ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၈/၁၅ စာ. ၂၆-၃၀
  • မကောင်းမှုပြုခြင်းကို အဘယ့်ကြောင့်တိုင်ကြားရမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကောင်းမှုပြုခြင်းကို အဘယ့်ကြောင့်တိုင်ကြားရမည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြစ်တင်ဆုံးမခြင်း၏အကျိုးကို လေးမြတ်ခြင်း
  • ယင်းသည် မည်သူ့တာဝန်နည်း
  • ပြဿနာကိုကိုင်တွယ်ခြင်း
  • သန့်ရှင်းခြင်းကို အသင်းတော်အတွင်း ဆက်လက်ထိန်းသိမ်းခြင်း
  • အပြစ်ပြုသူများအတွက်အကူအညီ
  • စည်းမျဉ်းပေါ်အခြေခံသည့်မေတ္တာလုပ်ရပ်
  • ယေဟောဝါ၏ဆုံးမတော်မူခြင်းကို အမြဲလက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • အကြီးအကဲတို့၊ အပြစ်လုပ်ထားသူကို ကရုဏာ ပြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၈/၁၅ စာ. ၂၆-၃၀

မကောင်းမှုပြုခြင်းကို အဘယ့်ကြောင့်တိုင်ကြားရမည်နည်း

“အမှုတစ်ခုကို ဖော်ထုတ်သောသူသည် လူတို့၏ရန်သူဖြစ်လာသည်” ဟုအနောက်အာဖရိကမှ လူများပြောတတ်ကြသည်။ မိမိ၏အစ်ကိုကြီးဖြစ်သူသည် ညီမဖြစ်သူနှင့် သွေးသားနီးစပ်သူချင်း ကာမဆက်ဆံခြင်းကိုကျူးလွန်သည်ဟု စွပ်စွဲသောအခါ အထက်ပါစကားများသည် အိုလူးအတွက်မှန်ကန်ခဲ့သည်။ “မင်းဟာ လူလိမ်လူညာ!” ဟုအစ်ကိုကြီးဖြစ်သူက စူးစူးဝါးဝါးအော်လိုက်သည်။ ထို့နောက် အိုလူးကိုရက်ရက်စက်စက်ရိုက်နှက်၍ မိသားစုနေအိမ်မှနှင်ထုတ်ကာ သူ့အဝတ်အစားအားလုံးကို မီးရှို့ပစ်လိုက်သည်။ ရွာသားများက အစ်ကိုကြီးဖြစ်သူကို ထောက်ခံကြသည်။ ရွာမှလက်မခံကြသောကြောင့် အိုလူးသည် ရွာမှထွက်သွားရလေသည်။ မိန်းကလေးကိုယ်ဝန်ရှိနေသည်ကို သတိပြုမိကြသည့်အခါမှသာ အိုလူးအမှန်ပြောမှန်း သဘောပေါက်သွားကြသည်။ အစ်ကိုဖြစ်သူက သူ့အမှားကိုဝန်ခံ၍ အိုလူးကိုပြန်၍လက်ခံခဲ့သည်။ အခြေအနေမှာ တစ်မျိုးတစ်မည်ဖြစ်နိုင်ခဲ့သည်။ အိုလူးမှာ အသတ်ခံခဲ့ရနိုင်သည်။

ယေဟောဝါကိုမချစ်သောသူများမှာ မိမိတို့၏အမှားထုတ်ဖော်ခံရခြင်းအတွက် ကျေးဇူးတင်သည့်သဘောမရှိသည်မှာ ရှင်းနေပါသည်။ အပြစ်သားတို့၏ဝသီမှာ အပြစ်ဖော်ပြဆုံးမခြင်းကိုလက်မခံဘဲ ယင်းသို့ဆုံးမသူမည်သူကိုမဆို အငြိုးထားတတ်ကြသည်။ (ယောဟန် ၇:၇ နှိုင်းယှဉ်။) ပဲ့ပြင်ဆုံးမရန်အခွင့်အာဏာရှိသူတို့ထံ သူတစ်ပါးအပြစ်များကို ဖော်ပြရန်ကိစ္စနှင့်ပတ်သက်လာလျှင် လူများစွာတို့သည် နှုတ်ဆိတ်နေတတ်ကြသည်မှာ အဆန်းမဟုတ်ပါ။

ပြစ်တင်ဆုံးမခြင်း၏အကျိုးကို လေးမြတ်ခြင်း

သို့သော် ယေဟောဝါ၏လူများအလယ်တွင် ပြစ်တင်ဆုံးမခြင်းနှင့်ပတ်သက်၍ ခြားနားသည့်သဘောထားရှိသည်။ ဘုရားသခင်အားကြောက်ရွံ့သော အမျိုးသား၊ အမျိုးသမီးများသည် ခရစ်ယာန်အသင်းတော်အတွင်းမှ အပြစ်ပြုသူကိုအကူအညီပေးရန် ယေဟောဝါပြုလုပ်ထားသည့်အစီအစဉ်ကို အလွန်တန်ဖိုးထားလေးမြတ်ကြပါသည်။ ယင်းသို့သော ဆုံးမပဲ့ပြင်ခြင်းကို ကိုယ်တော်၏ချစ်ခင်ကြင်နာခြင်းဖော်ပြချက်တစ်ခုအဖြစ် သူတို့အသိအမှတ်ပြုကြသည်။—ဟေဗြဲ ၁၂:၆-၁၁။

ယင်းကို ဒါဝိဒ်မင်း၏ဘဝအသက်တာမှ အဖြစ်အပျက်တစ်ခုနှင့် ရှင်းလင်းတင်ပြနိုင်သည်။ သူသည် ငယ်စဉ်ကာလမှစ၍ ဖြောင့်မတ်သောသူတစ်ဦးဖြစ်သော်လည်း တစ်ကြိမ်တွင် ကြီးလေးသောအမှားကို ပြုလုပ်မိခဲ့သည်။ ပထမဆုံး သူ့သားအိမ်ရာပြစ်မှားခြင်းကို သူကျူးလွန်ခဲ့သည်။ ထို့နောက် အမျိုးသမီး၏လင်ယောက်ျားကို သေကြောင်းကြံခြင်းဖြင့် မိမိ၏အမှားကိုဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ သို့သော် ယေဟောဝါသည် ဒါဝိဒ်၏အပြစ်ကို ပရောဖက်နာသန်အား ဖော်ပြခဲ့သည်၊ နာသန်သည် ထိုကိစ္စနှင့်ပတ်သက်၍ ဒါဝိဒ်ကိုမကြောက်မရွံ့ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ပိုင်နိုင်သောပုံဥပမာတစ်ခုကိုအသုံးပြုလျက် နာသန်က မိမိ၏ဧည့်သည်များကိုဧည့်ခံဖို့အတွက် မိမိ၌သိုးများစွာရှိသော်လည်း ဆင်းရဲသားတစ်ဦး အမြတ်တနိုးမွေးထားသည့် တစ်ကောင်တည်းသော သိုးကလေးကိုယူ၍သတ်ပြီး ဧည့်ခံကျွေးမွေးလိုက်သည့် သူဌေးတစ်ဦးကို မည်သို့ပြုလုပ်သင့်ကြောင်း ဒါဝိဒ်ကိုမေးမြန်းခဲ့သည်။ ယခင်ကသိုးထိန်းတစ်ဦးဖြစ်ခဲ့သူ ဒါဝိဒ်သည် မခံမရပ်နိုင်ဖြစ်ကာ အမျက်ထွက်လေသည်။ သူက “ထိုသို့ပြုသောသူသည် အမှန်သေရမည်!” ဟုမိန့်တော်မူ၏။ ထိုအခါ နာသန်က “ထိုသူသည်ကား အခြားသူမဟုတ် ကိုယ်တော်ပင်ဖြစ်ပါ၏!” ဟုဆိုခြင်းဖြင့် ပုံဥပမာသည် ဒါဝိဒ်နှင့်သက်ဆိုင်ကြောင်းဖော်ပြခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၂:၁-၇။

ဒါဝိဒ်သည် နာသန်အားအမျက်မထွက်ခဲ့ပေ; မိမိကိုယ်ကိုကာကွယ်ဖို့၊ ပြန်လှန်စွပ်စွဲဖို့လည်း မကြိုးစားခဲ့ပါ။ ယင်းသို့ပြုမည့်အစား နာသန်၏ပြစ်တင်စကားများက ဒါဝိဒ်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို အကြီးအကျယ်လှုံ့ဆော်ပေးခဲ့သည်။ ကြေကွဲသောနှလုံးနှင့် ဒါဝိဒ်က “ငါသည်ထာဝရဘုရားကို ပြစ်မှားပါပြီ” ဟုဝန်ခံခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၂:၁၃။

နာသန်သည် ဒါဝိဒ်၏အပြစ်ကိုဖော်ထုတ်ကာ သူ့ကိုဘုရားသခင့်အလိုတော်နှင့်အညီဆုံးမခြင်းက ကောင်းသောရလဒ်ကိုဖြစ်ပေါ်စေသည်။ ဒါဝိဒ်သည် သူ့အမှား၏အကျိုးဆက်မှ ကာကွယ်ခြင်းမခံရသော်လည်း နောင်တယူ၍ ယေဟောဝါနှင့် ပြန်လည်သင့်မြတ်လာသည်။ ယင်းသို့သော ပြစ်တင်ဆုံးမမှုကို ဒါဝိဒ်မည်သို့ယူမှတ်ခဲ့သနည်း။ သူဤသို့ရေးသားခဲ့သည်– “ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုဒဏ်ခတ်တော်မူပါစေသော။ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော။ အကျွန်ုပ်ဦးခေါင်းကို လိမ်းသောဆီဖြစ်ပါလိမ့်မည်။ ထပ်၍ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။”—ဆာလံ ၁၄၁:၅။

ယနေ့ ကျွန်ုပ်တို့ခေတ်တွင်လည်း နှစ်ပေါင်းများစွာသစ္စာရှိခဲ့သည့် ယေဟောဝါ၏ကျေးကျွန်များပင်လျှင် ကြီးလေးသောအမှားပြုလုပ်သူများ ဖြစ်လာနိုင်ပါသည်။ အကြီးအကဲများအကူအညီပေးနိုင်သည်ကို အသိအမှတ်ပြုလျက် အများစုတို့သည် အကြီးအကဲများထံအစပြုချဉ်းကပ်ကြသည်။ (ယာကုပ် ၅:၁၃-၁၆) သို့သော် တစ်ခါတစ်ရံ အပြစ်ပြုသူတစ်ဦးသည် ဘုရင်ဒါဝိဒ်ကဲ့သို့ မိမိအပြစ်ကိုဖုံးကွယ်ဖို့ ကြိုးစားပေမည်။ အသင်းတော်၌ ကြီးလေးသောအမှားပြုခြင်းအကြောင်း ကျွန်ုပ်တို့သိရှိလာပါက မည်သို့ပြုသင့်သနည်း။

ယင်းသည် မည်သူ့တာဝန်နည်း

အကြီးအကဲများသည် ကြီးလေးသောပြစ်မှုအကြောင်း သိရှိရသည့်အခါ လိုအပ်သည့်အကူအညီနှင့် ဆုံးမပဲ့ပြင်မှုပေးဖို့ ပါဝင်ပတ်သက်သူထံချဉ်းကပ်ကြသည်။ ခရစ်ယာန်အသင်းတော်အတွင်းမှ ယင်းသို့သောသူများကိုစစ်ဆေးရန် အကြီးအကဲများ၌ တာဝန်ရှိသည်။ သူတို့သည် အသင်းတော်၏ဝိညာဉ်ရေးအခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်နေပြီး ပညာမဲ့ သို့မဟုတ် မှားယွင်းသော ခြေလှမ်းလှမ်းသူမည်သူ့ကိုမဆို အကူအညီပေး၍ ဆုံးမပဲ့ပြင်ပေးကြသည်။—၁ ကောရိန္သု ၅:၁၂၊ ၁၃; ၂ တိမောသေ ၄:၂; ၁ ပေတရု ၅:၁၊ ၂။

သို့သော် သင်သည် အကြီးအကဲတစ်ဦးမဟုတ်ဘဲ အခြားခရစ်ယာန်တစ်ဦး၏ ကြီးလေးသောအပြစ်တစ်စုံတစ်ရာကို သိရှိလာလျှင်ကော မည်သို့နည်း။ လမ်းညွှန်မှုများကို ဣသရေလလူမျိုးအား ယေဟောဝါပေးခဲ့သည့်ပညတ်တော်၌ တွေ့ရသည်။ လူတစ်ဦးသည် အယူဖောက်ပြန်သည့်လုပ်ရပ်၊ သင်းခွဲခြင်း၊ လူသတ်ခြင်း သို့မဟုတ် အခြားကြီးလေးသော ပြစ်မှုအချို့ကို တွေ့မြင်သူတစ်ယောက်ဖြစ်လျှင် ထိုအကြောင်းကိုသတင်းပေး၍ သူသိရှိသည့်အရာကို သက်သေထွက်ဆိုရန် တာဝန်ရှိကြောင်း ပညတ်တရားတွင် ဖော်ပြထားသည်။ ဝတ်ပြုရာ ၅:၁၊ ၅ ကဤသို့ဆိုသည်– “တစ်စုံတစ်ယောက်သောသူသည် အမှုကိုမြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသောစကားကိုကြား၍ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား၍၊ မိမိဒုစရိုက်အပြစ်ကို ခံရသော် . . . ထိုအပြစ်ကို ဖော်ပြတောင်းပန်ရမည်။”—တရားဟောရာ ၁၃:၆-၈; ဧသတာ ၆:၂; သု. ၂၉:၂၄ နှိုင်းယှဉ်။

ယနေ့ခရစ်ယာန်များသည် မောရှေပညတ်အောက်တွင်မရှိကြသော်လည်း ယင်း၏မူများအားဖြင့် ထိန်းကျောင်းခံရနိုင်သည်။ (ဆာလံ ၁၉:၇၊ ၈) ထို့ကြောင့် ခရစ်ယာန်အဖော်အဖက်တစ်ဦး၏ ကြီးလေးသောပြစ်မှုနှင့်ပတ်သက်၍ သိရှိလာပါက သင်မည်သို့ပြုသင့်သနည်း။

ပြဿနာကိုကိုင်တွယ်ခြင်း

ပထမဆုံး ကြီးလေးသောပြစ်မှု အမှန်ဖြစ်ပျက်ခဲ့သည်ကိုယုံကြည်ရန် ခိုင်လုံသည့်အကြောင်းရှိဖို့အရေးကြီးသည်။ ပညာရှိပုဂ္ဂိုလ်တစ်ဦးက ဤသို့ဆိုသည်– “သင်၏အပေါင်းအဖော်တစ်ဖက်၌ အခြေအမြစ်မရှိဘဲလျက်၊ သက်သေမခံနှင့်။ ကိုယ့်နှုတ်ခမ်းဖြင့် မလှည့်စားနှင့်။”—သု. ၂၄:၂၈၊ သမ္မာ။

အကြီးအကဲများထံ တိုက်ရိုက်သွားဖို့ သင်ဆုံးဖြတ်ပေမည်။ ယင်းသို့ပြုလုပ်ခြင်းသည် မမှားပါ။ သို့သော် အများအားဖြင့် မေတ္တာအရှိဆုံးလမ်းစဉ်မှာ သက်ဆိုင်သူထံ ချဉ်းကပ်ခြင်းဖြစ်သည်။ အမှန်မှာ ထင်သည့်အတိုင်း ဖြစ်ချင်မှဖြစ်မည်။ သို့မဟုတ် အကြီးအကဲများက ထိုအခြေအနေကို ကိုင်တွယ်နေလျက်သား ဖြစ်ချင်ဖြစ်မည်။ ပြဿနာကို ထိုသူနှင့် အေးအေးဆေးဆေးဆွေးနွေးပါ။ ကြီးလေးသောအပြစ်ကျူးလွန်ခဲ့ကြောင်း ယူမှတ်စရာအကြောင်းရှိနေသေးလျှင် အကူအညီအတွက် အကြီးအကဲများထံချဉ်းကပ်ရန် သူ သို့မဟုတ် သူမကိုအားပေး၍ ယင်းသို့ပြုခြင်းသည် ပညာရှိကြောင်းရှင်းပြပါ။ အတင်းပြောခြင်းဖြစ်နိုင်သည့်အတွက် ပြဿနာကို အခြားသူများအားမပြောပါနှင့်။

ထိုသူသည် အကြီးအကဲများကို အချိန်အတော်အသင့်ကြာသည့်အထိ အကြောင်းမကြားသေးပါက သင်ကိုယ်တိုင် အကြောင်းကြားသင့်သည်။ ထို့နောက် အကြီးအကဲတစ်ဦး၊ နှစ်ဦးက စွပ်စွဲခံရသူနှင့်ပြဿနာကိုဆွေးနွေးပေမည်။ အကြီးအကဲများသည် အမှားပြုခြင်းရှိမရှိသိရန် “စေ့စေ့မေးမြန်းစစ်ကြော” ဖို့လိုအပ်သည်။ အမှားပြုခဲ့ပါက သူတို့သည် ကျမ်းစာလမ်းညွှန်ချက်အတိုင်း အမှုကိုကိုင်တွယ်ပါလိမ့်မည်။—တရားဟောရာ ၁၃:၁၂-၁၄။

မှားယွင်းမှုနှင့်ပတ်သက်သော စွပ်စွဲချက်ကိုအတည်ပြုရန် အနည်းဆုံးသက်သေနှစ်ဦး လိုအပ်ပါသည်။ (ယောဟန် ၈:၁၇; ဟေဗြဲ ၁၀:၂၈) ထိုသူက စွပ်စွဲချက်ကိုငြင်းပယ်၍ သက်သေတစ်ဦးတည်းသာရှိလျှင် ပြဿနာကို ယေဟောဝါလက်သို့အပ်လိုက်ပေမည်။ (၁ တိမောသေ ၅:၁၉၊ ၂၄၊ ၂၅) ခပ်သိမ်းသောအရာတို့သည် ယေဟောဝါရှေ့တွင် “လှန်ထားလျက်ရှိ” သည်ဆိုသည့်အချက်အရ ထိုသူအပြစ်ရှိလျှင် တဖြည်းဖြည်းနှင့် သူ့အပြစ်သည်သူ့ကို “လိုက်၍မီ” လိမ့်မည်။—ဟေဗြဲ ၄:၁၃; တောလည်ရာ ၃၂:၂၃။

သို့သော် စွပ်စွဲချက်ကိုထိုသူငြင်းဆို၍ သင်သည် တစ်ဦးတည်းသောသက်သေဖြစ်သည် ဆိုကြပါစို့။ သင့်ကို အသရေဖျက်မှုနှင့် တန်ပြန်စွပ်စွဲနိုင်ပါသလော။ ထိုကိစ္စနှင့်မပတ်သက်သူများကို သင်မပြောသ၍ စွပ်စွဲခံရမည်မဟုတ်။ အသင်းတော်အားထိခိုက်နိုင်သည့်အခြေအနေကို အခွင့်အာဏာရှိ၍ ကိစ္စရပ်များကိုကြီးကြပ်ပြီး တည့်မတ်ပေးရန်တာဝန်ရှိသူများအား အကြောင်းကြားခြင်းသည် အသရေဖျက်ခြင်းမဟုတ်ပါ။ အမှန်ဆိုလျှင် ယင်းသည် မှန်ကန်သောအရာနှင့် သစ္စာစောင့်သိသောအရာကို အစဉ်ပြုလုပ်လိုသည့် ကျွန်ုပ်တို့၏ဆန္ဒနှင့် တစ်ညီတည်းဖြစ်သည်။—လုကာ ၁:၆၈-၇၅ နှိုင်းယှဉ်။

သန့်ရှင်းခြင်းကို အသင်းတော်အတွင်း ဆက်လက်ထိန်းသိမ်းခြင်း

မှားယွင်းမှုကိုအကြောင်းကြားရသည့် အကြောင်းတစ်ခုမှာ အသင်းတော်သန့်ရှင်းမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်သည်။ ယေဟောဝါသည် သန့်ရှင်း၊ မြင့်မြတ်သောဘုရားသခင် ဖြစ်တော်မူ၏။ မိမိအားဝတ်ပြုကိုးကွယ်သူများအားလုံး အကျင့်အကြံနှင့် ဝိညာဉ်ရေးအရ သန့်ရှင်းမှုရှိကြရန် ကိုယ်တော်တောင်းဆိုတော်မူ၏။ ကိုယ်တော်၏ မှုတ်သွင်းခံနှုတ်ကပါဌ်တော်က ဤသို့သတိပေးဆုံးမသည်– “အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သောသူငယ်ကဲ့သို့ဖြစ်၍၊ သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။” (၁ ပေတရု ၁:၁၄-၁၆) မသန့်ရှင်းမှု သို့မဟုတ် မှားယွင်းသည့်လုပ်ရပ်ကို ကျင့်ကြံသူများကို ပဲ့ပြင်တည့်မတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းမပြုပါက အသင်းတော်တစ်ခုလုံး ညစ်ညမ်းမှုဖြစ်စေကာ ယေဟောဝါ၏မျက်နှာသာတော်ကို ဆုံးရှုံးနိုင်သည်။—ယောရှု အခန်းကြီး ၇ နှိုင်းယှဉ်။

ကောရိန္သုမြို့ရှိ ခရစ်ယာန်အသင်းတော်ထံ တမန်တော်ပေါလုရေးခဲ့သည့်စာက မှားယွင်းမှုကိုအကြောင်းကြားခြင်းသည် ထိုနေရာရှိဘုရားသခင့်လူမျိုးတော်၌ သန့်စင်မှုကိုဖြစ်စေကြောင်း ဖော်ပြသည်။ မိမိ၏ပထမစာစောင်တွင် ပေါလုဤသို့ရေးခဲ့သည်– “အဘ၏မယားကိုသိမ်းယူခြင်းတည်းဟူသော [ခရစ်ယာန်] သာသနာပလူတို့တွင်ပင် မကြားရသောမေထုန်၌မှီဝဲသောသူသည် သင်တို့၌ရှိကြောင်းကို အနှံ့အပြားကျော်ဇောကြ၏။”—၁ ကောရိန္သု ၅:၁။

တမန်တော်သည် ဤသတင်းကို မည်သူထံမှကြားသိရကြောင်း သမ္မာကျမ်းစာကမဖော်ပြပါ။ ထိုအကြောင်းကို ကောရိန္သုမြို့မှ ပေါလုရှိနေသည့်ဧဖက်မြို့သို့ ရောက်ရှိလာသော သတေဖန်၊ ဖော်တုနတ်၊ အခါယကုတို့ထံမှ ပေါလုသိရှိရခြင်းဖြစ်ပေမည်။ ကောရိန္သုမြို့ရှိ ခရစ်ယာန်အသင်းတော်မှ မေးမြန်းထားသည့်စာတစ်စောင်ကိုလည်း ပေါလုရရှိထားသည်။ မည်သူ့ထံမှကြားရသည်ဖြစ်စေ ထိုအခြေအနေကို ယုံကြည်စိတ်ချရသောသက်သေများက တိုင်ကြားခဲ့ပြီးနောက် ပေါလုသည် ထိုကိစ္စအတွက်လမ်းညွှန်ချက် ပေးနိုင်ခဲ့သည်။ သူက “ထိုသို့ဆိုးညစ်သောသူကို သင်တို့အထဲမှနှင်ထုတ်ကြလော့” ဟုရေးသားခဲ့သည်။ ထိုသူသည် အသင်းတော်ထဲမှ နှင်ထုတ်ခြင်းခံခဲ့ရသည်။—၁ ကောရိန္သု ၅:၁၃; ၁၆:၁၇၊ ၁၈။

ပေါလု၏ညွှန်ကြားချက်က ကောင်းသောအကျိုး ဖြစ်ထွန်းစေပါသလော။ အမှန်ပင်ဖြစ်ထွန်းစေခဲ့သည်! မှားယွင်းသူသည် သတိတရားပြန်ရကြောင်း ထင်ရှားသည်။ ကောရိန္သုအသင်းသားများထံရေးခဲ့သည့် မိမိ၏ဒုတိယစာစောင်တွင် ပေါလုက ထိုနောင်တယူသူ၏ “အပြစ်ကိုလွှတ်၍ သူ့ကိုနှစ်သိမ့်” ပေးရန် အသင်းတော်အားတိုက်တွန်းခဲ့သည်။ (၂ ကောရိန္သု ၂:၆-၈) ထို့ကြောင့် မှားယွင်းမှုကိုတိုင်ကြားခြင်းက အသင်းတော်သန့်ရှင်းခြင်းနှင့် ဘုရားသခင်နှင့်မိမိဆက်ဆံရေးကို ဖျက်ဆီးသူတစ်ဦးအား ဘုရားသခင့်မျက်နှာသာတော်ကို ပြန်လည်ရရှိစေခြင်းတို့ကို ဖြစ်ပေါ်စေသည့်လုပ်ရပ်သို့ ဦးတည်စေသည်။

အခြားနမူနာတစ်ခုကို ကောရိန္သုမြို့မှ ခရစ်ယာန်အသင်းတော်ထံ ပေါလုရေးခဲ့သည့် ပထမစာစောင်၌ တွေ့ရသည်။ ဤတစ်ကြိမ်တွင် အကြောင်းကြားသည့်သက်သေများကို အမည်တပ်၍ဖော်ပြခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းရှိသည်ကို ခလောဣအိမ်သားအချို့တို့သည် ပြောကြ၏။” (၁ ကောရိန္သု ၁:၁၁) ယင်းသို့မသင့်မတင့်ရန်တွေ့မှုအပြင် လူများကိုအလွန်အကျွံဂုဏ်တင်ခြင်းက အသင်းတော်စည်းလုံးမှုကို ပျက်စီးစေသည့် သင်းခွဲသောသဘောထားကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ပေါလုသည် ထိုနေရာရှိယုံကြည်သူချင်းတို့၏ ဝိညာဉ်ရေးကောင်းကျိုးကို အလေးအနက်အာရုံစိုက်သောအားဖြင့် ချက်ချင်းလုပ်ဆောင်၍ အမှားပြင်ပေးသောသွန်သင်ချက်ကို အသင်းတော်သို့ရေးသားခဲ့သည်။

ယနေ့ ကမ္ဘာတစ်ဝန်းရှိအသင်းတော်များမှ ညီအစ်ကို၊ ညီအစ်မအားလုံးနီးပါးသည် ဘုရားသခင်ရှေ့မျက်နှာသာရအခြေအနေကို တစ်ဦးချင်းအနေနှင့် ဆက်လက်ထိန်းသိမ်းခြင်းဖြင့် အသင်းတော်၏ဝိညာဉ်ရေးသန့်ရှင်းမှုကို ကာကွယ်ထိန်းသိမ်းရန် ကြိုးစားကြသည်။ ယင်းသို့ပြုခြင်းကြောင့် အချို့သူတို့သည် ဒုက္ခခံရကြသည်; အခြားသူတို့မူ သမာဓိစောင့်သိရန် အသေပင်ခံခဲ့ကြသည်။ မှားယွင်းမှုကိုလျစ်လျူရှုခြင်း သို့မဟုတ် ဖုံးအုပ်ခြင်းသည် အဆိုပါကြိုးစားအားထုတ်မှုများကို လေးမြတ်မှုကင်းကြောင်း တင်ပြရာရောက်သည်မှာသေချာသည်။

အပြစ်ပြုသူများအတွက်အကူအညီ

ကြီးလေးသောအပြစ်ပြုမိသူအချို့တို့သည် အသင်းတော်အကြီးအကဲများထံ ချဉ်းကပ်ဖို့အဘယ်ကြောင့်တွန့်ဆုတ်ကြသနည်း။ အကြီးအကဲများထံသွားရောက်ခြင်း အကျိုးကျေးဇူးကို သူတို့သတိမထားခြင်းကြောင့် ဖြစ်လေ့ရှိသည်။ အချို့သူတို့က မိမိတို့သွား၍ဝန်ခံပါက မိမိတို့အပြစ်ကို အသင်းတော်တစ်ခုလုံးရှေ့ ဖွင့်ပြခံရမည်ဟု လွဲမှားစွာထင်မှတ်ကြသည်။ အခြားသူများကမူ မိမိတို့လုပ်ရပ်၏ကြီးလေးမှုနှင့်ပတ်သက်၍ ကိုယ့်ကိုကိုယ်လှည့်စားကြသည်။ အချို့ကျပြန်လျှင် အကြီးအကဲများ၏အကူအညီမပါဘဲ မိမိတို့ကိုယ်ကိုပြုပြင်တည့်မတ်နိုင်မည်ဟု ထင်မှတ်ကြသည်။

သို့သော် ထိုသို့သောမှားယွင်းသူများသည် အသင်းတော်အကြီးအကဲများထံမှ မေတ္တာပါသောအကူအညီလိုအပ်ကြသည်။ ယာကုပ်ဤသို့ရေးသားခဲ့သည်– “နာသောသူရှိလျှင်၊ သင်းအုပ်တို့ကိုခေါ်၍ သူတို့သည် ထာဝရဘုရား၏နာမတော်ကိုအမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာဆုတောင်းကြစေ။ ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ [ဆုတောင်းခြင်း] သည် လူနာကိုကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည်အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။”—ယာကုပ် ၅:၁၄၊ ၁၅။

မှားယွင်းသူတို့၏ဝိညာဉ်ရေးရာကို ပြန်လည်ထူမရန်ထောက်ကူသည့် ထူးမြတ်သောပြင်ဆင်ပေးချက်ပါတကား! ဘုရားသခင့်နှုတ်ကပါဌ်တော်မှ နှစ်သိမ့်မှုပေးသော သွန်သင်ချက်ကိုအသုံးပြု၍ သူတို့အတွက်ဆုတောင်းပေးခြင်းအားဖြင့် အကြီးအကဲများသည် ဝိညာဉ်ရေးအရဖျားနာနေသူများကို သူတို့၏မှားယွင်းသောလမ်းစဉ်မှ ပြန်လှည့်လာဖို့ကူညီပေးနိုင်ပါသည်။ ထို့ကြောင့် ပြစ်တင်ခံရသည်ဟုခံစားရမည့်အစား မေတ္တာရှိသောအကြီးအကဲများနှင့် တွေ့ရသည့်အခါ နောင်တရသူသည် စိတ်လန်းဆန်း၍ သက်သာရာရသွားလေ့ရှိသည်။ အနောက်အာဖရိကလူငယ်တစ်ဦးသည် မတရားမေထုန်ကျူးလွန်မိပြီး သူ၏အပြစ်ကိုလအတော်ကြာကြာ ဖုံးအုပ်ထားခဲ့သည်။ သူ့အပြစ်ထင်ရှားလာပြီးနောက် အကြီးအကဲများအား သူဤသို့ပြောခဲ့သည်– “အဲဒီမိန်းကလေးနဲ့ကျွန်တော် ပတ်သက်ခဲ့တဲ့ကိစ္စအကြောင်း တစ်ယောက်ယောက်က ကျွန်တော့်ကို လာမေးစေချင်လိုက်တာ! အဲဒါကိုဖွင့်ပြောလိုက်မှ တကယ့်ကိုရင်ပေါ့သွားတော့တယ်။”—ဆာလံ ၃၂:၃-၅ နှိုင်းယှဉ်။

စည်းမျဉ်းပေါ်အခြေခံသည့်မေတ္တာလုပ်ရပ်

နှစ်ခြင်းခံပြီးသည့် ဘုရားသခင့်ကျေးကျွန်များသည် “သေခြင်းမှအသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်” ကြသည်။ (၁ ယောဟန် ၃:၁၄) သို့သော် ကြီးလေးသောအပြစ်ကို သူတို့ကျူးလွန်ပါက သေခြင်းလမ်းသို့ ပြန်လှည့်သွားရာရောက်သည်။ သူတို့သည် ကူညီမခံရလျှင် မှားယွင်းသောလမ်းစဉ်၌ ဆက်လက်ခိုင်မာလာပြီး နောင်တရ၍ မှန်သောဘုရားသခင့်ဝတ်ပြုရေးသို့ ပြန်လာလိုသောဆန္ဒမရှိကြတော့ပေ။—ဟေဗြဲ ၁၀:၂၆-၂၉။

မှားယွင်းမှုကို တိုင်ကြားခြင်းသည် မှားယွင်းသူ၏အကျိုးကိုအမှန်လိုလားသည့် လုပ်ရပ်တစ်ခုဖြစ်သည်။ ယာကုပ်ဤသို့ရေးသားခဲ့သည်– “ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ သူတစ်ပါးသည် ထိုသူကိုပြန်စေလျှင်မူကား၊ အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှပြန်စေသောသူသည်၊ ဝိညာဉ်ကိုသေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်သည်ဟု ထိုသူသည်သိမှတ်စေ။”—ယာကုပ် ၅:၁၉၊ ၂၀။

သို့ဖြစ်လျှင် မကောင်းမှုပြုခြင်းကို အဘယ့်ကြောင့်တိုင်ကြားသင့်သနည်း။ အကြောင်းမှာ ယင်းသို့ပြုခြင်းသည် ကောင်းသောအကျိုးဖြစ်ထွန်းစေသောကြောင့်တည်း။ မှားယွင်းမှုကို အကြောင်းကြားခြင်းသည် ဘုရားသခင်အပေါ်၊ အသင်းတော်နှင့် မှားယွင်းသူအပေါ် စည်းမျဉ်းပေါ်အခြေခံသည့် ခရစ်ယာန်မေတ္တာကို ပြသရာရောက်သည်။ အသင်းတော်သားတစ်ဦးစီအနေနှင့် ဘုရားသခင်၏ဖြောင့်မတ်သောစံနှုန်းများကို သစ္စာရှိစွာလိုက်နာကြသည်နှင့်အမျှ ယေဟောဝါသည် အသင်းတော်တစ်ခုလုံးအပေါ် ကြွယ်ဝစွာကောင်းချီးသွန်းလောင်းပါလိမ့်မည်။ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်– “သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏နေ့ရက်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့ကိုအဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။”—၁ ကောရိန္သု ၁:၈။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အကြီးအကဲများနှင့်စကားပြောရန် အပြစ်ပြုသူသက်သေခံတစ်ဦးကို အားပေးတိုက်တွန်းခြင်းသည် မေတ္တာပြရာရောက်သည်

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အကြီးအကဲများသည် အပြစ်ပြုသူများကို ဘုရားသခင့်မျက်နှာသာတော် ပြန်လည်ရရှိစေရန်ကူညီပေးသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ