ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
အောက်တိုဘာ ၇-၁၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယာကုပ် ၃–၅
“ဘုရားရေးရာဉာဏ်ပညာ ပြသပါ”
(ယာကုပ် ၃:၁၇) အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ ဦးဆုံးအနေနဲ့ စင်ကြယ်တယ်။ ပြီးတော့ သင့်သင့်မြတ်မြတ် နေတတ်တယ်။ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ နာခံဖို့ အသင့် ရှိတယ်။ ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့ ပြည့်စုံတယ်။ မျက်နှာ မလိုက်တတ်ဘူး။ သူတော်ကောင်းအဖြစ် ဟန်မဆောင်ဘူး။
‘အထက်မှ ဉာဏ်ပညာ’ သည် သင့်ဘဝတွင် အကျိုးဩဇာသက်ရောက်သလော
၉ “ရှေးဦးစွာ စင်ကြယ်၏။” စင်ကြယ်ခြင်းဟူသည် အပြင်ပန်းသာမက အတွင်း၌ပင် ဖြူစင်သန့်ရှင်း၍ အညစ်အကြေး ကင်းစင်ခြင်း ဖြစ်သည်။ သမ္မာကျမ်းစာက ဉာဏ်ပညာကို နှလုံးနှင့် ဆက်စပ်ဖော်ပြထားသည်၊ သို့သော် ကောင်းကင်ဉာဏ်ပညာသည် ဆိုးညစ်သော အကြံအစည်များ၊ လိုအင်ဆန္ဒများနှင့် ရည်ရွယ်ချက်များဖြင့် ညစ်ညူးနေသော နှလုံးအတွင်းသို့ မဝင်နိုင်ချေ။ (သုတ္တံ ၂:၁၀; မဿဲ ၁၅:၁၉၊ ၂၀) သို့တစေ ကျွန်ုပ်တို့၏ နှလုံးသည် မစုံလင်သော လူသားတို့အတွက် အဖြစ်နိုင်ဆုံး အတိုင်းအတာအထိ စင်ကြယ်မည်ဆိုလျှင် “ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကို ပြု” ကြပါလိမ့်မည်။ (ဆာလံ ၃၇:၂၇; သုတ္တံ ၃:၇) စင်ကြယ်ခြင်းကို ဉာဏ်ပညာ၏ အရည်အသွေးများ စာရင်းတွင် ဦးဆုံးဖော်ပြထားခြင်းက ဆီလျော်သည် မဟုတ်ပေလော။ ကျွန်ုပ်တို့သာ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးအရ စင်ကြယ်မှု မရှိပါက အထက်မှ ဉာဏ်ပညာ၏ အခြားအရည်အသွေးတို့ကို အမှန်အတိုင်း မည်သို့ ထင်ဟပ်ပြနိုင်မည်နည်း။
၁၀ “၎င်းနောက် ငြိမ်းချမ်း၏။” ကောင်းကင်ဉာဏ်ပညာက ဘုရားသခင့် ဝိညာဉ်တော်အသီးတစ်လုံး ဖြစ်သော ငြိမ်သက်ခြင်းကို လိုက်မီရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။ (ဂလာတိ ၅:၂၂) ယေဟောဝါ၏ လူတို့ကို စည်းလုံးစေသည့် “အသင့်အတင့် ပေါင်းဖော်ခြင်း အဖွဲ့အစည်း” ကို မပျက်ပြားသွားစေရန် ကျွန်ုပ်တို့ ကြိုးစားကြ၏။ (ဧဖက် ၄:၃) ယင်းပျက်ပြားသွားသောအခါ ပြန်သင့်တင့်နိုင်ဖို့ ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးစားကြသည်။ ထိုသို့ပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အချင်းချင်း အသင့်အတင့် နေကြလော့။ သို့ဖြစ်၍ မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်း ချမ်းသာကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလတ္တံ့။” (၂ ကောရိန္သု ၁၃:၁၁) သို့ဖြစ်၍ ကျွန်ုပ်တို့ အသင့်အတင့် နေသရွေ့ကာလပတ်လုံး ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူမည်။ ယုံကြည်သူချင်းတို့နှင့် ကျွန်ုပ်တို့၏ ဆက်ဆံပုံက ယေဟောဝါနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိသည်။ ကျွန်ုပ်တို့သည် အသင့်အတင့် နေတတ်သူများ ဖြစ်ကြောင်း မည်သို့ သက်သေထူနိုင်သနည်း။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။
(ယာကုပ် ၃:၁၇) အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ ဦးဆုံးအနေနဲ့ စင်ကြယ်တယ်။ ပြီးတော့ သင့်သင့်မြတ်မြတ် နေတတ်တယ်။ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ နာခံဖို့ အသင့် ရှိတယ်။ ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့ ပြည့်စုံတယ်။ မျက်နှာ မလိုက်တတ်ဘူး။ သူတော်ကောင်းအဖြစ် ဟန်မဆောင်ဘူး။
‘အထက်မှ ဉာဏ်ပညာ’ သည် သင့်ဘဝတွင် အကျိုးဩဇာသက်ရောက်သလော
၁၂ ‘အကျိုးသင့်အကြောင်းသင့် ရှိ၏။’ အကျိုးသင့်အကြောင်းသင့် ရှိခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။ ကျမ်းပညာရှင်တို့၏ အဆိုအရ ယာကုပ် ၃:၁၇ တွင် ပါရှိသော “အကျိုးသင့်အကြောင်းသင့်” ဟု ဘာသာပြန်ထားသည့် မူရင်းဂရိစကားလုံးမှာ ဘာသာပြန်ဆိုရန် ခက်ခဲသည်။ ဘာသာပြန်များက “ညင်သာသော၊” “သည်းခံသော” နှင့် “ထောက်ထားညှာတာသော” အစရှိသော စကားလုံးတို့ကို အသုံးပြု၏။ ဂရိစကားလုံး၏ စာသားအတိုင်း အဓိပ္ပာယ်မှာ “အလျှော့ပေး လိုက်လျောခြင်း” ဖြစ်သည်။ အထက်မှ ဉာဏ်ပညာ၏ ဤအသွင်အပြင်သည် ကျွန်ုပ်တို့အထဲတွင် အလုပ်လုပ်နေကြောင်း မည်သို့ ဖော်ပြနိုင်ကြသနည်း။
‘အထက်မှ ဉာဏ်ပညာ’ သည် သင့်ဘဝတွင် အကျိုးဩဇာသက်ရောက်သလော
၁၄ “နာခံရန် အသင့် ရှိ၏။” “နာခံရန် အသင့် ရှိ၏” ဟု ပြန်ဆိုထားသော ဂရိစကားလုံးကို ခရစ်ယာန်ဂရိကျမ်းစောင်ရှိ အခြားနေရာတို့တွင် မတွေ့ရချေ။ ကျမ်းပညာရှင်တစ်ဦးအရ ဤစကားလုံးကို “စစ်တပ်စည်းကမ်းတွင် အသုံးပြုလေ့ရှိသည်။” ယင်းက “နားချသိမ်းသွင်းရန် လွယ်ကူခြင်း” နှင့် “လက်အောက်ခံခြင်း” ဟူသော သဘော သက်ရောက်စေသည်။ အထက်မှ ဉာဏ်ပညာ လွှမ်းမိုးခံရသူသည် သမ္မာကျမ်းစာ၌ ပြောထားရာကို လွယ်လင့်တကူ သြဇာခံ၏။ သူသည် စိတ်ဆုံးဖြတ်ချက်တစ်ခု ချပြီးဖြစ်လျှင် ယင်းဆုံးဖြတ်ချက်နှင့် ဆန့်ကျင်သော မည်သည့် အကြောင်းအချက်ကိုမျှ လက်မခံတော့ဟူသည့် နာမည်မထွက်ချေ။ ထိုသို့ပြုမည့်အစား သူ၏ ရပ်တည်ချက်သည် မှားနေကြောင်း၊ သို့မဟုတ် သူ၏ ကောက်ချက်များ မှားနေကြောင်း ရှင်းလင်းသော ကျမ်းစာအထောက်အထားများဖြင့် ထောက်ပြသောအခါ ချက်ချင်း ပြုပြင်ပြောင်းလဲ၏။ အခြားသူများက သင့်ကို ယင်းသို့ ရှုမြင်ကြသလော။
‘ကရုဏာနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်ဝသည်’
၁၅ ‘ကရုဏာနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်ဝသည်။’ ကရုဏာသည် အထက်မှ ဉာဏ်ပညာ၏ အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်သည်၊ အကြောင်းမှာ ယင်းသို့သော ဉာဏ်ပညာသည် “ကရုဏာနှင့် ပြည့်ဝသည်” ဟူ၍ ဆိုထားသောကြောင့် ဖြစ်သည်။ “ကရုဏာ” နှင့် “ကောင်းကျိုးတို့” ကို ယှဉ်တွဲဖော်ပြထားကြောင်း သတိပြုပါ။ ယင်းသည် ဆီလျော်ပေ၏၊ အကြောင်းမှာ သမ္မာကျမ်းစာ၌ ကရုဏာကို အများအားဖြင့် သူတစ်ပါးအတွက် စိုးရိမ်မကင်း ဖြစ်ခြင်း၊ ကြင်နာသော အပြုအမူများစွာကို ပြုလုပ်စေသည့် စာနာထောက်ထားမှုကို ရည်ညွှန်းလေ့ရှိသည်။ ကိုးကားဖော်ပြချက်တစ်ရပ်က ကရုဏာကို “တစ်ဦးတစ်ယောက်၏ အခြေအနေဆိုးကြောင့် ဝမ်းနည်းကြေကွဲပြီး ၎င်းကို ဖြေရှင်းပေးရန် တစ်စုံတစ်ရာ ပြုလုပ်ပေးဖို့ ကြိုးပမ်းခြင်း” ဟု အနက်ဖွင့်ထားသည်။ သို့ဖြစ်၍ ဘုရားရေးရာ ဉာဏ်ပညာသည် အေးတိအေးစက်နိုင်ပြီး အကြင်နာမဲ့သော၊ အသိဉာဏ်ပိုင်း သက်သက်မျှ ဖြစ်သောအရာ မဟုတ်ပေ။ ယင်းအစား ၎င်းသည် လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ရှိပြီး မေတ္တာပါရုံမက သူတစ်ပါး၏ ခံစားချက်ကို အထူးသိမြင်နားလည်တတ်သည်။ ကျွန်ုပ်တို့သည် ကရုဏာဖြင့် ပြည့်နေကြောင်း မည်သို့ ဖော်ပြနိုင်ကြသနည်း။
(ယာကုပ် ၃:၁၇) အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ ဦးဆုံးအနေနဲ့ စင်ကြယ်တယ်။ ပြီးတော့ သင့်သင့်မြတ်မြတ် နေတတ်တယ်။ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ နာခံဖို့ အသင့် ရှိတယ်။ ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့ ပြည့်စုံတယ်။ မျက်နှာမလိုက်တတ်ဘူး။ သူတော်ကောင်းအဖြစ် ဟန်မဆောင်ဘူး။
‘အထက်မှ ဉာဏ်ပညာ’ သည် သင့်ဘဝတွင် အကျိုးဩဇာသက်ရောက်သလော
၁၈ ‘မျက်နှာလိုက်ခြင်းနှင့် ကင်းလွတ်၏။’ ဘုရားရေးရာ ဉာဏ်ပညာသည် လူမျိုးရေးစိတ် စွန်းကွက်ခြင်းနှင့် လူမျိုးဂုဏ်မောက်ခြင်းကို ရှောင်ရှားစေသည်။ ထိုသို့သော ဉာဏ်ပညာ၏ လွှမ်းမိုးမှုကို ကျွန်ုပ်တို့ ခံရမည်ဆိုလျှင် မျက်နှာလိုက်လိုစိတ်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲမှ ထုတ်ပစ်ရန် ကြိုးစားအားထုတ်သည်။ (ယာကုပ် ၂:၉) ကျွန်ုပ်တို့သည် အခြားသူတို့အား သူတို့၏ ပညာရေးနောက်ခံ၊ ဥစ္စာဓနကြွယ်ဝမှု၊ သို့မဟုတ် အသင်းတော်ဆိုင်ရာ တာဝန်အပေါ် မူတည်၍ ဦးစားပေး ဆက်ဆံမည် မဟုတ်; သို့တည်းမဟုတ် ဝတ်ပြုကိုးကွယ်သူချင်း တစ်ဦးတစ်ယောက်ကိုမျှ သူတို့၏ ဆင်းရဲနိမ့်ကျပုံပေါက်ခြင်းကြောင့် အထင်အမြင်သေးမည် မဟုတ်ချေ။ ယေဟောဝါသည် ထိုသို့သောသူတို့အား ကိုယ်တော်၏ မေတ္တာကို ရရှိစေသည်ဆိုလျှင် ကျွန်ုပ်တို့၏ မေတ္တာကို သူတို့ ရထိုက်သည်ဟု အမှန်ပင် ယူဆသင့်ပေ၏။
၁၉ “ဟန်ဆောင်ခြင်းနှင့် ကင်းလွတ်၏။” “အရေခြုံ” ဟူသော ဂရိစကားလုံးသည် “ဇာတ်ဝင်ခန်းတစ်ခု၌ ကပြသော ဇာတ်မင်းသား” ကို ရည်ညွှန်းနိုင်သည်။ ရှေးအချိန်က ဂရိနှင့် ရောမဇာတ်မင်းသားများသည် သရုပ်ဆောင်ကြသောအခါ မျက်နှာဖုံးကြီးများကို စွပ်ထားကြရသည်။ သို့နှင့် “အရေခြုံ” ဟူသော ဂရိစကားလုံးသည် ဟန်ဆောင်သူ၊ သို့မဟုတ် ယောင်ဆောင် ကပြသူနှင့် ဆက်စပ်၍ ဆင်းသက်လာ၏။ ဘုရားရေးရာ ဉာဏ်ပညာ၏ ဤရှုထောင့်သည် ဝတ်ပြုကိုးကွယ်သူချင်းတို့နှင့် ကျွန်ုပ်တို့ ဆက်ဆံပုံကိုသာမက သူတို့အပေါ် ထားရှိသည့် စိတ်ထားအပေါ်လည်း ဩဇာသက်ရောက်သင့်သည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ယာကုပ် ၄:၅) ရင်ထဲမှာ ရှိတဲ့ မနာလိုစိတ်က အရာရာကို မပြတ် လိုချင်တောင့်တနေတယ်” ဆိုပြီး ကျမ်းစာမှာ အကြောင်းမဲ့ ပြောထားတယ်လို့ ထင်နေကြတာလား။
ယာကုပ်နှင့် ပေတရု၏ စာများမှ ပေါ်လွင်ချက်များ
၄:၅—ဤတွင် အဘယ် ကျမ်းစကားကို ယာကုပ် ကိုးကားခဲ့ခြင်းနည်း။ သတ်သတ်မှတ်မှတ် အခန်းငယ်တစ်ခုခုကို ယာကုပ် ကိုးကားခြင်း မဟုတ်ပါ။ သို့သော် ဤဘုရားသခင့် မှုတ်သွင်းခံစကားမှာ ကမ္ဘာဦး ၆:၅; ၈:၂၁; သု. ၂၁:၁၀ နှင့် ဂလာတိ ၅:၁၇ ကဲ့သို့သော ကျမ်းချက်များ နောက်ကွယ်ရှိ ယေဘုယျ အယူအဆကို အခြေခံခြင်း ဖြစ်နိုင်သည်။
(ယာကုပ် ၄:၁၁၊ ၁၂) ညီအစ်ကိုတို့၊ အချင်းချင်း မကောင်း မပြောကြပါနဲ့တော့။ ညီအစ်ကိုအကြောင်း မကောင်း ပြောတာ၊ ပြစ်တင်ဝေဖန်တာဟာ ပညတ်ကို မကောင်း ပြောတာ၊ ပြစ်တင်ဝေဖန်တာပဲ။ ပညတ်ကို ပြစ်တင်ဝေဖန်မယ်ဆိုရင် ပညတ်ကို ကျင့်တဲ့သူ မဟုတ်ဘဲ တရားစီရင်တဲ့သူ ဖြစ်နေပြီ။ ၁၂ ပညတ်ပြဋ္ဌာန်းရှင်၊ တရားသူကြီးက တစ်ပါးပဲ ရှိတယ်။ အဲဒီအရှင်က လူတွေကို ကယ်တင်နိုင်တယ်၊ ဖျက်ဆီးနိုင်တယ်။ ခင်ဗျားတို့ကျတော့ ဘယ်သူမို့လို့ လူလူချင်းကို တရားစီရင်ရတာလဲ။
ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို သည်းခံ၍ စိတ်အားထက်သန်စေ
၈ ယုံကြည်သူချင်းအပေါ် ဆန့်ကျင်ဘက်ပြု၍ ပြောဆိုခြင်းသည် အပြစ်ရှိသည်။ (ယာကုပ် ၄:၁၁၊ ၁၂) သို့တိုင် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ထင်သော သဘောကြောင့်လည်းကောင်း၊ အခြားသူများကို နှိမ်ခြင်းဖြင့် မိမိကိုယ်ကို ချီးမြှောက်လိုကြ၍လည်းကောင်း အချို့သူတို့သည် ယုံကြည်သူချင်းများကို အပြစ် ရှာတတ်ကြသည်။ (ဆာလံ ၅၀:၂၀; သု. ၃:၂၉) ‘ဆန့်ကျင်ဘက်ပြု၍ ပြောဆို’ သည်ဟု ပြန်ဆိုသော ဂရိဝေါဟာရသည် ရန်လိုခြင်းနှင့် ပုံကြီးချဲ့ခြင်း သို့မဟုတ် မှားယွင်းစွာ စွပ်စွဲခြင်း ဟူသော အဓိပ္ပာယ် သက်ရောက်သည်။ ယင်းသည် ညီအစ်ကိုတစ်ဦးကို မနှစ်မြို့ဖွယ် စီရင်ခြင်း ဖြစ်သည်။ ယင်းသည် ‘ဆန့်ကျင်ဘက်ပြု၍ ပြောဆိုခြင်းနှင့် ဘုရားသခင့်တရားတော်ကို စီရင်ခြင်း’ မည်သို့ ဖြစ်မည်နည်း။ အမှန်မှာ ကျမ်းတတ်များနှင့် ဖာရိရှဲများသည် ‘ဘုရားသခင်၏ ပညတ်တော်ကို ကျွမ်းကျင်စွာ ပယ်’ ကြပြီး သူတို့၏ စံနှုန်းများအတိုင်း စီရင်ခဲ့ကြသည်။ (မာကု ၇:၁-၁၃၊ ကဘ) ထိုနည်းတူစွာ၊ ယေဟောဝါ အပြစ် မစီရင်သော ညီအစ်ကိုတစ်ဦးအား ကျွန်ုပ်တို့က အပြစ် စီရင်လျှင် ကျွန်ုပ်တို့သည် ‘ဘုရားသခင့် တရားတော်ကို စီရင်’ ပြီး ယင်းသည် မပြည့်စုံပါဟု ဆိုကာ ပြစ်မှားနေရာ ကျမည် မဟုတ်ပေလော။ ထို့အပြင် ကျွန်ုပ်တို့၏ ညီအစ်ကိုအား မတရား အပြစ် ရှာခြင်းဖြင့် ချစ်ခြင်းပညတ်ကို ချိုးဖောက်ရာ ကျမည်။—ရောမ ၁၃:၈-၁၀။
ကျမ်းစာဖတ်ရှုခြင်း
(ယာကုပ် ၃:၁-၁၈) ညီအစ်ကိုတို့၊ ခင်ဗျားတို့ထဲက အများစုဟာ ဆရာတွေ မဖြစ်သင့်ဘူး။ ဆရာတွေ ဖြစ်မယ်ဆိုရင် ပိုပြင်းထန်တဲ့ တရားစီရင်မှုကို ခံရလိမ့်မယ်။ ၂ ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။ စကား မမှားဖူးတဲ့သူဟာ ပြည့်ဝစုံလင်သူ၊ တစ်ကိုယ်လုံးကို ထိန်းနိုင်တဲ့သူပဲ။ ၃ မြင်းကို လိုရာခိုင်းချင်တဲ့အခါ ဇက်ကြိုး ခွံ့လိုက်ရင် မြင်းတစ်ကောင်လုံးကို ထိန်းနိုင်ပြီ။ ၄ ဧရာမသင်္ဘောတွေလည်း လေပြင်းတိုက်လို့ မျောပါသွားတဲ့အခါ သေးငယ်တဲ့ တက်မတစ်ချောင်းနဲ့ ပဲ့ကိုင်လိုက်ရင် သွားချင်တဲ့ဘက်ကို ဦးတည်စေနိုင်တယ်။ ၅ အလားတူ၊ လျှာဟာ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပေမဲ့ အလွန်အကျွံ ဝါကြွားတတ်တယ်။ မီးစလေးတစ်စက သစ်တောကြီးတစ်ခုလုံးကို လောင်ကျွမ်းစေသလိုပါပဲ။ ၆ လျှာဟာ မီးပဲ။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ လျှာဟာ ဆိုးညစ်မှုနဲ့ ပြည့်နှက်နေတယ်။ တစ်ကိုယ်လုံးကို ညစ်ညူးစေတယ်။ တစ်ဘဝလုံးကို လောင်ကျွမ်းစေနိုင်တယ်။ ဂေဟင်နာ အရပ်လို ဖျက်ဆီးတတ်တယ်။ ၇ သားရဲတွေ၊ ငှက်တွေ၊ တွားသွားသတ္တဝါတွေ၊ ပင်လယ်သတ္တဝါတွေကို ယဉ်ပါးအောင် ထိန်းလို့ရတယ်၊ ထိန်းလည်း ထိန်းခဲ့ကြတယ်။ ၈ လျှာကိုတော့ ဘယ်လူသားမှ မထိန်းနိုင်ဘူး။ လျှာဟာ ထိန်းလို့မရတဲ့အရာ၊ ထိခိုက်နစ်နာစေတဲ့အရာပဲ။ သေစေနိုင်တဲ့ အဆိပ်နဲ့ ပြည့်နေတယ်။ ၉ ကျွန်တော်တို့က အဖဘုရားသခင် ယေဟောဝါကို လျှာနဲ့ ချီးမွမ်းတတ်တယ်။ “ဘုရားသခင်နဲ့ တူအောင်” ဖန်ဆင်းထားတဲ့ လူကိုလည်း အဲဒီလျှာနဲ့ပဲ ကျိန်ဆဲတတ်တယ်။ ၁၀ နှုတ်တစ်ခုတည်းကနေ ချီးမွမ်းခြင်းရော ကျိန်ဆဲခြင်းပါ ထွက်လာတယ်။ ညီအစ်ကိုတို့၊ အဲဒီလိုဖြစ်နေတာ မကောင်းဘူး။ ၁၁ စမ်းရေ တစ်ပေါက်တည်းကနေ ရေချိုရော ရေခါးပါ ထွက်တတ်သလား။ ၁၂ ညီအစ်ကိုတို့၊ သဖန်းပင်မှာ သံလွင်သီး သီးတတ်သလား။ စပျစ်ပင်မှာ သဖန်းသီး သီးတတ်သလား။ ရေငန်အိုင်မှာ ရေချို ထွက်တတ်သလား။ ၁၃ ဉာဏ်ပညာနဲ့ သိနားလည်နိုင်စွမ်း ရှိတဲ့သူ ခင်ဗျားတို့ထဲမှာ ရှိသလား။ ရှိတယ်ဆိုရင် အမူအကျင့်ကောင်းနဲ့ သက်သေပြရမယ်။ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာတဲ့ နူးညံ့သိမ်မွေ့ခြင်းနဲ့ အရာရာကို လုပ်ဆောင်တတ်သူ ဖြစ်ရမယ်။ ၁၄ ဒါပေမဲ့ ခင်ဗျားတို့ ရင်ထဲမှာ မနာလိုစိတ် များနေရင်၊ ငြင်းခုံရန်တွေ့ချင်စိတ် ရှိနေရင် မိမိဉာဏ်ပညာအတွက် မဝါကြွားပါနဲ့။ အဲဒီလိုဝါကြွားနေရင် လိမ်ညာပြောနေတာပဲ။ ၁၅ အဲဒါဟာ အထက်က လာတဲ့ ဉာဏ်ပညာ မဟုတ်ဘူး။ ဒီလောကနဲ့ ဆိုင်တဲ့၊ အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်သူတွေနဲ့ ဆိုင်တဲ့၊ နတ်ဆိုးနဲ့ ဆိုင်တဲ့ ပညာပဲ။ ၁၆ မနာလိုစိတ်၊ ငြင်းခုံရန်တွေ့ချင်စိတ် ရှိတဲ့ နေရာမှာ စည်းစနစ် မရှိတာတွေ၊ ယုတ်ညံ့တာတွေ ရှိတတ်တယ်။ ၁၇ အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ ဦးဆုံးအနေနဲ့ စင်ကြယ်တယ်။ ပြီးတော့ သင့်သင့်မြတ်မြတ် နေတတ်တယ်။ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ နာခံဖို့ အသင့် ရှိတယ်။ ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့ ပြည့်စုံတယ်။ မျက်နှာမလိုက်တတ်ဘူး။ သူတော်ကောင်းအဖြစ် ဟန်မဆောင်ဘူး။ ၁၈ ဒါ့အပြင် ဖြောင့်မတ်ခြင်းမျိုးစေ့ဟာ သင့်မြတ်စေသူအတွက် ငြိမ်သက်တဲ့ အခြေအနေမှာ ကြဲထားတယ်။
အောက်တိုဘာ ၁၄-၂၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ပေတရု ၁–၂
“မင်းတို့လည်း သန့်ရှင်းရမယ်”
(၁ ပေတရု ၁:၁၄၊ ၁၅) နာခံတတ်တဲ့ သားသမီးတွေ ဖြစ်ကြပါ။ ဘုရားသခင်ကို မသိခင်က ခင်ဗျားတို့မှာ ရှိခဲ့တဲ့ အလိုဆန္ဒတွေရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ ၁၅ ခင်ဗျားတို့ကို ခေါ်ယူတဲ့ အရှင်ဟာ သန့်ရှင်းတဲ့အတွက် ခင်ဗျားတို့လည်း ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ။
ဖခင် ပေးသည့် “ပြည့်ဝစုံလင်သော လက်ဆောင်” ရွေးနုတ်ဖိုး
၅ ယေဟောဝါရဲ့ နာမတော်ကို ချစ်မြတ်နိုးကြောင်း ဘယ်လို ပြကြမလဲ။ ကျွန်တော်တို့ရဲ့ အမူအကျင့်အားဖြင့်ပါပဲ။ သန့်ရှင်းဖို့ ကျွန်တော်တို့ကို ယေဟောဝါ တောင်းဆိုတယ်။ (၁ ပေတရု ၁:၁၅၊ ၁၆ ကိုဖတ်ပါ။) ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ပြီး စိတ်နှလုံးအပြည့်နဲ့ နာခံကြရမယ်။ ညှဉ်းပန်းနှိပ်စက်ခံရရင်တောင် ဘုရားရဲ့ ဖြောင့်မတ်တဲ့ မူတွေ၊ ပညတ်တွေနဲ့အညီ အကောင်းဆုံး အသက်ရှင်နေထိုင်ကြရမယ်။ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေအားဖြင့် ကျွန်တော်တို့ရဲ့ အလင်းကို ထွန်းလင်းပြီး ယေဟောဝါရဲ့ နာမတော်ကို ချီးမွမ်းဂုဏ်တင်ရမယ်။ (မ. ၅:၁၄-၁၆) ယေဟောဝါရဲ့ ပညတ်တွေဟာ ကောင်းမြတ်ကြောင်း၊ စာတန့်စွပ်စွဲချက်တွေ မှားကြောင်း ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်ပုံနဲ့ ဖော်ပြကြတယ်။ ကျွန်တော်တို့အားလုံး မှားတတ်ကြလို့ ပြစ်မှားမိတဲ့အခါ စစ်မှန်တဲ့ နောင်တရပြီး ယေဟောဝါကို ရှုတ်ချမှု ဖြစ်စေတဲ့ အကျင့်တွေကို ဆက်မလုပ်ကြတော့ဘူး။—ဆာ. ၇၉:၉။
(၁ ပေတရု ၁:၁၆) “ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်” ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။
ဖျော်ဖြေမှု ရွေးချယ်နိုင်ပုံ
၆ “ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်” လို့ ကျွန်တော်တို့ကို ယေဟောဝါ မိန့်မှာတယ်။ (၁ ပေတရု ၁:၁၄-၁၆။ ၂ ပေတရု ၃:၁၁) ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု သန့်ရှင်းစင်ကြယ်နေမှ ယေဟောဝါ လက်ခံမယ်။ (တရားဟောရာ ၁၅:၂၁) အကျင့်ပျက်မှု၊ အကြမ်းဖက်မှု၊ နတ်ဆိုး စတဲ့အရာတွေနဲ့ပတ်သက်တဲ့ ယေဟောဝါ ရွံမုန်းတဲ့ အရာတွေကို လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု မသန့်ရှင်းနိုင်ဘူး။ (ရောမ ၆:၁၂-၁၄။ ၈:၁၃) အဲဒီအရာတွေနဲ့ အပန်းဖြေနေမယ်ဆိုရင်လည်း ယေဟောဝါ နှစ်သက်မှာ မဟုတ်ဘူး။ အဲဒါတွေက ကျွန်တော်တို့ရဲ့ ဝတ်ပြုရေးကို မသန့်မရှင်း ဖြစ်သွားစေနိုင်တယ်။ ဘုရား လက်မခံနိုင်တဲ့အရာ ဖြစ်သွားနိုင်ပြီး ဘုရားနဲ့ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်နိုင်တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၁ ပေတရု ၁:၁၀-၁၂) ပရောဖက်တွေက ခင်ဗျားတို့အတွက် ရည်စူးထားတဲ့ မဟာကရုဏာတော်အကြောင်း ကြိုဟောခဲ့တယ်၊ အဲဒီကယ်တင်ခြင်းအကြောင်း အပတ်တကုတ် မေးမြန်းရှာဖွေခဲ့ကြတယ်။ ၁၁ ခရစ်တော် ဘာတွေ ကြုံရမယ်၊ ဘယ်အချိန်မှာ ကြုံရမယ်ဆိုတာနဲ့ပတ်သက်ပြီး စွမ်းအားတော် ဖော်ပြတဲ့အရာကို သူတို့ မပြတ် ဆန်းစစ်လေ့လာကြတယ်။ ခရစ်တော်ဟာ ဆင်းရဲဒုက္ခ ခံရပြီးနောက် ချီးမြှောက်ခံရမယ်ဆိုတဲ့အကြောင်း စွမ်းအားတော် ကြိုတင်အသိပေးထားလို့ပဲ။ ၁၂ ကိုယ့်အတွက် မဟုတ်ဘဲ ခင်ဗျားတို့အတွက် ပရောဖက်ပြုရမယ်ဆိုပြီး သူတို့ကို ဘုရားသခင် အသိပေးခဲ့တယ်။ သူတို့က ကောင်းကင်ကနေ စေလွှတ်လိုက်တဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ သတင်းကောင်း ဟောခဲ့လို့ အခု ခင်ဗျားတို့ အဲဒီအကြောင်း ကြားသိနေရတယ်။ ကောင်းကင်တမန်တွေဆိုရင် အဲဒီအကြောင်းတွေကို သိပ်သိချင်နေကြတာ။
ယာကုပ်နှင့် ပေတရု၏ စာများမှ ပေါ်လွင်ချက်များ
၁:၁၀-၁၂။ ကောင်းကင်တမန်များသည် ဘိသိက်ပေးခံရသော ခရစ်ယာန်အသင်းတော်နှင့် စပ်လျဉ်း၍ ဘုရားသခင်၏ ရှေးပရောဖက်များ ရေးသားခဲ့သော နက်နဲသည့် အမှန်တရားများကို စေ့စေ့ကြည့်ရှုလိုစိတ်၊ နားလည်သဘောပေါက်လိုစိတ် ရှိခဲ့ကြသည်။ သို့သော် ယေဟောဝါသည် အသင်းတော်နှင့် စတင်ဆက်ဆံချိန်မှသာ ထိုအရာများသည် ရှင်းလင်းလာခဲ့သည်။ (ဧ. ၃:၁၀) ကျွန်ုပ်တို့သည် ကောင်းကင်တမန်များ၏ ပုံနမူနာကို လိုက်လျှောက်ကာ “ဘုရားသခင်၏ နက်နဲရာတို့ကို” စစ်ဆေးရန် ကြိုးစားသင့်သည် မဟုတ်လော။—၁ ကော. ၂:၁၀။
(၁ ပေတရု ၂:၂၅) ခင်ဗျားတို့ဟာ လမ်းလွဲတဲ့ သိုးတွေလို ဖြစ်ခဲ့ကြပေမဲ့ အခုတော့ ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြပြီ။
it-2 ၅၆၅ ပိုဒ်. ၃
ကြီးကြပ်မှူး
ကြီးကြပ်မှူးချုပ်။ “လမ်းလွဲတဲ့ သိုးတွေလို” ဖြစ်နေသူတွေအကြောင်း ဖော်ပြထားတဲ့ ပေတရု ပထမစောင် ၂:၂၅ ဟာ ဟေရှာယ ၅၃:၆ ကို ကိုးကားထားမှန်း ထင်ရှားပါတယ်။ ပေတရုက “အခုတော့ ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြပြီ” လို့လည်း ဆက်ပြောခဲ့တယ်။ ဒါက ယေဟောဝါဘုရားကို ရည်ညွှန်းနေတာပဲ ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ပေတရု စာရေးခဲ့တာက ခရစ်တော်ယေရှုဆီကနေ လမ်းလွဲခဲ့သူတွေကို မဟုတ်ဘဲ ခရစ်တော်ယေရှုကတစ်ဆင့် မဟာသိုးထိန်းရှင် ယေဟောဝါဘုရားထံ ပြန်ခေါ်ဆောင်လာခြင်း ခံရသူတွေကို ဖြစ်တယ်။ (ဆ ၂၃:၁။ ၈၀:၁။ ယေ ၂၃:၃။ ယဇ ၃၄:၁၂) ယေဟောဝါဟာ စစ်ကြောတဲ့အရှင်လည်းဖြစ်၊ ကြီးကြပ်မှူးလည်း ဖြစ်တယ်။ (ဆ ၁၇:၃) စစ်ကြော ဒါမှမဟုတ် ကြည့်ရှုစစ်ဆေးခြင်း (ဂရိ၊ အီပီစကိုပီ) ဟာ ဘုရားရဲ့ ပြင်းထန်တဲ့ တရားစီရင်ချက်နဲ့ ဆက်စပ်နိုင်တယ်။ အေဒီပထမရာစုတုန်းက ဂျေရုဆလင်မြို့ဟာ ဘုရား ‘ကြည့်ရှုစစ်ဆေးတဲ့ [ဂရိ၊ အီပီစကိုပီစ်] အချိန်ကို မသိလို့’ တရားစီရင်ခံခဲ့ရသလိုပေါ့။ (လု ၁၉:၄၄) စစ်ကြော ဒါမှမဟုတ် ကြည့်ရှုစစ်ဆေးခြင်းကြောင့် မျက်နှာသာနဲ့ အကျိုးကျေးဇူးလည်း ရနိုင်တယ်။ “ဘုရားသခင် စစ်ဆေးမယ့်” [ဂရိ၊ အီပီစကိုပီစ်] နေ့မှာ ဘုရားကို ဂုဏ်တင်ချီးမွမ်းသူတွေရဲ့ အဖြစ်မှာလိုပေါ့။—၁ပ ၂:၁၂။
ကျမ်းစာဖတ်ရှုခြင်း
(၁ ပေတရု ၁:၁-၁၆) ယေရှုခရစ်ရဲ့ တမန်တော် ပေတရုက ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှနယ်၊ ဗိသုနိပြည်တွေမှာ ကွဲလွင့်နေတဲ့ ယာယီနေထိုင်သူတွေ၊ ရွေးချယ်ခံရသူတွေဆီ စာရေးလိုက်ပါတယ်။ ၂ အဖဘုရားသခင်က ကြိုတင် သိမြင်ထားတဲ့အတိုင်း ခင်ဗျားတို့ကို ရွေးချယ်ပြီး စွမ်းအားတော်နဲ့ သန့်စင်ပေးတယ်။ ရည်ရွယ်ချက်က ခင်ဗျားတို့ကို နာခံမှု ရှိစေဖို့၊ ယေရှုခရစ်ရဲ့ သွေးကြောင့် သန့်ရှင်းလာစေဖို့ပါ။ ခင်ဗျားတို့ဆီမှာ မဟာကရုဏာနဲ့ ငြိမ်သက်ခြင်း တိုးပွားပါစေ။ ၃ သခင်ယေရှုခရစ်ရဲ့ အဖဘုရားသခင်ကို ချီးမွမ်းကြပါ။ ဘုရားသခင်က ကရုဏာ ကြီးမားလှတဲ့အတွက် ကျွန်တော်တို့ကို တစ်ဖန် မွေးဖွားစေတယ်၊ ယေရှုခရစ်ကို သေရာကနေ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ကျွန်တော်တို့ကို တည်မြဲတဲ့ မျှော်လင့်ချက် ပေးခဲ့တယ်။ ၄ မပုပ်ပျက်နိုင်တဲ့၊ မညစ်ညူးတဲ့၊ မညှိုးနွမ်းတဲ့ အမွေကိုလည်း ပေးခဲ့တယ်။ အဲဒီအမွေကို ခင်ဗျားတို့အတွက် ကောင်းကင်မှာ သိမ်းထားပေးတယ်။ ၅ ခင်ဗျားတို့မှာ ယုံကြည်ခြင်း ရှိတဲ့အတွက် ဘုရားသခင်က ခင်ဗျားတို့ကို ကယ်တင်ခြင်း ရစေဖို့ တန်ခိုးတော်နဲ့ စောင့်ရှောက်တယ်။ အဲဒီကယ်တင်ခြင်းဟာ အဆုံးပိုင်းကာလမှာ ပေါ်လွင်ထင်ရှားလာလိမ့်မယ်။ ၆ ဒါကြောင့် ခင်ဗျားတို့ဟာ စမ်းသပ်မှုအမျိုးမျိုး ကြုံရလို့ ခဏတာ ဝမ်းနည်းရတာ မှန်ပေမဲ့ သိပ်ဝမ်းမြောက်နေကြတယ်။ ၇ မီးနဲ့ စမ်းသပ်ထားပေမဲ့ ပျက်စီးသွားတတ်တဲ့ ရွှေထက် ခင်ဗျားတို့ရဲ့ အစမ်းသပ်ခံ ယုံကြည်ခြင်းဟာ အများကြီး တန်ဖိုးရှိတယ်။ အဲဒီလို ယုံကြည်ခြင်း ရှိတဲ့အတွက် ယေရှုခရစ် ပေါ်ထွန်းချိန်မှာ ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဂုဏ်အသရေတွေကို ခင်ဗျားတို့ ခံစားရလိမ့်မယ်။ ၈ ခရစ်တော်ကို ခင်ဗျားတို့ မမြင်ဖူးပေမဲ့ ချစ်ကြတယ်။ အခု၊ သူ့ကို မမြင်ရပေမဲ့ ယုံကြည်သက်ဝင်ပြီး မပြောပြတတ်လောက်အောင် အလွန် ဝမ်းမြောက်ရွှင်လန်းနေကြတယ်။ ၉ ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်း ရမယ်ဆိုတာကို ခင်ဗျားတို့ စိတ်ချနေလို့ပဲ။ ၁၀ ပရောဖက်တွေက ခင်ဗျားတို့အတွက် ရည်စူးထားတဲ့ မဟာကရုဏာတော်အကြောင်း ကြိုဟောခဲ့တယ်၊ အဲဒီကယ်တင်ခြင်းအကြောင်း အပတ်တကုတ် မေးမြန်းရှာဖွေခဲ့ကြတယ်။ ၁၁ ခရစ်တော် ဘာတွေ ကြုံရမယ်၊ ဘယ်အချိန်မှာ ကြုံရမယ်ဆိုတာနဲ့ပတ်သက်ပြီး စွမ်းအားတော် ဖော်ပြတဲ့အရာကို သူတို့ မပြတ် ဆန်းစစ်လေ့လာကြတယ်။ ခရစ်တော်ဟာ ဆင်းရဲဒုက္ခ ခံရပြီးနောက် ချီးမြှောက်ခံရမယ်ဆိုတဲ့အကြောင်း စွမ်းအားတော် ကြိုတင် အသိပေးထားလို့ပဲ။ ၁၂ ကိုယ့်အတွက် မဟုတ်ဘဲ ခင်ဗျားတို့အတွက် ပရောဖက်ပြုရမယ်ဆိုပြီး သူတို့ကို ဘုရားသခင် အသိပေးခဲ့တယ်။ သူတို့က ကောင်းကင်ကနေ စေလွှတ်လိုက်တဲ့ သန့်ရှင်းသောစွမ်းအားတော် အကူအညီနဲ့ သတင်းကောင်း ဟောခဲ့လို့ အခု ခင်ဗျားတို့ အဲဒီအကြောင်း ကြားသိနေရတယ်။ ကောင်းကင်တမန်တွေဆိုရင် အဲဒီအကြောင်းတွေကို သိပ်သိချင်နေကြတာ။ ၁၃ ဒါကြောင့် အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ စိတ်ကို အသင့်ပြင်ထားကြပါ။ အပြည့်အဝ သတိရှိကြပါ။ ယေရှုခရစ် ပေါ်ထွန်းချိန်မှာ ခံစားရမယ့် မဟာကရုဏာကိုပဲ မျှော်လင့်နေကြပါ။ ၁၄ နာခံတတ်တဲ့ သားသမီးတွေ ဖြစ်ကြပါ။ ဘုရားသခင်ကို မသိခင်က ခင်ဗျားတို့မှာ ရှိခဲ့တဲ့ အလိုဆန္ဒတွေရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ ၁၅ ခင်ဗျားတို့ကို ခေါ်ယူတဲ့အရှင်ဟာ သန့်ရှင်းတဲ့အတွက် ခင်ဗျားတို့လည်း ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ။ ၁၆ “ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်” ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။
အောက်တိုဘာ ၂၁-၂၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ပေတရု ၃–၅
“အရာခပ်သိမ်းရဲ့ အဆုံး ရောက်ခါနီးပြီ”
(၁ ပေတရု ၄:၇) အရာခပ်သိမ်းရဲ့ အဆုံး ရောက်ခါနီးပြီ။ ဒါကြောင့် ချင့်ချိန်တတ်သူတွေ ဖြစ်ကြပါ။ ဆုတောင်းဖို့ အမြဲ အသင့်ရှိနေကြပါ။
“ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြား ရှိကြလော့”
“ညမှာ နိုးနိုးကြားကြား ရှိဖို့ အခက်ဆုံး အချိန်ကတော့ မိုးလင်းခါနီးပဲ” လို့ ညစောင့် လုပ်ခဲ့ဖူးတဲ့ သူတစ်ယောက်က ပြောတယ်။ တစ်ညလုံး မအိပ်ဘဲ နေခဲ့ရဖူးတဲ့ တခြားသူတွေလည်း သူပြောတာကို သဘောတူပါလိမ့်မယ်။ ဒီအချက်ကို ကျွန်ုပ်တို့ အသက်ရှင်နေတဲ့ အချိန်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ဆိုးညစ်တဲ့ စာတန့်စနစ် ကုန်ဆုံးဖို့ အရမ်း နီးနေပြီ။ ဒီအချိန်က ညရဲ့ အမှောင်မိုက်ဆုံး အချိန်နဲ့ တူနေလို့ ခရစ်ယာန်တွေဟာ နိုးနိုးကြားကြား နေဖို့ ကြိုးစားရုန်းကန်နေရတဲ့ အချိန်ပါပဲ။ (ရော. ၁၃:၁၂) ဒီလိုအချိန်မျိုးမှာ အိပ်ပျော်သွားတယ်ဆိုရင် အန္တရာယ်တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ “သမာသတိ ရှိ” ပြီး ‘ဆုတောင်းခြင်း အမှုမှာ နိုးနိုးကြားကြား ရှိ’ နေကြဖို့ အထူး လိုအပ်တယ်။—၁ ပေ. ၄:၇။
(၁ ပေတရု ၄:၈) အရေးကြီးဆုံးကတော့ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။ ချစ်ခြင်းမေတ္တာရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။
ဘုရားရေးရာပိုင်း အားနည်းချက်တွေကို အသိအမှတ် ပြုပြီး ကျော်လွှားပါ
နောက်ဆုံးအနေနှင့် တမန်တော် ပေတရု၏ မေတ္တာပါသော ဤသတိပေးဆုံးမချက်ကို အခိုင်အမာ စိတ်စွဲမှတ်ပါ– “ခပ်သိမ်းသော အမှုအရာတို့သည် အဆုံးသို့ ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလိုငှာ စောင့်နေကြလော့။ အခြားသော အမှုအရာထက်မက၊ အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။” (၁ ပေတရု ၄:၇၊ ၈) အခြားသူများနှင့် ကိုယ်တိုင်၏ လူ့မစုံလင်မှုများကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ ဝင်အောင်းပြီး ထိမိလဲစရာ ဖြစ်စေရန် အလွန် လွယ်ကူပေမည်။ လူတို့၏ ယင်းအားနည်းချက်ကို စာတန် ကောင်းစွာ သိသည်။ ကွဲပြားစေကာ အနိုင်ယူခြင်းသည် သူ၏ ကောက်ကျစ်သော နည်းဗျူဟာတစ်ခု ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အားကြီးသော မေတ္တာဖြင့် ယင်းသို့သော အပြစ်များကို လျင်မြန်စွာ ခွင့်လွှတ်ရမည် ဖြစ်ပြီး “[စာတန်] ကို အခွင့်မပေးကြ” ရပါ။—ဧဖက် ၄:၂၅-၂၇။
(၁ ပေတရု ၄:၉) မညည်းမညူဘဲ ဧည့်ဝတ်ပြုကြပါ။
ဧည့်ဝတ်ပြုဖို့ အလွန်လိုအပ်
၂ “ဧည့်ဝတ်ပြုကြပါ” လို့ ညီအစ်ကိုတွေကို ပေတရု တိုက်တွန်းခဲ့တယ်။ (၁ ပေ. ၄:၉) “ဧည့်ဝတ်ပြု” ဆိုတဲ့ ဂရိစကားလုံးက “သူစိမ်းတွေကို ကြင်နာမှု ပြခြင်း” လို့ အဓိပ္ပာယ် ရှိတယ်။ ဒါပေမဲ့ သိကျွမ်းပြီးသား ညီအစ်ကို/မ အချင်းချင်းကို ဧည့်ဝတ်ပြုဖို့ ပေတရု တိုက်တွန်းနေတာ။ ဧည့်ဝတ်ပြုခြင်းက သူတို့ကို ဘယ်လို ကူညီပေးမလဲ။
၃ ဧည့်ဝတ်ပြုတာက အချင်းချင်းကို ပိုရင်းနှီးစေတယ်။ သင်ကော။ တစ်ယောက်ယောက်ကို ဧည့်ဝတ်ပြုလို့ ပျော်ရွှင်ခဲ့ဖူးသလား။ ပျော်စရာ အမှတ်တရတွေ ရခဲ့တယ် မဟုတ်လား။ ညီအစ်ကို/မတချို့ကို ဧည့်ဝတ်ပြုတဲ့အခါ ပိုရင်းနှီးလာကြတယ် မဟုတ်လား။ ဧည့်ဝတ်ပြုခြင်းအားဖြင့် ညီအစ်ကို/မတွေအကြောင်း ပိုသိလာတယ်။ ပေတရုခေတ်က ခရစ်ယာန်တွေဟာ အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ အချင်းချင်း ပိုရင်းနှီးဖို့ လိုအပ်တယ်။ “နောက်ဆုံးကာလ” မှာ အသက်ရှင်တဲ့ ခရစ်ယာန်စစ်တွေလည်း အလားတူပါပဲ။—၂ တိ. ၃:၁။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၁ ပေတရု ၃:၁၉၊ ၂၀) ထမြောက်လာပြီးနောက် သူက အကျဉ်းကျနေတဲ့ ကောင်းကင်တမန်တွေဆီ သွားပြီး တရားစီရင်ခြင်း သတင်းကို ကြေညာတယ်။ အဲဒီကောင်းကင်တမန်တွေဟာ နောဧခေတ်မှာ ဘုရားသခင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းချိန်တုန်းက နာခံမှု မရှိခဲ့သူတွေပဲ။ အဲဒီအချိန်အတောအတွင်းမှာ သင်္ဘော ဆောက်လုပ်ခဲ့တယ်။ သင်္ဘောမှာ ပါတဲ့ လူနည်းစု ဖြစ်တဲ့ လူရှစ်ယောက်ဟာ ရေဘေးကနေ ကယ်တင်ခံခဲ့ရတယ်။
စာရှုသူများထံမှ မေးခွန်းလွှာ
သမ္မာကျမ်းစာမှာ ယေရှုက “ထောင်ကျနေသော နာမ်ဝိညာဉ် သတ္တဝါများထံ သွား၍ ဟောပြော” တယ်လို့ ဖော်ပြထားတယ်။ (၁ ပေ. ၃:၁၉) အဲဒါ ဘာကို ဆိုလိုတာလဲ။
▪ တမန်တော် ပေတရုက ဒီနာမ်ဝိညာဉ် သတ္တဝါတွေကို ‘နောဧခေတ်မှာ ဘုရားသခင် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့တဲ့ နာခံမှု မရှိသူများ’ ဖြစ်တယ်လို့ ပြောခဲ့တယ်။ (၁ ပေ. ၃:၂၀) စာတန်ရဲ့ ပုန်ကန်မှုမှာ ပူးပေါင်းပါဝင်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့တဲ့ နာမ်ဝိညာဉ် သတ္တဝါတွေကို ပေတရု ရည်ညွှန်းနေတယ်ဆိုတာ ရှင်းနေပါတယ်။ ယုဒကလည်း “မိမိတို့၏ မူလအခွင့်အရာကို မစောင့်ရုံမက မိမိတို့ နေသင့်ရာအရပ်ကို စွန့်ခွာ” တဲ့ ကောင်းကင်တမန်တွေကို ဘုရားသခင်က “တရားစီရင်ရာနေ့ကြီးအတွက် မှောင်မိုက်တွင် ထာဝရ ချည်နှောင်ထား” တယ်လို့ ပြောတယ်။—ယု. ၆။
နောဧခေတ်မှာ နာမ်ဝိညာဉ် သတ္တဝါတွေဟာ ဘယ်လိုနည်းနဲ့ နာခံမှု မရှိခဲ့ကြသလဲ။ ရေလွှမ်းမိုးဘေး မကျရောက်ခင်မှာ အဲဒီဆိုးညစ်တဲ့ နာမ်ဝိညာဉ် သတ္တဝါတွေဟာ လူသားကိုယ်ခန္ဓာအဖြစ် ပြောင်းလဲခဲ့ကြတယ်၊ သူတို့အတွက် ဘုရားသခင် အဲဒီလို မရည်ရွယ်ခဲ့ဘူး။ (က. ၆:၂၊ ၄) ဒါ့အပြင် ဒီကောင်းကင်တမန်တွေဟာ သဘာဝနဲ့ ဆန့်ကျင်ပြီး အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံခဲ့ကြတယ်။ အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံဖို့ နာမ်ဝိညာဉ် သတ္တဝါတွေကို ဘုရားသခင် ဖန်ဆင်းခဲ့တာ မဟုတ်ဘူး။ (က. ၅:၂) ဒီဆိုးညစ်တဲ့၊ နာခံမှု မရှိတဲ့ ကောင်းကင်တမန်တွေဟာ ဘုရားသခင် သတ်မှတ်ထားတဲ့အချိန်မှာ ဖျက်ဆီးခံရပါလိမ့်မယ်။ အခုအချိန်မှာတော့ ယုဒ ပြောသလိုပဲ သူတို့ဟာ “မှောင်မိုက်” မှာ ရှိနေတယ်၊ တစ်နည်းအားဖြင့် ထောင်ထဲမှာ ချုပ်နှောင်ခံထားရသလို ဖြစ်နေတယ်။
ယေရှုက “ထောင်ကျနေသော နာမ်ဝိညာဉ် သတ္တဝါများ” ကို ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ဟောပြောခဲ့သလဲ။ ယေရှုဟာ “နာမ်ဝိညာဉ်အဖြစ် အသက်ရှင်” ပြီးနောက်ပိုင်းမှာ အဲဒီလို ဟောပြောခဲ့တယ်လို့ ပေတရု ရေးခဲ့တယ်။ (၁ ပေ. ၃:၁၈၊ ၁၉) ပေတရု သူ့ရဲ့ ပထမစာကို မရေးခင်မှာ ယေရှု ဟောပြောခဲ့တယ်ဆိုတာ ဖော်ပြဖို့ အဲဒီကျမ်းချက်ရဲ့ မူရင်းဂရိအရေးအသားမှာ အတိတ်ကာလသဏ္ဌာန်ကို အသုံးပြုထားတယ်။ ဒါကြောင့် ယေရှုဟာ ဆိုးညစ်တဲ့ နာမ်ဝိညာဉ် သတ္တဝါတွေ ခံရမယ့် တရားစီရင်ချက် ပြစ်ဒဏ်အကြောင်းကို သူထမြောက်ပြီးနောက် တစ်ချိန်ချိန်မှာ ကြေညာခဲ့ပုံရတယ်။ ယေရှု သူတို့ကို မျှော်လင့်ချက်အကြောင်း မဟောခဲ့ဘူး။ တရားစီရင်ချက်အကြောင်းပဲ ဟောပြောတာ ဖြစ်တယ်။ (ယောန ၁:၁၊ ၂) ယေရှုဟာ သေတဲ့အထိ ယုံကြည်ခြင်းနဲ့ သစ္စာတည်ကြည်မှုကို ပြပြီး ပြန်ထမြောက်လာခြင်းက သူ့ကို မာရ်နတ် မချုပ်ကိုင်နိုင်ဘူးဆိုတာ သက်သေပြနေခြင်း ဖြစ်တယ်၊ အဲဒါကြောင့် ယေရှုမှာ အဲဒီပြစ်ဒဏ်စီရင်ချက်ကို ကြေညာနိုင်တဲ့ အခြေခံအကြောင်းရင်း ရှိတယ်။—ယော. ၁၄:၃၀; ၁၆:၈-၁၁။
အနာဂတ်မှာ ယေရှုဟာ စာတန်နဲ့ အဲဒီကောင်းကင်တမန်ဆိုးတွေကို ချည်နှောင်ပြီး တွင်းထဲ ပစ်ချမှာ ဖြစ်တယ်။ (လု. ၈:၃၀၊ ၃၁; ဗျာ. ၂၀:၁-၃) အဲဒီအချိန်အထိတော့ ဒီနာခံမှုမရှိတဲ့ ကောင်းကင်တမန်တွေဟာ မှောင်မိုက်ထဲမှာ ရှိနေမှာ ဖြစ်ပြီး နောက်ဆုံးမှာ အပြီးသတ်ဖျက်ဆီးခံရမှာ သေချာတယ်။—ဗျာ. ၂၀:၇-၁၀။
(၁ ပေတရု ၄:၆) အဲဒါကြောင့် သေလွန်သူတွေကိုလည်း သတင်းကောင်း ဟောရတာပဲ။ ဒါမှ သေလွန်သူတွေဟာ လူ့အမြင်အရ အပေါ်ယံကို ကြည့်ပြီး တရားစီရင်ခံရပေမဲ့ ဘုရားသခင့်အမြင်အရ စွမ်းအားတော်လမ်းညွှန်မှုအားဖြင့် အသက်ရှင်နိုင်ကြလိမ့်မယ်။
ယာကုပ်နှင့် ပေတရု၏ စာများမှ ပေါ်လွင်ချက်များ
၄:၆—‘သတင်းကောင်း ဟောခြင်းခံရသော သေလွန်သောသူတို့’ မှာ မည်သူတို့နည်း။ ထိုသူတို့မှာ မကောင်းမှု “အပြစ်များ၌ သေလွန်သူ” သို့မဟုတ် သတင်းကောင်းကို မကြားမီက ယေဟောဝါနှင့် ဆက်ဆံရေး မရှိခဲ့သူတို့ ဖြစ်သည်။ (ဧ. ၂:၁) သို့သော် သတင်းကောင်းကို ယုံကြည်ပြီးနောက် သူတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် “အသက်ရှင်” လာကြသည်။
ကျမ်းစာဖတ်ရှုခြင်း
(၁ ပေတရု ၃:၈-၂၂) နောက်ဆုံး မှာကြားချင်တာကတော့ ခင်ဗျားတို့အားလုံး တစ်စိတ်တစ်သဘောတည်း ဖြစ်ပါ။ ကိုယ်ချင်းစာပါ။ ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်ပါ။ ချစ်ခင်စာနာခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြပါ။ ၉ အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။ စော်ကားခံရတဲ့အခါ ပြန်ပြီး မစော်ကားပါနဲ့။ အဲဒီအစား ဆုမွန်ကောင်း တောင်းပေးလိုက်ပါ။ အဲဒီလိုလုပ်ပေးဖို့ ခင်ဗျားတို့ကို ဘုရား ရွေးချယ်ထားတယ်။ ဒါမှ ဘုရားသခင် ပေးတဲ့ ကောင်းချီးကို ခင်ဗျားတို့ ရလိမ့်မယ်။ ၁၀ “ဘဝကို ပျော်မွေ့ချင်သူ၊ ကောင်းမွန်တဲ့ နေ့ရက်တွေကို တွေ့မြင်ချင်သူဟာ မကောင်းတဲ့ စကား မပြောမိအောင် လျှာကို ထိန်းချုပ်ရမယ်။ လှည့်ဖြားတဲ့ စကား မပြောမိအောင် နှုတ်ကို စောင့်စည်းရမယ်။ ၁၁ မကောင်းမှုကို ရှောင်ပြီး ကောင်းမှုကို လုပ်ဆောင်ပါ။ ငြိမ်သက်ခြင်း ရှိအောင် လုပ်ဆောင်ပြီး ငြိမ်သက်ခြင်း အမြဲ ရှိနိုင်အောင် အစွမ်းကုန် ကြိုးစားပါ။ ၁၂ ယေဟောဝါက ဖြောင့်မတ်သူတွေကို ကြည့်ရှုနေတယ်။ သူတို့ တိုးလျှိုးအသနားခံတာကို နားထောင်နေတယ်။ မကောင်းမှု ပြုသူတွေကိုတော့ ယေဟောဝါ မျက်နှာလွှဲတယ်။” ၁၃ ခင်ဗျားတို့ မှန်ရာ လုပ်ဖို့ စိတ်အားထက်သန်နေရင် ဘယ်သူက အန္တရာယ်ပေးမှာလဲ။ ၁၄ ဖြောင့်မတ်သူတွေ ဖြစ်လို့ ဆင်းရဲဒုက္ခ ခံရရင်တော့ ခင်ဗျားတို့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။ ဒါပေမဲ့ သူတို့ ကြောက်တာကို မကြောက်ပါနဲ့၊ စိတ်အနှောင့်အယှက်လည်း မဖြစ်ပါနဲ့။ ၁၅ ခရစ်တော်ကို သန့်ရှင်းမြင့်မြတ်တဲ့ သခင်အဖြစ် စိတ်နှလုံးထဲမှာ အသိအမှတ်ပြုပါ။ ခင်ဗျားတို့ရဲ့ မျှော်လင့်ခြင်းအကြောင်း မေးမြန်းသူတိုင်းကို ပြန်ပြောပြဖို့ အမြဲ အသင့်ရှိကြပါ။ ဒါပေမဲ့ နူးညံ့တဲ့သဘော၊ အလွန်လေးစားတဲ့ သဘောနဲ့ ပြောပါ။ ၁၆ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ။ ခင်ဗျားတို့ကို လူတွေ ဘယ်လိုပဲ မကောင်းပြောပါစေ ခရစ်တော်ရဲ့ နောက်လိုက်အဖြစ် အမူအကျင့်ကောင်း ပြတဲ့အခါ သူတို့ အရှက်ရသွားလိမ့်မယ်။ ၁၇ မကောင်းတာ လုပ်လို့ ဆင်းရဲဒုက္ခခံရတာထက် ဘုရားသခင် ခွင့်ပြုတဲ့အတိုင်း မှန်ရာ လုပ်လို့ ဆင်းရဲဒုက္ခခံရတာက ပိုကောင်းတယ်။ ၁၈ ခရစ်တော်က အပြစ်ကို ဖယ်ရှားပြီး ခင်ဗျားတို့ကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေဖို့ တစ်ကြိမ်တည်းအပြီး အသေခံခဲ့တယ်။ ဖြောင့်မတ်သူဟာ မဖြောင့်မတ်သူတွေအတွက် အသေခံခဲ့တယ်။ လူသားတစ်ယောက်အဖြစ် သူကွပ်မျက်ခံရပေမဲ့ ဘုရားသခင်က သူ့ကို ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ရှင်ပြန်ထမြောက်စေခဲ့တယ်။ ၁၉ ထမြောက်လာပြီးနောက် သူက အကျဉ်းကျနေတဲ့ ကောင်းကင်တမန်တွေဆီ သွားပြီး တရားစီရင်ခြင်းသတင်းကို ကြေညာတယ်။ အဲဒီကောင်းကင်တမန်တွေဟာ နောဧခေတ်မှာ ဘုရားသခင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းချိန်တုန်းက နာခံမှုမရှိခဲ့သူတွေပဲ။ ၂၀ အဲဒီအချိန်အတောအတွင်းမှာ သင်္ဘော ဆောက်လုပ်ခဲ့တယ်။ သင်္ဘောမှာ ပါတဲ့ လူနည်းစု ဖြစ်တဲ့ လူရှစ်ယောက်ဟာ ရေဘေးကနေ ကယ်တင်ခံခဲ့ရတယ်။ ၂၁ အဲဒါနဲ့ ဆင်တူတဲ့အရာ၊ အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ။ ရှင်ပြန်ထမြောက်လာတဲ့ ယေရှုခရစ်ကို ယုံကြည်တဲ့အတွက် ခင်ဗျားတို့ နှစ်ခြင်းခံခဲ့ကြတယ်။ (နှစ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးကို ဖယ်ရှားတာ မဟုတ်ဘူး၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ရဖို့ ဘုရားသခင်ဆီ တောင်းခံတာ ဖြစ်တယ်။) ၂၂ ခရစ်တော်က ကောင်းကင်ကို တက်သွားပြီး ဘုရားသခင်ရဲ့ ညာဘက်မှာ ရှိနေတယ်။ ဘုရားသခင်က ကောင်းကင်တမန်တွေ၊ အာဏာပိုင်တွေ၊ တန်ခိုးရှင်တွေကို ခရစ်တော်ရဲ့ လက်အောက် ကျရောက်စေခဲ့ပြီ။
အောက်တိုဘာ ၂၈-နိုဝင်ဘာ ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ပေတရု ၁-၃
‘ယေဟောဝါရဲ့နေ့ ရောက်လာမယ်ဆိုတာကို စိတ်စွဲလမ်းနေကြပါ’
(၂ ပေတရု ၃:၉၊ ၁၀) နှောင့်နှေးတယ်လို့ လူတချို့ ထင်ပေမဲ့ တကယ်တော့ ယေဟောဝါဟာ မိမိကတိနဲ့ပတ်သက်လာရင် မနှောင့်နှေးပါဘူး။ ဘုရားသခင် စိတ်ရှည်ရတဲ့ အကြောင်းရင်းက ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တ ရစေချင်လို့ပါ။ ၁၀ ယေဟောဝါရဲ့ နေ့ဟာ သူခိုးလာသလို ရောက်လာမယ်။ အဲဒီနေ့မှာ ကောင်းကင်ဟာ ကျယ်လောင်တဲ့ အသံနဲ့ ပျောက်ကွယ်သွားမယ်။ ကောင်းကင်နဲ့ မြေကြီးပေါ်က အရာတွေဟာ အလွန်ပူပြင်းပြီး အရည်ပျော်သွားမယ်။ မြေကြီးနဲ့ မြေကြီးပေါ်ကအရာတွေလည်း ဖော်ထုတ်ခံရလိမ့်မယ်။
ယေဟောဝါ ‘တရားစီရင်တော်မူမည်’
၁၁ သို့သော် ယေဟောဝါ “အလျင်အမြန်” တရားစီရင်တော်မူမည်ဟူသော ယေရှု၏ ကတိတော်ကို မည်သို့ နားလည်သင့်သနည်း။ ယေဟောဝါသည် “သည်းခံ” တော်မူသော်လည်း အချိန်တန်လျှင် အလျင်အမြန် တရားစီရင်မည်ဖြစ်ကြောင်း ကျမ်းစာက ဖော်ပြသည်။ (လုကာ ၁၈:၇၊ ၈; ၂ ပေတရု ၃:၉၊ ၁၀) နောဧခေတ်တွင် ရေလွှမ်းမိုးဘေးဖြင့် လူဆိုးတို့ကို မနှောင့်မနှေး သုတ်သင်ပယ်ရှင်းခဲ့သည်။ တစ်ဖန် လောတခေတ်တွင် ကောင်းကင်မှ မီးကျပြီး လူဆိုးတို့ကို ဖျက်ဆီးခဲ့သည်။ ထိုနည်းတူ “လူသား ပေါ်ထွန်းသော နေ့၌ ဖြစ်လိမ့်မည်” ဟု ယေရှု မိန့်ဆို၏။ (လုကာ ၁၇:၂၇-၃၀) လူဆိုးတို့သည် “လျင်မြန်စွာသော ပျက်စီးခြင်း” နှင့် တွေ့ကြုံရဦးမည် ဖြစ်သည်။ (၁ သက်သာလောနိတ် ၅:၂၊ ၃) ယေဟောဝါ၏ တရားမျှတမှုက စာတန့်လောကကို သတ်မှတ်ထားသည့် အချိန်ထက် တစ်ရက်ပင် ပို၍ တည်ရှိခွင့်ပြုမည် မဟုတ်ကြောင်း ကျွန်ုပ်တို့ အပြည့်အဝ ယုံကြည်စိတ်ချနိုင်သည်။
(၂ ပေတရု ၃:၁၁၊ ၁၂) အဲဒါတွေအားလုံးဟာ ဒီနည်းနဲ့ အရည်ပျော်သွားမှာ ဖြစ်လို့ ဘယ်လို လူစားမျိုး ဖြစ်သင့်တယ်ဆိုတာ စဉ်းစားဆင်ခြင်ကြပါ။ သန့်ရှင်းတဲ့ အမူအကျင့်တွေ ကျင့်ကြံပြီး ဘုရားတရား ကိုင်းရှိုင်းကြပါ။ ၁၂ ယေဟောဝါရဲ့နေ့ ရောက်လာမယ်ဆိုတာကို စိတ်စွဲလမ်းပြီး စောင့်မျှော်နေကြပါ။ အဲဒီနေ့မှာ ကောင်းကင်ဟာ မီးနဲ့ ဖျက်ဆီးခံရလိမ့်မယ်၊ ကောင်းကင်နဲ့ မြေကြီးပေါ်က အရာတွေဟာ အလွန်ပူပြင်းပြီး အရည်ပျော်ကုန်လိမ့်မယ်။
“ယေဟောဝါ၏ နေ့ကြီး နီးပြီ”
၁၈ ထို့ကြောင့် “ဘုရားသခင်၏နေ့ ရောက်လိမ့်မည်” ကို မျှော်လင့်တောင့်တနေရန် တမန်တော် ပေတရု သတိပေးခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။ မည်သို့ မျှော်လင့်တောင့်တနိုင်သနည်း။ တစ်နည်းမှာ ‘သန့်ရှင်းသော အကျင့်ကို ကျင့်ခြင်း၊ ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းအားဖြင့်’ ဖြစ်သည်။ (၂ ပေတရု ၃:၁၁၊ ၁၂) ထိုသို့ မပြတ် လုပ်ဆောင်နေခြင်းက ရောက်လာမည့် ယေဟောဝါ၏နေ့ကို ထက်သန်စွာ မျှော်လင့်နေရန် ထောက်ကူပေးသည်။ “မျှော်လင့်တောင့်တ” ဟူသော ဂရိစကားလုံးကို စာသားအရ “အရှိန်မြှင့်တင်ခြင်း” ဟု ပြန်ဆိုနိုင်ပါသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ ရောက်ရန် ကျန်ရှိနေသည့် အချိန်ကို အရှိန်မြှင့်တင်၍ မရနိုင်ပါ။ သို့တိုင် ထိုနေ့ကို စောင့်မျှော်စဉ် ဘုရားသခင့်လုပ်ငန်းတော်တွင် အလုပ်များနေပါက အချိန်သည် ကုန်မှန်းမသိ လျင်မြန်စွာ ကုန်ဆုံးသွားပေမည်။—၁ ကောရိန္သု ၁၅:၅၈။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၂ ပေတရု ၁:၁၉) ဒါကြောင့် ပရောဖက်ပြုချက်ဟာ ကျွန်တော်တို့အတွက် ပိုပြီးသေချာလာတယ်။ (အရုဏ်တက်ပြီး မိုးသောက်ကြယ် မထွက်လာမချင်း) အမှောင်မှာ ထွန်းထားတဲ့ ဆီမီးကို အာရုံစိုက်သလိုမျိုး ခင်ဗျားတို့ရဲ့ စိတ်နှလုံးမှာ အဲဒီပရောဖက်ပြုချက်ကို အာရုံစိုက်နေကြတာ သိပ်ကောင်းပါတယ်။
ယာကုပ်နှင့် ပေတရု၏ စာများမှ ပေါ်လွင်ချက်များ
၁:၁၉—မည်သူသည် “မိုးသောက်ကြယ်” ဖြစ်ပြီး အဘယ်အချိန်တွင် ပေါ်ထွက်ကာ ယင်းသို့ ပေါ်ထွက်ကြောင်း ကျွန်ုပ်တို့ မည်သို့ သိလာကြသနည်း။ “မိုးသောက်ကြယ်” မှာ ဘုရားသခင့်နိုင်ငံတော် တန်ခိုးအာဏာ လက်ခံရရှိပြီး ဖြစ်သော ယေရှုခရစ် ဖြစ်သည်။ (ဗျာ. ၂၂:၁၆) နေ့သစ်တစ်နေ့၏ အရုဏ်ဦး ပေါ်လာသကဲ့သို့ ၁၉၁၄ ခုနှစ်တွင် ယေရှုသည် မေရှိယဘုရင်အဖြစ် ဖန်ဆင်းရာအားလုံး ရှေ့တွင် ပေါ်ထွန်းလာသည်။ ကိုယ်ယောင်ပြောင်းလဲခြင်းက ယေရှု၏ ဂုဏ်ကျက်သရေနှင့် ဘုရားသခင့် နိုင်ငံတော်တန်ခိုးဆိုင်ရာ ကြိုတင်မြင်ကွင်း ဖြစ်ပြီး ယင်းက ဘုရားသခင်၏ ပရောဖက်ပြုချက်စကားကို ယုံကြည်စိတ်ချနိုင်ကြောင်း ပေါ်လွင်သည်။ ထိုပရောဖက်ပြုချက်စကားကို အာရုံစိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ထွန်းလင်းစေပြီး မိုးသောက်ကြယ် ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်ကို သတိပြုမိစေသည်။
(၂ ပေတရု ၂:၄) ဘုရားသခင်က အပြစ်ကျူးလွန်တဲ့ ကောင်းကင်တမန်တွေကို အပြစ်မပေးဘဲ မနေခဲ့ဘူး။ သူတို့ကို တားတရပ်ဆီ ပစ်ချလိုက်တယ်။ တရားစီရင်ဖို့ မှောင်မိုက်တွင်းထဲမှာ ချုပ်နှောင်ထားတယ်။
ယာကုပ်နှင့် ပေတရု၏ စာများမှ ပေါ်လွင်ချက်များ
၂:၄—“တားတရပ်စ်” မှာ အဘယ်နည်း၊ အဘယ်အချိန်တွင် ပုန်ကန်သော ကောင်းကင်တမန်များကို ထိုနေရာသို့ ပစ်ချခဲ့သနည်း။ လူသားများကို မဟုတ်ဘဲ ဝိညာဉ်သတ္တဝါများကိုသာ ချုပ်နှောင်သည့် ထောင်ကဲ့သို့သော အခြေအနေ ဖြစ်သည်။ ဘုရားသခင်၏ ထွန်းတောက်သော ရည်ရွယ်တော်မူချက်များနှင့် စပ်လျဉ်း၍ စိတ်ပိုင်းဆိုင်ရာ ထူထပ်သော မှောင်မိုက်ဖုံးလွှမ်းသည့် အခြေအနေတစ်ခု ဖြစ်သည်။ တားတရပ်စ်တွင်ရှိသူတို့သည် အနာဂတ်မျှော်လင့်ချက် မရှိကြပါ။ ဘုရားသခင်သည် နောဧခေတ်တွင် နာခံမှုမရှိသော ကောင်းကင်တမန်များကို တားတရပ်စ်သို့ ပစ်ချခဲ့ပြီး သူတို့ ဖျက်ဆီးမခံရမချင်း ထိုနိမ့်ကျသည့် အခြေအနေတွင် ရှိနေကြမည်။
ကျမ်းစာဖတ်ရှုခြင်း
(၂ ပေတရု ၁:၁-၁၅) ယေရှုခရစ်ရဲ့ ကျွန်နဲ့ တမန်တော် ဖြစ်တဲ့ ကျွန်တော် ရှိမုန်ပေတရုက တန်ဖိုးကြီးတဲ့ ယုံကြည်ခြင်းကို ရထားတဲ့ ခင်ဗျားတို့ဆီ စာရေးလိုက်ပါတယ်။ ဘုရားသခင်နဲ့ ကယ်တင်ရှင် ယေရှုခရစ်ရဲ့ ဖြောင့်မတ်ခြင်းကြောင့် အဲဒီယုံကြည်ခြင်းမျိုးကို ကျွန်တော်တို့အားလုံး ရရှိထားကြတာပါ။ ၂ ဘုရားသခင်နဲ့ သခင်ယေရှုအကြောင်း တိကျမှန်ကန်စွာ သိလာတဲ့အတွက် ခင်ဗျားတို့ဆီမှာ မဟာကရုဏာတော်နဲ့ ငြိမ်သက်ခြင်း တိုးပွားပါစေ။ ၃ ဘုရားတရား ကိုင်းရှိုင်းမှုနဲ့အညီ အသက်ရှင်နိုင်ဖို့ ကူညီပေးတဲ့အရာအားလုံးကို ဘုရားသခင့်တန်ခိုးအားဖြင့် ကျွန်တော်တို့ ရရှိထားကြတယ်။ အဲဒီလိုရရှိတဲ့အတွက် မိမိရဲ့ ဘုန်းအသရေနဲ့ ဂုဏ်အသရေကြောင့် ခေါ်ယူတဲ့အရှင်အကြောင်းကိုလည်း ကျွန်တော်တို့ တိကျမှန်ကန်စွာ သိလာကြတယ်။ ၄ အဲဒီဘုန်းအသရေနဲ့ ဂုဏ်အသရေကြောင့် ဘုရားသခင်က ကျွန်တော်တို့ကို တန်ဖိုးကြီးပြီး အလွန်မွန်မြတ်တဲ့ ကတိတွေ ပေးသနားတယ်။ အဲဒီကတိတွေကြောင့် ခင်ဗျားတို့ဟာ ဘုရားသခင်လို ဝိညာဉ်ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်မယ်။ မှားယွင်းတဲ့ အလိုဆန္ဒတွေကြောင့် ပေါ်လာတဲ့ လောကရဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ အဖြစ်ကနေ ကျွန်တော်တို့ လွတ်မြောက်ခဲ့လို့ အဲဒီကတိတွေကို ဘုရားသခင် ပေးသနားထားတာပါ။ ၅ ဒါကြောင့် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး လုပ်ဆောင်ရမှာက ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းမှာ မွန်မြတ်တဲ့ အကျင့်၊ မွန်မြတ်တဲ့ အကျင့်မှာ အသိပညာ၊ ၆ အသိပညာမှာ ချုပ်တည်းခြင်း၊ ချုပ်တည်းခြင်းမှာ ခံနိုင်ရည်၊ ခံနိုင်ရည်မှာ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ၇ ဘုရားတရား ကိုင်းရှိုင်းခြင်းမှာ ညီရင်းအစ်ကိုချစ်ခြင်း၊ ညီရင်းအစ်ကိုချစ်ခြင်းမှာ မေတ္တာကို ထပ်ဖြည့်စွက်လိုက်ပါ။ ၈ အဲဒီအရည်အသွေးတွေ တိုးပွားများပြားနေမယ်ဆိုရင် သခင်ယေရှုခရစ်အကြောင်း တိကျမှန်ကန်တဲ့ အသိပညာကို လက်တွေ့ကျင့်သုံးတဲ့အခါ မထိရောက်တာ၊ မတိုးတက်တာမျိုး ဖြစ်တော့မှာ မဟုတ်ဘူး။ ၉ အဲဒီအရည်အသွေးတွေ မရှိတဲ့သူကတော့ မျက်ကန်းနဲ့ တူတယ်။ အလင်းကို မမြင်ရအောင် မျက်စိပိတ်ထားတဲ့သူပဲ။ အရင်က သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဘုရားသခင် သန့်စင်ပေးလိုက်မှန်း သူမေ့လျော့သွားပြီ။ ၁၀ ဒါကြောင့် ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းခံရသူ၊ ရွေးချယ်ခံရသူတွေအဖြစ် သစ္စာရှိမြဲရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြပါ။ အဲဒီအရည်အသွေးတွေကို အမြဲ ဖြည့်စွက်နေမယ်ဆိုရင် ခင်ဗျားတို့ ဘယ်တော့မှ ကျရှုံးမှာ မဟုတ်ဘူး။ ၁၁ ကယ်တင်ရှင် သခင်ယေရှုခရစ်ရဲ့ ထာဝရ နိုင်ငံတော်ထဲ ဝင်ရောက်ခွင့် ကောင်းချီးကို ခင်ဗျားတို့ ကြွယ်ဝစွာ ခံစားရလိမ့်မယ်။ ၁၂ ခင်ဗျားတို့ သိပြီးသား ဖြစ်ပေမဲ့၊ အမှန်တရားမှာ ခိုင်မြဲနေကြပေမဲ့ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို အမြဲတမ်း သတိပေးချင်တယ်။ ၁၃ ဒီခန္ဓာနဲ့ အသက်ရှင်နေသရွေ့ ခင်ဗျားတို့ကို သတိပေးနှိုးဆော်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ယူဆတယ်။ ၁၄ သခင်ယေရှုခရစ် ရှင်းရှင်းလင်းလင်း အသိပေးခဲ့တဲ့အတိုင်း မကြာခင် ဒီခန္ဓာကို စွန့်ရတော့မယ်ဆိုတာ ကျွန်တော် သိနေတယ်။ ၁၅ ဒါကြောင့် ကျွန်တော် ထွက်ခွာသွားပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီအကြောင်းအရာတွေကို ခင်ဗျားတို့ ပြန်အမှတ်ရနေအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပဲ။