သင်သည် တောင်းပန်ဖို့ အမှန်တကယ်လိုအပ်ပါသလော
‘ကျွန်တော် မည်သည့်အခါမျှ မတောင်းပန်ပါ’ ဟု ဂျော့ဘားနဒ်ရှော ရေးသားခဲ့သည်။ ‘လုပ်ခဲ့ပြီးမှတော့ဘာထူးတော့မှာလဲ’ ဟု အခြားသူများ ဆိုကောင်းဆိုကြမည်။
မျက်နှာပျက်မည်စိုး၍ အမှားတစ်ခုကို ဝန်ခံဖို့အရေး ကျွန်ုပ်တို့ကိုယ်တိုင် အင်တင်တင်လုပ်နေပေမည်။ ပြဿနာသည် အခြားသူများနှင့် ပတ်သက်သည်ဟု ကျွန်ုပ်တို့ယူဆပေမည်။ သို့မဟုတ် ကျွန်ုပ်တို့ တောင်းပန်ဖို့ ရည်ရွယ်သော်လည်း ဤကိစ္စသည် နောက်ဆုံးတွင် အမှုမဲ့အမှတ်မဲ့ဖြစ်သွားပြီဟု ကျွန်ုပ်တို့ထင်မှတ်သည့်အထိ ရွှေ့ဆိုင်းထားပေမည်။
သို့ဆိုလျှင် တောင်းပန်မှုများ လိုအပ်ပါသလော။ ယင်းတို့သည် တစ်ခုခုကို အမှန်တကယ် အထမြောက်စေနိုင်သလော။
မတ္တာကြောင့် တောင်းပန်ဖို့ ကျွန်ုပ်တို့၌တာဝန်ရှိ
ညီရင်းအစ်ကိုမေတ္တာသည် ယေရှုခရစ်၏ နောက်လိုက်စစ်များဖြစ်ကြောင်း ခွဲခြားသိမြင်စေသည့် အမှတ်အသားဖြစ်သည်။ “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟု ကိုယ်တော် မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၃:၃၅) ကျမ်းစာက ခရစ်ယာန်များအား “အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာရှိ” ရန်တိုက်တွန်းအားပေးသည်။ (၁ ပေတရု ၁:၂၃) အားကြီးသောမေတ္တာကြောင့် တောင်းပန်ဖို့ ကျွန်ုပ်တို့၌ တာဝန်ရှိလာသည်။ အဘယ့်ကြောင့်နည်း။ နာကြည်းဖွယ်ခံစားချက်များကို ပျောက်အောင်မကုလိုက်ပါက မေတ္တာကိုအဆက်ဖြတ်ပစ်လိုက်စေသည့် ယင်းခံစားချက်များကို လူသားတို့၏မစုံလင်မှုက မလွဲမသွေဖြစ်ပေါ်စေသောကြောင့်တည်း။
ဥပမာ၊ ကျွန်ုပ်တို့သည် ခရစ်ယာန်အသင်းတော်ရှိ တစ်ဦးတစ်ယောက်နှင့် ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကြောင့် ထိုသူနှင့် စကားမပြောချင်ဘဲဖြစ်နေပေမည်။ ကျွန်ုပ်တို့က ပြစ်မှားမိခဲ့လျှင် မေတ္တာပါသော ဆက်ဆံရေးကို မည်သို့ပြန်လည်ရရှိနိုင်မည်နည်း။ အများအားဖြင့် တောင်းပန်မှုပြုကာ နွေးထွေးလှိုက်လှဲသောအပြုအမူဖြင့် စကားစမြည်ပြောရန် ကြိုးစားခြင်းအားဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏ယုံကြည်သူချင်းများကို မေတ္တာတင်ပြဖို့ အကြွေးတင်နေပြီး ကျွန်ုပ်တို့ပြစ်မှားမိခဲ့သည်များအတွက် ဝမ်းနည်းကြောင်းပြောလိုက်လျှင် ထိုအကြွေးတချို့ကို လျော့သွားစေသည်။—ရောမ ၁၃:၈။
ဥပမာအနေနှင့် မာရီကာမင်းနှင့် ပါခီတို့သည် ကြာမြင့်စွာကပင် မိတ်ဆွေဖြစ်လာခဲ့ကြသည့် ခရစ်ယာန်အမျိုးသမီးနှစ်ဦးဖြစ်သည်။ သို့သော် အန္တရာယ်ရှိသော အတင်းအဖျင်းတစ်ခုကို မာရီကာမင်းက ယုံလိုက်မိသောကြောင့် ပါခီနှင့်သူမ၏ဆက်ဆံရေးမှာ အေးစက်စက်ဖြစ်သွားသည်။ သူမသည် ရှင်းမပြဘဲ ပါခီကို လုံးလုံးရှောင်နေသည်။ တစ်နှစ်နီးပါးမျှအကြာတွင် အဆိုပါအတင်းအဖျင်းမှာ မဟုတ်မမှန်ကြောင်း မာရီကာမင်း သိရှိရတော့သည်။ သူမ မည်သို့တုံ့ပြန်ခဲ့သနည်း။ ပါခီထံသွားပြီး အရုပ်ဆိုးစွာ ပြုမူဆက်ဆံမိခဲ့ခြင်းအတွက် မိမိအလွန်ယူကျုံးမရဖြစ်မိကြောင်း နှိမ့်ချစွာ ရင်ဖွင့်ပြောဆိုဖို့ မေတ္တာက သူမကို တိုက်တွန်းခဲ့သည်။ နှစ်ယောက်စလုံး အကြီးအကျယ်ငိုချလိုက်ကြကာ ယခင်ကထက်ပင် သာ၍ခိုင်မြဲသောမိတ်ဆွေများဖြစ်သွားကြတော့သည်။
ကျွန်ုပ်တို့ အမှားတစ်ခုမျှမလုပ်ခဲ့ပါဟု ယူဆထားနိုင်သော်လည်း တောင်းပန်မှုက အထင်လွဲမှားမှုကို ပြေလည်သွားစေနိုင်သည်။ မန်နူရယ် ဤသို့ပြန်ပြောပြသည်– “လွန်ခဲ့တဲ့နှစ်များစွာက ကျွန်တော်တို့ လင်မယားနှစ်ယောက်ဟာ ဆေးရုံတက်နေတဲ့ ကျွန်တော်တို့ရဲ့ ဝိညာဏညီအစ်မတစ်ဦးရဲ့အိမ်မှာ နေခဲ့ကြတယ်။ သူမနာမကျန်းဖြစ်စဉ်အတွင်းမှာ သူမကိုရော၊ သူမရဲ့ကလေးတွေကိုပါ ကျွန်တော်တို့အတတ်နိုင်ဆုံး ကူညီပေးခဲ့ကြတယ်။ ဒါပေမဲ့ သူမ အိမ်ပြန်လာတဲ့အခါကျတော့ ကျွန်တော်တို့ဟာ အိမ်အသုံးစရိတ်ကို သင့်လျော်သလို စီမံမပေးပါဘူးဆိုပြီး မိတ်ဆွေတစ်ယောက်ဆီမှာ သွားညည်းတယ်ဗျာ။
ဒါနဲ့ အလည်သွားပြီး ကျွန်တော်တို့ဟာ အသက်ငယ်ပြီး အတွေ့အကြုံနည်းမှုကြောင့် ကိစ္စဝိစ္စတွေကို သူမကိုင်တွယ်သလို မကိုင်တွယ်မိခဲ့တာ ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့ကြတယ်။ သူမက ချက်ချင်းပါပဲ သူမဟာ ကျွန်တော်တို့အပေါ်မှာ အကြွေးတင်နေတဲ့သူဖြစ်ကြောင်း၊ သူမအတွက် ကျွန်တော်တို့လုပ်ဆောင်ပေးခဲ့သမျှအတွက် အမှန်ပင်ကျေးဇူးတင်ကြောင်း ပြန်ပြောတယ်။ ပြဿနာကတော့ ပြေလည်သွားပြီ။ နားလည်လွဲမှုဖြစ်တဲ့အခါမှာ ခွင့်လွှတ်ဖို့ နှိမ့်နှိမ့်ချချတောင်းပန်ခြင်းအရေးကြီးတယ်ဆိုတာ အဲ့ဒီအတွေ့အကြုံက ကျွန်တော်တို့ကို သင်ပေးခဲ့ပါတယ်။”
ယေဟောဝါသည် ဤမောင်နှံစုံ တင်ပြသော မေတ္တာနှင့် ‘ငြိမ်သက်ခြင်းကို မီအောင်လိုက်ခြင်း’ တို့အတွက် ကောင်းချီးပေးတော်မူခဲ့သည်။ (ရောမ ၁၄:၁၉) မေတ္တာတွင် အခြားသူများ၏ခံစားချက်များကို သိရှိခြင်းလည်း ပါဝင်သည်။ ပေတရုက “စာနာထောက်ထား” မှုပြရန် ကျွန်ုပ်တို့ကို ဩဝါဒပေးသည်။ (၁ ပေတရု ၃:၈၊ သတင်းကောင်း) ကျွန်ုပ်တို့တွင်သာ စာနာထောက်ထားမှုရှိပါမူ မစဉ်းမစားဘဲပြောသည့် စကားတစ်ခွန်း သို့မဟုတ် လုပ်ရပ်တစ်ခုကြောင့် ဖြစ်ပေါ်စေခဲ့သည့် နာကျင်မှုကို ပို၍ပိုင်းခြားသိနိုင်ဖွယ်ရှိပြီး တောင်းပန်ဖို့ ကျွန်ုပ်တို့တိုက်တွန်းစေ့ဆော်ခံရမည်။
“နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့”
သစ္စာရှိခရစ်ယာန်အကြီးအကဲများပင် ရံဖန်ရံခါဆိုသလို ဒေါသတကြီးစကားများတတ်ကြသည်။ (တမန်တော် ၁၅:၃၇-၃၉ နှိုင်းယှဉ်။) ဤအချိန်သည် တောင်းပန်ခြင်းက အလွန်အကျိုးဖြစ်ထွန်းစေသောအခါဖြစ်သည်။ သို့သော် တောင်းပန်ဖို့ အခက်တွေ့နေသည့် အကြီးအကဲတစ်ဦးကိုဖြစ်စေ၊ အခြားခရစ်ယာန်တစ်ဦးဦးကိုဖြစ်စေ မည်သည့်အရာက အကူအညီဖြစ်စေမည်နည်း။
နှိမ့်ချမှုသည် အခရာဖြစ်သည်။ တမန်တော်ပေတရုက “အချင်းချင်းတစ်ယောက်အောက် တစ်ယောက်နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့” ဟုသြဝါဒပေးခဲ့သည်။ (၁ ပေတရု ၅:၅) အငြင်းပွားမှုအများစုတွင် နှစ်ဖက်စလုံး အပြစ်တင်ထိုက်သည်မှန်သော်လည်း နှိမ့်ချသောခရစ်ယာန်ဖြစ်သူသည် မိမိ၏ချွတ်ယွင်းအားနည်းချက်များကို ထည့်စဉ်းစားကာ ယင်းတို့ကို ဝန်ခံလိုစိတ်ရှိမည်။—သု. ၆:၁-၅။
တောင်းပန်ခံရသောသူသည် နှိမ့်ချသောအပြုအမူဖြင့် လက်ခံသင့်သည်။ အဆက်အသွယ်လုပ်ဖို့လိုသော လူနှစ်ဦး တောင်ထိပ်တစ်ခုစီတွင် ရပ်နေကြသည့် ဥပမာကို အသုံးပြုကြပါစို့။ သူတို့ကို ခြားထားသည့် လျှိုမြောင်ကို ဖြတ်ကာ စကားလှမ်းပြောဖို့ မဖြစ်နိုင်ပေ။ သို့သော် တစ်ယောက်က တောင်ကြားချိုင့်ဝှမ်းသို့ ဆင်းပြီး အခြားတစ်ယောက်လည်း ထိုသူနည်းတူဆင်းလိုက်သောအခါ အလွယ်တကူပြောဆိုနိုင်ကြတော့သည်။ အလားတူစွာ သဘောထားကွာဟမှုကို ဖြေရှင်းဖို့လိုအပ်သည့် ခရစ်ယာန်နှစ်ဦးသည် သင့်တော်သော တောင်းပန်မှုပြုရန် ပုံဆောင်သဘောအရ တောင်ကြားချိုင့်ဝှမ်းသို့ဆင်း၍ နှိမ့်ချစွာ တွေ့ဆုံကြပါလေ။—၁ ပေတရု ၅:၆။
အိမ်ထောင်ရေးတွင် တောင်းပန်မှုသည် အဓိပ္ပာယ်များစွာရှိ
မစုံလင်သောလူသားနှစ်ဦးပေါင်းဖက်ထားသည့် အိမ်ထောင်ရေးတွင် တောင်းပန်ရသည့်အခွင့်အလမ်းများ ပေါ်တတ်စမြဲပင်ဖြစ်သည်။ လင်မယားနှစ်ဦးစလုံးတွင် ထောက်ထားစာနာသည့်သဘောထားရှိလျှင် မစာမနာပြောဆို ပြုမူမိပါက ယင်းသဘောထားက တောင်းပန်ကြဖို့ သူတို့ကို တိုက်တွန်းစေ့ဆော်မည်။ နယပုံပြင် ၁၂:၁၈ [သမ] က “သန်လျက်နှင့်ထိုးသကဲ့သို့၊ မစဉ်းစားဘဲပြောဆိုတတ်သူရှိ၏။ ပညာရှိတို့လျှာမူကား၊ သန်မာခြင်းသို့ရောက်စေတတ်၏” ဟုထောက်ပြထားသည်။ ‘မစဉ်းစားဘဲပြောလိုက်သည့် ထိုးနှက်ချက်များ’ ကိုပြန်ပြင်၍မရနိုင်သော်လည်း ရိုးသားစွာတောင်းပန်ခြင်းဖြင့် ကုစားနိုင်ပါသည်။ အမှန်မှာ၊ မပြတ်သတိရှိနေပြီး မပြတ်အားထုတ်နေဖို့ လိုအပ်သည်။
စူဇန်aက သူမ၏အိမ်ထောင်ရေးအကြောင်း ပြောပြရာတွင် “ဂျက်ခ်bနဲ့ကျွန်မတို့ အိမ်ထောင်ကျတာ ၂၄ နှစ်ကြာရှိခဲ့ပေမဲ့လည်း တစ်ယောက်အကြောင်းတစ်ယောက် အသစ်အသစ်တွေကို သင်ယူနေရဆဲပါပဲ။ ဝမ်းနည်းစရာကတော့ လွန်ခဲ့တဲ့တစ်ချိန်တုန်းက အပတ်အနည်းငယ်ကြာ ခွဲပြီးနေခဲ့ကြတယ်။ ဒါပေမဲ့ အကြီးအကဲတွေပေးတဲ့ ကျမ်းစာသြဝါဒကို ကျွန်မတို့နားထောင်ခဲ့ကြပြီး အတူတူပြန်နေခဲ့ကြတယ်။ ကျွန်မတို့မှာ တော်တော်ကွာခြားတဲ့ ဥပဓိရုပ်တွေရှိနေကြလို့ ပဋိပက္ခတွေဖြစ်ဖို့ အကြောင်းရှိတယ်ဆိုတာ အခုသိလာကြပြီ။ အဲ့လိုဖြစ်လာပြီဆိုရင် အလျင်အမြန်တောင်းပန်ပြီး တစ်ယောက်ရဲ့ ရှုထောင့်ကို နားလည်ဖို့ အမှန်တကယ် ကြိုးစားကြတယ်။ ကျွန်မတို့ရဲ့အိမ်ထောင်ရေးဟာ အတော့်ကိုတိုးတက်နေပါပြီလို့ ဝမ်းမြောက်ဝမ်းသာပြောလို့ရပြီ” ဟုဆိုသည်။ ဂျက်ခ် ကလည်း “ကျွန်တော်တို့ ကတောက်ကဆတ်ဖြစ်တော့မယ်ဆိုတဲ့ အခြေအနေကို ကောင်းကောင်းသတိထားမိတတ်လာတယ်။ အဲ့လိုအချိန်မျိုးတွေမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနားလည်စာနာစွာ ဆက်ဆံကြတယ်” ဟုထပ်ဆင့်သည်။—သု. ၁၆:၂၃။
မိမိအမှားမဟုတ်ပါဟု သင်ထင်မှတ်သောအခါတွင် အနူးအညွှတ်တောင်းပန်သင့်သလော။ နက်ရှိုင်းသည့်ခံစားချက်များနှင့် ပတ်သက်နေသောအခါတွင် မည်သည့်နေရာတွင် အပြစ်ပုံချမည်နည်းနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်ဖြစ်ဖို့ ခက်သည်။ သို့သော် အရေးကြီးသောအရာမှာ အိမ်ထောင်ရေးတွင် ငြိမ်သက်မှုရှိဖို့ဖြစ်သည်။ ဒါဝိဒ်ကို စော်စော်ကားကားဆက်ဆံခဲ့သူ၏ ဇနီးဖြစ်သူ ဣသရေလအမျိုးသမီး အဘိဂဲလကို သုံးသပ်ကြည့်ပါလေ။ ခင်ပွန်းဖြစ်သူ၏မိုက်မဲမှုအတွက် သူမကို အပြစ်ဖို့၍မရသော်လည်း သူမသည် အနူးအညွှတ်တောင်းပန်ခဲ့သည်။ “ကိုယ်တော်ကျွန်မ၏ အပြစ်ကို သည်းခံတော်မူပါ” ဟု သူမတိုးလျှိုးအသနားခံခဲ့သည်။ ဒါဝိဒ်က သူမကြောင့်သာမဟုတ်လျှင် အပြစ်မဲ့သူ၏အသွေးကို သွန်းမိမည်ဖြစ်ကြောင်း နှိမ့်ချစွာဝန်ခံပြီး သူမကို ထောက်ထားညှာတာစွာ တုံ့ပြန်ဆက်ဆံခဲ့သည်။—၁ ဓမ္မရာဇဝင် ၂၅:၂၄-၂၈၊ ၃၂-၃၅။
အလားတူစွာ၊ အိမ်ထောင်ကျခဲ့သည်မှာ ၄၅ နှစ်ရှိပြီဖြစ်သော ဂျူန်အမည်ရှိ ခရစ်ယာန်အမျိုးသမီးတစ်ဦးက အောင်မြင်သောအိမ်ထောင်ရေးဟူသည် အနူးအညွှတ်တောင်းပန်ရာတွင် ဦးဆုံးသူ ဖြစ်လိုစိတ်ရှိဖို့လိုသည်ဟု ယူမှတ်ထားသည်။ “အိမ်ထောင်ရေးဟာ ကျွန်မရဲ့ကိုယ်ပိုင်ခံစားချက်တွေထက် ပိုပြီးအရေးပါတယ်လို့ ကျွန်မကိုယ့်ကိုယ်ကို ပြောတယ်။ ဒါကြောင့် ကျွန်မတောင်းပန်တဲ့အခါ အိမ်ထောင်ရေးကို ငါကူပံ့ပေးနေတယ်လို့ ခံစားရတယ်” ဟုသူမဆိုသည်။ အသက်ကြီးသောအမျိုးသားတစ်ဦးဖြစ်သူ ဂျင်းမ်က “ကျွန်တော်ဟာ အသေးအဖွဲကိစ္စလေးတွေမှာတောင် ကျွန်တော့်ဇနီးကို တောင်းပန်တယ်။ သူမဟာ ကြီးကျယ်တဲ့ခွဲစိတ်ကုသမှုခံထားရလေတော့ စိတ်ညစ်လွယ်တယ်။ ဒါကြောင့် ကျွန်တော်ဟာ သူမကို သိုင်းဖက်ပြီး ‘ဆောရီးပဲ အချစ်ရယ်။ ကိုယ်မင်းကို စိတ်ထိခိုက်သွားစေဖို့ မရည်ရွယ်ပါဘူး’ လို့ အမြဲပြောပေးတယ်။ ရေအလောင်းခံလိုက်ရတဲ့ အပင်တစ်ပင်လိုပါပဲ ချက်ချင်း ရွှင်ပျလာတယ်” ဟု ဖော်ပြသည်။
မိမိတို့ချစ်မြတ်နိုးရဆုံးသူတစ်ဦးကို ထိခိုက်စေခဲ့မိပါက အဆောတလျင် အနူးအညွှတ်တောင်းပန်ခြင်းသည် အလွန်အကျိုးရှိသည်။ မီလာဂရို့စ်က လှိုက်လှိုက်လှဲလှဲသဘောတူကာ “ကျွန်မဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ကင်းမဲ့နေပါတယ်။ ကျွန်မခင်ပွန်းထိုးနှက်လိုက်တဲ့ စကားတစ်ခွန်းဟာ ကျွန်မကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ သူတောင်းပန်တဲ့အခါမှာ ချက်ချင်းပဲ ကျွန်မစိတ်သက်သာရာရသွားတယ်” ဟုဆိုသည်။ ဆီလျော်စွာပင်ကျမ်းစာက ကျွန်ုပ်တို့အား ဤသို့ဆိုသည်– “သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍ စိတ်ဝိညာဉ်၌ ချိုမြိန်လျက် ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။”—သု. ၁၆:၂၄။
အနူးအညွှတ်တောင်းပန်ခြင်းအတတ်ပညာကို ကျင့်သုံးပါ
လိုအပ်သည့်အခါတွင် အနူးအညွှတ်တောင်းပန်ခြင်းကို အကျင့်ပါအောင်လုပ်လျှင် လူများက နှစ်သက်လိုလားစွာတုံ့ပြန်ကြောင်း ကျွန်ုပ်တို့ တွေ့ရဖွယ်ရှိသည်။ ထို့အပြင် သူတို့ကိုယ်တိုင်ပင် တောင်းပန်ကောင်း တောင်းပန်လိမ့်မည်။ ကျွန်ုပ်တို့သည် တစ်ဦးဦးကို စိတ်ထိခိုက်မိစေခဲ့ကြောင်း သံသယဝင်လျှင် အပြစ်တစ်ခုခုကို ဝန်ခံဖို့ အချိန်အကြာကြီး ရှောင်ဖယ်ရှောင်ဖယ်လုပ်နေမည့်အစား တောင်းပန်ခြင်းကို အလေ့အထတစ်ခုဖြစ်စေပါလေ။ တောင်းပန်ခြင်းသည် အားနည်းမှု၏အမှတ်လက္ခဏာတစ်ရပ်ဟု လောကက ထင်ချင်ထင်မည်၊ သို့သော် ယင်းသည် အမှန်ပင် ခရစ်ယာန်ရင့်ကျက်ခြင်း၏ အထောက်အထားဖြစ်ကြောင်း ဖော်ပြသည်။ အမှန်မှာ အမှားအယွင်းတချို့ကို အသိအမှတ်ပြုသော်လည်း မိမိတို့တာဝန်ကို ပေါ့ပေါ့တန်တန်သဘောထားသည့် လူစားမျိုး ကျွန်ုပ်တို့ မဖြစ်လိုကြပါ။ ဥပမာ၊ စိတ်မပါဘဲ ဆောရီးဟု ကျွန်ုပ်တို့ပြောလေ့ရှိသလော။ ကျွန်ုပ်တို့အရောက်နောက်ကျပြီး အကြီးအကျယ်တောင်းပန်ရလျှင် အချိန်အတိအကျရောက်ဖို့အရေးတွင် တိုးတက်ရန်ဆုံးဖြတ်ထားသလော။
ထို့ကြောင့် ကျွန်ုပ်တို့သည် တောင်းပန်ဖို့ အမှန်တကယ်လိုအပ်ပါသလော။ လိုအပ်ပါသည်။ ဤသို့လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကိုယ်တိုင်ကော၊ အခြားသူများပါ တာဝန်ရှိကြသည်။ တောင်းပန်ခြင်းသည် မစုံလင်မှုကြောင့်ဖြစ်စေသော နာကြည်းမှုကို သက်သာစေရန် ထောက်ကူနိုင်ပြီး တင်းမာသောဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေနိုင်ပါသည်။ ကျွန်ုပ်တို့ပြုသည့် တောင်းပန်မှုတိုင်းသည် နှိမ့်ချမှုဆိုင်ရာသင်ခန်းစာတစ်ရပ်ဖြစ်ပြီး အခြားသူများ၏ခံစားချက်များကို ပို၍အကင်းပါးပါးသိရန် ကျွန်ုပ်တို့ကို လေ့ကျင့်ပေးသည်။ ရလဒ်အနေနှင့် ယုံကြည်သူချင်းများ၊ အိမ်ထောင်ဖက်များနှင့် အခြားသူများက ကျွန်ုပ်တို့ကို ချစ်ခင်မြတ်နိုးသင့်သူများ၊ ယုံကြည်စိတ်ချထိုက်သူများအဖြစ် ရှုမြင်ကြပါလိမ့်မည်။ ကျွန်ုပ်တို့စိတ်ငြိမ်သက်မှုရပြီး ယေဟောဝါရှင်သည် ကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူလတ္တံ့။
[အောက်ခြေမှတ်ချက်များ]
a သူတို့၏နာမည်ရင်းမဟုတ်ပါ။
b သူတို့၏နာမည်ရင်းမဟုတ်ပါ။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ရိုးရိုးသားသား တောင်းပန်ခြင်းသည် ခရစ်ယာန်မေတ္တာကို မြေတောင်မြှောက်ပေးသည်