ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၈/၁၅ စာ. ၂၄-၂၈
  • နှလုံးသွင်းထားသည့် မေတ္တာဆိုင်ရာပညတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှလုံးသွင်းထားသည့် မေတ္တာဆိုင်ရာပညတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှလုံးပေါ်ရေးထားသည့် ပညတ်
  • မေတ္တာပေါ်အခြေပြုသည့် ပညတ်များ
  • ချစ်ခြင်းက နာခံခြင်းမည်၏
  • လက်တွေ့ကျမေတ္တာ
  • သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကျွန်ုပ်တို့သည် ပညတ်တော်ဆယ်ပါးအောက်တွင် ရှိသလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါသည် ကျွန်ုပ်တို့ထံမှယနေ့အဘယ်အရာတောင်းဆိုသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၈/၁၅ စာ. ၂၄-၂၈

နှလုံးသွင်းထားသည့် မေတ္တာဆိုင်ရာပညတ်

“ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။”—ယေရမိ ၃၁:၃၃။

၁၊ ၂။ (က) ယခု အဘယ်အကြောင်းကို သုံးသပ်ကြမည်နည်း။ (ခ) ယေဟောဝါသည် သိနာတောင်၌ မိမိကိုယ်ကို မည်သို့အထင်အရှား ဖော်ပြခဲ့သနည်း။

မောရှေသည် သိနာတောင်ပေါ်မှ ဆင်းလာသောအခါ သူ၏မျက်နှာပေါ် ယေဟောဝါ၏ဘုန်းတော် ထွန်းပခဲ့ကြောင်း ရှေ့ဆောင်းပါးနှစ်ခုမှ သိရှိခဲ့ရ၏။ မောရှေ၏မျက်နှာဖုံးအကြောင်းကိုလည်း ကျွန်ုပ်တို့ဆွေးနွေးခဲ့ကြ၏။ ယနေ့ ခရစ်ယာန်များအတွက် အဓိပ္ပာယ်ရှိသည့် ၎င်းနှင့်ဆက်နွှယ်နေသော အကြောင်းအရာတစ်ခုကို ယခု သုံးသပ်ကြည့်ကြစို့။

၂ မောရှေသည် တောင်ပေါ်သို့တက်သွားသည့်အခါ ယေဟောဝါထံတော်မှ ညွှန်ကြားချက်များ လက်ခံရရှိခဲ့၏။ သိနာတောင်ရှေ့တွင် စုရုံးနေကြသည့် ဣသရေလလူတို့သည် ဘုရားသခင်ကိုယ်တော်တိုင်၏ ရင်သပ်ရှုမောဖွယ် ထင်ရှားပြသမှုကို မြင်လိုက်ကြရ၏။ “တောင်ပေါ်မှာ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့် တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။ . . . ထာဝရဘုရား [သခင်] သည် မီးဖြင့်လွှမ်းလျက် သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့် တစ်တောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့တက်၍ တစ်တောင်လုံး ပြင်းစွာလှုပ်လေ၏။”—ထွက်မြောက်ရာ ၁၉:၁၆-၁၈။

၃။ ယေဟောဝါသည် ဣသရေလလူမျိုးကို အဘယ်နည်းဖြင့် ပညတ်တော်ဆယ်ပါးပေးခဲ့သနည်း၊ ထိုလူမျိုးသည် အဘယ်အရာကို သဘောပေါက်ခဲ့သနည်း။

၃ ယေဟောဝါသည် မိမိလူမျိုးကို ကောင်းကင်တမန်တစ်ပါးမှတစ်ဆင့် စကားပြောဆိုခဲ့၏၊ ပညတ်တော်ဆယ်ပါးကိုလည်း သူတို့အား ပေးတော်မူခဲ့၏။ (ထွက်မြောက်ရာ ၂၀:၁-၁၇) ထို့ကြောင့် အဆိုပါပညတ်များသည် အတိုင်းအဆမဲ့တန်ခိုးကြီးရှင်မှဖြစ်ကြောင်း သေချာသည်။ ယေဟောဝါသည် ထိုပညတ်တော်ဆယ်ပါးကို ကျောက်ပြားများပေါ် နောက်တစ်ဖန်ရေးသားခဲ့ရ၏၊ အကြောင်းမှာ ဣသရေလလူတို့သည် ရွှေနွားရုပ်ကိုးကွယ်နေကြသည်ကို မောရှေတွေ့သောအခါ ထိုကျောက်ပြားနှစ်ချပ်ကို ပစ်ချလိုက်ရာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့၏။ ထိုကျောက်ပြားများကို မောရှေသယ်လာသည့်အခါ သူ၏မျက်နှာသည် ထွန်းပနေ၏။ ဤအချိန်၌ ထိုပညတ်များတွင် အထူးအဓိပ္ပာယ်ပါရှိကြောင်း လူအားလုံး သိကြပေမည်။—ထွက်မြောက်ရာ ၃၂:၁၅-၁၉; ၃၄:၁၊ ၄၊ ၂၉၊ ၃၀။

၄။ ပညတ်တော်ဆယ်ပါးသည် အဘယ်ကြောင့် အလွန်အရေးကြီးရသနည်း။

၄ ပညတ်တော်ဆယ်ပါး ရေးသားထားသည့် ကျောက်ပြားနှစ်ချပ်ကို ပထမဦးစွာ ဝတ်ပြုရာတဲတော်၊ နောက်ပိုင်း၌ ဝတ်ပြုရာအိမ်တော်၏ အသန့်ရှင်းဆုံးအခန်းအတွင်းရှိ ပဋိညာဉ်သေတ္တာတော်အထဲ ထည့်ထားကြ၏။ ထိုကျောက်ပြားများပေါ် ရေးသားထားသည့် ပညတ်တရားများသည် မောရှေပညတ်ပဋိညာဉ်၏ အချက်အချာမူများဖြစ်ပြီး ၎င်းအပေါ် ဣသရေလလူမျိုးအား ဘုရားသခင်အုပ်ချုပ်မည့် နည်းစနစ်က အခြေခံသည်။ ယေဟောဝါသည် ကိုယ်တော်အထူးရွေးချယ်ထားသည့် လူမျိုးတစ်မျိုးနှင့် ဆက်သွယ်နေတော်မူကြောင်း ထိုပညတ်တို့က သက်သေထူ၏။

၅။ ဣသရေလလူမျိုးအား ဘုရားသခင်ပေးသည့် ပညတ်များသည် ကိုယ်တော်၏မေတ္တာတော်ကို အဘယ်နည်းများဖြင့် ရောင်ပြန်ဟပ်ခဲ့သနည်း။

၅ အဆိုပါပညတ်များသည် ယေဟောဝါအကြောင်း များစွာဖော်ပြ၏၊ အထူးသဖြင့် မိမိလူမျိုးကို ကိုယ်တော်ချစ်ကြောင်း ဖော်ပြသည်။ ပညတ်တရားကို လိုက်နာသူတို့အတွက် အမှန်တကယ် အဖိုးထိုက်သည့် လက်ဆောင်ဖြစ်၏။ “ဘုရားသခင်၏ပညတ်တော်ဆယ်ပါးသည် လူတို့ဖန်တီးသည့် အဘယ်ကိုယ်ကျင့်တရားစနစ်ထက်မဆို သာလွန်မြင့်မားသည်” ဟု ကျမ်းပညာရှင်တစ်ဦးက ဆိုခဲ့၏။ မောရှေပညတ်နှင့်စပ်လျဉ်း၍ ယေဟောဝါ ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သောဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်။”—ထွက်မြောက်ရာ ၁၉:၅၊ ၆။

နှလုံးပေါ်ရေးထားသည့် ပညတ်

၆။ ကျောက်ပြားပေါ်ရေးထားသည့် ပညတ်များထက် အဘယ်ပညတ်က ပို၍တန်ဖိုးရှိကြောင်း ထင်ရှားခဲ့ပြီနည်း။

၆ ဘုရားသခင့်ပညတ်များသည် အမှန်တကယ်ပင်တန်ဖိုးရှိ၏။ သို့သော် ဝိညာဉ်တော်ဖွားခရစ်ယာန်များ၏ ပိုင်ဆိုင်ရာသည် ကျောက်ပြားပေါ် ရေးသားထားသည့် ပညတ်များထက် သာ၍တန်ဖိုးရှိကြောင်း သင်သိပါသလော။ ဣသရေလလူမျိုးနှင့်ဖွဲ့ခဲ့သည့် ပညတ်ပဋိညာဉ်နှင့်မတူသည့် ပဋိညာဉ်သစ်ကို ဖွဲ့မည်ဟု ယေဟောဝါ တင်ကူးမိန့်ဆိုခဲ့၏။ “ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။” (ယေရမိ ၃၁:၃၁-၃၄) ပဋိညာဉ်သစ်၏ ဖျန်ဖြေစေ့စပ်ရေးမှူး ယေရှုကိုယ်တော်တိုင် မိမိ၏နောက်လိုက်များအား ပညတ်တစ်ခုကို ရေးမပေးခဲ့ချေ။ သို့အစား ကိုယ်တော်သည် ယေဟောဝါ၏ပညတ်တရားကို မိမိသွန်သင်ခဲ့ရာ၊ မိမိပြုခဲ့ရာတို့ဖြင့် တပည့်နောက်လိုက်များ၏ စိတ်နှလုံးထဲ စွဲမှတ်စေခဲ့သည်။

၇။ “ခရစ်တော်၏တရား” ကို မည်သူတို့အား ဦးဆုံးပေးအပ်ခဲ့သနည်း။ နောက်ပိုင်းတွင် ယင်းကို မည်သူတို့ လက်ခံခဲ့ကြသနည်း။

၇ ဤပညတ်ကို “ခရစ်တော်၏တရား” ဟုခေါ်သည်။ ယင်းကို ယာကုပ်မှဆင်းသက်သည့် ဣသရေလလူမျိုးအားမဟုတ်ဘဲ “ဘုရားသခင်၏ဣသရေလအမျိုး” ဖြစ်သော ဝိညာဉ်ရေးလူမျိုးတစ်မျိုးကို ဦးဆုံးပေးအပ်ခဲ့၏။ (ဂလာတိ ၆:၂၊ ၁၆; ရောမ ၂:၂၈၊ ၂၉) ဘုရားသခင်၏ဣသရေလအမျိုးကို ဝိညာဉ်တော်ဖွား ခရစ်ယာန်များဖြင့် ဖွဲ့စည်းထား၏။ နောက်ပိုင်းတွင် ယေဟောဝါအား ဝတ်ပြုကိုးကွယ်လိုသူ လူမျိုးအသီးသီးမှ လူအုပ်ကြီးလည်း သူတို့နှင့်ပူးပေါင်းခဲ့သည်။ (ဗျာ. ၇:၉၊ ၁၀; ဇာခရိ ၈:၂၃) သိုးထိန်းတစ်ပါးအောက် သိုးအုပ်တစ်အုပ်တည်းဖြစ်လာသည့် အုပ်စုနှစ်စုစလုံးသည် “ခရစ်တော်၏တရား” ကို လက်ခံယုံကြည်ကြကာ ၎င်းတို့ပြုလေသမျှကို ထိုတရားနှင့်အညီ ဖြစ်စေသည်။—ယောဟန် ၁၀:၁၆။

၈။ မောရှေပညတ်နှင့် ခရစ်တော်၏တရား ကွာခြားချက်ကား အဘယ်နည်း။

၈ မွေးကတည်းက မောရှေပညတ်ကို စောင့်ထိန်းခဲ့ကြရသော ဣသရေလလူမျိုးနှင့်မတူသည့် ခရစ်ယာန်များသည် လူမျိုး၊ မွေးဖွားရာအရပ် အစရှိသည်တို့ကို ထည့်မတွက်ဘဲ ခရစ်တော်၏တရားကိုလက်ခံဖို့ တလိုတလားရွေးချယ်ကြသည်။ ယေဟောဝါနှင့် ကိုယ်တော့်နည်းလမ်းတော်များကို သူတို့သင်ယူ၍ ကိုယ်တော်၏အလိုတော်ကို ထမ်းဆောင်လိုစိတ် ပြင်းပြကြ၏။ ဝိညာဉ်တော်ဖွား ခရစ်ယာန်များ၏ “နှလုံးပေါ်မှာ” ဘုရားသခင့်ပညတ် ရေးသားထားသည့်အတွက် သူတို့သည် နားမထောင်သူတို့ကို ဘုရားသခင်ဒဏ်ပေးမည်စိုးရိမ်၍ သို့မဟုတ် တာဝန်ရှိ၍သာ နားထောင်ကြသည်မဟုတ်ချေ။ ၎င်းတို့၏နာခံမှုသည် ထိုထက်ပို၍အခြေခံကျပြီး ပို၍အစွမ်းထက်သည့်အရာပေါ် အရင်းခံ၏၊ အခြားသိုးသည်လည်း ဘုရားသခင့်ပညတ်ကို နှလုံးသွင်းထားကြသောကြောင့် ထပ်တူပင် နာခံမှုရှိကြ၏။

မေတ္တာပေါ်အခြေပြုသည့် ပညတ်များ

၉။ ယေဟောဝါပညတ်များ၏ အနှစ်သာရသည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ယေရှု မည်သို့ဖော်ပြခဲ့သနည်း။

၉ ယေဟောဝါ၏စည်းမျဉ်း ဥပဒေသများနှင့် ပညတ်အားလုံးတို့၏ အနှစ်သာရကို ချစ်ခြင်းမေတ္တာဟူသည့် စကားလုံးတစ်လုံးတည်းဖြင့် အကျဉ်းချုပ်ဖော်ပြနိုင်သည်။ ယင်းသည် စစ်မှန်သောဝတ်ပြုရေး၏ အဓိကကျသည့်အစိတ်အပိုင်း အမြဲဖြစ်ခဲ့၍ အစဉ်ဖြစ်ပေလိမ့်မည်။ ပညတ်တရားတွင် အဘယ်ပညတ်သည် အကြီးဆုံးဖြစ်သနည်းဟု အမေးခံခဲ့ရစဉ် ယေရှုက “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့။” ဒုတိယမှာ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဖြစ်သည်ဟူ၍ ဖြေဆိုခဲ့၏။ ထို့နောက် ကိုယ်တော်က “ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း” ဟုမိန့်ဆိုသည်။ (မဿဲ ၂၂:၃၅-၄၀) ဤသို့ဖြင့် ပညတ်တော်ဆယ်ပါးပါဝင်သည့် ပညတ်တရားသာမက ဟေဗြဲကျမ်းတစ်ကျမ်းလုံးသည် ချစ်ခြင်းမေတ္တာပေါ် အခြေပြုကြောင်း ယေရှုဖော်ပြခဲ့သည်။

၁၀။ ခရစ်တော်၏တရားတွင် ချစ်ခြင်းမေတ္တာသည် အဓိကကျကြောင်း မည်သို့သိရသနည်း။

၁၀ ဘုရားသခင်နှင့်အိမ်နီးချင်းကို ချစ်သည့်မေတ္တာသည် ခရစ်ယာန်များ၏နှလုံးထဲရှိ တရားအတွက် အဓိကကျပါသလော။ အဓိကကျပါသည်။ ခရစ်တော်၏တရားတွင် ဘုရားသခင်အား နှစ်နှစ်ကာကာချစ်ခြင်းအပြင် ခရစ်ယာန်များသည် အချင်းချင်း ကိုယ်ကျိုးစွန့်၍ ချစ်ကြရမည်ဟူသော ပညတ်သစ်လည်း ပါဝင်၏။ သူတို့သည် တပည့်နောက်လိုက်များကို ယေရှုချစ်သကဲ့သို့ အချင်းချင်းချစ်ကြရမည်ဖြစ်သည်။ ယေရှုသည် ကိုယ်တော်၏မိတ်ဆွေများအတွက် အသက်စွန့်တော်မူခဲ့၏။ ဘုရားသခင်ကိုချစ်ရန်၊ တပည့်နောက်လိုက်များကို မိမိချစ်သကဲ့သို့ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြရန် ယေရှုသွန်သင်ပေးခဲ့၏။ အချင်းချင်းအပေါ်ပြသသည့် အဆိုပါထူးခြားသောမေတ္တာသည် စစ်မှန်သောခရစ်ယာန်များကို ခွဲခြားသိမြင်နိုင်သည့် အဓိကအရည်အသွေးဖြစ်ပေသည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ၁၅:၁၂၊ ၁၃) ရန်သူကိုပင်ချစ်ရန် ယေရှုသွန်သင်ပေးခဲ့သည်။—မဿဲ ၅:၄၄။

၁၁။ ဘုရားသခင်နှင့် လူတို့ကိုပါ ယေရှုချစ်မြတ်နိုးကြောင်း မည်သို့ပြသခဲ့သနည်း။

၁၁ ယေရှုသည် မေတ္တာထားရာတွင် အပြစ်ဆိုဖွယ်မရှိ ကောင်းမွန်သောပုံသက်သေပြခဲ့၏။ ကိုယ်တော်သည် တန်ခိုးကြီးမားသော ကောင်းကင်သားတစ်ဦးဖြစ်စဉ် ကမ္ဘာမြေကြီးပေါ်တွင် ခမည်းတော်၏အကျိုးစီးပွား တိုးတက်စေရန် အခွင့်အရေးရသည့်အခါ တလိုတလားလက်ခံခဲ့၏။ အခြားသူများ ထာဝရအသက်ရစေရန် မိမိအသက်ကိုပေးသည့်အပြင် မည်သို့နေထိုင်ကျင့်ကြံသင့်ကြောင်း ပုံသက်သေပြခဲ့သည်။ ကိုယ်တော်သည် နှိမ့်ချ၍ ကြင်နာတတ်ပြီး ထောက်ထားစာနာသည့်အပြင် ဝန်လေး၍ပင်ပန်းနေသူများ၊ ဖိနှိပ်ခံနေရသူများကို ကူညီပေးတော်မူခဲ့၏။ ယေဟောဝါအား လူတို့သိကျွမ်းလာစေရန် “ထာဝရအသက်နှင့်ယှဉ်သော စကား” ကို မမောနိုင်မပန်းနိုင် ပြောပြခဲ့သည်။—ယောဟန် ၆:၆၈။

၁၂။ ဘုရားသခင်အားချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ခြင်းသည် ခွဲခြား၍မရအောင် ဆက်စပ်နေကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၂ အမှန်ဆိုရလျှင် ဘုရားသခင်အားချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ခြင်းသည် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ တမန်တော်ပေါလုက “ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ . . . တစ်စုံတစ်ယောက်သောသူက ‘ငါသည် ဘုရားသခင်ကိုချစ်၏’ ဟုဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင်၊ ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း” ဟုဆိုခဲ့၏။ (၁ ယောဟန် ၄:၇၊ ၂၀) ယေဟောဝါသည် မေတ္တာ၏ရင်းမြစ်၊ မေတ္တာ၏ပြယုဂ် ဖြစ်တော်မူ၏။ ကိုယ်တော်လုပ်ဆောင်တော်မူသမျှသည် မေတ္တာတော်ကြောင့်ဖြစ်သည်။ ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ကျွန်ုပ်တို့ဖန်ဆင်းခံရသဖြင့် သူတစ်ပါးကို ကျွန်ုပ်တို့ မေတ္တာပြတတ်ကြ၏။ (ကမ္ဘာဦး ၁:၂၇) ကိုယ်နှင့်စပ်ဆိုင်သူကို ကျွန်ုပ်တို့မေတ္တာထားခြင်းဖြင့် ဘုရားသခင်အား ကျွန်ုပ်တို့ချစ်ကြောင်း ဖော်ပြကြသည်။

ချစ်ခြင်းက နာခံခြင်းမည်၏

၁၃။ ဘုရားသခင်အား ကျွန်ုပ်တို့ချစ်မြတ်နိုးကြမည်ဆိုလျှင် အဘယ်အရာကို ဦးဆုံးလုပ်ဆောင်ကြရမည်နည်း။

၁၃ မျက်စိဖြင့်မမြင်နိုင်သည့် ဘုရားသခင်အား ကျွန်ုပ်တို့ မည်သို့ချစ်နိုင်ကြသနည်း။ အရေးအကြီးဆုံးမှာ ကိုယ်တော်အားသိကျွမ်းခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် သူစိမ်းတစ်ဦးကို ချစ်သည်၊ ယုံကြည်သည်ဟု အမှန်တကယ် မဆိုနိုင်ပါ။ သို့ဖြစ်၍ ဘုရားသခင်အားသိကျွမ်းလာရန် ကျမ်းစာဖတ်ရှုဖို့၊ ဆုတောင်းဖို့၊ ကိုယ်တော်အားသိကျွမ်းပြီး ချစ်မြတ်နိုးကြသူတို့နှင့် ပေါင်းသင်းဖို့ သမ္မာကျမ်းစာက အားပေးပါသည်။ (ဆာလံ ၁:၁၊ ၂; ဖိလိပ္ပိ ၄:၆; ဟေဗြဲ ၁၀:၂၅) ခရစ်ဝင်ကျမ်းလေးကျမ်းသည် အထူးသဖြင့် အဖိုးထိုက်လှ၏၊ အကြောင်းမှာ ယေရှုခရစ်၏ဘဝအသက်တာနှင့် ခရစ်ယာန်ဓမ္မအမှုက ယေဟောဝါ၏ကိုယ်ရည်ကိုယ်သွေးကို ရောင်ပြန်ဟပ်ခဲ့၍ဖြစ်သည်။ ဘုရားသခင်အား ပိုမိုသိကျွမ်းလာပြီး ကျွန်ုပ်တို့အပေါ် ကိုယ်တော်ထားရှိသည့် မေတ္တာတော်ကို ကျေးဇူးတင် လေးမြတ်တတ်လာသည်နှင့်အမျှ ကိုယ်တော်အား နာခံလိုစိတ်နှင့် ကိုယ်တော်၏ကိုယ်ရည်ကိုယ်သွေးကို တုပလိုစိတ် ပြင်းထန်သည်ထက် ပြင်းထန်လာတော့၏။ မှန်ပေ၏၊ ဘုရားသခင်အားချစ်ခြင်းတွင် နာခံခြင်းပါဝင်သည်။

၁၄။ ဘုရားသခင့်ပညတ်များသည် ဝန်လေး၍ပင်ပန်းစရာမဟုတ်ကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၄ လူတို့ကို ကျွန်ုပ်တို့ချစ်သည့်အခါ သူတို့၏အထာကို သိလာသည်၊ ထိုအခါ သူတို့စိတ်ကြိုက် ပြုမူကျင့်ကြံတတ်လာ၏။ ကျွန်ုပ်တို့ချစ်ရသူတို့ကို စိတ်အနှောင့်အယှက်မပေးလိုကြပေ။ တမန်တော်ယောဟန်က “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” ဟုရေးသားခဲ့သည်။ (၁ ယောဟန် ၅:၃) ထိုအခါ ပညတ်တော်တို့သည် ဝန်လေး၍ပင်ပန်းစရာဖြစ်သည်၊ အလွန်များပြားသည်ဟု မယူမှတ်တော့ချေ။ ကျွန်ုပ်တို့ကို ချစ်ခြင်းမေတ္တာက လမ်းညွှန်ပေး၏။ ကျွန်ုပ်တို့ ပြုမူလေသမျှကို ညွှန်ကြားသည့် စည်းမျဉ်းဥပဒေ မြောက်မြားစွာကို အလွတ်မှတ်သားထားစရာ မလိုချေ၊ ဘုရားသခင်အားချစ်သည့် ကျွန်ုပ်တို့၏မေတ္တာက ကျွန်ုပ်တို့ကို လမ်းညွှန်ပေး၏။ ဘုရားသခင်အား ကျွန်ုပ်တို့ချစ်မြတ်နိုးကြမည်ဆိုလျှင် ကိုယ်တော်၏အလိုတော်ဆောင်ခြင်းသည် ပျော်ရွှင်စရာဖြစ်မည်။ ထိုအခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏မျက်နှာသာကို ရရှိမည့်အပြင် ကိုယ်တော်၏လမ်းညွှန်မှုမှ အကျိုးအမြဲခံစားရမည်။—ဟေရှာယ ၄၈:၁၇။

၁၅။ ယေဟောဝါအားတုပရန် အဘယ်အရာက စေ့ဆော်ပေးမည်နည်း။ ရှင်းပြပါ။

၁၅ ဘုရားသခင်အားချစ်ခြင်းက ကိုယ်တော်၏အရည်အချင်းများကို တုပစေ၏။ လူတစ်ဦးကို ကျွန်ုပ်တို့ချစ်မြတ်နိုးသည့်အခါ သူ၏အရည်အချင်းများကို သဘောကျပြီး သူနှင့်တူလိုကြသည်။ ယေဟောဝါနှင့်ယေရှု ပေါင်းသင်းဆက်ဆံခဲ့ပုံကို သုံးသပ်ကြည့်ပါ။ သူတို့သည် ကောင်းကင်တွင် နှစ်ပေါင်းဘီလီယံနှင့်ချီ၍ အတူတကွနေထိုင်ခဲ့ကြ၏။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး အလွန်ချစ်မြတ်နိုးခဲ့ကြ၏။ ထို့ကြောင့် ယေရှုသည် တပည့်နောက်လိုက်များအား “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟူ၍ ပြောဆိုနိုင်သည်အထိ မိမိ၏ကောင်းကင်ခမည်းတော်နှင့် တူလေသည်။ (ယောဟန် ၁၄:၉) ယေဟောဝါနှင့် ကိုယ်တော်၏သားတော်တို့ကို ကျွန်ုပ်တို့သိကျွမ်းလာလေ၊ သူတို့ကို လေးမြတ်လာလေဖြစ်ပြီး သူတို့နှင့်တူရန် စေ့ဆော်ခံရလေဖြစ်၏။ ယေဟောဝါအား ကျွန်ုပ်တို့ချစ်ခြင်းနှင့် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော် အကူအညီရခြင်းဖြင့် “လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍ . . . အသစ်ပြုပြင်သောလူသစ်ကို ယူတင်ဝတ်ဆောင်” နိုင်လာကြမည်။—ကောလောသဲ ၃:၉၊ ၁၀; ဂလာတိ ၅:၂၂၊ ၂၃။

လက်တွေ့ကျမေတ္တာ

၁၆။ ကျွန်ုပ်တို့၏ ဟောပြောခြင်းနှင့် သွန်သင်ပေးခြင်းလုပ်ငန်းအားဖြင့် ဘုရားသခင်၊ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ကြောင်း မည်သို့ဖော်ပြသနည်း။

၁၆ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်သည့်မေတ္တာကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောပြီး တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပါဝင်ကြသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [အမှန်] တရားကိုသိစေခြင်းငှာ” အလိုတော်ရှိသော ယေဟောဝါဘုရားသခင်၏ မျက်နှာသာကို ကျွန်ုပ်တို့ရရှိကြ၏။ (၁ တိမောသေ ၂:၃၊ ၄) သို့နှင့် ကျွန်ုပ်တို့သည် ခရစ်တော်၏တရားကို နှလုံးပေါ်တွင် ရေးသားထားစေရန် အခြားသူများကို ကူညီပေးခြင်းမှ ရွှင်လန်းမှုရရှိနိုင်ကြ၏။ ၎င်းပြင် ထိုသူတို့၏စိတ်သဘောထားများ ပြောင်းလဲလာပြီး ယေဟောဝါ၏အရည်အချင်းများကို သူတို့ရောင်ပြန်ဟပ်သည်ကို တွေ့မြင်သဖြင့် ကျွန်ုပ်တို့ဝမ်းမြောက်ကြ၏။ (၂ ကောရိန္သု ၃:၁၈) အခြားသူတို့ကို ဘုရားသခင်အားသိကျွမ်းလာစေရန် ကူညီပေးရခြင်းသည် ကျွန်ုပ်တို့ပေးနိုင်သည့် အဖိုးထိုက်ဆုံးလက်ဆောင် အမှန်ဖြစ်၏။ ယေဟောဝါနှင့်မိတ်ဆွေဖြစ်လိုသူတို့သည် ကိုယ်တော်၏ထာဝရမိတ်ဆွေ ဖြစ်နိုင်၏။

၁၇။ စည်းစိမ်ဥစ္စာထက် ဘုရားသခင်နှင့် လူတို့ကိုချစ်သည့်စိတ် မွေးမြူခြင်းက အဘယ်ကြောင့် ပညာရှိရာရောက်သနည်း။

၁၇ စည်းစိမ်ဥစ္စာကို အထူးတန်ဖိုးထားရုံမက တပ်မက်နေကြသည့် ဤလောကတွင် ကျွန်ုပ်တို့နေထိုင်ကြရ၏။ သို့တိုင် ၎င်းတို့သည် မတည်မြဲချေ။ ယင်းတို့သည် အခိုးခံရနိုင်၏၊ ပျောက်ပျက်သွားနိုင်၏။ (မဿဲ ၆:၁၉) သမ္မာကျမ်းစာက ‘လောကနှင့် လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား ထာဝရတည်၏’ ဟုသတိပေးသည်။ (၁ ယောဟန် ၂:၁၆၊ ၁၇) ယေဟောဝါသည် ထာဝစဉ်တည်ရှိမည်။ ကိုယ်တော်ကိုချစ်ပြီး ကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်သူတို့လည်း ထို့အတူဖြစ်လိမ့်မည်။ ထို့ကြောင့် ခေတ္တသာခံသည့် ဤလောကစည်းစိမ်ကို လိုက်စားသည်ထက် ဘုရားသခင်နှင့် လူတို့ကိုချစ်သည့်စိတ် မွေးမြူခြင်းသည် ပို၍ပညာရှိရာရောက်သည် မဟုတ်ပေလော။

၁၈။ ခရစ်ယာန်သာသနာပြုတစ်ဦးသည် ကိုယ်ကျိုးစွန့်မေတ္တာကို မည်သို့ပြခဲ့သနည်း။

၁၈ မေတ္တာတရားကို ကြိုးစားကျင့်သူတို့သည် ယေဟောဝါ၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ စီနီဂဲလ်နိုင်ငံမှ ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်သူ ဆောန်ညှာကိုကြည့်ပါ။ သူသည် မယုံကြည်သူလင်ယောက်ျားထံမှ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူ ဟိုင်ဒီကို ကျမ်းစာသင်ပေး၏။ ခင်ပွန်းသေဆုံးသွားပြီးနောက် ဟိုင်ဒီနှစ်ခြင်းခံခဲ့၏၊ မကြာမီ သူ၏ကျန်းမာရေး ဆုတ်ယုတ်သွားလေရာ အေ့ဒ်စ်ရောဂါသည်အဖြစ် ဆေးရုံတက်လိုက်ရရှာသည်။ ဆောန်ညှာက ဤသို့ပြန်ပြောပြသည်– “ဆေးရုံအမှုထမ်းတွေ သူ့ကိုအတတ်နိုင်ဆုံး ပြုစုပေးခဲ့ကြပေမဲ့ အမှုထမ်းကနည်းတယ်။ ဒါနဲ့ ဆေးရုံမှာ သူ့ကိုပြုစုစောင့်ရှောက်ပေးဖို့ အသင်းတော်က စေတနာ့ဝန်ထမ်းတွေဆီ အကူအညီတောင်းလိုက်တယ်။ ဒုတိယညမှာ သူ့ခုတင်ဘေး ဖျာပေါ်မှာနေပြီး သူသေတဲ့အထိ ကျွန်မပြုစုပေးလိုက်ရတယ်။ တာဝန်ခံဆရာဝန်က ‘လူနာမှာ အေ့ဒ်စ်ရောဂါရှိတယ်ဆိုတာကို မိသားစုသိသွားရင် ဆွေမျိုးရင်းချာတွေတောင် ဝိုင်းပယ်ထားတတ်ကြတာဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပြဿနာပဲ။ အမျိုးလည်းမတော်၊ တစ်နိုင်ငံသားလည်းမဟုတ်၊ အသားအရောင်လည်းမတူတဲ့ ခင်ဗျားကျတော့ ရောဂါကူးမှာ ဘာလို့မကြောက်တာလဲ’ လို့မေးတယ်။ ကျွန်မအတွက် ဟိုင်ဒီဟာ မွေးချင်းတစ်ယောက်လိုပါပဲလို့ ရှင်းပြလိုက်တယ်။ အခုမှတွေ့ရတဲ့ ဒီညီမနဲ့ရင်းနှီးပြီး သူ့ကိုပြုစုပေးရတာ ပျော်စရာပါ။” ဆောန်ညှာသည် ဟိုင်ဒီကို မေတ္တာဖြင့် ကြိုးစားပြုစုပေးခဲ့သော်လည်း ရောဂါကူးစက်မခံခဲ့ရပေ။

၁၉။ ကျွန်ုပ်တို့၏နှလုံးပေါ်၌ ဘုရားသခင့်ပညတ်ရှိထားသည့်အတွက် အဘယ်အရာကို အခွင့်အရေးယူသင့်သနည်း။

၁၉ ကိုယ်ကျိုးစွန့်မေတ္တာပြကြသူ ယေဟောဝါ၏ကျေးကျွန် များစွာရှိပါသေးသည်။ ယနေ့ ဘုရားသခင့်လူမျိုးကို ခွဲခြားသိမြင်စေသည့် မှတ်တမ်းတင် ဥပဒေပေါင်းချုပ်ဟူ၍ကား မရှိချေ။ ယင်းအစား ဟေဗြဲ ၈:၁၀ တွင် ဤသို့ရေးသားထားသည့်စကားများ ပြည့်စုံလာသည်ကို တွေ့ မြင်နေကြရ၏– “နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သောပဋိညာဉ်တရားဟူမူကား ‘ငါထာဝရဘုရား [သခင်] သည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရား [သခင်] ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။’” ကျွန်ုပ်တို့၏နှလုံးပေါ် ယေဟောဝါရေးထားသည့် မေတ္တာတရားဆိုင်ရာပညတ်ကို အမြဲတန်ဖိုးထားကာ အခွင့်အရေးရတိုင်း မေတ္တာပြနိုင်ကြပါစေ။

၂၀။ ခရစ်တော်၏တရားသည် တန်ဖိုးမဖြတ်နိုင်သည့် ပိုင်ဆိုင်ရာ အဘယ်ကြောင့်ဖြစ်သနည်း။

၂၀ ယင်းသို့သောမေတ္တာကို တင်ပြကြသည့် ကမ္ဘာချီညီအစ်ကိုများအသင်းအပင်းနှင့်အတူ ဘုရားသခင့်အမှုတော်ဆောင်ရခြင်းသည် အမှန်တကယ်ရွှင်လန်းစရာပင်။ မေတ္တာကင်းမဲ့သည့် ဤလောကတွင် ခရစ်တော်၏တရားကို နှလုံးသွင်းထားသူတို့သည် တန်ဖိုးမဖြတ်နိုင်သောအရာတစ်ခုကို ပိုင်ဆိုင်ထားကြ၏။ သူတို့သည် ယေဟောဝါ၏မေတ္တာတော်ကို ခံစားရသည်သာမက ညီအစ်ကိုအသင်းအပင်းရှိ ခိုင်မြဲသောမေတ္တာနှောင်ကြိုးကြောင့် နှစ်ထောင်းအားရနိုင်ကြ၏။ “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏။” ယေဟောဝါသက်သေများသည် နိုင်ငံများစွာတွင် နေထိုင်ကြ၍ ဘာသာစကားအမျိုးမျိုး ပြောဆိုသည့် ယဉ်ကျေးမှုအမျိုးမျိုးမှ ဖြစ်ကြသော်လည်း တုနှိုင်း၍မရသော ဘာသာရေးစည်းလုံးမှု၌ သူတို့ပျော်မွေ့နေကြ၏။ ဤစည်းလုံးမှုသည် ယေဟောဝါ၏မျက်နှာသာတော်နှင့်တွေ့စေသည်။ မေတ္တာဖြင့်စည်းလုံးနေကြသည့် လူတို့တွင် ယေဟောဝါသည် “အစဉ်အမြဲ အသက်ရှင်ခြင်းအခွင့်တည်းဟူသော ကောင်းချီးမင်္ဂလာကို စီရင်တော်မူ၏” ဟု ဆာလံဆရာရေးသားခဲ့၏။—ဆာလံ ၁၃၃:၁-၃။

သင်ဖြေဆိုနိုင်သလော

• ပညတ်တော်ဆယ်ပါးသည် မည်မျှအရေးကြီးသနည်း။

• နှလုံးပေါ်မှာရေးသားထားသည့် ပညတ်တရားကား အဘယ်နည်း။

• “ခရစ်တော်၏တရား” တွင် ချစ်ခြင်းမေတ္တာသည် မည်မျှအရေးပါသနည်း။

• ဘုရားသခင်၊ ကိုယ်နှင့်စပ်ဆိုင်သူကို ကျွန်ုပ်တို့ချစ်ကြောင်း အဘယ်နည်းများဖြင့် တင်ပြနိုင်ကြသနည်း။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဣသရေလလူမျိုးတွင်ကျောက်ပြားများပေါ်အက္ခရာတင်ထားသည့်ပညတ်တရားများရှိခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံများ]

ခရစ်ယာန်များ၌မူ သူတို့နှလုံးပေါ်တွင်ရေးသားထားသည့် ဘုရားသခင့်ပညတ်ရှိ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

၂၀၀၄ ခုနှစ် ခရိုင်စည်းဝေးကြီးတွင် ဆောန်ညှာနှင့်စီနီဂဲလ်မိန်းကလေးတစ်ဦး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ