လောကတွင်ရှိသော်လည်း ယင်းနှင့်မစပ်ဆိုင်
“သင်တို့သည်လောကီနှင့်မဆက်ဆံ . . . သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။”—ယောဟန် ၁၅:၁၉။
၁။ ခရစ်ယာန်များသည် လောကနှင့် အဘယ်ဆက်ဆံရေးရှိထားကြသနည်း၊ သို့တိုင်လောကမှ သူတို့အား မည်သို့ရှုမြင်သနည်း။
ယေရှုသည် မိမိ၏နောက်ဆုံးညတွင် တပည့်တော်များနှင့်အတူရှိစဉ် သူတို့အား “သင်တို့သည်လောကီနှင့်မဆက်ဆံ” ဟုမိန့်တော်မူခဲ့၏။ မည်သည့်လောကကို ကိုယ်တော်ဆိုလိုနေခြင်းဖြစ်သနည်း။ အစောပိုင်းအခြေအနေတစ်ခုတွင် “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟုမိန့်တော်မူခဲ့သည်မဟုတ်ပေလော။ (ယောဟန် ၃:၁၆) တပည့်တော်များသည် ထာဝရအသက်ရရှိရန်အလို့ငှာ ယေရှုအားဦးဆုံးယုံကြည်ကြသောကြောင့် ထိုလောကနှင့်စပ်ဆိုင်ကြသည်မှာ ထင်ရှားသည်။ သို့ဆိုလျှင် ယခု ယေရှုသည် မိမိ၏တပည့်များကို လောကမှသီးခြားဖြစ်သည်ဟု အဘယ်ကြောင့်မိန့်တော်မူသနည်း။ ထို့အပြင် ကိုယ်တော်က “သင်တို့သည်လောကီနှင့်မဆက်ဆံ . . . သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏” ဟူ၍လည်း အဘယ်ကြောင့်မိန့်ဆိုခဲ့သနည်း။—ယောဟန် ၁၅:၁၉။
၂၊ ၃။ (က) ခရစ်ယာန်များ မစပ်ဆိုင်ရမည့် “လောက” ကား အဘယ်နည်း။ (ခ) ခရစ်ယာန်များမစပ်ဆိုင်သော “လောက” နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဘာပြောထားသနည်း။
၂ အဖြေမှာ သမ္မာကျမ်းစာက “လောက” (ဂရိ၊ ကော့စ်မော့စ်) ဟူသောစကားလုံးကို ခြားနားသောနည်းဖြင့် အသုံးပြုထားသောကြောင့်ဖြစ်သည်။ ရှေ့ဆောင်းပါးတွင် ရှင်းပြပြီးခဲ့သကဲ့သို့ တစ်ခါတစ်ရံ သမ္မာကျမ်းစာ၌ “လောက” ဟူသည် ယေဘုယျလူသားတို့ကိုရည်ညွှန်းသည်။ ဤလောကကား ဘုရားသခင်ချစ်တော်မူပြီး ယေရှုအသေခံတော်မူခဲ့ရာ ဖြစ်သည်။ သို့သော် သည်အောက်စ်ဖို့ဒ် ခရစ်ယာန်ဘာသာသမိုင်းစာအုပ်က “ခရစ်ယာန်အသုံးအနှုန်းတွင် ‘လောက’ ဟူသည် ဘုရားသခင်ထံတော်မှကင်းကွာ၍ ကိုယ်တော်ကို ဆန့်ကျင်ဖီလာခြင်းတစ်စုံတစ်ရာအတွက် အသုံးပြုသောဝေါဟာရလည်းဖြစ်၏” ဟုဖော်ပြထားသည်။ ယင်းသည် မည်သို့မှန်ကန်သနည်း။ ကက်သလစ် စာရေးသူ ရိုလန် မင်နရဲသ်က သူ၏ လာ ကရက်သရန် အေ လ မွန် (ခရစ်ယာန်နှင့်လောက) စာအုပ်တွင် ဤသို့ရှင်းပြသည်– “ရှုတ်ချ၍အပျက်သဘောဖြင့်ကြည့်မည်ဆိုလျှင် ထိုသို့အားဖြင့် လောကသည် . . . ဘုရားသခင်အား ဆန့်ကျင်သောတန်ခိုးအာဏာများ၊ ထင်ရာစိုင်း၍ ခရစ်တော်၏အောင်နိုင်သောအုပ်စိုးမှုကို အတိုက်အခံပြုကြသည့် စာတန်၏ချုပ်ကိုင်မှုအောက်ရှိ ရန်သူ့အင်ပါယာနယ်ပယ်ဟု နားလည်ရသည်။” ဤ “လောက” သည် ဘုရားသခင်ထံတော်မှ ကင်းကွာနေသော လူသားထုဖြစ်သည်။ ခရစ်ယာန်စစ်များသည် ဤလောကနှင့်မဆက်ဆံသဖြင့် ယင်းက သူတို့အား မုန်းတီးသည်။
၃ ပထမရာစုအကုန်ပိုင်းတွင် ယောဟန်က “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကိုချစ်ခြင်းမေတ္တာမရှိ။ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာဆိုင်ကြ၏” ဟုရေးသားရာ၌ ဤလောကနှင့်ပတ်သက်၍ သူ့စိတ်ထဲတွင်ရှိခဲ့သည်။ (၁ ယောဟန် ၂:၁၅၊ ၁၆) သူက “ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကိုလည်းကောင်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်ကိုလည်းကောင်း ငါတို့သိကြ၏” ဟူ၍လည်းရေးသားခဲ့သည်။ (၁ ယောဟန် ၅:၁၉) ယေရှုကိုယ်တော်တိုင်က စာတန်အား “ဤလောကကိုအစိုးရသောမင်း” ဟုခေါ်ဆိုခဲ့၏။—ယောဟန် ၁၂:၃၁; ၁၆:၁၁။
ကမ္ဘာ့အာဏာစက်များ ကြီးထွားလာခြင်း
၄။ ကမ္ဘာ့အာဏာစက်များသည် မည်သို့ဖြစ်ပေါ်လာသနည်း။
၄ ဘုရားသခင်ထံတော်မှ ကင်းကွာနေသော ယခုတည်ရှိနေသည့် လူ့လောကသည် နောဧခေတ်ရေလွှမ်းမိုးပြီးနောက် များမကြာမီပင် ထွန်းကားလာသည်၊ ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းကို နောဧ၏သားစဉ်မြေးဆက်များစွာက ရပ်စဲလိုက်ခဲ့ကြစဉ်ကဖြစ်သည်။ အစောပိုင်းအချိန်၌ မြို့ကိုတည်ဆောက်သူ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ရှေ့မှာ အားကြီးသောမုဆိုးဖြစ်” သည့်နိမ်ရောဒမှာ ထင်ရှားကျော်ကြားလေသည်။ (ကမ္ဘာဦး ၁၀:၈-၁၂) ထိုအချိန်က ဤလောကအများစုသည် မြို့-နိုင်ငံငယ်များအဖြစ် ဖွဲ့စည်းခဲ့ကြကာ အခါအားလျော်စွာ ပူးပေါင်းခဲ့ကြပြီး အချင်းချင်းစစ်ဆင်နွှဲခဲ့ကြသည်။ (ကမ္ဘာဦး ၁၄:၁-၉) မြို့-နိုင်ငံအချို့သည် ဒေသအာဏာစက်ဖြစ်လာရန် အခြားသူတို့ကိုနိုင်နင်းစိုးမိုးခဲ့သည်။ အချို့ဒေသအာဏာစက်များသည် နောက်ဆုံးတွင် ကမ္ဘာ့အာဏာစက်ကြီးများဖြစ်လာရန် ကြီးထွားလာသည်။
၅၊ ၆။ (က) ကျမ်းစာသမိုင်းတွင်ပါရှိသော ကမ္ဘာ့အာဏာစက် ခုနစ်ဆက်ကားအဘယ်နည်း။ (ခ) ဤကမ္ဘာ့အာဏာစက်များကို မည်သို့ပုံဆောင်ထားသနည်း၊ ယင်းတို့သည် တန်ခိုးအာဏာကို အဘယ်မှရရှိသနည်း။
၅ နိမ်ရောဒပုံစံအတိုင်း ကမ္ဘာ့အာဏာစက်များ၏အုပ်စိုးရှင်များသည် ယေဟောဝါကိုမကိုးကွယ်ခဲ့ကြကြောင်း သူတို့၏ရက်စက်မှုနှင့် အကြမ်းဖက်ဆောင်ရွက်မှုများဖြင့် ထင်ဟပ်ပြခဲ့ကြသည်။ ကျမ်းစာ၌ ဤကမ္ဘာ့အာဏာစက်များကို သားရဲများဖြင့်ပုံဆောင်ထားပြီး ရာစုနှစ်များတစ်လျှောက် ယေဟောဝါ၏လူများအပေါ် တန်ခိုးကြီးမားခဲ့ကြသော ယင်းတို့ထဲမှခြောက်ခုကို ခွဲခြားဖော်ပြထားသည်။ ၎င်းတို့မှာ အီဂျစ်၊ အာရှုရိ၊ ဗာဗုလုန်၊ မီဒိုပါးရှား၊ ဂရိနှင့် ရောမတို့ဖြစ်သည်။ ရောမပြီးနောက် ခုနစ်ဆက်မြောက်ကမ္ဘာ့အာဏာစက် ပေါ်ထွက်လာမည်ဟု ပရောဖက်ပြုထားသည်။ (ဒံယေလ ၇:၃-၇; ၈:၃-၇၊ ၂၀၊ ၂၁; ဗျာဒိတ် ၁၇:၉၊ ၁၀) ယင်းတို့သည် အင်္ဂလို-အမေရိကန် ကမ္ဘာ့အာဏာစက်ဖြစ်ကြောင်းသက်သေထူကာ ဗြိတိန်အင်ပါယာနှင့် နောက်ဆုံး၌ဗြိတိန်ကို အာဏာလွှမ်းမိုးသွားသည့် ယင်း၏မဟာမိတ်ဖြစ်သော အမေရိကန်ပြည်ထောင်စုပါဝင်သည်။ ဗြိတိန်အင်ပါယာသည် ရောမအင်ပါယာ၏နောက်ဆုံးအကျန်အကြွင်းပျောက်ကွယ်ပြီးနောက် စ၍ထွန်းကားလာသည်။a
၆ ဆက်တိုက်ပေါ်ထွက်လာသော ကမ္ဘာ့အာဏာစက်ခုနစ်ဆက်ကို ဗျာဒိတ်ကျမ်း၌ တည်ငြိမ်မှုမရှိသည့်လူသားပင်လယ်မှ ပေါ်ထွက်လာသည့် ခေါင်းခုနစ်လုံးရှိသားရဲ၏ခေါင်းများဖြင့် ပုံဆောင်ထားသည်။ (ဟေရှာယ ၁၇:၁၂၊ ၁၃; ၅၇:၂၀၊ ၂၁; ဗျာဒိတ် ၁၃:၁) အုပ်ချုပ်လျက်ရှိသော ဤသားရဲကို မည်သူက အာဏာပေးသနည်း။ သမ္မာကျမ်းစာက “နဂါးသည် မိမိတန်ခိုးနှင့်မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသောအာဏာစက်ကိုလည်းကောင်း သားရဲ၌အပ်ပေး၏” ဟုအဖြေပေးထားသည်။ (ဗျာဒိတ် ၁၃:၂) နဂါးမှာ စာတန်မာရ်နတ်မှလွဲ၍ မည်သူမျှမဖြစ်နိုင်ပါ။—လုကာ ၄:၅၊ ၆; ဗျာဒိတ် ၁၂:၉။
ဘုရားသခင့်နိုင်ငံတော်၏ လာလတ္တံ့သောကဏ္ဍ
၇။ ခရစ်ယာန်များ အဘယ်အရာအပေါ် မျှော်လင့်ကြပြီး၊ ယင်းက လောကအစိုးရများနှင့် သူတို့၏ဆက်ဆံရေးကို မည်သို့အကျိုးသက်ရောက်သနည်း။
၇ ခရစ်ယာန်များသည် နှစ်ပေါင်း ၂၀၀၀ နီးပါး ဤသို့ဆုတောင်းခဲ့ကြပြီ– “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။” (မဿဲ ၆:၁၀) စစ်မှန်သောငြိမ်သက်ခြင်းကို ဘုရားသခင့်နိုင်ငံတော်ကသာ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ယေဟောဝါသက်သေများသိထားကြသည်။ သူတို့သည် သမ္မာကျမ်းစာပရောဖက်ပြုချက်ကို စေ့စေ့စပ်စပ်လေ့လာသူများဖြစ်ရကား ဤဆုတောင်းချက်မှာ မကြာမီပြည့်စုံမည်ဖြစ်ကြောင်းနှင့် ဘုရားသခင့်နိုင်ငံတော်သည် မကြာမီကမ္ဘာ့ရေးရာတို့ကို ကိုင်တွယ်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချကြသည်။ (ဒံယေလ ၂:၄၄၊ ၄၅) ဤဘုရားသခင့်နိုင်ငံတော်အပေါ် သူတို့၏စွဲလမ်းမှုက လောကအစိုးရများ၏အမှုရေးရာများတွင် ကြားနေခြင်းကိုဖြစ်စေသည်။
၈။ ဆာလံကျမ်း အခန်းကြီး ၂ တွင် တင်ကူးဖော်ပြထားသည့်အတိုင်း အစိုးရများသည် ဘုရားသခင့်နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မည်သို့တန်ပြန်ကြသနည်း။
၈ နိုင်ငံအချို့က ဘာသာရေးမူများကို ကျင့်သုံးသည်ဟုဆိုကြသည်။ သို့တိုင် လက်တွေ့၌မူ ယေဟောဝါသည် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ဖြစ်တော်မူကြောင်းနှင့် ကိုယ်တော်သည် ယေရှုအား ကမ္ဘာကိုအုပ်စိုးခွင့်အာဏာနှင့်တကွ ကောင်းကင်ဘုရင်အဖြစ်နန်းတင်မြှောက်ထားပြီးဖြစ်ကြောင်းကို သူတို့လျစ်လျူရှုကြသည်။ (ဒံယေလ ၄:၁၇; ဗျာဒိတ် ၁၁:၁၅) ပရောဖက်ဆိုင်ရာဆာလံကျမ်းတစ်ချက်က ဤသို့ဖော်ပြသည်– “လောကီရှင်ဘုရင်တို့သည်ထကြ၍၊ မှူးမတ်အရာရှိတို့လည်း၊ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] နှင့် ခရစ်တော် [“ယေရှု၊” ကဘ] ကိုရန်ဘက်ပြုလျက်၊ ‘သူတို့ချည်နှောင်ခြင်းကို ဖြေကြကုန်အံ့။ ချည်နှောင်သောကြိုးတို့ကို ပယ်ကြကုန်အံ့’ ဟုသင်းဖွဲ့ကြ၏။” (ဆာလံ ၂:၂၊ ၃) အုပ်စိုးရှင်များသည် သူတို့၏ ပိုင်သအုပ်စိုးမှုကို ကန့်သတ်မှုဖြစ်စေမည့် ဘုရားသခင်ဆိုင်ရာ “ချည်နှောင်ခြင်း” နှင့် “ချည်နှောင်သောကြိုး” တို့ကိုလက်မခဲ့ကြချေ။ ထို့ကြောင့် ယေဟောဝါက “ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သောအခွင့်ကိုလည်းငါပေးမည်။ သင်သည် လူတို့ကိုသံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်” ဟုမိမိရွေးချယ်တော်မူခဲ့သောဘုရင်ယေရှုအား မိန့်တော်မူ၏။ (ဆာလံ ၂:၈၊ ၉) သို့သော် ယေရှုအသေခံပေးတော်မူခဲ့သော လူသားလောကသည် လုံးလုံးလျားလျား “ခွဲဖျက်” ခြင်းခံရလိမ့်မည်မဟုတ်ချေ။—ယောဟန် ၃:၁၇။
“သားရဲ” ၏ “တံဆိပ်လက်မှတ်” ကိုရှောင်ခြင်း
၉၊ ၁၀။ (က) ဗျာဒိတ်ကျမ်းက ကျွန်ုပ်တို့အား ဘာကိုသတိပေးထားသနည်း။ (ခ) ‘သားရဲ၏တံဆိပ်လက်မှတ်ကို’ ခံယူခြင်းက အဘယ်အရာကို ပုံဆောင်သနည်း။ (ဂ) ဘုရားသခင့်ကျေးကျွန်များသည် အဘယ်တံဆိပ်လက်မှတ်ကို လက်ခံကြသနည်း။
၉ တမန်တော်ယောဟန်လက်ခံရရှိခဲ့သော ဗျာဒိတ်ကျမ်းက ဘုရားသခင်ထံတော်မှကင်းကွာလျက်ရှိသည့် လူ့လောကသည် ယင်း၏အဆုံးမတိုင်မီအချိန်တိုလေးအတွင်း၌ “ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ယာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကိုခံစေခြင်းငှာလည်းကောင်း၊ ထိုတံဆိပ်လက်မှတ် . . . တစ်ခုခုကိုမခံသောသူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှာလည်းကောင်း စီရင်” ခြင်းငှာတိုး၍တောင်းဆိုကြလိမ့်မည်ဟု သတိပေးခဲ့သည်။ (ဗျာဒိတ် ၁၃:၁၆၊ ၁၇) ယင်းသည် ဘာကိုဆိုလိုသနည်း။ လက်ယာလက်၌ရှိသော တံဆိပ်လက်မှတ်မှာ အင်တိုက်အားတိုက်ထောက်ခံသည့် ဆီလျော်သောအထိမ်းအမှတ်တစ်ခုဖြစ်သည်။ နဖူး၌ရှိသောတံဆိပ်လက်မှတ်ကား အဘယ်နည်း။ အနက်ဖွင့်သူ၏ဂရိဓမ္မကျမ်းက ဤသို့ဖော်ပြသည်– “ဤတင်စားထားသည့် ဖော်ပြချက်သက်သက်က စစ်သားများနှင့် အစေခံကျွန်များတွင် အမှတ်အသားပြုထားလေ့ရှိသော သိသာထင်ရှားသည့် မင်ကြောင်ထိုးခြင်း သို့မဟုတ် သံပူကပ်၍တံဆိပ်ခတ်ခြင်းဖြစ်ပြီး . . . ; သို့မဟုတ် ထိုထက်မက အဆောင်လက်ဖွဲ့အဖြစ် ဘုရားသခင်၏နာမကို ဘာသာရေးထုံးစံအရ ခံယူခြင်းဖြစ်သည်။” များစွာသောလူတို့သည် သူတို့၏ပြုမူဆောင်ရွက်မှုနှင့် စကားများဖြင့် ဤတံဆိပ်လက်မှတ်ကိုပုံဆောင်သဘောဖြင့်ခံယူကြပြီး “သားရဲ” ၏ “အစေခံကျွန်” သို့မဟုတ် “စစ်သားများ” အဖြစ် မိမိတို့ကိုယ်ကို ခွဲခြားသိမြင်စေသည်။ (ဗျာဒိတ် ၁၃:၃၊ ၄) သူတို့၏အနာဂတ်နှင့်ပတ်သက်၍ ဓမ္မသစ်ကျမ်း၏ဘာသာရေးဆိုင်ရာအဘိဓာန်ကျမ်းက ဤသို့ဆိုသည်– “ဘုရားသခင်၏ရန်သူများသည် သားရဲ၏အမည်၌ နက်နဲသောနံပါတ်ပါဝင်သည့် [တံဆိပ်လက်မှတ်] ကို သူတို့၏နဖူးနှင့် လက်တစ်ဖက်တွင် ရိုက်နှိပ်ရန်ခွင့်ပြုကြ၏။ ယင်းက သူတို့ကို စီးပွားရေးနှင့် ကုန်သွယ်မှုတိုးမြှင့်ရာတွင် ကြီးမားသောအခွင့်အလမ်းများပွင့်စေသော်လည်း ဘုရားသခင်၏ဒေါသအမျက်တော်အောက် ရောက်ရှိစေပြီး အနှစ်တစ်ထောင်နိုင်ငံတော်မှ သူတို့အား ပထုတ်စေသည်၊ ဗျာ. ၁၃:၁၆; ၁၄:၉; ၂၀:၄။”
၁၀ “တံဆိပ်လက်မှတ်” အားခံယူဖို့ဖိအားပေးမှုကို ငြင်းဆန်နိုင်ရန် ရဲစွမ်းသတ္တိနှင့် ခံနိုင်ရည် တိုး၍တိုး၍လိုအပ်လေသည်။ (ဗျာဒိတ် ၁၄:၉-၁၂) သို့သော်လည်း ဘုရားသခင့်ကျေးကျွန်များသည် ထိုသို့သောခွန်အားရှိကြကာ ယင်းအတွက်ကြောင့်ပင် သူတို့သည် မုန်းတီးခြင်းနှင့် မဟုတ်မမှန်အပြောခံရလေ့ရှိသည်။ (ယောဟန် ၁၅:၁၈-၂၀; ၁၇:၁၄၊ ၁၅) သားရဲ၏တံဆိပ်လက်မှတ်ကို ခံယူမည့်အစား ဟေရှာယက သူတို့သည် “ထာဝရဘုရား၏လူ” ဟူ၍ ပုံဆောင်သဘောဖြင့် မိမိတို့၏လက်တွင်စာထိုးထားမည်ဟု ဆိုခဲ့သည်။ (ဟေရှာယ ၄၄:၅) ထို့အပြင် သူတို့သည် အယူဖောက်ပြန်သောဘာသာရေးမှ ပြုလုပ်နေသည့်စက်ဆုပ်ဖွယ်ရာများအပေါ် “ညည်းတွားငိုကြွေး” နေကြသောကြောင့် ယေဟောဝါ တရားစီရင်ကွပ်မျက်သောအခါ ကင်းလွတ်ခွင့်ခံထိုက်သူများအဖြစ်သတ်မှတ်ဖော်ပြမည့် ပုံဆောင်အမှတ်အသားကို သူတို့၏နဖူးပေါ်တွင် ထိုးမှတ်ထားခြင်းခံကြရသည်။—ယေဇကျေလ ၉:၁-၇။
၁၁။ ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာမြေကြီးကို မအုပ်ချုပ်မချင်း လူ့အစိုးရများအုပ်ချုပ်ရန် မည်သူက ခွင့်ပြုထားသနည်း။
၁၁ ခရစ်တော်၏ကောင်းကင်နိုင်ငံတော်မှ ဤကမ္ဘာမြေကြီးအားအုပ်ချုပ်မှုကို လုံးလုံးလျားလျားမယူမီတိုင်အောင် ဘုရားသခင်သည် လူသားအစိုးရများကို အုပ်ချုပ်ရန်ခွင့်ပြုထားသည်။ ပါမောက္ခ အော်စကာ ဂူမင်က သူ၏စာအုပ် ဓမ္မသစ်ကျမ်းရှိနိုင်ငံတွင် တိုင်းနိုင်ငံများအပေါ် ဘုရားသခင်၏သည်းခံထားခြင်းကို ရည်ညွှန်းဖော်ပြထားသည်။ သူက “နိုင်ငံသည် ‘အခိုက်အတန့်’ သာတည်မည်ဟူသည့် ရှုပ်ထွေးသောခံယူချက်မှာ ဦးဆုံးခရစ်ယာန်များ၏ နိုင်ငံအပေါ်ထားရှိသောသဘောထားသည် တစ်သမတ်တည်းမသွားဘဲ ဖီလာဆန့်ကျင်ပုံပေါက်ခြင်း၏အကြောင်းရင်းဖြစ်သည်။ ကျွန်ုပ်အလေးအနက်ပြောလိုသည်မှာ ထိုသို့ပင်ဖြစ်ပုံပေါက်ပါသည်။ ကျွန်ုပ်တို့သည် ရောမ ၁၃:၁ ပါ ‘အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ’ . . . နှင့်ယှဉ်လျက် ဗျာဒိတ် ၁၃: ရှိ နိုင်ငံရေးကို အနက်ဆုံးသော တွင်းထဲကတက်လာသည့်သားရဲကိုသာ ဖော်ပြရန်လိုအပ်၏” ဟုရေးသားခဲ့သည်။
“သားရဲ” နှင့် “ကဲသာ”
၁၂။ လူ့အစိုးရများနှင့်ပတ်သက်၍ ယေဟောဝါသက်သေများတွင် ဟန်ချက်ညီသော အဘယ်အမြင်ရှိသနည်း။
၁၂ အုပ်ချုပ်ရေးဆိုင်ရာအားလုံးမှာ စာတန်၏ကိုယ်စားလှယ်များဖြစ်သည်ဟု ကောက်ချက်ချခြင်းသည် မှားပေလိမ့်မည်။ သမ္မာကျမ်းစာ၌ “ပညာသတိရှိ” သူအဖြစ် ဖော်ပြထားသည့် မြို့ဝန်မင်းသေရဂိပေါလုကဲ့သို့သော ပုဂ္ဂိုလ်များစွာတို့မှာ ကျင့်စဉ်မူနှင့်အညီနေသူများဖြစ်ကြောင်း ထင်ရှားပြကြပြီ။ (တမန်တော် ၁၃:၇) အချို့အုပ်စိုးရှင်တို့သည် ယေဟောဝါနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်ကို မသိခဲ့လင့်ကစား ဘုရားသခင်ပေးသော အသိစိတ်၏လမ်းညွှန်မှုအားဖြင့် လူနည်းစု၏အခွင့်အရေးများကို ရဲစွမ်းသတ္တိရှိရှိ ကာကွယ်ပေးခဲ့ကြသည်။ (ရောမ ၂:၁၄၊ ၁၅) သမ္မာကျမ်းစာ၌ “လောက” ဟူသောစကားလုံးကို ဆန့်ကျင်ဖီလာသည့်နည်းနှစ်နည်းဖြင့် အသုံးပြုထားကြောင်း သတိရပါ– ဘုရားသခင်ချစ်တော်မူ၍ ကျွန်ုပ်တို့လည်းမေတ္တာပြသင့်သော လူ့လောကနှင့် ယေဟောဝါထံတော်မှကင်းကွာနေပြီး စာတန်သည် ဘုရားအဖြစ်အုပ်စိုးလျက်ရှိသည့် ကျွန်ုပ်တို့ သီးခြားနေရမည်ဖြစ်သော လူသားလောကဖြစ်သည်။ (ယောဟန် ၁:၉၊ ၁၀; ၁၇:၁၄; ၂ ကောရိန္သု ၄:၄; ယာကုပ် ၄:၄) သို့ဖြင့် လူ့အုပ်ချုပ်မှုနှင့်ပတ်သက်၍ ယေဟောဝါ၏ကျေးကျွန်များတွင် ဟန်ချက်ညီသောသဘောထားရှိလေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ သံအမတ်များ သို့မဟုတ် သံတမန်များအဖြစ် အမှုထမ်းနေကြပြီး ဘုရားသခင်ထံတော်၌ ကျွန်ုပ်တို့၏အသက်တာကို ဆက်ကပ်အပ်နှံထားသောကြောင့် နိုင်ငံရေးအမှုကိစ္စများတွင်ကြားနေကြသည်။ (၂ ကောရိန္သု ၅:၂၀) အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် အာဏာပိုင်များအောက်တွင် တာဝန်သိသိလက်အောက်ခံကြသည်။
၁၃။ (က) လူ့အစိုးရများအပေါ် ယေဟောဝါ မည်သို့ရှုမြင်သနည်း။ (ခ) ခရစ်ယာန်များသည် လူ့အစိုးရများကို လက်အောက်ခံရာ၌ အဘယ်အတိုင်းအတာအထိနည်း။
၁၃ ဤဟန်ချက်ညီသောရှုမြင်နည်းက ယေဟောဝါဘုရားသခင်၏အမြင်ကို ရောင်ပြန်ဟပ်လေသည်။ ကမ္ဘာ့အာဏာစက်များ သို့မဟုတ် နိုင်ငံငယ်များသည် သူတို့၏အာဏာကို မတော်မတရားအသုံးပြု၍ဖြစ်စေ၊ သူတို့၏လူများကိုဖိအားပေး၍ဖြစ်စေ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူများအား နှိပ်စက်ညှဉ်းပန်းသောအခါ ကြမ်းကြုတ်သောသားရဲများအဖြစ် သူတို့အား ပရောဖက်ပြုဖော်ပြထားခြင်းမှာ အမှန်ပင်ဆီလျော်ပေသည်။ (ဒံယေလ ၇:၁၉-၂၁; ဗျာဒိတ် ၁၁:၇) သို့သော် နိုင်ငံ့အစိုးရများက ငြိမ်ဝပ်မှုကိုတရားသဖြင့် ပြုလုပ်ခြင်းဖြင့် ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို ထောက်ပံ့သောအခါ ကိုယ်တော်သည် သူတို့အား မိမိ၏ “အမှုစောင့်” အဖြစ် ယူမှတ်လေသည်။ (ရောမ ၁၃:၆) လူ့အစိုးရများအား လေးစားခန့်ညားပြီး သူတို့ကိုလက်အောက်ခံရန် မိမိ၏လူတို့ထံမှ ယေဟောဝါမျှော်လင့်သော်လည်း သူတို့၏လက်အောက်ခံခြင်းမှာ အကန့်အသတ်များမရှိဘဲမဟုတ်ချေ။ လူတို့သည် ဘုရားသခင့်ပညတ်မှ တားမြစ်ထားသောအရာများကို ဘုရားသခင့်ကျေးကျွန်များထံမှ တောင်းဆိုလာသောအခါ သို့မဟုတ် မိမိ၏ကျေးကျွန်များလုပ်ဆောင်ရန် ဘုရားသခင်စေခိုင်းထားသောအရာများကို သူတို့က တားမြစ်လာသောအခြေအနေတွင် ကိုယ်တော့်ကျေးကျွန်များသည် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟုတမန်တော်များပြောခဲ့သည့်အတိုင်း ခံယူကြသည်။—တမန်တော် ၅:၂၉။
၁၄။ လူ့အစိုးရများကို လက်အောက်ခံခြင်းနှင့်ပတ်သက်၍ ယေရှုမည်သို့ရှင်းပြသနည်း၊ ပေါလုကော မည်သို့ရှင်းပြသနည်း။
၁၄ ယေရှုက “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” ဟုမိန့်တော်မူရာ၌ မိမိ၏နောက်လိုက်များသည် အစိုးရများနှင့် ဘုရားသခင် နှစ်ဦးစလုံးအပေါ်တာဝန်ရှိကြောင်း ဆိုလိုနေခြင်းဖြစ်သည်။ (မဿဲ ၂၂:၂၁) တမန်တော်ပေါလုသည် မှုတ်သွင်းခံရလျက် ဤသို့ရေးသားခဲ့၏– “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ . . . မကောင်းသောအကျင့်ကိုကျင့်လျှင်၊ ကြောက်ခြင်းရှိစေလော့။ အကြောင်းမူကား၊ မင်းသည် အချည်းအနှီးဓားကိုဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကိုကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သောသူတည်းဟူသော ဘုရားသခင်၏အစေခံဖြစ်သတည်း။ ထိုကြောင့်၊ ရာဇဝတ်ကိုကြောက်သောကြောင့်သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံရမည်မဟုတ်။ ကိုယ်ကိုကိုယ်သိသောစိတ်ကိုထောက်၍ ဝန်ခံရမည်။ ထိုအကြောင်းကြောင့် အခွန်အတုတ်ကိုပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏အမှုစောင့်ဖြစ်၍၊ အမှုတော်ကိုအမြဲထမ်းကြ၏။” (ရောမ ၁၃:၁၊ ၄-၆) စီ.အီး. ပထမရာစုနှစ်မှ ယနေ့အချိန်အထိ ခရစ်ယာန်များသည် နိုင်ငံမှတောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားခဲ့ကြရသည်။ သူတို့သည် မိမိတို့၏ဝတ်ပြုကိုးကွယ်မှုကို အလျော့ပေးလိုက်လျောရာကျစေမည့် ထိုတောင်းဆိုချက်များကို လိုက်နာဖို့လို၊ မလို သို့မဟုတ် ထိုသို့သောတောင်းဆိုချက်များသည် တရားဝင်ဖြစ်ပြီး အသိစိတ်ရှိရှိဖြင့် ဆောင်ရွက်သင့်၊ မသင့် ချင့်ချိန်ရမည်ဖြစ်သည်။
တာဝန်သိ နိုင်ငံသားများ
၁၅။ ယေဟောဝါသက်သေများသည် သူတို့ပေးရမည့်အရာကို တာဝန်သိသိဖြင့် ကဲသာအား မည်သို့ပေးဆက်နေကြသနည်း။
၁၅ နိုင်ငံရေးဆိုင်ရာ “အထက်အာဏာပိုင်များ” သည် “လူဆိုးတို့ကိုဒဏ်စီရင်ခြင်း . . . လူကောင်းတို့ကိုချီးမွမ်းစေခြင်း” အပါအဝင် ဘုရားသခင်နှစ်သက်တော်မူသော အခွင့်အာဏာကိုဖြည့်စွက်သောအခါ ဘုရားသခင်၏ “ဓမ္မအမှုဆောင်” ဖြစ်လာကြသည်။ (၁ ပေတရု ၂:၁၃၊ ၁၄) ယေဟောဝါ၏ကျေးကျွန်များသည် အခွန်ဆက်ခြင်းနှင်ပတ်သက်၍ ကဲသာမှ တရားဝင်တောင်းဆိုချက်များကို သူ့အားပေးရမည်ဖြစ်ပြီး သမ္မာကျမ်းစာဖြင့်လေ့ကျင့်ထားသည့် သူတို့၏အသိတရားက ခွင့်ပြုသည့်အတိုင်းအတာအထိ “အထွတ်အမြတ်အာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံစေခြင်း . . . ၊ မင်း၏စကားကိုနားထောင်စေခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေ” ရမည်ဖြစ်သည်။ (တိတု ၃:၁) “ကောင်းသောအမှု” တွင် ရုတ်တရက်အကြီးအကျယ်ဘေးဖြစ်သောအခါ အခြားသူများကိုကူညီခြင်း စသည်တို့ပါဝင်သည်။ ထိုသို့သောအခြေအနေမျိုးတွင် ယေဟောဝါသက်သေများ၏ လူသားအချင်းချင်းအပေါ်ပြသသောကြင်နာမှုကို များစွာတို့က ထောက်ခံပြောဆိုခဲ့ကြပြီ။—ဂလာတိ ၆:၁၀။
၁၆။ ယေဟောဝါသက်သေများသည် အစိုးရများနှင့် လူသားချင်းအတွက် တာဝန်သိသိဖြင့် အဘယ်ကောင်းမှုများကို ဆောင်ရွက်နေကြသနည်း။
၁၆ ယေဟောဝါသက်သေများသည် လူသားအချင်းချင်းကိုချစ်ရာ ထိုသူတို့အတွက် ပြုလုပ်ပေးနိုင်သည့် အကျိုးအရှိဆုံးလုပ်ငန်းမှာ ဖြောင့်မတ်ခြင်းဆိုင်ရာ “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ကိုဖြစ်စေမည့် ဘုရားသခင်၏ရည်ရွယ်တော်မူချက်နှင့်ပတ်သက်၍ တိကျသောအသိပညာကိုရရှိဖို့ ကူညီပေးခြင်းဖြစ်သည်ဟု သူတို့ယူမှတ်ကြသည်။ (၂ ပေတရု ၃:၁၃) မြင့်မားသောကျင့်ဝတ်မူများကို သွန်သင်၍လက်တွေ့ကျင်သုံးကြကာ သူတို့သည် ကျမ်းစာမူများကို လိုက်နာလိုသူများစွာအား ပြစ်မှုပြုခြင်းမှကာကွယ်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်းကို အကျိုးပြုကြသည်။ ယေဟောဝါ၏ကျေးကျွန်များသည် ဥပဒေကိုလိုက်နာပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိများ၊ တရားသူကြီးများနှင့် မြို့တော်အာဏာပိုင်များအပေါ် လေးစားမှုပြကာ “ရိုသေထိုက်သောသူကို” ရိုသေသမှုပြုကြသည်။ (ရောမ ၁၃:၇) သက်သေခံမိဘများသည် သူတို့သားသမီးများ၏ ကျောင်းဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းကို ဝမ်းမြောက်ကြကာ မိမိတို့၏သားသမီးများကို ကောင်းစွာလေ့လာဆည်းပူးကြဖို့ ကူညီပေးကြသည်၊ နောက်ပိုင်းတွင် သူတို့သည် ဝမ်းစာရှာဖွေနိုင်ပြီး လူ့ဘောင်ကို ဝန်ထုပ်မဖြစ်စေရန်အလို့ငှာဖြစ်သည်။ (၁ သက်သာလောနိတ် ၄:၁၁၊ ၁၂) သက်သေခံများသည် သူတို့၏အသင်းတော်များတွင်လည်း လူမျိုးရေးစိတ်စွန်းကွက်ခြင်းနှင့် အဆင့်အတန်းများခွဲခြားခြင်းကို ဆန့်ကျင်ကာ သူတို့သည် မိသားစုဘဝနှောင်ကြိုးခိုင်မြဲစေခြင်းကို အလွန်အရေးပေးကြသည်။ (တမန်တော် ၁၀:၃၄၊ ၃၅; ကောလောသဲ ၃:၁၈-၂၁) ထို့ကြောင့် သူတို့၏ပြုမူဆောင်ရွက်မှုများအားဖြင့် သူတို့၏ရပ်ကွက်တွင် မိသားစုစိတ်ဓာတ်မရှိသူများ သို့မဟုတ် အကူအညီမပေးလိုသူများအဖြစ် သူတို့အပေါ်စွပ်စွဲထားချက်များမှာ မှားယွင်းကြောင်း သက်သေပြလေသည်။ သို့နှင့် တမန်တော်ပေတရု ရေးသားခဲ့သောစကားများမှာ မှန်ကန်ကြောင်းသက်သေထူသည်– “သင်တို့သည် ကောင်းသောအကျင့်ကိုကျင့်သောအားဖြင့် လူမိုက်တို့၏မိုက်မဲသောစကားကို ချေစေခြင်းငှာ၊ ဘုရားသခင်သည် ထိုသို့သောအလိုတော်ရှိ၏။”—၁ ပေတရု ၂:၁၅။
၁၇။ ခရစ်ယာန်များသည် ဆက်လက်၍ မည်သို့ “ပြင်ပလူတို့၏မျက်နှာကိုထောက်လျက်၊ ပညာနှင့်ကျင့်ဆောင်” နိုင်ကြသနည်း။
၁၇ ထို့ကြောင့် ခရစ်တော်၏နောက်လိုက်စစ်များသည် “လောကနှင့်မဆက်ဆံ” ဘဲရှိနေစဉ် သူတို့သည် လူ့လောကအဖွဲ့အစည်းတွင်ရှိနေဆဲဖြစ်ကာ “ပြင်ပလူတို့၏မျက်နှာကိုထောက်လျက်၊ ပညာနှင့်ကျင့်ဆောင်၍” နေရမည်ဖြစ်သည်။ (ယောဟန် ၁၇:၁၆; ကောလောသဲ ၄:၅) ယေဟောဝါသည် မင်းအာဏာစက်ကို မိမိ၏အစေခံအဖြစ် အသုံးပြုနေသ၍ ကျွန်ုပ်တို့သည် သူတို့အား လျောက်ပတ်သောရိုသေလေးစားမှုကို ပြရပေမည်။ (ရောမ ၁၃:၁-၄) နိုင်ငံရေးတွင်ကြားနေစဉ်ပင် ကျွန်ုပ်တို့သည် “ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့” အတွက်၊ အထူးသဖြင့် လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကို အကျိုးသက်ရောက်နိုင်သည့် ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့်စပ်လျဉ်း၍ ဆုတောင်းကြသည်။ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်” အံ့သောငှာ “ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ ငြိမ်ဝပ်ဆိတ်ငြိမ်စွာနေရ” ဖို့အလို့ငှာ ယင်းကို ကျွန်ုပ်တို့ ဆက်လက်ပြုလုပ်နေကြမည်ဖြစ်သည်။—၁ တိမောသေ ၂:၁-၄။
[အောက်ခြေမှတ်ချက်များ]
a နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည့် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! (လိပ်) စာအုပ် အခန်း ၃၅ ကိုရှု။
ပြန်လည်စစ်ဆေးရန် မေးခွန်းများ
◻ ခရစ်ယာန်များသည် အဘယ် “လောက” နှင့်စပ်ဆိုင်ပြီး အဘယ် “လောက” နှင့်မစပ်ဆိုင်နိုင်သနည်း။
◻ လူတစ်ဦး၏လက် သို့မဟုတ် နဖူးပေါ်ရှိ “သားရဲ” ၏ “တံဆိပ်လက်မှတ်” ကားအဘယ်အရာကို ပုံဆောင်သနည်း၊ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များတွင် အဘယ်တံဆိပ်လက်မှတ်ရှိထားကြသနည်း။
◻ လူ့အစိုးရများနှင့်ပတ်သက်၍ ခရစ်ယာန်စစ်များတွင် ဟန်ချက်ညီသော အဘယ်အမြင်ရှိသနည်း။
◻ လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် ယေဟောဝါသက်သေများပါဝင်ကြသော နည်းလမ်းအချို့ကား အဘယ်နည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာက လူ့အစိုးရကို သားရဲအပြင် ဘုရားသခင်၏အမှုစောင့်အဖြစ်လည်း ဖော်ပြထား
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများသည် အခြားသူများအပေါ် ကရုဏာမေတ္တာပြကြသည့်အတွက် သူတို့၏ရပ်ကွက်များကို အကျိုးပြုကြ