ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၁/၁၅ စာ. ၂၁-၂၅
  • သင်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ အပ်နှံကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ အပ်နှံကြလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိုးရိမ်ခြင်းကား အဘယ်အရာဖြစ်
  • အကူအညီရရှိနိုင်
  • နှိမ့်ချခြင်းက မည်သို့ကူညီပေးနိုင်
  • စိတ်ရှည်ခြင်း၏ကဏ္ဍ
  • ယေဟောဝါ၌ ယုံစားခြင်း
  • သင်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ ဆက်၍အပ်နှံကြလော့
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ
    လူငယ်များအမေး
  • စိုးရိမ်ပူပန်မှု
    နိုးလော့!—၂၀၁၆
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၁/၁၅ စာ. ၂၁-၂၅

သင်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ အပ်နှံကြလော့

“ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုယ်ကို နှိမ့်ချကြလော့။ သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။”—၁ ပေတရု ၅:၆၊ ၇။

၁။ စိုးရိမ်မှုသည် ကျွန်ုပ်တို့ကို မည်သို့ဖြစ်စေနိုင်သနည်း။ ယင်းကို မည်သို့ဖော်ပြနိုင်သနည်း။

စိုးရိမ်မှုသည် ကျွန်ုပ်တို့၏ဘဝအသက်တာကို အလွန့်အလွန်ထိခိုက်နိုင်သည်။ ယင်းကို ရေဒီယိုမှ ကြားရသည့် သာယာသောတေးသွားတစ်ပုဒ်ကို တစ်ခါတစ်ရံ အသံပျက်စေသည့် လေထုနှောင့်ယှက်မှုနှင့် နှိုင်းယှဉ်နိုင်သည်။ ရေဒီယိုလှိုင်းများတွင် နှောင့်ယှက်မှုမရှိလျှင် တေးသံသာသည် သောတရှင်အား စိတ်ချမ်းမြေ့ကြည်နူးစေနိုင်သည်။ သို့ရာတွင် လေထုနှောင့်ယှက်မှု၏ နားစူးရှသံက အသာယာဆုံးတေးသံကိုပင် အသံပြောင်းစေနိုင်ပြီး စိတ်ဆိုးစရာ၊ စိတ်ပျက်စရာပင် ဖြစ်စေနိုင်သည်။ စိုးရိမ်မှုသည်လည်း ကျွန်ုပ်တို့၏ချမ်းမြေ့မှုကို ထပ်တူဖြစ်စေနိုင်သည်။ ယင်းကြောင့် စိတ်နှလုံးပင်ပန်းလွန်းသဖြင့် အရေးကြီးရာများကို အရေးတယူ လုပ်ဆောင်မပေးနိုင်သည့်တိုင် ဖြစ်စေနိုင်သည်။ အမှန်ပင်၊ “စိုးရိမ်သောစိတ်သည် ကိုယ်ကို ညှိုးငယ်စေတတ်၏။”—သု. ၁၂:၂၅။

၂။ “လောကီစိုးရိမ်ခြင်း” အကြောင်း ယေရှုခရစ် ဘာပြောသနည်း။

၂ အလွန်အမင်း စိုးရိမ်ပူပန်မှုကြောင့် စိတ်အာရုံပြောင်းလွဲနိုင်ခြင်း အန္တရာယ်အကြောင်းကို ယေရှုခရစ်မိန့်တော်မူခဲ့သည်။ နောက်ဆုံးကာလနှင့်ပတ်သက်သော ကိုယ်တော်၏ ပရောဖက်ပြုချက်တွင် ကိုယ်တော်က ဤသို့တိုက်တွန်းထားသည်– “သင်တို့သည် ကိုယ်ကိုယ်ကို သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထို့ကြောင့် သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့။” (လုကာ ၂၁:၃၄-၃၆) အစားအသောက်ကြူးခြင်းသည် စိတ်ကိုထိုင်းမှိုင်းစေနိုင်သည့်နည်းတူ “လောကီစိုးရိမ်ခြင်း” တို့ဖြင့် စိတ်နှလုံးပင်ပန်းနေခြင်းသည်လည်း ဝမ်းနည်းဖွယ်ရလဒ်များကို ရရှိစေသည့် အရှိကိုအရှိအတိုင်း ရှုမြင်သုံးသပ်နိုင်စွမ်း ပျောက်လွင့်သွားစေပါသည်။

စိုးရိမ်ခြင်းကား အဘယ်အရာဖြစ်

၃။ “စိုးရိမ်ခြင်း” ကို မည်သို့အနက်ဖွင့်ထားသနည်း။ ယင်းကို ဖြစ်ပေါ်စေသည့် အကြောင်းအချို့ကား အဘယ်နည်း။

၃ “စိုးရိမ်ခြင်း” သည် “များသောအားဖြင့် ဖြစ်လုဆဲ သို့မဟုတ် မျှော်လင့်နေသောကြမ္မာဆိုးတစ်ခုခုကြောင့် စိတ်ဒုက္ခ သို့မဟုတ် စိုးရိမ်မကင်းဖြစ်ရခြင်း” ဟုအနက်ဖွင့်ထားပါသည်။ ယင်းသည် “ပူပင်ကြောင့်ကြခြင်း” နှင့် “သာမန်ထက်ထူးသော စိတ်သောကဖိစီးမှုဖြစ်ပြီး တကယ်ပေါ်ပေါက်နေသည့်အန္တရာယ်၏ သဘောသကာယကို သံသယဝင်ခြင်း၊ ယင်းကို ကိုယ်ကိုယ်တိုင် ဖြေရှင်းရာတွင် မနိုင်မနင်းဖြစ်မည်ဟု ယူမှတ်ခြင်းကြောင့် များသောအားဖြင့် ဇီဝကမ္မလက္ခဏာများဖြင့် (ချွေးပြန်ခြင်း၊ စိတ်တင်းမာနေခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း) ထင်ရှားသော ကြောက်ရွံ့ခြင်းလည်းဖြစ်သည်။” (ဝက်ဘ်စတား၏ နဝမ ကောလိပ် အဘိဓာန်သစ်) ယင်းကြောင့် စိုးရိမ်မှုသည် ရှုပ်ထွေးသော ပြဿနာတစ်ခုဖြစ်နိုင်သည်။ ယင်းကိုဖြစ်ပေါ်စေသည့်အရာတို့တွင် ဖျားနာခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ ပြစ်မှုကို ကြောက်ရွံ့ခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်းနှင့် မိသားစုဖူလုံရေးအတွက် စိုးရိမ်ခြင်းတို့ ပါဝင်ပါသည်။

၄။ (က) လူအသီးအသီးနှင့် သူတို့၏ စိုးရိမ်မှုများအကြောင်း အဘယ်အရာကို သတိရလျှင် ကောင်းသနည်း။ (ခ) စိုးရိမ်နေမည်ဆိုလျှင် ဘာလုပ်နိုင်သနည်း။

၄ စိုးရိမ်မှုဖြစ်ပေါ်စေနိုင်သည့် အခြေအနေအမျိုးမျိုးရှိသကဲ့သို့ပင် စိုးရိမ်ပုံအမျိုးမျိုးလည်း ရှိသည်။ အခြေအနေတစ်ခုတည်းကို လူတိုင်း တစ်ပုံစံတည်း တုံ့ပြန်ကြသည်မဟုတ်ပါ။ သို့ဖြစ်၍ ကိစ္စတစ်ခုသည် ကျွန်ုပ်တို့အတွက် စိတ်အနှောင့်အယှက်မဖြစ်သည့်တိုင် ကျွန်ုပ်တို့၏ယေဟောဝါအား ကိုးကွယ်သူချင်း အချို့အတွက် အကြီးအကျယ်စိုးရိမ်ပူပင်စရာဖြစ်နိုင်ကြောင်း သိမြင်ဖို့လိုသည်။ သဘောတရား တညီတညွတ်တည်းရှိသော ဘုရားသခင့်နှုတ်ကပါဌ်တော်၏ နှစ်မြို့ဖွယ် သမ္မာတရားကို အာရုံမပြုနိုင်သည့်တိုင် စိုးရိမ်ပူပင်မှု များလာပြီဆိုလျှင် မည်သို့ပြုလုပ်နိုင်သနည်း။ ယေဟောဝါ၏ ပိုင်သအုပ်စိုးခွင့်ရှိကြောင်းနှင့် ခရစ်ယာန်သစ္စာသမာဓိနှင့်ဆိုင်သောအကြောင်းများကို အာရုံမစူးစိုက်နိုင်တော့သည့်တိုင် လွန်ကျွံစွာ စိုးရိမ်ပူပန်နေလျှင်ကော။ အခြေအနေကို ကျွန်ုပ်တို့ပြောင်းလဲပေးနိုင်လိမ့်မည်မဟုတ်ပါ။ ယင်းအစား အသက်တာဘဝ၏ ရှုပ်ထွေးသောပြဿနာများကြောင့် အလွန်အမင်းစိုးရိမ်ရခြင်းကို အောင်မြင်စွာဖြေရှင်းနိုင်ရန် အကူအညီပေးမည့် ကျမ်းစာဆိုင်ရာ အထောက်အကူပြုချက်များကို ရှာဖွေယူဖို့ လိုအပ်ပေမည်။

အကူအညီရရှိနိုင်

၅။ ဆာလံ ၅၅:၂၂ နှင့်အညီ မည်သို့ပြုမူနိုင်သနည်း။

၅ ခရစ်ယာန်များသည် ဝိညာဏအကူအညီလိုအပ်ပြီး စိုးရိမ်ခြင်းတို့နှင့် စိတ်ပင်ပန်းနေသည့်အခါ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ စိတ်သက်သာမှုကို ရယူနိုင်ကြသည်။ ယင်းသည် ယုံကြည်စိတ်ချနိုင်သော လမ်းပြညွှန်ကြားမှုပေး၍ ယေဟောဝါ၏ သစ္စာနှံကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် တစ်ဦးတည်းသီးသန့်မဟုတ်ကြောင်း အကြိမ်ကြိမ်အာမခံပါသည်။ ဥပမာ၊ ဆာလံဆရာဒါဝိဒ်က ဤသို့သီဆိုခဲ့သည်– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။” (ဆာလံ ၅၅:၂၂) ဤစကားများနှင့်အညီ ကျွန်ုပ်တို့မည်သို့ ပြုမူကျင့်ကြံနိုင်သနည်း။ ကျွန်ုပ်တို့၏စိုးရိမ်ပူပန်ကြောက်ရွံ့မှုများ၊ စိတ်ဓာတ်ကျဆင်းမှုများအားလုံးကို မေတ္တာရှင် ကောင်းကင်ခမည်းတော်အပေါ် လွှဲအပ်ခြင်းအားဖြင့်ဖြစ်သည်။ ဤသို့ပြုခြင်းက လုံခြုံမှုရှိသောစိတ်နှင့် တည်ငြိမ်သောသဘောရရှိရန် အကူအညီပေးပါလိမ့်မည်။

၆။ ဖိလိပ္ပိ ၄:၆၊ ၇ အရ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အား အဘယ်အရာအကျိုးပြုသနည်း။

၆ ကျွန်ုပ်တို့၏ စိုးရိမ်မှုရှိရှိသမျှတို့အပါအဝင် ကျွန်ုပ်တို့ထမ်းရွက်ရသောဝန်ကို ယေဟောဝါအပေါ် လွှဲအပ်နိုင်ကြရန် လှိုက်လှဲစွာဖြင့် မှန်မှန်ဆုတောင်းဖို့လိုသည်။ ယင်းက အတွင်းစိတ်သဘောငြိမ်သက်မှု ရှိစေမည်။ အကြောင်းမှာ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) မနှိုင်းယှဉ်သာသော “ဘုရားသခင်၏ ငြိမ်သက်ခြင်း” သည် အခဲယဉ်းဆုံးသော အခြေအနေများတွင်ပင် ယေဟောဝါ၏ ဆက်ကပ်အပ်နှံကျေးကျွန်များ ခံစားရသည့် ထူးခြားသော ငြိမ်သက်မှုဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ ရင်းနှီးသောဆက်ဆံမှုရှိခြင်းမှ ဖြစ်ပေါ်လာပါသည်။ သန့်ရှင်းသောဝိညာဉ်တော်အတွက် ကျွန်ုပ်တို့ဆုတောင်းကြပြီး ယင်းကို ကျွန်ုပ်တို့အား လှုံ့ဆော်တိုက်တွန်းစေခွင့်ပေးသောကြောင့် လူ့ပြဿနာရှိရှိသမျှသည် ကျွန်ုပ်တို့ထံမှကင်းဝေးမည်မဟုတ်သော်လည်း ဝိညာဉ်အသီးဖြစ်သည့် ငြိမ်သက်ခြင်းကိုကား ကျွန်ုပ်တို့ခံစားကြရသည်။ (လုကာ ၁၁:၁၃; ဂလာတိ ၅:၂၂၊ ၂၃) ယေဟောဝါသည် ကိုယ်တော်၏ သစ္စာရှိသူအားလုံးအား “လုံခြုံစွာ နေရသောအခွင့်” ပေးတော်မူ၍ အစဉ်ဒုက္ခရောက်စေတော်မူမည်မဟုတ်ကြောင်းကို ကြိုတင်သိထားခြင်းကြောင့် စိုးရိမ်စိတ်လွှမ်းမိုးမနေကြပါ။—ဆာလံ ၄:၈။

၇။ စိုးရိမ်ပူပန်ခြင်းကို နိုင်နင်းနိုင်ရန် ခရစ်ယာန်အကြီးအကဲများသည် အဘယ်ကဏ္ဍ၌ အကူအညီပေးနိုင်သနည်း။

၇ သို့ဖြစ်သော်လည်း ကျွန်ုပ်တို့သည် ကျမ်းစာကို ဆင်ခြင်သုံးသပ်၍ အဆက်မပြတ်ဆုတောင်းနေလျက်ပင် စိုးရိမ်မှု မပျောက်နိုင်လျှင်ကော။ (ရောမ ၁၂:၁၂) ခန့်အပ်ခံအသင်းတော်အကြီးအကဲများသည် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့အား အကူအညီပေးခြင်းငှာ ယေဟောဝါ၏ ပြင်ဆင်ရာဖြစ်တော်မူသည်။ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အသုံးပြုခြင်းအားဖြင့်လည်းကောင်း၊ ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၊ ကျွန်ုပ်တို့အတွက် ဆုတောင်းပေးခြင်းအားဖြင့်လည်းကောင်း နှစ်သိမ့်ကူညီပေးနိုင်ပါသည်။ (ယာကုပ် ၅:၁၃-၁၆) တမန်တော်ပေတရုက ဘုရားသခင့်သိုးတော်စုကို စေတနာစိတ်ရှိရှိ စိတ်ထက်သန်စွာနှင့် ပုံသက်သေပြခြင်းဖြင့် ထိန်းကျောင်းကြရန် အသက်ကြီးသူချင်းတို့အား တိုက်တွန်းခဲ့သည်။ (၁ ပေတရု ၅:၁-၄) ဤသူတို့သည် ကျွန်ုပ်တို့၏အကျိုးကျေးဇူးကို အမှန်တကယ်လိုလားပြီး အကူအညီပေးချင်ကြသည်။ အကြီးအကဲများပေးသော အကူအညီကို အပြည့်အဝခံစားရရန်နှင့် အသင်းတော်တွင် ဝိညာဉ်ရေးကောင်းဖို့ရန် ပေတရု၏ ဩဝါဒစကားကို ကျွန်ုပ်တို့အားလုံး လိုက်နာကျင့်သုံးရမည်ဖြစ်သည်– “အသက်ပျိုသောသူတို့၊ အသက်ကြီးသောသူတို့၏စကားကို နားထောင်ကြလော့။ ထိုမျှမက၊ အချင်းချင်းတစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။”—၁ ပေတရု ၅:၅။

၈၊ ၉။ ၁ ပေတရု ၅:၆-၁၁ မှအဘယ်စိတ်သက်သာမှု ရယူနိုင်သနည်း။

၈ ပေတရုက ဤသို့ထပ်ဆင့်သည်– “ထို့ကြောင့်၊ ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုယ်ကို နှိမ့်ချကြလော့။ သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။ သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ရန်သူ တည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ သို့ဖြစ်၍၊ လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သော ဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက်၊ ယုံကြည်ခြင်း၌ တည်၍ မာရ်နတ်ကို ဆီးတားကြလော့။ ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသောကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။”—၁ ပေတရု ၅:၆-၁၁။

၉ ဘုရားသခင်သည် ‘ကျွန်ုပ်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ ကျွန်ုပ်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံ’ နိုင်ကြောင်း သိရှိရခြင်းသည် မည်မျှစိတ်သက်သာမှုပေးပါသည်တကား! မာရ်နတ်က ကျွန်ုပ်တို့အပေါ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဒုက္ခဝေဒနာအမျိုးမျိုးကို ကျရောက်စေခြင်းအားဖြင့် ကျွန်ုပ်တို့တွင်ရှိသော ယေဟောဝါနှင့်ဆက်ဆံမှုကို ပြတ်တောက်သွားစေရန် သူ၏ကြိုးစားမှုများကြောင့် ကျွန်ုပ်တို့စိုးရိမ်မှုရှိနေရသည်ဆိုလျှင် သစ္စာသမာဓိရှိသူများအတွက် အစစအရာရာ အဆင်ပြေလိမ့်မည်အကြောင်း သိထားခြင်းကား အားရဝမ်းသာစရာ မဟုတ်ပေလော။ မှန်သည်၊ ကျွန်ုပ်တို့သည် ခဏဆင်းရဲခံရပြီးနောက် ခပ်သိမ်းသောကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြီးသတ်လေ့ကျင့်သင်ကြားပေး၍ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။

၁၀။ ပေတရု ပထမစောင် ၅:၆-၇ က စိုးရိမ်မှုကို လျော့နည်းစေရန် အကူအညီပေးနိုင်သည့် အဘယ်အရည်အချင်းသုံးခုကို စကားရိပ်အားဖြင့် ဖော်ပြသနည်း။

၁၀ ပေတရုပထမစောင် ၅:၆၊ ၇ ကစိုးရိမ်မှုကို နိုင်နင်းစွာ ရင်ဆိုင်နိုင်ရန် အကူအညီပေးမည့် အရည်အချင်းသုံးခုကို စကားရိပ်အားဖြင့် ဖော်ပြသည်။ တစ်ခုကား နှိမ့်ချခြင်း သို့မဟုတ် “သိမ်ငယ်သောစိတ်” ဖြစ်သည်။ အငယ် ၆ ၌ပါသော “ကာလအချိန်တန်လျှင်” ဟူသောအသုံးအနှုန်းက စိတ်ရှည်မှုလိုအပ်ကြောင်း တင်ပြသည်။ ဘုရားသခင်သည် ‘ကျွန်ုပ်တို့အား သတိနှင့်ကြည့်ရှုတော်မူသောကြောင့်’ ကျွန်ုပ်တို့၏စိုးရိမ်ခြင်းအမှု ရှိသမျှတို့ကို ကိုယ်တော့်အပေါ် စိတ်ချလက်ချ လွှဲအပ်နိုင်သည်ဟု အငယ် ၇ ကဖော်ပြသည်။ ယင်းစကားများကလည်း ယေဟောဝါကို ကျွန်ုပ်တို့အကြွင်းမဲ့ယုံစားဖို့ရန် အားပေးပါသည်။ ထို့ကြောင့် နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်းနှင့် ဘုရားသခင်ကို အကြွင်းမဲ့ယုံစားခြင်းတို့သည် စိုးရိမ်မှုကို မည်သို့လျှော့ပေါ့ပေးနိုင်ကြောင်း လေ့လာကြည့်ကြစို့။

နှိမ့်ချခြင်းက မည်သို့ကူညီပေးနိုင်

၁၁။ စိုးရိမ်မှုကို နိုင်နင်းရန် စိတ်နှိမ့်ချခြင်းက မည်သို့အကူအညီပေးနိုင်သနည်း။

၁၁ နှိမ့်ချမှုရှိမည်ဆိုလျှင် ဘုရားသခင်၏အကြံအစည်တို့သည် ကျွန်ုပ်တို့အကြံအစည်များထက် များစွာသာလွန်မြင့်မားကြောင်း ဝန်ခံကြပါမည်။ (ဟေရှာယ ၅၅:၈၊ ၉) နှိမ့်ချခြင်းက ယေဟောဝါ၏ အရာခပ်သိမ်းကို အဘက်ဘက်မှခြုံငုံရှုမြင်သုံးသပ်နိုင်စွမ်းနှင့် နှိုင်းယှဉ်လိုက်လျှင် ကျွန်ုပ်တို့၏ဉာဏ်ရည်သည် အကန့်အသတ်မျှသာဖြစ်ကြောင်းကို အသိအမှတ်ပြုစေသည်။ ဖြောင့်မတ်သူ ယောဘ၏ အဖြစ်အပျက်တွင် ထင်ရှားသကဲ့သို့ ကျွန်ုပ်တို့မဝေခွဲနိုင်သောအရာများကို ကိုယ်တော်သိမြင်တော်မူသည်။ (ယောဘ ၁:၇-၁၂; ၂:၁-၆) “တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုယ်ကို နှိမ့်ချ” ခြင်းအားဖြင့် အလုံးစုံကိုပိုင်သအုပ်စိုးခွင့်ရှိသူနှင့် နှိုင်းယှဉ်ပါက ကျွန်ုပ်တို့သည် အလွန်သေးသိမ်သူများဖြစ်နေကြောင်းကို အသိအမှတ်ပြုစေသည်။ ယင်းကတစ်ဖန် ကိုယ်တော်ခွင့်ပြု၍ ပေါ်ပေါက်စေသောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အထောက်အကူပြုသည်။ ကျွန်ုပ်တို့သည် ချက်ချင်းသက်သာရာရရန် တမ်းတပေမည်။ သို့သော် ယေဟောဝါ၏ အရည်အချင်းများသည် အပြစ်ဆိုဖွယ်ရာမရှိသည့်တိုင် မျှတသောကြောင့် အဘယ်အချိန်နှင့် အဘယ်နည်းဖြင့် ကျွန်ုပ်တို့အကျိုးကို ကိုယ်တော်အတိအကျဆောင်ရွက်ပေးရမည်အကြောင်း ကိုယ်တော်သိတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ရန် ကူညီပေးတော်မူမည်ဟု စိတ်ချလျက် ကလေးသူငယ်များပမာ ယေဟောဝါ၏ ကြီးမြတ်တော်မူသော လက်တော်ကို နှိမ့်ချစွာဖြင့် ဆုပ်ကိုင်ထားကြစို့။—ဟေရှာယ ၄၁:၈-၁၃။

၁၂။ ဟေဗြဲ ၁၃:၅ ပါသြဝါဒကို နှိမ့်ချစွာ လိုက်နာကျင့်သုံးခြင်းအားဖြင့် ပစ္စည်းဥစ္စာလုံခြုံမှုအတွက် စိုးရိမ်မှုကို မည်သို့ဖြစ်စေနိုင်သနည်း။

၁၂ နှိမ့်ချခြင်းတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ဩဝါဒကို လိုက်နာကျင့်သုံးလိုစိတ် ပါဝင်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် စိုးရိမ်မှုကို များသောအားဖြင့် လျော့နည်းစေနိုင်သည်။ ဥပမာ၊ စီးပွားရေးလုပ်ငန်းနှင့် လွန်စွာလုံးပန်းနေခြင်းမှ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာမည်ဆိုလျှင် ပေါလု၏သြဝါဒကို ဆင်ခြင်သုံးသပ်လျှင် ကောင်းပေမည်– “သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသော ဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ‘ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်း ပစ်၍မထား’ ဟု ကတိတော်ရှိ၏။” (ဟေဗြဲ ၁၃:၅) ဤသြဝါဒကို နှိမ့်ချစွာလိုက်နာကျင့်သုံးခြင်းအားဖြင့် မြောက်မြားစွာသောသူတို့သည် ပစ္စည်းဥစ္စာလုံခြုံမှုအတွက် အလွန်အကျွံစိုးရိမ်ပူပန်ခြင်းမှ ကိုယ်ကိုယ်ကို လွတ်မြောက်စေခဲ့ကြပြီ။ သူတို့၏ ငွေရေးကြေးရေးအခြေအနေ မတိုးတက်လာသော်လည်း ဝိညာဉ်ရေးကို ထိခိုက်နစ်နာစေသည့်အထိ သူတို့စိတ်ကိုလွှမ်းမိုးမနေတော့ချေ။

စိတ်ရှည်ခြင်း၏ကဏ္ဍ

၁၃၊ ၁၄။ (က) စိတ်ရှည်စွာ သည်းခံခြင်းနှင့်ပတ်သက်၍ ယောဘသည် အဘယ်ပုံသက်သေကို တင်ပြခဲ့သနည်း။ (ခ) ယေဟောဝါကို စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းခြင်းက ကျွန်ုပ်တို့အား အဘယ်အကျိုးပြုသနည်း။

၁၃ ၁ ပေတရု ၅:၆ တွင်ပါသည့် “ကာလအချိန်တန်လျှင်” ဟူသောအသုံးအနှုန်းက စိတ်ရှည်စွာသည်းခံခြင်းလိုအပ်ကြောင်း တင်ပြသည်။ တစ်ခါတစ်ရံ ပြဿနာတစ်ခုသည် အတန်ကြာကြာ မဖြေရှင်းနိုင်ဘဲဖြစ်နေမည်။ ယင်းကြောင့် စိုးရိမ်မှုတိုးများလာပေမည်။ အထူးသဖြင့် ဤအခြေအနေမျိုးတွင် ကျွန်ုပ်တို့၏ကိစ္စအဝဝကို ယေဟောဝါလက်ထဲ အပ်နှံထားရန် လိုအပ်ပါသည်။ တပည့်တော်ယာကုပ်က ဤသို့ရေးသားသည်– “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။” (ယာကုပ် ၅:၁၁) ယောဘခမျာ စီးပွားပျက်ရုံမက သားသမီးဆယ်ယောက်ကို သေခြင်း၌ ဆုံးရှုံးခဲ့ရ၏၊ ရွံရှာဖွယ်ကောင်းသော ရောဂါကိုရပြီး နှစ်သိမ့်မှုပေးဟန်ဆောင်သူများ၏ မတရားစွပ်စွဲမှုကို ခံခဲ့ရရှာသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် စိုးရိမ်ပူပန်မှု အနည်းနှင့်အများ ရှိမည်အမှန်။

၁၄ မည်သို့ဆိုစေကာမူ ယောဘသည် စိတ်ရှည်သည်းခံခြင်းနှင့်စပ်လျဉ်း၍ ပုံသက်သေကောင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အပြင်းအထန်စမ်းသပ်ခံရမည်ဆိုလျှင် သူ့နည်းတူပင် သက်သာရာအတွက် စောင့်ဆိုင်းရကောင်း စောင့်ဆိုင်းရပေမည်။ သို့သော် ဘုရားသခင်သည် သူ့အားအကျိုးပြုတော်မူသည်။ နောက်ဆုံးတွင် ယောဘသည် ဒုက္ခဝေဒနာများမှ သက်သာရာရပြီး ကြွယ်ဝစွာ ဆုကျေးဇူးများချခံခဲ့ရသည်။ (ယောဘ ၄၂:၁၀-၁၇) ယေဟောဝါကို စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းခြင်းက ကျွန်ုပ်တို့၏ခံနိုင်ရည်ကို တိုးပွားစေ၍ ကိုယ်တော်အပေါ် ကျွန်ုပ်တို့ဆက်ကပ်အပ်နှံမှု၏ အတိမ်အနက်ကို ထင်ရှားပေါ်လွင်စေသည်။—ယာကုပ် ၁:၂-၄။

ယေဟောဝါ၌ ယုံစားခြင်း

၁၅။ ယေဟောဝါကို ကျွန်ုပ်တို့ အဘယ်ကြောင့်အကြွင်းမဲ့ယုံစားသင့်သနည်း။

၁၅ ဘုရားသခင်သည် ‘သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့’ ဟုယုံကြည်သူချင်းတို့အား ပေတရုတိုက်တွန်းသည်။ (၁ ပေတရု ၅:၇) ထို့ကြောင့် ယေဟောဝါကို ကျွန်ုပ်တို့အကြွင်းမဲ့ယုံစားနိုင်၍ ယုံလည်းယုံစားသင့်ပါသည်။ နယပုံပြင် ၃:၅၊ ၆ ကဤသို့ဆိုသည်– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကြောင့် အလွန်စိုးရိမ်တတ်သူအချို့သည် အခြားသူများကို ယုံစားဖို့ရန် မလွယ်ကူပါ။ သို့သော် အသက်၏ပင်ရင်းအမြစ်၊ အသက်ဆက်ရှင်ခွင့်ပေးသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကိုကား ယုံစားနိုင်သည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ ကိစ္စတစ်ခုခုတွင် မိမိတုံ့ပြန်မှုကိုမိမိ မယုံစားနိုင်သော်လည်း အခက်အခဲဒုက္ခများမှ ကျွန်ုပ်တို့ကို ယေဟောဝါ ကယ်နုတ်တော်မူမည်အကြောင်းကိုမူ အမြဲစိတ်ချနိုင်ပါသည်။—ဆာလံ ၃၄:၁၈၊ ၁၉; ၃၆:၉; ၅၆:၃၊ ၄။

၁၆။ ပစ္စည်းဥစ္စာတို့အတွက် စိုးရိမ်မှုအကြောင်း ယေရှုခရစ် ဘာပြောသနည်း။

၁၆ ဘုရားသခင်ကို ယုံစားခြင်း၌ သားတော် ယေရှုခရစ်၏ စကားကို နားထောင်ခြင်းပါဝင်သည်။ ကိုယ်တော်သည် ခမည်းတော်ထံမှ တတ်သိသင်ယူထားသမျှကို သွန်သင်ပေးတော်မူသည်။ (ယောဟန် ၇:၁၆) ယေဟောဝါ၏အမှုတော်ကိုထမ်းခြင်းအားဖြင့် ‘ကောင်းကင်တွင် ဘဏ္ဍာကိုဆည်းပူး’ ရန် တပည့်တော်များအား ယေရှုတိုက်တွန်းခဲ့သည်။ သို့သော် စားဝတ်နေရေးအတွက် လိုအပ်ရာများကော။ “မစိုးရိမ်ကြနှင့်” ဟုယေရှုမှာကြားတော်မူသည်။ ငှက်တို့ကို ဘုရားသခင်ကျွေးထားကြောင်း သူထောက်ပြခဲ့သည်။ ပန်းမန်တို့ကို တင့်တယ်လှပစွာ ဆင်ယင်ပေးသည်။ ဘုရားသခင်၏ ကျေးကျွန်တို့သည် ထိုအရာတို့ထက် တန်ဖိုးရှိသည်မဟုတ်ပေလော။ အမှန်တန်ဖိုးရှိ၏။ သို့ဖြစ်သောကြောင့် ယေရှုက ဤသို့တိုက်တွန်းသည်– “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။” ယေရှုက ဤသို့ဆက်ဆိုသည်– “ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။” (မဿဲ ၆:၂၀၊ ၂၅-၃၄) မှန်သည်၊ ကျွန်ုပ်တို့သည် စားဝတ်နေရေးအတွက် လိုအပ်ပါသည်။ သို့သော် ယေဟောဝါ၌ ယုံစားမည်ဆိုလျှင် ယင်းကိစ္စများအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေမည်မဟုတ်ပါ။

၁၇။ ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ဦးရှာရန်လိုကြောင်း မည်သို့ရှင်းပြနိုင်သနည်း။

၁၇ ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ဦးရှာရန် ဘုရားသခင်ကိုယုံစားပြီး ကျွန်ုပ်တို့ဦးစားပေးသင့်ရာတို့ကို သူ့နေရာနှင့်သူ ထားရပါမည်။ ရေငုပ်သမားသည် ပုလဲပါသော မုတ်ကောင်ကို ရှာခြင်းငှာ အသက်ရှူကိရိယာများမပါဘဲ ရေထဲသို့ ကျွမ်းထိုးချပေမည်။ ယင်းကား သူ၏မိသားစုအတွက် ဝမ်းစာရှာနည်းဖြစ်သည်။ အမှန်အလျင်ကျသော ဦးစားထားရာပင်ဖြစ်သည်တကား! သို့သော် ထိုထက်အရေးကြီးသည်ကား အဘယ်နည်း။ လေဖြစ်သတည်း! လေပြန်ရှူပေးရန် ရေပြင်ပေါ် သူမကြာခဏပြန်ပေါ်လာရ၏။ လေသည် သာ၍အလျင်ကျသော ဦးစားထားရာဖြစ်ပါသည်။ ထိုနည်းတူစွာ အသက်ရှင်ရန် မရှိမဖြစ်လိုအပ်ရာများအတွက် ဤအစီအစဉ်စနစ်တွင် အနည်းအကျဉ်းပါဝင်ပတ်သက်နေရကောင်း နေရပေမည်။ သို့ရာတွင် ဝိညာဉ်ရေးရာများကို ဦးစားပေးရမည်။ အကြောင်းမူကား ကျွန်ုပ်တို့အိမ်ထောင်သည် တကယ်ပင်အသက်ရှင်နိုင်ရန် ဤအရာများပေါ်မူတည်သည်။ ဥစ္စာပစ္စည်းအတွက် လွန်ကဲစွာစိုးရိမ်ပူပန်မှုကို ရှောင်ကြဉ်နိုင်ရန် ဘုရားသခင်ကို အကြွင်းမဲ့ယုံစားရန်လိုသည်။ ထိုထက်ကား ‘သခင်ဘုရား၏အမှုတော်၌ အလုပ်များနေခြင်း’ ကစိုးရိမ်မှုကို လျော့နည်းစေရန် အကူအညီဖြစ်မည်။ အကြောင်းမူကား “ယေဟောဝါ၏ ရွှင်လန်းခြင်း” သည်ကျွန်ုပ်တို့၏ ခံတပ်ဖြစ်သည်။—၁ ကောရိန္သု ၁၅:၅၈; နေဟမိ ၈:၁၀၊ ကဘ။

သင်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ ဆက်၍အပ်နှံကြလော့

၁၈။ ကျွန်ုပ်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ အပ်နှံခြင်းသည် အမှန်အကူအညီပေးကြောင်း အဘယ်သာဓကရှိသနည်း။

၁၈ ဝိညာဉ်ရေးဘက်သာ အာရုံစူးစိုက်နေနိုင်ရန် ကျွန်ုပ်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ ဆက်၍အပ်နှံနေရမည်။ ကိုယ်တော်သည် မိမိ၏ကျေးကျွန်များကို သတိနှင့်ကြည့်ရှုနေတော်မူကြောင်း အမြဲသတိရပါ။ ဥပမာ– ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် မိမိလင်ယောက်ျား၏ ဖောက်ပြန်မှုကြောင့် ညအခါတွင် လုံးဝမအိပ်နိုင်သည်အထိ သူမစိုးရိမ်မှုများနေရှာသည်။ (ဆာလံ ၁၁၉:၂၈ နှိုင်းယှဉ်။) သို့ရာတွင် အိပ်ရာထဲ၌ ယေဟောဝါအပေါ် သူမ၏ စိုးရိမ်မှုတို့ကို လွှဲအပ်လေ့ရှိသည်။ မိမိနှင့် မိမိ၏သမီးငယ်နှစ်ဦး ခံစားနေရသည့် စိတ်ဆင်းရဲခြင်းအကြောင်းကို ဘုရားသခင်ထံ နှလုံးဖွင့်ဟသွန်ချသည်။ သက်သာရာရရန်အတွက် လှိုက်လှဲစွာ ငိုယို၍ဆုတောင်းပြီးနောက် ပြန်အိပ်ပျော်သွားနိုင်စမြဲရှိသည်ဟု သူမပြောပြသည်။ အကြောင်းမှာ မိမိနှင့် မိမိ၏ကလေးများကို ယေဟောဝါဂရုစိုက်လိမ့်မည်ဟု သူမယုံစားသောကြောင့်ဖြစ်သည်။ ဤကျမ်းဆိုင်ရာ ကွာရှင်းထားသော အမျိုးသမီးသည် ယခုအကြီးအကဲတစ်ဦးကို လက်ထပ်ခဲ့ပြီး ပျော်ရွှင်နိုင်ပြီဖြစ်သည်။

၁၉၊ ၂၀။ (က) စိုးရိမ်မှုကို နိုင်နင်းနိုင်သည့် နည်းအချို့ကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့၏စိုးရိမ်မှုရှိသမျှကို မည်သို့ဆက်၍ပြုလုပ်သင့်သနည်း။

၁၉ ယေဟောဝါ၏လူမျိုးအနေနှင့် စိုးရိမ်မှုကို နိုင်နင်းနိုင်သည့်နည်း အမျိုးမျိုးရှိသည်။ အထူးသဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လိုက်နာကျင့်သုံးခြင်းကား အကူအညီများစွာပေးသည်။ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ဘုရားသခင်ပြင်ဆင်တော်မူသော အဖိုးတန်ဝိညာဉ်အစာကို ကျွန်ုပ်တို့ရရှိထားသည်။ ယင်းတို့တွင် ကင်းမျှော်စင် နှင့် နိုးလော့! ၌ပါသော အထောက်အကူဖြစ်၍ အားသစ်လန်းစေသည့်ဆောင်းပါးများလည်း ပါဝင်သည်။ (မဿဲ ၂၄:၄၅-၄၇) ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်အကူအညီလည်း ကျွန်ုပ်တို့ရရှိကြသည်။ မကြာခဏ လှိုက်လှဲစွာဆုတောင်းခြင်းကလည်း အကျိုးများစွာပြုသည်။ ခန့်အပ်ခံ ခရစ်ယာန်အကြီးအကဲများသည် ဝိညာဏအကူအညီနှင့် စိတ်သက်သာမှုပေးရန် လိုလိုလားလားနှင့် အသင့်ရှိကြသည်။

၂၀ အပြင်းအထန် စိုးရိမ်ပူပန်ရသည့်အခါ ယင်းကိုခံရပ်နိုင်ရန် ကိုယ်ကိုယ်တိုင်၏နှိမ့်ချခြင်းနှင့် စိတ်ရှည်ခြင်းတို့သည် များစွာအကျိုးပြုသည်။ အထူးသဖြင့်အရေးကြီးသည်ကား ယေဟောဝါကို အကြွင်းမဲ့ယုံစားခြင်းဖြစ်သည်။ အကြောင်းမှာ ကိုယ်တော်၏မစမှုနှင့် လမ်းညွှန်မှုကို ခံစားကြရစဉ် ကျွန်ုပ်တို့၏ယုံကြည်ခြင်း တိုးပွားလာသည်။ တစ်ဖန် ဘုရားသခင်ကိုယုံကြည်ခြင်းက အလွန်အကျွံစိတ်ဒုက္ခ မရောက်စေပါ။ (ယောဟန် ၁၄:၁) ယုံကြည်ခြင်းသည် ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ဦးရှာရန်နှင့် သခင်ဘုရား၏ ရွှင်လန်းအားရဖွယ်လုပ်ငန်း၌ အလုပ်များနေစေရန် တိုက်တွန်းပေးသည်။ ယင်းတို့က စိုးရိမ်ပူပန်မှုကို နိုင်နင်းရန် အထောက်အကူပြုသည်။ ဤသို့လုပ်ကိုင်ခြင်းက ကမ္ဘာအဆက်ဆက် ဘုရားသခင့်ဘုန်းတော်ကို ချီးမွမ်းထောမနာပြုမည့်သူတို့အလယ်တွင် ကျွန်ုပ်တို့အား လုံခြုံမှုရှိစေပါသည်။ (ဆာလံ ၁၀၄:၃၃) ထို့ကြောင့် ကျွန်ုပ်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ ဆက်၍အပ်နှံကြစို့လေ။

သင်မည်သို့တုံ့ပြန်မည်နည်း

◻ စိုးရိမ်မှုကို မည်သို့ရှင်းလင်းဖော်ပြနိုင်သနည်း။

◻ စိုးရိမ်မှုကို နိုင်နင်းနိုင်သည့် နည်းအချို့ကား အဘယ်နည်း။

◻ နှိမ့်ချခြင်းနှင့် စိတ်ရှည်ခြင်းသည် စိုးရိမ်မှုကို မည်သို့လျှော့ပေါ့စေသနည်း။

◻ စိုးရိမ်မှုကို နိုင်နင်းစွာ ရင်ဆိုင်နိုင်ရန် ယေဟောဝါကို အကြွင်းမဲ့ယုံစားခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

◻ ကျွန်ုပ်တို့၏စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါအပေါ် အဘယ်ကြောင့် ဆက်၍လွှဲအပ်သင့်သနည်း။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

“မစိုးရိမ်ကြနှင့်” ဟု ယေရှု အဘယ်ကြောင့် မိန့်တော်မူကြောင်း သိပါသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ