အစောပိုင်းခရစ်ယာန်ဘာသာ နှင့် နိုင်ငံတော်
ယရှုသည် မိမိမသေဆုံးမီ အချိန်အနည်းငယ်အလို၌ တပည့်တော်များအား “သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြ၏” ဟု မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၅:၁၉) သို့သော် ယင်းက ခရစ်ယာန်များသည် ဤလောကအာဏာပိုင်များအပေါ် မလိုလားသည့်သဘောထားကို ခံယူရမည်ဟု ဆိုလိုသလော။
လောကီမဆန်သော်လည်း မလိုလားသည့်သဘောထားမရှိ
ရောမတွင် နေထိုင်လျက်ရှိကြသော ခရစ်ယာန်များအား တမန်တော်ပေါလုက “အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ” ဟု မှာကြားခဲ့၏။ (ရောမ ၁၃:၁) ထိုနည်းထပ်တူ တမန်တော်ပေတရုက “သခင်ဘုရား၏မျက်နှာတော်ကိုထောက်လျက် အထွတ်အမြတ်တည်းဟူသောရှင်ဘုရင်ဖြစ်စေ၊ လူဆိုးတို့ကို ဒဏ်စီရင်စေခြင်းငှာလည်းကောင်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှာလည်းကောင်း၊ ရှင်ဘုရင်ခန့်ထားသောဝန်မင်းဖြစ်စေ၊ လူတို့တွင်စီရင်ခန့်ထားသမျှသောမင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့” ဟု ရေးသားခဲ့သည်။ (၁ ပေတရု ၂:၁၃၊ ၁၄) နိုင်ငံတော်နှင့် ထိုက်သင့်စွာခန့်အပ်ထားသော ကိုယ်စားလှယ်တော်များကို လက်အောက်ခံခြင်းသည် အစောပိုင်းခရစ်ယာန်များ လက်သင့်ခံထားသည့် မူတစ်ရပ်ဖြစ်ကြောင်း ရှင်းနေပါသည်။ ဥပဒေလိုက်နာသော နိုင်ငံသားများဖြစ်ရန်၊ လူအားလုံးနှင့် ငြိမ်းချမ်းစွာနေထိုင်ရန် သူတို့ကြိုးစားအားထုတ်ကြသည်။—ရောမ ၁၂:၁၈။
“အေဒီ အစောပိုင်းရာစုသုံးခု၌ ခရစ်ယာန်ချာ့ချ်သည် ရောမအစိုးရအသိုင်းအဝိုင်းနှင့် လွန်စွာသီးခြားဖြစ်လှသည် . . . သို့သော်လည်း ခရစ်ယာန်ခေါင်းဆောင်များသည် . . . ခရစ်ယာန်ယုံကြည်ခြင်းတရားအားဖြင့် ချမှတ်ထားသော သတ်မှတ်ချက်အတွင်း ရောမဥပဒေကို နာခံရန်နှင့် ဧကရာဇ်ကို သစ္စာရှိရန် သွန်သင်ပေးသည်” ဟု The Encyclopedia of Religion က “ချာ့ချ်နှင့် နိုင်ငံတော်” ဟူသည့် အကြောင်းအရာအောက်တွင် ဖော်ပြထားသည်။
ရိုသေလေးစားခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းမဟုတ်
ခရစ်ယာန်များသည် ရောမဧကရာဇ်ကို မလိုလားသောသဘောထား မရှိပါ။ သူ၏အခွင့်အာဏာကို လေးစားပြီး သူ၏ရာထူးအဆင့်နှင့် ထိုက်တန်စွာ ရိုသေလေးစားကြသည်။ ဧကရာဇ်မင်းနီရိုး အုပ်စိုးစဉ်ကာလအတွင်းက တမန်တော်ပေတရုသည် “ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ . . . ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့” ဟု ရောမအင်ပါယာအရပ်ရပ်တို့တွင်နေထိုင်ကြသော ခရစ်ယာန်များထံသို့ ရေးသားခဲ့သည်။ (၁ ပေတရု ၂:၁၇) “ရှင်ဘုရင်” ဟူသည့် စကားလုံးသည် ဂရိဘာသာစကားလောက၌ ဒေသခံရှင်ဘုရင်အတွက်သာမကဘဲ ရောမဧကရာဇ်အတွက်လည်း အသုံးပြုသည်။ တမန်တော်ပေါလုက ရောမအင်ပါယာ၏မြို့တော်တွင်နေထိုင်ကြသော ခရစ်ယာန်များအား “လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့။ . . . ရိုသေထိုက်သောသူကို ရိုသေကြလော့” ဟု ဩဝါဒပေးခဲ့သည်။ (ရောမ ၁၃:၇) ရောမဧကရာဇ်အား ရိုသေလေးစားရန် အမှန်ပင်လိုအပ်ခဲ့သည်။ အချိန်တန်သော် ဝတ်ပြုကိုးကွယ်ဖို့ပင် လိုအပ်ခဲ့သည်။ သို့သော် အစောပိုင်းခရစ်ယာန်များသည် ဤနေရာ၌ မိမိတို့စွမ်းဆောင်ပေးနိုင်မည့်အတိုင်းအတာကို ဘောင်ခတ်ခဲ့သည်။
စီ.အီး. ဒုတိယရာစုတွင် ရောမဘုရင်ခံရှေ့ ၌ ညှဉ်းပန်းနှိပ်စက်ခံရစဉ် လူအများပြောပြချက်အရ ပေါလီကပ်က “ကျွန်တော် ခရစ်ယာန်တစ်ဦးပါ။ . . . ကျွန်တော်တို့ဟာ ထိုက်သင့်တဲ့ရိုသေလေးစားမှုအားလုံး . . . ဘုရားသခင်ခန့်အပ်တဲ့ အာဏာပိုင်များကို ပေးရမယ်လို့ သွန်သင်ထားခြင်းခံရပါတယ်” ဟု ကြွေးကြော်ခဲ့သည်။ သို့သော် ပေါလီကပ်သည် ဧကရာဇ်ကို ဝတ်ပြုမည့်အစား သေဖို့ရန် ရွေးချယ်ခဲ့သည်။ ဒုတိယရာစု ခုခံချေပသူ အန္တိအုပ်မှ သီအော့ဖ်လပ်စ်က “ကျွန်ုပ်သည် ဧကရာဇ်ကို ရိုသေလေးစား၍ သူ့ကို အမှန်တွင် ဝတ်ပြုခြင်းမဟုတ်သော်လည်း သူ့အတွက် ဆုတောင်းပေးပါ၏။ အသက်ရှင်၍ စစ်မှန်တော်မူထသော ဘုရားသခင်ကို အကျွန်ုပ် ဝတ်ပြုကိုးကွယ်၏” ဟု ရေးသားခဲ့သည်။
ဧကရာဇ်နှင့်ပတ်သက်သော လျောက်ပတ်သင့်လျော်သည့် ဆုတောင်းချက်များသည် . . . ဧကရာဇ်ဝတ်ပြုကိုးကွယ်မှု၊ မျိုးချစ်စိတ်ဓာတ်တို့နှင့် လုံးဝစပ်လျဉ်းခြင်းမရှိချေ။ “ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်း အမျိုးမျိုးကိုပြု၍ ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပို့ ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာပြုစေခြင်းငှာ ငါတိုက်တွန်းသွေးဆောင်၏” ဟု တမန်တော်ပေါလုက သူတို့၏ရည်ရွယ်ချက်ကို ရှင်းပြလေသည်။—၁ တိမောသေ ၂:၁၊ ၂။
“လူ့ဘောင်၏အစွန်အဖျားတွင်”
အစောပိုင်းခရစ်ယာန်များ၏အပိုင်းဘက်မှ ဤရိုသေလေးစားသောအပြုအမူများက သူတို့အသက်ရှင်နေထိုင်နေသောလောက၏မိတ်ဆွေ ဖြစ်မသွားစေပါ။ အေ. ဟာမဲန်က အစောပိုင်းခရစ်ယာန်များသည် “လူ့ဘောင်၏အစွန်အဖျားတွင် အသက်ရှင်ခဲ့သည်” ဟု ပြောပြသည်။ အမှန်ပင် သူတို့သည် ဂျူးနှင့် ရောမဟူသည့် လူ့ဘောင်လောကနှစ်ခု၏ အစွန်အဖျားတွင် အသက်ရှင်နေရကာ နှစ်ဖက်စလုံး၏ စိတ်စွန်းကွက်မှု၊ အထင်လွဲမှုနှင့်လည်း တွေ့ကြုံကြရသည်။
ဥပမာ ဂျူးခေါင်းဆောင်များ၏ မတရားစွပ်စွဲမှုကိုခံရစဉ်က တမန်တော်ပေါလုသည် ရောမအုပ်ချုပ်ရေးမှူးရှေ့ ၌ သူ၏ချေပချက်အနေနှင့် “အကျွန်ုပ်သည် ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကို မပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါ။ . . . ကဲသာဘုရင်၏အယူတော်ကို ခံပါမည်!” ဟု ထွက်ဆိုခဲ့သည်။ (တမန်တော် ၂၅:၈၊ ၁၁) ဂျူးများ သူ့ကိုသတ်ရန်ကြံစည်နေကြောင်း သိသောကြောင့် နီရိုးကို ပေါလု အယူခံခဲ့သည်။ သို့အားဖြင့် ရောမဧကရာဇ်၏အခွင့်အာဏာကို အသိအမှတ်ပြုခဲ့သည်။ နောက်ပိုင်း ရောမ၌ သူ၏ပထမအကြိမ်စစ်ဆေးစီရင်ခြင်းတွင် ပေါလု တရားသေလွတ်သွားပုံရ၏။ သို့သော် နောက်ပိုင်းတွင် တစ်ဖန်ထောင်ချခံရပြီး အစဉ်အလာအရ နီရိုး၏အမိန့်အားဖြင့် သူ့ကို သတ်ဖြတ်ခဲ့သည်ဟူ၏။
ရောမလူ့ဘောင်လောကရှိ အစောပိုင်းခရစ်ယာန်များ၏ ခက်ခဲသည့်အခြေအနေများနှင့်စပ်လျဉ်း၍ “အရုပ်ကိုးကွယ်မှု သို့မဟုတ် ဧကရာဇ်ဝတ်ပြုကိုးကွယ်မှု သို့မဟုတ် သွေးသွန်းခြင်းနှင့် ဆက်စပ်နေသည့်အရာတစ်စုံတစ်ခု သို့မဟုတ် သေဒဏ်အပြစ်ပေးမှု သို့မဟုတ် ခရစ်ယာန်များကို တိတ္ထိစာရိတ္တယိုယွင်းခြင်းနှင့် ဆက်နွှယ်သွားစေမည့် အရာများတို့နှင့်စပ်လျဉ်းသော ရုံးများနှင့် လုပ်ငန်းကိုင်ငန်းတို့မှ တားမြစ်ထားသည်” ဟု လူမှုရေးသိပ္ပံပညာရှင်နှင့် ဓမ္မပညာရှင်ဖြစ်သော အဲန်စ် တာရိုလက်ချ်က ရေးသားခဲ့သည်။ ဤအနေအထားက ခရစ်ယာန်များနှင့် နိုင်ငံတော်အကြား ငြိမ်းချမ်းသည့် သို့မဟုတ် အပြန်အလှန်လေးစားမှုရှိသည့် ဆက်ဆံရေးအတွက် နေရာမရှိဘဲဖြစ်စေသလော။
ကဲသာအား “ခံထိုက်သည်အတိုင်း” ပေးဆောင်ခြင်း
“ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” ဟု ယေရှု မိန့်တော်မူခဲ့စဉ်က ရောမနိုင်ငံအပေါ်၊ အမှန်တကယ်တွင် အခြားမည်သည့်အစိုးရအပေါ်၌မဆို ခရစ်ယာန်အမူအကျင့်ကို လွှမ်းမိုးလိမ့်မည့် စည်းမျဉ်းကို ကိုယ်တော်ပေးခဲ့ခြင်းဖြစ်သည်။ (မဿဲ ၂၂:၂၁) ယေရှု၏တပည့်တော်များကိုပေးခဲ့သော ဤသြဝါဒသည် ရောမစိုးမိုးခြယ်လှယ်ခြင်းကိုနာကြည်းကာ ဥပဒေအရတိုင်းတစ်ပါးအာဏာစက်အား အခွန်များပေးဆပ်ရခြင်းကို ငြင်းဆန်ကြသော မျိုးချစ်စိတ်ရှိသည့် ဂျူးများစွာတို့၏ သဘောထားနှင့် လုံးလုံးကွဲပြားပေသည်။
နောက်ပိုင်း ရောမတွင် နေထိုင်လျက်ရှိကြသော ခရစ်ယာန်များအား ပေါလုက “ထို့ကြောင့် ရာဇဝတ်ကို ကြောက်သောကြောင့်သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံရမည်မဟုတ်။ ကိုယ်ကိုကိုယ်သိသောစိတ်ကိုထောက်၍ ဝန်ခံရမည်။ ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့ [အစိုးရ “အထက်အာဏာပိုင်များ”] သည် ဘုရားသခင်၏အမှုစောင့်ဖြစ်၍ အမှုတော်ကို အမြဲထမ်းကြ၏။ ထိုကြောင့် လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ကိုခံထိုက်သောသူအား အကောက်ကိုလည်းကောင်း ပေးကြလော့” ဟု မှာကြားခဲ့သည်။ (ရောမ ၁၃:၅-၇) ခရစ်ယာန်များသည် လောက၏အစိတ်အပိုင်းမဟုတ်ကြသော်လည်း သူတို့သည် အစိုးရလုပ်ပေးသည်များအတွက် နိုင်ငံတော်ကို အခွန်အတုတ်ပေးဆောင်သော ရိုးသားသည့်နိုင်ငံသားဖြစ်ရမည်။—ယောဟန် ၁၇:၁၆။
သို့သော် ယေရှု၏စကားများသည် အခွန်အတုတ်ပေးဆောင်ခြင်း၌သာ ကန့်သတ်ထားသလော။ အဘယ်အရာသည် ကဲသာ၏ဥစ္စာ၊ အဘယ်အရာသည် ဘုရားသခင်၏ဥစ္စာဖြစ်သည်ကို ယေရှု အတိအကျမဖော်ပြခဲ့သောကြောင့် စကားအဆက်အစပ်အရ သို့မဟုတ် ကျမ်းစာတစ်အုပ်လုံးအပေါ် ကျွန်ုပ်တို့၏နားလည်မှုအရ ဆုံးဖြတ်ချက်ချရမည့် မရေရာသောကိစ္စရပ်များရှိနေလေသည်။ တစ်နည်းအားဖြင့် ကဲသာကို ခရစ်ယာန်တစ်ဦး အဘယ်အရာပေးဆောင်နိုင်သည်ဟူသည့်ဆုံးဖြတ်ချက်တွင် တစ်ခါတစ်ရံ ကျမ်းစာမူများအားဖြင့်သိမြင်လာသော ခရစ်ယာန်သြတ္တပ္ပစိတ် အကျုံးဝင်ပေမည်။
အပြိုင်အဆိုင်တောင်းဆိုမှုနှစ်ခုကြား၌ အသေအချာချင့်ချိန်ခြင်း
ကဲသာ၏ဥစ္စာကို ကဲသာအားပေးသင့်ကြောင်း ဖော်ပြပြီးနောက် “ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” ဟု ယေရှု ထပ်ဖြည့်စွက်ပြောခဲ့သည်ကို လူအများ မေ့သွားတတ်ကြသည်။ ခရစ်ယာန်များအတွက် ဦးစားပေးရမည့်အရာသည် မည်သည့်နေရာ၌ရှိကြောင်း တမန်တော်ပေတရုက ဖော်ပြသည်။ “ရှင်ဘုရင်၊” သို့မဟုတ် ဧကရာဇ်နှင့် သူ၏ “ဝန်မင်း” တို့ကို လက်အောက်ခံရန် ဩဝါဒပေးပြီးလျှင် ပေးပြီးချင်း “လူလွတ်ဖြစ်သော်လည်း လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့မကျင့်၊ ဘုရားသခင်၏ကျွန်ကဲ့သို့ ကျင့်နေကြလော့။ ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့” ဟု ပေတရု ရေးသားခဲ့သည်။ (၁ ပေတရု ၂:၁၆၊ ၁၇) တမန်တော်က ခရစ်ယာန်များသည် လူသားအုပ်ချုပ်သူများ၏ကျွန်မဟုတ်ဘဲ၊ ဘုရားသခင်၏ကျွန်များဖြစ်ကြောင်း ဖော်ပြသည်။ နိုင်ငံတော်၏ကိုယ်စားလှယ်များကို လျောက်ပတ်သော ရိုသေလေးစားမှု တင်ပြသင့်သော်လည်း ဘုရားသခင်ကို ကြောက်ရွံ့မှုအားဖြင့်သာ ထိုသို့ ပြုကြသည်။ ကိုယ်တော်၏ဥပဒေသည် အကောင်းမြတ်ဆုံးဖြစ်တော်မူ၏။
အစောပိုင်းနှစ်များက ဘုရားသခင်၏ဥပဒေသည် လူ့ ဥပဒေထက် သာလွန်ထူးမြတ်လှကြောင်း ပေတရု သံသယကင်းစေခဲ့၏။ ဂျူးလွှတ်တော်သည် ရောမက လူမှုရေးနှင့် ဘာသာရေးအခွင့်အာဏာနှစ်ခုစလုံးကို ပေးအပ်ထားသော အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ၎င်းက ယေရှု၏တပည့်တော်များအား ခရစ်တော်၏နာမဖြင့်သွန်သင်ခြင်းကို ရပ်တန့် ကြရန် အမိန့်ပေးသောအခါ ပေတရုနှင့် အခြားတမန်တော်တို့သည် လေးစား၊ ခိုင်မာစွာဖြင့် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟု ပြန်လည်ဖြေကြားခဲ့သည်။ (တမန်တော် ၅:၂၉) ရှင်းနေသည်မှာ အစောပိုင်းခရစ်ယာန်များသည် ဘုရားသခင်ကို နာခံခြင်းနှင့် လူသားအာဏာပိုင်များကို သင့်တော်လျောက်ပတ်စွာလက်အောက်ခံခြင်းတို့အကြား စေ့စပ်သောမျှတမှုကို ဆက်လက်ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။ စီ.အီး. တတိယရာစုအစောပိုင်းတွင် တာတူလျန်က “အားလုံးသာ ကဲသာပိုင်မယ်ဆိုရင် ဘုရားသခင်အတွက် ဘာကျန်တော့မှာလဲ” ဟု တင်ပြခဲ့သည်။
နိုင်ငံတော်နှင့် အလျော့ပေးလိုက်လျောခြင်း
အချိန်များကုန်လွန်လာသည်နှင့်အမျှ နိုင်ငံတော်နှင့်ပတ်သက်သော ပထမရာစုခရစ်ယာန်များ ခံယူခဲ့သည့်ရပ်တည်မှုသည် တဖြည်းဖြည်း လျော့ရဲလာသည်။ ယေရှုနှင့် တမန်တော်များ ကြိုဟောထားသော အယူဖောက်ပြန်မှုသည် စီ.အီး. ဒုတိယနှင့် တတိယရာစုတွင် ပွားများလာသည်။ (မဿဲ ၁၃:၃၇၊ ၃၈; တမန်တော် ၂၀:၂၉၊ ၃၀; ၂ သက်သာလောနိတ် ၂:၃-၁၂; ၂ ပေတရု ၂:၁-၃) အယူဖောက်ပြန်သော ခရစ်ယာန်ဘာသာရေးသည် ရောမလောကနှင့် အလျော့ပေးလိုက်လျောပြီး ၎င်း၏ပွဲများနှင့် အယူအဆများကို ခံယူကာ လူမှုရေးလုပ်ငန်းသာမကဘဲ စစ်မှုရေးလုပ်ငန်းကိုပါ လက်ခံခဲ့သည်။
“တတိယရာစုမှစ၍ အခြေအနေမှာ ပို၍ဆိုးရွားလာသည်။ အကြောင်းမှာ အထက်တန်းလွှာများ၊ ပို၍ထင်ရှားကျော်ကြားသော ပညာရှင်များ၊ စစ်တပ်နှင့် အစိုးရအသိုင်းအဝိုင်းများတွင် ခရစ်ယာန် ပို၍များပြားလာသောကြောင့်ဖြစ်သည်။ ခရစ်ယာန်စာပေများ [ကျမ်းစာမဟုတ်] ရှိ စာပိုဒ်များစွာတို့တွင် ဤအရာများ၌ ပါဝင်ခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားသည်; အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် မလုံမလဲဖြစ်နေသောသြတ္တပ္ပစိတ်ကို သက်သာမှုရှိစေရန်ရည်ရွယ်သော အကြောင်းပြချက်များဖြင့် အလျော့ပေးလိုက်လျောရန်လည်း ကြိုးစားအားထုတ်ကြသည်။ . . . ကွန်စတင်တိုင်းအချိန်မှစ၍ အဆိုပါအခက်အခဲများ ပပျောက်သွားလေသည်; ခရစ်ယာန်များနှင့် တိတ္ထိများအကြား သဘောကွဲလွဲချက်များ ချုပ်ငြိမ်းသွားကာ နိုင်ငံတော်ရှိ အစိုးရရုံးအားလုံးသည် လမ်းဖွင့်ထားခဲ့သည်” ဟု ပါမောက္ခ ထာရိုတက်က ရေးသားခဲ့သည်။
စီ.အီး. စတုတ္ထရာစုအကုန်ပိုင်းသို့ ချဉ်းကပ်လာသောအခါ ရောစပ်၊ အလျော့ပေးလိုက်လျောထားသောပုံစံရှိသည့် ခရစ်ယာန်ဘာသာတရားသည် ရောမအင်ပါယာ၏ နိုင်ငံတော်ဘာသာဖြစ်လာလေသည်။
၎င်း၏သမိုင်းတစ်လျှောက်လုံး၌ ကက်သလစ်၊ ဩသဒေါက်စ်နှင့် ပရိုတက်စတင့်ချာ့ချ်များအားဖြင့် ကိုယ်စားပြုထားသော—ခရစ်ယာန်ဘောင်သည် နိုင်ငံတော်နှင့် ဆက်လက်အလျော့ပေးလိုက်လျောကာ ယင်း၏နိုင်ငံရေးရာ၌ အလွန်အကျွံပါဝင်လာပြီး ယင်း၏စစ်ပွဲများတွင် ထောက်ခံအားပေးခဲ့သည်။ ဤအချက်ကြောင့် တုန်လှုပ်သွားကြမည့် ရိုးဖြောင့်သောချာ့ချ်အသင်းသားများစွာတို့သည် နိုင်ငံတော်နှင့်ဆက်ဆံရေးတွင် ပထမရာစုခရစ်ယာန်များ၏ရပ်တည်မှုမျိုးကိုကိုင်စွဲထားကြသည့် ယနေ့ခေတ်ခရစ်ယာန်များလည်းရှိကြောင်းသိရလျှင် ဝမ်းသာကြမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ နောက်ဆောင်းပါးနှစ်ခု၌ ဤကိစ္စကို ပို၍အသေးစိတ် ဆွေးနွေးထားပါလိမ့်မည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
“ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့” ဟု ပေတရု ရေးသားဖော်ပြခဲ့သူ ကဲသာနီရိုး
[Credit Line]
Musei Capitolini, Roma
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ပေါလီကပ်သည် ဧကရာဇ်ကို ဝတ်ပြုကိုးကွယ်ခြင်းထက် သေဖို့ရန် ရွေးချယ်ခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အစောပိုင်းခရစ်ယာန်များသည် ငြိမ်းချမ်း၊ ရိုးသား၊ အခွန်အတုတ်ပေးဆောင်သောနိုင်ငံသားဖြစ်ကြ