ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၅/၁ စာ. ၂၀-၂၄
  • သတိဝီရိယရှိလော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတိဝီရိယရှိလော့!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပျိုရံငါးယောက်ကဲ့သို့ သတိရှိလော့!
  • အဆုံးနီးသည်နှင့်အမျှ ဝီရိယရှိလော့
  • ကိုယ်တော်ရောက်ရှိနေချိန်အတွင်း သတိဝီရိယရှိခြင်း
  • သင် “စောင့်နေ” မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သတိပေးချက်တွေကို အာရုံစိုက်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • တဲလင့်ပုံဥပမာကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၅/၁ စာ. ၂၀-၂၄

သတိဝီရိယရှိလော့!

“လူသားသည် ကြွလာအံ့သောနေ့ရက်အချိန်နာရီကို သင်တို့သည် မသိသောကြောင့် စောင့်နေကြလော့။”—မဿဲ ၂၅:၁၃။

၁။ တမန်တော်ယောဟန်သည် အဘယ်အရာကို စောင့်မျှော်နေခဲ့သနည်း။

သမ္မာကျမ်းစာပါ နောက်ဆုံးအပြန်အလှန်စကားပြောဆိုခြင်း၌ ယေရှုက “ငါသည် အလျင်အမြန်လာမည်” ဟုကတိပေးခဲ့သည်။ ကိုယ်တော်၏တမန်တော်ယောဟန်က ဤသို့ပြန်ပြောခဲ့သည်– “အာမင်။ သခင်ယေရှုကြွလာတော်မူပါ။” ယေရှုကြွလာလိမ့်မည်ကို ထိုတမန်တော်သံသယမရှိခဲ့ပါ။ ယေရှုအား ‘ထိုအမှုအရာတို့သည် အဘယ်အချိန်တွင်ဖြစ်ပြီး ကိုယ်တော်ရောက်ရှိခြင်းနှင့် [ဂရိ၊ ပါရိုစီးယား] ဤကပ်ကမ္ဘာကုန်သောနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်နည်း’ ဟုမေးမြန်းခဲ့သည့်တမန်တော်များတွင် ယောဟန်ပါဝင်ခဲ့သည်။ မှန်ပါသည်၊ ယေရှု၏အနာဂတ်ရောက်ရှိခြင်းကို ယုံကြည်စိတ်ချစွာဖြင့် ယောဟန်စောင့်မျှော်ခဲ့သည်။—ဗျာဒိတ် ၂၂:၂၀၊ ၂၁; မဿဲ ၂၄:၃။

၂။ ယေရှုရောက်ရှိနေခြင်းနှင့်ပတ်သက်၍ ချာ့ချ်များ၏အခြေအနေကား အဘယ်နည်း။

၂ ထိုသို့သောယုံကြည်စိတ်ချမှုသည် ယခုအခါရှားပါးနေ၏။ ချာ့ချ်များစွာက ယေရှု ‘ကြွလာခြင်း’ အကြောင်း တရားဝင်ပြဋ္ဌာန်းထားသော်လည်း ၎င်းတို့၏အသင်းသားအနည်းငယ်ကသာ ယင်းကိုအမှန်တကယ်မျှော်လင့်ကြသည်။ သူတို့မမျှော်လင့်သလို နေထိုင်ကြ၏။ ဓမ္မသစ်ကျမ်းမှပါရိုစီးယားစာအုပ်က ဤသို့ဖော်ပြသည်– “ပါရိုစီးယားမျှော်လင့်ချက်ကို ချာ့ချ်၏အသက်တာ၊ အတွေးအခေါ်နှင့် လုပ်ဆောင်မှုတွင် အပြုသဘောဖြင့် ပါဝင်ပတ်သက်မှု မရှိသလောက်ပင်။ . . . ချာ့ချ်သည် နောင်တယူခြင်း၊ သတင်းကောင်းကိုကြွေးကြော်ခြင်းတာဝန်များကိုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ အရေးတကြီးဆောင်ရွက်မှု လုံးလုံးပျောက်နေပြီဟုမဆိုနိုင်သည့်တိုင် အလွန်အားနည်းနေ၏။” သို့သော် လူတိုင်းထိုသို့မဟုတ်ပါ!

၃။ (က) ခရစ်ယာန်စစ်များသည် ပါရိုစီးယားကို မည်သို့ယူမှတ်ကြသနည်း။ (ခ) အထူးသဖြင့် အဘယ်အရာကို ကျွန်ုပ်တို့ယခုသုံးသပ်ကြမည်နည်း။

၃ ယေရှု၏တပည့်စစ်များသည် လက်ရှိစနစ်ဆိုး၏ဆုံးခန်းကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ ထိုသို့သစ္စာရှိရှိစောင့်ဆိုင်းနေစဉ် ယေရှု၏ရောက်ရှိနေခြင်းနှင့်ပတ်သက်၍ အမြင်မှန်ရှိပြီး ထိုအတိုင်းပြုမူဖို့လိုသည်။ သို့ပြုလျှင် ကျွန်ုပ်တို့သည် ‘အဆုံးတိုင်အောင်တည်ကြည်ပြီး ကယ်တင်ခြင်း’ ရနိုင်ပါလိမ့်မည်။ (မဿဲ ၂၄:၁၃) မဿဲ အခန်းကြီး ၂၄ နှင့် ၂၅ တွင်တွေ့ရသောပရောဖက်ပြုချက်ကိုပေးစဉ် ကျွန်ုပ်တို့အတွက် အမြဲအကျိုးရှိမည့်ပညာရှိအကြံပြုချက်ကို ယေရှုပေးခဲ့သည်။ အခန်းကြီး ၂၅ တွင်အပျိုရံဆယ်ယောက် (ပညာရှိနှင့် မိုက်သည့်အပျိုရံများ) နှင့် ငွေခွက်များပုံဥပမာအပါအဝင် သင်သိနိုင်သည့်ပုံဥပမာများပါဝင်သည်။ (မဿဲ ၂၅:၁-၃၀) ထိုပုံဥပမာများမှ ကျွန်ုပ်တို့မည်သို့အကျိုးရရှိနိုင်သနည်း။

အပျိုရံငါးယောက်ကဲ့သို့ သတိရှိလော့!

၄။ အပျိုရံများပုံဥပမာ၏အချုပ်ကား အဘယ်နည်း။

၄ မဿဲ ၂၅:၁-၁၃ တွင်တွေ့ရသောအပျိုရံများပုံဥပမာကို သင်ပြန်ဖတ်ကြည့်လျှင် ကောင်းပေမည်။ ဇာတ်အိမ်မှာ သတို့သား၏အိမ် (သို့မဟုတ် သတို့သားဖခင်အိမ်) သို့သတို့သမီးကိုအခြံအရံနှင့်ခေါ်သွားဖို့ သတို့သမီး၏ဖခင်အိမ်သို့ သတို့သားသွားသည့် ဂျူးမင်္ဂလာအခမ်းအနားကြီးတစ်ခုဖြစ်သည်။ ထိုသို့စီတန်းလှည့်လည်ခြင်းတွင် တေးဂီတသမားများနှင့် သီချင်းသည်များပါဝင်ပြီး ရောက်ရှိလာမည့်အချိန်ကို အတိအကျမသိရပေ။ ပုံဥပမာတွင် အပျိုရံဆယ်ယောက်သည် သတို့သားရောက်လာမည့် အချိန်အတွက် ညဉ့်နက်သည့်အထိစောင့်နေကြ၏။ ငါးယောက်သည် မိုက်မဲစွာ ဆီအလုံအလောက် မယူလာကြသဖြင့် သွားဝယ်နေကြသည်။ အခြားအပျိုရံငါးယောက်မှာမူ စောင့်ဆိုင်းနေရင်း လိုအပ်မည်ဆိုလျှင် သူတို့၏မီးခွက်ကိုဆီပြန်ဖြည့်ရန် ပညာရှိစွာဆီအပိုယူလာခဲ့ကြသည်။ ဤငါးယောက်သာ သတို့သားရောက်ရှိလာသောအခါ အသင့်ရှိကြ၏။ ထို့ကြောင့် သူတို့သာ စားသောက်ပွဲသို့ဝင်ခွင့်ရခဲ့ကြသည်။ မိုက်သောအပျိုရံငါးယောက်ပြန်လာချိန်တွင်ကား အထဲဝင်ရန်အလွန်နောက်ကျသွားခဲ့ပေပြီ။

၅။ အပျိုရံများပုံဥပမာ၏ပုံဆောင်အဓိပ္ပာယ်ကိုနားလည်ရန် အဘယ်ကျမ်းချက်များက အလင်းဖြာပေးသနည်း။

၅ ဤပုံဥပမာ၏ရှုထောင့်များစွာသည် ပုံဆောင်သဘောဖြစ်ကြောင်း နားလည်နိုင်သည်။ ဥပမာ၊ သမ္မာကျမ်းစာက ယေရှုအားသတို့သားတစ်ဦးအဖြစ်ခေါ်ဆိုထားသည်။ (ယောဟန် ၃:၂၈-၃၀) ယေရှုသည် မိမိကိုယ်ကိုမင်္ဂလာပွဲပြင်ဆင်ပေးထားခြင်းခံရသည့် ဘုရင့်သားတော်တစ်ပါးနှင့် နှိုင်းယှဉ်ခဲ့သည်။ (မဿဲ ၂၂:၁-၁၄) ထို့အပြင် သမ္မာကျမ်းစာက ခရစ်တော်အား ခင်ပွန်းတစ်ဦးနှင့်နှိုင်းထားသည်။ (ဧဖက် ၅:၂၃) စိတ်ဝင်စားစရာမှာ အခြားနေရာများတွင် ဘိသိက်ခံခရစ်ယာန်များကို ခရစ်တော်၏ “သတို့သမီး” အဖြစ်ဖော်ပြထားသော်လည်း ဤပုံဥပမာတွင်မူကား သတို့သမီးတစ်ဦးအကြောင်းမပါချေ။ (ယောဟန် ၃:၂၉; ဗျာဒိတ် ၁၉:၇; ၂၁:၂၊ ၉) သို့သော် အပျိုရံဆယ်ဦးအကြောင်းပါပြီး အခြားနေရာတွင် ဘိသိက်ခံများကို ခရစ်တော်နှင့်ထိမ်းမြားမည့်အပျိုကညာအဖြစ်နှိုင်းယှဉ်ထားသည်။—၂ ကောရိန္သု ၁၁:၂။a

၆။ ယေရှုသည် အပျိုရံများပုံဥပမာကို နိဂုံးချုပ်သောအခါ မည်သို့တိုက်တွန်းခဲ့သနည်း။

၆ အဆိုပါအသေးစိတ်အချက်အလက်များနှင့် ပရောဖက်ပြုချက်၏သက်ဆိုင်ပုံများအပြင် ဤပုံဥပမာမှ ကျွန်ုပ်တို့သင်ယူစရာ ကောင်းမွန်သောမူများ အမှန်ရှိပါသည်။ ဥပမာ၊ ယေရှုသည် ယင်းကို ဤစကားများနှင့်နိဂုံးချုပ်ခဲ့သည်ကိုသတိပြုပါ– “သို့ဖြစ်၍ . . . နေ့ရက်အချိန်နာရီကို သင်တို့သည် မသိသောကြောင့်စောင့်နေကြလော့။” ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီသည် ဤစနစ်ဆိုး၏ဆုံးခန်းချဉ်းကပ်လာနေကြောင်းကို သတိရှိဖို့၊ နိုးကြားနေဖို့လိုကြောင်း ဤပုံဥပမာကဖော်ပြသည်။ ရက်စွဲတစ်ခုကိုမထောက်ပြနိုင်သည့်တိုင် အဆုံးရောက်လာမည်ကို စောဒကတက်စရာမလိုပါ။ ဤကိစ္စနှင့်စပ်လျဉ်း၍ အပျိုရံအုပ်စုနှစ်စုဖော်ပြသည့်သဘောထားများကို သတိပြုမှတ်သားပါ။

၇။ ပုံဥပမာပါ အပျိုရံငါးယောက်သည် မိုက်ကြောင်း အဘယ်သဘောမျိုးဖြင့်တင်ပြခဲ့ကြသနည်း။

၇ ယေရှုက “ငါးယောက်မူကား အမိုက်ဖြစ်ကြ၏” ဟုဆိုသည်။ သတို့သားလာမည်ကို သူတို့မယုံကြည်ခဲ့ကြ၍လော။ သူတို့သည် အပျော်လွန်နေခဲ့ကြ၍လော။ သို့မဟုတ် လှည့်ဖြားခံခဲ့ကြ၍လော။ မဟုတ်ပါ။ ဤငါးယောက်သည် ‘မင်္ဂလာဆောင်လုလင်ကိုကြိုဆိုရန် ထွက်သွား’ ကြသည်ဟု ယေရှုကဆိုသည်။ လုလင်ကြွလာမည်ကို သူတို့သိခဲ့ကြပြီး ‘မင်္ဂလာဆောင်ပွဲ’ တွင်ပင်ပါဝင်လိုခဲ့ကြသည်။ သို့တိုင် သူတို့ကောင်းစွာပြင်ဆင်ခဲ့ကြပါသလော။ “သန်းခေါင်ယံ” အထိသူတို့စောင့်ဆိုင်းခဲ့ကြသော်လည်း သူတို့မျှော်လင့်သည်ထက် စော၍ဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ မည်သည့်အချိန်တွင်မဆို လုလင်၏ရောက်ရှိချိန်အတွက် သူတို့အသင့်မရှိခဲ့ကြချေ။

၈။ ပုံဥပမာပါ အပျိုရံငါးယောက်သည် ပညာသတိရှိကြောင်း မည်သို့တင်ပြခဲ့ကြသနည်း။

၈ ပညာသတိရှိသူတို့ဟု ယေရှုခေါ်ခဲ့သူ အခြားငါးယောက်သည်လည်း မီးခွက်များနှင့်ထွက်၍ သတို့သားရောက်ရှိချိန်ကို စောင့်မျှော်ခဲ့ကြသည်။ သူတို့လည်း စောင့်နေကြရ၏၊ သို့သော် သူတို့မူကား “ပညာသတိရှိ” ကြသည်။ “ပညာသတိရှိသည်” ဟုပြန်ဆိုထားသည့်ဂရိစကားလုံးသည် “အမြော်အမြင်ရှိသော၊ ချင့်ချိန်တတ်သော၊ လက်တွေ့ကျသည့်ဉာဏ်ပညာရှိသော” ဟူသည့်သဘောကိုဆောင်နိုင်သည်။ ဤသူငါးယောက်သည် လိုအပ်မည်ဆိုလျှင် မီးခွက်ကိုဆီထပ်ဖြည့်ရန် ဆီအပိုယူလာကြခြင်းဖြင့် ပညာသတိရှိကြောင်းပြသခဲ့ကြသည်။ မှန်ပါသည်၊ သူတို့သည် မင်္ဂလာဆောင်လုလင်အတွက် အသင့်ရှိရန်မည်မျှအာရုံစိုက်သနည်းဟူမူ သူတို့၏ဆီများကိုမပေးကြချေ။ ထိုသို့သတိရှိခြင်းသည် မမှားခဲ့ကြောင်း မင်္ဂလာဆောင်လုလင်ရောက်လာချိန်တွင် သူတို့အသင့်ဖြစ်နေခြင်းက သက်သေထူခဲ့သည်။ ‘အသင့်ရှိသူတို့သည် လုလင်နှင့်အတူပွဲသို့ဝင်ကြပြီး တံခါးကိုပိတ်ထားကြ၏။’

၉၊ ၁၀။ အပျိုရံများပုံဥပမာ၏ဆိုလိုရင်းကား အဘယ်နည်း၊ မိမိတို့ကိုယ်ကိုအဘယ်မေးခွန်းများ မေးသင့်သနည်း။

၉ ယေရှုသည် တင့်တယ်လျောက်ပတ်သောမင်္ဂလာပွဲကျင့်ဝတ်အကြောင်း သင်ခန်းစာတစ်ခုကို ပေးနေခြင်းမဟုတ်သကဲ့သို့ ပေးကမ်းဝေမျှခြင်းအကြောင်း ဆုံးမနေခြင်းမဟုတ်ချေ။ ကိုယ်တော့်ဆိုလိုချက်မှာ “သို့ဖြစ်၍ . . . နေ့ရက်အချိန်နာရီကို သင်တို့သည် မသိသောကြောင့် စောင့်နေကြလော့” ဖြစ်သည်။ ‘ငါဟာ ယေရှုရောက်ရှိနေခြင်းနဲ့ပတ်သက်လို့ တကယ်သတိရှိသလား’ ဟုကိုယ့်ကိုယ်ကိုမေးပါ။ ယခုယေရှုသည် ကောင်းကင်တွင် စိုးစံနေပြီဖြစ်ကြောင်းကို ကျွန်ုပ်တို့ယုံကြည်ကြသည်၊ သို့သော် ‘လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ မကြာမီကြွလာတော်မူမည်’ ဖြစ်ကြောင်းကို မည်မျှအာရုံစိုက်ကြသနည်း။ (မဿဲ ၂၄:၃၀) “သန်းခေါင်ယံ” တွင်မင်္ဂလာဆောင်လုလင်ရောက်ရှိလာချိန်သည် သူ့ကိုအပျိုရံများထွက်ကြိုချိန်ကထက် အမှန်ပိုနီး၏။ အလားတူစွာ လက်ရှိစနစ်ဆိုးကိုဖျက်ဆီးရန် လူသားရောက်ရှိချိန်သည် ကိုယ်တော်ကြွလာခြင်းကို ကျွန်ုပ်တို့စစောင့်မျှော်ခဲ့ချိန်ထက် ပိုနီးကပ်နေပြီ။ (ရောမ ၁၃:၁၁-၁၄) ထိုအချိန်နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏သတိရှိမှုကိုပိုမိုထိန်းသိမ်းစောင့်ရှောက်ထားသလော။

၁၀ “စောင့်နေကြလော့” ဟူသောအမိန့်ကိုနာခံရန် အမြဲသတိရှိရမည်။ အပျိုရံငါးယောက်သည် ဆီကုန်၍ ဆီဝယ်ရန် ထွက်သွားခဲ့ကြ၏။ ယနေ့ခရစ်ယာန်တစ်ဦးသည် ယေရှု၏နီးကပ်လှသည့်ရောက်ရှိချိန်အတွက် အဆင်သင့်မပြင်ဆင်ထားဘဲ ထပ်တူပင်အာရုံပျံ့လွင့်နေပေမည်။ ပထမရာစုခရစ်ယာန်တချို့ ယင်းသို့ဖြစ်ခဲ့ကြသည်။ ယနေ့ ထိုသို့တချို့ဖြစ်နေနိုင်သည်။ ထို့ကြောင့် ‘ငါ အဲသလိုဖြစ်နေသလား’ ဟုကိုယ့်ကိုယ်ကိုမေးကြစို့။—၁ သက်သာလောနိတ် ၅:၆-၈; ဟေဗြဲ ၂:၁; ၃:၁၂; ၁၂:၃; ဗျာဒိတ် ၁၆:၁၅။

အဆုံးနီးသည်နှင့်အမျှ ဝီရိယရှိလော့

၁၁။ အဘယ်ပုံဥပမာကို ယေရှုထပ်ပေးခဲ့သနည်း။ ယင်းသည် အဘယ်အရာနှင့်ဆင်တူသနည်း။

၁၁ ယေရှု၏နောက်ပုံဥပမာတစ်ခုတွင် မိမိနောက်လိုက်များကို ဝီရိယရှိဖို့ထက်မက တိုက်တွန်းခဲ့သည်။ ပညာရှိအပျိုရံများနှင့် မိုက်သောအပျိုရံများအကြောင်းပြောပြီးနောက် ငွေခွက်များပုံဥပမာကို ကိုယ်တော်ပြောပြခဲ့သည်။ (မဿဲ ၂၅:၁၄-၃၀ ဖတ်။) ၎င်းမှာ “ဘုရားသခင်၏နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းမည်ဟု လူများထင်မှတ်” နေကြသောကြောင့် ယေရှုပေးခဲ့သည့် ကနဦးမိုင်နာပုံဥပမာနှင့် အသွင်များစွာတွင်ဆင်တူသည်။—လုကာ ၁၉:၁၁-၂၇။

၁၂။ ငွေအခွက်များပုံဥပမာ၏အချုပ်ကား အဘယ်နည်း။

၁၂ ငွေခွက်များပုံဥပမာတွင် ကျွန်သုံးဦးကိုဆင့်ခေါ်သော တိုင်းတစ်ပါးသို့ခရီးထွက်တော့မည့်သူတစ်ဦးအကြောင်း ယေရှုပြောပြခဲ့သည်။ သူသည် “အသီးအသီးအစွမ်းသတ္တိရှိသည်အတိုင်း” တစ်ဦးကို ငွေအခွက်ငါးဆယ်၊ နောက်တစ်ဦးကို အခွက်နှစ်ဆယ်နှင့် နောက်ဆုံးသူတစ်ဦးကိုအခွက်တစ်ဆယ်ပေးအပ်ခဲ့သည်။ ၎င်းသည် အလုပ်သမားတစ်ဦး ၁၄ နှစ်လုပ်ခနှင့်ညီမျှသည့် များပြားလှသည့် အဖိုးတန်ငွေစများဖြစ်နိုင်၏! ထိုသူပြန်လာသောအခါ မိမိခရီးထွက်နေသည့် ‘အတန်ကြာကာလ’ အတွင်း ကျွန်တို့လုပ်ဆောင်မှုကိုစာရင်းယူခဲ့သည်။ ပထမကျွန်နှစ်ဦးသည် သူတို့အားအပ်ထားသည့်ငွေ၏တန်ဖိုးကို နှစ်ဆတိုးပွားလာစေခဲ့ကြသည်။ ကိုယ်တော်က ‘ကောင်းလေစွ’ ဟုဆိုကာ တစ်ဦးစီကိုတာဝန်ပို၍ပေးမည်ဟုကတိပြုခဲ့ပြီး “သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့” ဟုနိဂုံးချုပ်ပြောဆိုခဲ့သည်။ ငွေခွက်တစ်ဆယ်သာ အပ်နှံခံခဲ့ရသောကျွန်က မိမိသခင်သည် အလွန်ဇီဇာကြောင်တတ်သည်ဟုဆိုကာ အမြတ်ရရန်ငွေကိုအသုံးမပြု၊ အတိုးရရန်ပွဲစားလက်၌ပင်မအပ်ဘဲ ဝှက်ထားခဲ့သည်။ သခင်၏အကျိုးစီးပွားအတွက် သူ,မလုပ်ဆောင်ခဲ့သောကြောင့် ‘ဆိုးညစ်၍ပျင်းရိသူ’ ဟုသခင်ကသမုတ်ခဲ့သည်။ နောက်ဆုံးတွင် ငွေသိမ်းဆည်းခံရပြီး “ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာပြင်အရပ်” သို့ပစ်ထားခြင်းခံခဲ့ရသည်။

၁၃။ ယေရှုသည် ပုံဥပမာပါသခင်နှင့် မည်သို့တူသနည်း။

၁၃ တစ်ဖန်၊ ဤအသေးစိတ်အချက်အလက်ကို ပုံဆောင်သဘောဖြင့်နားလည်နိုင်ပါသည်။ ဥပမာ၊ တိုင်းတစ်ပါးသို့ခရီးသွားသူသည် မိမိ၏တပည့်တော်များကိုထားရစ်ကာ ကောင်းကင်သို့သွားပြီး [ဘုရားသခင့်] နိုင်ငံတော်အာဏာရရှိသည်အထိ ကြာမြင့်စွာစောင့်ဆိုင်းခဲ့သည့် ယေရှုကိုပုံတင်ပြသည်။b (ဆာလံ ၁၁၀:၁-၄; တမန်တော် ၂:၃၄-၃၆; ရောမ ၈:၃၄; ဟေဗြဲ ၁၀:၁၂၊ ၁၃) သို့သော် ကျွန်ုပ်တို့အားလုံး၏ ဘဝအသက်တာတွင် လိုက်လျှောက်သင့်သည့် ကျယ်ပြန့်သောသင်ခန်းစာ သို့မဟုတ် မူကိုသိရှိနိုင်သည်။ ယင်းကား အဘယ်နည်း။

၁၄။ ငွေအခွက်များပုံဥပမာသည် အဘယ်အရာမရှိမဖြစ်လိုကြောင်းကို အလေးထားသနည်း။

၁၄ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် မသေနိုင်သည့်ကောင်းကင်အသက်တာဖြစ်စေ၊ မြေကြီးပရဒိသုပေါ်တွင် ထာဝရအသက်ရခြင်းဖြစ်စေ ခရစ်ယာန်လုပ်ငန်းများတွင် ကျွန်ုပ်တို့ကြိုးစားအားထုတ်လုပ်ဆောင်နေသင့်ကြောင်း ယေရှု၏ပုံဥပမာမှ ရှင်းလင်းစွာသိရသည်။ အမှန်မှာ ဤပုံဥပမာကို ဝီရိယရှိခြင်းဟူသည့် စကားလုံးတစ်လုံးတည်းဖြင့် အကျဉ်းချုပ်နိုင်၏။ တမန်တော်များသည် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲမှစ၍ ပုံစံချမှတ်ခဲ့ကြသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “‘သဘောမဖြောင့်သော ဤအမျိုးမှကယ်တင်ခြင်းသို့ရောက်ကြလော့’ ဟူ၍ အထူးထူးအပြားပြားသောစကားနှင့်သက်သေခံ၍ [ပေတရု] တိုက်တွန်းသွေးဆောင်လေ၏။” (တမန်တော် ၂:၄၀-၄၂) သူ၏ကြိုးပမ်းမှုသည် အကျိုးကြီးမားလှလေခြင်း! ခရစ်ယာန်ဟောပြောခြင်းလုပ်ငန်း၌ တမန်တော်များနှင့်အတူ အခြားသူများသည် ဝီရိယရှိရှိပါဝင်လုပ်ဆောင်လာကြရာ သတင်းကောင်းသည် “လောကနိုင်ငံတစ်လျှောက်လုံးကိုနှံ့ပြား” သွားသည်။—ကောလောသဲ ၁:၃-၆၊ ၂၃; ၁ ကောရိန္သု ၃:၅-၉။

၁၅။ ငွေအခွက်များပုံဥပမာ၏အဓိကအချက်ကို အဘယ်အထူးနည်းဖြင့် ကျွန်ုပ်တို့လိုက်လျှောက်သင့်သနည်း။

၁၅ ဤပုံဥပမာ၏ရှေ့နောက်စကားဖြစ်သည့် ခရစ်တော်ရောက်ရှိခြင်းနှင့်ဆိုင်သော ပရောဖက်ပြုချက်ကို မှတ်ထားပါ။ ယေရှု၏ပါရိုစီးယားသည် ဖြစ်ဆဲရှိပြီး မကြာမီအထွတ်အထိပ်ရောက်လုပြီဖြစ်ကြောင်း အထောက်အထားအလုံအလောက်ရှိသည်။ “အဆုံး” နှင့် “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လော[က]နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတ္တံ့” ဟူသည့်ခရစ်ယာန်များလုပ်ရမည့်လုပ်ငန်းတို့၏ဆက်စပ်မှုအကြောင်း ယေရှု၏ဖော်ပြချက်ကို သတိရပါ။ (မဿဲ ၂၄:၁၄) ယင်းကိုစွဲမှတ်လျက် ကျွန်ုပ်တို့သည် အဘယ်ကျွန်နှင့်တူသနည်း။ ကိုယ့်ကိုယ်ကို ဤသို့မေးမြန်းပါ– ‘ငါဟာ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုပဲ ဂရုစိုက်နေရင်း အပ်နှင်းထားရာကိုဝှက်ခဲ့တဲ့ ကျွန်နဲ့တူတယ်လို့ ကောက်ချက်ချဖို့အကြောင်းရှိသလား။ ဒါမှမဟုတ် ကောင်းမွန်ပြီးသစ္စာရှိတဲ့ကျွန်တွေနဲ့ တူမှန်းသိသာသလား။ အချိန်တိုင်း သခင့်အကျိုးစီးပွားကိုတိုးပွားနေစေဖို့ ငါအပြည့်အဝဆောင်ရွက်နေသလား။’

ကိုယ်တော်ရောက်ရှိနေချိန်အတွင်း သတိဝီရိယရှိခြင်း

၁၆။ ကျွန်ုပ်တို့ဆွေးနွေးခဲ့သောပုံဥပမာနှစ်ခုတွင် သင့်အတွက်အဘယ်သတင်းပါသနည်း။

၁၆ မှန်ပါသည်၊ ယင်းတို့၏ပုံဆောင်ချက်နှင့် ပရောဖက်ပြုချက်အဓိပ္ပာယ်အပြင် ဤပုံဥပမာနှစ်ခုသည် ယေရှုကိုယ်တိုင်၏နှုတ်မှထွက်လာသောအားပေးစကားကို ကြားသိစေသည်။ ကိုယ်တော့်သတင်းတရားမှာ ဤသို့– အထူးသဖြင့် ခရစ်တော်၏ပါရိုစီးယားနှင့်ပတ်သက်သော နိမိတ်ကိုမြင်ရသောအခါ သတိရှိကြလော့။ လုံ့လဝီရိယရှိကြလော့။ ယင်းကား ယခုအချိန်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အမှန်တကယ်ပင် သတိဝီရိယရှိနေကြပါသလော။

၁၇၊ ၁၈။ ယေရှုရောက်ရှိနေခြင်းနှင့်စပ်လျဉ်း၍ တပည့်တော်ယာကုပ်က မည်သို့ဆုံးမခဲ့သနည်း။

၁၇ ယေရှု၏မိတူဖကွဲညီယာကုပ်သည် ယေရှု၏ပရောဖက်ပြုချက်ကိုကြားနာရန် သံလွင်တောင်ပေါ်တွင် မရှိခဲ့ပါ; သို့သော် နောက်ပိုင်းတွင် ယင်းကိုကြားသိခဲ့ပြီး အဓိပ္ပာယ်ကို ရှင်းရှင်းနားလည်ခဲ့သည်။ သူက ဤသို့ရေးခဲ့သည်– “ထို့ကြောင့်၊ ညီအစ်ကိုတို့ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက်စောင့်နေကြလော့။ အကယ်၍လယ်လုပ်သောသူသည် အရင်မိုး၊ နောက်မိုးကိုရသည်တိုင်အောင် အဖိုးထိုက်သောမြေအသီးကိုသည်းခံလျက် စောင့်နေ၍မျှော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက်စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသောအချိန် [“ရောက်ရှိခြင်း၊” ကဘ] ရောက်လုနီးပြီ။”—ယာကုပ် ၅:၇၊ ၈။

၁၈ မိမိတို့၏စည်းစိမ်ကို အလွဲသုံးစားပြုသူများကို ဘုရားသခင်စီရင်လိမ့်မည်ဖြစ်ကြောင်း အာမခံချက်ရှိထားရာ ယေဟောဝါကိုစောင့်ဆိုင်းနေစဉ် သည်းမခံတတ်သူမဖြစ်ရန် ယာကုပ်တိုက်တွန်းခဲ့သည်။ သည်းမခံတတ်သည့်ခရစ်ယာန်တစ်ဦးသည် ကျူးလွန်သည့်အမှားများကို သူကိုယ်နှိုက်စီရင်ခွင့်ရှိသူသဖွယ် လက်တုံ့ပြန်တတ်လာပေမည်။ သို့သော် တရားစီရင်မည့်အချိန် အမှန်ရောက်ရှိလာမည်ဖြစ်သောကြောင့် ထိုသို့မဖြစ်သင့်ချေ။ ယာကုပ်ရှင်းပြသကဲ့သို့ လယ်သမားတစ်ဦး၏ပုံဥပမာက ယင်းကိုဖော်ပြသည်။

၁၉။ ဣသရေလလယ်သမားတစ်ဦးသည် အဘယ်သည်းခံမှုမျိုးကို တင်ပြနိုင်ခဲ့သနည်း။

၁၉ မျိုးကြဲသည့်ဣသရေလလယ်သမားတစ်ဦးသည် ဦးဆုံးအပင်ပေါက်ပြီး ကြီးထွားလာကာ နောက်ဆုံးရိတ်သိမ်းသည့်အထိစောင့်ဆိုင်းရ၏။ (လုကာ ၈:၅-၈; ယောဟန် ၄:၃၅) ထိုလများတစ်လျှောက် စိုးရိမ်မှုအတော်အတန်ဖြစ်စရာအကြောင်းရှိနိုင်ပေသည်။ အရင်မိုးကျပြီး လုံလောက်ပါမည်လော။ နောက်မိုးကော။ အင်းဆက်ပိုးများ သို့မဟုတ် မိုးသက်မုန်တိုင်းကြောင့် အပင်သေသွားမည်လော။ (ယောလ ၁:၄; ၂:၂၃-၂၅ နှိုင်းယှဉ်။) မည်သို့ပင်ဖြစ်စေ ဣသရေလလယ်သမားတစ်ဦးသည် ယေဟောဝါအားလည်းကောင်း၊ ကိုယ်တော်ချမှတ်ထားသောသဘာဝသံသရာများကိုလည်းကောင်း ယုံကြည်စိတ်ချနိုင်သည်။ (တရားဟောရာ ၁၁:၁၄; ယေရမိ ၅:၂၄) လယ်သမား၏သည်းခံမှုက စိတ်ချယုံကြည်စွာ အမှန်စောင့်ဆိုင်းစေနိုင်သည်။ မိမိစောင့်ဆိုင်းနေသည့်အရာသည် ဖြစ်ပေါ်လာမည်ကို ယုံကြည်လျက် သိထား၏။ ဖြစ်ကိုဖြစ်လာမည်!

၂၀။ ယာကုပ်၏ဆုံးမစကားနှင့်အညီ သည်းခံမှုကို ကျွန်ုပ်တို့မည်သို့ဖော်ပြနိုင်သနည်း။

၂၀ အဘယ်အချိန်တွင်ရိတ်သိမ်းရမည်ကို လယ်သမားတစ်ဦးအနည်းအကျဉ်းသိမည်ဖြစ်သော်လည်း ပထမရာစုခရစ်ယာန်များသည် ယေရှုရောက်ရှိလာမည့်အချိန်ကို မတွက်ချက်နိုင်ခဲ့ကြချေ။ သို့သော် အမှန်ရောက်ရှိလာမည်။ ယာကုပ်က ဤသို့ရေးသားခဲ့သည်– “သခင်ဘုရားကြွလာတော်မူသောအချိန် [“ရောက်ရှိခြင်း၊” ကဘ။ ဂရိ၊ ပါရိုစီးယား] ရောက်လုနီးပြီ။” ထိုစကားများကို ယာကုပ်ရေးသားခဲ့ချိန်တွင် ခရစ်တော်ရောက်ရှိနေခြင်းဆိုင်ရာနိမိတ်သည် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် ကမ္ဘာချီဖြစ်ပျက်နေကြောင်း အထောက်အထားများမရှိသေးချေ။ သို့သော် ယခုရှိနေပြီ! ထို့ကြောင့် ဤအချိန်အခါတွင် ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။ နိမိတ်ကို အမှန်တကယ်မြင်နေရပြီဖြစ်ရာ ‘နိမိတ်ပြည့်စုံနေတာကို ငါမြင်တယ်’ ဟုစိတ်ချစွာ ကျွန်ုပ်တို့ဆိုနိုင်ကြသည်။ ကျွန်ုပ်တို့သည် ‘သခင်ဘုရားရောက်ရှိပြီဖြစ်ရာ ယင်း၏အထွတ်အထိပ်နီးပြီ’ ဟုယုံကြည်စိတ်ချစွာ ပြောဆိုနိုင်ကြသည်။

၂၁။ ကျွန်ုပ်တို့သည် အဘယ်အရာလုပ်ဖို့ လုံးဝစိတ်ပိုင်းဖြတ်ထားကြသနည်း။

၂၁ သို့ဖြစ်၍ ကျွန်ုပ်တို့ဆွေးနွေးခဲ့ပြီးသော ယေရှု၏ပုံဥပမာနှစ်ခုနှင့်ပတ်သက်သည့် အဓိကသင်ခန်းစာများကို နှလုံးသွင်းပြီးလိုက်လျှောက်ဖို့ အထူးခိုင်လုံသည့်အကြောင်းရှိသည်။ ကိုယ်တော်က ဤသို့ဆိုခဲ့သည်– “သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့်နေကြလော့။” (မဿဲ ၂၅:၁၃) ယခုအချိန်သည် ကျွန်ုပ်တို့၏ခရစ်ယာန်လုပ်ငန်းတွင် ဇွဲရှိရမည့်အချိန်ဖြစ်ကြောင်း စောဒကတက်စရာမလိုပါ။ ယေရှု၏ဆိုလိုရင်းကို နားလည်ကြောင်း ကျွန်ုပ်တို့၏အသက်တာတွင် နေ့စဉ်တင်ပြသွားကြစို့။ သတိရှိကြစို့။ ဝီရိယရှိကြစို့!

[အောက်ခြေမှတ်ချက်များ]

a ဤပုံဥပမာ၏အသေးစိတ်အချက်အလက်များ၏ပုံဆောင်ချက်ကိုသိရှိရန် နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသော အနှစ်တစ်ထောင်ဘုရားသခင့်နိုင်ငံတော်ချဉ်းကပ်လာပြီ၊ [လိပ်] စာမျက်နှာ ၁၆၉-၂၁၁ ရှု။

b အနှစ်တစ်ထောင်ဘုရားသခင့်နိုင်ငံတော်ချဉ်းကပ်လာပြီ [လိပ်] စာအုပ်စာမျက်နှာ ၂၁၂-၅၆ ရှု။

သင်မှတ်မိသလော

◻ ပညာရှိသောအပျိုရံများနှင့် မိုက်သောအပျိုရံများပုံဥပမာမှ အဘယ်အဓိကအချက်ကို သင်ရရှိခဲ့သနည်း။

◻ ယေရှုသည် ငွေအခွက်များပုံဥပမာအားဖြင့် သင့်ကို အဘယ်အဓိကအကြံပြုချက်ပေးသနည်း။

◻ ပါရိုစီးယားနှင့်ပတ်သက်သော သင့်သည်းခံမှုသည် ဣသရေလလယ်သမားတစ်ဦးနှင့် မည်သို့ဆင်တူသနည်း။

◻ ဤအချိန်တွင် အသက်ရှင်ရခြင်းသည် အဘယ်ကြောင့် အထူးစိတ်လှုပ်ရှားစရာနှင့် စိန်ခေါ်ချက်ဖြစ်ရသောအချိန်ဖြစ်သနည်း။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အပျိုရံများပုံဥပမာနှင့် ငွေအခွက်များပုံဥပမာတို့မှ အဘယ်သင်ခန်းစာများ သင်ရရှိသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ