အခန်း ၆
ဖျော်ဖြေမှု ရွေးချယ်နိုင်ပုံ
“ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ။”—၁ ကောရိန္သု ၁၀:၃၁။
၁၊ ၂။ ဖျော်ဖြေမှု ရွေးချယ်တဲ့အခါ ဘာကြောင့် ဂရုစိုက်ရမလဲ။
အသီးတစ်လုံး စားတော့မယ့်ဆဲဆဲ တစ်နေရာမှာ ပုပ်နေတာ တွေ့လိုက်တယ် ဆိုပါစို့။ ဘာလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် စားလိုက်မလား။ လွှင့်ပစ်လိုက်မလား။ ဒါမှမဟုတ် ပုပ်နေတဲ့ အပိုင်းကို လှီးထုတ်ပြီး ကောင်းတဲ့ အပိုင်းကို စားမလား။
၂ ဖျော်ဖြေမှုက အဲဒီအသီးနဲ့ တူတယ်။ ဖျော်ဖြေမှုတချို့က နှစ်သက်စရာကောင်းပေမဲ့ အများစုမှာ အကျင့်ပျက်မှု၊ အကြမ်းဖက်မှု၊ နတ်ဆိုးနဲ့ဆိုင်တာတွေ ပါဝင်နေလို့ ပုပ်နေတဲ့အပိုင်းနဲ့ တူတယ်။ ဒါကြောင့် ဖျော်ဖြေမှု ရွေးချယ်တဲ့အခါ “ဒါက ငါ့ကိစ္စ။ ငါကြိုက်တဲ့ ဖျော်ဖြေမှုကို ငါရွေးချယ်လို့ ရတယ်” လို့ ပြောသလား။ ဒါမှမဟုတ် “ဖျော်ဖြေမှုအားလုံး မကောင်းဘူး” လို့ ပြောသလား။ ဒါမှမဟုတ် အကျိုးမပြုတဲ့ ဖျော်ဖြေမှုကို ရှောင်ပြီး အကျိုးပြုတဲ့ ဖျော်ဖြေမှုကို ဂရုတစိုက် ရွေးချယ်သလား။
၃။ ဖျော်ဖြေမှု ရွေးချယ်တဲ့အခါ ဘာကို စဉ်းစားသုံးသပ်သင့်သလဲ။
၃ ကျွန်တော်တို့အားလုံး အပန်းဖြေမှု၊ ဖျော်ဖြေမှု လိုအပ်ကြတယ်။ ဂရုတစိုက် ရွေးချယ်ချင်ကြတယ်။ ဒါကြောင့် ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုက ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးရမယ်။
“ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ”
၄။ ဖျော်ဖြေမှု ရွေးချယ်ရာမှာ အကူအညီ ဖြစ်စေနိုင်မယ့် ကျမ်းစာအခြေခံမူတစ်ခုက ဘာလဲ။
၄ ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံတုန်းက အသက်တာတစ်ခုလုံးကို အမှုတော်ဆောင်ရာမှာ အသုံးပြုပါ့မယ်လို့ ကတိပေးကြတယ်။ (ဒေသနာ ၅:၄ ကိုဖတ်ပါ။) “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်ပြီး အရာရာကို လုပ်ဆောင်” ပါ့မယ်လို့ ကတိပြုကြတယ်။ (၁ ကောရိန္သု ၁၀:၃၁) ကျွန်တော်တို့ဟာ အစည်းအဝေး တက်ချိန်၊ အမှုဆောင်ချိန်မှာသာမက အနားယူချိန်၊ အပန်းဖြေချိန်မှာပါ ဘုရားကို ဆက်ကပ်အပ်နှံထားသူတွေ ဖြစ်တယ်လို့ ဆိုလိုတယ်။
၅။ ယေဟောဝါကို ဘယ်လို ဝတ်ပြုမှုမျိုး ပေးသင့်သလဲ။
၅ ဘဝမှာ ကျွန်တော်တို့ လုပ်ဆောင်သမျှက ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ဆက်နွှယ်နေတယ်။ “အသက်ရှင်နေတဲ့၊ သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာအဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ဆက်သကြပါ” လို့ ပြောပြီး အဲဒီအချက်ကို ပေါလု ရှင်းပြခဲ့တယ်။ (ရောမ ၁၂:၁) “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါ” လို့ ယေရှု ပြောခဲ့တယ်။ (မာကု ၁၂:၃၀) ယေဟောဝါကို ကျွန်တော်တို့ အကောင်းဆုံး ပေးဆက်ချင်ကြပါတယ်။ ရှေးအစ္စရေးတွေ ယေဟောဝါဆီ တိရစ္ဆာန် ပူဇော်သက္ကာ ဆက်သတဲ့အခါ အနာအဆာ မရှိတဲ့ တိရစ္ဆာန် ဆက်သရတယ်။ အနာအဆာပါတဲ့ ပူဇော်သက္ကာ ဖြစ်နေရင် ဘုရား လက်မခံဘူး။ (ဝတ်ပြုရာ ၂၂:၁၈-၂၀) အလားတူပဲ ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ လက်မခံတာမျိုး ဖြစ်သွားနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။
၆၊ ၇။ ဖျော်ဖြေမှုက ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။
၆ “ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်” လို့ ကျွန်တော်တို့ကို ယေဟောဝါ မိန့်မှာတယ်။ (၁ ပေတရု ၁:၁၄-၁၆။ ၂ ပေတရု ၃:၁၁) ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု သန့်ရှင်းစင်ကြယ်နေမှ ယေဟောဝါ လက်ခံမယ်။ (တရားဟောရာ ၁၅:၂၁) အကျင့်ပျက်မှု၊ အကြမ်းဖက်မှု၊ နတ်ဆိုး စတဲ့အရာတွေနဲ့ပတ်သက်တဲ့ ယေဟောဝါ ရွံမုန်းတဲ့ အရာတွေကို လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု မသန့်ရှင်းနိုင်ဘူး။ (ရောမ ၆:၁၂-၁၄။ ၈:၁၃) အဲဒီအရာတွေနဲ့ အပန်းဖြေနေမယ်ဆိုရင်လည်း ယေဟောဝါ နှစ်သက်မှာ မဟုတ်ဘူး။ အဲဒါတွေက ကျွန်တော်တို့ရဲ့ ဝတ်ပြုရေးကို မသန့်မရှင်း ဖြစ်သွားစေနိုင်တယ်။ ဘုရား လက်မခံနိုင်တဲ့အရာ ဖြစ်သွားနိုင်ပြီး ဘုရားနဲ့ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်နိုင်တယ်။
၇ ဒါဆိုရင် ဖျော်ဖြေမှုကို ဘယ်လို ပညာရှိရှိ ရွေးချယ်နိုင်သလဲ။ လက်ခံနိုင်တဲ့၊ လက်မခံနိုင်တဲ့ ဖျော်ဖြေမှုကို ခွဲခြားသိနိုင်အောင် ဘယ်အခြေခံမူတွေက ကူညီပေးမလဲ။
မကောင်းမှုကို မုန်းကြပါ
၈၊ ၉။ ဘယ်လို ဖျော်ဖြေမှုမျိုးကို ရှောင်ကြသလဲ။ ဘာကြောင့်လဲ။
၈ ဒီနေ့ ဖျော်ဖြေမှု ပုံစံအမျိုးမျိုး ရှိတယ်။ ဖျော်ဖြေမှုတချို့ကို ခရစ်ယာန်တွေ လက်ခံလို့ ရပေမဲ့ အများစုကိုတော့ လက်ခံလို့ မရဘူး။ ဦးဆုံး၊ ကျွန်တော်တို့ ဘယ်လို ဖျော်ဖြေမှုမျိုးကို ရှောင်ရမယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။
၉ ရုပ်ရှင်၊ ဝက်ဘ်ဆိုက်၊ ရုပ်မြင်သံကြား အစီအစဉ်၊ ဗီဒီယိုဂိမ်း၊ သီချင်းများစွာဟာ အကျင့်ပျက်မှု၊ အကြမ်းဖက်မှု၊ နတ်ဆိုးတွေနဲ့ ဆက်နွှယ်နေတယ်။ မကောင်းတာတွေကို အပြစ်ကင်းသယောင်၊ ဟာသအနေနဲ့တောင် တင်ဆက်တတ်ကြတယ်။ ခရစ်ယာန်တွေကတော့ ယေဟောဝါရဲ့ သန့်ရှင်းတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဖျော်ဖြေမှုကို ငြင်းပယ်ကြတယ်။ (တမန်တော် ၁၅:၂၈၊ ၂၉။ ၁ ကောရိန္သု ၆:၉၊ ၁၀) အဲဒီလိုဖျော်ဖြေမှုတွေကို ငြင်းပယ်တဲ့အခါ မကောင်းမှုကို မုန်းကြောင်း ယေဟောဝါဆီ သက်သေပြရာရောက်တယ်။—ဆာလံ ၃၄:၁၄။ ရောမ ၁၂:၉။
၁၀။ ဖျော်ဖြေမှု အရွေးမှားရင် ဘာဖြစ်နိုင်သလဲ။
၁၀ အကြမ်းဖက်၊ အကျင့်ပျက်မှု၊ နတ်ဆိုးနဲ့ဆိုင်တဲ့ ဖျော်ဖြေမှုတွေ ကြည့်တာ မမှားဘူးလို့ တချို့ ယူဆကြတယ်။ ‘ဘာမှ မဖြစ်ပါဘူး။ အဲဒီအတိုင်း လိုက်လုပ်မှာမှ မဟုတ်တာ’ လို့ ထင်ကြတယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ “စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။ ထင်ရာစိုင်းတတ်တယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယေရမိ ၁၇:၉) ယေဟောဝါ လက်မခံနိုင်တဲ့အရာတွေနဲ့ အပန်းဖြေမယ်ဆိုရင် အဲဒါတွေကို မုန်းတယ်လို့ ဆိုနိုင်ပါ့မလား။ အဲဒါတွေနဲ့ အပန်းဖြေလေ သာမန်အရာအဖြစ် ပိုလက်ခံလာနိုင်လေပဲ။ နောက်ပိုင်း ကျွန်တော်တို့ရဲ့ သိစိတ် ထုံထိုင်းမယ်။ ရွေးချယ်မှု မှားတော့မယ့်အခါမှာ သတိမပေးတော့ဘူး။—ဆာလံ ၁၁၉:၇၀။ ၁ တိမောသေ ၄:၁၊ ၂။
၁၁။ ဖျော်ဖြေမှု ရွေးချယ်ရာမှာ ဂလာတိ ၆:၇ က ဘယ်လို ကူညီပေးနိုင်သလဲ။
၁၁ “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဂလာတိ ၆:၇) မကောင်းတဲ့အရာတွေပါတဲ့ ဖျော်ဖြေမှုနဲ့ ကျွန်တော်တို့ အပန်းဖြေမယ်ဆိုရင် နောက်ပိုင်း ကိုယ်တိုင် လုပ်လာနိုင်တယ်။ ဥပမာ၊ တချို့က လိင်အကျင့်ယိုယွင်းတဲ့ ဖျော်ဖြေမှုကို အမြဲ ကြည့်တဲ့အတွက် ကိုယ်တိုင် လိင်အကျင့်ယိုယွင်းခဲ့ကြတယ်။ ဒါပေမဲ့ ဖျော်ဖြေမှုကို ပညာရှိရှိ ရွေးချယ်နိုင်အောင် ယေဟောဝါ အကူအညီ ပေးထားတယ်။
ကျမ်းစာအခြေခံမူတွေ သုံးပြီး ဆုံးဖြတ်ပါ
၁၂။ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ဘာက ကူညီပေးမလဲ။
၁၂ ယေဟောဝါ မနှစ်သက်ကြောင်း သိသာတဲ့ ဖျော်ဖြေမှုတွေကို ကျွန်တော်တို့ ရှောင်ကြတယ်။ မသိသာတဲ့ ဖျော်ဖြေမှုတွေကော။ ကြည့်သင့်တဲ့၊ နားထောင်သင့်တဲ့၊ ဖတ်သင့်တဲ့ စာရင်းကို ယေဟောဝါ မပေးထားပါဘူး။ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်ကို သုံးပြီး ဆုံးဖြတ်စေချင်တယ်။ (ဂလာတိ ၆:၅ ကိုဖတ်ပါ။) ကိစ္စရပ်တွေအပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံကို သင်ပေးတဲ့ အခြေခံအမှန်တရား၊ အခြေခံမူတွေကို ယေဟောဝါ ပေးထားတယ်။ အဲဒီမူတွေက ကျွန်တော်တို့ရဲ့ သိစိတ်ကို လေ့ကျင့်ပေးနိုင်တယ်။ “ယေဟောဝါရဲ့ အလိုတော်ကို” သိရှိစေပြီး ဘုရားနှစ်သက်ရာကို ရွေးချယ်နိုင်အောင် ကူညီပေးတယ်။—ဧဖက် ၅:၁၇။
ကျမ်းစာအခြေခံမူတွေက ဖျော်ဖြေမှု ရွေးချယ်တတ်ဖို့ ကူညီပေး
၁၃။ ခရစ်ယာန်တွေ ဖျော်ဖြေမှု ရွေးချယ်တာ ဘာကြောင့် မတူကြသလဲ။ ဘာက အရေးကြီးသလဲ။
၁၃ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး ခရစ်ယာန်တစ်ယောက်နဲ့ တစ်ယောက် ရွေးချယ်တာ မတူကြဘူး။ ဘာကြောင့်လဲ။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူကြလို့ပဲ။ တစ်ယောက် လက်သင့်ခံတဲ့အရာက နောက်တစ်ယောက်အတွက် လက်သင့်မခံနိုင်တဲ့အရာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ခရစ်ယာန်အားလုံး ကျမ်းစာအခြေခံမူတွေအတိုင်း လိုက်ရမယ်။ (ဖိလိပ္ပိ ၁:၉) ကျမ်းစာမူတွေက ဘုရား လက်သင့်ခံနိုင်တဲ့ ဖျော်ဖြေမှုမျိုး ရွေးချယ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ဆာလံ ၁၁၉:၁၁၊ ၁၂၉။ ၁ ပေတရု ၂:၁၆။
၁၄။ (က) အချိန်အသုံးပြုပုံကို ထည့်စဉ်းစားဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) ခရစ်ယာန်တွေကို ပေါလု ဘာအကြံပေးခဲ့သလဲ။
၁၄ ထည့်စဉ်းစားရမယ့်အရာ နောက်တစ်ခုက ဖျော်ဖြေမှုအတွက် အသုံးပြုတဲ့ အချိန်ပဲ။ အဲဒါက ဖျော်ဖြေမှုကို ဘယ်လောက် အလေးထားတယ်ဆိုတာ ဖော်ပြတယ်။ ကျွန်တော်တို့ ခရစ်ယာန်တွေအတွက် အရေးကြီးဆုံးကတော့ ယေဟောဝါရဲ့ ဝတ်ပြုရေးပါ။ (မဿဲ ၆:၃၃ ကိုဖတ်ပါ။) ဒါပေမဲ့ သတိမထားလိုက်မိဘဲ ဖျော်ဖြေမှုအတွက် အချိန်များများ ပိုပေးလာမိနိုင်တယ်။ “ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ” လို့ ခရစ်ယာန်တွေကို ပေါလု အကြံပေးခဲ့တယ်။ (ဧဖက် ၅:၁၅၊ ၁၆) ဒါကြောင့် ဖျော်ဖြေမှုအတွက် သုံးမယ့်အချိန်ကို ကန့်သတ်ထားရမယ်။ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုတွေကို အမြဲ ဦးစားပေးနေရမယ်။—ဖိလိပ္ပိ ၁:၁၀။
၁၅။ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တဲ့ ဖျော်ဖြေမှုကို ဘယ်လို ရှောင်နိုင်မလဲ။
၁၅ ယေဟောဝါ မနှစ်သက်တဲ့ ဖျော်ဖြေမှုကို ရှောင်ရမယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ ဒွိဟဖြစ်နေတဲ့ ဖျော်ဖြေမှုတွေကော။ ဂရုစိုက်နေရဦးမလား။ စဉ်းစားကြည့်ပါ။ တောင်ပေါ်လမ်းမှာ လျှောက်နေတယ်ဆိုရင် ချောက်ကမ်းပါး အစွန်းနားကနေ လျှောက်မလား။ မလျှောက်ဘူး။ အသက်ကို တန်ဖိုးထားရင် အန္တရာယ်ရှိတဲ့ နေရာကို ရှောင်မယ်။ ဖျော်ဖြေမှု ရွေးချယ်တဲ့အခါလည်း အဲဒီလိုပဲ။ “မကောင်းတဲ့လမ်းကို ရှောင်ရှားပါ” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၄:၂၅-၂၇) ဒါကြောင့် မကောင်းဘူးလို့ သိထားတဲ့ ဖျော်ဖြေမှုကိုပဲ ရှောင်မှာမဟုတ်ဘူး။ ကောင်းပုံမရတဲ့၊ ယေဟောဝါနဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တဲ့ သံသယဖြစ်ဖွယ် ဖျော်ဖြေမှုတွေကိုလည်း ရှောင်ကြရမယ်။
ယေဟောဝါရဲ့ အမြင်ကို သိထားခြင်း
၁၆။ (က) ယေဟောဝါ မုန်းတဲ့အရာတချို့က ဘာတွေလဲ။ (ခ) ယေဟောဝါ မုန်းတဲ့အရာတွေကို မုန်းကြောင်း ဘယ်လို ပြကြသလဲ။
၁၆ “ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှုကို မုန်းကြပါ” လို့ ဆာလံဆရာ ရေးခဲ့တယ်။ (ဆာလံ ၉၇:၁၀) ယေဟောဝါရဲ့ စဉ်းစားပုံ၊ သဘောထားအကြောင်း ကျမ်းစာက သင်ပေးတယ်။ ယေဟောဝါ ရှုမြင်သလို ရှုမြင်ဖို့ သင်ယူခဲ့ရာတွေက ဘယ်လို ကူညီပေးနိုင်ကြောင်း ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဥပမာ၊ “လိမ်တတ်တဲ့လျှာ၊ အပြစ်မဲ့သူကို သတ်တဲ့လက်၊ ဆိုးညစ်တာတွေကို ကြံစည်တဲ့စိတ်နှလုံး၊ မကောင်းတာလုပ်ဖို့ အမြန်ပြေးတတ်တဲ့ခြေ” ကို ယေဟောဝါ မုန်းကြောင်း သိရှိကြတယ်။ (ပညာအလိမ္မာ ၆:၁၆-၁၉) “လိင်အကျင့်ယိုယွင်းခြင်း၊ . . . ရုပ်တုကိုးကွယ်ခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း၊ . . . မနာလိုခြင်း၊ ဒေါသပေါက်ကွဲခြင်း၊ . . . မနာလိုမရှုဆိတ်ဖြစ်ခြင်း၊ သောက်စားမူးယစ်ခြင်း၊ အထိန်းအကွပ်မဲ့ ပွဲလုပ်ခြင်းစတဲ့ အရာတွေ” ကို ရှောင်ရမယ်ဆိုတာလည်း သိထားကြတယ်။ (ဂလာတိ ၅:၁၉-၂၁) ဖျော်ဖြေမှု ရွေးချယ်ရာမှာ ဒီကျမ်းစာအခြေခံမူတွေ ကူညီပေးနိုင်ပုံကို သိမြင်ပါသလား။ တခြားသူတွေနဲ့ ရှိချိန်မှာကော တစ်ယောက်တည်းရှိချိန်မှာပါ ဘဝကဏ္ဍအားလုံးမှာ ယေဟောဝါရဲ့ စံနှုန်းတွေကို လိုက်လျှောက်ချင်ကြတယ်။ (၂ ကောရိန္သု ၃:၁၈) တစ်ယောက်တည်းရှိနေချိန်မှာ ကျွန်တော်တို့ရွေးချယ်မှုက ဘယ်လို လူစားမျိုး ဖြစ်တယ်ဆိုတာကို ဖော်ပြတယ်။—ဆာလံ ၁၁:၄။ ၁၆:၈။
၁၇။ ဖျော်ဖြေမှု မရွေးချယ်ခင် ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။
၁၇ ဒါကြောင့် ဖျော်ဖြေမှု ရွေးချယ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ရွေးချယ်မှုက ယေဟောဝါနဲ့ ဆက်ဆံရေးကို ဘယ်လို ထိခိုက်မလဲ။ ငါ့အမှားအမှန်သိစိတ်ကို ဘယ်လို ထိခိုက်မလဲ။’ ဖျော်ဖြေမှု ရွေးချယ်တဲ့အခါ အကူအညီ ဖြစ်စေမယ့် နောက်ထပ် ကျမ်းစာအခြေခံမူတချို့ကို သုံးသပ်ကြည့်ကြစို့။
၁၈၊ ၁၉။ (က) ခရစ်ယာန်တွေကို ပေါလု ဘာအကြံပေးခဲ့သလဲ။ (ခ) ဖျော်ဖြေမှု ရွေးချယ်ဖို့ ဘယ်ကျမ်းစာအခြေခံမူတွေက ကူညီပေးမလဲ။
၁၈ ဖျော်ဖြေမှု ရွေးချယ်တယ်ဆိုတာ စိတ်ထဲ ဘာတွေ ဖြည့်မလဲဆိုတာကို ရွေးချယ်နေတာပါ။ “မှန်ကန်တဲ့အရာ၊ အလေးအနက်ထားရမယ့်အရာ၊ ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ၊ မေတ္တာတိုးစေတဲ့အရာ၊ အားပေးမှု ဖြစ်စေတဲ့အရာ၊ မွန်မြတ်တဲ့အရာ၊ ချီးမွမ်းထိုက်တဲ့အရာ မှန်သမျှကို အမြဲ ဆင်ခြင်သုံးသပ်နေကြပါ” လို့ ပေါလု ရေးခဲ့တယ်။ (ဖိလိပ္ပိ ၄:၈) စိတ်ထဲမှာ ကောင်းတဲ့အရာတွေ ဖြည့်ထားရင် “အို ယေဟောဝါ၊ . . . ကျွန်တော့်နှုတ်က ထွက်တဲ့ စကားတွေနဲ့ စိတ်ထဲက အတွေးတွေဟာ ကိုယ်တော် နှစ်သက်တာတွေ ဖြစ်ပါစေ” လို့ ပြောနိုင်မယ်။—ဆာလံ ၁၉:၁၄။
၁၉ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့စိတ်ထဲ ဘာတွေ ဖြည့်တင်းနေသလဲ။ ရုပ်ရှင်၊ ပွဲ ကြည့်ပြီးတဲ့အခါ ငါ ကျေနပ်လန်းဆန်းသွားသလား။ စိတ်ချမ်းသာသလား။ စိတ်ကြည်လင်သလား။ (ဧဖက် ၅:၅။ ၁ တိမောသေ ၁:၅၊ ၁၉) ယေဟောဝါဆီ ဆုတောင်းဖို့ စိတ်ပေါ့ပါးသလား။ စိတ်လေးနေသလား။ ဖျော်ဖြေမှုက ငါ့ကို အကြမ်းဖက်မှု၊ အကျင့်ပျက်မှု အကြောင်းတွေကို တွေးတောစေသလား။ (မဿဲ ၁၂:၃၃။ မာကု ၇:၂၀-၂၃) ငါရွေးချယ်တဲ့ ဖျော်ဖြေမှုကြောင့် “ဒီလောကစနစ်ရဲ့ ပုံသွင်းမှု” ကို ခံနေရသလား။’ (ရောမ ၁၂:၂) ရိုးသားစွာ ဖြေဆိုခြင်းက ကျွန်တော်တို့နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးကို ခိုင်ခံ့နေစေဖို့ ဘာလုပ်ဖို့ လိုမှန်း သိမြင်နိုင်မယ်။ ဆာလံဆရာလို “အချည်းနှီးဖြစ်တဲ့အရာတွေကို မကြည့်မိအောင် ကျွန်တော့်မျက်စိကို လွှဲပေးပါ” လို့ ဆုတောင်းချင်ကြပါတယ်။a—ဆာလံ ၁၁၉:၃၇။
ကိုယ့်ဆုံးဖြတ်ချက်တွေက တခြားသူတွေအပေါ် သက်ရောက်မှုရှိ
၂၀၊ ၂၁။ ဖျော်ဖြေမှု ရွေးချယ်တဲ့အခါ တခြားသူတွေရဲ့ ခံစားချက်ကို ဘာကြောင့် ထည့်စဉ်းစားရမလဲ။
၂၀ “အရာအားလုံးကို လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံး အားပေးမှု ဖြစ်စေတာ မဟုတ်ဘူး။ လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ” ဆိုတဲ့ အရေးကြီးတဲ့ ကျမ်းစာအခြေခံမူကို မှတ်ထားရမယ်။ (၁ ကောရိန္သု ၁၀:၂၃၊ ၂၄) တစ်ခုခုကို လုပ်ပိုင်ခွင့် ရှိတာနဲ့ပဲ လုပ်ရမယ်လို့ မဆိုလိုဘူး။ ကိုယ့်ဆုံးဖြတ်ချက်တွေက ညီအစ်ကို/မတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိကြောင်း အသေအချာ စဉ်းစားရမယ်။
၂၁ လူတိုင်းရဲ့ အမှားအမှန်သိစိတ် မတူကြပါဘူး။ ဥပမာ၊ ကိုယ့်အမှားအမှန်သိစိတ်က ရုပ်မြင်သံကြား အစီအစဉ် တစ်ခုကို ကြည့်ဖို့ ခွင့်ပြုနိုင်တယ်။ ဒါပေမဲ့ ညီအစ်ကို ဒါမှမဟုတ် ညီအစ်မရဲ့ သိစိတ်က ကြည့်ဖို့ ခွင့်မပြုမှန်း သိလာတယ်။ ဘာလုပ်မလဲ။ ကြည့်ပိုင်ခွင့် ရှိရင်တောင်မှ မကြည့်ဖို့ ဆုံးဖြတ်ပါလိမ့်မယ်။ ဘာကြောင့်လဲ။ “ညီအစ်ကိုတွေကို ပြစ်မှားတာ၊” ဒါမှမဟုတ် “ခရစ်တော်ကို ပြစ်မှားတာ” မဖြစ်ချင်လို့ပဲ။ (၁ ကောရိန္သု ၈:၁၂) ယုံကြည်သူချင်းတွေကို ထိမိလဲစေမယ့် အရာမှန်သမျှကို မလုပ်ချင်ကြဘူး။—ရောမ ၁၄:၁။ ၁၅:၁။ ၁ ကောရိန္သု ၁၀:၃၂။
၂၂။ တခြားခရစ်ယာန်တွေရဲ့ ရွေးချယ်မှုနဲ့ပတ်သက်ပြီး အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ဘယ်လို ပြကြမလဲ။
၂၂ တခြားတစ်ယောက် လက်သင့်ခံတဲ့အရာတစ်ခုခုကို ကိုယ့်အမှားအမှန်သိစိတ်က ကြည့်ခွင့်၊ ဖတ်ခွင့်၊ လုပ်ခွင့် မပြုဘူးဆိုရင်ကော။ ကိုယ့်ညီအစ်ကိုကို ချစ်လို့၊ လေးစားလို့ ကိုယ်နဲ့ထပ်တူ ရွေးချယ်ဖို့ ဖိအားပေးမှာ မဟုတ်ဘူး။ ယာဉ်မောင်းတစ်ယောက်က တခြားယာဉ်မောင်းတွေ ကိုယ့်ထက် မြန်အောင်၊ နှေးအောင် မောင်းနိုင်တယ်၊ ကျွမ်းကျင်ကြတယ်ဆိုတာ သိတယ်။ အလားတူပဲ လက်သင့်ခံနိုင်တဲ့ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး အယူအဆ အနည်းငယ် ကွဲပြားနိုင်ပေမဲ့ နှစ်ယောက်စလုံး ကျမ်းစာမူတွေကို လိုက်လျှောက်နေကြတယ်။—ဒေသနာ ၇:၁၆။ ဖိလိပ္ပိ ၄:၅။
၂၃။ ဖျော်ဖြေမှုကို ကောင်းမွန်စွာ ရွေးချယ်ဖို့ ဘာက ကူညီပေးမလဲ။
၂၃ ဖျော်ဖြေမှုကို ကောင်းမွန်စွာ ရွေးချယ်ဖို့ ဘာက ကူညီပေးမလဲ။ ကျမ်းစာအခြေခံမူတွေနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်ကို အသုံးပြုတဲ့အခါ၊ ညီအစ်ကို/မတွေကို အမှန်တကယ် ဂရုစိုက်တဲ့အခါ ကောင်းကောင်း ရွေးချယ်မယ်။ အဲဒီအခါ “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်ပြီး အရာရာကို လုပ်ဆောင်” နေကြတာမို့ ပျော်ရွှင်မှု ခံစားကြရမှာပါ။
a ပညာအလိမ္မာ ၃:၃၁။ ၁၃:၂၀။ ဧဖက် ၅:၃၊ ၄။ ကောလောသဲ ၃:၅၊ ၈၊ ၂၀ တို့မှာ ဖျော်ဖြေမှု ရွေးချယ်တဲ့အခါ အကူအညီ ဖြစ်စေမယ့် ကျမ်းစာအခြေခံမူတွေ တွေ့နိုင်ပါတယ်။