ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၆/၁ စာ. ၁၃-၁၈
  • သမ္မာသတိရှိလော့—ဆုံးခန်းနီးပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာသတိရှိလော့—ဆုံးခန်းနီးပြီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာသတိရှိရန် အဘယ်ကြောင့်အရေးတကြီးလိုအပ်နေ
  • သမ္မာသတိရှိရန်ကား အဘယ်အဓိပ္ပာယ်ရှိသနည်း
  • သမ္မာသတိရှိခြင်းသည် ကျွန်ုပ်တို့အား မည်သို့ကာကွယ်ပေး
  • သမ္မာသတိရှိမြဲရှိခြင်းငှာ ယေဟောဝါအကူအညီကို ရှာ
  • ဆုံးခန်းနီးပြီဖြစ်ရာ “သမ္မာသတိရှိခြင်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆုံးခန်းနီးပြီဖြစ်ရာ သမ္မာသတိရှိကြလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • သမ္မာသတိနှင့်ဖြောင့်မတ်ခြင်းဖြင့် အသက်ရှင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၆/၁ စာ. ၁၃-၁၈

သမ္မာသတိရှိလော့—ဆုံးခန်းနီးပြီ

“ခပ်သိမ်းသောအမှုအရာများ၏အဆုံးသည် ရောက်လုနီးပြီ။ ထို့ကြောင့်၊ သမ္မာသတိရှိကြလော့။ ဆုတောင်းဝတ်ပြုရန် နိုးကြားနေကြလော့။”—၁ ပေတရု ၄:၇၊ ကဘ။

၁ (က) ဘာသာရေးခေါင်းဆောင်တစ်ဦးနှင့် သူ၏နောက်လိုက်များသည် အဘယ်စိတ်ဓာတ်ကျမှုကို ကြုံတွေ့ခဲ့သနည်း။ (ခ) မျှော်လင့်သကဲ့သို့ မဖြစ်လာသည့်အတွက် အဘယ်မေးခွန်းများကို မေးကောင်းမေးနိုင်မည်နည်း။

“ညက ကျွန်တော့်ရဲ့နောက်ဆုံးဆုတောင်းချက်မှာ ဘုရားသခင့်ခေါ်တော်မူသံကိုကြားခဲ့ရတယ်။ ကိုယ်တော်က လူပေါင်း ၁၁၆,၀၀၀ ကောင်းကင်သို့တက်မည်ဖြစ်ပြီး ယုံကြည်သောသေဆုံးသူ ၃.၇ သန်းတို့ရဲ့သင်္ချိုင်းတွေဟာ ကောင်းကင်ဆီသို့ပွင့်ဟလာကြမယ်လို့ မိန့်တော်မူတယ်။” လာလတ္တံ့သောနေ့ရက်များ သာသနာပြုအဖွဲ့ခေါင်းဆောင်တစ်ဦးက စာရင်းရှင်းရာနေ့ရက်ဟုသူတို့ပရောဖက်ပြုထားသော ၁၉၉၂ ခု၊ အောက်တိုဘာ ၂၈ ရက်နေ့ ညနေတွင် အထက်ပါအတိုင်းပြောကြားခဲ့သည်။ သို့သော် အောက်တိုဘာ ၂၉ ရက်ရောက်သော် မည်သူတစ်ဦးတစ်ယောက်မျှ ကောင်းကင်သို့မတက်၊ မည်သည့်သင်္ချိုင်းဂူမျှလည်း ပွင့်လစ်ခြင်းမရှိခဲ့ပါ။ ကိုရီးယားနိုင်ငံရှိ နောက်ဆုံးနေ့ရက်ကိုယုံကြည်သောထိုသူများသည် ရုတ်တရက်ချီဆောင်ခြင်းခံရမည့်အစား နောက်သာမန်နေ့တစ်နေ့ကိုသာ တွေ့မြင်ကြရသည်။ ဆုံးခန်းနေ့ရက်သည် ရောက်ရှိလာပြီးကျော်လွန်သွားပေပြီ။ သို့သော် ဆုံးခန်းနေ့ရက်အကြောင်းပြောသူများသည် ဗိုလ်နေမြဲကျားနေမြဲပင်ဖြစ်သည်။ ခရစ်ယာန်များ ဘာပြုလုပ်ရမည်နည်း။ ဆုံးခန်းချိန် အလျင်အမြန်ချဉ်းကပ်လာနေကြောင်းယုံကြည်ခြင်းကို စွန့်လွှတ်ရမည်လော။

၂။ လာမည့်အနာဂတ်တရားစီရင်ခြင်းအကြောင်းကို တမန်တော်များအား မည်သူဦးစွာဖော်ပြ၍ ယင်းအကြောင်း အဘယ်အခြေအနေမျိုးအောက်တွင် သူတို့သိရှိခဲ့သနည်း။

၂ အဖြေရရန် ယေရှုသည် မိမိတပည့်တော်များနှင့် သီးသန့်စကားပြောဆိုခဲ့သည့်အချိန်ကို ပြန်ပြောင်းသတိရကြစို့။ ဂါလိလဲပင်လယ်၏အရှေ့မြောက်ဘက်တွင်ရှိပြီး ဟေရမုန်တောင်တန်းက ပန်းချီကားသဖွယ်နောက်ခံထားသောကဲသရိဖိလိပ္ပိမြို့တွင် မိမိအသတ်ခံရမည်ဖြစ်ကြောင်း ကိုယ်တော်တုံးတိတိပြောလိုက်ခြင်းကို သူတို့ကြားခဲ့ရသည်။ (မဿဲ ၁၆:၂၁) အခြားအရေးကြီးသည့်စကားများလည်းပါသည်။ မိမိ၏နောက်တော်လိုက်ဖြစ်ခြင်းသည် အဆက်မပြတ်ကိုယ်ကျိုးစွန့်သည့်အသက်တာဖြစ်ကြောင်း သူတို့အားရှင်းပြပြီးနောက် ယေရှုဤသို့သတိပေးခဲ့သည်။ “လူသားသည် မိမိအဘခမည်းတော်၏ဘုန်းအာနုဘော်တော်ကိုဆောင်လျက် ကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ ထိုအခါ သူအသီးသီးကျင့်သောအကျင့်နှင့်အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။” (မဿဲ ၁၆:၂၇) အနာဂတ်တွင် ကိုယ်တော်ကြွလာခြင်းအကြောင်း ယေရှုပြောနေခြင်းဖြစ်သည်။ ထိုအချိန်တွင် ကိုယ်တော်သည် တရားသူကြီးတစ်ဦးဖြစ်နေပေမည်။ ထိုအချိန်တွင် အရာရာသည် မိမိအား သစ္စာရှိစွာနောက်တော်လိုက်နေ၊ မနေကြောင်း ကိုယ်တော်တွေ့ရှိသည့်အပေါ် မူတည်ပေမည်။ ယေရှု၏တရားစီရင်ချက်သည် လူတစ်ဦး လောကီစည်းစိမ်ချမ်းသာမည်မျှရှိသည်၊ မရှိသည်အပေါ် မူမတည်ဘဲ ပြုမူကျင့်ကြံပုံပေါ်တွင် အခြေပြုမည်ဖြစ်သည်။ ဤအချက်ကို တပည့်တော်များအခိုင်အမာစိတ်စွဲမှတ်ထားရမည်။ (မဿဲ ၁၆:၂၅၊ ၂၆) ထို့ကြောင့် မိမိ၏ဘုန်းရှိသည့်ကြွလာခြင်းနှင့် တရားစီရင်ခြင်းကို နောက်တော်လိုက်များစောင့်မျှော်ရန် ယေရှုကိုယ်တော်တိုင်မိန့်တော်မူခဲ့ခြင်းဖြစ်သည်။

၃။ အနာဂတ်တွင်ကိုယ်တော် အသေအချာကြွလာမည်အကြောင်း ယေရှု မည်သို့သရုပ်ဖော်သနည်း။

၃ နောက်ထပ်ယေရှုပြောသည့်စကားများက အနာဂတ်တွင်ကိုယ်တော်၏ကြွလာခြင်းသည် သေချာကြောင်းသရုပ်ဖော်သည်။ အခွင့်အာဏာပါပါဖြင့် ဤသို့ကိုယ်တော်မိန့်တော်မူခဲ့သည်။ “ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို ဤအရပ်၌ရှိသောသူအချို့တို့သည် မမြင်မီ သေခြင်းကိုမရောက်ရကြ။” (မဿဲ ၁၆:၂၈) ယင်းစကားများသည် နောက်ခြောက်ရက်အကြာတွင် ပြည့်စုံခဲ့သည်။ ယေရှု၏ကိုယ်ရောင်ထွန်းတောက်ခြင်းသည် တပည့်တော်ရင်းများအား အံ့အားသင့်စေခဲ့သည်။ ယေရှု၏မျက်နှာသည် နေကဲ့သို့ထွန်းလင်းပြီး အဝတ်များသည် အဖြူရောင်တောက်ပနေကြသည်။ ယေရှု၏ကိုယ်ရောင်ထွန်းတောက်ခြင်းသည် ကိုယ်တော်၏ဘုန်းတန်ခိုးနှင့်နိုင်ငံတော်၏ ကြိုတင်မြင်ကွင်းဖြစ်သည်။ ဘုရားနိုင်ငံတော်ပရောဖက်ပြုချက်များနှင့်ပတ်သက်၍ မည်မျှအားရှိဖွယ်အထောက်အထားများပါတကား။ တပည့်တော်များသမ္မာသတိရှိရန် မည်မျှအားပါသည့်လှုံ့ဆော်မှုပါတကား။—၂ ပေတရု ၁:၁၆-၁၉။

သမ္မာသတိရှိရန် အဘယ်ကြောင့်အရေးတကြီးလိုအပ်နေ

၄။ ကိုယ်တော်ကြွလာမည့်အချိန်ကို ခရစ်ယာန်များသည် ဝိညာဉ်ရေးအရ အဘယ်ကြောင့်နိုးကြားနေရမည်နည်း။

၄ နောက်ပိုင်းတစ်နှစ်မျှပင်မကြာသည့်အချိန်ရောက်သောအခါ ယေရှုသည် တစ်ကြိမ်ထပ်မံ၍ တပည့်တော်များနှင့် သီးသန့်စကားပြောဆိုပြန်သည်။ သူတို့သည် ယေရုရှလင်မြို့တော်ကိုငေးကြည့်နေစဉ်တွင် ကိုယ်တော်က အနာဂတ်တွင် မိမိ၏ရောက်ရှိနေခြင်းဆိုင်ရာနိမိတ်သည် မည်သည့်အရာဖြစ်မည်ကိုရှင်းပြပြီး ဤသို့သတိပေးတော်မူခဲ့သည်။ “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။” ကိုယ်တော်ကြွလာချိန်ကိုမသိနိုင်သောကြောင့် တပည့်တော်များသည် အစဉ်သဖြင့်နိုးကြားနေရမည်။ ယင်းအတွက် အမြဲအဆင်သင့်ဖြစ်နေရမည်။—မဿဲ ၂၄:၄၂။

၅။ မနားမနေနိုးကြားနေဖို့လိုကြောင်းကို မည်သို့ဥပမာတင်ပြနိုင်သနည်း။

၅ မိမိကြွလာမည့်ပုံနှင့်ပတ်သက်၍ ကိုယ်တော်သည် သူခိုးကဲ့သို့ဖြစ်မည်။ ကိုယ်တော်က “သူခိုးလာမည့်အချိန်နာရီကို အိမ်ရှင်သိရလျှင် မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှာ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏” ဟုဆက်၍မိန့်တော်မူခဲ့သည်။ (မဿဲ ၂၄:၄၃) အိမ်ဖောက်ထွင်းသူတစ်ဦးသည် မိမိလာမည့်အချိန်ကို အိမ်ရှင်သိအောင်ကြေညာမည်မဟုတ်ပေ။ သူ၏အဓိကလက်နက်မှာ အငိုက်ဖမ်းခြင်းဖြစ်သည်။ ထို့ကြောင့် အိမ်ရှင်သည် အမြဲသတိရှိရမည်။ သို့သော် သစ္စာရှိခရစ်ယာန်အတွက် မနားမနေနိုးကြားနေခြင်းသည် အထိတ်တလန့်စိုးရိမ်မကင်းမှုကြောင့်မဟုတ်ပါ။ အနှစ်တစ်ထောင်ငြိမ်သက်ခြင်း၏ရှေ့ပြေးဖြစ်သော ဘုန်းအသရေဖြင့်ခရစ်တော်ကြွလာခြင်းကို စိတ်အားထက်သန်စွာမျှော်လင့်ခြင်းအားဖြင့် လှုံ့ဆော်ခံရကြသောကြောင့်ဖြစ်သည်။

၆။ အဘယ်ကြောင့် ကျွန်ုပ်တို့သမ္မာသတိရှိရမည်နည်း။

၆ မည်မျှစောင့်မျှော်သတိရှိနေကြသော်လည်း ကိုယ်တော်ကြွလာမည့်နေ့ရက်အတိအကျကို မည်သူတစ်ဦးတစ်ယောက်မျှ ခန့်မှန်းနိုင်မည်မဟုတ်ပါ။ ယေရှုက “ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၄:၄၄) ထို့ကြောင့် သမ္မာသတိရှိရန်လိုအပ်သည်။ နေ့ရက်တစ်ရက်တွင် ခရစ်တော်ကြွလာမည်မဟုတ်ဟု ခရစ်ယာန်တစ်ဦးထင်အံ့။ ထိုနေ့ရက်သည်ပင် ခရစ်တော်ကြွလာသည့်နေ့ရက် ဖြစ်နိုင်သည်တကား။ အတိတ်က စိတ်ရင်းမှန်ရှိသော သစ္စာရှိခရစ်ယာန်များသည် သဘောရိုးဖြင့် ဆုံးခန်းချိန်ကိုကြိုပြောနိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ယေရှု၏သတိပေးချက်သည် ထပ်ခါထပ်ခါမှန်ကန်လာခဲ့သည်။ “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ၊ ကောင်းကင်တမန်မသိ၊ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။”—မဿဲ ၂၄:၃၆။

၇။ ခရစ်တော်၏နောက်တော်လိုက်ဖြစ်ရန် မည်သို့အသက်ရှင်ရမည်နည်း။

၇ ထို့ကြောင့် ကျွန်ုပ်တို့မည်သို့ကောက်ချက်ချသင့်သနည်း။ ခရစ်တော်၏နောက်တော်လိုက်တစ်ဦးအနေနှင့် ဤဆိုးသွမ်းသောအစီအစဉ်စနစ်၏အဆုံးသည် အလွန်နီးကပ်နေပြီဖြစ်ကြောင်း အမြဲယုံကြည်လျက်အသက်ရှင်နေရမည်ဖြစ်သည်။

၈။ အစောပိုင်းအချိန်ကတည်းက ခရစ်ယာန်ဘာသာတရား၏ အမှတ်အသားတစ်ခုကား အဘယ်နည်း။

၈ ထိုသဘောထားသည် အစဉ်သဖြင့် ခရစ်ယာန်များ၏အမှတ်အသားတစ်ခုဖြစ်လာခဲ့ကြောင်း လောကီသမိုင်းဆရာများနှင့် ကျမ်းပညာတတ်များ အသိအမှတ်ပြုခဲ့ပါသည်။ ဥပမာ၊ The Translator’s New Testament ကိုတည်းဖြတ်သူများက “နေ့ရက်” စကားလုံးအောက် သူတို့၏ ခက်ဆစ်အဓိပ္ပာယ်ရှင်းလင်းချက်တွင် ဤသို့ဆိုသည်။ “ဓမ္မသစ်ကျမ်းခေတ်က ခရစ်ယာန်များသည် ဆိုးသွမ်းမိုက်မဲသော မျက်မှောက်လောက အဆုံးတိုင်၍ လူသားအပေါင်းကို တရားစီရင်ခြင်းငှာ ကမ္ဘာပေါ်သို့ ယေရှုပြန်လာပြီး ငြိမ်းချမ်းရာခေတ်ကာလအသစ်ကိုတည်ထောင်ကာ ကမ္ဘာတစ်ဝန်းတွင် သခင်အရာကိုသိမ်းပိုက်မည့်နေ့ရက်တော် (ဆိုလိုသည်ကား အချိန်) ကိုစောင့်မျှော်နေကြ၏။” Encyclopædia Britannica ကဤသို့သတိပြုစေသည်။ “ခရစ်ယာန်ဘာသာတရား ကမ္ဘာချီ ထူးခြားစွာ ပျံ့နှံ့တိုးတက်လာခြင်းသည် ခရစ်တော်ပြန်ကြွလာမည့်အချိန် ရောက်လုဆဲဖြစ်သည့် ခရစ်ယာန်များစောင့်မျှော်သော အဆုံးကာလနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ အဆုံးကာလကို ခရစ်ယာန်များစောင့်မျှော်ခြင်းသည် ရောက်လာလုဆဲ ဘုရားသခင့်နိုင်ငံတော်အတွက် အေးအေးဆေးဆေးတမ်းတမျှော်ကိုးနေခြင်းသာ တစ်ခါမျှမဟုတ်ခဲ့ပါ။”

သမ္မာသတိရှိရန်ကား အဘယ်အဓိပ္ပာယ်ရှိသနည်း

၉။ မေရှိယနှင့်ဆိုင်သော ပေတရု၏မျှော်လင့်ချက်အချို့သည် လွဲမှားခဲ့သော်လည်း သူ အဘယ်ကြောင့်စိတ်ချယုံကြည်နိုင်ပါသနည်း။

၉ လက်ပွန်းတတီးရှိ တပည့်တော်များနှင့် ယေရှုသည် တရင်းတနှီးစကားစမြည်ပြောဆိုပြီး အနှစ် ၃၀ ခန့်အချိန်အထိ အဆုံးကို စောင့်မျှော်ခဲ့ရ၍ တမန်တော်ပေတရုသည် စိတ်ပျက်မသွားပါ။ သူနှင့် သူ၏တပည့်တော်ချင်းတို့၏ မေရှိယနှင့်ဆိုင်သော အစကနဦးမျှော်လင့်ချက်များသည် လွဲမှားနေသော်လည်း ယေဟောဝါ၏မေတ္တာတော်နှင့် တန်ခိုးတော်အားဖြင့် သူတို့မျှော်လင့်သည်အတိုင်း ဖြစ်မြောက်လာလိမ့်မည်ဟု စိတ်ချယုံကြည်ဆဲပင်ရှိသည်။ (လုကာ ၁၉:၁၁။ ၂၄:၂၁။ တမန်တော် ၁:၆။ ၂ ပေတရု ၃:၉၊ ၁၀) “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်” ဟုသူပြောဆိုရာတွင် ဂရိကျမ်းစာစောင်များတစ်လျှောက် အမြဲကြားနာခဲ့ရသောအချက်ကို သူသတိပြုစေသည်။ ထိုနောက် ခရစ်ယာန်ချင်းတို့အား “သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလို့ငှာ စောင့်နေကြလော့” ဟုတိုက်တွန်းခဲ့သည်။—၁ ပေတရု ၄:၇။

၁၀။ (က) သမ္မာသတိရှိခြင်း၏အဓိပ္ပာယ်ကား အဘယ်နည်း။ (ခ) ဘုရားအလိုတော်နှင့် တော်လျော်စွာဆက်စပ်ပုံအတိုင်း ကြည့်မြင်တတ်ခြင်းတွင် အဘယ်အရာများ ပါဝင်သနည်း။

၁၀ “သမ္မာသတိရှိ” ခြင်းသည် လောကီပုံစံအတိုင်း ပါးနပ်ခြင်းကိုဆိုလိုနေသည်မဟုတ်။ ယေဟောဝါက “ပညာရှိတို့၏ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ဉာဏ်ကိုလည်း ငါပယ်မည်” ဟုမိန့်တော်မူသည်။ (၁ ကောရိန္သု ၁:၁၉) ပေတရုအသုံးပြုသောစကားလုံးသည် “စိတ်တည်ငြိမ်ရန်” ကိုဆိုလိုနိုင်သည်။ ဤဝိညာဏစိတ်တည်ငြိမ်မှုသည် ကျွန်ုပ်တို့၏ဝတ်ပြုရေးနှင့်ဆက်စပ်နေသည်။ ထိုကြောင့် စိတ်တည်ငြိမ်သဖြင့် ကိစ္စအဝဝကို ယေဟောဝါအလိုတော်နှင့် တော်လျော်စွာဆက်စပ်ပုံအတိုင်း ကြည့်မြင်တတ်သည်။ အဘယ်အရာများသည်အရေးကြီးသည်၊ အဘယ်အရာများမူကား အရေးမကြီးကြောင်းကို သဘောပေါက်ထားပါသည်။ (မဿဲ ၆:၃၃၊ ၃၄) အဆုံးတိုင်လုပြီဖြစ်သောကြောင့် ကမူးရှူးထိုးဘဝပုံစံမျိုးအတိုင်း အသက်ရှင်နေထိုင်မည်မဟုတ်။ ကျွန်ုပ်တို့အသက်ရှင်နေသည့်အချိန်ကာလကိုလည်း စိတ်မဝင်စားဘဲနေလိမ့်မည်မဟုတ်ပါ။ (မဿဲ ၂၄:၃၇-၃၉ နှိုင်းယှဉ်။) ယင်းအစား ဦးစွာ ဘုရားသခင့်ရှေ့မှောက်တွင် (“ဆုတောင်းခြင်းအလို့ငှာ စောင့်နေကြလော့”) လည်းကောင်း၊ ထိုနောက် ကိုယ်နှင့်စပ်ဆိုင်သူအား (“အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့”) လည်းကောင်း ခြိုးခြံမျှတစွာ စဉ်းစားဆင်ခြင်၊ ကျင့်ကြံခြင်း၏ ညွှန်ကြားမှုကို ခံယူပါမည်။—၁ ပေတရု ၄:၇၊ ၈။

၁၁။ (က) “စိတ်နှလုံးသဘောသစ်ကိုရခြင်း” ကားအဘယ်နည်း။ (ခ) စိတ်သဘောသစ်က ဆုံးဖြတ်ချက်ကောင်းများချဖို့ရန် မည်သို့လွယ်ကူစေသနည်း။

၁၁ သမ္မာသတိရှိခြင်းတွင် “စိတ်နှလုံးသဘောသစ်ကိုရခြင်း” ပါဝင်သည်။ (ဧဖက် ၄:၂၃) အဘယ်ကြောင့် အသစ်ဖြစ်ရမည်နည်း။ မစုံလင်မှုကို အမွေခံခဲ့ရသည်ဖြစ်၍ အပြစ်ရှိဝန်းကျင်တွင်အသက်ရှင်ကာ ဝိညာဉ်ရေးကိုဆန့်ကျင်သောသဘော၏စိုးမိုးမှုကို ကျွန်ုပ်တို့ခံနေကြရသောကြောင့်ဖြစ်သည်။ ထိုသဘောက ရုပ်ပိုင်းဆိုင်ရာ၊ အတ္တဆန်သောအကြံအစည်သဘောထားများသို့သာ အမြဲတိုက်တွန်းပေးပါသည်။ သို့ဖြစ်၍ တစ်ဦးတစ်ယောက်သည် ခရစ်ယာန်ဖြစ်လာသောအခါ သဘောသစ်၊ သို့မဟုတ် ကိုယ်ကျိုးစွန့်ရန် အသင့်ရှိသော ဝိညာဏဦးတည်ချက်ရှိ လမ်းမှန်အတိုင်း ကြံစည်ခြင်းသို့ တွန်းပို့မည့် လွှမ်းမိုးသောစိတ်သဘောထားလိုအပ်ပါသည်။ ဤသို့အားဖြင့် ဥပမာ၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်း၊ အလုပ်အကိုင်၊ ပျော်ပွဲရွှင်ပွဲ၊ အပန်းဖြေခြင်း၊ ဝတ်စားဆင်ယင်ပုံ၊ သို့မဟုတ် မည်သည့်ကိစ္စကိုမဆို ရွေးချယ်စရာလိုလာလျှင် သူ၌ဦးဆုံးပေါ်လာသောသဘောသည် ဇာတိဖြစ်သည့်အတ္တအမြင်မျိုးမှမဟုတ်ဘဲ ဝိညာဏသဘောအတိုင်း ဆင်ခြင်သုံးသပ်ဖို့ရန်ဖြစ်သည်။ ဤစိတ်နှလုံးသဘောသစ်က အရာရာကို သမ္မာသတိရှိစွာ၊ အဆုံးနီးကြောင်းကို သတိပြုကာ ဆုံးဖြတ်ချက်ချစေသည်။

၁၂။ မည်သို့အားဖြင့် “ယုံကြည်ခြင်း . . . ကျန်းခံ့” နေနိုင်မည်နည်း။

၁၂ သမ္မာသတိရှိခြင်းက ဝိညာဉ်ရေးကျန်းခံ့ကြောင်း သဘောသက်ရောက်စေသည်။ မည်သို့အားဖြင့် “ယုံကြည်ခြင်း . . . ကျန်းခံ့” နိုင်မည်နည်း။ (တိတု ၂:၂) ကျွန်ုပ်တို့၏စိတ်ကို မှန်ကန်သောအစာဖြင့်ကြွေးမွေးရမည်။ (ယေရမိ ၃:၁၅) ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာတရားကို မှန်မှန်စားသုံးခြင်းနှင့်ဒွန်တွဲသည့် ကိုယ်တော့်ဝိညာဉ်တော်တိုက်တွန်းမှုအားဖြင့် ကျွန်ုပ်တို့သည် ဝိညာဏဟန်ချက် အမြဲညီနေနိုင်မည်။ ထို့ကြောင့် ကိုယ်ပိုင်လေ့လာမှု၊ လယ်ကွင်းလုပ်ငန်း၊ ဆုတောင်းခြင်းနှင့် ခရစ်ယာန်ပေါင်းသင်းမှုကို မှန်မှန်ပြုလုပ်ခြင်းသည် အလွန်အရေးကြီးပါသည်။

သမ္မာသတိရှိခြင်းသည် ကျွန်ုပ်တို့အား မည်သို့ကာကွယ်ပေး

၁၃။ မိုက်မဲသောအမှားမျိုးမှ သမ္မာသတိရှိခြင်းသည် မည်သို့ကာကွယ်ပေးနိုင်ပါသနည်း။

၁၃ ထာဝရအသက်ဆုံးရှုံးစေမည့် မိုက်မဲသောအမှားမျိုးမှ သမ္မာသတိရှိခြင်းသည် ကျွန်ုပ်တို့ကိုကာကွယ်ပေးနိုင်ပါသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ တမန်တော်ပေါလုသည် “စိတ်ဝိညာဉ်တရား” အကြောင်း ပြောဆိုပါသည်။ ယုံကြည်ခြင်းကျန်းခံ့သောသူ၏ စိတ်ဝိညာဉ်တရားသည် သူနှစ်မြို့သော “ဘုရားသခင်၏ပညတ်တရား” ၏အုပ်ထိန်းမှုကိုခံရသည်။ မှန်ပါ၏။ “အပြစ်တရား” သည်စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်နေသည်။ သို့ရာတွင် ယေဟောဝါအကူအညီဖြင့် ခရစ်ယာန်တစ်ဦးသည် အောင်ပွဲခံနိုင်မည်။—ရောမ ၇:၂၁-၂၅။

၁၄၊ ၁၅။ (က) အဘယ်သြဇာနှစ်မျိုးသည် စိတ်ကိုစိုးမိုးရန် လွန်ဆွဲသနည်း။ (ခ) စိတ်သည် မည်သို့အနိုင်ယူနိုင်သနည်း။

၁၄ ကာမဂုဏ်ခံစားလွန်းခြင်းကိုသာ အာရုံပြုသည့် အပြစ်ရှိသည့်ဇာတိသဘော၏စိုးမိုးမှုကိုခံရသောစိတ်နှင့် ကိုယ်ကျိုးစွန့် ယေဟောဝါ၏အလိုတော်ဆောင်ခြင်းကို အာရုံပြုသည့် ဘုရားသခင့်ဝိညာဉ်တော်၏စိုးမိုးမှုကိုခံရသောစိတ်တို့သည် အလွန်ခြားနားကြောင်း ပေါလုဆက်လက်တင်ပြထားပါသည်။ ရောမ ၈:၅-၇ တွင်ပေါလုဤသို့ရေးသားသည်။ “ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသောစိတ်သဘောရှိကြ၏။ ဝိညာဉ်ပကတိရှိသောသူတို့မူကား ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသောစိတ်သဘောရှိကြ၏။ ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်းဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏တရားတော်အလိုသို့မလိုက်တတ်။ ထိုမမျှမက မလိုက်နိုင်။”

၁၅ စိတ်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် မည်သို့ပူးပေါင်းလုပ်ဆောင်၍ အနိုင်ယူပုံကို အငယ် ၁၁ တွင်ပေါလုဆက်ရှင်းပြပါသည်။ “ထိုမျှမက ယေရှုကို သေခြင်းမှထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေတော်မူသောဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။”

၁၆။ သမ္မာသတိရှိခြင်းက အဘယ်သွေးဆောင်မှုများမှ ကာကွယ်ပေးသနည်း။

၁၆ ထို့ကြောင့် သမ္မာသတိရှိခြင်းအားဖြင့် အပျော်အပါး၊ ရုပ်ပစ္စည်းများနှင့် စာရိတ္တယိုယွင်းမှုအမျိုးမျိုး၌ အတိုင်းမသိကာမဂုဏ်ခံစားခြင်းအမှတ်အသားရှိ ဤလောကတွင် အမြဲကြုံတွေ့နေရသော သွေးဆောင်မှုများ၏ လှည့်ဖြားခြင်းကိုခံကြရမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏သမ္မာသတိရှိခြင်းက “မတရားသောမေထုန်ကို ကြဉ်ရှောင်” ရန်တိုက်တွန်းသဖြင့် ယင်း၏ဆိုးကျိုးများမှ လွတ်မြောက်စေမည်။ (၁ ကောရိန္သု ၆:၁၈) ကျွန်ုပ်တို့၏သမ္မာသတိရှိသဘောထားက ဘုရားသခင့်နိုင်ငံတော်ရေးရာများကို ဦးစားပေးရန် တိုက်တွန်းမည့်အပြင် ယေဟောဝါရှင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို လျော့ပေါ့စေမည့် အသက်မွေးဝမ်းကြောင်းဖြင့် သွေးဆောင်ခံရသည့်အခါ ကျွန်ုပ်တို့စဉ်းစားတွေးတောပုံကို စောင့်ရှောက်ကာကွယ်ပေးပါလိမ့်မည်။

၁၇။ ငွေရေးကြေးရေးတာဝန်များကျေပွန်ရန် အခက်အခဲကြုံတွေ့ခဲ့သောအခါ ရှေ့ဆောင်ညီအစ်မတစ်ဦးသည် သမ္မာသတိရှိကြောင်း မည်သို့တင်ပြသနည်း။

၁၇ ဥပမာ၊ အရှေ့တောင်အာရှရှိ အပူပိုင်းဒေသ နိုင်ငံတစ်နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ရေးရာများကို ရှေ့ဦးထားသော ညီမငယ်တစ်ဦးရှိသည်။ အချိန်ပြည့်လုပ်ငန်းကို သူမတန်ဖိုးထားမြတ်နိုးတတ်လာသည်။ ထိုနိုင်ငံတွင် လုပ်ငန်းများစွာကို ခြောက်ရက်၊ သို့မဟုတ် ခုနစ်ရက်လုံး အချိန်ပြည့်လုပ်ကိုင်ကြရသည်။ တက္ကသိုလ်မှဘွဲ့ရပြီးနောက်တွင် ယေဟောဝါသက်သေမဟုတ်သော သူမ၏ဖခင်က မိသားစုအတွက် ဝင်ငွေကောင်းသည့်အလုပ်ကို ရှာလုပ်ကိုင်စေခဲ့သည်။ သို့သော် သူမမှာ ရှေ့ဆောင်လိုစိတ်ပြင်းပြသည့်အတွက် အချိန်ပိုင်းလုပ်ငန်းတစ်ခုကို ရှာယူ၍ ရှေ့ဆောင်လုပ်ငန်းကို စတင်ခဲ့သည်။ ဤသို့ပြုသောကြောင့် ဖခင်ဖြစ်သူသည် အလွန်အမျက်ထွက်ကာ သူမအား အိမ်မှနှင်ထုတ်မည်ဟု ကြိမ်းမောင်းပါသည်။ လောင်းကစားခြင်းကြောင့်အကြွေးလည်ပင်းနစ်နေသဖြင့် သမီးဖြစ်သူအား အကြွေးဆပ်ပေးစေလိုခဲ့သည်။ သူမ၏မောင်လေးသည်လည်း တက္ကသိုလ်တက်နေ၏။ ကြွေးမြီများကြောင့် မောင်၏ကျူရှင်ခပေးစရာငွေပင်မရှိပါ။ အမကူညီပေးမည်ဆိုလျှင် မိမိအလုပ်ရသည့်အခါ မိသားစုတာဝန်ကို တစ်လှည့်ပြန်ယူမည်ဟု မောင်ဖြစ်သူက အမနှင့်တိုင်ပင်သည်။ ထိုအခါ သူမသည် မောင်လေးကိုချစ်တဲ့စိတ်နှင့် ရှေ့ဆောင်လုပ်ငန်းကိုမြတ်နိုးသောစိတ်၏ လွန်ဆွဲခြင်းခံခဲ့ရရှာသည်။ ယင်းကိစ္စကို သူမအသေအချာစဉ်းစားတွေးတောပြီးနောက် ရှေ့ဆောင်လုပ်ငန်းကိုမစွန့်ဘဲ အခြားအလုပ်အကိုင်တစ်ခုကိုရှာရန် စိတ်ဆုံးဖြတ်လေသည်။ သူမ၏ဆုတောင်းချက်များပြည့်စုံသည့်အနေနှင့် ဝင်ငွေကောင်းသောအလုပ်အကိုင်ကိုရသဖြင့် မိသားစုကိုသာမက မောင်လေးကိုပါ ထောက်ပံ့ပေးနိုင်ပြီး သူ၏အစကနဦးမေတ္တာဖြစ်သည့် ရှေ့ဆောင်ခြင်းလုပ်ငန်းကိုပါ ဆက်ဆောင်ရွက်နိုင်ခဲ့ပါသည်။

သမ္မာသတိရှိမြဲရှိခြင်းငှာ ယေဟောဝါအကူအညီကို ရှာ

၁၈။ (က) အချို့သူများ အဘယ်ကြောင့်အလွန်စိတ်ပျက်နေကြမည်နည်း။ (ခ) ဤသို့စိတ်ပျက်နေသူများကို အဘယ်ကျမ်းချက်များသည် နှစ်သိမ့်မှုပေးမည်နည်း။

၁၈ ခရစ်တော်၏တပည့်နောက်လိုက်အချို့သည် သူတို့၏သမ္မာသတိကို ထိန်းသိမ်းပေးရန် အခက်အခဲကြုံတွေ့ပေမည်။ ဤဆိုးသွမ်းသောအစီအစဉ်စနစ်သည် ထင်သည်ထက် ကြာမြင့်စွာတည်ရှိနေသောကြောင့် သူတို့ စိတ်မရှည်နိုင်ဘဲ ဖြစ်ကောင်းဖြစ်ကြမည်။ ယင်းကြောင့်လည်း သူတို့အလွန်စိတ်ပျက်နေကြမည်။ သို့ရာတွင် အဆုံးတိုင်ရမည်ဟု ယေဟောဝါ ကတိထားတော်မူပြီ။ (တိတု ၁:၂) ကတိတော်တည်ရာ ကမ္ဘာ့ပရဒိသုလည်း ရောက်လာရမည်။ ယေဟောဝါ အာမခံထားတော်မူသည်။ (ဗျာဒိတ် ၂၁:၁-၅) ကမ္ဘာသစ်ရောက်လာသည့်အခါ သမ္မာသတိကို စောင့်ထိန်းခဲ့သူအားလုံးတွက် “အသက်ပင်” ရှိလိမ့်မည်အမှန်။—သု၊ ၁၃:၁၂။

၁၉။ သမ္မာသတိရှိခြင်းကို မည်သို့ထိန်းသိမ်းနိုင်သနည်း။

၁၉ သမ္မာသတိကို မည်သို့စောင့်ထိန်းနိုင်ကြမည်နည်း။ ယေဟောဝါ၏အကူအညီကို ရှာယူပါ။ (ဆာလံ ၅၄:၄) ကိုယ်တော်ထံချဉ်းကပ်ပါ။ ယေဟောဝါသည် ကျွန်ုပ်တို့နှင့်တရင်းတနှီးရှိလိုသည့်မှာ မည်မျှဝမ်းသာစရာပါတကား။ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟုတပည့်တော်ယာကုပ် ရေးသားခဲ့သည်။ (ယာကုပ် ၄:၈) ပေါလုမူ ဤသို့ဆိုသည်။ “သခင်ဘုရား၌ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။ လူအပေါင်းတို့ရှေ့၌ သင်တို့၏ဖြည်းညင်းခြင်းသဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ရှိတော်မူ၏။ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ၊ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၄-၇) ထို့ပြင် အသက်ငင်နေသည့် ဤအစီအစဉ်စနစ်၌ ထမ်းရွက်ရသောဝန်များသည် မတန်တဆလေးပင်လွန်းဟန်ရှိမည်ဆိုလျှင် ယေဟောဝါအပေါ် ပုံအပ်လိုက်ပါ။ သင့်ကို ကိုယ်တော်တိုင် စောင့်မတော်မူလိမ့်မည်။—ဆာလံ ၅၅:၂၂။

၂၀။ ၁ တိမောသေ ၄:၁၀ အရ အဘယ်လမ်းစဉ်တွင် ကျွန်ုပ်တို့ဆက်လျှောက်သင့်သနည်း။

၂၀ မှန်ပါသည်။ အဆုံးနီးပြီ။ ထို့ကြောင့် သမ္မာသတိရှိကြလော့။ လွန်ခဲ့သောနှစ်ပေါင်း ၁,၉၀၀ ကျော်က ယင်းသည် အကြံပေးချက်ကောင်းဖြစ်ခဲ့သည်။ ယနေ့လည်း အရေးကြီးသောအကြံပေးချက်ဖြစ်ဆဲရှိသည်။ ကိုယ်တော်၏ကမ္ဘာသစ်အထဲသို့ ကျွန်ုပ်တို့ဘေးမရောက်ဘဲ ရောက်သွားရန် ယေဟောဝါလမ်းပြပို့ဆောင်ပေးစဉ် ကိုယ်တော်အားချီးမွမ်းခြင်းငှာ ကျွန်ုပ်တို့၏သမ္မာသတိရှိသဘောများကို ဆက်အသုံးပြုကြစို့လေ။—၁ တိမောသေ ၄:၁၀။

သင်မည်သို့ဖြေဆိုမည်နည်း

◻ သမ္မာသတိရှိခြင်းကား အဘယ်နည်း။

◻ သမ္မာသတိရှိခြင်းငှာ အဘယ်ကြောင့် ဤမျှအရေးကြီးသနည်း။

◻ စိတ်နှလုံးသဘောသစ်ကို ကျွန်ုပ်တို့ မည်သို့ရနိုင်မည်နည်း။

◻ စိတ်ထဲတွင် အဘယ်တိုက်ခိုက်မှုကို အမြဲခံနေရမည်နည်း။

◻ သမ္မာသတိရှိခြင်းကို အဘယ်နည်းဖြင့် ထိန်းသိမ်းနိုင်မည်နည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံချဉ်းကပ်ခြင်းသည် သမ္မာသတိရှိခြင်းကို ထိန်းသိမ်းပေးရန် အကူအညီရ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သမ္မာသတိရှိသည့်အတွက် ဤလောက၏သွေးဆောင်မှုများ၏ လှည့်ဖြားခြင်းကိုမခံရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ