ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁/၁၅ စာ. ၄-၇
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်များ ခွန်အားပေးပြီး ကာကွယ်ပေး
  • ကောင်းကင်တမန်များ ဘုရားသခင်၏သတင်းစကားများကို သယ်ဆောင်ပေး
  • ကောင်းကင်တမန်များသည် ဘုရားသခင့်တရားစီရင်ချက်အတိုင်း အရေးယူဆောင်ရွက်
  • နတ်ဆိုးများကား မည်သူတို့နည်း
  • သင် အဘယ်အရာ ပြုလုပ်သင့်သနည်း
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကောင်းကင်တမန်တွေ သင့်ကို ကူညီပေးနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁/၁၅ စာ. ၄-၇

ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ

ပရောဖက်ဒံယေလသည် မိမိမြင်တွေ့ရသော ဘုရားသခင့် ကောင်းကင်တမန်မိသားစုကြီးပါဝင်သည့် အဆင်းအာရုံအကြောင်းဖော်ပြပြီး ဤသို့ရေးခဲ့သည်– “အတိုင်းမသိများစွာသောသူတို့သည် အမှုတော်ကိုဆောင်ရွက်၍ ကုဋေသင်္ချေမက ရှေ့တော်၌ခစား၍နေကြ၏။” (ဒံယေလ ၇:၁၀) ဤအခန်းငယ်က ကောင်းကင်တမန်များကို ဘုရားသခင်ဖန်ဆင်းရသည့် ရည်ရွယ်တော်မူချက်ကို ဖော်ပြသည်။ ကိုယ်တော့်အမှုတော်ကို ထမ်းဆောင်ရန်နှင့် ညွှန်ကြားချက်များကို ထမ်းရွက်ဖို့ ရှေ့တော်၌ခစားနေရန်ဖြစ်သည်။

ဘုရားသခင်သည် လူသားများနှင့်ပတ်သက်သည့် အချို့ကိစ္စများကို ကောင်းကင်တမန်များအား ဆောင်ရွက်စေသည်။  ကိုယ်တော့်လူမျိုးတော်ကို ခွန်အားပေးပြီး  ကာကွယ်ပေးရန်၊ လူသားများထံ  သတင်းစကားများ သယ်ဆောင်ပေးရန်နှင့် ဆိုးယုတ်သူများအပေါ် ကိုယ်တော့်တရားစီရင်ချက်အတိုင်း  အရေးယူဆောင်ရွက်ရန် သူတို့ကို ဘုရားသခင်မည်သို့အသုံးပြုတော်မူကြောင်း ကျွန်ုပ်တို့သုံးသပ်ကြပါမည်။

ကောင်းကင်တမန်များ ခွန်အားပေးပြီး ကာကွယ်ပေး

ကမ္ဘာမြေကြီးနှင့် ပထမလူသားမောင်နှံတို့အား ဖန်ဆင်းခြင်းကို နာမ်ဝိညာဉ်သတ္တဝါများ တွေ့မြင်ပြီးချိန်မှစ၍ သူတို့သည် လူသားတို့ကို အလွန်စိတ်ဝင်စားသည်။ ယေရှုခရစ်သည် လူသားမတိုင်မီအသက်တာ၌ မိမိကိုယ်ကို ဉာဏ်ပညာပြယုဂ်အဖြစ် ခိုင်းနှိုင်းကာ ဤသို့ဆိုခဲ့သည်– “ဖန်ဆင်းတော်မူသော မြေကြီးတစ်ပြင်လုံးတွင် ရွှင်လန်းလျက် လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေ၏။” (သု. ၈:၃၁) ထို့ပြင် ခရစ်တော်နှင့်ပတ်သက်သောအကြောင်းများနှင့် ဘုရားသခင့်ပရောဖက်တို့အား ဖော်ပြတော်မူသော အနာဂတ်အကြောင်းတို့ကို “ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာစိတ်ရှိကြ၏” ဟုသမ္မာကျမ်းစာက ဖော်ပြသည်။—၁ ပေတရု ၁:၁၁၊ ၁၂။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်တမန်များသည် မိမိတို့၏ချစ်လှစွာသော ဖန်ဆင်းရှင်အား လူ့မိသားစုကြီးမှအများစုမှာ ဝတ်မပြုတော့ကြောင်း တွေ့ရှိလာကြသည်။ ယင်းက တည်ကြည်သောကောင်းကင်တမန်များကို အလွန်ဝမ်းနည်းစေခဲ့ပေမည်! သို့သော် အပြစ်သားတစ်ဦး နောင်တယူပြီး ယေဟောဝါထံပြန်လှည့်လာတိုင်း သူတို့ ‘ဝမ်းမြောက်ကြသည်။’ (လုကာ ၁၅:၁၀) ဘုရားသခင်အား ဝတ်ပြုကိုးကွယ်နေသူတို့၏အကျိုးကို  ကောင်းကင်တမန်များ အလွန်စိတ်ဝင်စားကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်ရှိ ကိုယ်တော့်တည်ကြည်သောကျေးကျွန်များကို ခွန်အားပေးရန်နှင့် ကာကွယ်ပေးရန် သူတို့ကို အကြိမ်ကြိမ်အသုံးပြုတော်မူ၏။ (ဟေဗြဲ ၁:၁၄) သာဓကအချို့ကို သုံးသပ်ကြည့်ပါ။

ကောင်းကင်တမန်နှစ်ပါးသည် ဆိုးသွမ်းသော သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခြင်းဘေးမှ ဖြောင့်မတ်သော လောတနှင့်သူ့သမီးများ လွတ်မြောက်ရန် ထိုနေရာမှလက်ဆွဲခေါ်ထုတ်သွားခြင်းဖြင့် ကူညီခဲ့သည်။a (ကမ္ဘာဦး ၁၉:၁၊ ၁၅-၂၆) ရာစုနှစ်များကြာပြီးနောက် ပရောဖက်ဒံယေလသည် ခြင်္သေ့တွင်းထဲချပစ်ခံရသော်လည်း အန္တရာယ်ပြုမခံခဲ့ရပေ။ အဘယ့်ကြောင့်နည်း။ “အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့နှုတ်ကိုပိတ်ထားတော်မူ” သည်ဟု သူဆိုခဲ့သည်။ (ဒံယေလ ၆:၂၂) ကောင်းကင်တမန်များသည် ယေရှု၏ မြေကြီးဓမ္မအမှုအစတွင် ကိုယ်တော်အားကူညီပေးခဲ့သည်။ (မာကု ၁:၁၃) ယေရှုမသေဆုံးမီတွင် ကောင်းကင်တမန်တစ်ပါး ထင်ရှားလာပြီး “ကိုယ်တော်ကိုအားပေး” ခဲ့၏။ (လုကာ ၂၂:၄၃) ကိုယ်တော့်ဘဝအသက်တာ၏ ခက်ခဲလှသော ထိုအချိန်များအတွင်း ကောင်းကင်တမန်များ၏ ထောက်မပေးမှုသည် ယေရှုအတွက် အလွန်ကြီးမားလှသော ကောင်းချီးဖြစ်ခဲ့ပေမည်! ကောင်းကင်တမန်တစ်ပါးက တမန်တော်ပေတရုကို ထောင်မှကယ်နုတ်ပေးခဲ့သည်။—တမန်တော် ၁၂:၆-၁၁။

ယနေ့ ကျွန်ုပ်တို့ကို ကောင်းကင်တမန်များ ကာကွယ်ပေးနေပါသလော။ ယေဟောဝါ၏နှုတ်မြွက်စကားတော်အတိုင်း ကိုယ်တော်အား ကျွန်ုပ်တို့ ဝတ်ပြုကိုးကွယ်နေပါက တန်ခိုးကြီးသော၊ မျက်စိဖြင့်မမြင်နိုင်သော ကောင်းကင်တမန်များ ကျွန်ုပ်တို့အား ကာကွယ်ပေးမည်ကို စိတ်ချနိုင်သည်။ သမ္မာကျမ်းစာက ဤသို့ကတိပြုသည်– ‘ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။’—ဆာလံ ၃၄:၇။

သို့သော် ကောင်းကင်တမန်များ၏ အဓိကတာဝန်မှာ လူသားများ၏အမှုကိုမဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုရမည်။ (ဆာလံ ၁၀၃:၂၀၊ ၂၁) သူတို့သည် ဘုရားသခင့်လမ်းညွှန်ချက်ကိုသာ တုံ့ပြန်ပြီး လူသားများ၏ဆင့်ခေါ်ချက် သို့မဟုတ် တောင်းဆိုချက်များကို မဟုတ်ပေ။ ထို့ကြောင့် ယေဟောဝါထံတွင်သာ အကူအညီတောင်းခံသင့်ပြီး ကောင်းကင်တမန်များထံတွင် မတောင်းခံသင့်ပါ။ (မဿဲ ၂၆:၅၃) ကောင်းကင်တမန်များကို ကျွန်ုပ်တို့မတွေ့မြင်သောကြောင့် ကိစ္စရပ်အမျိုးမျိုးတွင် လူတို့ကိုကူညီပေးရန် အဘယ်အတိုင်းအတာအထိ သူတို့ကို ဘုရားသခင်အသုံးပြုကြောင်း မပိုင်းဖြတ်နိုင်ပေ။ သို့သော် ယေဟောဝါသည် “စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေ” သည်ကို ကျွန်ုပ်တို့သိကြ၏။ (၂ ရာဇဝင်ချုပ် ၁၆:၉; ဆာလံ ၉၁:၁၁) “အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် ဘုရားသခင်သည် နားထောင်တော်မူ” မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အာမခံချက်ရရှိထားသည်။—၁ ယောဟန် ၅:၁၄။

ကျွန်ုပ်တို့သည် ဘုရားသခင်တစ်ပါးတည်းကိုသာ ဝတ်ပြုပြီး ဆုတောင်းသင့်ကြောင်းလည်း သမ္မာကျမ်းစာကဆိုသည်။ (ထွက်မြောက်ရာ ၂၀:၃-၅; ဆာလံ ၅:၁၊ ၂; မဿဲ ၆:၉) တည်ကြည်သောကောင်းကင်တမန်များက ကျွန်ုပ်တို့ကို ထိုသို့ပြုလုပ်ရန် အားပေးကြသည်။ ဥပမာ၊ တမန်တော်ယောဟန်သည် ကောင်းကင်တမန်တစ်ပါးအား ပျပ်ဝပ်ကိုးကွယ်ရန်ကြိုးစားသောအခါ ထိုနာမ်ဝိညာဉ်သတ္တဝါက “မပြုပါနှင့် . . . ဘုရားသခင်ကိုကိုးကွယ်လော့” ဟုဆိုကာ ငြင်းပယ်ခဲ့သည်။—ဗျာ. ၁၉:၁၀။

ကောင်းကင်တမန်များ ဘုရားသခင်၏သတင်းစကားများကို သယ်ဆောင်ပေး

“ကောင်းကင်တမန်” ဟူသောစကားလုံးသည် “စေတမန်” ဟူ၍အဓိပ္ပာယ်ရပြီး လူသားများထံ ဘုရားသခင့်စေတမန်များအဖြစ် ကိုယ်တော့်အမှုတော်ကိုထမ်းရွက်နေကြသည်။ သာဓကအနေနှင့် ‘ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို ဂါလိလဲပြည်နာဇရက်မြို့သို့ စေလွှတ်တော်မူ၏။’ အဘယ့်ကြောင့်နည်း။ မာရိအမည်ရှိသော လုံမပျိုတစ်ဦးအား သူသည် အပျိုကညာဖြစ်သော်လည်း ကိုယ်ဝန်ရှိပြီး ယေရှုအမည်ဖြင့်မှည့်ရမည့် သားယောက်ျားကို  ဖွားမြင်မည်ဟု ပြောပြရန်ဖြစ်သည်။ (လုကာ ၁:၂၆-၃၁) “သခင်ခရစ်တော်” ဖွားမြင်တော်မူပြီဖြစ်ကြောင်းပြောရန် လယ်ကွင်းရှိသိုးထိန်းများထံသို့လည်း ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ခဲ့သည်။ (လုကာ ၂:၈-၁၁) အလားတူပင် ကောင်းကင်တမန်များသည် ကျမ်းစာမှတ်တမ်းမှ အာဗြဟံ၊ မောရှေ၊ ယေရှုနှင့် အခြားသူများထံ ဘုရားသခင်ထံမှသတင်းစကားများကို သယ်ဆောင်ပေးခဲ့၏။—ကမ္ဘာဦး ၁၈:၁-၅၊ ၁၀; ထွက်မြောက်ရာ ၃:၁၊ ၂; လုကာ ၂၂:၃၉-၄၃။

ကောင်းကင်တမန်များသည် ယနေ့ ဘုရားသခင်၏စေတမန်များအဖြစ် မည်သို့ထမ်းရွက်နေကြသနည်း။ ဤအစီအစဉ်စနစ်ဆုံးခန်းမတိုင်မီ ကိုယ်တော့်နောက်လိုက်များ လုပ်ဆောင်ကြမည့် ယေရှုကြိုဟောခဲ့သောအလုပ်အကြောင်း သုံးသပ်ကြည့်ပါ။ ကိုယ်တော် ဤသို့မိန့်ဆိုခဲ့သည်– ‘လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။  သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။’ (မဿဲ ၂၄:၃၊ ၁၄) ယေဟောဝါသက်သေများသည် နှစ်စဉ် နာရီပေါင်းသန်းတစ်ထောင်ကျော်ကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းတွင် အသုံးပြုနေကြသည်။ သို့သော် ကောင်းကင်တမန်များလည်း ဤလုပ်ငန်းတွင်ပါဝင်နေသည်ကို သင်သိပါသလော။ တမန်တော်ယောဟန်က သူမြင်ခဲ့ရသောအဆင်းအာရုံတစ်ခုကို ရည်ညွှန်းလျက် “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကိုဟောရသော ကောင်းကင်တမန်တစ်ပါး . . . ကို ငါမြင်၏” ဟုပြောခဲ့သည်။ (ဗျာ. ၁၄:၆၊ ၇) ဤကျမ်းချက်က ယနေ့ လူသားများအတွက် ကောင်းကင်တမန်များ လုပ်ဆောင်လျက်ရှိသော အရေးကြီးဆုံးလုပ်ငန်းကို မီးမောင်းထိုးပြသည်။

ယေဟောဝါသက်သေများသည် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်နေစဉ် ကောင်းကင်တမန်များ၏လမ်းညွှန်မှု အထောက်အထားများကို မြင်တွေ့နေကြ၏။ ဘုရားသခင့်ရည်ရွယ်တော်မူချက်များကို နားလည်အောင် ကူညီပေးမည့်သူတစ်ဦးဦး စေလွှတ်ပေးပါရန် မကြာသေးမီကပင် ဆုတောင်းထားသည့်သူတို့နှင့် သူတို့ မကြာခဏဆက်သွယ်မိကြသည်။ ကောင်းကင်တမန်များ၏ လမ်းညွှန်မှုနှင့် သက်သေခံများ၏ ကြိုးစားလုပ်ဆောင်မှုများကြောင့် နှစ်စဉ် သိန်းနှင့်ချီသောသူများ ယေဟောဝါကို သိရှိလာနေသည်။ ကောင်းကင်တမန်ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်လျက်ရှိသော ဤအသက်ကယ်လုပ်ငန်းမှ သင်အကျိုးရရှိနိုင်ပါစေ။

ကောင်းကင်တမန်များသည် ဘုရားသခင့်တရားစီရင်ချက်အတိုင်း အရေးယူဆောင်ရွက်

ကောင်းကင်တမန်များသည် လူသားများကို တရားစီရင်ခွင့်မရှိသော်လည်း သူတို့သည် ပွဲကြည့်ပရိသတ်မျှမဟုတ်ပါ။ (ယောဟန် ၅:၂၃; ဟေဗြဲ ၁၂:၂၂၊ ၂၃) အတိတ်ကာလက သူတို့သည် ဘုရားသခင့်တရားစီရင်ချက်များကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့သည့် အာဏာသားများအဖြစ် အမှုထမ်းခဲ့ကြသည်။ ဥပမာ၊ ဣသရေလလူမျိုးများကို ကျွန်အဖြစ်ချုပ်နှောင်ထားသော ရှေးအီဂျစ်လူမျိုးများကို တိုက်ခိုက်ဖို့ ကောင်းကင်တမန်များကို ဘုရားသခင်အသုံးပြုခဲ့သည်။ (ဆာလံ ၇၈:၄၉) ထို့ပြင် ‘ထာဝရဘုရားသခင်၏ကောင်းကင်တမန်’ တစ်ပါးက တစ်ညတည်းတွင် ဘုရားသခင့်လူမျိုးတော်၏ရန်သူစခန်းရှိ စစ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကို ဖျက်ဆီးခဲ့သည်။—၄ ဓမ္မရာဇဝင် ၁၉:၃၅။

အနာဂတ်တွင်လည်း ကောင်းကင်တမန်များသည် ဘုရားသခင့်တရားစီရင်ချက်အတိုင်း အရေးယူဆောင်ရွက်ပေလိမ့်မည်။ ယေရှုသည် ‘တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍ ဘုရားသခင်ကိုမသိသောသူ၊ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူ’ လိမ့်မည်။ (၂ သက်သာလောနိတ် ၁:၇၊ ၈) သို့သော် ထိုဖျက်ဆီးခြင်းသည် ကောင်းကင်တမန်များ၏ ကျောထောက်နောက်ခံမှုဖြင့် ကမ္ဘာတစ်ဝန်းဟောပြောနေသော သတင်းကောင်းကို မတုံ့ပြန်သူတို့အပေါ်သာ ကျရောက်မည်ဖြစ်သည်။ ဘုရားသခင်ကိုရှာပြီး သမ္မာကျမ်းစာသွန်သင်ချက်များအတိုင်း လိုက်နာဆောင်ရွက်သူတို့အပေါ် ကျရောက်လိမ့်မည်မဟုတ်။—ဇေဖနိ ၂:၃။

ဘုရားသခင့်ညွှန်ကြားချက်များအတိုင်း အစဉ်ထမ်းရွက်သည့် တည်ကြည်သောကောင်းကင်တမန်များအတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်သင့်ပေသည်! ယေဟောဝါသည် ကမ္ဘာမြေပေါ်ရှိ ကိုယ်တော့်တည်ကြည်သောကျေးကျွန်များကို ထောက်မရန်နှင့်ကာကွယ်ရန် သူတို့ကို အသုံးပြုတော်မူသည်။ ကျွန်ုပ်တို့ကို အန္တရာယ်ပေးလိုသော နတ်ဆိုးများဟုခေါ်သည့် အန္တရာယ်ရှိသော ဝိညာဉ်သတ္တဝါများရှိသောကြောင့် ယင်းသည် အထူးသဖြင့် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးသည်။

နတ်ဆိုးများကား မည်သူတို့နည်း

ဧဒင်ဥယျာဉ်တွင် ဧဝကို စာတန် လှည့်စားပြီးနောက် ၁၅ ရာစုအတွင်း စာတန်သည် အာဗေလ၊ ဧနောက်နှင့် နောဧကဲ့သို့သော တည်ကြည်သူအနည်းငယ်မှအပ လူသားအားလုံးကို ဘုရားသခင်နှင့်ဝေးကွာသွားစေနိုင်ခဲ့ကြောင်း ဘုရားသခင့်ကောင်းကင်တမန်မိသားစုကြီး မြင်တွေ့ခဲ့သည်။ (ကမ္ဘာဦး ၃:၁-၇; ဟေဗြဲ ၁၁:၄၊ ၅၊ ၇) ကောင်းကင်တမန်အချို့လည်း စာတန်ဘက်ပါသွားခဲ့၏။ သမ္မာကျမ်းစာက သူတို့ကို “နောဧလက်ထက်” မှနာခံမှုမရှိသောနာမ်ဝိညာဉ်များဟု ခေါ်ဆိုထားသည်။ (၁ ပေတရု ၃:၁၉၊ ၂၀) သူတို့၏မနာခံမှု မည်သို့ ထင်ရှားလာခဲ့သနည်း။

နောဧအချိန်တွင် အရေအတွက်အတိအကျ မဖော်ပြထားသော ပုန်ကန်သည့်ကောင်းကင်တမန်တစ်စုသည် ဘုရားသခင့်ကောင်းကင်မိသားစုကိုထားခဲ့ကာ မြေကြီးသို့ဆင်းလာပြီး လူယောင်ဖန်ဆင်းခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ အမျိုးသမီးများနှင့် လိင်ဆက်ဆံလိုစိတ် ပေါ်လာသောကြောင့်ဖြစ်သည်။ ယင်းကြောင့် သူတို့သည် နက်ဖလင်ဟုခေါ်သော ရက်စက်ကြမ်းကြုတ်သည့် လူ့ဘီလူးများ၏ဖခင်များဖြစ်လာကြ၏။ ထို့ပြင် “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိ” ခဲ့သည်။ သို့သော် ယေဟောဝါဘုရားသခင်သည် လူသားများ၏ ထိုယိုယွင်းဖောက်ပြန်သောအခြေအနေကို ဆက်ခွင့်မပြုခဲ့ပါ။ နက်ဖလင်များအပါအဝင် ဆိုးသွမ်းသောလူသားအားလုံးကို သုတ်သင်ရှင်းလင်းသည့် ကမ္ဘာချီရေလွှမ်းမိုးဘေး ကျရောက်စေခဲ့သည်။ ဘုရားသခင့်တည်ကြည်သောကျေးကျွန်များသာ ကယ်တင်ခံခဲ့ရသည်။—ကမ္ဘာဦး ၆:၁-၇၊ ၁၇; ၇:၂၃။

ရေလွှမ်းမိုးသည့်အချိန်တွင် ပုန်ကန်သောကောင်းကင်တမန်များ ဖျက်ဆီးခြင်းဘေးမှ လွတ်မြောက်သွားသည်။ သူတို့၏သွေးသားခန္ဓာများကို ထားခဲ့ကာ ဝိညာဉ်သတ္တဝါများအဖြစ် ဝိညာဉ်ဘုံသို့ပြန်သွားခဲ့သည်။ ထို့နောက်ပိုင်း သူတို့ကို နတ်ဆိုးများဟုခေါ်ခဲ့သည်။ သူတို့သည် “နတ်ဆိုးမင်း” စာတန်ဘက်ပါသွားကြသည်။ (မဿဲ ၁၂:၂၄-၂၇) သူတို့၏မင်း စာတန်ကဲ့သို့ပင် သူတို့သည် လူသားတို့၏ဝတ်ပြုကိုးကွယ်မှုကို ရရှိလိုကြသည်။

နတ်ဆိုးများသည် အန္တရာယ်ရှိသော်လည်း သူတို့ကို ကျွန်ုပ်တို့ ကြောက်စရာမလိုပါ။ သူတို့တွင် တန်ခိုးအကန့်အသတ်သာရှိ၏။ မနာခံသောကောင်းကင်တမန်များ ကောင်းကင်သို့ပြန်သွားသောအခါ ဘုရားသခင့် တည်ကြည်သောကောင်းကင်တမန်မိသားစုထဲ သူတို့ကို ဝင်ခွင့်မပြုခဲ့ပါ။ ယင်းအစား ဘုရားသခင်ထံမှ ဝိညာဉ်ရေးအလင်းမှန်သမျှ ဖြတ်တောက်ခံရပြီး မှောင်မိုက်သောအနာဂတ်သာရှိသည်။ ယေဟောဝါသည် သူတို့ကို ဝိညာဉ်ရေးမှောင်မိုက်ထဲတွင်ရှိနေစေရန် “ထာဝရချည်နှောင်ခြင်း” ဖြင့်ချုပ်နှောင်တော်မူခဲ့သည်။ ထို့ပြင် သူတို့သည် ယခု လူ့ခန္ဓာများအသွင်မယူနိုင်တော့ပေ။—ယုဒ ၆။

သင် အဘယ်အရာ ပြုလုပ်သင့်သနည်း

နတ်ဆိုးများသည် လူသားများအပေါ် ဩဇာလွှမ်းမိုးနေဆဲလော။ လွှမ်းမိုးနေဆဲပင်။ ယင်းသို့ပြုနိုင်ရန် သူတို့၏မင်း စာတန်အသုံးပြုသည့် “ပရိယာယ်” များကိုပင် အသုံးပြုကြသည်။ (ဧဖက် ၆:၁၁၊ ၁၂) သို့သော် ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ အကြံပြုချက်များကို ကျင့်သုံးခြင်းဖြင့် နတ်ဆိုးများကို ကျွန်ုပ်တို့ ခံရပ်နိုင်ပါသည်။ ထို့ပြင် ဘုရားသခင်ကို ချစ်မြတ်နိုးသူတို့သည် တန်ခိုးကြီးမားသော ကောင်းကင်တမန်များ၏ ကာကွယ်မှုအောက်တွင်ရှိနေကြသည်။

သမ္မာကျမ်းစာတွင်ဖော်ပြထားသော ဘုရားသခင့်တောင်းဆိုချက်များကို သင်ယူပြီး သိရှိလာရာများကို လက်တွေ့ကျင့်သုံးရန် အလွန်အရေးကြီးလှပေသည်! သင့်ဒေသရှိ ယေဟောဝါသက်သေများကို ဆက်သွယ်ခြင်းဖြင့်ဖြစ်စေ၊ ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးခြင်းဖြင့်ဖြစ်စေ ကျမ်းစာသွန်သင်ချက်များကို သင်ပို၍သင်ယူနိုင်ပါသည်။ ယေဟောဝါသက်သေများသည် သင်အဆင်ပြေသည့်အချိန်တွင် သင်နှင့် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို ပျော်ရွှင်စွာ ကျင်းပပေးလိုကြပါသည်။

[အောက်ခြေမှတ်ချက်များ]

a သမ္မာကျမ်းစာတွင် ကောင်းကင်တမန်များကို ယောက်ျားများအဖြစ် ပုံဖော်ပြသည်။ သူတို့သည် လူသားများရှေ့ ယောက်ျားများအဖြစ်သာ အမြဲကိုယ်ထင်ရှားပြသည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ကောင်းကင်တမန်များအား မည်သို့ ဖွဲ့စည်းထားသနည်း

ယေဟောဝါသည် ကိုယ်တော်၏ ကြီးမားလှသော ကောင်းကင်တမန်မိသားစုကို အောက်ပါအတိုင်းဖွဲ့စည်းထားတော်မူသည်– တန်ခိုးအာဏာအရှိဆုံးကောင်းကင်တမန်မှာ ကောင်းကင်တမန်မင်းမိက္ခေလ သို့မဟုတ် ယေရှုဖြစ်သည်။ (၁ သက်သာလောနိတ် ၄:၁၆; ယုဒ ၉) ကိုယ်တော့်လက်အောက်တွင် သရပ်များ၊ ခေရုဗိမ်များနှင့် အခြားကောင်းကင်တမန်များရှိကြသည်။

သရပ်များသည် ဘုရားသခင့်အစီအစဉ်တွင် အလွန်မြင့်မားသောရာထူးရထားသည်။ ဘုရားသခင့်ပလ္လင်တော်၌ ခစားသူများအဖြစ်ထမ်းဆောင်ရ၏။ သူတို့၏တာဝန်တွင် ဘုရားသခင်၏သန့်ရှင်းမှုကို ကြေညာခြင်းနှင့် ကိုယ်တော့်လူမျိုးတော်ကို ဝိညာဉ်ရေးအရသန့် ရှင်းနေစေခြင်းတို့ ပါဝင်သည်။—ဟေရှာယ ၆:၁-၃၊ ၆၊ ၇။

ခေရုဗိမ်များကို ဘုရားသခင့်ပလ္လင်တော်နှင့် ဆက်စပ်ဖော်ပြထားပြီး သူတို့သည် ယေဟောဝါ၏ ဘုန်းတန်ခိုးကြီးမြတ်မှုကို ထောက်ခံအားပေးကြသည်။—ဆာလံ ၈၀:၁; ၉၉:၁; ယေဇကျေလ ၁၀:၁၊ ၂။

အခြားကောင်းကင်တမန်များသည် ယေဟောဝါ၏ကိုယ်စားလှယ်များဖြစ်ပြီး ကိုယ်တော့်အလိုတော်ကို ထမ်းရွက်ကြသည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ကောင်းကင်တမန်များသည် လောတနှင့်သူ၏သမီးများကိုလုံခြုံရာရောက်သည်အထိ လိုက်ပါစောင့်ကြပ်ပေးခဲ့သည်

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

တမန်တော်ယောဟန်သည်ကောင်းကင်တမန်တစ်ပါးအားပျပ်ဝပ်ကိုးကွယ်ရန် ကြိုးစားသောအခါ သူက “မပြုပါနှင့်” ဟုဆိုခဲ့

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ကောင်းကင်တမန်များသည်ဘုရားသခင့်တရားစီရင်ချက်အတိုင်း အရေးယူဆောင်ရွက်ကြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကောင်းကင်တမန်လမ်းညွှန်မှုအောက်တွင် လုပ်ဆောင်လျက်ရှိသောဟောပြောခြင်းလုပ်ငန်းမှ သင်အကျိုးရယူနေသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ