြီး ယေဟောဝါ၏မစမှုကို မျှော်ကိုးကာ ယင်းတို့ကို ဖျောက်ဖျက်မည်ဆိုလျှင် ထိုဆန္ဒကိုအနိုင်ရပေမည်။ ယာကုပ် ဤသို့ဆိုသည်– “ကိုယ်တော် [ဘုရားသခင်] သည် [မွေးရာပါ မနာလိုသောစိတ်ထက်] သာ၍များပြားသောကျေးဇူးကို သနားတော်မူ၏။” (ယာကုပ် ၄:၆၊ သမ္မာ) ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏မစမှု၊ သစ္စာရှိခရစ်ယာန်ညီအစ်ကိုများ၏ထောက်မမှုနှင့် ယေရှုခရစ်ရွေးဖိုးပူဇော်သကာ၏ အကျိုးကျေးဇူးကြောင့် သစ္စာရှိခရစ်ယာန်များသည် သွေးသားအားနည်းမှုများ၏ လွှမ်းမိုးမှုကိုမခံရကြပါ။ (ရောမ ၇:၂၄၊ ၂၅) သူတို့သည် ဘုရားသခင့်အဖွဲ့အစည်း၌ လုံခြုံမှုရှိကြကာ ဘုရားသခင့်မိတ်ဆွေများဖြစ်ကြသည်၊ လောက၏မိတ်ဆွေများမဟုတ်ကြချေ။
၂၀။ ဘုရားသခင့်အဖွဲ့အစည်းအဝင်ဖြစ်သူများသည် အဘယ်ကောင်းချီးများကို များစွာခံစားကြသနည်း။
၂၀ သမ္မာကျမ်းစာက ဤသို့ကတိပြုထားသည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် မိမိလူစုကိုခိုင်ခံ့စေတော်မူမည်။ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် မိမိလူစုအား ငြိမ်သက်ခြင်းကောင်းချီးမင်္ဂလာကို ပေးတော်မူမည်။” (ဆာလံ ၂၉:၁၁) ကျွန်ုပ်တို့သည် ယေဟောဝါ၏ မျက်မှောက်ခေတ် “လူမျိုး၊” ကိုယ်တော့်မျက်မြင်ရအဖွဲ့အစည်းတွင် အမှန်ပါဝင်ကြမည်ဆိုလျှင် ကိုယ်တော်ပေးသောခွန်အားကိုရပြီး မိမိလူမျိုးတော်ကို ပေးသနားသောငြိမ်သက်ခြင်းကောင်းချီးကို ခံစားကြရပါလိမ့်မည်။ စာတန့်လောကသည် ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းထက်သာ၍ကြီးမားပြီး စာတန်သည် ကျွန်ုပ်တို့ထက်သာ၍ခွန်အားကြီးမားသည်မှာ မှန်၏။ သို့သော် ယေဟောဝါသည် အတိုင်းအဆမဲ့တန်ခိုးရှင်ဖြစ်သည်။ ကိုယ်တော့်လှုပ်ရှားသောစွမ်းအားကို နှိမ်နင်းတားဆီး၍မရပါ။ ကိုယ်တော်၏တန်ခိုးကြီးမားသော ကောင်းကင်တမန်များသည်လည်း ဘုရားသခင့်အမှုတော်ဆောင်ရာ၌ ကျွန်ုပ်တို့နှင့်တစည်းတလုံးရှိကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့မုန်းတီးခံရကြငြား ခိုင်မြဲစွာရပ်တည်နိုင်ကြသည်။ ယေရှုနည်းတူ ကျွန်ုပ်တို့သည် ဤလောကကိုအောင်နိုင်ကြသည်။—ယောဟန် ၁၆:၃၃; ၁ ယောဟန် ၄:၄။
သင်ရှင်းပြနိုင်သလော
◻ ဘုရားသခင့်မျက်မြင်ရအဖွဲ့အစည်းကား အဘယ်နည်း။
◻ ဘုရားသခင့်အဖွဲ့အစည်းသည် အဘယ်နည်းများဖြင့် ကာကွယ်မှုပေးသနည်း။
◻ ဘုရားသခင့်အဖွဲ့အစည်းတွင် မည်သူများပါဝင်သနည်း။
◻ လောကနှင့်မိတ်သဟာယဖွဲ့ ခြင်းကို ကျွန်ုပ်တို့မည်သို့ရှောင်နိုင်မည်နည်း။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
ဘုရားသခင့်အဖွဲ့အစည်းကား အဘယ်နည်း
ယေဟောဝါသက်သေများ၏စာပေများ၌ “ဘုရားသခင့်အဖွဲ့အစည်း” ဟူသောအသုံးအနှုန်းကို သုံးနည်းဖြင့်အသုံးပြုထားသည်။
၁ ယေဟောဝါ၏ကောင်းကင်ဆိုင်ရာ မျက်မြင်မရသောအဖွဲ့အစည်းသည် သစ္စာရှိနာမ်ဝိညာဉ်သတ္တဝါများဖြင့် ဖွဲ့စည်းထားသည်။ ယင်းကို သမ္မာကျမ်းစာ၌ ‘အထက်ယေရုရှလင်’ ဟုခေါ်ထားသည်။—ဂလာတိ ၄:၂၆။
၂ ယေဟောဝါ၏လူသားဆိုင်ရာ မျက်မြင်ရအဖွဲ့အစည်း။ ယနေ့ ယင်းသည် ဘိသိက်ခံအကြွင်းအကျန်နှင့်တကွ ပူးပေါင်းလာကြသော လူအုပ်ကြီးဖြင့်ဖွဲ့စည်းထားသည်။
၃ ယေဟောဝါ၏စကြဝဠာအဖွဲ့အစည်း။ ယနေ့ ယင်းသည် ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းနှင့်အတူ မြေကြီးပေါ်ရှိ ဝိညာဉ်ရေးမျှော်လင့်ချက်ရှိသည့် ကိုယ်တော့်ဘိသိက်ခံမွေးစားသားများဖြင့်ဖွဲ့စည်းထားသည်။ အချိန်တန်သော် ယင်း၌ မြေကြီးပေါ်ရှိ စုံလင်သောလူသားများလည်း ပါဝင်လာလိမ့်မည်။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေဟောဝါ၏အဖွဲ့အစည်းမှတစ်ဆင့် အကောင်းဆုံးဝိညာဉ်ရေးအစားအစာများကို ထောက်ပံ့ပေးလျက်ရှိသည်