ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၁၈၄-စာ. ၁၉၅
  • ဘာသာတရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာတရား
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • မှန်သောဘာသာကို သင်တွေ့ရှိပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သင့်ဘာသာသည် တကယ်ပင် အရေးပါ၏
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၁၈၄-စာ. ၁၉၅

ဘာသာတရား

အဓိပ္ပာယ်သတ်မှတ်ချက်– ဝတ်ပြုရေးတစ်မျိုးဖြစ်သည်။ ဘာသာရေးသဘောထား၊ ယုံကြည်ချက်နှင့် ကျင့်ထုံးများ အကျုံးဝင်သည်။ ပုဂ္ဂလိကဘာသာဖြစ်နိုင်သည်။ အဖွဲ့အစည်းတစ်ခုက ကမကထပြုသောဘာသာလည်း ဖြစ်နိုင်သည်။ အများအားဖြင့် ဘုရားသခင် သို့မဟုတ် ဘုရားအများကို ယုံကြည်၏။ သို့မဟုတ် လူ၊ ဝတ္ထု၊ ဆန္ဒ၊ သို့မဟုတ် အင်အားတစ်ခုကို ကိုးကွယ်၏။ ဘာသာများစွာတို့သည် သဘာဝတရားလေ့လာချက်ပေါ်မူတည်သည်။ ဗျာဒိတ်ရသောဘာသာလည်းရှိ၏။ မှန်သောဘာသာနှင့် မှားသောဘာသာရှိ၏။

အဘယ်ကြောင့် ဘာသာဤမျှများသနည်း

မကြာမီကပြုစုသောစာရင်းဇယားအရ၊ အဓိကဘာသာ ၁၀ ခု၊ ဂိုဏ်းဂဏပေါင်း ၁၀,၀၀၀ ရှိ၏။ ၎င်းတို့အနက် ၆,၀၀၀ မှာ အာဖရိကတိုက်၊ ၁,၂၀၀ မှာ အမေရိကန်နိုင်ငံ၊ ရာပေါင်းများစွာမှာ အခြားနိုင်ငံများ၌ တည်ရှိသည်။

အကြောင်းအမျိုးမျိုးကြောင့် ဘာသာအဖွဲ့သစ်များပေါ်ပေါက်လာ၏။ လူအချို့တို့က ဘာသာရှိသမျှတို့သည် ဘာသာရေးအမှန်တရားများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပို့ချကြသည်ဟု ဆို၏။ သို့ရာတွင် ယင်းတို့၏သွန်သင်ချက်နှင့်ကျင့်ထုံးများကို ကျမ်းစာနှင့်နှိုင်းယှဉ်သောအခါ လူတို့သည် ဘုရားသခင်ကိုနားထောင်မည့်အစား၊ လူ့နောက်သို့လိုက်သောကြောင့် ဘာသာကွဲပြားရခြင်းဖြစ်ကြောင်း သိရ၏။ မှတ်သားစရာမှာ၊ ဘာသာတရားများ တညီတညွတ်တည်းကိုင်စွဲကြသော သွန်သင်ချက်အများသည် သမ္မာကျမ်းစာနှင့်ခြားနားသော်လည်း ရှေးဗာဗုလုန်မှဆင်းသက်လာသည်။ (“မဟာဗာဗုလုန်” ခေါင်းစဉ်အောက်၊ စာမျက်နှာ ၂၀၆၊ ၂၀၇ ကိုရှု။)

ဤဘာသာတရားအရှုပ်အထွေးဖြစ်လာအောင် မြှောက်ထိုးပင့်ကော်ပြုသူကား အဘယ်သူနည်း။ သမ္မာကျမ်းစာက စာတန်မာရ်နတ်ကို “ဤလောကကိုအစိုးရသောဘုရား” အဖြစ် ဖော်ထုတ်၏။ (၂ ကော. ၄:၄) “သာသနာပ လူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏” ဟူ၍ သတိပေး၏။ (၁ ကော. ၁၀:၂၀) သို့ဖြစ်၍ ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသည် ကောင်းကင်မြေကြီးဖန်ဆင်းရှင် ဘုရားမှန်ဖြစ်ဖို့၊ ကျွန်ုပ်တို့ဝတ်ပြုပုံလည်း စိတ်တော်နှင့်တွေ့ဖို့ မည်မျှတိုင်အရေးကြီးသည်တကား။

ဘာသာအားလုံးကို ဘုရားသခင်လက်ခံတော်မူသလော

သူကြီး. ၁၀:၆၊ ၇– “တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ မိလိတ္တိဘုရားတို့ကိုဝတ်ပြု၍ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုဝတ်မပြု စွန့်ထားကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအမျက်ထွက် [တော်မူ၏။]” (လူတစ်ဦးသည် ကောင်းကင်မြေကြီးဖန်ဆင်းရှင် ဘုရားမှန်အစား၊ အခြားအရာ၊ အခြားပုဂ္ဂိုလ်ကိုကိုးကွယ်လျှင် သူ့ဝတ်ပြုမှုကို ယေဟောဝါ မုချလက်မခံ။)

မာ. ၇:၆၊ ၇၊ သက– “ကိုယ်တော် [ယေရှု] က [ဂျူးဖာရိရှဲနှင့်ကျမ်းတတ်တို့အား] သင်တို့၏အကြောင်း ပရောဖက်ဟေရှာယ ဟောကြားချက်မှာ မှန်လှပါသည်တကား။ သင်တို့သည် ကြောင်သူတော်များဖြစ်ကြ၏။ ထို့ကြောင့် ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ‘ဤလူမျိုးသည် ငါ့အား နှုတ်ဖြင့်ဂုဏ်ပြုချီးကျူးကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူ့ပညတ်များကို ဘုရားဟောတရားသဖွယ် သင်ကြားပို့ချကြ၏။ သို့ဖြစ်၍ ငါ့အား သူတို့ဝတ်ပြုကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်၏။’ (အုပ်စုတစ်ခုက မိမိတို့ မည်သူ့ကိုကိုးကွယ်ပါသည်ဟု မည်သို့ပင်ဆိုဆို၊ ဘုရားသခင်၏မှုတ်သွင်းခံနှုတ်ကပါဌ်အစား၊ လူ့အယူဝါဒကိုကိုင်စွဲပါက သူတို့၏ဝတ်ပြုမှုသည် အချည်းနှီးဖြစ်၏။)

ရော. ၁၀:၂၊ ၃– “ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဖို့ ငါသက်သေခံ၏။ ထိုသူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကိုမသိဘဲ ကိုယ်ဖြောင့်မတ်ခြင်းကိုတည်စေခြင်းငှာ ရှာကြံသောကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။” (လူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော် လက်ဝယ်ရှိသော်လည်း မှန်ကန်စွာသင်ကြားခြင်းမခံရသဖြင့် တိကျမှန်ကန်သောအသိပညာရှိချင်မှရှိမည်။ မိမိတို့သည် ဘုရားသခင့်အဖို့ စိတ်အားထက်သန်သည်ဟုထင်သည်တိုင်အောင် တောင်းဆိုတော်မူချက်များနှင့်အညီ လုပ်ကိုင်လျက်မနေဘဲရှိချင်ရှိမည်။ သူတို့၏ဝတ်ပြုမှုကို ဘုရားသခင်နှစ်သက်မည်လော။)

ဘာသာအားလုံး၌ ကောင်းတာလေးတွေ ကိုယ်စီရှိကြသည် ဟူသည့်အချက် မှန်သလော

ဘာသာအားလုံးလိုလို မလိမ်နှင့်၊ မခိုးနှင့် စသည်ဖြင့် ဆိုဆုံးမကြသည်မှန်၏။ သို့သော် ဤမျှနှင့်လုံလောက်ပြီလော။ သင့်အား လူတစ်ယောက်က အဆိပ်ခပ်ထားသောရေတစ်ခွက်ပေးပြီး စိတ်ချလက်ချသောက်ပါ၊ အများထုဟာ ရေဖြစ်ပါတယ်ဟုဆိုလျှင် သင် ပျော်ပျော်နှင့်သောက်မည်လော။

၂ ကော. ၁၁:၁၄၊ ၁၅၊ သမ– “စာတန်ပင် အလင်းစေတမန်တော် ယောင်ဆောင်တတ်သည်ဖြစ်၍ ချင်းအမှုဆောင်တို့သည် ဖြောင့်မတ်ခြင်းတရား၏အမှုဆောင်များ အယောင်ဆောင်ကြလျှင် ထူးသည်မဟုတ်။” (ဤအချက်က စာတန်ထွင်သမျှအရာသည် အရုပ်ဆိုးသည်ချည်းမဟုတ်ကြောင်း သတိပေး၏။ လူသားများကိုလှည့်စားသော စာတန်၏အဓိကပရိယာယ်တစ်ခုမှာ မှားယွင်းသောဘာသာဖြစ်ပြီး အချို့ကိုစာတန်က ဖြောင့်မတ်ခြင်းမျက်နှာဖုံး တပ်ဆင်ပေးထားသည်။)

၂ တိ. ၃:၂၊ ၅– “လူတို့သည် . . . ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။” (သင့်ဝတ်ပြုဖက်တို့သည် အပြင်ပန်း၌ ဘုရားသခင်ကိုချစ်ဟန်ရှိသော်လည်း အသက်တာ၌ နှုတ်ကပါဌ်တော်နှင့်အညီ တကယ်မနေထိုင်လျှင် ကျမ်းစာက သူတို့နှင့်အဆက်ဖြတ်ရန် သင့်အား တိုက်တွန်း၏။)

မိဘကိုးကွယ်သောဘာသာကို စွန့်သင့်သလော

မိဘများပို့ချရာများသည် တကယ်ပင်ကျမ်းစာမှလာလျှင် စောင့်ထိန်းအပ်၏။ သူတို့၏ဘာသာရေးကျင့်ထုံးနှင့်ယုံကြည်ချက်များ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် မညီညွတ်မှန်း ကျွန်ုပ်တို့သိသည်တိုင်အောင် မိဘတို့ကိုရိုသေထိုက်၏။ သို့ရာတွင် သင့်မိဘ၏အကျင့်တစ်ခုသည် ကျန်းမာရေးကိုထိခိုက်စေပြီး အသက်ကိုတိုစေကြောင်း သိရပါက မည်သို့နည်း။ သူတို့ကိုတုသည့်ပြင် ထိုသို့ပြုရန် သင့်ကလေးများကိုပါ သင် အားပေးမည်လော။ သို့တည်းမဟုတ်၊ သင် သိခဲ့သောအကြောင်းများကို မိဘများအား ရိုသေစွာ ပြောပြမည်လော။ ထို့အတူ၊ ကျမ်းစာအသိပညာရလာသည်နှင့်အမျှ တာဝန်လည်း ရှိလာသည်။ ဖြစ်နိုင်လျှင် ကျွန်ုပ်တို့သိရှိလာသည့်အရာများကို အိမ်သားများအား ပြောကြားသင့်၏။ ကျွန်ုပ်တို့ ဆုံးဖြတ်ချက်တစ်ခုချရမည်။ ဘုရားသခင်ကို ကျွန်ုပ်တို့တကယ်ချစ်သလော။ ဘုရားသခင့်သားတော်ကို အမှန်ပင်နာခံလိုသလော။ သို့ဖြစ်လျှင် မိဘဘာသာကိုစွန့်ပြီး စစ်မှန်သောဘာသာသို့ကူးရန် လိုကောင်းလိုမည်။ ဘုရားသခင်နှင့်ခရစ်တော်ကိုချစ်သည်ထက် မိဘများပေါ်သံယောဇဉ်ကြီးလျှင် သင့်တော်မည်လော။ ယေရှုက၊ “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားသမီးကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်မတန်” ဟု မိန့်တော်မူသည်။​—မ. ၁၀:၃၇။

ယောရှု. ၂၄:၁၄– “ယခုမှာ [ယေဟောဝါ] ကိုကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီးတစ်ဖက်၌လည်းကောင်း၊ အဲဂုတ္တုပြည်၌လည်းကောင်း၊ ဘိုးဘေးတို့ဝတ်ပြုသောဘုရားများကိုပယ်၍ [ယေဟောဝါ] ကိုသာဝတ်ပြုကြလော့။” (သူတို့သည် ဘိုးဘေးတို့ဘာသာကိုစွန့်ကြရသည်မဟုတ်လော။ ယေဟောဝါကို လက်ခံတော်မူသည့်နည်းဖြင့် ဝတ်ပြုနိုင်ရန်၊ သူတို့သည် ယခင်ဝတ်ပြုရေး၌သုံးသော ရုပ်တုရှိသမျှကို ပယ်၍ ထိုအရာများကိုမက်မောသောဆန္ဒရှိသမျှကို နှလုံးထဲမှ သုတ်သင်ကြရ၏။)

၁ ပေ. ၁:၁၈၊ ၁၉– “မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့် သင်တို့ကိုရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။” (ထို့ကြောင့် ရှေးခရစ်ယာန်တို့သည် မိမိတို့အား ဘယ်တော့မျှ ထာဝရအသက်မပေးနိုင်သော ဘိုးဘေးတို့၏မိရိုးဖလာကို စွန့်ခဲ့ကြပေသည်။ သူတို့သည် ခရစ်တော်၏ယဇ်အတွက် ကျေးဇူးတော်ကိုအောက်မေ့ကြသောကြောင့် ဂုဏ်တော်ကိုမချီးမွမ်းသည့် မိမိတို့ဘဝကိုအချည်းနှီးဖြစ်စေသောအရာမှန်သမျှကို ပယ်ရှားလိုသောဆန္ဒ ပြင်းပြခဲ့ကြပေသည်။ ကျွန်ုပ်တို့လည်း အလားတူသဘော မရှိသင့်ပေလော။)

ဘာသာရောနှောမှုကို ကျမ်းစာက မည်သို့ယူမှတ်သနည်း

ဖြောင့်မတ်ဟန်ဆောင်သော်လည်း ဘုရားသခင်ကိုမလေးခန့်သော ဘာသာရေးခေါင်းဆောင်များကို ယေရှုမည်သို့ရှုမှတ်တော်မူသနည်း။ “ယေရှုကလည်း ဘုရားသခင်သည် သင်တို့အဘမှန်လျှင်၊ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။ . . . သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသာစကားကိုပြောသောအခါ၊ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။ ငါသည် သစ္စာစကားကိုပြောသောကြောင့် သင်တို့မယုံကြ။ . . . သင်တို့သည် ဘုရားသခင်နှင့် မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။”​—ယော. ၈:၄၂-၄၇။

ဘုရားသခင့်ကျေးကျွန်တို့သည် ဘုရားသခင်ရှုတ်ချသောအရာများကို ကိုယ်တိုင်ကျင့်သုံးသူများအားဖြစ်စေ၊ ထိုအကျင့်များကိုလွှတ်ထားသူများအားဖြစ်စေ မိမိတို့ဘာသာရေးညီအစ်ကိုအသင်းအပင်းထဲသို့ဝင်လာရန် ကြိုဆိုလျှင် ဘုရားသခင်နှင့် ဖြောင့်မတ်သောစံတော်များအပေါ် သစ္စာစောင့်ရာကျမည်လော။ “ညီအစ်ကိုဟုခေါ်ဝေါ်သောသူသည် မတရားသောမေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့်ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍ ထိုသို့သောအမှုကိုပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက၊ ထိုသူနှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှမပြုရဟု ငါရေးထား၍ ပညတ်၏။ . . . မတရားသောမေထုန်၌မှီဝဲသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။” (၁ ကော. ၅:၁၁; ၆:၉၊ ၁၀) “လောက၏မိတ်ဆွေဖြစ်လိုသူသည် ထာဝရဘုရား၏ရန်သူဖြစ်၏။” (ယာ. ၄:၄၊ သက) “ထာဝရဘုရားကိုချစ်သောသူတို့၊ မကောင်းသောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏သန့်ရှင်းသူတို့၏အသက်ဝိညာဉ်ကို စောင့်မတော်မူ [၏။]”​—ဆာ. ၉၇:၁၀။

၂ ကော. ၆:၁၄-၁၇– “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကိုမထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကို ခံရမည်နည်း။ ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့စပ်ဆိုင်ရမည်နည်း။ . . . ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။”

ဗျာ. ၁၈:၄၊ ၅– “အခြားသောကောင်းကင်အသံကား၊ ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ၊ သူ၏အထဲကထွက်ကြလော့။ သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။” (အသေးစိတ်ကို “မဟာဗာဗုလုန်” ခေါင်းစဉ်ကြီးတွင်ရှု။)

ဖွဲ့စည်းထားသောဘာသာတစ်ခု၏အသင်းဝင် ဖြစ်ဖို့လိုသလော

ဘာသာရေးအဖွဲ့အများထုသည် ဆိုးသောအသီးအပွင့်များ သီးပွင့်ခဲ့ကြပြီ။ အဖွဲ့ဖွဲ့စည်းခြင်းသည် ဆိုးသည်မဟုတ်။ သို့ရာတွင် ဘာသာရေးအဖွဲ့အမြောက်အမြားတို့သည် စစ်မှန်သောဝိညာဏလမ်းညွှန်ကိုပေးမည့်အစား၊ မှားယွင်းသောသွန်သင်ချက်များပေါ်အခြေပြု၍ အများအားဖြင့်အခမ်းအနားဆန်သော ဝတ်ပြုရေးများကို တည်ထောင်ခဲ့ကြသည်။ လူတို့သည် ဘာသာရေးအဖွဲ့များကိုအလွဲသုံးကာ ကိုယ်ကျိုးအတွက် လူတို့ကိုခြယ်လှယ်ကြသည်။ ဝိညာဏတန်ဖိုးများကိုအဓိကထားမည့်အစား၊ အလှူကောက်ခြင်း၊ ဘုရားကျောင်းများ မြိုင်နေအောင်မွမ်းမံခြယ်သခြင်းတို့ကို အလေးထားကြသည်။ အများအားဖြင့် အသင်းသားများသည် ကြောင်သူတော်များဖြစ်ကြ၏။ အဘယ်ဖြောင့်မတ်ခြင်းတရားမြတ်နိုးသူမျှ ထိုသို့သောအဖွဲ့၏အဖွဲ့ဝင်မဖြစ်လို။ ဘာသာစစ်မှာမူ၊ ၎င်းတို့နှင့်လားလားကြီးဆန့်ကျင်၍ လူကို စိတ်ချမ်းမြေ့ဖွယ်ဖြစ်စေ၏။ သို့တစေ၊ ကျမ်းစာသတ်မှတ်ချက်နှင့်ညီညွတ်ရန်၊ ၎င်းကိုဖွဲ့စည်းရသည်။

ဟေဗြဲ ၁၀:၂၄၊ ၂၅၊ သမ– “မေတ္တာနှင့်ကောင်းမှုကိုလုံ့လထုတ်အံ့သောငှာ တစ်ယောက်ကိုတစ်ယောက် ထောက်ထားခြင်း၊ အချို့တို့ဓလေ့အတိုင်း စည်းဝေးဝတ်ကိုမလှပ်ထားဘဲ နေ့တော်နီးကြောင်း သင်တို့မြော်မြင်သည့်အလျောက် အချင်းချင်းအား အထူးနှိုးဆော်ခြင်းများကို ပြုကြကုန်အံ့။” (ဤကျမ်းမိန့်ကိုနာခံနိုင်ရန် အမြဲတက်နိုင်သောခရစ်ယာန်စည်းဝေးများရှိဖို့လို၏။ ထိုသို့အစီအစဉ်သည် ကိုယ့်အရေးကိုသာတွေးနေမည့်အစား၊ သူတစ်ပါးပေါ်မေတ္တာသက်ရန်အားပေး၏။)

၁ ကော. ၁:၁၀– “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘော တစ်သံတစ်သမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း ငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။” (စည်းဝေးခြင်း၊ တစ်ခုတည်းသော ဝိညာဏကျွေးမွေးခြင်းအစီအစဉ်မှ အကျိုးရယူခြင်း၊ ထိုသို့သွန်သင်သောအဖွဲ့ကိုလေးစားခြင်းမရှိလျှင် အထက်ပါစည်းလုံးညီညွတ်မှုကိုလည်း ဘယ်တော့မျှ ရနိုင်မည်မဟုတ်။ ယောဟန် ၁၇:၂၀၊ ၂၁ ကိုလည်းရှု။)

၁ ပေ. ၂:၁၇– “ညီအစ်ကိုများ [“အသင်းအပင်းတစ်ရပ်လုံး၊” ကဘ] ကိုချစ်ကြလော့။” (တစ်စုံတစ်ယောက်သောသူ၏အိမ်၌ စည်းဝေးဝတ်တက်သူများကိုသာဆိုလိုသလော။ လုံးဝမဟုတ်။ ဂလာတိ ၂:၈၊ ၉ နှင့် ၁ ကောရိန္သု ၁၆:၁၉ ဖော်ပြသည့်အတိုင်း နိုင်ငံတကာဆိုင်ရာ ညီအစ်ကိုများအဖွဲ့ဖြစ်သတည်း။)

မ. ၂၄:၁၄၊ သက– “နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိ လူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှ ကပ်ကမ္ဘာကုန်ဆုံးချိန်ရောက်လိမ့်မည်။” (လူမျိုးအားလုံးကြားခွင့်ရနိုင်ရန်မှာ၊ သင့်တော်သောဦးစီးမှုအောက်၊ စနစ်တကျဟောပြောဖို့လို၏။ ကမ္ဘာတစ်ခွင်မှလူတို့သည် ဘုရားသခင်နှင့်လူချင်းကိုချစ်သောကြောင့် ဤအလုပ်ကို သွေးစည်းညီညွတ်စွာ လုပ်ဆောင်နေကြပေပြီ။)

“အဖွဲ့အစည်း” ဆိုသောအဓိကခေါင်းစဉ်ကိုလည်းရှု။

လူလူချင်းချစ်ရန်သာ အဓိကလော

ထိုမေတ္တာအရေးကြီးသည်မှာ သံသယဖြစ်ဖွယ်မရှိ။ (ရော. ၁၃:၈-၁၀) သို့သော် ခရစ်ယာန်တစ်ယောက်ဖြစ်ခြင်းသည် လူလူချင်းစာနာရုံနှင့်မပြီးပါ။ ယေရှုက မိမိတပည့်စစ်တို့သည် အချင်းချင်း၊ ယုံကြည်သူချင်းကိုချစ်ခြင်းအားဖြင့် အထူးပေါ်လွင်မည်ဟု မိန့်တော်မူ၏။ (ယော. ၁၃:၃၅) ဤအချက်၏အရေးကြီးပုံကို ကျမ်းစာ၌ ထပ်ခါတလဲ လေးနက်စွာတင်ပြထားသည်။ (ဂလ. ၆:၁၀; ၁ ပေ. ၄:၈; ၁ ယော. ၃:၁၄၊ ၁၆၊ ၁၇) သို့သော် ဘုရားသခင်ကိုချစ်ခြင်းသည် ပို၍ပင်အရေးကြီးသည်ဟု ယေရှုမိန့်ကြား၏။ ပညတ်တော်ကိုနာခံခြင်းဖြင့် ကိုယ်တော်ကိုချစ်ကြောင်းပြ၏။ (မ. ၂၂:၃၅-၃၈; ၁ ယော. ၅:၃) ထိုမေတ္တာရှိကြောင်း သက်သေထူရာ၌ နှုတ်ကပါဌ်တော်ကိုဖတ်ရှုလေ့လာ၍ကျင့်သုံးရန်၊ ကျေးကျွန်တော်ချင်းတို့နှင့်အတူစည်းဝေး၍ ဝတ်ပြုရန် လို၏။

ဘုရားသခင်နှင့်နှစ်ကိုယ်တည်းဆက်ဆံရေးသာ အရေးကြီးသလော

၎င်းသည် မုချအရေးကြီး၏။ ထုံးစံအရ ဝတ်တက်ခြင်းဖြင့် အစားမထိုးနိုင်။ သို့သော် သတိပြုရန်လိုသည်။ အဘယ်ကြောင့်နည်း။ ပထမရာစု၌ လူအချို့တို့က မိမိတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးကောင်းမွန်သည်ဟု ထင်မှတ်ကြသော်လည်း ယေရှုက သူတို့၏အထင်သည် ပါစင်အောင်လွဲကြောင်း ပြတော်မူ၏။ (ယော. ၈:၄၁-၄၄) တမန်တော်ပေါလုက လူအချို့တို့သည် ယုံကြည်စိတ် ထက်သန်ပြီး မိမိတို့နှင့်ဘုရားသခင်စပ်ကြား ဆက်ဆံရေးကောင်းသည်ဟုထင်ကြသော်လည်း မျက်နှာသာတော်ရဖို့ တကယ်ဘာလိုသည်ကိုမသိကြကြောင်း ရေးသားခဲ့၏။​—ရော. ၁၀:၂-၄။

ကျွန်ုပ်တို့သည် ဘုရားသခင့်ပညတ်တော်ကို အရေးမစိုက်ဘဲနေလျှင် ကိုယ်တော်နှင့် ဆက်ဆံရေးကောင်းနိုင်မည်လော။ ပညတ်ချက်တစ်ချက်ကား၊ ယုံကြည်သူချင်းတို့နှင့် မှန်မှန်စည်းဝေးခြင်းတည်း။​—ဟေဗြဲ ၁၀:၂၄၊ ၂၅။

တစ်ယောက်တည်းကျမ်းစာဖတ်လျှင် တော်လောက်ပြီလော

တစ်ယောက်တည်းကျမ်းစာဖတ်ရာမှ အကျိုးများစွာရသည်မှန်၏။ ဘုရားသခင်နှင့် ရည်ရွယ်တော်မူချက်များကိုသိရန် ရည်ရွယ်၍ဖတ်လျှင် အင်မတန်ချီးမွမ်းဖွယ်ဖြစ်ပေ၏။ (တ. ၁၇:၁၁) သို့သော် ရိုးရိုးသားသားဝန်ခံရလျှင် ပြင်ပအကူအညီမယူဘဲ တကယ်ပင် အဓိပ္ပာယ်အပြည့်အဝနားလည်နိုင်မည်လော။ ရာထူးကြီးမြင့်သောလူတစ်ယောက်အကြောင်း ကျမ်းစာကတင်ပြ၏။ သူသည် သူတစ်ပါးကူညီပါမှ ကျမ်းစာပရောဖက်ပြုချက်ကို မိမိနားလည်နိုင်မည်ဖြစ်သည်ဟု ဝန်ခံလောက်အောင် စိတ်နှိမ့်ချပေသည်။ ခရစ်ယာန်အသင်းဝင်တစ်ဦးက သူလိုအပ်သောအကူအညီကိုပေးခဲ့၏။​—တ. ၈:၂၆-၃၈; ဖိလိပ္ပုအကြောင်းကို တမန်တော် ၆:၁-၆; ၈:၅-၁၇ တို့၌လည်းနှိုင်းယှဉ်ကြည့်ပါ။

ကျမ်းစာဖတ်ပြီးမှ မကျင့်သုံးဘဲနေလျှင် ဘာအကျိုးမှမရှိ။ လူသည် ကျမ်းစာကိုယုံကြည်၍ ကျင့်သုံးလျှင် မှန်မှန်ကျင်းပသောအသင်းတော်စည်းဝေးများကိုတက်၍ ဘုရားသခင့်ကျေးကျွန်များနှင့် ပေါင်းသင်းပေလိမ့်မည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့ပြင်၊ သူတို့နှင့်ပူးပေါင်း၍ ‘သတင်းကောင်း’ ကို အခြားသူတို့အား ဝေငှပေမည်။​—၁ ကော. ၉:၁၆; မာ. ၁၃:၁၀; မ. ၂၈:၁၉၊ ၂၀။

မည်သည့်ဘာသာမှန်ကန်ကြောင်း မည်သို့သိနိုင်သနည်း

(၁) ထိုဘာသာ၏သွန်သင်ချက်သည် အဘယ်အရာပေါ်အခြေပြုသနည်း။ ဘုရားသခင့်ထံမှလာသလော။ သို့မဟုတ် အများအားဖြင့် လူ့ထံမှလော။ (၂ တိ. ၃:၁၆; မာ. ၇:၇) ဥပမာ၊ ကျမ်းစာအဘယ်နေရာ၌ ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်ဟုဆိုသနည်း၊ အဘယ်နေရာ၌ လူ့စိုးလ်သည် မသေဟုဆိုသနည်း ဟူ၍မေးပါ။

(၂) ၎င်းသည် ဘုရားသခင့်နာမတော်အကြောင်း လူတို့အား အသိပေးမပေး သုံးသပ်ကြည့်ပါ။ ဘုရားသခင်ထံ ယေရှုဆုတောင်းစဉ် “ဤလောကထဲမှယူ၍ အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုပြပါပြီ” ဟု ဆို၏။ (ယော. ၁၇:၆) “သင်၏ဘုရားသခင် [ယေဟောဝါ] ကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်” ဟုမိန့်တော်မူ၏။ (မ. ၄:၁၀) သင့်ဘာသာက သင့်အား ‘ယေဟောဝါကိုဝတ်ပြုရမည်’ ဟုသွန်သင်သလော။ ထိုနာမမြတ်၏အရှင်အကြောင်း​—ရည်ရွယ်တော်မူချက်၊ လုပ်ငန်းတော်နှင့် အရည်အသွေးတော်​—အကြောင်းကို သင်ကောင်းစွာသိရှိပြီး ကိုယ်တော်ကိုစိတ်ချယုံကြည်လျက် အထံတော်သို့ချဉ်းကပ်နိုင်သလော။

(၃) ယေရှုခရစ်ပေါ် စစ်မှန်သောယုံကြည်ခြင်းရှိကြောင်း သက်သေပြသလော။ ယင်း၌ ယေရှု၏လူ့အသက်ယဇ်တန်ဖိုးနှင့် ယနေ့ကိုယ်တော်၏ကောင်းကင်ဘုရင်ရာထူးကို လေးမြတ်ခြင်းပါဝင်သည်။ (ယော. ၃:၃၆; ဆာ. ၂:၆-၈) ထိုလေးမြတ်ခြင်းသဘောရှိလျှင် ယေရှုကိုနာခံ၍ နောက်တော်လိုက်များအား ခန့်အပ်တော်မူသောလုပ်ငန်းတော်၌ ကိုယ်တိုင်ကိုယ်ကျ အားတက်မာန်တက် ပါဝင်လုပ်ကိုင်မည်ဖြစ်၏။ ဘာသာစစ်သည် အလုပ်နှင့်ယှဉ်တွဲသော ထိုယုံကြည်ခြင်းမျိုးရှိပေသည်။​—ယာ. ၂:၂၆။

(၄) အများအားဖြင့် ထုံးစံအရ အခမ်းအနားဆန်ဆန် ဝတ်ပြုသလော။ သို့မဟုတ်၊ အသက်တာလမ်းစဉ်တစ်ရပ်လော။ ထုံးတမ်းဆန်ဆန်သာ ဝတ်ပြုသောဘာသာကို ဘုရားသခင် ရွံမုန်းတော်မူသည်။ (ဟေရှာ. ၁:၁၅-၁၇) ဘာသာစစ်သည် အခုအခံမရှိဘဲ လူကြိုက်များရာနောက်သို့ ချိနဲ့စွာလိုက်ပါသွားမည့်အစား၊ သီလနှင့် စင်ကြယ်သောအပြောအဆိုဆိုင်ရာ ကျမ်းစာစံကို ထောက်ခံကျင့်သုံးသည်။ (၁ ကော. ၅:၉-၁၃; ဧ. ၅:၃-၅) အသင်းဝင်တို့လည်း အသက်တာ၌ ဘုရားသခင့်ဝိညာဉ်တော်အသီးများ သီးပွင့်ကြသည်။ (ဂလ. ၅:၂၂၊ ၂၃) သို့ဖြစ်၍ ဘာသာစစ်လိုက်စားသူတို့ကို ခွဲခြားသိမြင်နိုင်၏။ အကြောင်းမှာ၊ သူတို့သည် စည်းဝေးသည့်နေရာ၌သာမက အိမ်ထောင်ရေးဘဝ၊ လုပ်ငန်းခွင်၊ ကျောင်းနှင့် အပန်းဖြေသည့်နေရာများမှာလည်း ကျမ်းစာစံကို ကြိုးစားကျင့်သုံးသောကြောင့်တည်း။

(၅) အသင်းသားများ အမှန်ပင် အချင်းချင်းချစ်ကြသလော။ ယေရှုက “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟုမိန့်တော်မူ၏။” (ယော. ၁၃:၃၅) ဤမေတ္တာမျိုးသည် လူမျိုးရေး၊ လူ့အဆင့်အတန်း၊ နိုင်ငံရေး စသောအုတ်တံတိုင်းများကိုကျော်လွှား၍ လူပေါင်းစုံကို တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုများပမာ သွေးစည်းညီညွတ်စေသည်။ ထိုမေတ္တာမည်မျှခိုင်မြဲသနည်းဟူမူ၊ သူတို့ကို အများနှင့်မတူ၊ တစ်မူထူးခြားစေ၏။ တိုင်းနိုင်ငံများစစ်ဖြစ်သောအခါ မည်သူတို့သည် တိုင်းတစ်ပါးမှ မိမိတို့၏ခရစ်ယာန်ညီအစ်ကိုများကိုချစ်သောကြောင့် လက်နက်မကိုင်၊ ညီအစ်ကိုတို့ကိုမသတ်ဖြတ်ဘဲ ငြင်းဆန်၍နေသနည်း။ ရှေးခရစ်ယာန်များ ထိုသို့ပင်ပြုခဲ့ကြသည်။

(၆) တကယ်ပင် လောကနှင့်ခွဲ၍နေသလော။ ယေရှုက မိမိနောက်လိုက်စစ်တို့သည် “ဤလောကနှင့်မစပ်ဆိုင်” ဟု မိန့်ဆို၏။ (ယော. ၁၅:၁၉၊ သမ) ဘုရားသခင်ကို စိတ်တော်အတိုင်း ဝတ်ပြုနိုင်ရန် ကျွန်ုပ်တို့သည် “ဤလောကအစွန်းနှင့်ကင်းစင်အောင်” နေဖို့လိုသည်။ (ယာ. ၁:၂၇၊ သမ) မိမိတို့ဓမ္မဆရာများနှင့် အသင်းသားတို့သည် နိုင်ငံရေးတွင်ပါဝင်လျှင်ဖြစ်စေ၊ မိမိတို့ဘဝ၌ ရုပ်ပစ္စည်းနှင့်သွေးသားရမ္မက်ကိုအဓိကထားလျှင်ဖြစ်စေ၊ ထိုသို့သောအသင်းများသည် အဆိုပါအချက်နှင့်လျော်ညီသည်ဟု ဆိုနိုင်မည်လော။​—၁ ယော. ၂:၁၅-၁၇။

(၇) အသင်းသားတို့သည် ဘုရားသခင့်နိုင်ငံတော်အကြောင်း တက်ကြွစွာ ဟောပြောသက်သေခံကြသလော။ ယေရှုက “နိုင်ငံတော်ဆိုင်ရာသတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိ လူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှ ကပ်ကမ္ဘာကုန်ဆုံးချိန်ရောက်လိမ့်မည်” ဟု တင်ကူးမိန့်ဆိုခဲ့၏။ (မ. ၂၄:၁၄၊ သက) ပြဿနာများကိုဖြေရှင်းဖို့ လူ့အုပ်ချုပ်ရေးကိုအားထားပါဟု လူတို့ကိုအားပေးမည့်အစား၊ ဘုရားသခင့်နိုင်ငံတော်ကို လူသားတို့မျှော်လင့်ရာအဖြစ် တကယ်ပင်ကြွေးကြော်သောဘာသာသည် အဘယ်ဘာသာဖြစ်သနည်း။ သင့်ဘာသာသည် သင့်အား ဤလုပ်ငန်းတွင်ပါဝင်ဆောင်ရွက်နိုင်ရုံမက တမန်တော်များအား ယေရှုသင်ကြားသည့်အတိုင်း တစ်အိမ်မှတစ်အိမ် ဟောပြောနိုင်ရန် လေ့ကျင့်ပေးသလော။​—မ. ၁၀:၇၊ ၁၁-၁၃; တ. ၅:၄၂; ၂၀:၂၀၊ ကဘ။

ယေဟောဝါသက်သေများသည် မိမိတို့ဘာသာတစ်ခုတည်းသာ မှန်သည်ဟု ယုံကြည်သလော

“ယေဟောဝါသက်သေများ” အောက်၌ စာမျက်နှာ ၂၅၇၊ ၂၅၈ ကိုရှု။

အဘယ်ကြောင့် လူအချို့တို့သည် ယုံကြည်ခြင်းရှိ၍ အချို့မူ မရှိကြသနည်း

“ယုံကြည်ခြင်း” ဟူသောအဓိကခေါင်းစဉ်ကိုရှု။

တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

‘ကျွန်တော် ဘာသာရေးစိတ်မဝင်စားဘူး’

ဤသို့ပြန်ပြောနိုင်သည်– ‘ကြားရတာ မအံ့သြမိပါဘူး။ လူတော်တော်များများလည်း ဒီလိုအမြင်မျိုးရှိကြတယ်။ ဒါနဲ့ မေးပါရစေ။ မိတ်ဆွေ အရင်ကတည်းက ဒီလိုပဲလား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– ‘ကျွန်တော်အထူးသတိပြုမိတဲ့အချက်တစ်ချက်ရှိတယ်။ ခရစ်ယာန်အသင်းတွေ သွန်သင်တဲ့အဓိကအယူဝါဒတိုင်းလိုလို ကျမ်းစာထဲမှာရှာမတွေ့နိုင်ဘူး။ (“ယေဟောဝါသက်သေများ” အောက် စာမျက်နှာ ၂၅၇၊ ၂၅၈ ကိုသုံးနိုင်သည်။ နိုင်ငံတော်ကို အထူးအလေးပေး၍ပြောပါ။ ယေဟောဝါသက်သေများ၏ခြားနားချက်နှင့်ပတ်သက်၍ စာမျက်နှာ ၂၅၃၊ ၂၅၄ ၌ပါသည့်အတိုင်း သူတို့ယုံကြည်ချက်များကို တင်ပြပါ။)’

စာမျက်နှာ ၁၇ ကိုလည်းရှု။

‘ဘာသာရေးဟာ ဟန်ဆောင်မှုများလွန်းတယ်’

ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေပြောတာမှန်တယ်။ လူအတော်များများဟာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး။ ဒါပေမဲ့ ကျမ်းစာကို မိတ်ဆွေဘယ်လိုမြင်သလဲ၊ သိပါရစေ။ (ဆာ. ၁၉:၇-၁၀)’

‘ကျွန်တော်ဟာ ဘဝမှာသီလစောင့်ထိန်းပြီးနေတဲ့လူပါ။ သူများပေါ်မှာ မတရားမလုပ်ဘူး။ ဒီအတိုင်းအတာအထိ ဘာသာရေးလိုက်စားတာ ကျွန်တော့်အဖို့ တော်လောက်ပါပြီ’

ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေဟာ ဘဝမှာ သီလစောင့်ထိန်းတဲ့လူဆိုတော့ ဘဝကိုမွေ့လျော်မှာသေချာတယ်။ ဟုတ်ပါသလား။ . . . ဗျာဒိတ် ၂၁:၄ မှာပြောတဲ့ အခြေအနေမျိုးအောက်မှာနေထိုင်ရရင် ဘယ်လိုနေမယ်ထင်သလား။ . . . ဒီလိုဘဝမျိုးရနိုင်ဖို့ ဘာလုပ်ရမလဲဆိုတာ ယောဟန် ၁၇:၃ ကို တစ်ဆိတ်လောက်ကြည့်ပါ။’

စာမျက်နှာ ၁၈၉ ကိုလည်းရှု။

‘ဘာသာရေးအဖွဲ့ကို ကျွန်တော်စိတ်မဝင်စားဘူး။ အရေးကြီးတာက ဘုရားသခင်နဲ့နှစ်ကိုယ်ချင်းဆက်ဆံမှုရှိဖို့ပဲလို့ ကျွန်တော်ယုံကြည်တယ်’

ဤသို့ပြန်ပြောနိုင်သည်– ‘စိတ်ဝင်စားစရာပါပဲ။ မိတ်ဆွေ အရင်ကတည်းက ဒီလိုပဲလား။ . . . အရင်တုန်းက ဘာသာရေးအဖွဲ့တစ်ခုခုနဲ့ဆက်သွယ်ခဲ့ဖူးသလား။ . . . (စာမျက်နှာ ၁၁၈-၁၉၀ ပါ အကြောင်းများကိုသုံးနိုင်သည်။)’

‘ကျွန်တော့်အသင်းဟောပြောသမျှကို ကျွန်တော် တစ်ခုမကျန် လက်ခံတာမဟုတ်ဘူး။ ဒါပေမဲ့ ဘာသာပြောင်းဖို့လိုတယ်လို့လည်း ကျွန်တော်မထင်ဘူး။ ကိုယ်တိုးတက်ကောင်းမွန်ဖို့ပဲ ကြိုးစားချင်တယ်’

ဤသို့ ပြန်ပြောနိုင်သည်– ‘ခုလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အားလုံးအတွက် တကယ်အရေးကြီးတာဟာ ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့ပဲမဟုတ်လား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ဗျာဒိတ် ၁၈:၄၊ ၅ မှာ ဘုရားသခင်က ကျွန်တော်တို့အားလုံးကို စဉ်းစားဖို့အချက်တစ်ချက် ပေးထားတယ်။ . . . ကျွန်တော်တို့ကိုယ်တိုင် မကောင်းမှုမလုပ်သည်တိုင်အောင် လုပ်တဲ့အဖွဲ့ကို ကျွန်တော်တို့ထောက်ခံလို့ရှိရင် ကျွန်တော်တို့လည်း ကြံရာပါဖြစ်တယ်ဆိုပြီး ကျမ်းစာကဆိုပါတယ်။ (“မဟာဗာဗုလုန်” ဟူသော အဓိကခေါင်းစဉ်ကိုလည်းရှု။)’ (၂) (စာမျက်နှာ ၁၉၀-၁၉၂ ပါ အကြောင်းကိုလည်းသုံးနိုင်သည်။) (၃) ‘အမှန်တရားမြတ်နိုးတဲ့လူတွေကို ဘုရားသခင်ရှာဖွေနေပါတယ်။ သူတို့ကိုစည်းလုံးတဲ့ဝတ်ပြုရေးအတွက် စုစည်းနေတယ်။ (ယော. ၄:၂၃၊ ၂၄)’

‘ဘာသာအားလုံး ကောင်းတာချည်းပဲ။ ခင်ဗျားဘာသာနဲ့ ခင်ဗျား။ ကျွန်တော့်ဘာသာနဲ့ ကျွန်တော်’

ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေဟာ သဘောထားကြီးတဲ့လူတစ်ယောက်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်လမ်းညွှန်ကိုလိုအပ်ကြတယ်ဆိုတာ မိတ်ဆွေအသိအမှတ်ပြုမှာပါ။ ဒါကြောင့်လည်း မိတ်ဆွေမှာ ဘာသာတစ်ခုနဲ့။ ဟုတ်တယ်မဟုတ်လား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ကျမ်းစာက မဿဲ ၇:၁၃၊ ၁၄၊ ယေရှုပြောတဲ့စကားထဲမှာ အဖိုးတန်လမ်းညွှန်တစ်ရပ် ပြဋ္ဌာန်းထားတယ်။ (ဖတ်) . . . ဘာကြောင့်ဒီလိုဖြစ်ရသလဲ။’

စာမျက်နှာ ၁၈၅၊ ၁၈၆ ကိုလည်းရှု။

‘ယေရှုကိုယုံကြည်လို့ရှိရင်၊ ဘယ်အသင်းပဲဝင်ဝင် အကြောင်းမဟုတ်ပါဘူး’

ဤသို့ ပြန်ပြောနိုင်သည်– ‘ယေရှုကိုယုံကြည်ဖို့အရေးကြီးတယ်ဆိုတာ သံသယမရှိပါဘူး။ ခုလိုဆိုတဲ့အတွက်၊ ယေရှုသွန်သင်သမျှကို ကျွန်တော်တို့လက်ခံရမယ်ဆိုပြီး မိတ်ဆွေပြောချင်တယ်လို့ ကျွန်တော်အဓိပ္ပာယ်ယူပါတယ်။ ကျွန်တော့်လိုပဲ မိတ်ဆွေလည်း သတိပြုမိမှာအမှန်ပါ။ ခရစ်ယာန်နာမည်ခံတဲ့လူ တော်တော်များများဟာ နာမည်နဲ့လိုက်အောင် မနေကြပါဘူး။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘မဿဲ ၇:၂၁-၂၃ မှာ ယေရှုဘာပြောသလဲဆိုတာကိုကြည့်ပါ။’ (၂) ‘ဘုရားသခင်ရဲ့အလိုတော်ကိုသိအောင်ရှာပြီး အလိုတော်အတိုင်းလုပ်ကိုင်တဲ့လူတွေအတွက် တောက်ပတဲ့အနာဂတ်ရှိတယ်။ (ဆာ. ၃၇:၁၀၊ ၁၁; ဗျာ. ၂၁:၄)’

‘မှန်တဲ့ဘာသာတစ်ခုထဲရှိတယ်လို့ ခင်ဗျား ဘာကြောင့်ထင်သလဲ’

ဤသို့ ပြန်ပြောနိုင်သည်– ‘ဘာသာတိုင်းလိုလိုမှာ ရိုးဖြောင့်တဲ့လူတွေရှိတယ်ဆိုတာ သံသယမရှိပါဘူး။ ဒါပေမဲ့အရေးကြီးတာက ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော် ဘာပြောသလဲဆိုတာပဲ။ မှန်ကန်တဲ့ယုံကြည်ချက် ဘယ်နှစ်မျိုးရှိတယ်လို့ နှုတ်ကပါဌ်တော်ကဆိုသလဲ။ ဧဖက် ၄:၄၊ ၅ မှာ ဘယ်လိုရေးသလဲ တစ်ဆိတ်လောက်ကြည့်ပါ။’ ထို့နောက် ဆက်လက်၍– (၁) ‘ဒါဟာ တခြားကျမ်းချက်တွေနဲ့လည်းကိုက်ညီတယ်။ (မ. ၇:၁၃၊ ၁၄၊ ၂၁; ယော. ၁၀:၁၆; ၁၇:၂၀၊ ၂၁)’ (၂) ‘ဒါကြောင့် ကျွန်တော်တို့ ရင်ဆိုင်ရမယ့်ခက်ခဲတဲ့အလုပ်ဟာ အဲဒီဘာသာကိုရှာဖို့ပါပဲ။ ဘယ်လိုရှာနိုင်မလဲ။ (စာမျက်နှာ ၁၉၀-၁၉၂ မှအချက်အလက်များကို သုံးနိုင်သည်။)’ (၃) (“ယေဟောဝါသက်သေများ” ခေါင်းစဉ်အောက်၊ စာမျက်နှာ ၂၅၃၊ ၂၅၄ ကိုလည်းရှု။)

‘ကျွန်တော်အိမ်မှာပဲကျမ်းစာဖတ်ပြီး နားလည်နိုင်ဖို့ ဘုရားသခင်ဆီမှာဆုတောင်းတယ်’

ဤသို့ ပြန်ပြောနိုင်သည်– ‘ကျမ်းစာတစ်အုပ်လုံးပြီးအောင်ဖတ်ခဲ့ပြီလား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– ‘အဲဒီလိုဖတ်တဲ့အခါမှာ မဿဲ ၂၈:၁၉၊ ၂၀ မှာ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ကိုတွေ့ရပါလိမ့်မယ်။ . . . ဒီအချက်ဟာ ထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်ဟာ တကယ့်ခရစ်ယာန်တစ်ယောက်ဖြစ်လာဖို့ဘာလိုတယ်ဆိုတာကို ကျွန်တော်တို့နားလည်နိုင်အောင် တခြားလူတွေကိုသုံးပြီး အကူအညီပေးပါတယ်။ ဒီအမိန့်တော်နဲ့အညီ၊ ယေဟောဝါသက်သေတွေဟာ လူတွေအိမ်ကိုသွားပြီး တစ်ပတ်မှာတစ်နာရီလောက် အခမဲ့ကျမ်းစာဆွေးနွေးပေးပါတယ်။ ကျွန်တော်တို့ဘယ်ပုံဘယ်နည်းနဲ့ဆွေးနွေးတယ်ဆိုတာကို အချိန်နဲနဲယူပြီး တင်ပြပါရစေ။’

စာမျက်နှာ ၁၉၀ ကိုလည်းရှု။

‘ဘာသာတရားဆိုတာ ကိုယ်ရေးကိုယ်တာကိစ္စလို့ ကျွန်တော်ယူဆတယ်’

ဤသို့ ပြန်ပြောနိုင်သည်– ‘ခုခေတ် လူတော်တော်များများ ဒီလိုပဲယူဆကြပါတယ်။ တကယ်လို့ လူတွေဟာ ကျမ်းစာရဲ့သတင်းစကားကို စိတ်မဝင်စားဘူးဆိုလို့ရှိရင်၊ ကျွန်တော်တို့လည်း ဝမ်းသာစွာနဲ့ပဲ နောက်တစ်အိမ်ကိုသွားပါတယ်။ ဒါပေမဲ့၊ မိတ်ဆွေဆီကို ကျွန်တော်လာရတဲ့အကြောင်းရင်းဟာ ယေရှုက ခုလိုလုပ်ဖို့ နောက်တော်လိုက်တွေကို မှာကြားလို့ဖြစ်တယ်ဆိုတာ မိတ်ဆွေသိပါသလားခင်ဗျာ။ . . . (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀; ၁၀:၄၀)’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ