ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်ခြင်း
“ဆုံးမပဲ့ပြင်မှု” ဟူသော စကားလုံးကို ကြားရသောအခါ စိတ်ထဲတွင် အဘယ်အရာပေါ်လာသနည်း။ ဆုံးမပဲ့ပြင်မှုဟူသည် “အမူအကျင့်စည်းကမ်းများ သို့မဟုတ် စံနှုန်းများကို လူတို့အား လိုက်နာစေခြင်းနှင့် မလိုက်နာလျှင် အပြစ်ဒဏ်ပေးခြင်း” ဖြစ်သည်ဟု အဘိဓာန်စာအုပ်တစ်အုပ်က အနက်ဖွင့်ဆို၏။ ယင်းသည် လူတကာလက်ခံသည့် တစ်ခုတည်းသော အနက်ဖွင့်ဆိုချက်မဟုတ်သော်လည်း ယနေ့ လူအများက မည်သည့်ဆုံးမပဲ့ပြင်မှုကိုမဆို အပျက်သဘောဖြင့် ရှုမြင်ကြသည်။
သို့ရာတွင် သမ္မာကျမ်းစာက ဆုံးမပဲ့ပြင်မှုကို ခြားနားစွာဖော်ပြထားသည်။ ပညာရှိရှင်ဘုရင် ရှောလမုန်က “ငါ့သား ထာဝရဘုရား[သခင်] ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်” ဟုရေးသားခဲ့သည်။ (သု. ၃:၁၁) အဆိုပါစကားများက ယေဘုယျဆုံးမပဲ့ပြင်မှုမဟုတ်ဘဲ ဘုရားသခင်၏မြင့်မြတ်သောမူများအပေါ် အခြေခံထားသော ဆုံးမပဲ့ပြင်မှုဖြစ်သည့် ‘ထာဝရဘုရားသခင် ဆုံးမတော်မူခြင်း’ ကိုရည်ညွှန်းနေခြင်းဖြစ်သည်။ ဤသို့သောဆုံးမပဲ့ပြင်မှုသာလျှင် ဝိညာဉ်ရေးအရ အကျိုးဖြစ်ထွန်းပြီး နှစ်လိုဖွယ်ပင်ကောင်း၏။ ယင်းနှင့်ခြားနားစွာ ယေဟောဝါ၏မြင့်မြတ်သောမူများနှင့် ဆန့်ကျင်သည့် လူ့အတွေးအခေါ်အပေါ် အခြေခံထားသော ဆုံးမပဲ့ပြင်မှုသည် ကြမ်းတမ်းကာ စိတ်နာကျင်စေတတ်၏။ ၎င်းကြောင့် လူအများသည် ဆုံးမပဲ့ပြင်မှုကို အပျက်သဘောဖြင့် ရှုမြင်ခြင်းဖြစ်သည်။
ယေဟောဝါ၏ဆုံးမပဲ့ပြင်မှုကို လက်ခံပါဟု ကျွန်ုပ်တို့ကို အဘယ်ကြောင့်တိုက်တွန်းထားသနည်း။ ဘုရားသခင့်ရေးရာ ဆုံးမပဲ့ပြင်မှုသည် လူသတ္တဝါများကို ကိုယ်တော်မေတ္တာရှိကြောင်း တင်ပြခြင်းဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြ၏။ သို့ဖြစ်၍ ရှောလမုန်က ဤသို့ဆက်ဆိုသည်– “ထာဝရဘုရား[သခင်]သည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသားကို ဒဏ်ခတ်တော်မူတတ်၏။”—သု. ၃:၁၂။
ဆုံးမပဲ့ပြင်ခြင်းလော၊ အပြစ်ပေးခြင်းလော —အဘယ်အရာနည်း
သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဆုံးမပဲ့ပြင်မှုသည် အသွင်အမျိုးမျိုးရှိ၏၊ ၎င်းတို့မှာ လမ်းညွှန်ခြင်း၊ သွန်သင်ခြင်း၊ လေ့ကျင့်ခြင်း၊ အပြစ်တင်ခြင်း၊ တည့်မတ်ပေးခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းပင်ပါဝင်သည်။ သို့သော် ယေဟောဝါသည် ဆုံးမပဲ့ပြင်ပေးတိုင်း မေတ္တာနှင့်ဆုံးမပြီး ၎င်း၏ရည်ရွယ်ချက်မှာ လက်ခံနားထောင်သူကို အကျိုးရှိစေရန်ဖြစ်သည်။ ယေဟောဝါ၏ပဲ့ပြင်တည့်မတ်ပေးမှုသည် အပြစ်ဒဏ်ပေးဖို့သာမဟုတ်ချေ။
တစ်ဖက်တွင်မူ၊ ဘုရားသခင်အပြစ်ဒဏ်ပေးသည့်အခါ အပြစ်ပေးခံရသူကို တည့်မတ်ပေးရန် သို့မဟုတ် ပညာပေးရန် အမြဲမရည်ရွယ်ပါ။ ဥပမာ၊ အာဒံနှင့်ဧဝ အပြစ်ပြုသည့်နေ့မှစ၍ သူတို့၏မနာခံမှု အကျိုးဆက်များကို သူတို့ခံစားခဲ့ရသည်။ ယေဟောဝါသည် သူတို့ကို ပရဒိသုဧဒင်ဥယျာဉ်မှ နှင်ထုတ်လိုက်ပြီး၊ မစုံလင်မှု၊ ဖျားနာမှုနှင့် အိုမင်းရင့်ရော်မှုတို့၏ အကျိုးဆက်များကို သူတို့ မလွန်ဆန်နိုင်တော့ချေ။ သူတို့သည် နှစ်နှင့်ချီ၍ ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရပြီးနောက် ထာဝရဖျက်ဆီးခံခဲ့ရသည်။ ယင်းတို့အားလုံးသည် ဘုရားသခင်၏အပြစ်ဒဏ်ပေးခြင်းဖြစ်သော်လည်း ယင်းသည် တည့်မတ်ပေးသော ပဲ့ပြင်ခြင်းမဟုတ်ချေ။ တမင်တကာကျူးလွန်ပြီး နောင်တမယူကြသော အာဒံနှင့်ဧဝတို့ကို ပဲ့ပြင်တည့်မတ်ပေး၍ မရနိုင်ခဲ့ချေ။
ယေဟောဝါအပြစ်ဒဏ်ပေးခဲ့သည့် တခြားအဖြစ်အပျက်များမှာ နောဧခေတ် ရေလွှမ်းမိုးခြင်း၊ သောဒုံနှင့်ဂေါမောရမြို့ကို ဖျက်ဆီးခြင်းနှင့် ပင်လယ်နီတွင် အီဂျစ်စစ်တပ်ကို သုတ်သင်ခြင်းတို့ပါဝင်သည်။ ယေဟောဝါအရေးယူဆောင်ရွက်ခဲ့သည့် အဆိုပါလုပ်ရပ်များသည် ပြစ်ဒဏ်ခံရသူများကို ညွှန်ကြားပေးရန်၊ သွန်သင်ပေးရန်၊ သို့မဟုတ် လေ့ကျင့်ပေးရန် မဟုတ်ချေ။ ထိုသို့ ဘုရားသခင်အပြစ်ပေးခြင်းနှင့်စပ်လျဉ်း၍ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– ‘ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကိုဟောသော နောဧနှင့်လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍ ဘုရားသခင်ကို မကိုးကွယ်သော လောကသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသောအကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေကိုထားတော်မူ၏။’—၂ ပေတရု ၂:၅၊ ၆။
အဆိုပါအပြစ်ဒဏ်များသည် မည်သည့်သဘောမျိုးဖြင့် “နောင်၌ မတရားသောအကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေကို ထားတော်မူ” သနည်း။ သက်သာလောနိတ်မြို့သားများထံ ပေးပို့သော ပေါလု၏စာတွင် ဘုရားသခင်က မိမိ၏သားတော် ယေရှုခရစ်အားဖြင့် “ဘုရားသခင်ကို မသိသောသူ၊ . . . ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို . . . ဒဏ်ပေးတော်မူ” မည့်အချိန်သည် ကျွန်ုပ်တို့၏ခေတ်ကာလဖြစ်သည်ဟု ဖော်ပြ၏။ ပေါလုက “ထိုသူတို့သည် . . . ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့” ဟုထပ်လောင်းဖော်ပြခဲ့သည်။ (၂ သက်သာလောနိတ် ၁:၈-၁၀) ဤသို့သောအပြစ်ဒဏ်ပေးခြင်းသည် အပြစ်ဒဏ်ခံယူသူများကို သွန်သင်ပေးရန် သို့မဟုတ် တိုးတက်ကောင်းမွန်လာစေရန် မရည်ရွယ်ပေ။ သို့သော် ယေဟောဝါသည် မိမိအားဝတ်ပြုသူများ မိမိ၏ဆုံးမပဲ့ပြင်မှုကို ခံယူရန် ဖိတ်ခေါ်သောအခါ နောင်တမယူသော အပြစ်သားများအား အပြစ်ဒဏ်ပေးခြင်းကို ရည်ညွှန်းနေခြင်းမဟုတ်ချေ။
သမ္မာကျမ်းစာက ယေဟောဝါအား အပြစ်ဒဏ်ပေးသူအဖြစ် အဓိကမဖော်ပြထားသည်မှာ ထူးခြားပါသည်။ ၎င်းအစား၊ ကိုယ်တော်ကို မေတ္တာရှိသွန်သင်ရှင်နှင့် စိတ်ရှည်သောလေ့ကျင့်ပေးရှင်အဖြစ် အများဆုံးဖော်ပြလေ့ရှိသည်။ (ယောဘ ၃၆:၂၂; ဆာလံ ၇၁:၁၇; ဟေရှာယ ၅၄:၁၃) မှန်ပါသည်၊ ပဲ့ပြင်တည့်မတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဘုရားသခင့်ရေးရာဆုံးမပဲ့ပြင်မှုသည် မေတ္တာ၊ စိတ်ရှည်မှုတို့နှင့် အစဉ်ဒွန်တွဲနေ၏။ ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်ခြင်းအားဖြင့် ခရစ်ယာန်များသည် စိတ်ထားမှန်နှင့် ဆုံးမပဲ့ပြင်ခြင်းကို ခံယူကျင့်သုံးရန် အသင့်ရှိစေ၏။
မေတ္တာရှိမိဘများ၏ဆုံးမပဲ့ပြင်မှု
မိသားစုနှင့် ခရစ်ယာန်အသင်းတော်တွင်းရှိသူအားလုံးသည် ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်ရန်လို၏။ မိဘများကဲ့သို့သော အခွင့်အာဏာရှိသူများသည် ယင်းကို အထူးသဖြင့် သိရှိရန်လိုသည်။ နယပုံပြင် ၁၃:၂၄ ကဤသို့ဖော်ပြ၏– “ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။”
မိဘများသည် မည်သို့ဆုံးမပဲ့ပြင်ရမည်နည်း။ သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်– “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။” (ဧဖက် ၆:၄) အဆိုပါဆုံးမစကားကို ဤစကားများဖြင့် ထပ်လောင်းဖြည့်စွက်ထားသည်– “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။”—ကောလောသဲ ၃:၂၁။
ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်သော ခရစ်ယာန်မိဘများသည် ကြမ်းတမ်းစွာ ဆုံးမကြမည်မဟုတ်ပေ။ မိဘများသည် ဆုံးမပဲ့ပြင်သောအခါ ၂ တိမောသေ ၂:၂၄ တွင်ဖော်ပြထားသောမူကို လိုက်နာနိုင်သည်။ ပေါလုက “သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ ဆုံးမ . . . သောသူဖြစ်ရမည်” ဟုရေးသားခဲ့သည်။ ဒေါသပေါက်ကွဲခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်းနှင့် စော်ကားခြင်း သို့မဟုတ် သူ့အသရေပျက်အောင်ပြောဆိုခြင်းတို့သည် မေတ္တာပါဆုံးမပဲ့ပြင်မှုဟု မဆိုနိုင်သည့်အပြင် ခရစ်ယာန်တစ်ဦး၏ဘဝနှင့် မအပ်စပ်ချေ။—ဧဖက် ၄:၃၁; ကောလောသဲ ၃:၈။
မိဘများ၏ပဲ့ပြင်တည့်မတ်ပေးခြင်းတွင် စိတ်မြန်လက်မြန် ပြတ်ပြတ်သားသား အပြစ်ဒဏ်ပေးခြင်းထက်မက ပါဝင်ပတ်သက်သည်။ ကလေးအများစုသည် သူတို့၏စဉ်းစားတွေးခေါ်မှုကို မပြုပြင်ကြမီ ထပ်ခါတလဲလဲ ဆုံးမစကားပြောပေးဖို့လို၏။ သို့ဖြစ်၍ မိဘများသည် အချိန်ပေးရမည်၊ စိတ်ရှည်ရမည်၊ ဆုံးမပဲ့ပြင်နည်းကို များစွာဆင်ခြင်ရမည်ဖြစ်သည်။ ကလေးများကို “သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက်” ကျွေးမွေးရမည်ကို သူတို့စိတ်ထဲ စွဲမှတ်ထားရမည်။ ထို့ကြောင့် ယင်းသည် နှစ်နှင့်ချီကြာသည့် လေ့ကျင့်မှုအစီအစဉ်တစ်ခုဖြစ်သည်။
ခရစ်ယာန်သိုးထိန်းများ နူးညံ့သိမ်မွေ့စွာ ဆုံးမပဲ့ပြင်ကြ
အလားတူမူများသည် ခရစ်ယာန်အကြီးအကဲများနှင့်လည်း သက်ဆိုင်၏။ မေတ္တာပါသိုးထိန်းများအနေနှင့် သူတို့သည် သိုးအုပ်ကို သွန်သင်ခြင်း၊ ညွှန်ကြားခြင်း၊ လိုအပ်သည့်အခါ အပြစ်တင်ဆုံးမခြင်းအားဖြင့် အားပေးတည်ဆောက်ရန် ကြိုးစားကြသည်။ အကြီးအကဲများသည် ထိုသို့ပြုခြင်းဖြင့် ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်မှန်ကို စိတ်ထဲစွဲမှတ်ထားကြ၏။ (ဧဖက် ၄:၁၁၊ ၁၂) အပြစ်ပေးဖို့သာ အာရုံစိုက်နေမည်ဆိုလျှင် အပြစ်ပြုသူကို အပြစ်ပေးရုံသာရှိပြီး ထို့ထက်ပို၍ ဘာမျှအကျိုးပြုမည်မဟုတ်ချေ။ ဘုရားသခင့်ရေးရာ ဆုံးမပဲ့ပြင်မှုကား ထို့ထက်မက ပါဝင်ပတ်သက်၏။ မေတ္တာဖြင့်လှုံ့ဆော်ခံရခြင်းကြောင့် အကြီးအကဲများသည် မိမိတို့၏ဆုံးမစကားနှင့်အညီ ဆက်လက်စွဲမြဲစွာ ကူညီပေးသွားကြသည်။ သူတို့သည် အမှန်တကယ် စိုးရိမ်ကြောင့်ကြမှုရှိသောကြောင့် အားပေးရန်၊ လေ့ကျင့်ပေးရန် အစီအစဉ်များစွာ ပြုလုပ်လေ့ရှိကြ၏။
၂ တိမောသေ ၂:၂၅၊ ၂၆ တွင်ပါသည့် ဆုံးမစကားနှင့်အညီ ဆုံးမပဲ့ပြင်မှုကို တလိုတလားမခံယူသူများနှင့် ဆက်ဆံရာတွင်ပင် အကြီးအကဲများသည် “နူးညံ့သိမ်မွေ့စွာ” သွန်သင်ပေးကြရသည်။ ထို့နောက် ကျမ်းစာက ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို ဤသို့ဖော်ပြသည်– “[အမှန်]တရားကို ဝန်ခံခြင်းအလိုငှာ၊ နောင်တကို ဘုရားသခင်ပေးကောင်းပေးတော်မူ၍ [စာတန်]၏ . . . ဖမ်းမိရာမှ လွတ်ခြင်းသို့ ရောက်ကောင်းရောက်ကြလိမ့်မည်။”
တစ်ခါတစ်ရံ နောင်တမယူသော အပြစ်ပြုသူများကို အသင်းတော်မှ နှင်ထုတ်ရန်လိုပေမည်။ (၁ တိမောသေ ၁:၁၈-၂၀) ဤသို့ပြင်းထန်စွာစီရင်ခြင်းကိုပင် အပြစ်ဒဏ်ပေးခြင်းအဖြစ်မျှ မယူမှတ်ဘဲ ဆုံးမပဲ့ပြင်မှုဟု ယူမှတ်သင့်သည်။ အခါအားလျော်စွာ အကြီးအကဲများသည် အပြစ်မပြုတော့သည့် နှင်ထုတ်ခံထားသူများထံ ကြိုးစားလည်ပတ်ကြသည်။ ဤသို့လည်ပတ်ကြစဉ်တွင် ခရစ်ယာန်အသင်းတော်သို့ သူတို့ပြန်ဝင်လာနိုင်ရန် လိုအပ်သည့် ခြေလှမ်းများကို ဖော်ပြပေးခြင်းအားဖြင့် အကြီးအကဲများသည် ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်မှန်နှင့်အညီ လုပ်ဆောင်ကြသည်။
ယေဟောဝါသည် စုံလင်သောတရားသူကြီးဖြစ်
ဆုံးမပဲ့ပြင်ပေးရန် ကျမ်းဆိုင်ရာအခွင့်အာဏာရှိသော မိဘများ၊ ခရစ်ယာန်သိုးထိန်းများနှင့် တခြားသူများသည် ဤတာဝန်ကို အလေးအနက်ထားသင့်သည်။ သူတို့သည် တခြားသူများကို လုံးဝပြုပြင်ပေး၍မရဟု ရောင့်တက်စွာ တရားမစီရင်သင့်ပါ။ ထို့ကြောင့် သူတို့၏ဆုံးမပဲ့ပြင်မှုသည် လက်စားချေလိုသော သို့မဟုတ် ရန်လိုသော အပြစ်ဒဏ်ပေးခြင်းမျိုး ဘယ်တော့မျှမဖြစ်သင့်ပေ။
ယေဟောဝါသည် ပြင်းပြင်းထန်ထန် နောက်ဆုံးအပြစ်ဒဏ်ပေးမည့်သူအဖြစ် သမ္မာကျမ်းစာက ဖော်ပြထားသည်မှာမှန်၏။ “အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဖွယ်သောအမှုဖြစ်သတည်း” ဟူ၍ပင် သမ္မာကျမ်းစာကဆို၏။ (ဟေဗြဲ ၁၀:၃၁) သို့သော် ဤကိစ္စနှင့်စပ်လျဉ်း၍ဖြစ်စေ၊ မည်သည့်ကိစ္စတွင်မဆို အဘယ်သူမျှ မိမိကိုယ်ကို ယေဟောဝါအလား မနှိုင်းယှဉ်သင့်ပေ။ မိဘတစ်ဦး၊ သို့မဟုတ် တစ်စုံတစ်ရာသော အသင်းတော်အကြီးအကဲ၏လက်သို့ ရောက်ရှိခြင်းသည် ကြောက်စရာဟု မည်သူမျှ မယူဆသင့်ပေ။
ယေဟောဝါသည် အပြစ်ဆိုစရာမရှိအောင် မျှတစွာ ဆုံးမပဲ့ပြင်နိုင်စွမ်းရှိ၏။ လူတို့ကား ထိုသို့မပြုနိုင်ပေ။ ဘုရားသခင်သည် နှလုံးကို သိနိုင်သည့်အတွက် တစ်ဦးတစ်ယောက်ကို တည့်မတ်ပေး၍မရနိုင်သည့်အခါ သူ့အား အပြီးအပြတ်အပြစ်ဒဏ်ပေးသင့်ကြောင်း ကိုယ်တော်ဆုံးဖြတ်နိုင်၏။ လူတို့မူကား ဤသို့တရားမစီရင်နိုင်ချေ။ ထိုအကြောင်းကြောင့် ဆုံးမပဲ့ပြင်ပေးဖို့လိုသည့်အခါ အခွင့်အာဏာရှိသူများသည် ပဲ့ပြင်တည့်မတ်ပေးလိုသော ရည်ရွယ်ချက်ဖြင့် အမြဲပြုသင့်၏။
ယေဟောဝါ၏ဆုံးမပဲ့ပြင်မှုကို လက်ခံခြင်း
ကျွန်ုပ်တို့အားလုံး ယေဟောဝါ၏ဆုံးမပဲ့ပြင်မှု လိုအပ်ကြသည်။ (သု. ၈:၃၃) အမှန်မှာ ဘုရားသခင့်စကားတော်အပေါ် အခြေပြုသည့် ဆုံးမပဲ့ပြင်မှုကို ကျွန်ုပ်တို့ ခံယူသင့်၏။ ဘုရားသခင့်စကားတော်ကို ကျွန်ုပ်တို့ဖတ်ရှုသောအခါ သမ္မာကျမ်းစာအားဖြင့် ယေဟောဝါ၏တိုက်ရိုက်ဆုံးမစကားကို ခံယူနိုင်ကြ၏။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့ရာတွင် တစ်ခါတစ်ရံ ခရစ်ယာန်ချင်းများက ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်၏။ ဤသို့ဆုံးမပေးခြင်း၏ ရည်ရွယ်ချက်အမှန်ကို သိရှိထားရာ ထိုဆုံးမမှုကို တလိုတလားလက်ခံပေလိမ့်မည်။
တမန်တော်ပေါလုက ဤသို့ဝန်ခံခဲ့သည်– “ဆုံးမခြင်းမည်သည်ကား ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။” ထို့နောက် သူက ဤသို့ထပ်ဆင့်ဆိုခဲ့သည်– “သို့သော်လည်း ဆုံးမခြင်းကိုခံရသောသူတို့သည် နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။” (ဟေဗြဲ ၁၂:၁၁) ယေဟောဝါ၏ဆုံးမပဲ့ပြင်မှုခံရခြင်းက ကျွန်ုပ်တို့ကို ကိုယ်တော်အလွန်ချစ်ကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့သည် ဆုံးမပဲ့ပြင်ခံရသည်ဖြစ်စေ၊ ဆုံးမပေးရသည်ဖြစ်စေ ဘုရားသခင့်ရေးရာဆုံးမပဲ့ပြင်မှု၏ ရည်ရွယ်ချက်ကို စိတ်ထဲစွဲမှတ်ထားပြီး သမ္မာကျမ်းစာ၏ ဤပညာရှိဆုံးမစကားကို ဂရုပြုကြစို့– “ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထားလော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။”—သု. ၄:၁၃။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
နောင်တမယူသော အပြစ်ပြုသူများသည် ဘုရားသခင်၏တည့်မတ်ပေးသော ဆုံးမပဲ့ပြင်မှုကိုမဟုတ်ဘဲ အပြစ်ဒဏ်စီရင်ခြင်းကိုခံရ၏
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ချစ်ခြင်းမေတ္တာကြောင့် အကြီးအကဲများသည် အချိန်ယူ၍ ရှာဖွေလေ့လာပြီး အပြစ်ပြုသူများကို ကူညီပေးကြ၏
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မိဘများသည် စိတ်ရှည်စွာ၊ မေတ္တာပါစွာ ‘ယေဟောဝါ၏ အလိုတော်နှင့်အညီ ဆုံးမသွန်သင် ပေးကြ၏’