အခန်း ၂၄
အဘယ်အရာကမျှ “ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်”
၁။ ခရစ်ယာန်စစ်အချို့အပါအဝင် လူများစွာကို အဘယ်အပျက်သဘောက နှိပ်စက်တတ်သနည်း။
ယေဟောဝါဘုရားသခင်သည် သင့်ကို တစ်ဦးချင်းအနေနှင့် ချစ်သလော။ လူအချို့က ယောဟန် ၃:၁၆ ပြောသကဲ့သို့ ဘုရားသခင်သည် လူသားများကို ယေဘုယျခြုံ၍ချစ်ကြောင်း သဘောတူပေမည်။ သို့သော် သူတို့က ‘ငါ့ကိုတော့ ဘုရားသခင်ဟာ ဘယ်တော့မှ တစ်ယောက်ချင်းအနေနဲ့ ချစ်နိုင်မှာမဟုတ်ဘူး’ ဟုခံစားမိမည်။ ခရစ်ယာန်စစ်များပင် ရံဖန်ရံခါ သံသယစိတ်များဝင်လာပြီး ထိုသို့ခံစားမိနိုင်သည်။ စိတ်ဓာတ်ကျစွာဖြင့် လူတစ်ဦး ဤသို့ပြောခဲ့သည်– “ဘုရားသခင်ဟာ ကျွန်တော်နဲ့ပတ်သက်ပြီး လုံးဝဂရုစိုက်တယ်ဆိုတာ ယုံရခက်နေတယ်။” တစ်ခါတစ်ရံ သင့်ကို ထပ်တူသံသယစိတ်များ နှိပ်စက်ပါသလော။
၂၊ ၃။ ယေဟောဝါ၏အမြင်တွင် ကျွန်ုပ်တို့သည် တန်ဖိုးမရှိသူ၊ မေတ္တာမခံစားရသူဖြစ်သည်ဟု မည်သူက ကျွန်ုပ်တို့အား ယူမှတ်စေလိုသနည်း၊ ထိုသဘောထားကို ကျွန်ုပ်တို့ မည်သို့တိုက်ထုတ်ပစ်နိုင်သနည်း။
၂ ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို မချစ်၊ တန်ဖိုးမထားဟု စာတန် ယုံကြည်စေလိုသည်။ လူတို့၏ဘဝင်မြင့်မှု၊ မာန်မာနထောင်လွှားမှုကို အကြောင်းပြုပြီး သူတို့ကို စာတန်လှည့်စားလေ့ရှိသည်။ (၂ ကောရိန္သု ၁၁:၃) အနိုင်ကျင့်၍ရနိုင်ဖွယ်ရှိသူတို့၏ မိမိကိုယ်ကိုလေးစားသည့်စိတ်ကို ချိုးဖဲ့ဖျက်ဆီးပစ်ရန်လည်း သူအားရနှစ်သက်သည်။ (ယောဟန် ၇:၄၇-၄၉; ၈:၁၃၊ ၄၄) အထူးသဖြင့် ဤခဲယဉ်းဆိုးယုတ်သော “နောက်ဆုံးကာလ” တွင် ထိုသို့ဖြစ်နေသည်။ ယနေ့ လူအများသည် “ပကတိကြင်နာစုံမက်ခြင်း” ကင်းမဲ့သော အိမ်ထောင်များတွင် ကြီးပြင်းလာကြ၏။ အခြားသူတို့မှာမူ ပြင်းထန်သောသူ၊ တစ်ကိုယ်ကောင်းဆန်သူ၊ ခေါင်းမာသူတို့နှင့် အမြဲပင်ထိတွေ့ဆက်ဆံနေကြရ၏။ (၂ တိမောသေ ၃:၁-၅၊ ကဘ) နှစ်ရှည်လများ နှိပ်စက်ညှဉ်းပန်းမှု၊ လူမျိုးရေးခွဲခြားမှု၊ မုန်းတီးမှု ခံနေရသည့် ဤသူတို့က မိမိတို့သည် တန်ဖိုးမရှိသူ၊ မည်သူမျှ မချစ်နိုင်သူများဖြစ်၏ဟု ယူမှတ်နေကြပေမည်။
၃ ဤသို့သော အပျက်သဘောများကို သင်ခံစားနေရလျှင် စိတ်မပျက်ပါနှင့်။ ကျွန်ုပ်တို့အများစုသည် ရံဖန်ရံခါ မိမိကိုယ်ကို မဆင်မခြင် အပြစ်တင်တတ်ကြသည်။ သို့သော် သမ္မာကျမ်းစာသည် “ပဲ့ပြင်တည့်မတ်” ပေးရန်နှင့် “စွဲမြဲခိုင်မာသည့်အရာများကို ဖြိုဖျက်” ပေးရန်အတွက်ဖြစ်ကြောင်း သတိရပါ။ (၂ တိမောသေ ၃:၁၆၊ ကဘ; ၂ ကောရိန္သု ၁၀:၄၊ ကဘ) သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ကိုယ်တိုင် သမ္မာတရားနှင့်ဆိုင်သည်ကို ကိုယ်သိရ၍ ဘုရားသခင်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည်။ အကြောင်းမူကား ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင် ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူသည်ကို ငါတို့သိကြ၏။” (၁ ယောဟန် ၃:၁၉၊ ၂၀) ယေဟောဝါ၏မေတ္တာကြောင့် ‘ကိုယ်စိတ်နှလုံး သက်သာ’ မှုရသည့် သမ္မာကျမ်းပါ နည်းလမ်းလေးသွယ်ကို သုံးသပ်ကြည့်ကြပါစို့။
ယေဟောဝါ သင့်ကိုတန်ဖိုးထား
၄၊ ၅။ ကျွန်ုပ်တို့ကို ယေဟောဝါတန်ဖိုးထားကြောင်း ယေရှု၏ စာငှက်များပုံဥပမာက မည်သို့ဖော်ပြသနည်း။
၄ ပထမအချက်မှာ ဘုရားသခင်သည် မိမိ၏ကျေးကျွန်တစ်ဦးစီ၌ တန်ဖိုးရှိရာကိုမြင်ကြောင်း သမ္မာကျမ်းစာက တိုက်ရိုက်သွန်သင်သည်။ ဥပမာ၊ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “စာငှက်နှစ်ကောင်ကို အဿရိတစ်ပြားဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” (မဿဲ ၁၀:၂၉-၃၁) ထိုစကားများသည် ပထမရာစုရှိ ယေရှု၏တရားကိုနာသူတို့အတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း သုံးသပ်ကြည့်ပါ။
“သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏”
၅ အဘယ်ကြောင့် စာငှက်တစ်ကောင်ကို ဝယ်ရသနည်းဟု သင်သိလိုပေမည်။ ယေရှုအချိန်က စားစရာအဖြစ် ရောင်းသောငှက်များတွင် စာငှက်သည် ဈေးအပေါဆုံးဖြစ်သည်။ တန်ဖိုးနည်းသော ငွေအသပြာတစ်ပြားဖြင့် စာငှက်နှစ်ကောင်ကို ဝယ်ယူနိုင်ကြောင်း သတိပြုပါ။ သို့သော် ယေရှုက လူတစ်ဦးသည် အဿရိနှစ်ပြားပေးနိုင်လျှင် စာငှက်လေးကောင်မဟုတ်ဘဲ ငါးကောင်ဝယ်ယူနိုင်ကြောင်း နောက်ပိုင်း၌မိန့်တော်မူခဲ့၏။ ငှက်အပိုတစ်ကောင်၌ တန်ဖိုးလုံးဝမရှိသည့်အလား အဆစ်ထည့်ပေးလိုက်သည်။ လူတို့အမြင်တွင် ထိုငှက်များသည် တန်ဖိုးမရှိဘဲဖြစ်ပေမည်၊ သို့သော် ဖန်ဆင်းရှင်သည် ၎င်းတို့ကို မည်သို့ရှုမြင်သနည်း။ ယေရှုက “ထိုစာငှက်တစ်ကောင်ကိုမျှ [အဆစ်ပေးသောစာငှက်ကိုပင်] ဘုရားသခင်မေ့လျော့တော်မမူ” ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၁၂:၆၊ ၇) ယခု ယေရှု၏ဆိုလိုရင်းကို ကျွန်ုပ်တို့ သဘောပေါက်လာပေလိမ့်မည်။ ယေဟောဝါသည် စာငှက်လေးတစ်ကောင်ကို ဤမျှတန်ဖိုးထားလျှင် လူတစ်ဦးသည် မည်မျှပို၍တန်ဖိုးရှိလိမ့်မည်ဖြစ်ခြင်း! ယေရှုရှင်းပြသကဲ့သို့ပင် ကျွန်ုပ်တို့နှင့်ပတ်သက်၍ အစစအရာရာကို ယေဟောဝါသိတော်မူ၏။ စဉ်းစားကြည့်ပါ၊ ကျွန်ုပ်တို့ခေါင်းပေါ်မှ ဆံပင်များကိုပင် ရေတွက်ထားသည်တကား!
၆။ ကျွန်ုပ်တို့၏ခေါင်းမှ ဆံပင်များကို ရေတွက်သည်ဟု ယေရှုမိန့်တော်မူသောအခါ ကိုယ်တော်သည် ဖြစ်နိုင်ရာကို ပြောဆိုနေသည်ဟု အဘယ်ကြောင့်အသေအချာသိနိုင်သနည်း။
၆ ကျွန်ုပ်တို့၏ဆံပင်များကိုပင် ရေတွက်ထားသလော။ ဤတွင် ယေရှုသည် မဖြစ်နိုင်ရာကို မိန့်မြွက်နေ၏ဟု အချို့ယူမှတ်ပေမည်။ သို့သော် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကိုသာ စဉ်းစားကြည့်ပါ။ ယေဟောဝါသည် ကျွန်ုပ်တို့ကို တစ်ဖန်ပြန်လည်ဖန်ဆင်းရန် ကျွန်ုပ်တို့ကို အမှန်ပင်အတွင်းကျကျ သိထားရပေမည်! ကျွန်ုပ်တို့ကို ကိုယ်တော်များစွာတန်ဖိုးထားသည့်အတွက် ကျွန်ုပ်တို့၏ဗီဇနိယာမအပါအဝင် ကျွန်ုပ်တို့တစ်သက်ပတ်လုံး မှတ်သားထားရာနှင့် အတွေ့အကြုံအားလုံးတို့ကိုပါ အသေးစိတ်မှတ်မိတော်မူ၏။a ၎င်းနှင့်နှိုင်းယှဉ်ကြည့်က သာမန်လူတစ်ဦး၏ခေါင်းမှ ဆံပင် ၁၀၀,၀၀၀ ကို ရေတွက်ခြင်းသည် လွယ်ကူသည့်အမှုတစ်ခုသာဖြစ်၏။
ကျွန်ုပ်တို့၌ မည်သည့်အရာကို ယေဟောဝါမြင်တော်မူသနည်း
၇၊ ၈။ (က) လူ့စိတ်နှလုံးကိုစစ်ကြောရာတွင် ယေဟောဝါ အားရနှစ်သက်တော်မူသော အရည်အချင်းအချို့ကား အဘယ်နည်း။ (ခ) ယေဟောဝါတန်ဖိုးထားသော ကျွန်ုပ်တို့လုပ်ဆောင်ရာအချို့ကား အဘယ်နည်း။
၇ ဒုတိယအချက်မှာ ယေဟောဝါသည် မိမိ၏ကျေးကျွန်တို့၌ရှိသော အဘယ်အရာကို တန်ဖိုးထားကြောင်း သမ္မာကျမ်းစာ သွန်သင်ပေး၏။ ရိုးရိုးလေးပြောရလျှင် ကျွန်ုပ်တို့၏အရည်အချင်းကောင်းများနှင့် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို ကိုယ်တော်နှစ်သက်တော်မူ၏။ ဒါဝိဒ်မင်းကြီးက သားရှောလမုန်ကို ဤသို့မိန့်ဆိုခဲ့သည်– “ထာဝရဘုရားသည် ခပ်သိမ်းသောစိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။” (၁ ရာဇဝင်ချုပ် ၂၈:၉) ဘုရားသခင်သည် အကြမ်းဖက်မှု၊ မုန်းတီးမှုပြည့်နှက်နေသော ဤလောကရှိ လူသန်းပေါင်းများစွာတို့၏နှလုံးကို စစ်ကြောစီရင်ရာတွင် ငြိမ်သက်ခြင်း၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့ကိုမြတ်နိုးသူတစ်ဦးအား ရှာတွေ့သောအခါ မည်မျှဝမ်းသာလိုက်မည်ဖြစ်ခြင်း! ကိုယ်တော်အားချစ်မြတ်နိုးသော၊ ကိုယ်တော့်အကြောင်း သင်ယူလိုပြီး သိရှိလာသမျှကို အခြားသူတို့အား သိစေလိုသောနှလုံးရှိသူကို ကိုယ်တော်ရှာတွေ့သောအခါ မည်သို့ဖြစ်မည်နည်း။ ယေဟောဝါသည် မိမိအကြောင်း အခြားသူများအား ပြောပြသူတို့ကို သတိပြုကြောင်း ကျွန်ုပ်တို့သိရ၏။ ‘ထာဝရဘုရားကိုကြောက်ရွံ့၍ နာမတော်ကို ဆင်ခြင်သောသူ’ တို့အဖို့ “သတိရအောက်မေ့ရာစာစောင်” [ကဘ] တစ်စောင် ကိုယ်တော်၌ရှိ၏။ (မာလခိ ၃:၁၆၊ သမ္မာ) ထိုအရည်အချင်းများသည် ကိုယ်တော့်ရှေ့ အလွန်အဖိုးထိုက်၏။
၈ ယေဟောဝါတန်ဖိုးထားသည့် အလုပ်မွန်အချို့ကား အဘယ်နည်း။ သားတော်ယေရှုခရစ်ကို တုပရန် ကျွန်ုပ်တို့၏ကြိုးပမ်းအားထုတ်မှုများ အမှန်ပါဝင်သည်။ (၁ ပေတရု ၂:၂၁) ဘုရားသခင်တန်ဖိုးထားသည့် အလွန်အရေးပါသောလုပ်ငန်းတစ်ခုမှာ ကိုယ်တော်၏နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြစ်သည်။ ရောမ ၁၀:၁၅ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူတို့၏ခြေတို့သည် အလွန်တင့်တယ်စွတကား!” သာမန်အားဖြင့် ကျွန်ုပ်တို့၏ခြေတို့ကို “တင့်တယ်” သည်၊ လှသည်ဟု ယူမှတ်ကြမည်မဟုတ်ချေ။ သို့သော် ဤတွင် ခြေဟုဆိုရာ၌ သတင်းကောင်းကို ကြွေးကြော်ရာတွင် ယေဟောဝါကျေးကျွန်များ ကြိုးပမ်းအားထုတ်လေသမျှကို ဆိုလိုသည်။ ယင်းသို့သော ကြိုးပမ်းမှုခပ်သိမ်းသည် ကိုယ်တော့်အမြင်တွင် အလွန်လှပတင့်တယ်၍ အဖိုးထိုက်ပေ၏။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။
၉၊ ၁၀။ (က) အခက်အခဲအမျိုးမျိုးကြား ကျွန်ုပ်တို့၏ခံနိုင်ရည်ကို ယေဟောဝါတန်ဖိုးထားကြောင်း အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။ (ခ) ယေဟောဝါသည် ကိုယ်တော်၏သစ္စာရှိကျေးကျွန်တို့နှင့်ပတ်သက်၍ အဘယ်အပျက်သဘောရှုမြင်ပုံများ ဘယ်တော့မျှမရှိသနည်း။
၉ ကျွန်ုပ်တို့၏ခံနိုင်ရည်ကိုလည်း ယေဟောဝါတန်ဖိုးထား၏။ (မဿဲ ၂၄:၁၃) ယေဟောဝါအား သင်ငြင်းပယ်ရန် စာတန်အလိုရှိ၏။ ယေဟောဝါအပေါ် သင်သစ္စာစောင့်သိသော နေ့ရက်တစ်ရက်စီသည် စာတန်၏ကဲ့ရဲ့ရှုတ်ချမှုကို ပြန်လည်ချေပရန် ထောက်ကူလိုက်သည့် နောက်ထပ်နေ့ရက်တစ်ရက်ဖြစ်သည်။ (သုတ္တံ ၂၇:၁၁) တစ်ခါတစ်ရံ ခံနိုင်ရည်ရှိဖို့ မလွယ်ကူပါ။ ကျန်းမာရေးပြဿနာများ၊ ငွေကြေးကျပ်တည်းမှု၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှုနှင့် အခြားနှောင့်ယှက်မှုများသည် နေ့စဉ်နေ့တိုင်းကို စိတ်ဆင်းရဲစရာဖြစ်စေနိုင်သည်။ ဖြစ်နိုးဖြစ်နိုး ငံ့လင့်နေရခြင်းသည်လည်း စိတ်ပျက်အားလျော့စရာဖြစ်နိုင်၏။ (သုတ္တံ ၁၃:၁၂) ဤသို့သောခက်ခဲမှုများကြား ခံနိုင်ရည်ရှိခြင်းကို ယေဟောဝါ သာ၍ပင်တန်ဖိုးထားတော်မူ၏။ ထို့ကြောင့်ပင် ဘုရင်ဒါဝိဒ်က ယေဟောဝါအား မိမိ၏မျက်ရည်များကို “သားရေဘူး” တစ်ခုထဲတွင် သိမ်းဆည်းထားပေးရန် တောင်းဆိုပြီး ယင်းတို့သည် “စာရင်းတော်၌ရှိပါသည်မဟုတ်လော” ဟု ယုံကြည်စိတ်ချစွာ မေးခဲ့ခြင်းဖြစ်သည်။ (ဆာလံ ၅၆:၈) မှန်ပါသည်၊ ယေဟောဝါအပေါ် ကျွန်ုပ်တို့သစ္စာစောင့်သိနေစဉ် ကျရသောမျက်ရည်များနှင့် ခံစားရသည့်ဆင်းရဲဒုက္ခအားလုံးကို ကိုယ်တော်တန်ဖိုးထားပြီး သတိရတော်မူ၏။ ယင်းတို့သည်လည်း ကိုယ်တော့်ရှေ့ အဖိုးထိုက်သည်။
စုံစမ်းမှုများ ရင်ဆိုင်နေရသည့်ကြား ကျွန်ုပ်တို့၏ ခံနိုင်ရည်ကို ယေဟောဝါတန်ဖိုးထား
၁၀ သို့သော် ကိုယ်ကိုယ်ကိုအပြစ်တင်နေသောနှလုံးက ဘုရားသခင်ရှေ့ ကျွန်ုပ်တို့သည် တန်ဖိုးရှိသူများဖြစ်၏ဟူသည့် ယင်းသို့သော သက်သေအထောက်အထားကို ငြင်းပယ်ပေမည်။ ယင်းက ဤသို့ လေသံဖြင့် ဇွတ်အပြစ်တင်နေပေမည်– ‘ဒါပေမဲ့ ငါ့ထက် ပိုပြီးပုံသက်သေကောင်းတဲ့သူတွေ အများကြီးရှိတာပဲ။ သူတို့နဲ့ ငါ့ကိုယှဉ်လိုက်ရင် ယေဟောဝါ အရမ်းစိတ်ပျက်မှာပဲ!’ အမှန်မှာ ယေဟောဝါသည် မနှိုင်းယှဉ်ပါ၊ ကိုယ်တော်သည် စည်းမျဉ်းတင်းကျပ်သူမဟုတ်၊ ခက်ထန်စွာစဉ်းစားတတ်သူလည်း မဟုတ်ပါ။ (ဂလာတိ ၆:၄) ကိုယ်တော်သည် ကျွန်ုပ်တို့၏နှလုံးကို အလွန်စေ့စပ်၊ အတွင်းကျစွာ ထိုးထွင်းခွဲခြမ်းစိတ်ဖြာ၏၊ ထို့နောက် ကောင်းကွက်အနည်းငယ်သာရှိပါစေ ၎င်းကို တန်ဖိုးထားတော်မူ၏။
အဆိုးမှ အကောင်းကို ယေဟောဝါစစ်ထုတ်
၁၁။ အဘိယ၏ကိစ္စကို ယေဟောဝါကိုင်တွယ်ပုံမှ ကိုယ်တော့်အကြောင်း ကျွန်ုပ်တို့ အဘယ်အရာသိရှိနိုင်သနည်း။
၁၁ တတိယအချက်မှာ ကျွန်ုပ်တို့ကို ယေဟောဝါစစ်ကြောစဉ် အကောင်းကိုရှာဖွေလျက် ကိုယ်တော်အသေအချာစစ်ထုတ်တတ်၏။ ဥပမာ၊ အယူဖောက်ပြန်သော ယေရောဗောင်မင်း၏ မင်းဆက်တစ်ဆက်လုံးကို သုတ်သင်ပယ်ရှင်းရမည်ဟု ယေဟောဝါစီရင်တော်မူစဉ် အဘိယအမည်ရှိ ဘုရင့်သားတော်တစ်ပါးကို လျောက်ပတ်စွာသင်္ဂြိုဟ်ရမည်ဟု မိန့်တော်မူခဲ့သည်။ အဘယ်ကြောင့်နည်း။ သူ၌ “ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားနှင့်စပ်၍ ကောင်းသောသဘောထားရှိ” ကြောင်း တွေ့မြင်ခဲ့သောကြောင့်ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၁၄:၁၊ ၁၀-၁၃၊ သမ္မာ) တစ်နည်းအားဖြင့် ထိုလူငယ်၏စိတ်နှလုံးကို စစ်ကြောရာတွင် ယေဟောဝါသည် “ကောင်းသောသဘောထား” ကို ရှာတွေ့ခဲ့၏။ ထိုကောင်းမှုသည် မည်မျှပင်သေးငယ်ပြီး မဖြစ်စလောက်ပင်ဖြစ်ပါစေ ယေဟောဝါသည် ယင်းကို နှုတ်ကပါဌ်တော်၌ မှတ်သားထိုက်၏ဟု ယူမှတ်တော်မူသည်။ ကိုယ်တော်သည် ယင်းအတွက် ဆုပင်ချခဲ့ကာ အယူဖောက်ပြန်သော ထိုမိသားစုမှသူတစ်ဦးကို အထိုက်အလျောက် သနားကြင်နာမှုပြသခဲ့သည်။
၁၂၊ ၁၃။ (က) ကျွန်ုပ်တို့အပြစ်ပြုမိသည့်တိုင် မိမိတို့၏ကောင်းကွက်များကို ယေဟောဝါရှာဖွေကြောင်း ဘုရင်ယောရှဖတ်၏အဖြစ်အပျက်က မည်သို့ဖော်ပြသနည်း။ (ခ) ကျွန်ုပ်တို့၏ကောင်းမှုများ၊ အရည်အချင်းကောင်းများနှင့်ပတ်သက်လာလျှင် ယေဟောဝါသည် ကြင်နာယုယသောမိဘတစ်ဦးနည်းတူ မည်သို့ပြုမူတော်မူသနည်း။
၁၂ သာ၍ပင်ထူးခြားသော ပုံနမူနာတစ်ရပ်ကို မင်းကောင်းယောရှဖတ်တွင် တွေ့ရပေမည်။ မိုက်မဲသောအမှုတစ်ရပ်ကို ထိုရှင်ဘုရင်ကျူးလွန်သောအခါ ယေဟောဝါ၏ပရောဖက်က “ဤအမှုကြောင့် ထာဝရဘုရား၏အမျက်တော်သည် ဘုရင်မင်းအပေါ်သို့ သက်ရောက်လေပြီ” ဟုပြောခဲ့သည်။ တကယ်အလေးအနက်စဉ်းစားစရာပါတကား! သို့ရာတွင် ယေဟောဝါ၏အမှာစကားသည် ထိုမျှသာမဟုတ်ဘဲ ဆက်၍ကြားရသည်ကား “သို့သော်လည်း . . . ဘုရင်မင်း၌ကောင်းမွန်သောအရာရှိပါသေး၏” ဟုဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၁၉:၁-၃၊ သမ္မာ) သို့ဖြစ်၍ ယေဟောဝါ၏တရားသောအမျက်ဒေါသက ယောရှဖတ်၏ကောင်းကွက်ကို မမြင်ရန် မဖြစ်စေခဲ့ပါ။ မစုံလင်သောလူသားများနှင့် ကွာလိုက်လေခြင်း! ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်ကိုစိတ်ဆိုးလျှင် သူ၏ကောင်းကွက်ကို မမြင်နိုင်တော့ပေ။ ထို့ပြင် ကျွန်ုပ်တို့အပြစ်ပြုမိလျှင် ကိုယ့်ကိုကိုယ်စိတ်ပျက်ခြင်း၊ အရှက်ရခြင်း၊ အပြစ်ရှိသည်ဟုခံစားရခြင်းတို့ကြောင့် မိမိ၌ရှိသောကောင်းကွက်ကို မမြင်နိုင်ဘဲဖြစ်ပေမည်။ သို့သော် ကျွန်ုပ်တို့သည် နောင်တယူပြီး ထိုအပြစ်ကို ပြန်မလုပ်မိရန် အင်တိုက်အားတိုက်ကြိုးစားမည်ဆိုလျှင် ယေဟောဝါခွင့်လွှတ်တော်မူကြောင်း သတိရပါ။
၁၃ သင့်ကို ယေဟောဝါစစ်ကြောစဉ် ရွှေကျင်သူတစ်ဦးက အသုံးမဝင်သောကျောက်စရစ်ခဲတို့ကို ဖယ်ရှားပစ်သည့်နည်းတူ ထိုသို့သောအပြစ်တို့ကို ကိုယ်တော်ပယ်ရှားတော်မူ၏။ သင်၏အရည်အချင်းကောင်းများနှင့် ပြုခဲ့သောကောင်းမှုများကိုကော။ ၎င်းတို့သည် ကိုယ်တော်သိမ်းဆည်းထားသည့် “ရွှေငွေအတုံးအခဲများ” ပင်တည်း! သားသမီးတို့ရေးဆွဲခဲ့သည့်ရုပ်ပုံများ သို့မဟုတ် ကျောင်းစီမံချက်တွင် ပါဝင်ဆောင်ရွက်မှုများတို့ကို ကလေးများ မေ့နေသော်လည်း ကြင်နာယုယသောမိဘတို့က ဆယ်စုနှစ်ချီ အမြတ်တနိုးထားပုံကို သင်သတိပြုမိသလော။ ယေဟောဝါသည် အကြင်နာအယုယတတ်ဆုံးမိဘဖြစ်၏။ ကိုယ်တော်ကို ကျွန်ုပ်တို့ဆက်တည်ကြည်ကြသရွေ့ ကျွန်ုပ်တို့၏ကောင်းမှုများနှင့် အရည်အချင်းကောင်းများကို ကိုယ်တော် ဘယ်တော့မျှ မေ့လျော့တော်မူမည်မဟုတ်။ အမှန်မှာ ၎င်းတို့ကို မေ့လျော့ခြင်းသည် မတရားမှုဟု ကိုယ်တော်ယူမှတ်ပေလိမ့်မည်၊ မတရားမှုကို ကိုယ်တော်သည် ဘယ်တော့မှမပြုချေ။ (ဟေဗြဲ ၆:၁၀) ကျွန်ုပ်တို့ကို အခြားနည်းတစ်နည်းဖြင့်လည်း ကိုယ်တော် စစ်ထုတ်တော်မူ၏။
၁၄၊ ၁၅။ (က) ကျွန်ုပ်တို့၏မစုံလင်မှုများက ကျွန်ုပ်တို့၌ရှိသောကောင်းကွက်ကို ယေဟောဝါမမြင်ရန် အဘယ်ကြောင့် အတားအဆီးမဖြစ်စေသနည်း။ ဥပမာတင်ပြပါ။ (ခ) ကျွန်ုပ်တို့၌တွေ့သော အရည်အချင်းကောင်းများကို ယေဟောဝါ မည်သို့ပြုမည်နည်း၊ ကိုယ်တော့်သစ္စာရှိကျေးကျွန်များကို ကိုယ်တော် မည်သို့ရှုမြင်သနည်း။
၁၄ ယေဟောဝါသည် ကျွန်ုပ်တို့၏မစုံလင်မှုများကိုကျော်လွန်၍ ကျွန်ုပ်တို့၏ အလားအလာကို တွေ့မြင်တော်မူ၏။ ပုံပမာပြရလျှင် အနုပညာဝါသနာအိုးများသည် အလွန်ပျက်စီးနေသောပန်းချီကားချပ်များ၊ သို့မဟုတ် အခြားလက်ရာများကို ပြန်လည်ပြုပြင်ရန် အစွမ်းကုန်အားထုတ်တတ်ကြသည်။ ဥပမာ၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိပြည်ထောင်စုပြတိုက်တွင် အမေရိကန်ဒေါ်လာသန်း ၃၀ တန်သော လီယိုနာဒိုဒါဗင်ချီ၏ ပန်းချီကားတစ်ချပ်ကို လူတစ်ယောက်က သေနတ်နှင့်ပစ်သဖြင့် ပျက်စီးသွားခဲ့စဉ်က မည်သူကမျှ ဤပန်းချီကားကိုစွန့်ပစ်ရန် အကြံမပြုခဲ့ချေ။ ယင်းအစား နှစ်ပေါင်း ၅၀၀ ခန့်နီးပါးရှိ ထိုလက်ရာမွန်ကို ချက်ချင်းပြန်မွမ်းမံခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ပန်းချီဝါသနာအိုးတို့၏မျက်စိတွင် ထိုပန်းချီကားသည် အလွန်တန်ဖိုးရှိသောကြောင့်ဖြစ်သည်။ သင်သည် မြေဖြူခဲ သို့မဟုတ် မီးသွေးခဲဖြင့်ခြစ်ဆွဲထားသည့် ရုပ်ပုံကားချပ်တစ်ခုထက် ပိုတန်ဖိုးရှိသည်မဟုတ်ပေလော။ သင်သည် မွေးရာပါမစုံလင်မှုကြောင့် မည်မျှပင်ပျက်စီးနေပါစေ ဘုရားသခင့်ရှေ့မှောက်တော်တွင် အလွန်တန်ဖိုးရှိသူဖြစ်သည်။ (ဆာလံ ၇၂:၁၂-၁၄) လူ့အိမ်ထောင်စု၏ကျွမ်းကျင်သောဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏မေတ္တာပါဂရုစိုက်မှုကို တုံ့ပြန်သူများ စုံလင်လာစေရန် လိုအပ်သလိုပြုလုပ်ပေးပါလိမ့်မည်။—တမန်တော် ၃:၂၁; ရောမ ၈:၂၀-၂၂။
၁၅ ယေဟောဝါသည် ကျွန်ုပ်တို့ကိုယ်တိုင် မမြင်သည့် ကျွန်ုပ်တို့၏ကောင်းကွက်ကို တွေ့မြင်တော်၏။ ကိုယ်တော့်အမှုတော်ကိုဆောင်ရွက်စဉ် နောက်ဆုံးတွင် ကျွန်ုပ်တို့သည် စုံလင်သွားသည်အထိ ထိုကောင်းကွက်ကို ကိုယ်တော်ကြီးထွားစေလိမ့်မည်။ စာတန့်လောကသည် ကျွန်ုပ်တို့နှင့် မည်သို့ပင်ဆက်ဆံခဲ့ပါစေ ယေဟောဝါသည် ကိုယ်တော်၏သစ္စာရှိကျေးကျွန်များကို နှစ်သက်ဖွယ်ကောင်းသူများ၊ သို့မဟုတ် အဖိုးထိုက်သူများအဖြစ် တန်ဖိုးထားတော်မူ၏။—ဟဂ္ဂဲ ၂:၇။
မေတ္တာတော်ကို ယေဟောဝါတက်ကြွစွာဖော်ပြ
၁၆။ ကျွန်ုပ်တို့ကို ယေဟောဝါချစ်ကြောင်း အကြီးမြတ်ဆုံးသက်သေကား အဘယ်နည်း၊ ဤဆုကျေးဇူးသည် ကျွန်ုပ်တို့တစ်ဦးချင်းစီအတွက် ဖြစ်ကြောင်း မည်သို့သိရသနည်း။
၁၆ စတုတ္ထအနေဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့အပေါ်မေတ္တာရှိကြောင်း သက်သေထူရန် များစွာလုပ်ဆောင်တော်မူ၏။ ကျွန်ုပ်တို့သည် အသုံးမကျ၊ ချစ်ဖွယ်ရာမဟုတ်ဟူသည့် စာတန်ပြောသော မုသာစကားအား ခရစ်တော်၏ ရွေးဖိုးပူဇော်သကာသည် အထိရောက်ဆုံးသော အဖြေဖြစ်သည်။ ခရစ်တော်သည် နှက်တိုင်ပေါ်တွင် မချိမဆံ့ခံစား၍ သေဆုံးရခြင်းနှင့် မိမိချစ်မြတ်နိုးရသောသားတော် သေဆုံးခြင်းကို ကြည့်မြင်နေရာတွင် ယေဟောဝါခံစားခဲ့ရသည့် သာ၍ပင် ပြင်းထန်သောဝေဒနာတို့က ကိုယ်တော်တို့နှစ်ပါး ကျွန်ုပ်တို့ကို မည်မျှချစ်ကြောင်း သက်သေထူသည်ကို ဘယ်တော့မျှမမေ့သင့်ချေ။ ဝမ်းနည်းစရာကား ဤဆုကျေးဇူးသည် မိမိတို့တစ်ဦးချင်းစီအတွက်ဖြစ်နိုင်ကြောင်းကို လူအများ လက်ခံရန် အခက်တွေ့ကြခြင်းဖြစ်သည်။ သူတို့သည် မထိုက်မတန်ပါဟု ခံစားကြရ၏။ သို့သော် တမန်တော်ပေါလုသည် ခရစ်တော်၏နောက်လိုက်များကို နှိပ်စက်ညှဉ်းပန်းခဲ့သူတစ်ဦးဖြစ်ကြောင်း သတိရပါ။ သို့တိုင် သူဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏ . . . သားတော်သည် ငါ့ကိုချစ်၍ ငါ့အဖို့ကိုယ်ကိုကိုယ်စွန့်တော်မူ၏။”—ဂလာတိ ၁:၁၃; ၂:၂၀။
၁၇။ ယေဟောဝါသည် ကိုယ်တော်တိုင်ထံသို့နှင့် ကိုယ်တော်၏သားတော်ထံသို့ ကျွန်ုပ်တို့ကို အဘယ်နည်းဖြင့် ဆွဲဆောင်တော်မူသနည်း။
၁၇ ခရစ်တော်၏ပူဇော်သကာ အကျိုးကျေးဇူးများကို အခွင့်အရေးယူရန် ကျွန်ုပ်တို့တစ်ဦးချင်းစီကို ကူညီပေးခြင်းအားဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့ကိုချစ်ကြောင်း သက်သေထူ၏။ ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။” (ယောဟန် ၆:၄၄) မှန်ပါ၏၊ ယေဟောဝါကိုယ်တော်တိုင်သည် ကိုယ်တော်၏သားတော်ထံသို့နှင့် ထာဝရအသက်မျှော်လင့်ချက်ရရှိစေဖို့ ကျွန်ုပ်တို့ကို ကိုယ်တိုင်ကိုယ်ကျ ဆွဲဆောင်တော်မူ၏။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့တစ်ဦးချင်းစီထံသို့ ရောက်ရှိသော ဟောပြောခြင်းလုပ်ငန်းအားဖြင့်ဖြစ်သည်၊ ကျွန်ုပ်တို့တွင် မစုံလင်မှုများနှင့် ကန့်သတ်ချက်များရှိလျက်နှင့် ဝိညာဉ်ရေးရာအမှန်တရားကို ကျွန်ုပ်တို့သိနားလည်ပြီး လက်တွေ့ကျင့်သုံးနိုင်စေရန် ယေဟောဝါအသုံးပြုသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်သည်။ သို့ဖြစ်၍ ဣသရေလလူမျိုးနှင့်ပတ်သက်၍ ယေဟောဝါက “အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထို့ကြောင့် ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏” ဟုမိန့်ဆိုသကဲ့သို့ ကျွန်ုပ်တို့နှင့်ပတ်သက်၍လည်း မိန့်ဆိုနိုင်သည်။—ယေရမိ ၃၁:၃။
၁၈၊ ၁၉။ (က) ကျွန်ုပ်တို့ကို ယေဟောဝါချစ်ကြောင်း အရင်းနှီးဆုံးတင်ပြသောနည်းကား အဘယ်နည်း၊ ဤကိစ္စကို ကိုယ်တော်တိုင်ကိုင်တွယ်ကြောင်း အဘယ်အရာက ဖော်ပြသနည်း။ (ခ) ယေဟောဝါသည် စာနာမှုရှိရှိ နားညောင်းတော်မူသောအရှင်ဖြစ်ကြောင်း သမ္မာကျမ်းစာက မည်သို့စိတ်ချစေသနည်း။
၁၈ ယေဟောဝါ၏မေတ္တာတော်ကို ကျွန်ုပ်တို့အရင်းနှီးဆုံးနည်းဖြင့် ခံစားရသည်မှာ ဆုတောင်းခြင်းအခွင့်ထူးအားဖြင့် ဖြစ်ပေမည်။ ဘုရားသခင်ကို “မခြားမလပ်ဆုတောင်း” ကြရန် သမ္မာကျမ်းစာကဖိတ်ခေါ်သည်။ (၁ သက်သာလောနိတ် ၅:၁၇) ကိုယ်တော်နားညောင်းတော်မူ၏။ ဆုတောင်းခြင်းကို ‘နားထောင်တော်မူသောဘုရားသခင်’ ဟုပင် ကိုယ်တော်အားခေါ်ဆို၏။ (ဆာလံ ၆၅:၂) ဤရာထူးကို အခြားမည်သူ့ကိုမျှ ကိုယ်တော် မလွှဲအပ်ပါ၊ သားတော်ရင်းကိုပင် မလွှဲအပ်ချေ။ စဉ်းစားကြည့်ပါလေ– စကြဝဠာဖန်ဆင်းရှင်က ကိုယ်တော်ထံ လွတ်လပ်စွာ စကားပြောဆို ချဉ်းကပ်ဆုတောင်းရန် တိုက်တွန်းတော်မူ၏။ ကိုယ်တော်သည် မည်သို့သောနားထောင်သူဖြစ်သနည်း။ အေးစက်စက်၊ မထုံတက်သေး၊ စာနာစိတ်ကင်းမဲ့စွာဖြင့်လော။ လုံးဝမဟုတ်ပါ။
၁၉ ယေဟောဝါသည် ကိုယ်ချင်းစာနာတတ်သည်။ စာနာခြင်းဟူသည် အဘယ်နည်း။ သစ္စာရှိသက်ကြီးရွယ်အို ခရစ်ယာန်တစ်ဦးက ဤသို့ဆိုသည်– “စာနာမှုဆိုတာ ကျွန်တော့်ရဲ့နှလုံးထဲမှာ သင့်ရဲ့နာကျင်မှုကို ခံစားရခြင်းဖြစ်တယ်။” ကျွန်ုပ်တို့၏နာကျင်မှုကို ယေဟောဝါ အမှန်တကယ်ခံစားရသလော။ ကိုယ်တော့်ဣသရေလလူမျိုးတော်၏ ဆင်းရဲဒုက္ခများအကြောင်း ဤသို့ဖတ်ရသည်– “သူတို့ခံရသမျှဒုက္ခကို ကိုယ်တိုင်ခံရာ ရောက်တော်မူ” ၏။ (ဟေရှာယ ၆၃:၉၊ သမ) ယေဟောဝါသည် သူတို့ပြဿနာများကို တွေ့မြင်ရုံမက လူမျိုးတော်အတွက် ကိုယ်တိုင်ခံစားရ၏။ ကိုယ်တော်မည်မျှခံစားရကြောင်း ကျေးကျွန်များကို မိန့်ဆိုခဲ့သည့် ကိုယ်တော်တိုင်၏စကားက ဤသို့ဖော်ပြသည်– “သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။”b (ဇာခရိ ၂:၈) တကယ်နာကျင်လိုက်မည်ဖြစ်ခြင်း! မှန်ပါသည်၊ ကျွန်ုပ်တို့ကို ယေဟောဝါစာနာတော်မူ၏။ ကျွန်ုပ်တို့နာကျင်သောအခါ ကိုယ်တော်လည်း နာကျင်တော်မူ၏။
၂၀။ ရောမ ၁၂:၃ ပါဆုံးမစကားကို ကျွန်ုပ်တို့လိုက်နာလိုကြမည်ဆိုလျှင် အဘယ်မျှတမှုမရှိသောအတွေးကို ရှောင်ကြဉ်ကြရမည်နည်း။
၂၀ မျှတသောအမြင်ရှိ မည်သည့်ခရစ်ယာန်မျှ မိမိတို့အပေါ် ဘုရားသခင်၏မေတ္တာနှင့် တန်ဖိုးထားလေးမြတ်မှုဆိုင်ရာ ထိုသက်သေသာဓကကို အခွင့်အရေးယူပြီး မာနကြီးမည်မဟုတ်၊ ကိုယ်ကိုယ်ကိုအထင်ကြီးလွန်းမည်မဟုတ်ချေ။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက် လွန်၍မထင်ဘဲ ဘုရားသခင်သည် လူအသီးသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည်အကြောင်း ငါသည် ကိုယ်ခံရသောကျေးဇူးတော်ကို အမှီပြုလျက် သင်တို့တွင် ရှိသမျှသောသူတို့ကို မှာထား၏။” (ရောမ ၁၂:၃) အခြားဘာသာပြန်ကျမ်းတစ်ခုက ဤသို့ဆိုသည်– “သင်တို့သည် မိမိ၏အမှန်တကယ်တန်ဖိုးထက်ပို၍ မိမိတို့ကိုယ်ကို မခန့်မှန်းကြဘဲ အရှိအတိုင်း ကိုယ့်ကိုကိုယ်အကဲဖြတ်ကြမည်အကြောင်း သင်တို့အပေါင်းတို့အား ငါမှာကြားလိုပါ၏။” (ချားလ်စ် ဘီ၊ ဝီလျမ်စ် ရေးသားသည့် လူတို့၏ဘာသာစကားဖြင့် ဘာသာပြန်ကျမ်း) ထို့ကြောင့် ကောင်းကင်ခမည်းတော်၏ မေတ္တာတော်အရိပ်ကို ကျွန်ုပ်တို့ခိုလှုံနေကြစဉ် သမ္မာသတိရှိပြီး ကိုယ်တော့်မေတ္တာကို မခံစားထိုက်ကြောင်း သတိရကြပါစို့။—လုကာ ၁၇:၁၀။
၂၁။ စာတန်၏အဘယ်လိမ်ညာမှုများကို ကျွန်ုပ်တို့အမြဲခုခံသွားရမည်နည်း၊ ကျမ်းဆိုင်ရာအဘယ်အမှန်တရားဖြင့် ဆက်အားယူနိုင်သနည်း။
၂၁ ကျွန်ုပ်တို့သည် တန်ဖိုးမရှိ၊ ချစ်ဖွယ်မကောင်းသူများဖြစ်သည်ဟူသော လိမ်ညာမှုအပါအဝင် စာတန်၏မုသာရှိရှိသမျှကို ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနှင့် အတတ်နိုင်ဆုံး ငြင်းပယ်ကြပါစို့။ ဘုရားသခင်၏ကြီးမားသောမေတ္တာတော်ပင် မဖြေရှင်းပေးနိုင်လောက်သည့် အလွန်စိတ်ပျက်စရာ အဆီးအတားကြီးတစ်ခုအဖြစ် သင့်ကိုယ်သင်မြင်ရန်၊ သို့မဟုတ် အရာခပ်သိမ်းကိုမြင်နိုင်သော ဘုရားသခင့်မျက်စိတော်ပင် မမြင်နိုင်လောက်အောင် သင်ပြုခဲ့သောကောင်းမှုသည် အလွန်မထင်မရှားဖြစ်၏ဟု အထင်ရှိရန်၊ သို့မဟုတ် ဘုရားသခင်နှစ်နှစ်ကာကာချစ်သော သားတော်၏သေခြင်းကပင် မဖုံးအုပ်ပေးနိုင်လောက်အောင် သင့်အပြစ် ကြီးမားသည်ဟုအထင်ရှိရန် သင့်ဘဝအတွေ့အကြုံတို့က သင့်ကိုသွန်သင်လျှင် သင်သည် မုသားကိုသွန်သင်ခံခဲ့ရပြီ။ ဤကဲ့သို့သောမုသားစကားများကို နှလုံးသားရှိသမျှဖြင့် ငြင်းပယ်ပါလေ! ပေါလု၏မှုတ်သွင်းခံစကားများပါ ဤအမှန်တရားဖြင့် ဆက်အားယူကြပါစို့– “သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည် သဘောကျလျက်ရှိ၏။”—ရောမ ၈:၃၈၊ ၃၉။
a သမ္မာကျမ်းစာက ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ယေဟောဝါ၏အမှတ်သညာနှင့် ထပ်ခါတလဲ ဆက်စပ်ဖော်ပြထားသည်။ သစ္စာရှိယောဘက ယေဟောဝါအား ဤသို့ဆိုသည်– “အကျွန်ုပ်ကိုအောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။” (ယောဘ ၁၄:၁၃) “[“အောက်မေ့ရာ၊” ကဘ] သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့” ၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ယေရှုလည်းပြောပြခဲ့၏။ ယင်းသည် ဆီလျော်ပေသည်၊ အကြောင်းမှာ ယေဟောဝါ ရှင်ပြန်ထမြောက်စေလိုသူတို့ကို ကိုယ်တော်အပြည့်အဝ မှတ်မိတော်မူ၏။—ယောဟန် ၅:၂၈၊ ၂၉။
b ဘာသာပြန်ကျမ်းတချို့က ဘုရားသခင့်လူမျိုးတော်ကိုထိပါးသူသည် ဘုရားသခင်၏မျက်စိတော်မဟုတ် မိမိကိုယ်တိုင်၏မျက်စိ သို့မဟုတ် ဣသရေလလူမျိုး၏မျက်စိကို ထိပါးသည်ဟု ပြန်ဆိုကြသည်။ ကျမ်းပြုဆရာအချို့က ထိုစာပိုဒ်သည် ရိုသေလေးမြတ်မှုကင်းမဲ့၏ဟု ယူမှတ်ကာ ပြုပြင်ခဲ့ခြင်းကြောင့် ဤမှားယွင်းမှုဖြစ်ပေါ်ခဲ့သည်။ သူတို့၏ တလွဲအားထုတ်မှုက ယေဟောဝါကိုယ်တော်တိုင်၏ စာနာမှု မည်မျှပြင်းပြကြောင်း မထင်မရှားဖြစ်စေသည်။