စစ်မှန်သောနှိမ့်ချမှုကိုသင်မည်သို့တင်ပြနိုင်သနည်း
စစ်မှန်သောနှိမ့်ချမှုသည် ဘုရားသခင့်မျက်မှောက်တော်တွင် အဖိုးများစွာထိုက်ပေသည်။ ယာကုပ်က “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏” ဟုရေးသားခဲ့သည်။ (ယာကုပ် ၄:၆) ဤတွင် ယာကုပ်သည် ဟေဗြဲကျမ်းစာစောင်များတွင်ဖော်ပြထားသော သဘောထားအချို့ကိုရည်ညွှန်းနေခဲ့ခြင်း ဖြစ်နိုင်သည်။ “ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိတ်နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား၊ အဝေးကသိတော်မူ၏။” “လူတို့၏မော်သောမျက်နှာကိုနှိမ့်ရမည်။ လူတို့၏မာနကိုလည်းရှုတ်ချရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ရောက်တော်မူလိမ့်မည်။” “အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို [ဘုရားသခင်] ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသောသူတို့အားကား၊ ကျေးဇူးပြုတော်မူ၏။”—ဆာလံ ၁၃၈:၆; ဟေရှာယ ၂:၁၁; သု. ၃:၃၄။
တမန်တော်ပေတရုလည်း စိတ်နှိမ့်ချဖို့တိုက်တွန်းခဲ့သည်။ သူက “အချင်းချင်းတစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကိုဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။”—၁ ပေတရု ၅:၅။
ခရစ်တော်၏နှိမ့်ချသောပုံသက်သေ
စိတ်နှိမ့်ချခြင်းကြောင့် အဘယ်မွန်မြတ်သောအကျင့် သို့မဟုတ် အဘယ်အကျိုးကျေးဇူးရရှိနိုင်သနည်းဟု သင်မေးလိုပေမည်။ ခရစ်ယာန်စစ်တစ်ဦးဖြစ်ရန် ကြိုးပမ်းနေသူအတွက် အဓိကကျသောအဖြေမှာ နှိမ့်ချရန်မှာ ခရစ်တော်ကဲ့သို့တူရန်ဖြစ်သည်။ ယေရှုသည် ကောင်းကင်ဘုံမှ မြေကြီးပေါ်သို့ဆင်းလာပြီး ကောင်းကင်တမန်တို့အောက်၌ နိမ့်ကျသောလူသားတစ်ဦးဖြစ်လာရန် အထူးတာဝန်ကိုလက်ခံခြင်းဖြင့် နှိမ့်ချမှုတင်ပြခဲ့သည်။ (ဟေဗြဲ ၂:၇) ကိုယ်တော်သည် ဘုရားသခင့်သားတော်ဖြစ်သော်လည်း ဘာသာရေးရန်သူများ၏ အရှက်ခွဲခြင်းတို့ကိုခံခဲ့ရသည်။ ကောင်းကင်တမန်တပ်များ၏ အကူအညီကို ကိုယ်တော်တောင်းဆိုနိုင်ခဲ့သော်လည်း စမ်းသပ်မှုခံရချိန်များတွင် သမာဓိစောင့်ထိန်းခဲ့သည်။—မဿဲ ၂၆:၅၃။
နောက်ဆုံး၌ ယေရှုသည် ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် အရှက်တကွဲဆွဲထားခံခဲ့ရသည့်တိုင် ခမည်းတော်အား သစ္စာရှိခဲ့သည်။ ထို့ကြောင့် ပေါလုက ကိုယ်တော်နှင့်စပ်လျဉ်း၍ ဤသို့ရေးနိုင်ခဲ့သည်– “ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့။ ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍မထင်မမှတ်လျက်ပင်၊ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။ ထိုသို့လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။”—ဖိလိပ္ပိ ၂:၅-၈။
ထို့ကြောင့် စစ်မှန်သောနှိမ့်ချမှုကို ကျွန်ုပ်တို့မည်သို့တင်ပြနိုင်မည်နည်း။ လက်တွေ့ကျအခြေအနေများတွင် မာန်မာနဖြင့်မဟုတ်ဘဲ နှိမ့်ချသည့်နည်းဖြင့် မည်သို့တုံ့ပြန်နိုင်မည်နည်း။
နှိမ့်ချသူတစ်ဦးတုံ့ပြန်ပုံ
အလုပ်လုပ်ချိန်တွင်ဖြစ်စေ၊ ခရစ်ယာန်လုပ်ငန်းတော်တွင်ဖြစ်စေ လုပ်ငန်းခွင်၌ နှိမ့်ချမှုတင်ပြခြင်းအကြောင်း သုံးသပ်ကြည့်ကြစို့။ လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ ကြီးကြပ်ရေးမှူးများ၊ မန်နေဂျာများနှင့် ကွပ်ကဲသူများလိုပေမည်။ တစ်ဦးတစ်ယောက်က ဆုံးဖြတ်ချက်များချပေးရမည်ဖြစ်သည်။ သင်မည်သို့တုံ့ပြန်သနည်း။ “ဘာလုပ်ရမယ်ဆိုတာငါ့ကိုပြောရအောင် သူကဘာမို့လို့လဲ။ ငါဒီမှာလုပ်လာခဲ့တာ သူ့ထက်နှစ်ပိုကြာခဲ့ပြီ” ဟုသင်အကြောင်းပြသလော။ သင်သည် ဘဝင်မြင့်သူဖြစ်မည်ဆိုလျှင် လက်အောက်ခံရခြင်းကို သင်မကျေမနပ်ဖြစ်လိမ့်မည်။ အခြားတစ်ဖက်တွင်မူ နှိမ့်ချသူတစ်ဦးသည် ‘ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုဘဲ သူတစ်ပါးသည်ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်’ ရန်ကြိုးစားသည်။—ဖိလိပ္ပိ ၂:၃။
မိမိထက်ငယ်သူ သို့မဟုတ် အမျိုးသမီးတစ်ဦးကအကြံပေးသောအခါ သင်မည်သို့တုံ့ပြန်သနည်း။ နှိမ့်ချသူတစ်ဦးဖြစ်မည်ဆိုလျှင် အနည်းဆုံး ယင်းကိုသင်ထည့်သွင်းစဉ်းစားပေမည်။ ဘဝင်မြင့်သူဖြစ်မည်ဆိုလျှင် မကျေမနပ်ဖြစ်လိမ့်မည်၊ သို့မဟုတ် ယင်းကိုချက်ချင်းလက်ငင်း ငြင်းပယ်ပစ်ပေမည်။ သင့်ကိုပျက်စီးစေမည့် ချီးကျူးအမွှမ်းတင်၊ မြှောက်ပင့်ခြင်းကို ပိုနှစ်သက်သလော သို့မဟုတ် သင့်ကိုတည်ဆောက်မှုပေးသော အပြုသဘောပါအကြံပေးချက်ကို နှစ်သက်သလော။—သု. ၂၇:၉; ၂၉:၅။
ဆင်းရဲခက်ခဲသည့်ဒဏ်ကို သင်ရင်ဆိုင်နိုင်သလော။ နှိမ့်ချမှုက ယောဘကဲ့သို့ပင် သင့်အား အခက်အခဲများကိုရင်ဆိုင်ပြီး ခံရပ်နိုင်စေပါလိမ့်မည်။ ဘဝင်မြင့်နေမည်ဆိုလျှင်ကား စိတ်ပျက်၍ ဝမ်းနည်းဖွယ်အခြေအနေများနှင့် မထီလေးစားပြုခံရသည်ဟုယူဆသည့်အချိန်အခါများတွင် မခံမရပ်နိုင်ဘဲဖြစ်ပေမည်။—ယောဘ ၁:၂၂; ၂:၁၀; ၂၇:၂-၅။
နှိမ့်ချမှုသည် မေတ္တာရှိ၍ခွင့်လွှတ်တတ်
“တောင်းပန်ပါတယ်။ ကျွန်တော်မှားသွားတယ်။ ခင်ဗျားမှန်ပါတယ်” ဟုပြောရန်အခက်တွေ့ ကြသူအချို့ရှိသည်။ အဘယ်ကြောင့်နည်း။ မာနကြီးလွန်း၍ဖြစ်သည်! သို့တိုင် မကြာခဏဆိုသလိုပင် စိတ်ရင်းမှန်ဖြင့်တောင်းပန်ခြင်းသည် အိမ်ထောင်ရေးကတောက်ကဆတ်ဖြစ်မှုကို အလွယ်တကူရပ်စဲစေနိုင်သည်။
တစ်စုံတစ်ဦးက သင့်ကိုစော်ကားသည့်အခါ လိုလိုလားလားခွင့်လွှတ်သလော။ သို့မဟုတ် မာန်မာနကြောင့် ရန်ငြိုးထားကာ စော်ကားသည်ဟုယူဆရသူကို ရက်လများစွာစကားမပြောဘဲနေသလော။ လက်စားချေဖို့အတွက် ရန်ငြိုးပင်ထားသလော။ မကျေအေးနိုင်သည့်ရန်ငြိုးအချို့ကြောင့် လူတို့သတ်ဖြတ်ခံခဲ့ကြရပြီ။ ရန်ငြိုးထားသည့် အခြားသူများမူ အသရေဖျက်နည်းကို အသုံးပြုကြသည်။ ယင်းနှင့်ဆန့်ကျင်သည်ကား နှိမ့်ချသူတစ်ဦးသည် မေတ္တာရှိ၍ ခွင့်လွှတ်တတ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ မေတ္တာသည် အပြစ်ရှိသည်ဟုမထင်တတ်ပါ။ ဣသရေလလူမျိုးသာ သူတို့၏မာန်စွယ်ကိုချမည်ဆိုလျှင် ယေဟောဝါသည် သူတို့ကိုခွင့်လွှတ်ရန် တလိုတလားရှိတော်မူ၏။ ယေရှု၏နှိမ့်ချမှုရှိသောနောက်လိုက်သည် ထပ်ခါတလဲလဲပင် ခွင့်လွှတ်ရန်အသင့်ရှိသည်!—ယောလ ၂:၁၂-၁၄; မဿဲ ၁၈:၂၁၊ ၂၂; ၁ ကောရိန္သု ၁၃:၅။
နှိမ့်ချသူတစ်ဦးသည် ‘သူတစ်ပါးကို ဂုဏ်တင်ချီးမွမ်းခြင်းအရာမှာ ဦးစီးဦးဆောင်’ သည်။ (ရောမ ၁၂:၁၀) အပြည်ပြည်ဆိုင်ရာဘာသာပြန်ကျမ်းသစ်တွင် “အချင်းချင်းကို ကိုယ်ထက်ချီးမြှောက်ကြလော့” ဟုဖတ်ရသည်။ သင်သည် သူတစ်ပါးကိုချီးမွမ်း၍ သူတို့၏စွမ်းဆောင်နိုင်မှုနှင့် ပင်ကိုစွမ်းရည်တို့ကို တန်ဖိုးထားပါသလော။ သို့မဟုတ် သူတို့၏ဂုဏ်သတင်းမှေးမှိန်သွားစေရန် ဟာကွက်အမြဲရှာသလော။ သင်သည် သူတစ်ပါးကို အမှန်တကယ်ချီးမွမ်းနိုင်စွမ်းရှိသလော။ ဤကိစ္စနှင့်ပတ်သက်၍ သင်အခက်တွေ့နေမည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုမရှိခြင်းနှင့် မာနကြီးခြင်းတို့သည် သင့်ပြဿနာဖြစ်သည်။
ဘဝင်မြင့်သူတစ်ဦးသည် စိတ်မရှည်တတ်ပါ။ စိတ်နှိမ့်ချသူတစ်ဦးသည် စိတ်ရှည်၍ သည်းခံတတ်သည်။ အသင်ကော။ မိမိအားမျက်နှာသာမပေးဟု ထင်ရသည့်အခါတိုင်း စိတ်ထိခိုက်သလော။ ယင်းသို့သောတုံ့ပြန်မှုသည် သည်းခံခြင်းနှင့်ဆန့်ကျင်သည်။ သင်သည် နှိမ့်ချမည်ဆိုလျှင် မိမိကိုယ်ကိုအလွန်အရေးပါသူအဖြစ် ယူမှတ်မည်မဟုတ်ပါ။ ယေရှု၏တပည့်တော်များသည် မိမိတို့ကိုယ်ကိုအလွန်အရေးပါသူများအဖြစ် ယူမှတ်ခဲ့သောအခါ မိမိတို့တွင်အဘယ်သူသည်အကြီးဆုံးဖြစ်သနည်းဟု အပြင်းအထန်ငြင်းခုံခဲ့ကြသည်ကိုသတိရပါ။ မိမိတို့အားလုံးသည် “အသုံးမကျသောကျွန်” များဖြစ်ကြကြောင်းကို မေ့နေခဲ့ကြရလေခြင်း!—လုကာ ၁၇:၁၀၊ ကဘ; ၂၂:၂၄; မာကု ၁၀:၃၅-၃၇၊ ၄၁။
ပြင်သစ်စာရေးဆရာဗော်လ်တဲရ်က နှိမ့်ချမှုကို “မာန်မာန၏ဆန့်ကျင်ဘက်ဖြစ်သော . . . စိတ်ဝိညာဉ်၏ကျိုးနွံခြင်း” အဖြစ်ဖော်ပြထားသည်။ မှန်ပါသည်၊ နှိမ့်ချမှုသည် ထောင်လွှားစိတ်ကင်းခြင်းဖြစ်သည်။ နှိမ့်ချသူတစ်ဦးသည် စိတ်သဘောကျိုးနွံကာ ဘဝင်မမြင့်ပေ။ သူသည် အလွန်ရိုသေလေးစား၍ ယဉ်ကျေးသိမ်မွေ့သည်။
သို့ဖြစ်လျှင် အဘယ်ကြောင့်နှိမ့်ချဖို့ကြိုးစားရမည်နည်း။ အကြောင်းမှာ နှိမ့်ချမှုသည် ဘုရားသခင့်မျက်နှာသာရပြီး ဘုရားသခင့်လမ်းညွှန်မှုရရှိရန် ကူညီပေးသောကြောင့်ဖြစ်သည်။ အကြောင်းတစ်ကြောင်းမှာ ဒံယေလ၏နှိမ့်ချမှုကြောင့် ယေဟောဝါသည် ထိုပရောဖက်ကို “အလွန်ချစ်အပ်သောသူ” ဟုယူမှတ်ပြီး ကောင်းကင်တမန်တစ်ပါးကို အဆင်းအာရုံတစ်ခုဖြင့် သူ့ထံစေလွှတ်ခဲ့ပါသည်တကား! (ဒံယေလ ၉:၂၃; ၁၀:၁၁၊ ၁၉) နှိမ့်ချမှုသည် အကျိုးကျေးဇူးများစွာကို ရရှိစေပါသည်။ ယင်းက သင့်အားချစ်မြတ်နိုးသည့် မိတ်ဆွေစစ်များစွာရရှိစေသည်။ ထို့ထက်ကား ယေဟောဝါ၏ကောင်းချီးကိုခံစားစေသည်။ “စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏။”—သု. ၂၂:၄။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
နှိမ့်ချသောတောင်းပန်စကားတစ်ခွန်းကဘဝကိုပို၍အဆင်ပြေစေနိုင်သည်