အခန်း ၁၉
အာမဂေဒုန်အပြီး၊ ပရဒိသု မြေကြီးတစ်ခု
၁။ (က) အာမဂေဒုန်ကို များသောအားဖြင့် မည်သို့ယူမှတ်ကြသနည်း။ (ခ) ၎င်းနှင့်ပတ်သက်၍ ကျမ်းစာ မည်သို့ဆိုသနည်း။
“အာမဂေဒုန်” ဟူသောစကားလုံးကို လူတော်တော်များများ ကြောက်ကြသည်။ ကမ္ဘာ့ခေါင်းဆောင်များက ဖြစ်ရန်အလားအလာရှိသော တတိယကမ္ဘာစစ်ကြီးကို ရည်ညွှန်းပြီး ၎င်းစကားလုံးကို သုံးလေ့ရှိကြသည်။ သို့ရာတွင် ကျမ်းစာက အာမဂေဒုန်ကို ဘုရားသခင် တိုက်ခိုက်မည့် ဖြောင့်မတ်တရားသောစစ်ပွဲ ခင်းကျင်းရာ စစ်တလင်းအဖြစ် သုံးထားသည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၅) ဘုရားသခင်တိုက်မည့် ၎င်းစစ်ပွဲသည် ဖြောင့်မတ်သော ကမ္ဘာသစ်တစ်ခုအတွက် လမ်းဖွင့်ပေးမည်ဖြစ်သည်။
၂။ (က) မည်သူများ အာမဂေဒုန်၌ ဖျက်ဆီးခံရမည်နည်း။ (ခ) ထို့ကြောင့် အဘယ်အကျင့်များကို ပညာရှိရှိ ရှောင်အပ်သနည်း။
၂ လူကောင်း လူဆိုးမရွေး သတ်ဖြတ်သည့် လူတို့တိုက်သောစစ်ပွဲများနှင့်မတူဘဲ အာမဂေဒုန်သည် လူဆိုးတို့ကိုသာ ဖျက်ဆီးမည်။ (ဆာလံ ၉၂:၇) ယေဟောဝါဘုရားသခင်သည် တရားသူကြီးဖြစ်၍ မိမိ၏ ဖြောင့်မတ်သောပညတ်များကို နာခံရန် စိတ်လိုကိုယ်လျောက် ငြင်းဆန်သူ မည်သူ့ကိုမဆို ဖယ်ရှားတော်မူမည်။ ယနေ့ လူအမြောက်အမြားတို့သည် မတရားမေထုန်ပြုခြင်း၊ မူးယစ်ခြင်း၊ လိမ်လည်လှည့်စားခြင်းတို့ကို မည်သို့မျှ အဆိုးမမြင်ကြ။ သို့သော် ဘုရားသခင့်အမြင်အရ ၎င်းတို့သည် မကောင်းမှုများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုအရာများကို ဆက်၍ပြုလုပ်နေသူများကို အာမဂေဒုန်တွင် ကယ်တင်တော်မူမည်မဟုတ်။ (၁ ကောရိန္သု ၆:၉၊ ၁၀; ဗျာဒိတ် ၂၁:၈) ထိုအရာများနှင့်စပ်လျဉ်းသော ဘုရားသခင့်ပညတ်များကို သိရှိလျှင် ထိုအကျင့်ဆိုးများ ကျင့်နေသူများအနေဖြင့် မိမိတို့လမ်းစဉ်ကို ပြောင်းလဲရန် အရေးကြီးလှ၏။
၃။ (က) လက်ရှိလောကကုန်ဆုံးခြင်းကို ယေရှုက ဘာနှင့် နှိုင်းယှဉ်သနည်း။ (ခ) စာတန်နှင့် သူ၏နတ်ဆိုးများ မည်သို့ဖြစ်သွားမည်နည်း။ (ဂ) လာမည့်စာမျက်နှာများပါ ကျမ်းချက်များအရ ပရဒိသုပေါ်တွင် မည်သို့သောအခြေအနေမျိုး ခံစားရမည်နည်း။
၃ အာမဂေဒုန်ပြီးသည့်နောက် ဤလောကဆိုး၏ အဘယ်အစိတ်အပိုင်းမျှ ကျန်ရစ်တော့မည်မဟုတ်။ ဘုရားသခင်ကို ဝတ်ပြုသောသူများသာ ဆက်လက်အသက်ရှင်နေကြမည်။ (၁ ယောဟန် ၂:၁၇) ယေရှုခရစ်က နောဧလက်ထက်အခြေအနေနှင့် နှိုင်းယှဉ်ပြ၏။ (မဿဲ ၂၄:၃၇-၃၉; ၂ ပေတရု ၃:၅-၇၊ ၁၃; ၂:၅) အာမဂေဒုန်ပြီးနောက် ဘုရားသခင့်အစိုးရတစ်ပါးတည်းသာ ကမ္ဘာကိုအုပ်ချုပ်မည်။ စာတန်နှင့် သူ၏နတ်ဆိုးများ ကွယ်ပျောက်သွားမည်။ (ဗျာဒိတ် ၂၀:၁-၃) နာခံသူများ ခံစားရမည်ဟု ကျမ်းစာအရိပ်အမြွက် ပြဆိုထားသည့် ကောင်းချီးအချို့ကို လာမည့်စာမျက်နှာများ၌ သုံးသပ်ကြည့်ပါ။
လူသားအပေါင်း အေးအေးချမ်းချမ်းနှင့်
“ငါတို့အား သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အာဏာစက်ကို ထမ်းဆောင်လိမ့်မည်။ နာမတော်ကား . . . ငြိမ်သက်ခြင်းမင်းဟု ခေါ်ဝေါ်သမုတ်ခြင်း ရှိလိမ့်မည်။ . . . အာဏာတော်နှင့် ငြိမ်သက်ခြင်းသည် မကုန်မဆုံး၊ နိစ္စအမြဲတိုးတက်လိမ့်မည်။”—ဟေရှာယ ၉:၆၊ ၇၊ သမ္မာ။
“လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့မရောက်မီတိုင်အောင် တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။ ပင်လယ်တစ်ပါးမှ တစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။”—ဆာလံ ၇၂:၇၊ ၈။
စစ်မရှိတော့
“ထာဝရဘုရား စီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်း အမှုတော်များကို လာ၍ ကြည့်ရှုကြလော့။ လေးကိုချိုးလျက် လှံကို အပိုင်းပိုင်းဖြတ်လျက်၊ ရထားကို မီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။”—ဆာလံ ၄၆:၈၊ ၉။
အိမ်ကြီး အိမ်ကောင်းများနှင့် လူတိုင်းအတွက် ပျော်စရာအလုပ်
“ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ . . . သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။ ငါ၏လူတို့ . . . သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။ ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်ဆောင်ရကြ။ [ရုတ်တရက် သင့်သောဘေးဥပဒ်အဖို့ သားသမီး မဖွားမြင်ရကြ၊ သမ္မာ] ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည် ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။”—ဟေရှာယ ၆၅:၂၁-၂၃။
ရာဇဝတ်မှု၊ ရမ်းကားမှုနှင့် ဆိုးယုတ်မှုတို့ ပပျောက်ပြီ
“အဆိုးပြုကျင့်သောသူတို့သည် ပယ်ရှားခြင်းခံရကြလိမ့်မည်။ . . . ခဏကြာပြီးမှ ဆိုးသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ကြည့်ရှု၍ သူ့ကိုမတွေ့ရ။”—ဆာလံ ၃၇:၉၊ ၁၀၊ သမ္မာ။
“ဆိုးသောသူတို့မူကား၊ ပြည်တော်မှ ပယ်ရှားခြင်း၊ သစ္စာဖျက်သောသူတို့လည်း နုတ်ပစ်ခြင်းကို ခံရကြလိမ့်မည်။”—သု၊ ၂:၂၂၊ သမ္မာ။
ကမ္ဘာတစ်ခွင် ပရဒိသုတစ်ခု
ယေရှုက “သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” ဟု မိန့်ကြားတော်မူ၏။—လုကာ ၂၃:၄၃၊ ကဘ။
“ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။
လူအားလုံး စားဖို့အတွက် စားကောင်းသောက်ဖွယ် အလျှံပယ်
“ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည် ခဲဖွယ် စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲ တည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူမျိုးခပ်သိမ်းတို့အဖို့ . . . စီရင်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၆၊ သမ္မာ။
“ပြည်တော် [မြေကြီး၊ ကဘ] ၌ များစွာသောစပါးရှိ၍ အသီးအနှံသည်. . . တောင်ထိပ်ပေါ်မှာ လှုပ်ရှား [မောက်လျှံ၊ ကဘ] လိမ့်မည်။” “မြေသည် အသီးအနှံကိုထွက်စေ၍ ဘုရားသခင်၊ ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းချီးပေးတော်မူပြီ။”—ဆာလံ ၇၂:၁၆; ၆၇:၆၊ သမ္မာ။
၄၊ ၅။ (က) ပရဒိသုမြေကြီးပေါ်တွင် မည်သို့သောအခြေအနေများ ရှိတော့မည်မဟုတ်သနည်း။ (ခ) ယနေ့ နေရာများစွာတို့၌ လူတို့မပြုလုပ်နိုင်သော အဘယ်အရာများကို လူတို့ပြုလုပ်နိုင်ကြမည်နည်း။
၄ သင်သည် ပထမလူ အာဒံဖန်ဆင်းခံရသည့် ဥယျာဉ်ကဲ့သို့သော ပရဒိသုမြေကြီးပေါ် အသက်ရှင်လိုမည်မှာ သေချာသည်။ (ကမ္ဘာဦး ၂:၈; လုကာ ၂၃:၄၃) အောက်ပါအချက်များကို စဉ်းစားကြည့်ပါ– စစ်၊ ရာဇဝတ်မှု၊ သို့မဟုတ် ရမ်းကားသတ်ဖြတ်မှု မရှိတော့။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မည်သည့်အချိန်မဆို၊ အဘယ်ရန်ကိုမျှ ကြောက်စရာမလိုဘဲ မည်သည့်နေရာသို့မဆို အသင်သွားလာနိုင်မည်။ လူဆိုးများ လုံးဝမရှိတော့။—ဆာလံ ၃၇:၃၅-၃၈။
၅ သို့ဖြစ်၍ လူတို့ကို ဖိစီးနှိပ်စက်မည့် ကောက်ကျစ်သောနိုင်ငံရေးသမားများနှင့် လောဘကြီးသော စီးပွားရေးခေါင်းဆောင်များ မရှိတော့လေ။ စစ်လက်နက်များအတွက် အခွန်ငွေများစွာ ဆက်ရသဖြင့် ဝန်ပိ၍လည်း နေကြတော့မည်မဟုတ်။ ဆင်းရဲသောကြောင့် အစားအသောက်ကောင်း၊ အိမ်ကောင်း မရနိုင်သူ ဘယ်တော့မျှမရှိတော့။ အလုပ်လက်မဲ့ဖြစ်မှု၊ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းမြင့်မားမှု မရှိတော့။ ယနေ့ မိသားစုများကို စိတ်ဆင်းရဲစေသော ဒုက္ခများ ပျောက်ကွယ်သွားမည်။ လူတိုင်းလူတိုင်း နှစ်သက်ဖွယ်အလုပ်အကိုင်ရှိမည်။ မိမိတို့ ကြိုးစားလုပ်ဆောင်သည့်အတိုင်း အကျိုးရလဒ်များကို တွေ့မြင်ခံစားကြရလိမ့်မည်။
၆။ (က) အာမဂေဒုန်ကပ်ကျော်သူများ အဘယ်အလုပ်ကို လုပ်ကြမည်နည်း။ (ခ) ယင်းအလုပ်ကို ဘုရားသခင် မည်သို့ ကောင်းချီးပေးတော်မူမည်နည်း။
၆ အာမဂေဒုန်ကပ်ကျော်သူတို့သည် ဦးဦးဆုံး ကမ္ဘာသန့်ရှင်းရေး၊ စနစ်ဟောင်း အကြွင်းအကျန် သုတ်သင်ရေးလုပ်ငန်း လုပ်ကိုင်ရမည်။ ၎င်းနောက် နိုင်ငံတော်အုပ်ချုပ်ရေး ညွှန်ကြားချက်အောက် ကမ္ဘာကို နေချင်စဖွယ်ကောင်းအောင် ထွန်ယက်စိုက်ပျိုး၍ ရှုမငြီးဖွယ်နေရာဖြစ်စေရန် လုပ်ကိုင်ရမည့်အခွင့်အရေးကို ရရှိကြမည်။ မည်မျှ ပျော်စရာကောင်းသောအလုပ် ဖြစ်မည်တကား! လုပ်ကိုင်လေသမျှကို ဘုရားသခင် ကောင်းချီးပေးတော်မူမည်။ အသီးအနှံကြီးထွားစေရန်နှင့် ကျွဲနွားတိရစ္ဆာန်မွေးမြူရေးအတွက် သင့်တော်သော ဥတုကို ပေးတော်မူမည်။ ၎င်းတို့ကို ရောဂါနှင့် ဘေးရန်တို့မှလည်း ကာကွယ်တော်မူမည်။
၇။ (က) ဘုရားသခင်၏ အဘယ်ကတိတော် ပြည့်စုံလာမည်နည်း။ (ခ) ဘုရားသခင့် ကတိတော်အရ ခရစ်ယာန်များ အဘယ်အရာကို စောင့်မျှော်ကြသနည်း။
၇ ကျမ်းစာဆာလံဆရာမှတစ်ဆင့် မေတ္တာသခင် ဖန်ဆင်းရှင် ပေးတော်မူသော အောက်ပါကတိတော် ပြည့်စုံလာမည်– “လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” (ဆာလံ ၁၄၅:၁၆) မှန်သည်၊ ဘုရားသခင်ကို ခန့်ညားသူများ၌ ရှိထိုက်သောဆန္ဒအားလုံးသည် ခြွင်းချက်မရှိ ပြည့်ဝလာမည်။ ကမ္ဘာပေါ် ပရဒိသုတွင် ဘဝသည် မည်မျှချမ်းမြေ့သာယာမည်ကို တွေး၍ပင်မရနိုင်ပါ။ မိမိလူတို့ကို ကောင်းချီးပေးရန် ဘုရားသခင် မည်သို့စီစဉ်သည်နှင့်စပ်လျဉ်း၍ တမန်တော်ပေတရု ဤသို့ရေး၏– “ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုးကောင်းကင်သစ် နှင့် မြေကြီးသစ် ကို ငါတို့သည် [ဘုရားသခင့်] ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။”—၂ ပေတရု ၃:၁၃; ဟေရှာယ ၆၅:၁၇; ၆၆:၂၂။
၈။ (က) ပကတိကောင်းကင်သစ်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် လိုမည်မဟုတ်သနည်း။ (ခ) “ကောင်းကင်သစ်” ကား အဘယ်နည်း။
၈ “ကောင်းကင်သစ်” ကား အဘယ်နည်း။ ပကတိကောင်းကင်သစ် မဟုတ်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ပကတိကောင်းကင်ကို စုံလင်စွာ ဖန်ဆင်းထားသည့်အတိုင်း ၎င်းတို့သည် ကိုယ်တော့်ဘုန်းအသရေကို ထင်ရှားစေ၏။ (ဆာလံ ၈:၃; ၁၉:၁၊ ၂) “ကောင်းကင်သစ်” မှာ ကမ္ဘာကိုအုပ်ချုပ်မည့် အုပ်ချုပ်ရေးသစ်ကို ရည်ညွှန်းသည်။ ယခုရှိနေသော “ကောင်းကင်” မှာ လူ့အစိုးရများဖြင့် ဖွဲ့စည်းထားသည်။ အာမဂေဒုန်တွင် ၎င်းတို့ ပပျောက်သွားမည်။ (၂ ပေတရု ၃:၇) ၎င်းတို့ကို အစားထိုးမည့် “ကောင်းကင်သစ်” သည် ဘုရားသခင့်ကောင်းကင်အစိုးရ ဖြစ်မည်။ ၎င်း၏ဘုရင်မှာ ယေရှုခရစ်ဖြစ်မည်။ သို့သော် ၁၄၄,၀၀၀ သော သစ္စာရှိ နောက်တော်လိုက်များသည် “ကောင်းကင်သစ်” ၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ကိုယ်တော်နှင့်အတူ အုပ်စိုးကြမည်။—ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁၊ ၃။
၉။ (က) “မြေကြီးသစ်” ကား အဘယ်နည်း။ (ခ) ဖျက်ဆီးခံရမည့် မြေကြီးကား အဘယ်မြေကြီးနည်း။
၉ သို့ဖြစ်လျှင် “မြေကြီးသစ်” ကား အဘယ်နည်း။ ဂြိုဟ်အသစ်တစ်လုံးမဟုတ်။ ဤကမ္ဘာဂြိုဟ်ကို လူသားများ နေထိုင်ဖို့ အသင့်တော်ဆုံးဖြစ်အောင် ဖန်ဆင်းတော်မူခဲ့ပြီ။ ထာဝစဉ်တည်ရှိသွားစေရန် အလိုတော်ရှိ၏။ (ဆာလံ ၁၀၄:၅) “မြေကြီးသစ်” သည် လူအုပ်စုသစ်၊ သို့မဟုတ် လူ့အဖွဲ့အစည်းသစ်တစ်ခုကို ရည်ညွှန်းသည်။ “မြေကြီး” ဟူသော စကားလုံးကို ကျမ်းစာက ထိုသို့သောအဓိပ္ပာယ်ဖြင့် သုံးလေ့ရှိသည်။ ဥပမာ၊ “မြေကြီးတစ်ပြင်လုံး [မြေကြီးသားအပေါင်း] ဘာသာစကားတစ်မျိုးတည်းရှိကြ၏” ဟုဆိုထားသည်။ (ကမ္ဘာဦး ၁၁:၁) ဖျက်ဆီးခံရမည့် “မြေကြီး” မှာ ဤစနစ်ဆိုး၏ အစိတ်အပိုင်းဖြစ်သော လူတို့ပင်ဖြစ်သည်။ (၂ ပေတရု ၃:၇) ၎င်းကို အစားထိုးမည့် “မြေကြီးသစ်” သည် လူဆိုးတို့၏ ဤလောကနှင့် မိမိတို့ကိုယ်ကို သီးခြားစေသော ဘုရားသခင့်ကျေးကျွန်စစ်များဖြင့် ဖွဲ့စည်းထားသည်။—ယောဟန် ၁၇:၁၄; ၁ ယောဟန် ၂:၁၇။
၁၀။ (က) မည်သူများ ယခု စုသိမ်းခံနေရသနည်း။ အဘယ်နေရာသို့နည်း။ (ခ) လာမည့်စာမျက်နှာများ၌ပါသည့် ကျမ်းချက်များအရ လူ့အစိုးရများ မတတ်နိုင်သော အဘယ်အရာများကို ပရဒိသုမြေကြီးပေါ်တွင် ပြုလုပ်ကြမည်နည်း။
၁၀ “မြေကြီးသစ်” တွင် ပါဝင်ကြမည့် လူအမျိုးအနွယ်ခပ်သိမ်းသည် ယခုပင် ခရစ်ယာန်အသင်းတော်ထဲသို့ စုသိမ်းခြင်းခံနေရကြပြီ။ သူတို့အလယ်၌တည်ရှိသော စည်းလုံးခြင်းနှင့် ငြိမ်းချမ်းမှုသည် အာမဂေဒုန်အပြီး ပရဒိသုမြေကြီးအသက်တာကို ပျော်မဆုံးဖြစ်စေမည့်အရာ၏ အသေးစာရှေ့ပြေးအရိပ်မျှသာ ဖြစ်သည်။ မှန်ပါသည်၊ လူ့အစိုးရတို့ စိတ်ပင်မကူးရဲသောအရာများကို ဘုရားသခင့်နိုင်ငံတော် ဖြစ်မြောက်စေမည်။ ထိုသို့သောကောင်းချီး အနည်းအကျဉ်းအကြောင်းကို လာမည့်စာမျက်နှာများ၌ သုံးသပ်ကြည့်ပါ။
လူသားအားလုံး ညီအစ်ကိုရင်းချာပမာ
“ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ ၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်။”—တမန်တော် ၁၀:၃၄၊ ၃၅။
“အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ ထွက်၍ အဘယ်သူမျှမရေတွက်နိုင်သော [လူအုပ်ကြီးကို ကြည့်လော့။] . . . သူတို့သည် နောက်တစ်ဖန် ရေစာကို မငတ်မမွတ်ရကြ။”—ဗျာဒိတ် ၇:၉၊ ၁၆။
လူသားနှင့် တိရစ္ဆာန်စပ်ကြား ငြိမ်းချမ်းမှု
“တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။”—ဟေရှာယ ၁၁:၆; ဟေရှာယ ၆၅:၂၅။
သေနာအိုခြင်းကင်းလေပြီ
“ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။”—ဟေရှာယ ၃၅:၅၊ ၆။
“ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ . . . သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း မရှိရ။ ရှေးဖြစ်ဖူးသောအရာများသည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄၊ သမ္မာ။
သေလွန်သူများ ပြန်ရှင်လာမည်
“သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။”—ယောဟန် ၅:၂၈၊ ၂၉။
“သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာ [သေခြင်း] နှင့် မရဏာနိုင်ငံ [ဟေးဒီးစ်] သည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။”—ဗျာဒိတ် ၂၀:၁၃။
၁၁။ ယနေ့ လူတို့ ဖန်တီးထားသော ပရဒိသုကို အဘယ်အရာများက ဖျက်ဆီးလေ့ရှိသနည်း။
၁၁ ဘုရားသခင့်နိုင်ငံတော်အောက်ရှိ ပရဒိသုသည် ဤစနစ်ဟောင်း ပေးကမ်းနိုင်သော မည်သည့်အရာထက်မဆို အဆများစွာ သာလွန်မွန်မြတ်သည်တကား! ယနေ့ အချို့ပုဂ္ဂိုလ်များသည် မိမိတို့နေထိုင်ရာဒေသကို ပရဒိသုတစ်ခုကဲ့သို့ဖြစ်အောင် ဖန်တီးပြုလုပ်ထားကြသည် မှန်၏။ သို့သော် ထိုဒေသများ၌ အတူနေထိုင်သောလူတို့သည် ယုတ်မာ၍ တစ်ကိုယ်ကောင်းဆန်ပြီး အချင်းချင်းမုန်းသူများပင် ဖြစ်ချင်ဖြစ်ကြမည်။ ထို့ပြင် အချိန်ကုန်လွန်သည်နှင့်အမျှ ဖျားနာ၊ အိုမင်းပြီး သေကြရ၏။ သို့ရာတွင် အာမဂေဒုန်ပြီးနောက် ကမ္ဘာပေါ်ရှိ ပရဒိသု၌ လှပသောနေအိမ်၊ ဥယျာဉ်နှင့် ပန်းခြံများလောက်သာ ရှိမည်မဟုတ်။
၁၂၊ ၁၃။ (က) အာမဂေဒုန်ပြီးနောက် မည်သို့သော ငြိမ်သက်ခြင်းအခြေအနေများ တည်ရှိမည်နည်း။ (ခ) အဆိုပါအခြေအနေမျိုး ဖြစ်ပေါ်လာရန် အဘယ်အရာ လိုအပ်သနည်း။
၁၂ စဉ်းစားကြည့်ပါ။ လူအမျိုးအနွယ်အားလုံးသည် တစ်အူထုံ့ဆင်း၊ ညီရင်းအစ်ကို မောင်ရင်းနှမများကဲ့သို့ နေထိုင်တတ်လာကြမည်။ တစ်ဦးကိုတစ်ဦး အမှန်ချစ်ကြမည်။ တစ်ယောက်မျှ တစ်ကိုယ်ကောင်းကြံသူ၊ အကြင်နာကင်းသူ ဖြစ်မည်မဟုတ်။ လူမျိုး၊ အသားအရောင်၊ သို့မဟုတ် ဇာတိကိုထောက်ပြီး တစ်ယောက်ကိုတစ်ယောက် မုန်းတီးကြမည်မဟုတ်။ ငဲ့ကွက်စိတ်လည်း ရှိတော့မည်မဟုတ်။ ကမ္ဘာသားတိုင်းသည် လူတကာ၏ မိတ်စစ်ဆွေစစ် ဖြစ်လာကြမည်။ ဝိညာဉ်ရေးအရ တကယ်ပင် ပရဒိသုတစ်ခုဖြစ်လာမည်။ “ကောင်းကင်သစ်” အောက်ရှိ ၎င်းပရဒိသု၌ အသင်နေထိုင်လိုသလော။
၁၃ ယနေ့ လူတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအကြောင်းကို တပြောတည်းပြောနေပြီး “ကုလသမဂ္ဂ” (စည်းလုံးသောလူမျိုးများ) ဟူသော အဖွဲ့အစည်းကိုပင် ထူထောင်ခဲ့ကြပြီ။ သို့တစေ၊ လူမျိုးနှင့်နိုင်ငံတို့သည် ယခင်နှင့်မတူအောင် ကွဲပြားလျက် နေကြ၏။ ဘာလိုနေသနည်း။ လူတို့၏ နှလုံးပြုပြင်ပြောင်းလဲရန် လိုနေ၏။ သို့ရာတွင် ဤလောကအစိုးရများအဖို့ဆိုလျှင် ထိုသို့ပြုပြင်ပြောင်းလဲပေးရန်မှာ မဖြစ်နိုင်သောအရာ၊ အံ့ဖွယ်အမှုတစ်ရပ် ဖြစ်နေသည်။ သို့ရာတွင် ဘုရားသခင့်မေတ္တာတော်ဆိုင်ရာ ကျမ်းစာသတင်းစကားတော်က လူ့နှလုံးကို ပြုပြင် ပြောင်းလဲပေးလျက်ရှိ၏။
၁၄။ ပရဒိသုအခြေအနေများ အမှန်ဖြစ်ပေါ်လာမည်ကို ယခု အဘယ်အဖြစ်အပျက်များက သက်သေထူနေသနည်း။
၁၄ ဖြောင့်မတ်သောစနစ်သစ်အကြောင်း သိရှိလာသောအခါ လူတော်တော်များများ၏နှလုံး၌ ဘုရားသခင်ကို ချစ်သောစိတ် ဖြစ်ပေါ်လာအောင် စေ့ဆော်ခံရ၏။ သို့နှင့် ဘုရားသခင်ကဲ့သို့ အခြားသူများပေါ် မေတ္တာနှင့် ပြုမူဆက်ဆံလာကြသည်။ (၁ ယောဟန် ၄:၉-၁၁၊ ၂၀) ဤကား သူတို့ဘဝတွင် ကြီးကျယ်သောပြောင်းလဲမှု ဖြစ်၏။ ကြမ်းကြုတ်သော တိရစ္ဆာန်များပမာ ရက်စက်၍ မုန်းတီးစိတ်ရှိခဲ့သူ အမြောက်အမြားတို့သည် နူးညံ့သိမ်မွေ့၍ ငြိမ်းချမ်းသူများ ဖြစ်လာကြပြီ။ နာခံတတ်သော သိုးများပမာ ခရစ်ယာန်သိုးတော်စုအတွင်းသို့ စုသိမ်းခံနေရကြပြီ။
၁၅။ (က) အဘယ်ခရစ်ယာန်အုပ်စု နှစ်စု ရှိသနည်း။ (ခ) မည်သူတို့သည် “မြေကြီးသစ်” အဖြစ် ဖွဲ့စည်းလာမည်နည်း။
၁၅ နှစ်ပေါင်း ၁,၉၀၀ ကျော်အတွင်း ခရစ်တော်နှင့်အတူ အုပ်စိုးကြမည့် ၁၄၄,၀၀၀ သော ခရစ်ယာန်များဖြင့် ဖွဲ့စည်းသည့် “သိုးစုငယ်” ကို စုသိမ်းလာခဲ့သည်။ သူတို့ထဲမှ အနည်းငယ်သာ ကမ္ဘာပေါ် ကျန်ရှိတော့၏! အများမှာ ကောင်းကင်တွင် ခရစ်တော်နှင့်အတူ စိုးစံလျက်ရှိကြပြီ။ (လုကာ ၁၂:၃၂; ဗျာဒိတ် ၂၀:၆) သို့သော် အခြားသောခရစ်ယာန်များနှင့်ပတ်သက်၍ ယေရှု ဤသို့မိန့်ဆို၏– “သိုးစုငယ်” နှင့်ဆိုင်သော “ဤသိုးခြံနှင့်မဆိုင်သော အခြားသိုးများကိုလည်း ငါပိုင်သေး၏။ ထိုသိုးများကို ငါဆောင်ခဲ့ရမည်။ သူတို့လည်း ငါ့စကားသံကို နားထောင်သဖြင့် သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။” (ယောဟန် ၁၀:၁၆၊ သမ္မာ) ဤ “အခြားသိုးများ” ထဲမှ “လူအုပ်ကြီး” တစ်အုပ်ကို ယခုစုသိမ်းလျက်ရှိပြီ။ သူတို့သည် “မြေကြီးသစ်” ၏ ပထမဦးဆုံးဖွဲ့စည်းခံရသူများ ဖြစ်ကြမည်။ ယေဟောဝါသည် သူတို့ကို ဤစနစ်ဆိုးကုန်ဆုံးသည့် “ကြီးစွာသောဒုက္ခ” ကို ကပ်ကျော်စေပြီး မြေကြီးပရဒိသုအတွင်း ဆက်လက် အသက်ရှင်သွားစေရန် ကာကွယ်တော်မူမည်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၃-၁၅။
၁၆။ အဘယ်အခြင်းအရာဆန်းကြောင့် တိရစ္ဆာန်နှင့် တပျော်တပါး နေထိုင်လာနိုင်မည်နည်း။
၁၆ အာမဂေဒုန်နောက်ပိုင်း ပရဒိသုအခြေအနေတွင် အံ့ဖွယ်အမှု နောက်တစ်ခု တိုးလာဦးမည်။ ယခု အန္တရာယ်ပြုတတ်သော ခြင်္သေ့၊ ကျား၊ ကျားသစ်နှင့် ဝက်ဝံစသော တိရစ္ဆာန်တို့သည် ငြိမ်းချမ်းစွာ နေထိုင်လာကြမည်။ တောထဲလမ်းလျှောက်ထွက်စဉ် ခြင်္သေ့တစ်ကောင် သင့်အနားလာ၍ သင်နှင့်အတူ ခဏမျှ လိုက်ပါမည်၊ ၎င်းနောက် ဝက်ဝံကြီးတစ်ကောင်လည်း သင်နှင့်တွဲ၍ သွားရမည်ဆိုလျှင် ပျော်စရာကောင်းလိုက်မည်ဖြစ်ခြင်း! မည်သူမျှ အခြားသက်ရှိတစ်ခုကိုမျှ ကြောက်စရာမလိုတော့။
၁၇၊ ၁၈။ (က) ပရဒိသုမြေကြီးပေါ်တွင် ဝမ်းနည်းမှုကိုဖြစ်စေသော အဘယ်အရာတည်ရှိတော့မည် မဟုတ်သနည်း။ (ခ) လူတိုင်း ပြည့်ဝစုံလင်သော ကျန်းမာရေးခံစားရမည်ဟု အဘယ်ကြောင့် စိတ်ချနိုင်သနည်း။
၁၇ သို့တစေ နေအိမ်နှင့်ဥယျာဉ် မည်မျှပင်လှပစေကာမူ၊ လူတို့ မည်မျှပင်ကြင်နာချစ်ခင်ကြစေကာမူ၊ တိရစ္ဆာန်များ မည်မျှပင်ခင်မင်စရာကောင်းစေကာမူ၊ ကျွန်ုပ်တို့ ဖျားနာအိုမင်း၍ သေနေရလျှင် ဝမ်းနည်းစရာရှိနေဦးမည်။ သို့သော် မည်သူက လူအားလုံးကို ကျန်းမာရေးအပြည့်အဝ ရရှိစေနိုင်မည်နည်း။ လူ့အစိုးရများသည် ကင်ဆာ၊ နှလုံးရောဂါနှင့် အခြားသော ရောဂါများကို မဖယ်ရှားနိုင်ကြ။ ဖယ်ရှားနိုင်သည်ပဲထား၊ လူတို့မအိုရအောင် တားဆီးနိုင်မည်မဟုတ်ဟု ဆရာဝန်များက ဝန်ခံကြ၏။ ကျွန်ုပ်တို့ အိုရဦးမည်။ ကြာသော် မျက်စိမှုန်လာမည်။ ကြွက်သားများ အားနည်းလာမည်။ အသားအရေများ တွန့်ခေါက်လာမည်။ အတွင်းအင်္ဂါများလည်း ယိုယွင်းလာမည်။ ၎င်းနောက် သေခြင်းလိုက်ပါလာမည်။ မည်မျှ ဝမ်းနည်းစရာပါတကား!
၁၈ အာမဂေဒုန်ပြီးနောက် ပရဒိသုကမ္ဘာပေါ်တွင် ထိုအရာအားလုံးကို ဘုရားသခင့် မဟာအံ့ဖွယ်တန်ခိုးတော်က ပြောင်းလဲလိုက်မည်။ အကြောင်းမှာ ကျမ်းစာက “ထိုမြို့သား တစ်စုံတစ်ယောက်က ‘ငါနာသည်’ ဟုမဆိုရ” ဟူ၍ ကတိပေးထားသောကြောင့်တည်း။ (ဟေရှာယ ၃၃:၂၄၊ သမ္မာ) အာဒံမှ ကျွန်ုပ်တို့အမွေရခဲ့သောအပြစ်ကြောင့် ဖြစ်လာသည့် အနာရောဂါအမျိုးမျိုးကို ကုသပျောက်ကင်းစေနိုင်သည့်တန်ခိုးကို ယေရှု ကမ္ဘာပေါ်၌ရှိစဉ် ပြသတော်မူခဲ့သည်။ (မာကု ၂:၁-၁၂; မဿဲ ၁၅:၃၀၊ ၃၁) နိုင်ငံတော်အုပ်ချုပ်မှုအောက်၌ အိုခြင်းကိုလည်း ဆီးတား၍ရလိမ့်မည်။ လူအိုများပင် နုပျိုလာကြမည်။ မှန်သည်၊ “သူငယ်ထက် အသားအရေနုထွား၍ ပျိုသောအသက်နှင့်တစ်ဖန် ပြည့်စုံလိမ့်မည်။” (ယောဘ ၃၃:၂၅) မနက်တိုင်း မနက်တိုင်း အိပ်ရာထသောအခါ ယမန်နေ့ကထက် ကျန်းမာရေး ပိုကောင်းလာသည်ကို တွေ့ရလျှင် မည်မျှ ပျော်မြူးလိုက်မည်ဖြစ်ခြင်း!
၁၉။ အဘယ်နောက်ဆုံးရန်သူသည် ရှင်းရှင်း ပယ်ဖျက်ခံရမည်နည်း။ မည်သို့ ပယ်ဖျက်ခံရမည်နည်း။
၁၉ ငယ်မျစ်နုပျို၍ ကျန်းမာရေးပြည့်ပြည့်ဝဝနှင့် ပရဒိသုမြေကြီးပေါ် နေထိုင်ရလျှင် မည်သူမျှ သေချင်မည်မဟုတ်။ မည်သူမျှလည်း သေဖို့မလို! ရွေးနုတ်ဖိုး ယဇ်သကာအကျိုးကို ခံစားရသဖြင့် နောက်ဆုံး၌ “ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက်” ဆုကို ဘုရားသခင်ပေးသနားတော်မူမည်ဖြစ်သတည်း။ (ရောမ ၆:၂၃) ကျမ်းစာဆိုသည့်အတိုင်း ခရစ်တော်သည် “ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။ နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတ္တံ့။”—၁ ကောရိန္သု ၁၅:၂၅၊ ၂၆; ဟေရှာယ ၂၅:၈။
၂၀။ ယခု အသက်ရှင်နေသူများအပြင် မည်သူများလည်း ပရဒိသု၌ မွေ့လျော်ရမည်နည်း။ ၎င်းသည် မည်သို့ ဖြစ်လာနိုင်မည်နည်း။
၂၀ ယခု သေနေသောသူများပင် ပရဒိသုမြေကြီး၌ မွေ့လျော်ရလိမ့်မည်။ သူတို့အသက်ပြန်ရှင်လာမည်! ထို့ကြောင့် ထိုအချိန်တွင် နာရေးကြော်ငြာအစား၊ ထမြောက်လာသူများနှင့်ဆိုင်သော ရွှင်မြူးဖွယ်သတင်းကို ကြားရကြလိမ့်မည်။ သေလွန်ခဲ့သော အဖေ၊ အမေ၊ သားသမီးမှစ၍ အခြားမြတ်နိုးရသူများ သင်္ချိုင်းမှ ပြန်လာသည်ကို လက်ကမ်းကြိုဆိုရမည်ဖြစ်၍ မည်မျှ ပျော်လိုက်မည်ဖြစ်ခြင်း! ပရဒိသုမြေကြီး၏ အလှကျက်သရေကို အကျည်းတန်စေမည့် အသုဘဇရပ်၊ သင်္ချိုင်း၊ သို့မဟုတ် အုတ်ဂူများ ကျန်ရှိတော့မည်မဟုတ်။
၂၁။ (က) “ကောင်းကင်သစ်” ၏ ဥပဒေနှင့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ရန် မည်သူများ ပါဝင်ကြီးကြပ်မည်နည်း။ (ခ) ကျွန်ုပ်တို့သည် “ကောင်းကင်သစ်” နှင့် “မြေကြီးသစ်” တို့ကို အမှန်အလိုရှိကြောင်း မည်သို့တင်ပြနိုင်သနည်း။
၂၁ ပရဒိသုမြေကြီးပေါ် လုပ်ငန်းဆောင်တာအဝဝကို မည်သူကြီးကြပ် ညွှန်ကြားမည်နည်း။ ဥပဒေအားလုံး၊ ညွှန်ကြားချက်ရှိသမျှသည် အထက် “ကောင်းကင်သစ်” မှ သက်ရောက်လာမည်။ သို့ရာတွင် ကမ္ဘာပေါ်၌ သစ္စာရှိပုဂ္ဂိုလ်များကို ခန့်အပ်ထား၍ သူတို့သည် ဥပဒေနှင့် ညွှန်ကြားချက်များအတိုင်း လုပ်ကိုင်ရန် ကြီးကြပ်လိမ့်မည်။ ထိုသူတို့သည် ကောင်းကင်နိုင်ငံတော်ကို အထူးကိုယ်စားပြုကြသောကြောင့် ကျမ်းစာက သူတို့ကို “မင်းသားမှူးမတ်” များဟု ခေါ်၏။ (ဟေရှာယ ၃၂:၁၊ ၂; ဆာလံ ၄၅:၁၆) ယနေ့ ခရစ်ယာန်အသင်းတော်မှာပင် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လူတို့ကို ခန့်ထား၍ လုပ်ငန်းဆောင်တာများကို ပြုစုစောင့်ရှောက်ညွှန်ကြားစေတော်မူ၏။ (တမန်တော် ၂၀:၂၈) အာမဂေဒုန်ပြီးနောက် ခရစ်တော်သည် ကမ္ဘာ့ရေးရာများကို တိုက်ရိုက်ကိုင်တွယ်တော်မူမည်ဖြစ်၍ နိုင်ငံတော်အစိုးရကို ကိုယ်စားပြုရန် တော်မှန်သောလူတို့ကို ခန့်အပ်တော်မူမည်ဟု ကျွန်ုပ်တို့ စိတ်ချနိုင်သည်။ သင်သည် “ကောင်းကင်သစ်” နှင့် “မြေကြီးသစ်” ကို စိတ်အားထက်သန်စွာ စောင့်မျှော်လျက်နေကြောင်း မည်သို့ပြသသနည်း။ ဖြောင့်မတ်သော ထိုစနစ်သစ်တွင် နေထိုင်နိုင်ရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖြည့်တင်းရာ၌ အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းအားဖြင့်ပင်တည်း။—၂ ပေတရု ၃:၁၄။