ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၆/၁ စာ. ၃၀-၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိတ်ကပ်လိမ်းတာ၊ လက်ဝတ်ရတနာဆင်မြန်းတာနဲ့ ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အမျိုးသမီးများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • လျောက်ပတ်သောအဝတ်အစားက ဘုရားသခင်ကို ရိုသေလေးမြတ်ကြောင်းပြ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ကောင်းမွန်သော ကိုယ်အသွင်အပြင်
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၆/၁ စာ. ၃၀-၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

▪ ခရစ်ယာန်အမျိုးသမီးသည် လက်ဝတ်တန်ဆာဆင်ရန်၊ မျက်နှာလိမ်းခြယ်ရန်၊ ဆံပင်ဆေးဆိုးရန် သို့မဟုတ် ထပ်တူအကျင့်များပြုသင့်ပါသလော။

ရှေးအချိန်နှင့်ကျွန်ုပ်တို့ခေတ်တွင် သမ္မာကျမ်းစာအတိုင်း လိုက်နာကျင့်သုံးပါသည်ဟုဆိုသူအချို့သည် အလှဆင်ယင်ခြင်းနှင့်ပတ်သက်၍ ပြင်းထန်စွာဆုံးဖြတ်ကြရာ အမြင်ခြားနားထူးကဲကြသည်။

အချို့အသင်းများရှိအမျိုးသမီးများသည် မျက်နှာလိမ်းခြယ်ခြင်း၊ လက်ဝတ်ရတနာဆင်ယင်ခြင်းကို လုံးဝမပြုကြပေ။ ဥပမာ၊ The Amish People စာအုပ်ကသူတို့သည် “မိမိတို့၏ကာယအသွင်ကို မပြင်မဆင်ကြပါ။ အကြောင်းမှာ လောကပုံပန်း၌စိတ်ဝင်စားသူမည်သူမဆိုသည် စိုးရိမ်ဖွယ်အခြေအနေ၌ရှိသည်၊ ကာယရေးထက် ဝိညာဉ်ရေးကိုသာစိတ်ဝင်စား အာရုံပြုသင့်သည်ဟုသူတို့ယူဆသည်။ အချို့သည် . . . ကျမ်းပိုဒ်များကိုပင် ကိုးကားတင်ပြကြမည်။”

ထိုနောက်ကိုးကားသည့်ကျမ်းချက်မှာ ၁ ဓမ္မရာဇဝင် ၁၆:၇ ဖြစ်သည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW ] က ‘သူ၏မျက်နှာအရပ်ကိုမကြည့်မရှုနှင့်။ . . . လူသည်အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရား [ယေဟောဝါ၊ NW ] မူကားနှလုံးကိုကြည့်ရှုတတ်သည်။’” သို့ရာတွင် ထိုကျမ်းချက်ကား ဒါဝိဒ်အစ်ကိုဧလျာဘ၏အရပ်အမောင်းကိုရည်ညွှန်းနေသည်။ ဤကျမ်းချက်၏ရှေ့နောက်စကားများအရ ဒါဝိဒ်သို့မဟုတ်သူ၏ညီအစ်ကိုများသည် ဆံပင်ဖီးလိမ်းခြင်း၊ သူတို့အဝတ်အစားပေါ် အလှဆင်ယင်ပစ္စည်းများအသုံးပြုခြင်း အစရှိသည်တို့ကို ဘုရားသခင်မဆိုလိုကြောင်း ထင်ရှားပါသည်။—ကမ္ဘာဦး ၃၈:၁၈။ ၂ ဓမ္မရာဇဝင် ၁၄:၂၅၊ ၂၆။ လုကာ ၁၅:၂၂။

ခရစ်ယာန်များသည် မျက်နှာလိမ်းခြယ်ခြင်း၊ လက်ဝတ်တန်ဆာဆင်ခြင်းမရှိ ထူးခြားစွာရိုးရိုးယဉ်ယဉ်နေရမည်ဟု ပြောဆိုသူများသည် ကျမ်းချက်ကိုအလွဲသုံးစားလုပ်ကြကြောင်း ဤအချက်ကထင်ရှားစေသည်။ သမ္မာကျမ်းစာက ဖီးလိမ်းဆင်ယင်ခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ်ဖေါ်ပြချက်လုံးဝမရှိပါ။ အလှပြုပြင်နည်းအချို့ကိုလက်ခံပြီး အခြားနည်းများကိုမူ တားမြစ်ထားကြောင်းလည်းမပါရှိပါ။ ယင်းနှင့်စပ်လျဉ်း၍ကျမ်းစာ၌ သင့်တော်သောလမ်းပြညွှန်ကြားချက်များသာပါရှိသည်။ ၄င်းတို့ကိုသုံးသပ်ကာ ယနေ့မည်သို့လက်တွေ့အသုံးပြုနိုင်မည်ကိုကြည့်ကြစို့။

တမန်တော်ပေါလုက ဤမှုတ်သွင်းခံလမ်းပြကိုဖေါ်ပြထားသည်။ “မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဖိုးထိုက်သောအဝတ်နှင့်ကိုယ်ကိုမဆင်ဘဲ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့် . . . ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏။ (၁ တိမောသေ ၂:၉) ပေတရုလည်းထပ်တူပင်ရေးသားခဲ့သည်။ “သင်တို့၌တန်ဆာဆင်ခြင်းမူကား ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သောတန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။”—၁ ပေတရု ၃:၃၊ ၄။

ထိုတွင် “လျောက်ပတ်သောအဝတ်” “တန်ဆာဆင်ခြင်း” ဟူ၍ပြန်ဆိုထားသည့် ဂရိစကားလုံးများသည် ko’‏smos နှင့်မျိုးတူစကားလုံးများဖြစ်၍ “အထူးသဖြင့်အသားအရေအလှပြုခြင်း” အနက်အဓိပ္ပာယ်ရှိသည် အင်္ဂလိပ်စကားလုံး “ကော့စ်မက်တစ်” (cosmetic) ၏အရင်းခံစကားလုံးဖြစ်သည်။ ထိုကြောင့် ယင်းကျမ်းချက်များက မျက်နှာအလှပြုပြင်နည်းသို့မဟုတ်မျက်နှာလိမ်းခြယ်ဆေးများသုံးခြင်း၊ ရွှေတန်ဆာဆင်ခြင်းနှင့်အမျိုးသမီးများ၏ အခြားအလှပြုပြင်နည်းများဆိုင်ရာမေးခွန်းများကိုဖြေဆိုပေးရန် အကူအညီပေးသည်။

ဆံပင်ကျစ်ခြင်း၊ ပုလဲနှင့်ရွှေတန်ဆာများဆင်ယင်ခြင်း၊ ထိုထက်မက မျက်နှာအလှခြယ်ဆေးများအသုံးပြုခြင်းတို့ကို ခရစ်ယာန်များမပြုရဟု ပေါလုနှင့်ပေတရုဆိုလိုပါသလော။ မဆိုလိုပါ။ ထိုသို့သူတို့ဆိုလိုသည်ဟုပြောမည်ဆိုလျှင် ခရစ်ယာန်ညီအစ်မများသည် ‘ပြင်ပအဝတ်ဝတ်ခြင်း’ ကိုလည်းရှောင်ကြဉ်ရတော့မည်။ သို့သော်ပေတရု ရှင်ပြန်ထမြောက်ပေးခဲ့သူဒေါ်ကာသည် အခြားညီအစ်မများအတွက် “အပြင်အင်္ကျီများ” ချုပ်လုပ်ပေးသဖြင့် ချစ်ခင်သူများခဲ့သည်။ (တမန်တော် ၉:၃၉) ထိုကြောင့် ၁ တိမောသေ ၂:၉ နှင့် ၁ ပေတရု ၃:၃၊ ၄ တို့ကညီအစ်မများ ဆံပင်မကျစ်ရ၊ ပုလဲတန်ဆာ၊ ရွှေတန်ဆာမဆင်ယင်ရ အစရှိသ၍မတားမြစ်ပါ။ ထိုသို့ဆိုမည့်အစား အမျိုးသမီးများဝတ်စားဆင်ယင်ရာတွင် ဣန္ဒြေရှိရန်၊ ကောင်းစွာဆင်ခြင်ရမည်ဟု ပေါလုအလေးအနက်ပြောဆိုနေခြင်းဖြစ်သည်။ မယုံကြည်သောမိမိတို့ခင်ပွန်းကိုသွေးဆောင်နိုင်ရန် အမျိုးသမီးများသည် အပြင်တန်ဆာဆင်ခြင်း၊ အလှပြုပြင်ခြင်းထက် အတွင်းစိတ်သဘောထားကို သာ၍ဂရုစိုက်ရမည်ဟူ၍ ပေတရုမှာကြားနေခြင်းဖြစ်သည်။

ရိုးရိုးတင်ပြရမည်ဆိုလျှင် အလှပြုပြင်ခြင်း၊ တန်ဆာဆင်ယင်ခြင်းကို သမ္မာကျမ်းစာမတားမြစ်ထားပါ။ ဘုရားသခင်၏ကျေးကျွန်၊ အမျိုးသားနှင့်အမျိုးသမီးများပါ ပုလဲတန်ဆာ၊ ရွှေတန်ဆာများကိုအသုံးပြုခဲ့ကြသည်။ (ကမ္ဘာဦး ၄၁:၄၂။ ထွက်မြောက်ရာ ၃၂:၂၊ ၃။ ဒံယေလ ၅:၂၉) သစ္စာရှိဧသတာသည် အသားအရေအလှပြုပြင်ဆီများလိမ်းကျံခြင်း၊ ရေမွှေးလူးခြင်း၊ ကိုယ်လက်အင်္ဂါနှိပ်နယ်ခြင်းပါဝင်သည့် အမျိုးမျိုးအလှပြုပြင်ခြင်းကို ခံယူခဲ့သည်။ (ဧသတာ ၂:၇၊ ၁၂၊ ၁၅။ ဒံယေလ ၁:၃-၈ နှင့်နှိုင်းယှဉ်။) ဣသရေလကို ပုံဆောင်စကားဖြင့် လက်ဝတ်တန်ဆာ၊ ဆွဲကြိုး၊ နှာကွင်း၊ နားဆွဲနားကပ်များနှင့် ဘုရားသခင်ဆင်ယင်ပေးတော်မူသည်ဟု ဖတ်ရသည်။ ယင်းတို့ကြောင့် သူမသည် “အလွန်တရာလှသောအဆင်းနှင့်ပြည့်စုံ” ၏ဟုဆိုထားသည်။—ယေဇကျေလ ၁၆:၁၁-၁၃။

သို့သော် ယေဇကျေလကျမ်းပါမှတ်တမ်းက အပြင်အလှကိုအာရုံပြုဂရုစိုက်ခြင်းမှ သင်ခန်းစာပေးထားသည်။ ဘုရားသခင်က “သင်သည် ကိုယ်လှသောအဆင်းကိုကိုးစား၍ ဂုဏ်အသရေကျော်စောသောကြောင့် ပြည်တန်ဆာလုပ်၍ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကိုအနှံ့အပြားပြုသဖြင့် ယောက်ျားတိုင်းအခွင့်ရ၏” ဟုမိန့်တော်မူသည်။ (ယေဇကျေလ ၁၆:၁၅။ ဟေရှာယ ၃:၁၆၊ ၁၉) သို့ဖြစ်၍ ယေဇကျေလ ၁၆:၁၁-၁၅ သည်ပြင်ပကိုအလေးမပေးရန် ပေါလုနှင့်ပေတရုတို့၏ ပညာပါနောက်ပိုင်းသြဝါဒကို ထောက်ခံပါသည်။ အမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို လက်ဝတ်တန်ဆာဆင်ယင်လိုလျှင် ယင်း၏အရေအတွက်နှင့်ပုံစံတို့သည် ဣန္ဒြေရှိရမည်ဖြစ်သည်။ ပိုလွန်များပြား၊ ကြွားဝါလို၍မဖြစ်သင့်။ အလွန်တောက်ပပြောင်လက်၍လည်းမဖြစ်သင့်။—ယာကုပ် ၂:၂။

နှုတ်ခမ်းနီဆိုးဆေး၊ ပါးနီ၊ မျက်ခွံအရောင်တင်ဆေး၊ လိုင်နာအစရှိသည့် အလှပြုပြင်ဆေးများကို ခရစ်ယာန်တစ်ဦးအသုံးပြုခြင်းနှင့်ပတ်သက်၍ကော။ ဣသရေလနိုင်ငံတွင် ရှေးဟောင်းသုတေသနရှင်များသည် အလှပြင်ဆေးဘူးများနှင့်တကွ သုတ်လိမ်းရန်ကိရိယာများနှင့် မှန်များကိုပါတွေ့ရှိကြသည်။ မှန်ပေသည်၊ ရှေးခေတ်ကအရှေ့တိုင်းရှိအမျိုးသမီးများသည် ယခုခေတ်ထုတ်ပစ္စည်းများ၏ရှေ့ပြေးများဖြစ်သည့် အလှပြုပြင်ဆေးများအသုံးပြုခဲ့ကြသည်။ ယောဘသမီး ကေရင်ဟပ္ပုတ်အမည်မှာ “မျက်စိအနက်ရောင်ဆေး၏ဦးချို” သို့မဟုတ် မျက်စိအလှပြင်ဆေးဘူးဟူ၍အဓိပ္ပာယ်ရှိသည်။—ယောဘ ၄၂:၁၃-၁၅။

အလှပြုပြင်ဆေးအချို့ကို ဣသရေလနိုင်ငံတွင်အသုံးပြုခဲ့သည်။ သို့သော် ပိုလွန်ခြင်း၏အန္တရာယ်ကို ကျမ်းစာကဥပမာများဖြင့်တင်ပြထားသည်။ ဣသရေလမိဖုရားဖြစ်လာပြီး နှစ်ပေါင်းများစွာအကြာတွင် ယေဇဗေလသည် ‘မျက်ခမ်းတို့ကိုဆေးသုတ်၍ ဆံပင်ကိုလှပစွာတန်ဆာဆင်’ ခဲ့ကြောင်းသိရသည်။ (၄ ဓမ္မရာဇဝင် ၉:၃၀) နောင်တွင် ဒိဌိနိုင်ငံများ၏ယိုယွင်းသောအရေးပေးမှုကို ဣသရေလရှာကြံကြောင်း ဖေါ်ပြရာတွင် သူမသည် ‘ရွှေတန်ဆာဆင်ယင်၍ မျက်လုံးကျယ်အောင် ကသယ်မှင်ဆေးသားခြင်းများကိုပြုပြီး လှပစွာခြယ်လှယ်’ ခဲ့ကြောင်း ဘုရားသခင်မိန့်တော်မူသည်။ (ယေရမိ ၄:၃၀၊ သမ။ ယေဇကျေလ ၂၃:၄၀) ထိုကျမ်းချက်များနှင့်အခြားမည်သည့်ကျမ်းချက်မျှ ပြင်ပန်းအလှကိုတိုးလှစေရန် လူ့လက်ရာအလှပြုပြင်နည်းများကိုအသုံးပြုခြင်းသည် မှားသည်ဟူ၍မပြောပါ။ သို့တစေ ယေဇဗေလအကြောင်းတွင် သူမသည် လွန်ကဲစွာမျက်လုံးကိုဆေးဆိုးထားသဖြင့် နန်းတော်အပြင်ရှိယေဟုပင် အဝေးမှမြင်နိုင်သည်ဟုသဘောပေါက်စေသည်။ သင်ခန်းစာကားအဘယ်နည်း။ မျက်နှာအလှခြယ်သည့်အခါ မပိုလွန်းစေနှင့်။ ပါးပါးလှပ်လှပ်သာလိမ်းခြယ်ပါ။

လက်ဝတ်တန်ဆာသုံးသော၊ သို့မဟုတ် မျက်နှာလိမ်းခြယ်သော မည်သည့်အမျိုးသမီးမျှ မိမိအသုံးပြုနည်းသည်မသင့်တော်၊ မလျောက်ပတ်ဟုပြောဆိုမည်မဟုတ်ပေ။ သို့နှင့်ပင် မိမိအလှကိုစိတ်မချ၍ဖြစ်စေ၊ ခေါင်းပုံဖြတ်ကြော်ငြာများ၏သြဇာကြောင့်ဖြစ်စေ အမျိုးသမီးတစ်ဦးသည် မျက်နှာလိမ်းခြယ်လွန်းလှသည့်အကျင့်ရှိလာနိုင်သည်။ မိမိအသွင်သည်အဆန်းမဟုတ်မြင်တွေ့နေကျဖြစ်ပြီး ၄င်းသည် ခရစ်ယာန်အမျိုးသမီးအများကဲ့သို့ ‘ဣန္ဒြေရှိခြင်း၊ ဆင်ခြင်ကောင်းမြတ်ခြင်း’ နှင့်ဆန့်ကျင်နေသည်ကိုပင်သူ မသိမြင်နိုင်ဘဲဖြစ်ပေမည်။—ယာကုပ် ၁:၂၃၊ ၂၄ ကိုရှု။

မှန်သည်။ အကြိုက်ချင်းမတူနိုင်ပါ။ အချို့အမျိုးသမီးများသည် အနည်းအကျဉ်းသာ မျက်နှာလိမ်းခြယ်မည်။ အချို့မူ လုံးဝမလိမ်းဘဲနေမည်။ လက်ဝတ်တန်ဆာများလည်း ထိုနည်းတူဖြစ်မည်။ အခြားသူများမူ ဤသူတို့ထက်ပိုအသုံးပြုပေမည်။ ထိုကြောင့် မျက်နှာလိမ်းခြယ်ခြင်း၊ လက်ဝတ်တန်ဆာသုံးခြင်း မည်မျှပြုသည်ကိုတရားမဆုံးဖြတ်ခြင်းသည် ပညာရှိရာရောက်သည်။ ထည့်စဉ်းစားစရာအခြားတစ်ခုမှာ ဒေသဆိုင်ရာထုံးစံဖြစ်သည်။ အချို့သောဆင်ယင်မှုမျိုးသည် အခြားတစ်နိုင်ငံတွင် သမားရိုးကျဖြစ်သည် (သို့မဟုတ် ရှေးကလက်သင့်ခံထားသည်) ဟူသည့်အရာသည် ယနေ့သင့်လျော်မည်ဖြစ်ချင်မှဖြစ်မည်။

ပညာရှိခရစ်ယာန်အမျိုးသမီးသည် မိမိ၏ဆင်ယင်ပုံကို တစ်ခါတစ်ရံဝေဖန်ကြည့်ကာ ‘ကျွန်မအရပ်ဒေသရှိ ခရစ်ယာန်အများစုထက် လက်ဝတ်တန်ဆာပိုများများ (သို့မဟုတ် ပိုထင်းထင်း) ဝတ်နေသလား၊ ကျွန်မဝတ်ပုံစားပုံဟာ ကိုယ်ကိုယ်ကိုအထင်ကြီးတဲ့ အပျော်မယ်များ၊ ရုပ်ရှင်မင်းသမီးများပုံစံနှင့်တူနေသလား။ ဒါမှမဟုတ် ၁ တိမောသေ ၂:၉ နှင့် ၁ ပေတရု ၃:၃၊ ၄ ပါအကြံပေးချက်အတိုင်းသာဖြစ်သလား’ ဟုမိမိကိုယ်ကိုရိုးသားမှန်ကန်စွာမေးမြန်းသင့်သည်။ မှန်ပေသည်။ အကျွန်ုပ်၏ဖီးလိမ်းဆင်ယင်ပုံသည် တကယ်ဣန္ဒြေရှိပါသလော။ ‘သူတစ်ပါး၏အထင်အမြင်နှင့်သဘောထား’ ကိုတကယ်လေးမြတ်ကြောင်း တင်ပြပါသလော။—သု၊ ၃၁:၃၀။

ခရစ်ယာန်လင်ယောက်ျားများရှိသူ အမျိုးသမီးများအနေနှင့် သူတို့၏မှတ်ချက်နှင့်အကြံဉာဏ်ကိုတောင်းဆိုနိုင်သည်။ ထို့ပြင် စိတ်ရင်းမှန်ဖြင့်တောင်းခံမည်ဆိုလျှင် အခြားညီအစ်မများလည်း အကူအညီဖြစ်စေမည့်အကြံပေးချက်များကို ပေးနိုင်ပါလိမ့်မည်။ သို့သော် အကြိုက်ချင်းတူသည့် မိမိခင်မင်သောမိတ်ဆွေထံမှအကြံဉာဏ်တောင်းဆိုမည့်အစား ဟန်ချက်ညီမျှ၍ဉာဏ်ပညာသုံးသည့်အတွက် လေးစားခံရသော မိမိထက်ကြီးရင့်သည့်ညီအစ်မများကို အကူအညီတောင်းလျှင်ကောင်းပါသည်။ (၃ ဓမ္မရာဇဝင် ၁၂:၆-၈) ဘုရားတရားကြည်ညိုသော အသက်ကြီးရင့်သည့်အမျိုးသမီးများသည် ‘ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့်ကင်းလွတ်စိမ့်သောငှာ အသက်ပျိုသောမိန်းမတို့သည် . . . ကောင်းစွာဆင်ခြင်၍ စင်ကြယ်သောသူဖြစ်စေရန် သတိပေးသင့်ကြောင်း’ ကျမ်းစာကမှာကြားထားသည်။ (တိတု ၂:၂-၅) မည်သည့်ရင့်ကျက်သောခရစ်ယာန်မဆိုသည် မိမိ၏မဆင်ခြင်စွာသုံးစွဲသောလက်ဝတ်တန်ဆာနှင့်မျက်နှာအလှလိမ်းခြယ်ပုံကြောင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုသော်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်ကိုသော်လည်းကောင်း “ကဲ့ရဲ့ပြောဆို” မခံစေလိုပါ။

တာမာ၏ကျမ်းစာမှတ်တမ်းက အမျိုးသမီးတစ်ဦး၏ဝတ်စားဆင်ယင်ပုံဖြင့် သူမည်သို့သောအမျိုးစားဖြစ်ကြောင်း၊ ပီပြင်သောသတင်းလွှင့်နိုင်ကြောင်း တင်ပြပါသည်။ (ကမ္ဘာဦး ၃၈:၁၄၊ ၁၅) ခရစ်ယာန်အမျိုးသမီးတစ်ဦး၏ဆံပင်ပုံ၊ ဆံပင်အရောင် (အရောင်တင်ထားပါက) သို့မဟုတ် လက်ဝတ်လက်စားသုံးစွဲပုံ၊ မျက်နှာလိမ်းခြယ်ထားပုံက အဘယ်သတင်းလွှင့်ပါသနည်း။ ဤသူသည် သန့်ရှင်းစင်ကြယ်ဣန္ဒြေရှိ၍ဟန်ချက်ညီမျှသော ဘုရားသခင်၏ကျေးကျွန်ပါဟူ၍ဖြစ်ပါသလော။

ခရစ်ယာန်များကို လယ်ကွင်းဓမ္မအမှု၌ဖြစ်စေ၊ စည်းဝေးတွင်ဖြစ်စေ၊ တွေ့မြင်သူတစ်ဦးသည် သူတို့အားကြိုက်နှစ်သက်၊ စွဲမှတ်သင့်ပေသည်။ ခရစ်ယာန်အမျိုးသမီးအများစုတို့သည် ဘိုသီဘတ်သီနိုင်လှသည်ဟု တစ်ဖက်ကအထင်မခံရသကဲ့သို့ လွန်ကျွံစွာဖီးလိမ်းအလှခြယ်သည်ဟူ၍လည်း အခြားတစ်ဖက်၌အထင်မခံသင့်ချေ။ ထိုသို့ယူမှတ်ခံရမည့်အစား သူတို့သည် “ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကိုဝန်ခံပြုစုသောမိန်းမဆင်သင့်သည်အတိုင်း . . . ကိုယ်ကိုတန်ဆာဆင်” သည်ဟူ၍သာယူမှတ်ခံရကြပေသည်။—၁ တိမောသေ ၂:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ