ညီရင်းအစ်ကိုသဘောထား၏ သော့ချက်ကို ရှာဖွေတွေ့ရှိခြင်း
“သင်တို့သည် . . . ဘုရားဝတ်၌မွေ့လျော်ခြင်းကို ညီရင်းအစ်ကိုသဘောထား . . . ဖြင့်လည်းကောင်း . . . ထပ်လောင်း ဖြည့်စွက်ပေး . . . ကြလော့။”—၂ ပေတရု ၁:၅-၇၊ သက။
၁ ယေဟောဝါ၏လူများ စုဝေးကြသည့်အချိန်များသည် ဝမ်းမြောက်ရွှင်လန်းဖွယ်အချိန်အခါ ဖြစ်ရသည့် အဓိကအကြောင်းများအနက် တစ်ခုကား အဘယ်နည်း။
တစ်ခါက သာသနာပြုသင်တန်းတက်ခဲ့သော သမီးဖြစ်သူ၏ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းဆင်းပွဲကို ယေဟောဝါသက်သေမဟုတ်သော ဆရာဝန်တစ်ဦး တက်ရောက်ခဲ့သည်။ ဝမ်းမြောက်ရွှင်လန်းသောလူစုကိုမြင်ပြီး ဤလူများတွင် ဖျားနာမှုအလွန်နည်းရမည်ဟု သူမှတ်ချက်ချခဲ့ပါသည်။ ယင်းလူစုအား ပျော်ရွှင်စေသည်ကား အဘယ်နည်း။ ယင်းနှင့်စပ်လျဉ်း၍ အသင်းတော်များ၊ တိုက်နယ်စည်းဝေးပွဲများနှင့် ခရိုင်စည်းဝေးကြီးများတွင် ယေဟောဝါ၏လူများ စုဝေးကြသည့်အချိန်များသည် အဘယ်အရာက ဝမ်းမြောက်ရွှင်လန်းဖွယ်အချိန်အခါများ ဖြစ်ရပါသနည်း။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တင်ပြကြသည့် ညီရင်းအစ်ကိုသဘောထား မဟုတ်ပေလော။ ယေဟောဝါသက်သေများနည်းတူ ဘာသာတရားမှ ရွှင်လန်းအားရမှုရရှိသော အခြားမည်သည့်ဘာသာရေးအဖွဲ့မျှ မရှိပါဟုဆိုကြရသော အကြောင်းတစ်ခုမှာ ညီရင်းအစ်ကိုသဘောထား အမှန်ပင်ဖြစ်ပေသည်။
၂၊ ၃။ အဘယ်ဂရိစကားလုံးနှစ်လုံးသည် ကျွန်ုပ်တို့တစ်ဦးအပေါ်တစ်ဦး ရှိသင့်ရှိအပ်သော ခံစားမှုနှင့် သက်ဆိုင်သနည်း။ ၎င်းတို့၏ ထူးခြားသောဂုဏ်အင်္ဂါတို့ကား အဘယ်နည်း။
၂ “ညီအစ်ကိုများကိုချစ်ယောင်မဆောင် အမှန်ချစ်ခြင်းအလို့ငှာ စိတ်ထဲမှာ သမ္မာတရားကိုနားထောင်လျက် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့” ဟု ၁ ပေတရု ၁:၂၂ တွင်တမန်တော်ပေတရုပြောထားသည့်စကားများကိုထောက်၍ ဤသို့သော ညီရင်းအစ်ကိုသဘောထားတွေ့မြင်ရန် မျှော်လင့်သင့်သည်။ ဤတွင် “ညီရင်းအစ်ကိုသဘောထား” ဟုပြန်ဆိုထားသည့် ဂရိစကားလုံး၏ အခြေခံအချက်များအနက် တစ်ခုမှာ ဖီလီယာ (တွယ်တာခြင်း) ဖြစ်သည်။ ယင်း၏အဓိပ္ပာယ်သည် “ချစ်ခြင်း” ဟူ၍ အများအားဖြင့် ပြန်ဆိုသည့်စကားလုံး အဂါးပေး နှင့်အနီးကပ်ဆက်စပ်ပါသည်။ (၁ ယောဟန် ၄:၈) ညီရင်းအစ်ကိုသဘောထားနှင့်ချစ်ခြင်းကို အများအားဖြင့် လဲလှယ်အသုံးပြုနိုင်သည်မှန်သော်လည်း ယင်းစကားလုံးများ၌ ထူးခြားသောဂုဏ်အင်္ဂါများရှိပါသည်။ ကျမ်းစာကို ဘာသာပြန်သူ မြောက်မြားစွာနည်းတူ ယင်းစကားလုံးနှစ်ခုကို မလုံးထွေးသင့်ပါ။ ဤဆောင်းပါးနှင့် လာမည့်ဆောင်းပါးတွင် ဤစကားလုံးတစ်ခုစီကို သုံးသပ်မည်။
၃ ဤဂရိစကားလုံးနှစ်လုံး၏ခြားနားချက်နှင့်ပတ်သက်၍ ပညာရှင်တစ်ဦးက ဖီလီယာသည် “ရင်းနှီးခင်မင်ချစ်ခင်ကြင်နာသည့်စကားလုံး အမှန်ပင်ဖြစ်သည်” ဟုမှတ်သားဖော်ပြသည်။ အခြားတစ်ဖက်တွင်၊ အဂါးပေးမူကား စိတ်နှင့်ပိုမိုပတ်သက်ပါသည်။ သို့ဖြစ်သောကြောင့် ရန်သူကိုချစ် (အဂါးပေး) ရန် မှာကြားခံရသည် မှန်သော်လည်း သူတို့ကိုချစ်ခင်ကြင်နာမှု မရှိရပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။” (၁ ကောရိန္သု ၁၅:၃၃) ယင်းစကားလုံးများသည် ခြားနားကြောင်း ထပ်ဆင့်တင်ပြသည်ကား “ညီရင်းအစ်ကိုသဘောထားကို ချစ်ခြင်းမေတ္တာဖြင့် . . . ထပ်လောင်းဖြည့်စွက် . . . လော့” ဟူသော တမန်တော်ပေတရု၏စကားများဖြစ်သည်။—၂ ပေတရု ၁:၅-၇; ယောဟန် ၂၁:၁၅-၁၇ နှိုင်းယှဉ်။ a
အထူးတလည် ညီရင်းအစ်ကိုသဘောထား ပုံသက်သေများ
၄။ ယေရှုနှင့်ယောဟန်သည် တစ်ဦးကိုတစ်ဦး အဘယ်ကြောင့် အထူးတလည်ချစ်ခင်ကြင်နာကြသနည်း။
၄ အထူးတလည် ညီရင်းအစ်ကိုသဘောထားဆိုင်ရာ အလွန်ကောင်းမွန်သောပုံသက်သေ မြောက်မြားစွာကို ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အားဖော်ပြပါသည်။ ဤအထူးတလည် ချစ်ခင်ကြင်နာမှုသည် စိတ်ကူးပေါက်၍မဟုတ်ဘဲ ထူးခြားသောအရည်အချင်းများကို လေးမြတ်ခြင်းအပေါ် အခြေပြုသည်။ အများသိပုံသက်သေသည် တမန်တော်ယောဟန်အပေါ် ယေရှုခရစ်၏ ချစ်ခင်ကြင်နာမှုပင် ဖြစ်သည်။ ယေရှုသည် အကြောင်းရှိ၍လည်း သစ္စာရှိတမန်တော်အားလုံးအပေါ် ညီရင်းအစ်ကိုသဘော အမှန်ပင်ထားတော်မူခဲ့မည်။ (လုကာ ၂၂:၂၈) ယင်းကို ကိုယ်တော်တင်ပြခဲ့သည့်နည်းတစ်နည်းမှာ သူတို့၏ ခြေကိုဆေးကြောပေးခြင်းအားဖြင့်ဖြစ်၍ ထိုသို့ပြုကာ နှိမ့်ချမှုရှိကြရန် သင်ခန်းစာပေးတော်မူခဲ့သည်။ (ယောဟန် ၁၃:၃-၁၆) သို့သော် ယောဟန်ကို ယေရှုအထူးတလည်ချစ်ခင်ကြင်နာကြောင်း ယောဟန်က ထပ်ခါတလဲ ဖော်ပြခဲ့သည်။ (ယောဟန် ၁၃:၂၃; ၁၉:၂၆; ၂၀:၂) ယေရှုသည် တပည့်တော်နှင့် တမန်တော်များအား ချစ်ခင်ကြင်နာရဖို့ရန် အကြောင်းရှိသည့်နည်းတူပင် ယေရှုကို ယောဟန်သည် တန်ဖိုးထားချစ်ခင်မှု ပိုလေးနက်ခဲ့ခြင်းကြောင့် သူ့အား ကိုယ်တော်အထူးချစ်ခင်ကြင်နာခဲ့ခြင်းဖြစ်ပါလိမ့်မည်။ ယင်းကို ယောဟန်၏ခရစ်ဝင်ကျမ်းနှင့် သူ၏မှုတ်သွင်းခံစာစောင်များတွင် ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည်။ ထိုစာစောင်များတွင် ချစ်ခြင်းမေတ္တာအကြောင်း မကြာခဏဖော်ပြပါသည်တကား! ယေရှု၏ဝိညာဏအရည်အချင်းများကို ယောဟန်၏ တန်ဖိုးထားလေးမြတ်မှုသည် ပိုမိုကြီးမားကြောင်း ယောဟန် အခန်းကြီး ၁ နှင့် ၁၃ မှ ၁၇ ပါ သူ၏ရေးသားချက်များအပြင် သူဖော်ပြသည့် ယေရှု၏လူ့ဘဝမတိုင်မီတည်ရှိမှုကို ကြိမ်ဖန်များစွာကိုးကားခြင်းဖြင့် တွေ့မြင်နိုင်ပါသည်။—ယောဟန် ၁:၁-၃; ၃:၁၃; ၆:၃၈၊ ၄၂၊ ၅၈; ၁၇:၅; ၁၈:၃၇။
၅။ ပေါလုနှင့်တိမောသေတို့၏ တစ်ဦးကိုတစ်ဦး အထူးတလည်ချစ်ခင်ကြင်နာခြင်းနှင့်ပတ်သက်၍ အဘယ်အရာကို ပြောဆိုနိုင်သနည်း။
၅ ထိုနည်းတူစွာ တမန်တော်ပေါလုနှင့် သူ၏ခရစ်ယာန်အပေါင်းအဖော် တိမောသေတို့ တစ်ဦးကိုတစ်ဦး ညီရင်းအစ်ကိုသဘော အထူးတလည်ထားရှိခဲ့ခြင်းကို လျစ်လျူရှု၍မရပါ။ ယင်းသည်လည်း အချင်းချင်း၏ အရည်အချင်းများကို တန်ဖိုးထားလေးမြတ်ခြင်းပေါ် အမှန်အခြေပြုခဲ့သည်။ “ထိုသူသည် သင်တို့အကျိုးကိုကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူသောသူ တစ်ယောက်မျှ ငါတို့၌မရှိ။ . . . သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့ သူသည် ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့သိကြ၏” အစရှိသ၍ တိမောသေအား ချီးမွမ်းထားသည့်စကားများကို ပေါလု၏စာစောင်များတွင် တွေ့ရှိရပါသည်။ (ဖိလိပ္ပိ ၂:၂၀-၂၂) တိမောသေကို ပေါလု ရင်းနှီးချစ်ခင်ကြင်နာကြောင်း သူ၏စာစောင်တို့တွင် မြောက်မြားစွာ ကိုးကားဖော်ပြထားပါသည်။ ဥပမာ၊ ၁ တိမောသေ ၆:၂၀ ကိုသတိပြုပါ–“အိုတိမောသေ၊ သင်၌အပ်ထားသောအရာကို စောင့်ရှောက်လော့။” (၁ တိမောသေ ၄:၁၂-၁၆; ၅:၂၃; ၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅ ကိုလည်းရှု။) တိမောသေအား ပေါလုရေးသည့်စာများနှင့် တိတုထံရေးသောစာကို နှိုင်းယှဉ်ကြည့်လျှင် ဤလူငယ်ကို အထူးတလည်ချစ်ခင်ကြင်နာကြောင်း ပိုထင်ရှားပါသည်။ “သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း သင့်ကိုတွေ့မြင်ခြင်းငှာ အလွန်လွမ်းသောစိတ်ရှိသဖြင့် . . . ဆုပတ္ထနာပြုသည်တွင် သင့်ကိုမခြားမလပ် အောက်မေ့သည်” ဟူ၍ ၂ တိမောသေ ၁:၃၊ ၄ ပါပေါလု၏စကားများအရ တိမောသေသည်လည်း သူတို့၏ရင်းနှီးမှုနှင့်ပတ်သက်၍ ထပ်တူခံစားခဲ့ရမည်။
၆၊ ၇။ ဒါဝိဒ်နှင့်ယောနသန်တို့သည် တစ်ဦးကိုတစ်ဦး အဘယ်စိတ်ထားရှိခဲ့သနည်း။ အဘယ်ကြောင့်နည်း။
၆ ဟေဗြဲကျမ်းစာစောင်များကလည်း ဒါဝိဒ်နှင့်ယောနသန် အစရှိသည့် ကောင်းမြတ်သောပုံသက်သေများကို ဖော်ပြပါသည်။ ဂေါလျတ်ကို ဒါဝိဒ်သတ်ပစ်ပြီးနောက် “ယောနသန်စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့်စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်လေ၏” ဟုဖတ်ရပါသည်။ (၁ ဓမ္မရာဇဝင် ၁၈:၁) ယေဟောဝါ၏နာမတော်အတွက် ဇွဲရှိသော ဒါဝိဒ်၏ပုံသက်သေနှင့် ဂေါလျတ်ကို ကြောက်စိတ်မရှိ ရင်ဆိုင်တိုက်ခိုက်ဝံ့ခြင်းကို တန်ဖိုးထားလေးမြတ်ခြင်းက ဒါဝိဒ်ကို အထူးတတည်ချစ်ခင်ကြင်နာရန် ယောနသန်အား တိုက်တွန်းပေးခဲ့ပေမည်။
၇ ယောနသန်၌ ဒါဝိဒ်အပေါ်ထပ်တူချစ်ခင်ကြင်နာမှုရှိသဖြင့် ရှောလုမင်းကြီး၏ရန်မှ ဒါဝိဒ်ကို မိမိအသက်စွန့် ကာကွယ်ပေးခဲ့သည်။ ဣသရေလနိုင်ငံ၏ နောက်ဘုရင်အဖြစ် ဒါဝိဒ်အား ယေဟောဝါရွေးချယ်ထားတော်မူခြင်းကို ယောနသန် တစ်ကြိမ်မျှ မငြိုငြင်ခဲ့ပါ။ (၁ ဓမ္မရာဇဝင် ၂၃:၁၇) ယောနသန် ကွယ်လွန်သွားသည့်အခါ ပူဆွေးပြီး ဒါဝိဒ်ပြောဆိုခဲ့သည့်စကားမှ ယောနသန်ကို ဒါဝိဒ်လည်း ထပ်တူပင် ချစ်ခင်ကြင်နာခဲ့ကြောင်း ထင်ရှားသည်–“ငါ့ညီ (ညီအစ်ကို၊ ကဘ) ယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍ ငါ့ကိုချစ်သောမေတ္တာသည် အံ့သြဖွယ်သောမေတ္တာ၊ မိန်းမကိုချစ်တတ်သောမေတ္တာထက် သာ၍အားကြီးသောမေတ္တာဖြစ်၏။” သူတို့၏ပေါင်းသင်းဆက်ဆံမှုတွင် တစ်ဦးကိုတစ်ဦး အလွန်တန်ဖိုးထားသောသဘော အမှန်ရှိခဲ့ပါသည်။—၂ ဓမ္မရာဇဝင် ၁:၂၆။
၈။ အဘယ်အမျိုးသမီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး အထူးတလည်ချစ်ခင်ကြင်နာခဲ့သနည်း။ အဘယ်ကြောင့်နည်း။
၈ အမျိုးသမီးနှစ်ဦး၊ နောမိနှင့် သူမ၏ မုဆိုးမဖြစ်သောချွေးမ ရုသတို့၏ အထူးတလည်ချစ်ခင်ကြင်နာမှု ပုံသက်သေကောင်းကိုလည်း ဟေဗြဲကျမ်းစာစောင်တွင် တွေ့ရှိရပါသည်။ နောမိအား ရုသပြောဆိုခဲ့သောစကားများကို သတိရပါ–“ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရားဖြစ်ပါစေ။” (ရုသ ၁:၁၆) နောမိသည် သူ၏အပြုအမူအားဖြင့်လည်းကောင်း၊ ယေဟောဝါအကြောင်း ပြောဆိုခဲ့ခြင်းကြောင့်လည်းကောင်း ရုသ ဤသို့တန်ဖိုးထားလေးစားစွာ တုံ့ပြန်မှု ပေါ်ထွက်လာစေရန်ထောက်ကူခဲ့သည်ဟု ကျွန်ုပ်တို့မယူမှတ်နိုင်ပေလော။—လုကာ ၆:၄၀၊ နှိုင်းယှဉ်။
တမန်တော်ပေါလု၏ ပုံသက်သေ
၉။ ညီရင်းအစ်ကိုသဘောထားပြရာတွင် ပေါလုသည် အတုယူစရာကောင်းကြောင်း အဘယ်အရာက တင်ပြသနည်း။
၉ ကျွန်ုပ်တို့တွေ့ရှိခဲ့သည့်အတိုင်းပင် တမန်တော်ပေါလုသည် တိမောသေအတွက် အထူးတလည် ညီရင်းအစ်ကိုသဘောထား ရှိခဲ့ပါသည်။ သို့သော် သူ၏ညီအစ်ကိုအများစုအပေါ် ရင်းနှီးသောညီရင်းအစ်ကိုသဘောထားရှိရာတွင် ချီးမွမ်းထိုက်သောပုံသက်သေကိုလည်း တင်ပြခဲ့ပါသေးသည်။ ဧဖက်မြို့မှ အကြီးအကဲများအား “သုံးနှစ်ပတ်လုံး နေ့ညမပြတ် လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ” ခဲ့ကြောင်း သူပြောခဲ့သည်။ ရင်းနှီးသော ညီရင်းအစ်ကိုသဘောထားလော။ ယင်းနှင့်ပတ်သက်၍ သံသယမရှိပါ! သူတို့ကလည်း ပေါလုအပေါ် ထပ်တူစိတ်ထားရှိခဲ့ကြသည်။ သူ့အား နောက်တစ်ဖန် တွေ့မြင်ကြတော့မည်မဟုတ်ကြောင်း ကြားသိကြသည်နှင့် “ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍ ပေါလု၏လည်ပင်းကို ဖက်ယမ်းလျက် သူ့ကိုနမ်းကြ၏။” (တမန်တော် ၂၀:၃၁၊ ၃၇) တန်ဖိုးထားလေးမြတ်မှုကိုအခြေခံသော ညီရင်းအစ်ကိုသဘောထားလော။ ဟုတ်ပါသည်။ ၂ ကောရိန္သု ၆:၁၁-၁၃ ပါစကားများမှလည်း သူ၏ညီရင်းအစ်ကိုသဘောထားကို တွေ့ရှိနိုင်သည်–“အချင်းကောရိန္သုလူတို့ ငါတို့နှုတ်သည် သင်တို့အား ဖွင့်လျက်ရှိ၏။ စိတ်နှလုံးသည်လည်း ကျယ်ဝန်း၏။ ငါတို့၌ သင်တို့သည် ကျဉ်းမြောင်းသည်မဟုတ်။ ကိုယ်မေတ္တာကရုဏာ၌သာ ကျဉ်းမြောင်းကြ၏။ ငါတို့ကျေးဇူးကိုဆပ်ခြင်းအလို့ငှာ ကျယ်ဝန်းသောစိတ်ရှိကြလော့။ ထိုသို့ဆိုသော် ကိုယ်သားတို့ကို ဆိုသကဲ့သို့ ငါဆို၏။”
၁၀။ အဘယ်ညီရင်းအစ်ကို သဘောထားမဲ့မှုက ၂ ကောရိန္သု အခန်းကြီး ၁၁ တွင် သူ၏ဆင်းရဲဒုက္ခများကို ပေါလုဖော်ပြရန် ဖြစ်စေခဲ့သနည်း။
၁၀ ကောရိန္သုအသင်းသားများသည် တမန်တော်ပေါလုအပေါ် ညီရင်းအစ်ကိုသဘောထား လျော့နည်းနေကြောင်း ထင်ရှားပါသည်။ ယင်းကြောင့် သူတို့အနက်အချို့က–“ထိုသူ၏စာသည် လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား သတ္တိမရှိသောသူ၊ အချည်းနှီးသောစကားကို ပြောသောသူဖြစ်သည်” ဟုအပြစ်တင်ပြောဆိုသည်။ (၂ ကောရိန္သု ၁၀:၁၀) ယင်းကြောင့် သူတို့၏ “ထူးချွန်သောတမန်တော်များ” အကြောင်း ပေါလုဖော်ပြ၍ ၂ ကောရိန္သု ၁၁:၅၊ ၂၂-၃၃ (သမ) တွင်မှတ်တမ်းတင်ထားသည့် သူခံခဲ့ရသော အခက်အခဲဒုက္ခများကို ပြောပြရန် အကြောင်းပေါ်လာခဲ့ပါသည်။
၁၁။ သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များကို ပေါလုချစ်ခင်ကြင်နာခဲ့ခြင်းနှင့်ပတ်သက်၍ အဘယ်သာဓကရှိသနည်း။
၁၁ ပေါလုအလုပ်အကျွေးပြုခဲ့သူများအပေါ် သူမည်မျှချစ်ခင်ကြင်နာခဲ့ကြောင်း ၁ သက်သာလောနိတ် ၂:၈ (သမ) ပါသူ၏စကားများက အထူးထင်ရှားစေသည်–“သင်တို့ကို ချစ်ခင်စုံမက်သဖြင့် ဘုရားသခင့်သတင်းတော်မြတ်ကိုသာမက ကိုယ့်အသက်ကိုလည်း ဝေပေးလိုသောဆန္ဒ ရှိကြ၏။” အမှန်မှာ ဤညီအစ်ကိုအသစ်များကို မည်မျှချစ်ခင်ကြင်နာခဲ့သနည်းဟူမူ သူတို့ညှဉ်းပန်းနှိပ်စက်ခြင်းခံရစဉ် အခြေအနေ မည်သို့ရှိသည်ကို အလွန်သိလို၍ သူမခံရပ်နိုင်တော့ဘဲ တိမောသေကိုစေလွှတ်လေသည်။ သူကလည်း ပေါလုအား အကြီးအကျယ်စိတ်လန်းဆန်းစေသည့် သတင်းကောင်းယူဆောင်လာသည်။ (၁ သက်သာလောနိတ် ၃:၁၊ ၂၊ ၆၊ ၇) ကျမ်းစာစောင်များမှ ထိုးထွင်းသိမြင်ခြင်းက ကောင်းစွာသုံးသပ်ထားသည်–“ပေါလုနှင့် သူအလုပ်အကျွေးပြုခဲ့သူများစပ်ကြား အလွန်ရင်းနှီးသော ညီရင်းအစ်ကိုသဘောထား ရှိခဲ့ပါသည်။”
တန်ဖိုးထား လေးမြတ်ခြင်း —ညီရင်းအစ်ကိုသဘောထား၏ သော့ချက်
၁၂။ ကျွန်ုပ်တို့၏ညီအစ်ကိုများအတွက် ရင်းနှီးချစ်ခင်ကြင်နာမှုတင်ပြစရာ အဘယ်အကြောင်းများ ရှိသနည်း။
၁၂ ညီရင်းအစ်ကိုသဘောထား၏ သော့ချက်သည် တန်ဖိုးထား လေးမြတ်ခြင်း မုချအမှန်ဖြစ်သည်။ ယေဟောဝါ၏ ဆက်ကပ်အပ်နှံကျေးကျွန်အားလုံး၌ ကျွန်ုပ်တို့လေးမြတ်သော၊ ချစ်ခင်စရာကောင်းသော အရည်အချင်းများရှိသည့်အတွက် သူတို့ကို တွယ်တာစုံမက်ကြရသည်မဟုတ်လော။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာနေကြပါသည်။ ကျွန်ုပ်တို့အားလုံးသည် လူတိုင်း၏ရန်သူသုံးဦးဖြစ်သည့် စာတန်နှင့် သူ၏နတ်ဆိုးများ၊ စာတန်၏ချုပ်ကိုင်မှုအောက်ရှိ ဆိုးသွမ်းသောလောကနှင့် အပြစ်သားများ၏ မွေးရာပါ အတ္တဆန်သောရမ္မက်များကို ရဲရင့်စွာ တိုက်လှန်နေကြရသည်။ အခြေအနေကိုထည့်တွက်လျှင် ကျွန်ုပ်တို့ညီအစ်ကိုများသည် အတတ်နိုင်ဆုံးကြိုးစားနေကြသည်ဟု အမြဲယူမှတ်သင့်သည်မဟုတ်လော။ ဤကမ္ဘာပေါ်ရှိသူတိုင်းသည် ယေဟောဝါဘက် သို့မဟုတ် စာတန်ဘက်တွင် ရှိနေသည်။ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံညီအစ်ကိုညီအစ်မများသည် ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါဘက် ရပ်တည်နေကြသဖြင့် ကျွန်ုပ်တို့၏ညီရင်းအစ်ကိုသဘောထားကို ခံစားထိုက်သည်။
၁၃။ အကြီးအကဲများကို အဘယ်ကြောင့် ရင်းနှီးချစ်ခင်ကြင်နာသင့်သနည်း။
၁၃ အကြီးအကဲများကို တန်ဖိုးထားလေးမြတ်ခြင်းကော။ အသင်းတော်၏အကျိုးအလို့ငှာ ကြိုးပမ်းနေပုံကိုထောက်၍ သူတို့ကိုခင်မင်ရင်းနှီးစိတ် မရှိသင့်သလော။ ကျွန်ုပ်တို့အားလုံးနည်းတူပင် သူတို့လည်း ကိုယ်ကိုလည်းကောင်း၊ မိသားစုကိုလည်းကောင်း ကျွေးမွေးပြုစုကြရပါသည်။ ကိုယ်ပိုင်လေ့လာမှုပြုရန်၊ အသင်းတော်အစည်းအဝေးများတက်ရန်နှင့် လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ရန် ထပ်တူတာဝန်များလည်း သူတို့၌ရှိ၏။ ထို့အပြင် အစည်းအဝေးအစီအစဉ်များအတွက် တာဝန်များကို ပြင်ဆင်ရသည်၊ လူထုဟောပြောချက်များ ပေးရသည်၊ တစ်ခါတစ်ရံ အသင်းတော်တွင် ပြဿနာများပေါ်ပေါက်လာ၍ နာရီပေါင်းများစွာကြာသည့် တရားရေးကြားနာမှုများကိုလည်း သူတို့ပြုကြရသည်။ “ထိုသို့သောသူတို့ကို ရိုသေလေးမြတ်” လိုကြမည်အမှန်။—ဖိလိပ္ပိ ၂:၂၉။
ညီရင်းအစ်ကိုသဘောထားကို တင်ပြခြင်း
၁၄။ ညီရင်းအစ်ကိုသဘောထားတင်ပြရန် အဘယ်ကျမ်းချက်များက မိန့်မှာထားသနည်း။
၁၄ ယေဟောဝါအလိုတော်နှင့်တွေ့ရန် ယေရှုခရစ်နှင့်ပေါလု နည်းတူပင် ယုံကြည်သူချင်းများအား ညီရင်းအစ်ကိုသဘောထားကို ခင်မင်ရင်းနှီးစွာ တင်ပြကြရမည်။ ကျွန်ုပ်တို့ဖတ်ရသည်ကား–“ညီအစ်ကိုချစ်ခြင်းအရာမှာ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ကြလော့” ဟူ၍ဖြစ်သည်။ (ရောမ ၁၂:၁၀၊ နိုင်ငံတော်ကြားညှပ်) “ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူဖြစ်ကြ၏။” (၁ သက်သာလောနိတ် ၄:၉၊ ကြားညှပ်) “ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။” (ဟေဗြဲ ၁၃:၁၊ ကြားညှပ်) ကိုယ်တော်၏ မြေကြီးသားသမီးများအား ညီရင်းအစ်ကိုသဘောထား တင်ပြကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်၏ အလိုတော်နှင့်တွေ့မည်အမှန်!
၁၅။ ညီရင်းအစ်ကိုသဘောထားတင်ပြနိုင်သည့် နည်းအချို့ကား အဘယ်နည်း။
၁၅ တမန်တော်များခေတ်က ခရစ်ယာန်များသည် တစ်ဦးကိုတစ်ဦး “သန့်ရှင်းသောနမ်းခြင်း” သို့မဟုတ် “မေတ္တာနမ်းခြင်း” နှင့်နှုတ်ဆက်လေ့ရှိသည်။ (ရောမ ၁၆:၁၆; ၁ ပေတရု ၅:၁၄) ညီရင်းအစ်ကိုသဘောထား အမှန်ပင်တင်ပြခြင်းပါတကား! ယနေ့ ကမ္ဘာ့ဒေသအများတွင် စိတ်ရင်းစေတနာပါသည့် ခင်မင်သောအပြုံးနှင့် ဆုပ်ကိုင်၍လက်ဆွဲနှုတ်ဆက်ခြင်းသည် ပို၍သင့်တော်သော မေတ္တာပြနည်းဖြစ်ပေမည်။ မက္ကဆီကိုနိုင်ငံ အစရှိသည့် လယ်တင်နိုင်ငံများတွင်မူ အမှန်တကယ်ပင် ခင်မင်ရင်းနှီးမှု တင်ပြခြင်းဖြစ်သည့် ပွေ့ဖက်၍နှုတ်ဆက်ခြင်းထုံးစံရှိသည်။ ဤညီအစ်ကိုများ၏ ရင်းနှီးသောချစ်ခင်ကြင်နာမှုကြောင့် သူတို့နိုင်ငံများတွင် အကြီးအကျယ်တိုးတက်နေခြင်း ဖြစ်နိုင်ပါသည်။
၁၆။ ကျွန်ုပ်တို့၏နိုင်ငံတော်ခန်းမများတွင် ညီရင်းအစ်ကိုသဘောထားတင်ပြနိုင်ရန် အဘယ်အခွင့်အရေးများ ရှိသနည်း။
၁၆ နိုင်ငံတော်ခန်းမထဲဝင်သည်နှင့် ညီရင်းအစ်ကိုသဘောထားကို တကူးတကတင်ပြရန် ကြိုးစားပါသလော။ အထူးသဖြင့် စိတ်ဓာတ်ကျနေပုံရှိသူများကို အားပေးစကားများပြောဆိုရန် ယင်းသဘောက တိုက်တွန်းပေးမည်။ “စိတ်ငယ်သောသူတို့ကို အားပေးကြ” ရန် ကျွန်ုပ်တို့အား မှာကြားထားသည်။ (၁ သက်သာလောနိတ် ၅:၁၄) ယင်းသည် ညီရင်းအစ်ကိုသဘောထား၏ ခင်မင်ရင်းနှီးမှုကို ကူးလူးဆက်ဆံနိုင်သည့်နည်း အမှန်ပင်ဖြစ်ပေသည်။ ကောင်းသည့်အခြားနည်းတစ်နည်းမှာ လူထုဟောပြောချက်ကို ကောင်းစွာပေးခဲ့ခြင်း၊ စည်းဝေးအစီအစဉ်တစ်ပိုင်းကို ကောင်းစွာ ကိုင်တွယ်ခဲ့ခြင်း၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ကျောင်းသား ဟောပြောသူ၏ကြိုးစားမှု၊ အစရှိသည်တို့ကို ချီးမွမ်းပြောဆိုခြင်းဖြစ်သည်။
၁၇။ အသင်းတော်၏ ချစ်ခင်ကြင်နာမှုကို အကြီးအကဲတစ်ဦး မည်သို့ရရှိခံစားရသနည်း။
၁၇ အစည်းအဝေးပြီးနောက် မနောက်ကျလွန်းပါက မိမိတို့အိမ်သို့ အသီးအသီးတို့ကို ခေါ်ဖိတ်၍ ကျွေးမွေးဧည့်ခံခြင်းကော။ လုကာ ၁၄:၁၂-၁၄ ပါယေရှု၏သြဝါဒကို နည်းယူသင့်သည်မဟုတ်လော။ တစ်ချိန်က လူမျိုးခြားများသာရှိသည့်အသင်းတော်တစ်ခုတွင် ဦးစီးကြီးကြပ်မှူးအဖြစ် သာသနာပြုဟောင်းတစ်ဦး အားခန့်အပ်ခဲ့သည်။ ညီရင်းအစ်ကိုသဘောထား လျော့နည်းနေသည်ကို သူသတိပြုမိသည့်အတွက် ယင်းကို ဖြေရှင်းရန် သူကြံရွယ်ပါသည်။ မည်သို့အားဖြင့်နည်း။ တနင်္ဂနွေပတ်တိုင်း မိမိအိမ်သို့ မိသားစုအသီးသီးကို အလှည့်ကျစီ ထမင်းစား ခေါ်ဖိတ်ပါသည်။ တစ်နှစ်အကြာတွင် အသင်းသားအားလုံး သူ့အပေါ် ခင်မင်ရင်းနှီးစွာ ညီရင်းအစ်ကိုသဘောထားကြလေတော့သည်။
၁၈။ ဖျားနာနေသော ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများအား ညီရင်းအစ်ကိုသဘောထားကို မည်သို့ပြနိုင်သနည်း။
၁၈ အိမ်၌သော်လည်းကောင်း၊ ဆေးရုံတွင်လည်းကောင်း ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးသည် ဖျားနာနေပါက သူ့ကိုဂရုစိုက်ကြောင်းတင်ပြရန် ညီရင်းအစ်ကိုသဘောထားက တိုက်တွန်းပေးပါလိမ့်မည်။ သို့မဟုတ် ပြုစုစောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်သူများကော။ ကိုယ်တိုင်လည်ပတ်သွားရောက်ကြည့်ရှုခြင်း၊ ဖုန်းဆက်စကားပြောခြင်း၊ သို့မဟုတ် ခင်မင်ရင်းနှီးကြောင်းတင်ပြလိုသည့်နှုတ်ခွန်းဆက်စကားများပါ စာတိုတိုကလေးတစ်စောင်ပို့ပေးခြင်း အစရှိသည်တို့ကို မပြုနိုင်သလော။
၁၉၊ ၂၀။ ကျွန်ုပ်တို့၏ ညီရင်းအစ်ကိုသဘောထားသည် ကျယ်ဝန်းလာကြောင်း မည်သို့တင်ပြနိုင်သနည်း။
၁၉ ညီရင်းအစ်ကိုသဘောထားကို ဤနည်းများဖြင့် တင်ပြရာတွင် ကိုယ့်ကိုယ်ကို မေးမြန်းနိုင်သည်ကား ‘အကျွန်ုပ်၏ညီရင်းအစ်ကိုသဘောထားသည် မျက်နှာလိုက်ခြင်း ရှိသလော။ အသားအရောင်၊ ပညာအရည်အချင်း သို့မဟုတ် ပစ္စည်းရှိခြင်း အစရှိသည်တို့ကို ငဲ့ကွက်ကာ ညီရင်းအစ်ကိုသဘောထားကို တင်ပြတတ်ပါသလော။ ကောရိန္သုမြို့ရှိ ခရစ်ယာန်များအား တမန်တော်ပေါလု တိုက်တွန်းခဲ့သည်နည်းတူ ညီရင်းအစ်ကိုသဘောထားကို အကျွန်ုပ်ကျယ်ဝန်းပေးရန် လိုနေပါသလော’ ဟူ၍ဖြစ်သည်။ ညီရင်းအစ်ကိုသဘောထားက ကျွန်ုပ်တို့၏ညီအစ်ကိုများရှိ ချီးမွမ်းစရာအကွက်ကလေးများကို လေးမြတ်ကာ သူတို့အား အပြုသဘောရှိရှိ ကြည့်မြင်တတ်စေသည်။ ညီရင်းအစ်ကိုသဘောထားက ညီအစ်ကို၏တိုးတက်မှုကို ငြိုငြင်မည့်အစား ဝမ်းမြောက်နိုင်ရန် အကူအညီပေးပါဦးမည်။
၂၀ ဓမ္မအမှုတွင် ညီအစ်ကိုများကို အကူအညီပေးဖို့အတွက်လည်း ညီရင်းအစ်ကိုသဘောထားက သတိပြုစေမည်။ ကျွန်ုပ်တို့၏သီချင်းတစ်ပုဒ် (နံပါတ် ၉၂) ကဆိုသည့်အတိုင်း ဖြစ်သင့်သည်–
“အားနည်းသူအား ကြင်နာစွာကူပါ
သူတို့လည်းရဲရဲ ပြောနိုင်ဖို့ရာ
မပေါ့ဘဲဂရုပြုနှစ်များတွက်
သန်လာဖို့ကူလျက် ကြောက်စိတ်ကို ဖျောက်ဖျက်။
၂၁။ ညီရင်းအစ်ကိုသဘောထား တင်ပြသည့်အခါ အဘယ်တုံ့ပြန်မှု ရရှိရန် မျှော်လင့်နိုင်သနည်း။
၂၁ ထိုကြောင့် ညီရင်းအစ်ကိုသဘောထားတင်ပြကြရာတွင် တောင်ပေါ်ဒေသနာပါ ယေရှုတင်ပြခဲ့သောမူကို ကျင့်သုံးရမည်အကြောင်း မမေ့ကြစို့နှင့်။ “သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ချင်ရုံမက သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။” (လုကာ ၆:၃၈) ကျွန်ုပ်တို့ကဲ့သို့ပင် ယေဟောဝါ၏ကျေးကျွန်များဖြစ်သူတို့အား လေးစားကြောင်းတင်ပြခြင်းဖြင့် သူတို့အပေါ် ညီရင်းအစ်ကိုသဘောထားတင်ပြသည့်အတွက် ကျွန်ုပ်တို့ကိုယ်တိုင် အကျိုးခံစားရသည်။ ညီရင်းအစ်ကိုသဘောထားတင်ပြခြင်း၌ ပျော်မွေ့သူများသည် အမှန်တကယ်ပင် ဝမ်းမြောက်ရွှင်လန်းကြမည်တကား!
[အောက်ခြေမှတ်ချက်များ]
a နောက်ဆက်တွဲဆောင်းပါး–“ချစ်ခြင်းမေတ္တာ (အဂါးပေး)—အဘယ်အရာမဟုတ်၍ အဘယ်အရာဖြစ်” အကြောင်းကိုရှု။
သင်မည်သို့ဖြေဆိုမည်နည်း
◻ အဘယ်ဂရိစကားလုံးများသည် ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုနှင့်ဆိုင်သနည်း။ ယင်းတို့သည် အဘယ်နည်းဖြင့် ထူးခြားသနည်း။
◻ ညီရင်းအစ်ကိုသဘောထားရှိခြင်းသော့ချက်ကား အဘယ်နည်း။
◻ အထူးတလည် ညီရင်းအစ်ကိုသဘောထားနှင့်စပ်လျဉ်း၍ အဘယ်ကျမ်းစာဥပမာများ ရှိသနည်း။
◻ ညီအစ်ကိုများနှင့် အကြီးအကဲများကို ရင်းနှီးချစ်ခင်ကြင်နာမှု အဘယ်ကြောင့်ရှိသင့်သနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ညီအစ်ကိုများသည် မိမိတို့၏ယုံကြည်ခြင်းနှင့် အခြားခရစ်ယာန်အရည်အချင်းများ၌ ညီရင်းအစ်ကိုသဘောထားကို ထပ်လောင်းဖြည့်စွက်ပေးရန် တမန်တော်ပေတရု တိုက်တွန်းခဲ့