ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၈/၁၅ စာ. ၁၀-၁၅
  • တစ်ဦးကိုတစ်ဦး ဆက်လက်တည်ဆောက်ပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ဦးကိုတစ်ဦး ဆက်လက်တည်ဆောက်ပေးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ညစ်ညူးသောစကားကို ရှောင်ကြဉ်ခြင်း
  • သူတစ်ပါးကိုတည်ဆောက်ခြင်းငှာ ကြိုးစားလေ
  • ဘုရားရေးရာနည်းလမ်းအရ တည်ဆောက်ပေးခြင်း
  • တည်ဆောက်ပေးသောအကြီးအကဲများ
  • ခရစ်တော်၏ပညတ်တော်နှင့်အညီ အသက်ရှင်နေထိုင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ‘ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • သင့်ဝတ်စားပုံက ဘုရားသခင့် ဘုန်းတော်ကို ထင်ရှားစေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ကျွန်တော်တို့ရဲ့ အဝတ်အစား၊ အသွင်အပြင် ဘာကြောင့် အရေးပါသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၈/၁၅ စာ. ၁၀-၁၅

တစ်ဦးကိုတစ်ဦး ဆက်လက်တည်ဆောက်ပေးခြင်း

“ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာသုံးဆောင်ကြလော့။”—ဧဖက် ၄:၂၉။

၁၊ ၂။ (က) စကားပြောဆိုခြင်းသည် အံ့ဖွယ်ရာဖြစ်သည်ဟုဆိုခြင်းသည် အဘယ်ကြောင့်မှန်ကန်သနည်း။ (ခ) လျှာကိုမည်သို့အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အဘယ်သို့သတိထားခြင်းသည် လျောက်ပတ်သနည်း။

“စကားပြောဆိုခြင်းသည် မိတ်ဆွေသူငယ်ချင်း၊ မိသားစုများနှင့်လူ့အဖွဲ့အစည်းများကို ချည်နှောင်ပေးသည့် အံ့သြဖွယ်ကြိုးမျှင်ဖြစ်သည်။ . . . လူ့စိတ်နှင့် [လျှာ၏] ကြွက်သားစုများပူးပေါင်းညှိနှိုင်းပြီး ကျုံ့ချီ၊ ညှစ်ချီလုပ်ဆောင်ခြင်းဖြင့် လူ့စိတ်လှုပ်ရှားမှုများဖြစ်သည့် ချစ်ခြင်း၊ ဝန်တိုခြင်း၊ လေးစားခြင်း အစရှိသည်တို့ကိုဖြစ်ပေါ်စေသည့်အသံများ ပြုတတ်ကြပါသည်။”—Hearing, Taste and Smell.

၂ လျှာသည် အစာမျိုခြင်း သို့မဟုတ် မြည်းခြင်းအတွက်သက်သက်ဖြစ်သောအင်္ဂါမဟုတ်ပါ။ ကျွန်ုပ်တို့၏စဉ်းစားဉာဏ်နှင့် ခံစားချက်များကိုဖော်ပြရန် စွမ်းရည်တွင် အပါအဝင်ဖြစ်သည်။ “လျှာသည်ငယ်သောအင်္ဂါဖြစ်” ၏ဟုယာကုပ်ရေးသားခဲ့သည်။ “ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကိုကောင်းချီးပေးတတ်ကြ၏။ ‘ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော’ လူတို့ကို လျှာဖြင့် ကျိန်ဆဲတတ်ကြ၏။” (ယာကုပ် ၃:၅၊ ၉) မှန်သည်။ ယေဟောဝါအားချီးမွမ်းခြင်း အစရှိသည့် မွန်မြတ်သောနည်းမျိုးစုံဖြင့် လျှာကိုအသုံးပြုနိုင်ပါသည်။ သို့သော် မစုံလင်ကြသည့်အတွက် ကျွန်ုပ်တို့လျှာများနှင့် စိတ်ထိခိုက်နာကြည်းစရာ၊ သို့မဟုတ် အပြုသဘောမပါသောစကားများကို လွယ်ကူစွာပြောဆိုနိုင်ကြပါသည်။ ယာကုပ်ဤသို့ရေးသားခဲ့သည်။ “ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။”—ယာကုပ် ၃:၁၀။

၃။ ကျွန်ုပ်တို့စကားပြောဆိုခြင်းနှင့်စပ်လျဉ်း၍ အဘယ်နှစ်ကဏ္ဍကို ဂရုပြုသင့်သနည်း။

၃ အဘယ်သူမျှ မိမိလျှာကို အောင်မြင်စွာမချုပ်တည်းနိုင်သည်မှန်သော်လည်း တိုးတက်မှုရှိရန် အမှန်ကြိုးစားသင့်ပါသည်။ တမန်တော်ပေါလု ဤသို့အကြံပြုသည်။ “ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာသုံးဆောင်ကြလော့။” (ဧဖက် ၄:၂၉) မိန့်မှာချက်တွင် နှစ်ဘက်နှစ်ကဏ္ဍပါဝင်သည်ကိုသတိပြုပါ။ ယင်းတို့ကား၊ ကျွန်ုပ်တို့ရှောင်ကြဉ်သင့်သည့်အရာနှင့် ကြိုးစားသင့်သောအရာဖြစ်သည်။ နှစ်ကဏ္ဍစလုံးကို သုံးသပ်ကြည့်စို့။

ညစ်ညူးသောစကားကို ရှောင်ကြဉ်ခြင်း

၄၊ ၅။ (က) ညစ်ညမ်းသောစကားနှင့်ပတ်သက်၍ ခရစ်ယာန်များ အဘယ်စစ်ဆင်နွှဲရမည်နည်း။ (ခ) “ညစ်ညူးသောစကား” ဟူသည့်စကားစုကို အဘယ်ပုံဆောင်ချက်ဖြင့် နှိုင်းယှဉ်ပြနိုင်သနည်း။

၄ ဧဖက် ၄:၂၉ က “ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်” ဟုဦးစွာတိုက်တွန်းသည်။ ယင်းသည် လွယ်ကူလိမ့်မည်မဟုတ်။ တစ်ကြောင်းမှာ ဘုရားတရားရိုသေမှုကင်းမဲ့ခြင်းသည် ကျွန်ုပ်တို့ဝန်းကျင်တွင် သာမန်ကိစ္စပင်ဖြစ်ချေပြီ။ ခရစ်ယာန်လူငယ်များသည် နေ့စဉ်ပင် ညစ်ညူးသောစကားများကို ကြားနာနေကြရသည်။ အကြောင်းမူကား၊ ယင်းစကားလုံးများသည် လေးနက်မှုရှိစေသည်၊ သုံးစွဲသူတို့အား သာ၍ကြံ့ခိုင်ဟန်ရှိစေသည်ဟု ကျောင်းနေဖက်များယူဆကြမည်။ ညစ်ညမ်းသောအသုံးအနှုန်းများကို မကြားရန် လုံးဝရှောင်ရှားနိုင်မည်မဟုတ်သော်လည်း ယင်းတို့ကို ကိုယ်တိုင်မသုံးမိရန် ကြိုးစားနိုင်၍ ထိုသို့လည်းပြုမူရန်သင့်တော်ပါသည်။ ကျွန်ုပ်တို့စိတ်နှလုံးတွင်သော်လည်းကောင်း၊ ကျွန်ုပ်တို့နှုတ်ဖျားပေါ်သော်လည်းကောင်း ရှိ၍မဖြစ်ပါ။

၅ ပေါလု၏သတိပေးချက်သည် ပုပ်ပျက်သောငါး သို့မဟုတ် အသီးနှင့်ဆက်စပ်အသုံးပြုသည့် ဂရိစကားလုံးကို အခြေခံသည်။ မြင်ယောင်ကြည့်လေ။ စိတ်တိုလာပြီးနောက် အမျက်ကိုလုံးလုံးမထိန်းသိမ်းနိုင်တော့သည့် လူတစ်ယောက်သည် နောက်ဆုံးတွင် ဒေါသပေါက်ကွဲလေရာ သူ၏နှုတ်မှငါးပုပ်တစ်ကောင်ထွက်လာ၏။ ယင်းနောက် ပုပ်ပျက်အောက်သိုးသောအသီးအနှံများထွက်လာ၍ ဝန်းကျင်ရှိသူအားလုံးအပေါ် ပက်စဉ်လေသည်။ ထိုသူကား မည်သူနည်း။ ကျွန်ုပ်တို့အသိုင်းအဝိုင်းအတွင်းမှ တစ်ဦးတစ်ယောက်ဖြစ်မည်ဆိုလျှင် မည်မျှရှက်ဖွယ်ပါတကား။ သို့သော် ‘ကျွန်ုပ်တို့နှုတ်ထဲက ညစ်ညူးသောစကားများထွက်စေ’ မည်ဆိုလျှင် ထိုသို့သောသူဖြစ်နိုင်ပါမည်။

၆။ အပြစ်တင်၊ အပြုသဘောမပါသောစကားသည် ဧဖက် ၄:၂၉ နှင့် မည်သို့သက်ဆိုင်သနည်း။

၆ ဧဖက် ၄:၂၉ ၏သက်ဆိုင်ပုံတစ်ခုမှာ အစဉ်အမြဲပြစ်တင်ဝေဖန်နေခြင်းကို ရှောင်ကြဉ်ရန်ဖြစ်သည်။ မှန်သည်၊ ကျွန်ုပ်တို့အားလုံး ကိုယ်မကြိုက်ရာ၊ လက်မခံနိုင်ရာနှင့်ပတ်သက်၍ ကိုယ်စီကိုယ်ငအကြိုက်ချင်း၊ ထင်မြင်ချက်ချင်းမတူညီကြပါ။ သို့သော် လူတိုင်း၊ နေရာတိုင်း၊ သို့မဟုတ် အရာတိုင်းနှင့်ပတ်သက်၍ အပြုသဘောမပါသောစကားပြောဆိုတတ်သူကို တွေ့ဖူးသလော။ (ရောမ ၁၂:၉။ ဟေဗြဲ ၁:၉ နှိုင်းယှဉ်။) သူ၏စကားသည် ဖျက်ဆီးတတ်၏၊ စိတ်ပျက်စေ၏၊ ဖြိုခွင်းပျက်သုဉ်းစေသည်။ (ဆာလံ ၁၀:၇။ ၆၄:၂-၄။ သု၊ ၁၆:၂၇။ ယာကုပ် ၄:၁၁၊ ၁၂) ဤသို့သောသူသည် မာလခိဖော်ပြခဲ့သည့် အပြစ်မြင်တတ်သူများနှင့် မည်မျှတူညီနေသည်ကို ထိုသူသိချင်မှသိမည်။ (မာလခိ ၃:၁၃-၁၅) ဘေးမှရှုစားနေသူတစ်ဦးက ထိုသူ၏နှုတ်မှ ငါးပုပ်တစ်ကောင် သို့မဟုတ် ပုပ်ပျက်နံစော်သောအသီးများထွက်လာနေကြောင်း ပြောပြမည်ဆိုလျှင် ထိုသူအလွန်ထိတ်လန့်သွားမည်အမှန်။

၇။ ကျွန်ုပ်တို့တစ်ဦးစီ ကိုယ့်ကိုယ်ကို မည်သို့စစ်ဆေးသင့်သနည်း။

၇ အခြားသူတစ်ဦးသည် အစဉ်အမြဲအပြုသဘောမပါသော၊ သို့မဟုတ် အပြစ်ရှာသောစကားများကို ပြောဆိုနေသည်ကို လွယ်ကူစွာသိမြင်နိုင်သော်လည်း ကိုယ်ကိုယ်တိုင် ‘ထိုသို့ပြုတတ်သလော။ ပြုပင်ပြုနေပါသလော’ ဟုစစ်ဆေးမေးမြန်းကြည့်ပါ။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ပြောဆိုသည့်စကား၏ ဆိုလိုရင်းကို ဆင်ခြင်သုံးသပ်ပေးလျှင် ပညာရှိ၏။ ယင်းတို့သည် အပြုသဘောမပါ၊ အပြစ်ရှာလို၍လော။ ယောဘ၏နှစ်သိမ့်ပေးသယောင်ရှိမိတ်ဆွေသုံးဦး၏လေသံ ထွက်နေပါသလော။ (ယောဘ ၂:၁၁။ ၁၃:၄၊ ၅။ ၁၆:၂။ ၁၉:၂) အပြုသဘောပါသည့်ရှုထောင့်တစ်ခုကို ရှာယူ၍ပြောဆိုပါလေ။ ပြောဆိုနေသည့်စကားသည် အပြစ်ရှာဝေဖန်နေခြင်းသက်သက်ဖြစ်နေပါက တည်ဆောက်မှုဖြစ်သောအကြောင်းများဘက် စကားလွှဲပြောင်းပေးလျှင် မကောင်းပေလော။

၈။ စကားပြောဆိုခြင်းနှင့်စပ်လျဉ်း၍ မာလခိ ၃:၁၆ ကအဘယ်သင်ခန်းစာပေးသနည်း။ ထိုသင်ခန်းစာကိုကျင့်သုံးနေကြောင်း မည်သို့တင်ပြနိုင်သနည်း။

၈ ဤခြားနားသောအမြင်ကို မာလခိတင်ပြခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသူတို့သည်တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်၍ ပြောဆိုကြ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်လည်း နားထောင်၍ကြားတော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။” (မာလခိ ၃:၁၆) တည်ဆောက်မှုဖြစ်သောစကားကို ဘုရားသခင်မည်သို့တုံ့ပြန်ကြောင်း သတိပြုမိပါသလော။ ဤသို့သောစကားသည် အပေါင်းအသင်းများအတွက် မည်သို့ရှိစေမည်နည်း။ ကျွန်ုပ်တို့နေ့စဉ်ပြောဆိုလေ့ရှိစကားနှင့်စပ်လျဉ်း၍ ကိုယ်စီကိုယ်င သင်ခန်းစာရယူနိုင်ပါသည်။ ကျွန်ုပ်တို့စကားပြောဆိုပုံသည် ‘ဘုရားသခင်အားချီးမွမ်းခြင်းယဇ်’ ပြုနေရာရောက်မည်ဆိုလျှင် ကိုယ်ကိုယ်တိုင်အတွက်လည်းကောင်း၊ သူတစ်ပါးအတွက်လည်းကောင်း မည်မျှအကျိုးသက်ရောက်လိုက်မည်နည်း။—ဟေဗြဲ ၁၃:၁၅။

သူတစ်ပါးကိုတည်ဆောက်ခြင်းငှာ ကြိုးစားလေ

၉။ သူတစ်ပါးကိုတည်ဆောက်ပေးရန် ခရစ်ယာန်စည်းဝေးများသည် အဘယ်ကြောင့်အချိန်ကောင်းများဖြစ်သနည်း။

၉ ‘ကြားနာသောသူတို့၏အကျိုးကိုပြုစုပေးရန် တည်ဆောက်စရာဖို့ ကောင်းသောစကား’ ပြောဆိုနိုင်သည့် အလွန်ကောင်းသောအချိန်အခါများသည် အသင်းတော်စည်းဝေးများတွင်ဖြစ်သည်။ (ဧဖက် ၄:၂၉) ကျမ်းစာဆိုင်ရာအကြောင်းအရာကိုဟောပြောသည့်အခါ၊ သရုပ်ပြခန်းတွင် ပါဝင်သည့်အခါ၊ မေးဖြေအပိုင်းများတွင် ပါဝင်ဖြေဆိုသည့်အခါ ထိုသို့ပြုလုပ်နိုင်ပါသည်။ ဤနည်းဖြင့် သု၊ ၂၀:၁၅ ကိုထောက်ခံပေးပါသည်။ “ပညာအတတ်နှင့်ပြည့်စုံသောနှုတ်မူကား အလွန်အဖိုးထိုက်သောရတနာဖြစ်၏။” ထိုသို့ပြုစဉ် မည်မျှနှလုံးကို ထိမိတည်ဆောက်ပေးနေသည်ကို မည်သူသိမည်နည်း။

၁၀။ အများအားဖြင့် မည်သူတို့နှင့်စကားပြောဆိုလေ့ရှိသည်ကိုသုံးသပ်ပြီးနောက် အဘယ်ပြုပြင်ပြောင်းလဲမှုသည် လျောက်ပတ်မည်နည်း။ (၂ ကောရိန္သု ၆:၁၂၊ ၁၃)

၁၀ ကြားနာသူများအကျိုးအလိုငှာ စည်းဝေးမတိုင်မီနှင့်စည်းဝေးအပြီးတွင် တည်ဆောက်ပေးသောစကားများကိုပြောဆိုရန် အခန့်သင့်ပေသည်။ ဤအချိန်အခါများတွင် ခင်မင်ရင်းနှီးနှင့်ပြီးသား ဆွေမျိုး၊ သို့မဟုတ် သူငယ်ချင်းအနည်းငယ်နှင့်စကားစမြည်ပြောဆိုနေရန် လွယ်ကူပေမည်။ (ယောဟန် ၁၃:၂၃။ ၁၉:၂၆) သို့ရာတွင် ဧဖက် ၄:၂၉ နှင့်အညီ သူတို့အပြင် အခြားသူများနှင့်စကားစမြည်ပြောဆိုပေးပါလေ။ (လုကာ ၁၄:၁၂-၁၄ နှိုင်းယှဉ်။) လူသစ်တစ်ဦးတစ်ယောက်၊ သက်ကြီးရွယ်အိုတစ်ဦး သို့မဟုတ် ကလေးသူငယ်တစ်ယောက်အား “နေကောင်းသလား” ဟုထုံးစံရှိသည်အတိုင်း ပြောဆိုရုံထက်မက စကားစမြည်ရှာကြံပြောမည်ဟု ဆုံးဖြတ်ထားနိုင်ပါသည်။ လူငယ်များနှင့်တစ်တန်းတစ်စားတည်း အနေအထားမျိုးယူပေးခြင်းငှာ သူတို့နှင့်ပင် အတူထိုင်နိုင်ပါသည်။ သူတို့ကိုဂရုစိုက်စွာဖြင့် တည်ဆောက်သောစကားများ ရံဖန်ရံခါပြောဆိုပေးခြင်းဖြင့် ဆာလံ ၁၂၂:၁ ပါဆာလံဆရာ၏ခံစားချက်ကို အခြားသူများလည်းခံစားစေရန် အကြောင်းရှိစေမည်။

၁၁။ (က) ထိုင်သည့်နေရာနှင့်စပ်လျဉ်း၍ များစွာသောသူတို့သည် အဘယ်အကျင့်ဖြစ်နေသနည်း။ (ခ) အချို့အဘယ်ကြောင့်တမင်တကာ တစ်နေရာတည်းမထိုင်သနည်း။

၁၁ တည်ဆောက်မှုပြုသောစကားပြောဆိုခြင်းငှာ စည်းဝေးတွင် နေရာပြောင်းရွှေ့ထိုင်ခြင်းသည် အထောက်အကူပြုသောအကြောင်းတစ်ခုဖြစ်သည်။ နို့တိုက်မိခင်သည် အိမ်သာနှင့်နီးသောထိုင်ခုံတွင် ထိုင်ဖို့လိုကောင်းလိုပေမည်။ မသန်မစွမ်းသူမူကား လူသွားလမ်းနှင့်နီးသောထိုင်ခုံတွင် ထိုင်ရလိမ့်မည်။ သို့သော် အခြားသူတို့ကော။ အကျင့်ရှိနေ၍ ထိုင်ခုံတစ်ခုတည်း၊ သို့မဟုတ် နေရာတစ်ခုတည်းသို့ တန်းသွားလေ့ရှိမည်။ သားငှက်ပင်လျှင် မိမိအသိုက်သို့ပင်ကိုယ်စိတ်ဖြင့် ပျံသန်းသွားတတ်သည်။ (ဟေရှာယ ၁:၃။ မဿဲ ၈:၂၀) ပွင့်လင်းစွာပြောရမည်ဆိုလျှင် မည်သည့်နေရာတွင်မဆို ထိုင်နိုင်သည့်အတွက် ယာဘက်၊ ဝဲဘက်၊ အရှေ့ဘက် အစရှိသည့်နေရာတွင် လွှဲပြောင်းထိုင်ခြင်းအားဖြင့် လူအသီးသီးနှင့်ပို၍ခင်မင်ရင်းနှီးမှုရှိလာရန် ကြိုးစားပါ။ ဤသို့ပြုရမည်ဟူ၍ စည်းမျဉ်းမရှိသည်မှန်သော်လည်း နေရာရွှေ့ပြောင်းထိုင်သောအကြီးအကဲများနှင့် အခြားရင့်ကျက်သူများသည် ခင်မင်သူအနည်းအကျဉ်းကိုသာမက အခြားသူများစွာတို့ကို အကျိုးပြုစုပေးနိုင်ခဲ့ပေပြီ။

ဘုရားရေးရာနည်းလမ်းအရ တည်ဆောက်ပေးခြင်း

၁၂။ သမိုင်းတစ်လျှောက် အဘယ်မနှစ်လိုဖွယ်အကျင့်ထင်ရှားခဲ့ပြီနည်း။

၁၂ သူတစ်ပါးကိုတည်ဆောက်ပေးလိုသည့် ခရစ်ယာန်တစ်ဦး၏စိတ်ဆန္ဒက သူ့အား လူ့စိတ်သဘောဖြစ်သည့် စည်းမျဉ်းမြောက်မြားစွာကိုချမည့်အစား ဤကိစ္စတွင် ဘုရားသခင်ကိုအတုယူစေရန် လှုံ့ဆော်ပေးသင့်သည်။aမစုံလင်သောလူသားများသည် မိမိတို့ဝန်းကျင်ရှိသူတို့အား အစိုးတရပြုရန်ကြိုးစားခဲ့သည်ကား ကြာမြင့်ပေပြီ။ ဘုရားသခင့်ကျေးကျွန်အချို့ပင်လျှင် ဤသဘောထားရှိခဲ့ပြီ။ (ကမ္ဘာဦး ၃:၁၆။ ဒေသနာ ၈:၉) ယေရှုခေတ်ကဆိုလျှင် ဂျူးခေါင်းဆောင်များသည် ‘သူတစ်ပါးအပေါ် လေးပင်သောဝန်တို့ကိုတင်ကြသော်လည်း ကိုယ်တိုင်မူကား မရွှေ့လိုကြပါ။’ (မဿဲ ၂၃:၄) သူတို့သည် အမှားအယွင်းကင်းသောထုံးစံများကို ပြဌာန်းချက်ဖြစ်သည့်ထုံးတမ်းများဖြစ်စေခဲ့သည်။ လူ့စည်းမျဉ်းများကို သူတို့အလွန်အမင်းအလေးပေးခြင်းကြောင့် သာ၍အရေးကြီးသည်ဟု ဘုရားသခင်သတ်မှတ်သည့်အရာများကိုမူကား လျစ်လျူရှုထားကြသည်။ ကျမ်းစာနှင့်မညီညွတ်သောစည်းမျဉ်းစွာကို သူတို့ချမှတ်သည့်အတွက် မည်သူမျှတည်ဆောက်မှုမရခဲ့ပါ။ သူတို့၏လမ်းစဉ်သည် ဘုရားသခင့်လမ်းစဉ်နှင့် လားလားကြီးဆန့်ကျင်သည်။—မဿဲ ၂၃:၂၃၊ ၂၄။ မာကု ၇:၁-၁၃။

၁၃။ ခရစ်ယာန်ချင်းတို့အတွက် မြောက်မြားစွာသောစည်းမျဉ်းဥပဒေများကိုတီထွင်ရန် အဘယ်ကြောင့် မသင့်တော်သနည်း။

၁၃ ခရစ်ယာန်များသည် ဘုရားသခင့်ပညတ်များကို အမှန်လိုက်နာလိုကြသည်။ သို့သော် ကျွန်ုပ်တို့ပင်လျှင် ပင်ပန်းစေသည့်စည်းမျဉ်းများကိုထုတ်တတ်သူများ ဖြစ်သွားနိုင်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းတစ်ခုမှာ၊ အကြိုက်ချင်း၊ ဦးစားထားလိုရာချင်း မတူသည့်အတွက် အချို့မကြိုက်ဘဲဖယ်ထုတ်ထားသည့်အရာကို နှစ်သက်မည်ဖြစ်သည်။ ဝိညာဏရင့်ကျက်မှုသို့တိုးတက်ပုံတွင်လည်း ခရစ်ယာန်ချင်း တူကြမည်မဟုတ်ပါ။ သို့သော် စည်းမျဉ်းများစွာချမှတ်ခြင်းသည် အခြားသူတစ်ဦးအား ရင့်ကျက်မှုသို့တက်လှမ်းရန်ကူညီပေးသည့် ဘုရားရေးရာနည်းလမ်းဖြစ်သလော။ (ဖိလိပ္ပိ ၃:၁၅။ ၁ တိမောသေ ၁:၁၉။ ဟေဗြဲ ၅:၁၄) လွန်ကျွံပုံ၊ အန္တရာယ်ရှိပုံပေါက်သည့်လမ်းစဉ်ကို တစ်ဦးတစ်ယောက်လိုက်လျှောက်နေသည့်တိုင် တားမြစ်ချက်ချမှတ်ခြင်းသည် အကောင်းဆုံးဖြေရှင်းနည်းဖြစ်သလော။ အရည်အချင်းရှိသူများအနေနှင့် လမ်းမှားနေသူအား နူးညံ့စွာဖျောင်းဖျဆင်ခြင်ပေးခြင်းအားဖြင့် ပြန်တည့်မတ်စေရန် ကြိုးစားကူညီပေးခြင်းသည် ဘုရားသခင့်လမ်းစဉ်ဖြစ်သည်။—ဂလာတိ ၆:၁။

၁၄။ ဣသရေလလူမျိုးကိုဘုရားပေးသည့်ပညတ်ချက်များက အဘယ်ရည်ရွယ်ချက်အတွက်ဖြစ်သနည်း။

၁၄ ဣသရေလလူမျိုးအား ဘုရားသခင်၏လူမျိုးအဖြစ် အသုံးပြုနေစဉ် ကိုယ်တော်သည် ဗိမာန်တော်၌ဝတ်ပြုခြင်း၊ ယဇ်ပူဇော်သက္ကာ၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ပင် ပညတ်ရာပေါင်းများစွာချမှတ်ခဲ့သည် မှန်၏။ ယင်းကား၊ ခြားနားသောလူမျိုးတစ်မျိုးအတွက် လျောက်ပတ်ပေသည်။ ထိုပညတ်များစွာတို့သည်လည်း ပရောဖက်ပြုချက်နှင့်ဆိုင်သောအဓိပ္ပာယ်ရှိနေသည်။ ယင်းတို့က ဂျူးများအား မေရှိယထံပို့ဆောင်ပေးသည်။ ပေါလုဤသို့ရေးခဲ့သည်။ “ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။ ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ ငါတို့သည် ထိုအထိန်းလက်မှလွတ်ကြ၏။” (ဂလာတိ ၃:၁၉၊ ၂၃-၂၅) ပညတ်တရားကို နှက်တိုင်ပေါ်တွင်ပယ်ဖျက်ပြီးနောက် ယုံကြည်ခြင်းခိုင်ခံ့နေရန် စည်းမျဉ်းများလိုအပ်ဘိသကဲ့သို့ ဘဝကဏ္ဍအများအပြားနှင့်ပတ်သက်၍ ခရစ်ယာန်များအတွက် အကျယ်ချဲ့ထားသောစည်းမျဉ်းများကို ဘုရားသခင်မချမှတ်ထားတော့ချေ။

၁၅။ ခရစ်ယာန်ဝတ်ပြုသူများအတွက် အဘယ်လမ်းပြမှုကို ဘုရားသခင်ပေးခဲ့သနည်း။

၁၅ သို့သော် ကျွန်ုပ်တို့သည်ဥပဒေမဲ့သူများမဟုတ်သည်အမှန်။ မတရားမေထုန်ပြုခြင်း၊ သူ့အိမ်ယာပြစ်မှားခြင်း၊ သွေးကို အလွဲသုံးစားခြင်းကိုရှောင်ကြဉ်ရန် ဘုရားသခင်အမိန့်ပေးထားသည်။ လူ့အသက်သတ်ခြင်း၊ လိမ်လည်ခြင်း၊ နတ်ဝိဇ္ဇာအတတ်လိုက်စားခြင်းနှင့် အခြားအပြစ်မြောက်မြားစွာတို့ကို တိတိကျကျတားမြစ်ထားပါသည်။ (တမန်တော် ၁၅:၂၈၊ ၂၉။ ၁ ကောရိန္သု ၆:၉၊ ၁၀။ ဗျာဒိတ် ၂၁:၈) ကိုယ်တော့်နှုတ်ကပါဌ်တော်တွင်လည်း ကိစ္စအဝဝနှင့်ဆိုင်သော ရှင်းလင်းပြတ်သားသည့် ဩဝါဒများပေးထားပါသည်။ ထိုကြောင့် ဣသရေလလူမျိုးထက်ပင် ကျမ်းစာမူများကို သင်ယူပြီးလိုက်နာကျင့်သုံးရန် ကျွန်ုပ်တို့၌တာဝန်ပိုရှိပါသည်။ အကြီးအကဲများသည် ဥပဒေများရှာကြံ သို့မဟုတ် ထုတ်မည့်အစား ဤမူများကိုရှာယူ၍သုံးသပ်ကြည့်တတ်ရန်ကူညီပေးခြင်းဖြင့် အခြားသူများကို တည်ဆောက်ပေးနိုင်ပါသည်။

တည်ဆောက်ပေးသောအကြီးအကဲများ

၁၆၊ ၁၇။ ဝတ်ပြုသူချင်းတို့အတွက် စည်းမျဉ်းများချမှတ်ခြင်းနှင့်စပ်လျဉ်း၍ တမန်တော်များသည် အဘယ်ပုံနမူနာကောင်း တင်ပြခဲ့သနည်း။

၁၆ ပေါလုဤသို့ရေးသားခဲ့သည်။ “ယခုမီသမျှအတိုင်း တစ်နည်းတည်းကျင့်၍ တစ်သဘောတည်းရှိရကြမည်။” (ဖိလိပ္ပိ ၃:၁၆) ထိုဘုရားရေးရာအမြင်မျိုးဖြင့် တမန်တော်သည် တည်ဆောက်မှုဖြစ်စေသည့်နည်းဖြင့် သူတစ်ပါးနှင့်ဆက်ဆံခဲ့သည်။ ဥပမာ၊ ဗိမာန်မှလာနိုင်သည့် [ပူဇော်] အသားကို စားခွင့်ရှိမရှိ မေးခွန်းပေါ်ထွက်ခဲ့သည်။ အစောပိုင်းအသင်းတော်များရှိသူအပေါင်းအတွက် တစ်သမတ်တည်းရှိစေဖို့၊ သို့မဟုတ် အရှုပ်အရှင်းမရှိဖို့ဟုဆိုကာ ဤအကြီးအကဲသည် စည်းမျဉ်းတစ်ခုကိုချမှတ်လိုက်ပါသလော။ မချမှတ်ခဲ့ချေ။ အသိပညာရရှိထားသည့်အတိုင်းအတာ၊ ရင့်ကျက်မှုသို့တိုးတက်နေသည့်အခြေအနေ ကွာခြားသည့်အတွက် ထိုခရစ်ယာန်များ၏ရွေးချယ်ရာအကြိုက်ချင်း တူညီမည်မဟုတ်ကြောင်း သူအသိအမှတ်ပြုခဲ့ပါသည်။ သူကိုယ်တိုင်မူကား ပုံသက်သေကောင်းတင်ပြရန် စိတ်ဆုံးဖြတ်ထားခဲ့သည်။—ရောမ ၁၄:၁-၄။ ၁ ကောရိန္သု ၈:၄-၁၃။

၁၇ ကိုယ်ရေးကိုယ်တာကိစ္စအချို့ဖြစ်သည့် ဝတ်စားဆင်ယင်ပုံနှင့်ပတ်သက်၍ အထောက်အကူပြုသောအကြံပေးချက်များကို တမန်တော်များတင်ပြခဲ့ကြောင်း ခရစ်ယာန်ဂရိကျမ်းစာစောင်တွင်ဖော်ပြထားသည်။ သို့သော် အခါတိုင်းတွင်သက်ဆိုင်မည့်စည်းမျဉ်းမျိုးကိုချမှတ်ပေးရန် သူတို့မရွေးချယ်ပါ။ ယနေ့ သိုးတော်စုကိုတည်ဆောက်လိုသော ခရစ်ယာန်အကြီးအကဲများအတွက် ယင်းသည် ပုံသက်သေကောင်းဖြစ်ပါသည်။ ဤနည်းကား ရှေးဣသရေလလူမျိုးနှင့်ပင် ဘုရားသခင်လိုက်လျှောက်ခဲ့သည့် အခြေခံနည်းလမ်းဖြစ်ပေသည်။

၁၈။ အဝတ်အစားနှင့်စပ်လျဉ်း၍ ဣသရေလလူမျိုးအား အဘယ်ပညတ်ချက်များကို ယေဟောဝါပေးခဲ့သနည်း။

၁၈ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဣသရေလလူမျိုးအား အသေးစိတ်မမှာကြားထားပါ။ ထိုစဉ်က အမျိုးသား၊ အမျိုးသမီးများသည် ဆင်တူယိုးမှားဝတ်လုံများကို ဝတ်စားလေ့ရှိသော်လည်း အမျိုးသမီးများ၏ဝတ်လုံသည် ပန်းထိုးထားပြီး အရောင်အဆင်းပိုတောက်ပပါလိမ့်မည်။ အမျိုးသားအမျိုးသမီးနှစ်ဦးစလုံး စဒင်း သို့မဟုတ် အောက်ခံအင်္ကျီလည်းဝတ်စားကြသည်။ (တရားသူကြီး ၁၄:၁၂။ သု၊ ၃၁:၂၄။ ဟေရှာယ ၃:၂၃) အဝတ်အစားနှင့်ပတ်သက်၍ ဘုရားသခင်အဘယ်ပညတ်များ ချမှတ်ပေးသနည်း။ လိင်တူဆက်ဆံခြင်းသဘောသက်ရောက်မှုဖြင့် လိင်ခြားတို့၏အဝတ်အစားများကို အမျိုးသားသော်လည်းကောင်း၊ အမျိုးသမီးများသော်လည်းကောင်း မဝတ်ရချေ။ (တရားဟောရာ ၂၂:၅) ဘေးပတ်ဝန်းကျင်နိုင်ငံများနှင့်ခြားနားကြောင်းတင်ပြခြင်းငှာ ဣသရေလလူမျိုးတို့သည် သူတို့အဝတ်စွန်းတို့၌လည်းကောင်း၊ ဝတ်ရုံများ၏ထောင့်များတွင်လည်းကောင်း ဆွဲစရာဖို့ပန်းပွားတို့ကိုလုပ်၍ ပြာသောကြိုးနှင့်ချည်တွဲရကြ၏။ (တောလည်ရာ ၁၅:၃၈-၄၁) ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ပညတ်ချက်ကား ဤသို့သာညွှန်ကြားထားသည်။

၁၉၊ ၂၀။ (က) ဝတ်စားဆင်ယင်မှုနှင့်စပ်လျဉ်း၍ ခရစ်ယာန်များအား သမ္မာကျမ်းစာမည်သို့ညွှန်ကြားထားသနည်း။ (ခ) အသွင်အပြင်နှင့်စပ်လျဉ်း၍ဥပဒေများချမှတ်ခြင်းအပေါ် အကြီးအကဲများ အဘယ်အမြင်ရှိသနည်း။

၁၉ ခရစ်ယာန်များအနေနှင့် ပညတ်တရားအောက်မရှိကြသော်လည်း ဝတ်စားဆင်ယင်မှုနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ကျွန်ုပ်တို့အတွက် အခြားအသေးစိတ်စည်းမျဉ်းများချမှတ်ထားပါသလော။ မချမှတ်ပါ။ ကျွန်ုပ်တို့ကျင့်သုံးဖို့ရန် မျှတသောမူများကိုသာ ဘုရားသခင်ပေးထားတော်မူသည်။ ပေါလုဤသို့ရေးသားခဲ့၏။ “မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ၊ အဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့် . . . ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏။” (၁ တိမောသေ ၂:၉) ကိုယ်ကာယဆင်ယင်မှုကို အာရုံပြုမည့်အစား ခရစ်ယာန်အမျိုးသမီးများသည် “နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သောတန်ဆာဆင်ခြင်းရှိသောစိတ်နှလုံး၏အတွင်းလူ” အပေါ်အာရုံပြုရန် ပေတရုတိုက်တွန်းခဲ့သည်။ (၁ ပေတရု ၃:၃၊ ၄) ဤဆုံးမချက်ကိုမှတ်တမ်းတင်ခဲ့ရခြင်းကား ပထမရာစုခရစ်ယာန်အချို့သည် ဝတ်စားဆင်ယင်မှုတွင် ဣန္ဒြေပိုရှိရန်၊ မလွန်ကျွံဖို့ရန်မှာကြားခံရစရာလိုနေ၍သာဖြစ်မည်။ သို့ရှိစေကာမူ မည်သို့မည်ပုံဝတ်စားရမည်ဟုတောင်းဆိုခြင်း၊ သို့မဟုတ် တားမြစ်ခြင်းကိုကား တမန်တော်များမပြုလုပ်ခဲ့ဘဲ တည်ဆောက်မှုပေးသောသြဝါဒကိုသာ ပေးခဲ့ပါသည်။

၂၀ ဣန္ဒြေရသောအသွင်အတွက် ယေဟောဝါသက်သေများလေးစားခံရသူများဖြစ်သင့်သည်အလျောက် ထိုသို့လည်းဖြစ်ကြပါသည်။ သို့သော် ဝတ်စားဆင်ယင်ပုံသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူသည်သာမက အရပ်ဒေသတစ်ခု၊ အသင်းတော်တစ်ခုအတွင်းပင် ခြားနားလိမ့်မည်။ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ အကြီးအကဲတစ်ဦးသည် ခံယူချက်ပြင်းထန်မည်၊ သို့မဟုတ် ကိုယ့်စိတ်ကြိုက်ရှိမည်ဆိုလျှင် မိမိကိုယ်တိုင်နှင့် မိမိအိမ်သူအိမ်သားအတွက်သာ ဆုံးဖြတ်စီရင်သင့်သည်။ သို့သော် သိုးတော်စုနှင့်ပတ်သက်၍မူကား ပေါလု၏သဘောထားမျိုးရှိသင့်သည်။ “ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကိုအစိုးရသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအကြောင်းကိုကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။” (၂ ကောရိန္သု ၁:၂၄) အသင်းတော်အတွက်စည်းမျဉ်းဥပဒေများချမှတ်ပေးလိုစိတ်ကိုငြင်းဆန်ကာ အခြားသူတို့၏ယုံကြည်ခြင်းကိုတည်ဆောက်ပေးဖို့အတွက်သာ အကြီးအကဲများကြိုးစားအားထုတ်ကြမည်။

၂၁။ ဝတ်စားပုံတွင်လွန်ကျွံသူတစ်ဦးအား အကြီးအကဲများသည် မည်သို့တည်ဆောက်မှုပေးသည့် အကူအညီပေးနိုင်မည်နည်း။

၂၁ ပထမရာစု၌ကဲ့သို့ တစ်ခါတစ်ရံ လူသစ်တစ်ဦး၊ သို့မဟုတ် ဝိညာဉ်ရေးဘက်အားနည်းသူသည် ဝတ်စားဆင်ယင်၊ ဖြီးလိမ်းပုံ၊ လက်ဝတ်လက်စားများအသုံးပြုပုံတွင် ပြောဆိုစရာဖြစ်ခြင်း၊ မသင့်တော်ရာကျခြင်းဖြစ်ကောင်းဖြစ်မည်။ ထိုအခါ မည်သို့ပြုမည်နည်း။ ဂလာတိ ၆:၁ ကကူညီပေးလိုစိတ်ရှိ ခရစ်ယာန်အကြီးအကဲများအတွက် ညွှန်ကြားချက်ဖြစ်သည်။ ဆုံးမစကားမပြောဆိုမီ မိမိနှင့်အကြိုက်ချင်း၊ အယူအဆချင်းမတူသည့် အခြားအကြီးအကဲတစ်ဦးထံသွား၍ ယင်းကိစ္စကို ပညာရှိစွာဆွေးနွေးနှီးနှောပါမည်။ အသင်းတော်ရှိသူအများသည် လောကရေစီးကြောင်းနှင့်လိုက်ဖက်ပြီး ဝတ်စားဆင်ယင်နေသည်ရှိသော် မည်သို့အကူအညီပေးလျှင် အကောင်းဆုံးဖြစ်မည်အကြောင်း အကြီးအကဲအဖွဲ့သည် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ စည်းဝေးအစီအစဉ်တွင် တည်ဆောက်မှုဖြစ်စေရန်ကြင်နာစွာထည့်ဟောမည် သို့မဟုတ် တစ်ဦးချင်းထံသွားကူညီမည်လောဟူ၍ ဆွေးနွေးနိုင်သည်။ (သု၊ ၂၄:၆။ ၂၇:၁၇) သူတို့၏ရည်ရွယ်ချက်မှာ ၂ ကောရိန္သု ၆:၃ ပါကြည့်မြင်ပုံရှိကြရန်တိုက်တွန်းပေးခြင်းဖြစ်သင့်သည်။ “တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့်ကင်းလွတ်စိမ့်သောငှာ ထိမိ၍လဲစရာအကြောင်း တစ်စုံတစ်ခုကိုမျှမပြု။”

၂၂။ (က) ထင်မြင်ချက်မဆိုစလောက်ခြားနားသည့်အတွက် အဘယ်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်သင့်သနည်း။ (ခ) ပေါလုသည် အဘယ်ပုံသက်သေကောင်းကိုတင်ပြခဲ့သနည်း။

၂၂ ‘မိမိတို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကိုထိန်းရသော’ ခရစ်ယာန်အကြီးအကဲများသည် ပေတရုအဓိကထားဖော်ပြသည်နည်းတူ ‘ဘုရားသခင့်အမွေအနှစ်ဖြစ်သူများတို့ကို အာဏာထား၍အစိုးတရမပြု’ လိုကြပါ။ (၁ ပေတရု ၅:၂၊ ၃) သူတို့မေတ္တာပါပါလုပ်ဆောင်ကြရာတွင် အကြိုက်ချင်းမတူ၊ ခြားနားသောသဘောများကြောင့် ကိစ္စအချို့ကိုဆွေးနွေးဆုံးဖြတ်ရန်လိုလာပေမည်။ ကင်းမျှော်စင်သင်တန်းကျင်းပရာတွင် အပိုဒ်များကိုမတ်တပ်ရပ်ဖတ်သည့်ထုံးစံရှိကောင်းရှိမည်။ လယ်ကွင်းလုပ်ငန်းအတွက် အုပ်စုအစီအစဉ်၊ ဓမ္မအမှုနှင့်စပ်လျဉ်းသည့် အခြားအခြားအသေးစိတ်အချက်အလက်များကို ထုံးစံရှိသည်အတိုင်း ပြုလေ့ပြုထရှိမည်။ ဤတွင် တစ်ဦးတစ်ယောက်က မဆိုစလောက်ခြားနားသောအမြင်ရှိပါက ပြဿနာတက်ရမည်လော။ အံ့ဖွယ်ဆုကျေးဇူးများနှင့်စပ်လျဉ်း၍ ပေါလုအသုံးပြုခဲ့သောအသုံးအနှုန်းဖြစ်သည့် “တင့်တယ်လျောက်ပတ်စွာအစဉ်အတိုင်း” မေတ္တာရှိကြီးကြပ်မှူးများဖြစ်စေလိုကြသည်။ သို့သော် ယင်း၏ရှေ့နောက်စကားအရ ပေါလု၏အဓိကအလိုဆန္ဒမှာ “အသင်းတော်ကိုတည်ဆောက်ခြင်းငှာ” ဖြစ်သည်။ (၁ ကောရိန္သု ၁၄:၁၂၊ ၄၀) သူ၏အဓိကရည်မှန်းချက်မှာ တစ်ပုံစံတည်း၊ တစ်သမတ်တည်းဖြစ်စေရန်၊ သို့မဟုတ် စွမ်းရည်ပြည့်မီစေရန်အတွက် စည်းမျဉ်းမြောက်မြားစွာကိုရေးဆွဲပေးဖို့ဆန္ဒ သူ၌ရှိပုံမတွေ့ရပါ။ သူက “သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာမဟုတ်၊ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါတို့၌အပ်ပေးတော်မူသောတန်ခိုး [အခွင့်]” ရှိ၏ဟုရေးသားခဲ့သည်။—၂ ကောရိန္သု ၁၀:၈။

၂၃။ သူတစ်ပါးကိုတည်ဆောက်ပေးခြင်းနှင့်စပ်လျဉ်း၍ ပေါလု၏ပုံသက်သေမှ အဘယ်နည်းလမ်းများကို အတုယူလုပ်ကိုင်နိုင်သနည်း။

၂၃ အပြုသဘောပါပါအားပေးတိုက်တွန်းခြင်းအားဖြင့် တည်ဆောက်ပေးရန် ပေါလုအမှန်ကြိုးစားအားထုတ်ခဲ့ပါသည်။ ရင်းနှီးသောမိတ်ဆွေအနည်းစုနှင့်သာ ပေါင်းသင်းမည့်အစား ဝိညာဉ်ရေးဘက်သန်စွမ်းသူများနှင့် တည်ဆောက်မှုအထူးလိုအပ်သူများဖြစ်သည့် ညီအစ်ကိုညီအစ်မများစွာထံ သွားရောက်လည်ပတ်ခဲ့သည်။ စည်းမျဉ်းဥပဒေများအစား မေတ္တာကို သူအရေးပေးခဲ့သည်။ အကြောင်းမူကား “မေတ္တာသည် တည်ဆောက်တတ်၏။”—၁ ကောရိန္သု ၈:၁။

[အောက်ခြေမှတ်ချက်များ]

a အခြေအနေအရ အိမ်ထောင်တစ်ခုအတွင်း စည်းမျဉ်းများချမှတ်ထားရန် လိုကောင်းလိုမည်။ မိမိလက်အောက်နေ ကလေးငယ်များအတွက် ကိစ္စအဝဝကိုဆုံးဖြတ်စီရင်ရန် မိဘများအား သမ္မာကျမ်းစာက အခွင့်ပြုထားပါသည်။—ထွက်မြောက်ရာ ၂၀:၁၂။ သု၊ ၆:၂၀။ ဧဖက် ၆:၁-၃။

ပြန်လည်စစ်ဆေးရန်အချက်များ

▫ အပြုသဘောမပါ၊ အပြစ်တင်စကားများပြောတတ်မည်ဆိုလျှင် ပြောင်းလဲရန် အဘယ်ကြောင့်သင့်တော်သနည်း။

▫ အသင်းတော်တွင် တည်ဆောက်မှုပိုပေးနိုင်ရန် ဘာလုပ်နိုင်သနည်း။

▫ သူတစ်ပါးအတွက် စည်းမျဉ်းများစွာချမှတ်ခြင်းနှင့် စပ်လျဉ်း၍ ဘုရားရေးရာပုံစံကား အဘယ်နည်း။

▫ သိုးတော်စုအတွက် လူ့စည်းမျဉ်းများချမှတ်ခြင်းကို အကြီးအကဲများရှောင်ကြဉ်နိုင်ရန် အဘယ်အရာကအကူအညီပေးမည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ