စာရှုသူများအမေး
ကမ္ဘာကြီး ပျက်စီးသွားမလား
▪ ၂၀၁၁၊ မေ ၂၁ ရက်မှာ တရားစီရင်ရာနေ့ ကျရောက်လာပြီး မြေငလျင်ကြီးတစ်ခုကြောင့် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားမယ်၊ နောက် ငါးလအကြာ အောက်တိုဘာ ၂၁ ရက်မှာ ကမ္ဘာကြီး ပျက်စီးသွားမယ်ဆိုပြီး ယူအက်စ် ရေဒီယိုအသံလွှင့်သူ ဟာရယ်လ် ကန်ပင်းက ကြိုဟောခဲ့ပါတယ်။ ဒါကြောင့် လူတချို့ကလည်း ၂၀၁၁၊ အောက်တိုဘာ ၂၁ ရက်မှာ ကမ္ဘာကြီး ပျက်စီးသွားမယ်ဆိုပြီး ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအတိုင်း မဖြစ်လာခဲ့ပါဘူး။
ကမ္ဘာကြီးက ဘယ်တော့မှ ပျက်စီးသွားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးကို ဖန်ဆင်းထားတဲ့အရှင်က အဲဒီလိုဖြစ်ခွင့်ပြုမှာ မဟုတ်လို့ပါ။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်-“မြေကြီးကိုတည်စေတော်မူသဖြင့် [ကမ္ဘာကြီးသည်] အမြဲနေပါ၏။”—ဆာလံ ၁၁၉:၉၀။
ဒါပေမဲ့ ကျမ်းစာဖတ်ရှုသူတချို့က ဒီကမ္ဘာမြေ မီးလောင်ပျက်စီးသွားလိမ့်မယ်ဆိုပြီး ဆန့်ကျင်ပြောဆိုကြတယ်။ သူတို့ရဲ့အဆိုကို ၂ ပေတရု ၃:၇၊ ၁၀ က ထောက်ခံတယ် ဆိုပြီးတော့လည်း ပြောကြတယ်။ အဲဒီကျမ်းချက်မှာ ဒီလိုပြောထားပါတယ်– ‘ထိုစကားတော်အားဖြင့်ပင် ယခုတည်ရှိသော ကောင်းကင်နှင့် မြေကြီးသည် မီးရှို့ရန် သိုထားခံရ၍ ဘာသာတရားမဲ့သူတို့ကို ဖျက်ဆီးမည့် တရားစီရင်ရာနေ့တိုင်အောင် ဖယ်ထားတော်မူ၏။ . . . သို့တိုင် ယေဟောဝါဘုရားသခင်၏နေ့သည် သူခိုးလာသကဲ့သို့ လာလိမ့်မည်။ ထိုနေ့၌ ကောင်းကင်သည် ကြီးစွာသောအသံနှင့်အတူ ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မည်။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာများသည် အလွန်ပူပြင်း၍ အရည်ပျော်သွားလိမ့်မည်။ မြေကြီးနှင့် မြေကြီးပေါ်ရှိအရာများသည် ကျွမ်းလောင်လိမ့်မည်။’ တမန်တော်ပေတရုရဲ့ စကားတွေကို စာသားအတိုင်း နားလည်ရမှာလား။
မဟုတ်ပါဘူး။ အဲဒီအခန်းငယ်တွေကို မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ဆိုရင် ပေတရု ရေးထားတဲ့ ကျမ်းတွေနဲ့ ကျန်တဲ့ကျမ်းစောင်တွေကို နှိုင်းယှဉ်ကြည့်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီကျမ်းချက်ကို စာသားအတိုင်း အဓိပ္ပာယ်ကောက်ရမယ်ဆိုရင် ကျယ်ပြောလှတဲ့ စကြဝဠာကြီးမှာ အစက်တစ်စက်လောက်သာ ရှိတဲ့ ကမ္ဘာဂြိုဟ်ပေါ်က လူဆိုးတွေကြောင့် ကြယ်တွေ ဘီလီယံပေါင်းများစွာရှိတဲ့ ကောင်းကင်ကြီးတစ်ခုလုံး ဒါမှမဟုတ် စကြဝဠာကြီးက မီးမြိုက်ခံရမှာ ဖြစ်တယ်။ ပဲစေ့တစ်စေ့ ပုပ်တာနဲ့ပဲ ပဲအိတ်တစ်အိတ်လုံးကို သင် လွှင့်ပစ်လိုက်မှာလား။ အဲဒီလိုသာ လုပ်မယ်ဆိုရင် ဆင်ခြင်တုံတရားနဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး။ အလားတူပဲ ယေဟောဝါဘုရားသခင်က သူဖန်ဆင်းထားတဲ့အရာ အများကြီးထဲမှာရှိတဲ့ ကမ္ဘာဂြိုဟ်တစ်ခုပေါ်က ပုန်ကန်မှုလေးကြောင့် စကြဝဠာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး။
ဒါ့အပြင်၊ စာသားအတိုင်း အဓိပ္ပာယ်ကောက်ရင် ယေရှုခရစ်ရဲ့ ဒီစကားတွေနဲ့လည်း လုံးဝဆန့်ကျင်နေပါလိမ့်မယ်– “နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်။” (မဿဲ ၅:၅; ဆာလံ ၃၇:၂၉) မေတ္တာရှိတဲ့ဖခင်တစ်ဦးဟာ သူ့မိသားစုအတွက် တကယ့်ကိုကောင်းမွန်တဲ့ အိမ်တစ်လုံးကို ဆောက်ပေးပြီး မကြာခင်မှာပဲ ဖျက်ဆီးပစ်လိုက်မလား။ (ဆာလံ ၁၁၅:၁၆) လုံးဝ စဉ်းစားလို့ မရတဲ့အရာပါပဲ။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်သာမကဘဲ မေတ္တာရှိတဲ့ ဖခင်တစ်ဦးလည်း ဖြစ်ပါတယ်။—ဆာလံ ၁၀၃:၁၃; ၁ ယောဟန် ၄:၈။
“မြေကြီး” ဆိုတဲ့ စကားလုံးကို ပေတရုက ပုံဆောင်ချက်အနေနဲ့ သုံးထားပြီး ဒီနေရာမှာ ဆိုးညစ်တဲ့ လူ့အဖွဲ့အစည်းကို ရည်ညွှန်းနေတာဖြစ်တယ်။ ပေတရုဟာ နောဧခေတ်က ရေလွှမ်းမိုးဘေးနဲ့ နှိုင်းယှဉ်နေတာကို သတိပြုပါ။ (၂ ပေတရု ၃:၅၊ ၆) အဲဒီအချိန်တုန်းက ဆိုးညစ်တဲ့လူတွေကိုပဲ ဖျက်ဆီးခဲ့ပြီး ကမ္ဘာကြီးနဲ့ နောဧမိသားစုက ကပ်ကျော် ကျန်ရစ်ခဲ့ပါတယ်။ အဲဒီလိုပါပဲ၊ “ကောင်းကင်” ဆိုတာကလည်း ပုံဆောင်ချက်ဖြစ်ပြီး လူ့အုပ်စိုးရှင်တွေကို ရည်ညွှန်းတာဖြစ်တယ်။ ဒါကြောင့် ခေါင်းမာမာနဲ့ ဆိုးသွမ်းနေတဲ့ လူတွေအပြင် ဆိုးညစ်တဲ့ လူ့အုပ်စိုးရှင်အားလုံး ဖျက်ဆီးခံရမှာဖြစ်ပြီး ဘုရားသခင့် ကောင်းကင်အစိုးရက သူတို့နေရာမှာ အစားဝင်မှာ ဖြစ်ပါတယ်။—ဒံယေလ ၂:၄၄၊ ၄၅။
ဒါဆိုရင် ကမ္ဘာကြီးက ပျက်စီးသွားမှာလား။ ပျက်စီးသွားမှာ မဟုတ်ပါဘူး။ ပုံဆောင် မြေကြီးဖြစ်တဲ့ ဆိုးညစ်တဲ့ လူ့အဖွဲ့အစည်းပဲ ပျက်စီးပျောက်ကွယ်သွားမှာပါ။ ကမ္ဘာကြီးနဲ့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ လူ့အဖွဲ့အစည်းကတော့ ထာဝစဉ် တည်ရှိသွားပါလိမ့်မယ်။—သု. ၂:၂၁၊ ၂၂။