ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၁/၁၅ စာ. ၁၉-၂၄
  • ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို သည်းခံ၍စိတ်အားထက်သန်စေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို သည်းခံ၍စိတ်အားထက်သန်စေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှားယွင်းသောဆန္ဒများသည် ပျက်စီးစေ
  • တစ်ဦးကိုတစ်ဦး တရားမစီရင်ကြနှင့်
  • ကိုယ့်ကိုယ်ကို စိတ်ချစွာ ဝါကြွားခြင်းကိုရှောင်လော့
  • ချမ်းသာခြင်းနှင့်ပတ်သက်၍ သတိပေးခြင်း
  • ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို သည်းခံခြင်းတင်ပြဖို့ကူညီ
  • ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များ
  • ကျွန်ုပ်တို့အားလုံးအတွက် တစ်စုံတစ်ရာ
  • ယေရှုရဲ့ ညီဆီကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • စုံစမ်းခြင်းများကြုံရငြား၊ သင်၏ယုံကြည်ခြင်း၌စွဲမြဲလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယုံကြည်ခြင်းက ကျွန်ုပ်တို့အား လုပ်ဆောင်ရန် လှုံ့ဆော်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါ၏သည်းခံခြင်းကို တုပကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၁/၁၅ စာ. ၁၉-၂၄

ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို သည်းခံ၍စိတ်အားထက်သန်စေ

“သင်တို့သည်လည်း သည်းခံ၍စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။”—ယာကုပ် ၅:၈။

၁။ ကျွန်ုပ်တို့သည် ယာကုပ် ၅:၇၊ ၈ ကိုအဘယ်ကြောင့် သုံးသပ်သင့်သနည်း။

ကြမြင့်စွာ စောင့်ဆိုင်းခဲ့ရသော ယေရှုခရစ်၏ “ရောက်ရှိနေခြင်း” သည်ယခုတွင် အဖြစ်မှန်ဖြစ်သည်။ (မဿဲ ၂၄:၃-၁၄) ဘုရားသခင်နှင့်ခရစ်တော်အား ယုံကြည်သည်ဟုပြောသူအားလုံးသည် တပည့်တော်ယာကုပ်၏ ဤစကားများအပေါ် ယခင်ကထက်ပို၍ ပြန်လည်သုံးသပ်ဖို့အကြောင်းရှိသည်– “ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက်စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုး၊ နောက်မိုးကိုရသည်တိုင်အောင်၊ အဖိုးထိုက်သောမြေအသီးကို သည်းခံလျက်စောင့်နေ၍မျှော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံ၍စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။”—ယာကုပ် ၅:၇၊ ၈။

၂။ ယာကုပ်ရေးသောစာကိုရရှိခဲ့သူများ ရင်ဆိုင်နေရသည့် ပြဿနာအချို့ကားအဘယ်နည်း။

၂ ယာကုပ်သည်မိမိ၏မှုတ်သွင်းခံစာကို ရေးသားရည်ညွှန်းခဲ့သူများသည် သည်းခံခြင်းကိုပြပြီး ပြဿနာအဖုံဖုံကို ဖြေရှင်းဖို့လိုအပ်ခဲ့ကြသည်။ လူအများသည် ဘုရားသခင်ကိုယုံကြည်သည်ဟုဆိုသူများ လုပ်သင့်ရာနှင့်ဆန့်ကျင်စွာ ပြုမူနေကြသည်။ သာဓကအနေဖြင့် တချို့စိတ်နှလုံးတွင်တည်နေသော ဆန္ဒအချို့ကို ပြုပြင်ဖို့လိုအပ်နေသည်။ အစောပိုင်းခရစ်ယာန်များအကြား ငြိမ်သက်မှုပြန်ရှိစေဖို့လိုအပ်ခဲ့သည်။ သူတို့သည် စိတ်ရှည်၍စိတ်အားထက်သန်ဖို့ အကြံဉာဏ်လည်းလိုအပ်ခဲ့ကြသည်။ ထိုသူတို့အား ယာကုပ်ပြောခဲ့ရာများကို သုံးသပ်စဉ် ကျွန်ုပ်တို့အသက်တာတွင် သူ၏စကားများကို မည်သို့ကျင့်သုံးနိုင်ကြောင်း ကြည့်ကြစို့လေ။

မှားယွင်းသောဆန္ဒများသည် ပျက်စီးစေ

၃။ အသင်းတော်ဆိုင်ရာ ခိုက်ရန်ဖြစ်ရခြင်း၏အကြောင်းရင်းများကားအဘယ်နည်း။ ယင်းမှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူရရှိနိုင်သနည်း။

၃ အမည်ခံခရစ်ယာန်အချို့တွင် ငြိမ်သက်မှုကင်းမဲ့နေပြီး၊ ယင်းအခြေအနေ၏အကြောင်းရင်းမြစ်သည် မှားယွင်းသောဆန္ဒများဖြစ်သည်။ (ယာကုပ် ၄:၁-၃) ငြင်းခုံတတ်ခြင်းကြောင့် ဖရိုဖရဲပြိုကွဲနေပြီး၊ တချို့သည်မိမိတို့ညီအစ်ကိုများကို မေတ္တာကင်းမဲ့စွာစီရင်နေကြသည်။ ယင်းသို့ဖြစ်ပျက်ရခြင်းသည် သူတို့၏ကိုယ်အင်္ဂါများ၌တိုက်ခိုက်နေသော ကာမဂုဏ်တပ်မက်ခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် အသင်းတော်၏ငြိမ်သက်ခြင်းကို ဖရိုဖရဲဖြစ်စေသူများမဖြစ်ရန် ဂုဏ်သိက္ခာ၊ တန်ခိုးအာဏာနှင့် ရုပ်ပစ္စည်းပိုင်ဆိုင်မှုတို့အတွက် အသွေးအသားတပ်မက်မှုများကို တွန်းလှန်ဖို့ အကူအညီအတွက် ဆုတောင်းဖို့လိုအပ်ပေမည်။ (ရောမ ၇:၂၁-၂၅; ၁ ပေတရု ၂:၁၁) ပထမရာစုခရစ်ယာန်တချို့တွင် လောဘလွန်ကျူးမှုက မုန်းတီးမှု၊ လူသတ်လိုသောစိတ်ရှိသည့်တိုင် တိုးပွားလာလေပြီ။ သူတို့၏မှားယွင်းသောဆန္ဒများကို ဘုရားသခင်မဖြည့်ဆည်းပေးသောကြောင့် သူတို့၏ပန်းတိုင်ကိုမီဖို့ ငြင်းခုံနေကြသည်။ ကျွန်ုပ်တို့၌ထပ်တူမှားယွင်းသောဆန္ဒများရှိနေလျှင် ကျွန်ုပ်တို့၏သန့်ရှင်းသောဘုရားသခင်သည် ထိုသို့သောဆုတောင်းချက်များကို နားညောင်းတော်မမူသောကြောင့် ကျွန်ုပ်တို့တောင်းလျှောက်မည်ဖြစ်သော်လည်း ရရှိလိမ့်မည်မဟုတ်ချေ။—ယေရမိမြည်တမ်းစကား ၃:၄၄; ၃ ယောဟန် ၉၊ ၁၀။

၄။ “မတရားသောမေထုန်၌မှီဝဲသောသူတို့” ဟုယာကုပ်က အချို့သူများကို အဘယ်ကြောင့်ခေါ်ခဲ့ပြီး သူ၏ဖော်ပြချက်က ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။

၄ အချို့သောကနဦးခရစ်ယာန်များအကြားတွင် လောကဆန်ခြင်း၊ ငြူစူခြင်းနှင့် မာန်မာနကြီးခြင်းတို့ရှိခဲ့သည်။ (ယာကုပ် ၄:၄-၆) သူတို့သည် လောကနှင့်မိတ်သဟာယဖွဲ့ပြီး ဝိညာဉ်ရေးမတရားမေထုန်ပြုကြသောကြောင့် “မတရားမေထုန်၌မှီဝဲသောသူတို့” ဟုအချို့ကိုယာကုပ်ခေါ်ခဲ့သည်။ (ယေဇကျေလ ၁၆:၁၅-၁၉၊ ၂၅-၄၅) ကျွန်ုပ်တို့စိတ်သဘောထား၊ အပြောအဆိုနှင့်ပြုမူဆောင်ရွက်မှုတို့တွင် လောကမဆန်လိုသည်မှာအမှန်၊ အကြောင်းမှာ ဘုရားသခင့်ရန်သူဖြစ်စေမည်ဖြစ်သောကြောင့်ပင်။ ‘ငြူစူချင်သောသဘော’ သည်အပြစ်သားတို့၏ စိတ်နှလုံးအကြံအစည်ဆိုး၊ သို့မဟုတ် ‘စိတ်ဝိညာဉ်’ တွင်ပါဝင်ကြောင်း ကိုယ်တော်၏နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အတွက် ဖော်ပြသည်။ (ကမ္ဘာဦး ၈:၂၁; တောလည်ရာ ၁၆:၁-၃; ဆာလံ ၁၀၆:၁၆၊ ၁၇; ဒေသနာ ၄:၄) ထို့ကြောင့် ငြူစူခြင်း၊ မာန်မာနကြီးခြင်း သို့မဟုတ် အခြားသော စိတ်နှလုံးအကြံအစည်ဆိုးကို တိုက်လှန်ဖို့လိုကြောင်း သိရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင့်အကူအညီကို ရှာယူကြစို့လေ။ ဘုရားသခင့်မခံစားထိုက်သောကရုဏာတော်အားဖြင့် ပေးသနားတော်မူသောထိုစွမ်းအားသည် “ငြူစူသောသဘော” ထက်သာလွန်မြင့်မြတ်သည်။ ယေဟောဝါသည် မာနကြီးခြင်းကို ဆန့်ကျင်သော်လည်း ကျွန်ုပ်တို့သည် အပြစ်သို့တိမ်းညွတ်လိုသောသဘောကို တိုက်လှန်နေမည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို မခံစားထိုက်သောကရုဏာပေးတော်မူမည်။

၅။ ဘုရားသခင့်မခံစားထိုက်သော ကရုဏာတော်ကိုခံစားရဖို့ အဘယ်တောင်းဆိုချက်များကို ပြည့်မီရမည်နည်း။

၅ ဘုရားသခင်၏မခံစားထိုက်သော ကရုဏာတော်ကို ကျွန်ုပ်တို့မည်သို့ခံယူနိုင်မည်နည်း။ (ယာကုပ် ၄:၇-၁၀) ယေဟောဝါထံတော်မှ မခံစားထိုက်သောကရုဏာကိုခံစားရဖို့ ကိုယ်တော်ကိုနာခံခြင်း၊ ကိုယ်တော့်ပြင်ဆင်ပေးရာများကိုလက်ခံခြင်းနှင့် ကိုယ်တော်အလိုရှိရာဟူသမျှကို လက်ခံရမည်။ (ရောမ ၈:၂၈) ကျွန်ုပ်တို့သည် [စာတန်]ကို “ဆန့်ကျင်” သို့မဟုတ် ‘ခုခံ’ ရမည်လည်းဖြစ်သည်။ ယေဟောဝါ၏ စကြဝဠာပိုင်သအုပ်စိုးမှုကို ထောက်ခံသူများအဖြစ် ခိုင်မြဲစွာရပ်တည်ပါက စာတန်သည် ‘ကျွန်ုပ်တို့ထံမှပြေးသွား’ လိမ့်မည်။ ကျွန်ုပ်တို့သည် လောက၏ဆိုးညစ်သောသြဇာကို တားဆီးနိုင်ခဲ့သော ယေရှု၏အကူအညီရရှိထားကြသည့်အတွက် မည်သည့်အရာမှ တည်မြဲသော ဘေးဥပဒ်မပြုနိုင်ချေ။ ထို့ပြင် ဤအရာကိုလုံးဝမမေ့ပါနှင့်– ဆုတောင်းခြင်း၊ နာခံခြင်းနှင့် ယုံကြည်ခြင်းဖြင့် ဘုရားသခင်ထံချဉ်းကပ်ကာ ကိုယ်တော်သည် ကျွန်ုပ်တို့အနီးအပါး၌ရှိကြောင်းပြတော်မူသည်။—၂ ရာဇဝင်ချုပ် ၁၅:၂။

၆။ ခရစ်ယာန်တချို့ကို “အပြစ်ရှိသူတို့” ဟုယာကုပ်အဘယ်ကြောင့်ခေါ်ဆိုခဲ့သနည်း။

၆ ဘုရားသခင်ကို ယုံကြည်သည်ဟုပြောသူအချို့အား “အပြစ်ရှိသောသူတို့” ဟုယာကုပ်အဘယ်ကြောင့် ရည်ညွှန်းခဲ့သနည်း။ သူတို့သည် ခရစ်ယာန်များလက်မခံနိုင်သော သဘောထားများဖြစ်သည့် “စစ်မှု” နှင့်လူသတ်လိုသောမုန်းတီးမှု အပြစ်ရှိနေကြသောကြောင့်ဖြစ်သည်။ (တိတု ၃:၃) မကောင်းမှုတို့နှင့်ပြည့်နေသော သူတို့၏ “လက်” သည်သန့်စင်ပေးရန်လိုအပ်ပါသည်။ လှုံ့ဆော်မှု၏ပင်ရင်းဖြစ်သော သူတို့၏ “နှလုံး” ကိုသန့်ရှင်းစေဖို့လည်းလိုအပ်နေသည်။ (မဿဲ ၁၅:၁၈၊ ၁၉) “စိတ်နှစ်ခွရှိသောသူတို့” သည်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့လိုက်၊ လောကနှင့်မိတ်သဟာယဖွဲ့လိုက်ဖြင့် ကူးချီသန်းချီဖြစ်နေကြသည်။ သူတို့၏မကောင်းသောပုံနမူနာအားဖြင့် သတိပေးခံပြီး ထိုအရာများကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မပျက်စီးစေရန် နိုးနိုးကြားကြားအမြဲနေကြစို့။—ရောမ ၇:၁၈-၂၀။

၇။ “စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်း” ရှိကြဖို့ တချို့ကို ယာကုပ်အဘယ်ကြောင့် ပြောခဲ့သနည်း။

၇ ယာကုပ်သည် သူ၏စာရှုသူများအား “ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်းရှိကြလော့” ဟုပြောခဲ့သည်။ သူတို့သည် ဘုရားသခင့်ရေးရာဝမ်းနည်းပူဆွေးခြင်းရှိခဲ့လျှင် ယင်းသည် နောင်တရခြင်း၏အထောက်အထားဖြစ်မည်။ (၂ ကောရိန္သု ၇:၁၀၊ ၁၁) ယနေ့၊ ယုံကြည်ပါသည်ဟုပြောနေသူတချို့သည် လောကနှင့်မိတ်သဟာယဖွဲ့နေကြသည်။ ကျွန်ုပ်တို့မှတစ်ဦးဦးသည် ထိုလမ်းစဉ်ကိုလိုက်နေပါက ကျွန်ုပ်တို့၏ဝိညာဉ်ရေးအားနည်းမှုကို ညည်းတွားမြည်တမ်းကာ ချက်ချင်းပြုပြင်လိုက်ဖို့ ခြေမလှမ်းသင့်ပေလော။ လိုအပ်သော ပြုပြင်မှုများပြုလုပ်ခြင်းနှင့် ဘုရားသခင်၏ခွင့်လွှတ်မှုရရှိခြင်းတို့သည် ကိုယ်ကိုကိုယ်သိသောစိတ်ကိုကြည်လင်စေပြီး ရွှင်လန်းဖွယ် ထာဝရအသက်ရခွင့်အလားအလာကြောင့် ဝမ်းမြောက်မှုကို ရရှိစေပါလိမ့်မည်။—ဆာလံ ၅၁:၁၀-၁၇; ၁ ယောဟန် ၂:၁၅-၁၇။

တစ်ဦးကိုတစ်ဦး တရားမစီရင်ကြနှင့်

၈၊ ၉။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ဆန့်ကျင်ဘက်ပြု၍ပြောဆိုခြင်း သို့မဟုတ် စီရင်ခြင်း မပြုသင့်သနည်း။

၈ ယုံကြည်သူချင်းအပေါ် ဆန့်ကျင်ဘက်ပြု၍ပြောဆိုခြင်းသည် အပြစ်ရှိသည်။ (ယာကုပ် ၄:၁၁၊ ၁၂) သို့တိုင် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟု ထင်သောသဘောကြောင့်လည်းကောင်း၊ အခြားသူများကိုနှိမ်ခြင်းဖြင့် မိမိကိုယ်ကိုချီးမြှောက်လိုကြ၍လည်းကောင်း အချို့သူတို့သည် ယုံကြည်သူချင်းများကို အပြစ်ရှာတတ်ကြသည်။ (ဆာလံ ၅၀:၂၀; သု. ၃:၂၉) ‘ဆန့်ကျင်ဘက်ပြု၍ပြောဆို’ သည်ဟုပြန်ဆိုသော ဂရိဝေါဟာရသည် ရန်လိုခြင်းနှင့် ပုံကြီးချဲ့ခြင်း သို့မဟုတ် မှားယွင်းစွာစွပ်စွဲခြင်း ဟူသောအဓိပ္ပာယ်သက်ရောက်သည်။ ယင်းသည် ညီအစ်ကိုတစ်ဦးကို မနှစ်မြို့ဖွယ်စီရင်ခြင်းဖြစ်သည်။ ယင်းသည် ‘ဆန့်ကျင်ဘက်ပြု၍ပြောဆိုခြင်းနှင့် ဘုရားသခင့်တရားတော်ကိုစီရင်ခြင်း’ မည်သို့ဖြစ်မည်နည်း။ အမှန်မှာ ကျမ်းတတ်များနှင့် ဖာရိရှဲများသည် ‘ဘုရားသခင်၏ပညတ်တော်ကိုကျွမ်းကျင်စွာပယ်’ ကြပြီး သူတို့၏စံနှုန်းများအတိုင်း စီရင်ခဲ့ကြသည်။ (မာကု ၇:၁-၁၃၊ ကဘ) ထိုနည်းတူစွာ၊ ယေဟောဝါအပြစ်မစီရင်သော ညီအစ်ကိုတစ်ဦးအား ကျွန်ုပ်တို့ကအပြစ်စီရင်လျှင် ကျွန်ုပ်တို့သည် ‘ဘုရားသခင့်တရားတော်ကိုစီရင်’ ပြီးယင်းသည် မပြည့်စုံပါဟုဆိုကာ ပြစ်မှားနေရာကျမည်မဟုတ်ပေလော။ ထို့အပြင် ကျွန်ုပ်တို့၏ညီအစ်ကိုအား မတရားအပြစ်ရှာခြင်းဖြင့် ချစ်ခြင်းပညတ်ကို ချိုးဖောက်ရာကျမည်။—ရောမ ၁၃:၈-၁၀။

၉ ဤစကားကို သတိရကြပါစို့– “ပညတ်တရားတော်ထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ” ယေဟောဝါ “တစ်ပါးတည်းရှိတော်မူ၏။” ကိုယ်တော်၏ ‘ပညတ်သည် စုံလင်’ ကာလိုမနေပါ။ (ဆာလံ ၁၉:၇; ဟေရှာယ ၃၃:၂၂) ဘုရားသခင်တစ်ပါးတည်းသာ ကယ်တင်ခြင်းအတွက် စံနှုန်းများနှင့် စည်းမျဉ်းများချမှတ်ပေးပိုင်တော်မူ၏။ (လုကာ ၁၂:၅) ထို့ကြောင့် “သူတစ်ပါးကိုစစ်ကြောစီရင်သော သင်သည်ကား အဘယ်သူနည်း” ဟုယာကုပ်ကမေးခဲ့သည်။ အခြားသူများကို တရားစီရင်၍ အပြစ်တင်ဖို့ ကျွန်ုပ်တို့၌အခွင့်မရှိပေ။ (မဿဲ ၇:၁-၅; ရောမ ၁၄:၄၊ ၁၀) ဘုရားသခင့်ပိုင်သအုပ်စိုးမှု၊ မျက်နှာမလိုက်ခြင်းနှင့် ကိုယ်ကိုယ်တိုင်၏ အပြစ်ရှိမှုကို ဆင်ခြင်သုံးသပ်ခြင်းသည် ကိုယ့်ကိုယ်ကိုဖြောင့်မတ်သည်ဟုယူမှတ်ကာ အခြားသူများကိုတရားစီရင်ခြင်းမှ ရှောင်ကြဉ်ဖို့ အကူအညီဖြစ်စေသင့်သည်။

ကိုယ့်ကိုယ်ကို စိတ်ချစွာ ဝါကြွားခြင်းကိုရှောင်လော့

၁၀။ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ယေဟောဝါကိုအဘယ်ကြောင့် ထည့်သွင်းစဉ်းစားရမည်နည်း။

၁၀ ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ကိုယ်တော်၏ပညတ်တော်များကို အမြဲထည့်သွင်းစဉ်းစားသင့်သည်။ (ယာကုပ် ၄:၁၃-၁၇) ဘုရားသခင်အားလျစ်လျူရှုကာ ကိုယ့်ကိုယ်ကိုစိတ်ချသူက ဤသို့ပြော၏– ‘ယနေ့ နက်ဖြန် ဤမည်သောမြို့သို့သွားကြကုန်အံ့။ ထိုမြို့၌ တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင်ပြုကြကုန်အံ့။’ အကယ်၍ကျွန်ုပ်တို့သည် ‘ကိုယ်အဖို့ဘဏ္ဍာများကိုဆည်းပူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ’ မည်ဆိုလျှင် နက်ဖြန်နေ့၌ ကျွန်ုပ်တို့သေဆုံးသွားနိုင်ပြီး ယေဟောဝါ၏အမှုတော်ဆောင်ရန် အခွင့်အရေးမရဘဲဖြစ်သွားနိုင်ပေသည်။ (လုကာ ၁၂:၁၆-၂၁) ယာကုပ်ပြောသကဲ့သို့ ကျွန်ုပ်တို့သည် “ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော” နံနက်မြူခိုးသဖွယ်ဖြစ်ကြသည်။ (၁ ရာဇဝင်ချုပ် ၂၉:၁၅) ယေဟောဝါကိုယုံကြည်အားထားကြောင်း တင်ပြခြင်းဖြင့်သာ အဆုံးမရှိသောရွှင်လန်းခြင်းနှင့် ထာဝရအသက်ရဖို့ ကျွန်ုပ်တို့မျှော်လင့်နိုင်သည်။

၁၁။ “ယေဟောဝါအလိုတော်ရှိလျှင်” ဟုဆိုရာတွင် အဘယ်အရာကိုဆိုလိုသနည်း။

၁၁ ဘုရားသခင်အားဝင့်ဝါစွာလျစ်လျူရှုမည့်အစား ကျွန်ုပ်တို့သည် ဤအနေအထားကိုယူသင့်သည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် အလိုတော်ရှိ၍၊ ငါတို့သည်လည်းအသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြကုန်အံ့။” ‘ယေဟောဝါအလိုတော်ရှိလျှင်’ ဟုပြောခြင်းသည် ကိုယ်တော်၏အလိုတော်နှင့်အညီ လုပ်ဆောင်ဖို့ကြိုးစားနေကြောင်းဖော်ပြသည်။ ကျွန်ုပ်တို့၏မိသားစုကိုထောက်ပံ့ဖို့ စီးပွားရေးလုပ်ရန်၊ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် ခရီးသွားရန် အစရှိသည်တို့ကိုပြုလုပ်ရန် လိုအပ်ပေမည်။ သို့ရာတွင် မဝါကြွားဘဲ နေကြစို့။ “ထိုသို့သောဝါကြွားခြင်းရှိသမျှသည် မကောင်း” ရခြင်းမှာ ဘုရားသခင်အား မှီခိုအားထားခြင်းကိုလျစ်လျူရှုသောကြောင့်ဖြစ်သည်။—ဆာလံ ၃၇:၅; သု. ၂၁:၄; ယေရမိ ၉:၂၃၊ ၂၄။

၁၂။ ယာကုပ် ၄:၁၇ မှစကားများသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၂ မိမိကိုယ်ကိုစိတ်ချခြင်းနှင့် ဝါကြွားခြင်းအကြောင်းကို နိဂုံးချုပ်လို၍ ယာကုပ်က “ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေသူသည်အပြစ်ရှိ၏” ဟုပြောဆိုခဲ့ကြောင်း ထင်ရှားသည်။ ခရစ်ယာန်တိုင်းသည် ဘုရားသခင်အပေါ်မှီခိုအားထားရခြင်းကို နှိမ့်ချစွာဝန်ခံသင့်သည်။ ထိုသို့မကျင့်ဘဲနေလျှင် “အပြစ်ရှိ၏။” ယင်းမူသည် ဘုရားသခင်၌ယုံကြည်ခြင်းကြောင့် ကျွန်ုပ်တို့ထံမှ ကိုယ်တော်တောင်းဆိုထားရာတစ်ခုခုကို လုပ်ဆောင်ဖို့ပျက်ကွက်ခြင်းနှင့်လည်းသက်ဆိုင်သည်။—လုကာ ၁၂:၄၇၊ ၄၈။

ချမ်းသာခြင်းနှင့်ပတ်သက်၍ သတိပေးခြင်း

၁၃။ မိမိတို့စည်းစိမ်ကို တလွဲအသုံးပြုနေသူများနှင့်ပတ်သက်၍ ယာကုပ်အဘယ်သို့ပြောသနည်း။

၁၃ ကနဦးခရစ်ယာန်တချို့သည် ရုပ်ဝါဒဆန်လာကြသောကြောင့် သို့မဟုတ် ချမ်းသာသူကို ချီးမွမ်းနေကြသောကြောင့် ချမ်းသာသောသူအချို့နှင့်ပတ်သက်၍ ယာကုပ်သည် ပြင်းထန်သောစကားများ ပြောဆိုခဲ့သည်။ (ယာကုပ် ၅:၁-၆) မိမိတို့၏စည်းစိမ်ကို မှားယွင်းစွာအသုံးပြုနေကြသော လောကသားများသည် သူတို့၏အကျင့်အတိုင်း ဘုရားသခင်ပြန်ပေးဆပ်သောအခါ ‘သူတို့အပေါ်၌ရောက်လတ္တံ့သော ဆင်းရဲဒုက္ခဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ’ လိမ့်မည်။ ထိုအချိန်က လူအများ၏စည်းစိမ်သည် အဓိကအားဖြင့် အဝတ်အစားများ၊ အသီးအနှံများနှင့် စပျစ်ရည်တို့ဖြစ်သည်။ (ယောလ ၂:၁၉; မဿဲ ၁၁:၈) ယင်းအရာအချို့သည် ပုပ်စပ် သို့မဟုတ် “ပိုးကိုက်စား” နိုင်သည်၊ သို့သော် ယင်း၏ပျက်စီးတတ်ခြင်းကိုမဟုတ်ဘဲ စည်းစိမ်ချမ်းသာ၏တန်ဖိုးမဲ့သွားတတ်ခြင်းကို ယာကုပ်အလေးပေးပြောနေခြင်းဖြစ်သည်။ ရွှေနှင့်ငွေတို့သည် သံချေးမတက်သော်လည်း ကျွန်ုပ်တို့သည်ထိုအရာများကို သိုဝှက်သိမ်းဆည်းထားလျှင် သံချေးတက်သောအရာများကဲ့သို့ တန်ဖိုးမဲ့သွားနိုင်သည်။ ‘သံချေး’ တက်ခြင်းက စည်းစိမ်ချမ်းသာကို ကောင်းစွာအသုံးမချခဲ့ခြင်းကိုတင်ပြသည်။ ထို့ကြောင့်၊ ရုပ်ပစ္စည်းများကို ကိုးစားသူများသည် ဘုရားသခင့်အမျက်တော်ကျရောက်မည့် ‘နောက်ဆုံးသောနေ့ရက်ကာလတွင် ဆည်းပူးထားသည့်ဘဏ္ဍာ’ မှာ “မီးကဲ့သို့” ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံးသတိရနေသင့်သည်။ ကျွန်ုပ်တို့သည် “အမှုကုန်ရသောကာလ” တွင်အသက်ရှင်နေကြသောကြောင့် ထိုစကားများသည် ကျွန်ုပ်တို့အတွက် အထူးအဓိပ္ပာယ်ရှိသည်။—ဒံယေလ ၁၂:၄; ရောမ ၂:၅။

၁၄။ ချမ်းသာသောသူများသည် မည်သို့မကြာခဏလုပ်ဆောင်တတ်ကြကာ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။

၁၄ ချမ်းသာသူများသည် သူတို့၏ကောက်ရိတ်သမားတို့ကို လိမ်လည်လှည့်စားလေ့ရှိရာ သူတို့မပေးသောအခသည် အပြစ်ဆပ်ပေးဖို့အတွက် “ကြွေးကြော်လေ၏။” (ကမ္ဘာဦး ၄:၉၊ ၁၀ နှိုင်းယှဉ်။) ချမ်းသာသော လောကသားများသည် “ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြသည်။” ကာမဂုဏ်ခံစားခြင်းကို အလွန်အကျွံလိုက်စားကြရာ ဆူဖြိုး၍ ခိုင်မာသောနှလုံးဖြစ်ပေါ်စေပြီး သူတို့အသတ်ခံရမည့် “နေ့” တွင်ဤသို့ပြုလုပ်နေဆဲဖြစ်မည်။ သူတို့သည် ‘ဖြောင့်မတ်သောသူကို အပြစ်စီရင်၍ကွပ်မျက်ကြပြီ။’ ထိုကြောင့်ယာကုပ်ကဤသို့မေးသည်– “သူသည်လည်း သင်တို့ကိုမဆီးတားသလော။” သို့သော် အခြားဘာသာပြန်တစ်ခုမှာ “ဖြောင့်မတ်သောသူ; သူသည်သင့်ကိုမဆီးတားချေ။” မည်သို့ဆိုစေကာမူ ကျွန်ုပ်တို့သည် ချမ်းသာသူများကို မျက်နှာမလိုက်သင့်ချေ။ ကျွန်ုပ်တို့အသက်တာတွင် ဝိညာဉ်ရေးအကျိုးစီးပွားကို ရှေးဦးထားရမည်။—မဿဲ ၆:၂၅-၃၃။

ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို သည်းခံခြင်းတင်ပြဖို့ကူညီ

၁၅၊ ၁၆။ သည်းခံခြင်းကိုတင်ပြဖို့ အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။

၁၅ ဖိနှိပ်တတ်သောလောကချမ်းသာသူများအကြောင်း ပြောဆိုပြီးနောက် ဖိနှိပ်ခံနေရသည့်ခရစ်ယာန်များသည် သည်းခံခြင်းတင်ပြကြဖို့ ယာကုပ်ဆက်အားပေးပါသည်။ (ယာကုပ် ၅:၇၊ ၈) ယုံကြည်သူများသည် သူတို့၏အခက်အခဲများကို သည်းခံ၍ကြံ့ကြံ့ခံလျှင် ဖိနှိပ်သူများ တရားစီရင်ခံရမည့် ခရစ်တော်ရောက်ရှိနေခြင်းကာလအတွင်း သူတို့သည် သစ္စာရှိသည့်အတွက် ကောင်းချီးခံစားကြရလိမ့်မည်ဖြစ်သည်။ (မဿဲ ၂၄:၃၇-၄၁) ထိုကဦးခရစ်ယာန်များသည် စိုက်ပျိုးနိုင်သည့်နွေနှောင်းမိုးနှင့် အသီးအနှံများရိတ်သိမ်းဖို့ ဟေမာန်ဦးမိုးကို စိတ်ရှည်စွာဖြင့်စောင့်ကြသော လယ်သမားများနှင့်တူရန်လိုသည်။ (ယောလ ၂:၂၃) အထူးသဖြင့် ‘သခင်ယေရှုခရစ်ရောက်ရှိနေပြီ’ ဖြစ်ရာ ကျွန်ုပ်တို့လည်း သည်းခံခြင်းရှိပြီး စိတ်နှလုံးမြဲမြံစေဖို့လိုပါသည်တကား!

၁၆ အဘယ်ကြောင့် ကျွန်ုပ်တို့သည်းခံသင့်သနည်း။ (ယာကုပ် ၅:၉-၁၂) သည်းခံခြင်းက ယုံကြည်သူချင်းများသည် ကျွန်ုပ်တို့ကိုစိတ်အနှောင့်အယှက်ပေးသောအခါ မညည်းတွားဖို့ ကူညီပေးသည်။ ကျွန်ုပ်တို့သည် မကောင်းသောစိတ်ဖြင့် “အချင်းချင်းငြင်းခုံပြစ်တင်” နေမည်ဆိုလျှင် တရားသူကြီးယေရှုခရစ်၏အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်။ (ယောဟန် ၅:၂၂) ယခု ကိုယ်တော်၏ “ရောက်ရှိနေခြင်း” စတင်ပြီဖြစ်၍ “တံခါးဝ၌ရပ်လျက်နေတော်မူပြီ” ဖြစ်ရာ ယုံကြည်ခြင်းစမ်းသပ်မှုများ ရင်ဆိုင်နေရသော ညီအစ်ကိုများကို သည်းခံခြင်းအားဖြင့် ငြိမ်သက်မှုတိုးပွားစေကြစို့လေ။ ယောဘသည် စုံစမ်းနှောင့်ယှက်မှုများကိုသည်းခံလျက် ခံရပ်တည်ကြည်ခဲ့သောကြောင့် ဘုရားသခင်ဆုပေးသနားခဲ့သည်ကို သတိရသောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းတိုးပွားလာပါသည်။ (ယောဘ ၄၂:၁၀-၁၇) ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့် သည်းခံခြင်းကိုတင်ပြကြမည်ဆိုလျှင် “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် . . . အလွန်သနားစုံမက်တော်မူကြောင်း” ကိုကျွန်ုပ်တို့သိမြင်ရကြမည်။—မိက္ခာ ၇:၁၈၊ ၁၉။

၁၇။ “ကျိန်ဆိုခြင်းကို မပြုကြနှင့်” ဟုယာကုပ်အဘယ်ကြောင့်ပြောသနည်း။

၁၇ ကျွန်ုပ်တို့သည် သည်းမခံကြလျှင် ဖိစီးမှုကြုံရသောအခါ လျှာကိုတလွဲအသုံးပြုမိနိုင်ပေသည်။ သာဓကအနေဖြင့် ကျွန်ုပ်တို့သည် အလောတကြီးကျိန်ဆိုမိနိုင်သည်။ “ကျိန်ဆိုခြင်းကို . . . ရှောင်ကြလော့” ဟုယာကုပ်ပြောပြီး ပေါ့ပေါ့ဆဆတိုင်တည်ပြောဆိုခြင်းကိုမပြုကြရန် သတိပေးပါသည်။ တိုင်တည်မှုများဖြင့် အထပ်ထပ်အတည်ပြုပြောဆိုမှုများသည်လည်း ဟန်ဆောင်ပုံပေါက်တတ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ်ဟု အမှန်အတိုင်းရိုးရှင်းစွာပြောဆိုသင့်သည်။ (မဿဲ ၅:၃၃-၃၇) တရားရုံးတွင် အမှန်ကိုပြောဖို့တိုင်တည်ခြင်းသည်မှားကြောင်း ယာကုပ်ပြောနေခြင်းမဟုတ်ပါ။

ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များ

၁၈။ ကျွန်ုပ်တို့သည် အဘယ်အခြေအနေများအောက်တွင် “ဆုတောင်း” ပြီး “ဆာလံသီချင်းကိုဆို” သင့်သနည်း။

၁၈ ကျွန်ုပ်တို့၏အပြောအဆိုကို ဆင်ခြင်၊ သည်းခံခြင်းတင်ပြ၍ ဘုရားသခင်၌ကျန်းခံ့သောယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားလိုပါက ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏အသက်တာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ရမည်။ (ယာကုပ် ၅:၁၃-၂၀) အထူးသဖြင့် စုံစမ်းနှောင့်ယှက်မှုများခံရသောအခါ ကျွန်ုပ်တို့သည် “ဆုတောင်း” လျက်နေသင့်သည်။ ကျွန်ုပ်တို့သည် စိတ်ရွှင်လန်းပါက ယေရှု၏သေခြင်းအောက်မေ့ရာပွဲကို ဦးဆုံးစတင်ကျင်းပသောအခါ ကိုယ်တော်နှင့် ကိုယ်တော့်တမန်တော်များနည်းတူ “ဆာလံသီချင်းကိုဆို” ကြစို့လေ။ (မာကု ၁၄:၂၆၊ ကဘ အောက်ခြေမှတ်ချက်) ရံဖန်ရံခါ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုကျေးဇူးတင်လေးမြတ်စိတ်ပြည့်လျှံပြီး စိတ်နှလုံးထဲတွင်ပင် ချီးမွမ်းသီချင်းများ သီဆိုကြပေမည်။ (၁ ကောရိန္သု ၁၄:၁၅; ဧဖက် ၅:၁၉) ထို့အပြင် ခရစ်ယာန်စည်းဝေးများတွင် သီချင်းဖြင့် ယေဟောဝါအား ချီးမွမ်းထောမနာပြုခြင်းသည် ရွှင်လန်းအားရဖွယ်ပါတကား!

၁၉။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင်ဖျားနာလာပါက အဘယ်အရာပြုလုပ်သင့်ပြီး ထိုခြေလှမ်းကိုအဘယ့်ကြောင့်လှမ်းရသနည်း။

၁၉ မှားယွင်းသောအပြုအမူကြောင့်ဖြစ်စေ၊ ယေဟောဝါ၏စားပွဲတော်၌ မှန်မှန်စားသောက်ဖို့ပျက်ကွက်ခြင်းကြောင့်ဖြစ်စေ ဝိညာဉ်ရေးအရ ဖျားနေမည်ဆိုလျှင် သီချင်းဆိုချင်မည် မဟုတ်ပေ။ ထိုအခြေအနေမျိုးတွင် ကျွန်ုပ်တို့ရှိနေလျှင် ‘ကျွန်ုပ်တို့အတွက် ဆုတောင်း’ ပေးနိုင်ရန်အကြီးအကဲများကို နှိမ့်ချစွာဖိတ်ခေါ်ကြစို့။ (သု. ၁၅:၂၉) သူတို့သည် ‘ယေဟောဝါ၏နာမတော်ကိုအမှီပြု၍ ဆီနှင့်လူး’ ပေးကြပါလိမ့်မည်။ အနာကို ဆီလိမ်းပေးသကဲ့သို့ သူတို့၏နှစ်သိမ့်မှုပေးသည့်စကားများနှင့် ကျမ်းစာအကြံဉာဏ်များက စိတ်ပျက်အားလျော့ခြင်း၊ သံသယဝင်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ကို သက်သာစေဖို့ကူညီပေးပါလိမ့်မည်။ ကျွန်ုပ်တို့ကိုယ်နှိုက်၏ယုံကြည်ခြင်းဖြင့် ထောက်မပေးလျှင် ‘ယုံကြည်ခြင်းဖြင့်တောင်းသောဆုသည် ကျွန်ုပ်တို့ကိုကျန်းမာ’ စေပါလိမ့်မည်။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးဖျားနာမှုသည် ကြီးလေးသောအပြစ်ကြောင့်ဖြစ်ကြောင်း အကြီးအကဲများတွေ့ရှိပါက ကျွန်ုပ်တို့အမှားကို ကြင်နာစွာဖော်ပြပြီး ကြိုးစားကူညီပေးကြပါလိမ့်မည်။ (ဆာလံ ၁၄၁:၅) သို့နှင့် ကျွန်ုပ်တို့နောင်တရမည်ဆိုလျှင် ဘုရားသခင်သည် သူတို့၏ဆုတောင်းချက်များကို နားညောင်းတော်မူပြီး ကျွန်ုပ်တို့ကိုခွင့်လွှတ်တော်မူမည်ဖြစ်ကြောင်း ယုံကြည်နိုင်သည်။

၂၀။ အဘယ့်ကြောင့် ကျွန်ုပ်တို့၏အပြစ်များကိုဝန်ခံပြီး အချင်းချင်းတို့အဖို့ ဆုတောင်းသင့်သနည်း။

၂၀ ‘အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် ကျွန်ုပ်တို့၏အပြစ်ကိုဖော်ပြတောင်းပန်ကြ’ ခြင်းဖြင့် နောက်ထပ်အပြစ်များမပြုမိရန် တားဆီးပေးပါလိမ့်မည်။ ယင်းက “အချင်းချင်းတို့အဖို့ဆုတောင်း” စေသည့် အပြန်အလှန်ထောက်ထားစာနာသည့် အရည်အချင်းကို ကြီးထွားဖြစ်ထွန်းစေသည်။ ‘ဖြောင့်မတ်သောသူ’—ယုံကြည်ခြင်းကိုတင်ပြပြီး ဘုရားသခင်၏အမြင်တွင် တည့်မတ်သောသူ—၏ဆုတောင်းချက်ကို ယေဟောဝါအထမြောက်စေတော်မူသောကြောင့် အကျိုးပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ (၁ ပေတရု ၃:၁၂) ပရောဖက်ဧလိယသည် ကျွန်ုပ်တို့ကဲ့သို့ပင်အားနည်းချက်များရှိသော်လည်း သူ၏ဆုတောင်းချက်များသည် ထိရောက်ခဲ့သည်။ သူဆုတောင်းခဲ့ရာ သုံးနှစ်ခွဲအတွင်းမိုးခေါင်ခဲ့လေသည်။ သူသည် တစ်ဖန်ပြန်၍ဆုတောင်းသောအခါ မိုးရွာခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၇:၁; ၁၈:၁၊ ၄၂-၄၅; လုကာ ၄:၂၅။

၂၁။ ခရစ်ယာန်ချင်းတစ်ဦးသည် “သမ္မာတရားလမ်းမှလွဲသွား” လျှင်ကျွန်ုပ်တို့အဘယ်အရာကိုလုပ်နိုင်သနည်း။

၂၁ အသင်းတော်သားတစ်ဦးသည် “သမ္မာတရားလမ်းမှလွဲသွား၍” မှန်သောသွန်သင်ခြင်းနှင့် အကျင့်အကြံတို့မှသွေဖည်လျှင် အသို့နည်း။ ကျမ်းစာအကြံဉာဏ်၊ ဆုတောင်းခြင်းနှင့် အခြားအကူအညီအားဖြင့် သူ၏အမှားများမှပြန်လှည့်လာစေဖို့ ကျွန်ုပ်တို့တတ်နိုင်ပေသည်။ ကျွန်ုပ်တို့အောင်မြင်လျှင် ယင်းသည် ခရစ်တော်၏ရွေးနုတ်ဖိုးအောက်သူ့အားရှိစေပြီး ဝိညာဉ်ရေးသဘောအရသေခြင်းမှလွတ်မြောက်စေ၍ ဖျက်ဆီးခြင်းဒဏ်စီရင်ချက်ကို မခံစေပါ။ မှားယွင်းသူတစ်ဦးအား ကူညီခြင်းဖြင့် သူ၏အပြစ်များစွာကို ကျွန်ုပ်တို့ဖုံးအုပ်ပေးပါသည်။ ဆုံးမခံရသောအပြစ်ပြုသူသည် သူ၏လမ်းမှားမှ ပြန်လှည့်လာပြီး နောင်တရကာ ခွင့်လွှတ်ခံရဖို့ကြိုးစားသည့်အခါ သူ၏အပြစ်များကိုဖုံးအုပ်ဖို့ ကျွန်ုပ်တို့ပါဝင်လုပ်ဆောင်ခဲ့သောကြောင့် ဝမ်းမြောက်နိုင်ကြပါလိမ့်မည်။—ဆာလံ ၃၂:၁၊ ၂; ယုဒ ၂၂၊ ၂၃။

ကျွန်ုပ်တို့အားလုံးအတွက် တစ်စုံတစ်ရာ

၂၂၊ ၂၃။ ယာကုပ်၏စကားများသည် ကျွန်ုပ်တို့ကိုမည်သို့အကျိုးသက်ရောက်စေသင့်သနည်း။

၂၂ ယာကုပ်၏စာတွင် ကျွန်ုပ်တို့အားလုံးအတွက် အကျိုးရှိသောအရာပါဝင်သည်မှာ ရှင်းနေပေသည်။ ယင်းက စုံစမ်းခြင်းများကို မည်သို့ရင်ဆိုင်ဖို့ ဖော်ပြပြီး၊ မျက်နှာမလိုက်ဖို့ ဆုံးမပေးသည့်အပြင် ဖြောင့်မတ်သောအလုပ်များတွင် အလုပ်များနေရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်အားပေးပါသည်။ လျှာကိုချုပ်တည်းရန်၊ လောကသြဇာကိုဆန့်ကျင်ရန်နှင့် ငြိမ်သက်ခြင်းကိုတိုးပွားစေရန် ယာကုပ်တိုက်တွန်းထားသည်။ သူ၏စကားများက ကျွန်ုပ်တို့ကို သည်းခံခြင်းနှင့် စိတ်အားထက်သန်ခြင်းလည်းရှိရန် ဖြစ်စေသင့်သည်။

၂၃ မှန်ပါသည်၊ ယာကုပ်၏စာကို ဘိသိက်ခံကနဦးခရစ်ယာန်များထံသို့ မူလကပေးပို့ခဲ့ခြင်းဖြစ်သည်။ သို့တိုင် ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ယုံကြည်ခြင်း၌စွဲမြဲရန် ယင်း၏အကြံဉာဏ်ကို ခံယူသင့်သည်။ ယာကုပ်၏စကားများသည် ဘုရားသခင့်လုပ်ငန်းတော်တွင် ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးသော ယုံကြည်ခြင်းကို အားဖြည့်ပေးနိုင်ပါသည်။ ထို့ပြင် ဘုရားသခင်မှုတ်သွင်းထားသော ဤစာစောင်သည် ‘သခင်ယေရှုခရစ်ရောက်ရှိနေ’ သောယနေ့အချိန်အတွင်း ကျွန်ုပ်တို့အား သည်းခံခြင်းနှင့်စိတ်အားထက်သန်ခြင်းရှိသော ယေဟောဝါသက်သေများဖြစ်စေသည့် ကြံ့ကြံ့ခံသောယုံကြည်ခြင်းရှိစေပါသည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ကနဦးခရစ်ယာန်တချို့သည် သူတို့၏သဘောထားနှင့် အပြုအမူကိုပြောင်းလဲဖို့ အဘယ်ကြောင့်လိုအပ်ခဲ့သနည်း။

◻ ချမ်းသာသောသူတို့ကို ယာကုပ်အဘယ်သို့သတိပေးခဲ့သနည်း။

◻ ကျွန်ုပ်တို့သည် အဘယ်ကြောင့် သည်းခံခြင်းကိုတင်ပြသင့်သနည်း။

◻ ကျွန်ုပ်တို့သည် အဘယ့်ကြောင့်မှန်မှန်ဆုတောင်းသင့်သနည်း။

[Picture Credit Line on page 19]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကနဦးခရစ်ယာန်တချို့သည် ယုံကြည်သူချင်းများနှင့်ပို၍သည်းခံ ဖို့လိုအပ်ခဲ့သည်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ခရစ်ယာန်များသည် သည်းခံခြင်း၊ ချစ်ခြင်း၊ စိတ်အားထက်သန်ခြင်းရှိဖို့ လိုအပ်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ