စာရှုသူများထံမှ မေးခွန်းလွှာ
စိတ်ရောဂါကုဆရာဝန်နှင့် ဆွေးနွေးခြင်းသည် ခရစ်ယာန်တစ်ဦးအတွက် ပညာရှိရာကျမည်လော။
နိုင်ငံအချို့မှ သတင်းများက ဤ ‘နောက်ဆုံးကာလ’ တွင် စိတ်လှုပ်ရှားမှုနှင့် စိတ်ပိုင်းမကျန်းမာမှုများ တိုးများလာနေကြောင်း ဖော်ပြသည်။ (၂ တိမောသေ ၃:၁) ခရစ်ယာန်များသည် ယုံကြည်သူချင်းတို့ဝေဒနာခံစားရသောအခါတွင် အလွန်စာနာထောက်ထားမှု တင်ပြကြသော်လည်း နာမကျန်းမှုအတွက် ကုသမှုခံယူမည်၊ မခံယူမည်၊ ခံယူမည်ဆိုလျှင် မည်သို့သောကုသမှုမျိုးဆိုသည်ကို တစ်ဦးစီသည် ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သူတို့အသိအမှတ်ပြုကြသည်။a “လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။” (ဂလာတိ ၆:၅) စိတ်ကစဉ့်ကလျားရောဂါ၊ စိတ်ရွစိတ်ကျရောဂါ၊ ပြင်းထန်သည့်စိတ်ကျဝေဒနာ၊ ဥပါဒါန်အစွဲက အတင်းအကျပ်ပြုသော စိတ်ဗယောက်ဗယက်ဝေဒနာ၊ ကိုယ့်ကိုယ်ကို ဆုတ်ဖြတ်ဖျက်ဆီးခြင်းနှင့် ဒုက္ခပေးသည့် အခြားစိတ်ဗယောက်ဗယက်ဝေဒနာများ အပြင်းအထန်ခံစားနေရသူအချို့သည် မှန်ကန်တတ်ကျွမ်းသည့်အကူအညီရရှိပြီးနောက် အတော်အတန်ပုံမှန်နေထိုင်သွားလာနိုင်ခဲ့ကြသည်။
ကုထုံးရှာဖွေခြင်းသည် အချို့နေရာများတွင် အလွန်ရေပန်းစားလာနေပြီ။ ကိစ္စများစွာတွင် ပြင်းပြင်းထန်ထန် စိတ်ဗယောက်ဗယက်ဖြစ်ခြင်းမရှိဘဲ ဘဝတွင် အခြေအနေတချို့ကို ဖြေရှင်းဖို့ အခက်တွေ့နေခြင်းဖြစ်သည်။ သို့သော်၊ အဆိုပါ ခက်ခဲသောဘဝပြဿနာများကို ကိုင်တွယ်ရာတွင် အထိရောက်ဆုံးအကူအညီပေးသည်ကား ကျမ်းစာပင်တည်း။ (ဆာလံ ၁၁၉:၂၈၊ ၁၄၃) ယေဟောဝါသည် ကျမ်းစာမှတစ်ဆင့် ကျွန်ုပ်တို့အား စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုဘက် သန်စွမ်းစေသည့် ဉာဏ်ပညာ၊ တွေးတောဆင်ခြင်နိုင်စွမ်းနှင့် စစ်မှန်သောအသိပညာတို့ကို ထောက်ပံ့ပေးတော်မူသည်။ (သု. ၂:၁-၁၁; ဟေဗြဲ ၁၃:၆) ဘုရားသခင့်သစ္စာရှိကျေးကျွန်များသည် ရင်ထဲတွင် အပြင်းအထန် ဗလောင်ဆူမှုကြောင့် ရံဖန်ရံခါဆိုသလို မဆင်မခြင်ပြောဆိုပြုမူမိပေမည်။ (ယောဘ ၆:၂၊ ၃) ဤကဲ့သို့သောသူများသည် အကူအညီနှင့် ဩဝါဒအတွက် အကြီးအကဲများကိုခေါ်ဖို့ ယာကုပ် ၅:၁၃-၁၆ က တိုက်တွန်းထားသည်။ ခရစ်ယာန်တစ်ယောက်သည် ဝိညာဉ်ရေးအရ ဖျားနာနေပေမည်၊ သို့မဟုတ် ပြောင်းလဲ၍မရသောအခြေအနေတစ်ခုကြောင့်သော်လည်းကောင်း၊ စိတ်ဖိစီးမှုကြောင့်သော်လည်းကောင်း စိတ်ဓာတ်ကျနေပေမည်၊ သို့တည်းမဟုတ် မိမိသည်မတရားသဖြင့်ခံနေရသူဖြစ်သည်ဟု ခံစားရပေမည်။ (ဒေသနာ ၇:၇; ဟေရှာယ ၃၂:၂; ၂ ကောရိန္သု ၁၂:၇-၁၀) ထိုကဲ့သို့သောသူသည် ‘သူ့အားဆီနှင့်လူးပေးခြင်း’ ဖြစ်သည့် သက်သာမှုပေးသော ကျမ်းစာသြဝါဒကို ကျွမ်းကျွမ်းကျင်ကျင်ပေးပြီး “သူ့အပေါ်မှာ ဆုတောင်း” ပေးကြမည့် အကြီးအကဲများထံမှ အကူအညီ ရယူနိုင်ပါသည်။ ရလဒ်ကားအသို့နည်း။ “ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် [စိတ်ပျက်အားလျော့နေခြင်း သို့မဟုတ် ဘုရားသခင်၏စွန့်ပစ်ခြင်းကို ခံထားရသည်ဟု ခံစားနေရခြင်းမှ] သူ့ကို ထမြောက်စေတော်မူမည်။”
သို့သော် လူတစ်ဦးသည် ဝိညာဏသိုးထိန်းများ၏ ကျွမ်းကျင်သောအကူအညီရရှိပါလျက်နှင့် စိတ်ဓာတ်ကျမှုနှင့် စိတ်ရှုပ်ထွေးမှု ဆက်ဖြစ်နေလျှင်ကော အသို့နည်း။ ဤအခြေအနေတွင် အချို့သူများသည် ကိုယ်ခန္ဓာအထူးစမ်းသပ်မှုကို ခံယူရန် ရွေးချယ်ခဲ့ကြသည်။ (သု. ၁၄:၃၀; ၁၆:၂၄; ၁ ကောရိန္သု ၁၂:၂၆ နှိုင်းယှဉ်။) ကာယရေးပြဿနာသည် စိတ်လှုပ်ရှားမှုနှင့် စိတ်ဖိစီးမှုတို့ကိုပေါ်ပေါက်စေသောအကြောင်း ဖြစ်နိုင်သည်။ ဤကဲ့သို့သောပြဿနာမျိုးကို ကုသခြင်းသည် အချို့ကိစ္စများ၌ စိတ်လှုပ်ရှားမှုဘက် နာမကျန်းဖြစ်နေသူကို သက်သာသွားစေသည်။b ကာယရေးပြဿနာမတွေ့ရပါက တောင်းခံလာမှုပေါ်မူတည်ပြီး ဆရာဝန်သည် စိတ်ရောဂါကု ကျွမ်းကျင်သူတစ်ဦးထံ လမ်းညွှန်ပေးပေမည်။ ထိုအချိန်တွင် သင်ဘာလုပ်သင့်သနည်း။ ပြောရမည်ဆိုလျှင် ယင်းသည် ကိုယ်တိုင်ချင့်ချိန်ရမည့် ဆုံးဖြတ်ချက်ဖြစ်သည်။ အခြားသူများက အပြစ်ရှာခြင်း သို့မဟုတ် စီရင်ဆုံးဖြတ်ပေးခြင်း မပြုသင့်ပါ။—ရောမ ၁၄:၄။
မည်သို့ပင်ဖြစ်ပါစေ လက်တွေ့ကျဉာဏ်ပညာကို ကျင့်သုံးရမည်ဖြစ်ပြီး ကျမ်းစာမူများကို မေ့မသွားဖို့ ဂရုပြုရမည်။ (သု. ၃:၂၁; ဒေသနာ ၁၂:၁၃) ကာယဖျားနာမှုကိစ္စတွင် လူနာများသည် သမားရိုးကျဆေးကုသနည်းမှ သဘာဝပစ္စည်းများဖြင့် ကုသခြင်း၊ ဓာတ်အပ်စိုက်ကုသခြင်းနှင့် ဓာတ်ကြမ်းကုနည်းကဲ့သို့သော ကုထုံးများအထိ ရွေးချယ်စရာ ကုသမှုအမျိုးမျိုးကို ရင်ဆိုင်ကြရသည်။ စိတ်ရောဂါကု ဆရာဝန်အမျိုးမျိုးလည်း ရှိပြန်သည်။ ထိုသူများထဲမှ စိစစ်စိတ်ကုထုံးပညာရှင်များနှင့် အခြားသူများသည် မူမမှန်သောအပြုအမူ သို့မဟုတ် နာကျင်သောစိတ်လှုပ်ရှားမှုအတွက် အကြောင်းရင်းများကို ကြိုးစားရှာဖွေရန် လူနာ၏ကိုယ်ရေးရာဇဝင်ကို သုတေသနပြုစူးစမ်းပေမည်။ အပြုအမူဆိုင်ရာ စိတ်ကုထုံးပညာရှင်များသည် လူနာဖြစ်သူအား အပြုအမူအသစ်ပုံစံများကို သင်ယူရန် ကြိုးစားကူညီပေးပေမည်။ စိတ်ရောဂါကုဆရာဝန်အချို့က စိတ်နာမကျန်းဖြစ်မှုအများစုကို ဆေးဝါးများဖြင့် ကုသင့်သည်ဟု လက်ခံထားကြသည်။c သတင်းပေးပို့ချက်များအရ အခြားသူများမူ ဓာတ်စာနှင့် ဗီတာမင်များဘက်မှ ထောက်ခံပြောဆိုကြပြန်သည်။
အဆိုပါရွေးချယ်စရာများကို စဉ်းစားသောအခါ လူနာများနှင့် သူတို့၏မိသားစုတို့သည် သတိထားသင့်သည်။ (သု. ၁၄:၁၅) ဂျွန်ဟော့ပ်ကင်းစ် ဆေးတက္ကသိုလ်မှ စိတ်ရောဂါကုနှင့် အပြုအမူသိပ္ပံဌာန၏ ဒါရိုက်တာဖြစ်သူ ပါမောက္ခပေါလ် မခယူးက စိတ်ရောဂါကုသမှုလုပ်ငန်းသည် “မတိုးတက်သေးသော ဆေးပညာရပ်ဖြစ်သည်။ အရှုပ်ထွေးဆုံး လူ့ဘဝ၏အခြင်းအရာများ—စိတ်နှင့် အပြုအမူတို့၏ ဗယောက်ဗယက်ဖြစ်မှုများကို ဒိုင်ခံဖြေရှင်းပေးနေရသကဲ့သို့ပင် ယင်း၏အကြံပြုချက်များအတွက် သက်သေအထောက်အထားများရရှိဖို့ မလွယ်ပါ” ဟု အဓိပ္ပာယ်ပါပါပြောခဲ့သည်။ ဤအခြေအနေသည် ပေါကြောင်ကြောင်နိုင်မှု၊ အယောင်ဆောင်မှုအပြင် ကောင်းကျိုးထက် ဆိုးကျိုးကိုပို၍ပေးနိုင်သည့် စိတ်ရင်းကောင်းဖြင့်ကုသမှုများအတွက် လမ်းပွင့်သွားစေသည်။
စိတ်ရောဂါကုဆရာဝန်များနှင့် စိတ်ပညာရှင်များသည် အတတ်ပညာကျွမ်းကျင်မှုဆိုင်ရာ ဘွဲ့လွန်ဒီဂရီများရထားစဉ်တွင် မြင့်မားသည့်အရည်အချင်းမရှိသည့် အခြားသူများစွာသည် အထိန်းအကွပ်မရှိဘဲ အကြံပေးဉာဏ်ပေးပုဂ္ဂိုလ်များ သို့မဟုတ် ကုထုံးပညာရှင်များအလား လက်တည့်စမ်းနေကြသည်ကိုလည်း ဖော်ပြသင့်သည်။ အချို့သူများသည် အရည်အချင်းမရှိသည့် ဤကဲ့သို့သောပုဂ္ဂိုလ်များနှင့် ဆွေးနွေးရာတွင် ငွေအမြောက်အမြား ကုန်ခန်းခဲ့ကြပြီ။
လေ့ကျင့်ထားပြီး အရည်အချင်းရှိသော စိတ်ရောဂါကုကျွမ်းကျင်သူတစ်ဦးဖြင့်ပင်လျှင် ထည့်သွင်းစဉ်းစားစရာများရှိသည်။ ဆေးဘက်ဆိုင်ရာဆရာဝန် သို့မဟုတ် ခွဲစိတ်အထူးကုတစ်ဦးကိုရွေးချယ်သည့်အခါတွင် ထိုသူသည် ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုသော ရှုမြင်ချက်များကိုလေးစားမည်ဖြစ်ကြောင်း သေချာစေရမည်။ အလားတူစွာ ကျွန်ုပ်တို့၏ဘာသာရေးနှင့် စာရိတ္တရေးရှုမြင်ချက်များကို မလေးစားသည့် စိတ်ရောဂါကုကျွမ်းကျင်သူတစ်ဦးနှင့် ဆွေးနွေးခြင်းသည် အန္တရာယ်ရှိမည်ဖြစ်သည်။ ခရစ်ယာန်များစွာသည် စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်း ရှုပ်ထွေးနေသည့်ကြားမှ “ခရစ်တော်ယေရှုတွင်ရှိသည့် ထပ်တူစိတ်သဘောထားမျိုး” ရှိရန် အင်တိုက်အားတိုက်ကြိုးစားနေကြသည်။ (ရောမ ၁၅:၅၊ ကဘ) သူတို့သည် မိမိတို့၏အတွေးအခေါ် သို့မဟုတ် အပြုအမူကို ထိခိုက်စေနိုင်သည့် တစ်ဦးတစ်ယောက်၏သဘောထားများကို အမှန်ပင်စိုးရိမ်မကင်းဖြစ်ကြသည်။ အချို့ဆရာဝန်များသည် ကျမ်းစာနှင့်ညီသော ယုံကြည်ချက်များက ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်တစ်မျိုးမျိုးကို မလိုအပ်သောအရာအဖြစ်လည်းကောင်း၊ စိတ်ပိုင်းကျန်းမာရေးကို ထိခိုက်နိုင်ချေရှိသောအရာအဖြစ်လည်းကောင်း ရှုမြင်ကြသည်။ သူတို့သည် ကျမ်းစာတွင်ရှုတ်ချထားသည့် လိင်တူမေထုန် သို့မဟုတ် အိမ်ထောင်ရေးသစ္စာမဲ့မှုကဲ့သို့သော အကျင့်အကြံများကို သဘောတူ ထောက်ခံပင်ထောက်ခံပေမည်။
ဤသဘောတရားများသည် “လူအချို့တို့မှားယွင်းစွာခေါ်ဆိုသည့် ‘အသိပညာ’ အကြောင်းနှင့်ပတ်သက်၍ အငြင်းပွားမှု” ဟု ပေါလု ကင်ပွန်းတပ်ထားသည့်အရာတွင် ပါဝင်သည်။ (၁ တိမောသေ ၆:၂၀၊ သတင်းကောင်း) ယင်းတို့သည် ခရစ်တော်နှင့်ပတ်သက်သည့် အမှန်တရားနှင့် ဆန့်ကျင်ပြီး “လောကီတရားနုကိုလိုက်၍ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်” တို့၏အဝင်ဖြစ်သည်။ (ကောလောသဲ ၂:၈) ကျမ်းစာမှတ်ကျောက်ကား ရှင်းပါသည်– “ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြုသော ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်၊ အကြံအစည်များသည် မတည်နိုင်ချေ။” (သု. ၂၁:၃၀၊ သမ) “မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်း” ပြောသော စိတ်ရောဂါကုဆရာဝန်များသည် “မကောင်းသောသူတို့” ဖြစ်သည်။ သူတို့သည် စိတ်မတည်ငြိမ်မှုကို ကုစားပေးနိုင်ဖို့ဝေးစွ၊ “ကောင်းသောအကျင့်ဓလေ့ကို ယိုယွင်းပျက်စီးစေ” မည်ဖြစ်သည်။—ဟေရှာယ ၅:၂၀; ၁ ကောရိန္သု ၁၅:၃၃။
သို့ဖြစ်သောကြောင့် စိတ်ရောဂါကုကျွမ်းကျင်သူတစ်ဦးနှင့် ဆွေးနွေးဖို့လိုသည်ဟု ယူမှတ်သောခရစ်ယာန်တစ်ဦးသည် ဆရာဝန်၏ အရည်အချင်းများ၊ သဘောထား၊ ဂုဏ်ပုဒ်နှင့် ထောက်ခံထားသည့် ကုသမှုတိုင်း၏ ပေါ်ပေါက်လာနိုင်သော အကျိုးဆက်တို့ကို စိစစ်သုံးသပ်သင့်သည်။ စိတ်ဓာတ်ကျနေသော ခရစ်ယာန်တစ်ဦးသည် ယင်းကိစ္စကို မိမိကိုယ်တိုင်မလုပ်ဆောင်နိုင်ပါက ရင့်ကျက်သော မိတ်ဆွေရင်း သို့မဟုတ် ဆွေမျိုးရင်းချာတစ်ယောက်က အကူအညီပေးနိုင်ဖွယ်ရှိပေမည်။ ခရစ်ယာန်တစ်ဦးသည် ကုသမှုတစ်ခုနှင့်ပတ်သက်၍ ဉာဏ်မမီပါက အသင်းတော်အကြီးအကဲများနှင့် ပြောဆိုခြင်းသည် အကူအညီဖြစ်စေနိုင်သော်လည်း အဆုံးသတ်ဆုံးဖြတ်ချက်မှာမူ ကိုယ်တိုင်ဆုံးဖြတ်ချက် (သို့မဟုတ် သူ့မိဘများ၏ဆုံးဖြတ်ချက်၊ သို့မဟုတ် လင်မယားနှစ်ယောက်ပူးပေါင်းဆုံးဖြတ်ချက်) ဖြစ်သည်။d
သိပ္ပံပညာသည် အတိတ်ကာလထက် ယခုကာလတွင် ဝေဒနာကို များစွာပို၍သက်သာရန် စွမ်းဆောင်နိုင်ပါသည်။ သို့သော် လက်ရှိအချိန်တွင် ကုသ၍မရနိုင်ဘဲ ဤအစီအစဉ်တစ်လျှောက် ဆက်၍ခံရပ်သွားဖို့ရှိသည့်—ကာယစိတ္တနှစ်ဖြာစလုံးနှင့်ဆိုင်သော—ရောဂါများစွာရှိပါသည်။ (ယာကုပ် ၅:၁၁) ဤကာလအတွင်း “သစ္စာနှင့်သတိပညာရှိသောကျွန်”၊ အကြီးအကဲများနှင့် အသင်းတော်ရှိ အခြားသူအားလုံးသည် နာမကျန်းဖြစ်သူများကို စာနာထောက်ထားကာ အထောက်အပံ့ပေးရန် လက်ကမ်းထားကြပါသည်။ အဖျားအနာမရှိတော့မည့် ကျက်သရေမင်္ဂလာထွန်းပြောင်သော အခါသမယအထိ ခံရပ်သွားရန် ယေဟောဝါရှင် ကိုယ်တော်တိုင် သူတို့အား စွမ်းအားပေးတော်မူပါသည်။—မဿဲ ၂၄:၄၅၊ သမ; ဆာလံ ၄၁:၁-၃; ဟေရှာယ ၃၃:၂၄။
[အောက်ခြေမှတ်ချက်များ]
a တစ်ခါတစ်ရံ လူတစ်ဦးသည် စိတ္တဇရောဂါစစ်ဆေးအကဲဖြတ်မှုကို ခံယူဖို့ တောင်းဆိုခံရပေမည်။ အဆင့်မြင့်လုပ်ငန်းအတွက် ထည့်သွင်းစဉ်းစားခံနေရသောအခါတွင် ဖြစ်နိုင်သည်။ တစ်ဦးတစ်ယောက်သည် ဤကဲ့သို့သော စစ်ဆေးအကဲဖြတ်မှုကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သော်လည်း စိတ္တဇစစ်ဆေးအကဲဖြတ်မှုသည် စိတ္တဇရောဂါကုသမှုမဟုတ်ကြောင်း မှတ်သားထားသင့်သည်။
b မတ်လ ၁ ရက်၊ ၁၉၉၀ ထုတ် ကင်းမျှော်စင် ပါ “စိတ်ကျဝေဒနာ တိုက်ပွဲကို အောင်ပွဲဆင်ခြင်း” [လိပ်] တွင် ရှု။
c စိတ်နာမကျန်းမှုတချို့သည် မှန်ကန်သောဆေးပေးကုသမှုရရှိလျှင် ကောင်းကောင်းဆေးတိုးပုံရသည်။ သို့သော် ဆေးဝါးအတိုင်းအဆများကို မှန်ကန်စွာအပြောင်းအလဲမလုပ်ပေးပါက ပြင်းထန်သည့် မလိုလားအပ်သောအကျိုးများ ရှိလာနိုင်သောကြောင့် ဤဆေးဝါးပေးကုသမှုများကို ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော ဆေးဘက်ဆိုင်ရာဆရာဝန်များ သို့မဟုတ် စိတ်ရောဂါကုဆရာဝန်များ၏ လမ်းညွှန်မှုအောက်တွင် သတိထားသုံးရမည်။
d အောက်တိုဘာ ၁၅ ရက် ၁၉၈၉၊ ကင်းမျှော်စင် ပါ “စိတ်ဝေဒနာ—ခရစ်ယာန်တစ်ဦးခံစားရသောအခါ” ဆောင်းပါးကို ရှု။