ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဖေဖော်ဝါရီ စာ. ၈-၁၂
  • ဖခင်ပေးသည့် “ပြည့်ဝစုံလင်သော လက်ဆောင်” ရွေးနုတ်ဖိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖခင်ပေးသည့် “ပြည့်ဝစုံလင်သော လက်ဆောင်” ရွေးနုတ်ဖိုး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ’
  • “နိုင်ငံတော် လာပါစေ”
  • ‘အလိုတော် ပြည့်စုံပါစေ’
  • ရွေးနုတ်ဖိုးကို လေးမြတ်ကြောင်း ဖော်ပြပါ
  • ရွေးနုတ်ဖိုးက ယေဟောဝါထံမှ ကောင်းချီးများ ရရှိစေ
  • ရွေးဖိုး —ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ရွေးနုတ်ဖိုး—ဘုရားသခင်ပေးတဲ့ အကြီးမြတ်ဆုံးဆုကျေးဇူး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • “လူများကိုရွေးခြင်းငှာ” ယေဟောဝါစီမံ
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဖေဖော်ဝါရီ စာ. ၈-၁၂
လူအုပ်ကို ယေရှု သွန်သင်ပေးနေစဉ်

ဖခင်ပေးသည့် “ပြည့်ဝစုံလင်သော လက်ဆောင်” ရွေးနုတ်ဖိုး

“ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှသည် အဖထံတော်မှ သက်ရောက်တော်မူ၏။”—ယာ. ၁:၁၇။

သီချင်း– ၁၄၈၊ ၁၀၉

သင် ဘယ်လို ဖြေမလဲ

  • ရွေးနုတ်ဖိုးဟာ ယေဟောဝါရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်စေရေးမှာ ဘယ်ကဏ္ဍကနေ ပါဝင်သလဲ။

  • ရွေးနုတ်ဖိုးဟာ ဘုရားနိုင်ငံတော်အုပ်ချုပ်မှုမှာ ဘယ်ကဏ္ဍကနေ ပါဝင်သလဲ။

  • ရွေးနုတ်ဖိုးဟာ ဘုရားရည်ရွယ်ချက် ပြည့်စုံရေးမှာ ဘယ်ကဏ္ဍကနေ ပါဝင်သလဲ။

၁။ ရွေးနုတ်ဖိုး အစီအစဉ်က ဘာကောင်းချီးတွေ ရရှိစေသလဲ။

ယေရှုရဲ့ ရွေးနုတ်ဖိုး ပူဇော်သက္ကာကြောင့် လူများစွာ ကောင်းချီးခံစားနိုင်ကြတယ်။ ဖြောင့်မတ်ခြင်းကို မြတ်နိုးတဲ့ အာဒံ့သားသမီးအားလုံးအတွက် ဘုရားမိသားစုဝင် ဖြစ်လာဖို့ ရွေးနုတ်ဖိုး အစီအစဉ်က လမ်းဖွင့်ပေးတယ်။ ရွေးနုတ်ဖိုးက ထာဝစဉ် ပျော်ရွှင်စွာ အသက်ရှင်ဖို့ အခွင့်အရေးလည်း ရစေတယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးက နာခံတဲ့လူသားတွေအတွက် အနာဂတ်ကောင်းချီးတွေ ရစေရုံထက်မက လုပ်ဆောင်ပေးတယ်။ ယေရှုဟာ အရေးကြီးတဲ့ စကြဝဠာအရေးကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အုပ်ချုပ်မှု ဖြောင့်မှန်ကြောင်း ထောက်ခံရင်း လိုလိုလားလား အသေခံခဲ့တယ်။—ဟေဗြဲ ၁:၈၊ ၉။

၂။ (က) ယေရှုရဲ့ ဆုတောင်းချက်မှာ ဘယ်စကြဝဠာအရေးကိစ္စတွေ ပါဝင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) ဒီဆောင်းပါးမှာ ဘာသုံးသပ်ကြမလဲ။

၂ ရွေးနုတ်ဖိုး ပူဇော်သက္ကာအဖြစ် ယေရှု မသေဆုံးခင် နှစ်နှစ်လောက်မှာ တပည့်တွေကို ဆုတောင်းဖို့ သင်ပေးခဲ့တယ်– “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မ. ၆:၉၊ ၁၀) ရွေးနုတ်ဖိုးကို ပိုလေးမြတ်လာစေဖို့ ဒီအချက်တွေကို သုံးသပ်ကြည့်ကြစို့– ရွေးနုတ်ဖိုးဟာ ဘုရားနာမတော် သန့်ရှင်းမြင့်မြတ်ရေး၊ ဘုရားနိုင်ငံတော် အုပ်ချုပ်မှု၊ ဘုရားရည်ရွယ်ချက် ပြည့်စုံရေးနဲ့ ဘယ်လို ပတ်သက်နေသလဲ။

‘နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ’

၃။ ယေဟောဝါရဲ့ နာမတော်က ဘာတွေ ဖော်ပြသလဲ။ နာမတော်မြတ်ကို စာတန် ဘယ်လို ရှုတ်ချခဲ့သလဲ။

၃ ယေရှုရဲ့ စံပြဆုတောင်းချက်မှာ ဘုရားနာမတော် သန့်ရှင်းမြင့်မြတ်ရေးကို အရင်ဆုံး ဖော်ပြထားတယ်။ ယေဟောဝါရဲ့ နာမတော်ဟာ ဘုရားရဲ့ ဘုန်းတော်၊ ဂုဏ်တော်၊ သန့်ရှင်းမြင့်မြတ်မှုကို အပြည့်အဝ ဖော်ပြတယ်။ နောက်ဆုတောင်းချက်တစ်ခုမှာ ယေရှုက ယေဟောဝါကို “သန့်ရှင်းတော်မူသော အဖ” လို့ခေါ်ခဲ့တယ်။ (ယော. ၁၇:၁၁) ယေဟောဝါဟာ သန့်ရှင်းတဲ့အတွက် ဘုရားချမှတ်တဲ့ မူတွေ၊ ပညတ်တွေအားလုံး သန့်ရှင်းတယ်။ ဒါပေမဲ့ လူသားတွေအတွက် ဘုရားစံနှုန်း ချမှတ်ပေးပိုင်ခွင့် ရှိကြောင်းကို ဧဒင်ဥယျာဉ်မှာ စာတန် စဉ်းလဲစွာ မေးခွန်းထုတ်ခဲ့တယ်။ ယေဟောဝါအကြောင်း လိမ်လည်ပြောဆိုခြင်းအားဖြင့် ဘုရားရဲ့ နာမတော်မြတ်ကို စာတန် ရှုတ်ချခဲ့တယ်။—က. ၃:၁-၅။

၄။ ဘုရားနာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ ယေရှု ဘယ်လို ကူညီပံ့ပိုးခဲ့သလဲ။

၄ ယေရှုကတော့ ယေဟောဝါရဲ့ နာမတော်ကို အမှန်တကယ် နှစ်သက်မြတ်နိုးတယ်။ (ယော. ၁၇:၂၅၊ ၂၆) ဘုရားရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်ဖို့ ကူညီပံ့ပိုးခဲ့တယ်။ (ဆာလံ ၄၀:၈-၁၀ ကိုဖတ်ပါ။) အသိဉာဏ်ရှိတဲ့ သတ္တဝါတွေအတွက် ယေဟောဝါ စံနှုန်းတွေ ချမှတ်ပေးပိုင်ခွင့်ရှိကြောင်း မြေကြီးပေါ်မှာ စုံလင်တဲ့အသက်တာနဲ့ ယေရှု တော်မှန်စွာ သက်သေထူခဲ့တယ်။ ပြင်းပြတဲ့ဝေဒနာ ခံစားရပြီး သေဆုံးဖို့ စာတန် လုပ်ဆောင်ခဲ့ပေမဲ့ ကောင်းကင်ဖခင်ကို အပြည့်အဝ သစ္စာစောင့်သိခဲ့တယ်။ သစ္စာစောင့်သိခြင်းအားဖြင့် စုံလင်တဲ့လူသားဟာ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို အပြည့်အဝ နာခံနိုင်ကြောင်း သက်သေထူခဲ့တယ်။

၅။ ဘုရားနာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ ဘာလုပ်နိုင်သလဲ။

၅ ယေဟောဝါရဲ့ နာမတော်ကို ချစ်မြတ်နိုးကြောင်း ဘယ်လို ပြကြမလဲ။ ကျွန်တော်တို့ရဲ့ အမူအကျင့်အားဖြင့်ပါပဲ။ သန့်ရှင်းဖို့ ကျွန်တော်တို့ကို ယေဟောဝါ တောင်းဆိုတယ်။ (၁ ပေတရု ၁:၁၅၊ ၁၆ ကိုဖတ်ပါ။) ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ပြီး စိတ်နှလုံးအပြည့်နဲ့ နာခံကြရမယ်။ ညှဉ်းပန်းနှိပ်စက်ခံရရင်တောင် ဘုရားရဲ့ ဖြောင့်မတ်တဲ့ မူတွေ၊ ပညတ်တွေနဲ့အညီ အကောင်းဆုံး အသက်ရှင်နေထိုင်ကြရမယ်။ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေအားဖြင့် ကျွန်တော်တို့ရဲ့ အလင်းကို ထွန်းလင်းပြီး ယေဟောဝါရဲ့ နာမတော်ကို ချီးမွမ်းဂုဏ်တင်ရမယ်။ (မ. ၅:၁၄-၁၆) ယေဟောဝါရဲ့ ပညတ်တွေဟာ ကောင်းမြတ်ကြောင်း၊ စာတန့် စွပ်စွဲချက်တွေ မှားကြောင်း ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်ပုံနဲ့ ဖော်ပြကြတယ်။ ကျွန်တော်တို့အားလုံး မှားတတ်ကြလို့ ပြစ်မှားမိတဲ့အခါ စစ်မှန်တဲ့နောင်တရပြီး ယေဟောဝါကို ရှုတ်ချမှု ဖြစ်စေတဲ့ အကျင့်တွေကို ဆက်မလုပ်ကြတော့ဘူး။—ဆာ. ၇၉:၉။

၆။ ကျွန်တော်တို့ မစုံလင်ကြပေမဲ့ ဖြောင့်မတ်တယ်လို့ ယေဟောဝါ ဘာကြောင့် သဘောထားသလဲ။

၆ ယေရှုရဲ့ ရွေးနုတ်ဖိုးကြောင့် ယုံကြည်ကြောင်း တင်ပြသူတွေရဲ့ အပြစ်ကို ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ ဆက်ကပ်အပ်နှံ ကိုးကွယ်သူတွေအဖြစ် လက်ခံပေးတယ်။ ဘိသိက်ခံခရစ်ယာန်တွေကို သားတွေအဖြစ်၊ “အခြားသိုး” တွေကို မိတ်ဆွေတွေအဖြစ် ဖြောင့်မတ်သူတွေလို့ လက်ခံကြေညာတယ်။ (ယော. ၁၀:၁၆။ ရော. ၅:၁၊ ၂။ ယာ. ၂:၂၁-၂၅) ဒါကြောင့် အခုချိန်မှာတောင် ရွေးနုတ်ဖိုးကြောင့် ကျွန်တော်တို့ရဲ့ ဖခင်ရှေ့ ဖြောင့်မတ်တဲ့ အနေအထားနဲ့ ရပ်တည်နိုင်ကြတယ်။ နာမတော် သန့်ရှင်းမြင့်မြတ်ရေးစေမှာ ပါဝင်နိုင်ကြတယ်။

“နိုင်ငံတော် လာပါစေ”

၇။ နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ရွေးနုတ်ဖိုးကြောင့် ဘယ်ကောင်းချီးတွေ ခံစားရမလဲ။

၇ စံပြဆုတောင်းချက်မှာ “နိုင်ငံတော် လာပါစေ” လို့ ယေရှု ဆက်တောင်းခဲ့တယ်။ ရွေးနုတ်ဖိုးက ဘုရားနိုင်ငံတော်နဲ့ ဘယ်လို ဆက်စပ်သလဲ။ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ဘုရင်တွေ၊ ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ ၁၄၄,၀၀၀ ကို စုသိမ်းစေနိုင်တယ်။ (ဗျာ. ၅:၉၊ ၁၀။ ၁၄:၁) ဘုရားနိုင်ငံတော်အဖြစ် ဖွဲ့စည်းထားတဲ့ ယေရှုနဲ့ ပူးတွဲအုပ်ချုပ်သူတွေဟာ အနှစ်တစ်ထောင်ကာလအတွင်း နာခံတဲ့လူသားတွေ ရွေးနုတ်ဖိုးရဲ့ အကျိုး ခံစားရဖို့ လုပ်ဆောင်ကြပါမယ်။ မြေကြီးက ပရဒိသု ဖြစ်သွားမယ်။ သစ္စာရှိလူသားတွေ စုံလင်လာကြမယ်။ ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ ဘုရားမိသားစုဝင်တွေ အပြည့်အဝ ပေါင်းစည်းကြမယ်။ (ဗျာ. ၅:၁၃။ ၂၀:၆) ယေရှုက စာတန့်ခေါင်းကို ကြိတ်ပြီး စာတန့်ပုန်ကန်မှုကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာအားလုံးကို ဖယ်ရှားပစ်ပါလိမ့်မယ်။—က. ၃:၁၅။

၈။ (က) ဘုရားနိုင်ငံတော်ရဲ့ အရေးကြီးမှုကို တပည့်တွေ သိမြင်အောင် ယေရှု ဘယ်လို ကူညီပေးခဲ့သလဲ။ (ခ) ဒီနေ့ နိုင်ငံတော်ကို ထောက်ခံကြောင်း ဘယ်လို ဖော်ပြကြသလဲ။

၈ ယေရှု မြေကြီးပေါ်မှာ ရှိစဉ်တုန်းက ဘုရားနိုင်ငံတော်ရဲ့ အရေးကြီးမှုကို သိမြင်ဖို့ တပည့်တွေကို ကူညီပေးခဲ့တယ်။ နှစ်ခြင်းခံပြီးတာနဲ့ “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်း” ကို နေရာအနှံ့ ကြေညာခဲ့တယ်။ (လု. ၄:၄၃) ကောင်းကင် ပြန်မသွားခင် တပည့်တွေကို နောက်ဆုံးပြောခဲ့တဲ့စကားမှာ “မြေကြီးစွန်းတိုင်အောင်” သက်သေခံဖို့ ညွှန်ကြားခဲ့တယ်။ (တ. ၁:၆-၈) နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကြောင့် ကမ္ဘာတစ်ဝန်းက လူတွေဟာ ရွေးနုတ်ဖိုးအကြောင်း သိရှိပြီး ဘုရားနိုင်ငံတော်သားတွေ ဖြစ်လာခွင့် ရကြပါလိမ့်မယ်။ ဒီနေ့ ကမ္ဘာတစ်ဝန်းမှာ ဘုရားနိုင်ငံတော်သတင်း ဟောပြောခြင်းအားဖြင့် မြေကြီးပေါ်မှာရှိတဲ့ ခရစ်တော်ရဲ့ ညီတွေကို ကူညီပြီး နိုင်ငံတော်ကို ထောက်ခံကြောင်း ကျွန်တော်တို့ ဖော်ပြကြတယ်။—မ. ၂၄:၁၄။ ၂၅:၄၀။

‘အလိုတော် ပြည့်စုံပါစေ’

၉။ လူသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံလာမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၉ ‘အလိုတော် ပြည့်စုံပါစေ’ လို့ ယေရှု ဘာအဓိပ္ပာယ်နဲ့ ပြောခဲ့သလဲ။ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်တယ်။ တစ်ခုခု ဖြစ်ဖို့ မိန့်ဆိုလိုက်ပြီဆိုရင် လုပ်ဆောင်ပြီးသလိုပါပဲ။ (ဟေရှာ. ၅၅:၁၁) စာတန့်ပုန်ကန်မှုကြောင့် လူသားတွေအတွက် ဘုရားရည်ရွယ်ချက်ကို လွဲချော်ခွင့် မပြုဘူး။ အစကတည်းက အာဒံနဲ့ ဧဝရဲ့ စုံလင်တဲ့သားသမီးတွေ ကမ္ဘာမြေကို ပြည့်စေဖို့ဆိုတာ ဘုရားအလိုတော်ပဲ။ (က. ၁:၂၈) အာဒံနဲ့ ဧဝသာ သားသမီးမရှိဘဲ သေဆုံးသွားမယ်ဆိုရင် သူတို့ရဲ့ သားသမီးတွေနဲ့ ကမ္ဘာမြေကို ပြည့်စေရမယ်ဆိုတဲ့ ဘုရားရည်ရွယ်ချက် ဖြစ်မြောက်လာမှာ မဟုတ်တော့ဘူး။ ဒါကြောင့် အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီးတဲ့နောက်မှာ သားသမီးတွေ မွေးဖွားဖို့ ယေဟောဝါ ခွင့်ပြုခဲ့တယ်။ ရွေးနုတ်ဖိုးအားဖြင့် ယုံကြည်ကြောင်း တင်ပြသူတွေအားလုံး စုံလင်တဲ့အဖြစ် ရောက်ရှိပြီး ထာဝစဉ် အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့တယ်။ ယေဟောဝါက လူတွေကို ချစ်တယ်။ နာခံတဲ့လူသားတွေကို အလိုတော်အတိုင်း အသက်ရှင်နေထိုင်စေချင်တယ်။

၁၀။ ရွေးနုတ်ဖိုးက လူသေတွေအတွက် ဘာအကျိုး ရရှိစေသလဲ။

၁၀ ယေဟောဝါကို သိရှိခွင့်၊ အမှုဆောင်ခွင့် မရဘဲ သေဆုံးသွားတဲ့ သန်းထောင်နဲ့ချီတဲ့သူတွေကော။ ရွေးနုတ်ဖိုးက လူသေတွေကို အသက်ပြန်ရှင်စေပါလိမ့်မယ်။ မေတ္တာရှင် ကောင်းကင်ဖခင်က သူတို့ကို အသက်ပြန်ရှင်စေပြီး ဘုရားရည်ရွယ်ချက်အကြောင်း သင်ယူဖို့၊ ထာဝရအသက်ရဖို့ အခွင့်အရေး ပေးပါလိမ့်မယ်။ (တ. ၂၄:၁၅) ယေဟောဝါက လူတွေကို မသေစေချင်ဘဲ အသက်ရှင်စေချင်တယ်။ အသက်ပေးပိုင်ရှင်မို့ အသက်ရှင်လာသူတိုင်းရဲ့ ဖခင် ဖြစ်လာမယ်။ (ဆာ. ၃၆:၉) ဒါကြောင့် “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ” လို့ခေါ်ဖို့ ယေရှု သင်ပေးတာ သင့်တော်လှပေတယ်။ (မ. ၆:၉) လူသေတွေ ရှင်ပြန်ထမြောက်ရေးမှာ ယေရှုကို အရေးပါတဲ့ကဏ္ဍမှာ ပါဝင်ခွင့် ယေဟောဝါ ပေးခဲ့တယ်။ (ယော. ၆:၄၀၊ ၄၄) ပရဒိသုမှာ “ငါသည် ရှင်ပြန်ထမြောက်ခြင်း ဖြစ်၏။ အသက်လည်း ဖြစ်၏” ဆိုတဲ့ကဏ္ဍကို ယေရှု ပြည့်စုံစေပါမယ်။—ယော. ၁၁:၂၅။

၁၁။ “လူအုပ်ကြီး” အတွက် ဘုရားရည်ရွယ်ချက်က ဘာလဲ။

၁၁ “ဘုရားသခင်၏ အလိုတော်ကို ဆောင်သူ မည်သူမဆို ငါ၏ညီအစ်ကို၊ ညီအစ်မ၊ မိခင်တို့ ဖြစ်ကြသည်” လို့ ယေရှု ပြောတဲ့အတွက် ယေဟောဝါရဲ့ ရက်ရောမှုဟာ အခွင့်ထူးခံ လူအနည်းငယ်အတွက်လောက်ပဲ မဟုတ်ဘူး။ (မာ. ၃:၃၅) လူမျိုး၊ ဘာသာစကားအသီးသီးထဲက မရေမတွက်နိုင်တဲ့ “လူအုပ်ကြီး” ကို ဘုရားဝတ်ပြုသူတွေ ဖြစ်လာဖို့ အလိုတော် ရှိတယ်။ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြသူတွေ၊ ဘုရားအလိုတော် ဆောင်သူတွေဟာ ဒီလိုကြွေးကြော်ခွင့် ရကြပါမယ်– “ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသော ဘုရားသခင်နှင့် သိုးသငယ်တို့၏ ကျေးဇူးတော်ကြောင့် ငါတို့ ကယ်တင်ခြင်း ရကြ၏။”—ဗျာ. ၇:၉၊ ၁၀။

၁၂။ စံပြဆုတောင်းချက်မှာ လူသားတွေအတွက် ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ဘယ်လို သိမြင်နိုင်သလဲ။

၁၂ နာခံတဲ့လူသားတွေအတွက် ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ယေရှုရဲ့ စံပြဆုတောင်းချက်မှာ သိမြင်ရတယ်။ ဒီဆုတောင်းချက်နဲ့အညီ ယေဟောဝါရဲ့ နာမတော်ကို အတတ်နိုင်ဆုံး သန့်ရှင်းမြင့်မြတ်စေချင်ကြတယ်၊ ရိုသေလေးမြတ်ချင်ကြတယ်။ (ဟေရှာ. ၈:၁၃) ယေရှုနာမည်ဟာ “ယေဟောဝါသည် ကယ်တင်ခြင်း” လို့အဓိပ္ပာယ်ရှိပြီး ရွေးနုတ်ဖိုးကြောင့် ရရှိတဲ့ကယ်တင်ခြင်းက ယေဟောဝါရဲ့ နာမတော်ကို ဂုဏ်တင်ချီးမြှောက်တယ်။ ဘုရားနိုင်ငံတော်က နာခံတဲ့လူသားတွေကို ရွေးနုတ်ဖိုးရဲ့အကျိုး ခံစားရစေပါလိမ့်မယ်။ ဘုရားအလိုတော် မပြည့်စုံအောင် ဘာကမှ မတားဆီးနိုင်မှန်း စံပြဆုတောင်းချက်က ယုံကြည်စိတ်ချစေတယ်။—ဆာ. ၁၃၅:၆။ ဟေရှာ. ၄၆:၉၊ ၁၀။

ရွေးနုတ်ဖိုးကို လေးမြတ်ကြောင်း ဖော်ပြပါ

၁၃။ နှစ်ခြင်းခံခြင်းအားဖြင့် ဘာကို ဖော်ပြကြသလဲ။

၁၃ ရွေးနုတ်ဖိုးကို လေးမြတ်ကြောင်း ဖော်ပြနိုင်တဲ့ နည်းတစ်နည်းကတော့ ရွေးနုတ်ဖိုးကို ယုံကြည်ပြီး ယေဟောဝါထံ မိမိကိုယ်ကို အပ်နှံခြင်း၊ နှစ်ခြင်းခံခြင်းပါပဲ။ နှစ်ခြင်းခံခြင်းက ကျွန်တော်တို့ကို ‘ယေဟောဝါ ပိုင်’ ကြောင်း ဖော်ပြတယ်။ (ရော. ၁၄:၈) ဘုရားသခင်ထံ ကြည်လင်တဲ့သိစိတ် တောင်းခံခြင်းလည်း ဖြစ်တယ်။ (၁ ပေ. ၃:၂၁) ကျွန်တော်တို့ကို သန့်စင်စေတဲ့ ခရစ်တော်ရဲ့ ပူဇော်သက္ကာအသွေးကိုအမှီပြုပြီး ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို ယေဟောဝါ တုံ့ပြန်တယ်။ ကျွန်တော်တို့အတွက် ရည်ရွယ်ထားတဲ့ ဘုရားရဲ့ ကတိတော်အားလုံး ပြည့်စုံမယ်ဆိုတာ အပြည့်အဝ ယုံကြည်ကြတယ်။—ရော. ၈:၃၂။

လူတစ်ယောက် ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံပြီး အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေစဉ်

ရွေးနုတ်ဖိုးကို လေးမြတ်ကြောင်း ဘယ်နည်းတွေနဲ့ တင်ပြနိုင်သလဲ (အပိုဒ် ၁၃၊ ၁၄ ကိုကြည့်ပါ)

၁၄။ လူသားချင်းကို ချစ်ဖို့ ဘာကြောင့် မိန့်မှာခံရသလဲ။

၁၄ ရွေးနုတ်ဖိုးကို လေးမြတ်ကြောင်း ဖော်ပြနိုင်တဲ့ နောက်တစ်နည်းက ဘာလဲ။ ယေဟောဝါ လုပ်ဆောင်သမျှဟာ မေတ္တာပေါ်အခြေခံတဲ့အတွက် ဝတ်ပြုကိုးကွယ်သူအားလုံး မေတ္တာ တင်ပြကြဖို့ အလိုတော်ရှိတယ်။ (၁ ယော. ၄:၈-၁၁) လူသားချင်းကို ချစ်ခြင်းအားဖြင့် ‘ကောင်းကင်ဘုံရှိ အဖ၏ သားများ’ ဖြစ်လိုကြောင်း ဖော်ပြကြတယ်။ (မ. ၅:၄၃-၄၈) ဘုရားကို ချစ်ပါဆိုတဲ့ ပညတ်ပြီးရင် လူသားချင်းကို ချစ်ပါဆိုတဲ့ ပညတ်ဟာ ဒုတိယလိုက်တယ်။ (မ. ၂၂:၃၇-၄၀) လူသားချင်းကို ချစ်ကြောင်း တင်ပြနိုင်တဲ့ အရေးပါတဲ့နည်းတစ်နည်းကတော့ ဘုရားနိုင်ငံတော်သတင်း ဟောပြောပါဆိုတဲ့ အမိန့်ကို လိုက်နာခြင်းပါပဲ။ လူသားချင်းကို ချစ်တာက ဘုရားဘုန်းတော်ကို ထင်ရှားစေရာရောက်တယ်။ တကယ်တော့ တခြားသူတွေကို ချစ်တာ၊ အထူးသဖြင့် ညီအစ်ကို/မတွေကို ချစ်တာက ဘုရားကို ချစ်တဲ့ ကျွန်တော်တို့ရဲ့ မေတ္တာကို “ပြည့်ဝစုံလင်” စေတာပါပဲ။—၁ ယော. ၄:၁၂၊ ၂၀။

ရွေးနုတ်ဖိုးက ယေဟောဝါထံမှ ကောင်းချီးများ ရရှိစေ

၁၅။ (က) အခုချိန်မှာ ယေဟောဝါဆီက ဘာကောင်းချီးတွေ ခံစားနေကြသလဲ။ (ခ) ရှေ့မှာ ဘာကောင်းချီးတွေ ခံစားရဦးမလဲ။

၁၅ ရွေးနုတ်ဖိုးကို ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေ “ပယ်ဖျက်” ခံရနိုင်တယ်လို့ ကျမ်းစာက စိတ်ချစေတယ်။ (တမန်တော် ၃:၁၉-၂၁ ကိုဖတ်ပါ။) အစပိုင်းမှာ လေ့လာခဲ့သလိုပဲ ယေဟောဝါဟာ ရွေးနုတ်ဖိုးကို အခြေခံပြီး ဘိသိက်ခံကျေးကျွန်တွေကို သားသမီးတွေအဖြစ် မွေးစားတယ်။ (ရော. ၈:၁၅-၁၇) “အခြားသိုး” အဝင်ဖြစ်သူတွေအတွက်တော့ မွေးစားလက်မှတ်မှာ နာမည်ဖြည့်ထားတာနဲ့ တူတယ်။ နောက်ဆုံးစမ်းသပ်မှုကို ကျော်ဖြတ်ပြီး စုံလင်သွားတဲ့အခါ ယေဟောဝါက အဲဒီလက်မှတ်မှာ ဝမ်းသာအားရ လက်မှတ်ထိုးလိုက်သလိုပါပဲ။ ချစ်ရတဲ့ မြေကြီးသားသမီးတွေအဖြစ် မွေးစားလိုက်တာနဲ့ တူတယ်။ (ရော. ၈:၂၀၊ ၂၁။ ဗျာ. ၂၀:၇-၉) ယေဟောဝါက မိမိရဲ့အဖိုးတန် သားသမီးတွေကို ထာဝစဉ် ချစ်သွားပါလိမ့်မယ်။ ရွေးနုတ်ဖိုးရဲ့ အကျိုးကျေးဇူးတွေ ထာဝစဉ် တည်ရှိသွားမယ်။ (ဟေဗြဲ ၉:၁၂) ဒီလက်ဆောင်ရဲ့ တန်ဖိုးဟာ ဘယ်တော့မှ ပျောက်ပျက်မသွားဘူး။ ဘယ်လူသား၊ ဘယ်အခွင့်အာဏာကမှ အဲဒါကို မဖယ်ရှားပစ်နိုင်ဘူး။

၁၆။ ရွေးနုတ်ဖိုးက အမှန်တကယ် လွတ်မြောက်ဖို့ ဘယ်လို ကူညီပေးသလဲ။

၁၆ စစ်မှန်တဲ့ နောင်တရသူတွေ နောက်ဆုံးမှာ ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်မလာအောင် မာရ်နတ် မတားဆီးနိုင်ဘူး။ ယေရှု မြေကြီးပေါ်လာပြီး “တစ်ကြိမ်တည်း အပြီး” အသေခဲ့တယ်။ ဒါကြောင့် ရွေးနုတ်ဖိုးကို အမြဲတမ်းအတွက် ပေးထားပြီးပြီ။ (ဟေဗြဲ ၉:၂၄-၂၆) အာဒံဆီက အမွေရထားတဲ့အပြစ်ကို လုံးဝ ဖယ်ရှားပစ်ပါလိမ့်မယ်။ ခရစ်တော်ရဲ့ ပူဇော်သက္ကာကြောင့် စာတန်ချုပ်ကိုင်ထားတဲ့ ဒီလောကရဲ့ ကျွန်ဘဝကနေ လွတ်မြောက်ပြီး သေခြင်းကို ကြောက်တဲ့စိတ်နဲ့ အသက်ရှင်စရာ မလိုတော့ဘူး။—ဟေဗြဲ ၂:၁၄၊ ၁၅။

၁၇။ ယေဟောဝါရဲ့ မေတ္တာဟာ သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။

၁၇ ဘုရားသခင့် ကတိတော်တွေဟာ လုံးလုံး ယုံကြည်စိတ်ချနိုင်ပါတယ်။ ဖန်ဆင်းခြင်းနိယာမတရားတွေ ဘယ်တော့မှ မပြောင်းလဲသလို ယေဟောဝါလည်း ဘယ်တော့မှ မပြောင်းလဲဘူး။ (မာလ. ၃:၆) ကျွန်တော်တို့ကို အသက်လက်ဆောင်ပဲ ပေးတာ မဟုတ်ဘူး။ မေတ္တာလည်း ပေးတယ်။ “ငါတို့၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ရှိကြောင်းကို ငါတို့သည် သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။” (၁ ယော. ၄:၁၆) ကမ္ဘာမြေတစ်ခုလုံး သာယာလှပတဲ့ ပရဒိသု ဖြစ်လာမယ်။ မြေကြီးပေါ်မှာရှိတဲ့သူတိုင်း ဘုရားသခင့် မေတ္တာကို တုပတင်ပြကြပါမယ်။ ဘုရားရဲ့ သစ္စာရှိ ကောင်းကင်သားတွေနဲ့အတူ ဒီလိုကြွေးကြော်ခွင့် ရကြမယ်– “ငါတို့ဘုရားသခင်၌ ကောင်းချီးမင်္ဂလာ၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော် ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးနှင့် ခွန်အား အစဉ်ထာဝရ ရှိပါစေ။ အာမင်။”—ဗျာ. ၇:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ