ဘုရားသခင့်ကရုဏာတော် ကို အမြင်မှန်ရှိပါ
ဆရာဝန်သည် ကြင်နာပြီး အလွန်ဂရုစိုက်တတ်သည်။ သူ၏အကောင်းဆုံးသောဆုံးဖြတ်ချက်အရ သူ၏လူနာသည် အသက်ကယ်ဆယ်ခံရရန် ခွဲစိတ်မှုတစ်ခုကိုအလွန်အမင်းလိုအပ်နေသည်။ သူမက ဆိုင်းငံ့ပြီး သွေးသွင်းခြင်းနှင့်ပတ်သက်သည့်ပြဿနာကို တင်ပြလာရာ သူအံ့သြသွားခဲ့ရသည်။ သူမ၏ဘာသာရေးအကြောင်းများကြောင့် သွေးသွင်းခြင်းပါဝင်သောခွဲစိတ်ကုသမှုကို လက်မခံနိုင်ကြောင်း သူမရှင်းပြသောအခါ သူမှင်တက်မိသွားသည်။ သူမအားကူညီနိုင်ရန်နည်းလမ်းကို သူအပူတပြင်းစဉ်းစားတော့သည်။ နောက်ဆုံးတွင် အဖြေတစ်ခုရသည်ဟုသူထင်မှတ်လိုက်သည်။ သူက “ဒီမှာ၊ သွေးသွင်းတာကိုလက်မခံရင် ခင်ဗျားသေလိမ့်မယ်။ ခင်ဗျားမသေချင်ဘူးမဟုတ်လား” ဟုပြောသည်။
“မသေချင်ပါဘူး” ဟုလူနာကပြန်ဖြေသည်။
“ဒါပေမဲ့ သွေးကိုခင်ဗျားလက်ခံလိုက်ရင် ခင်ဗျားရဲ့ဘာသာရေးယုံကြည်ချက်ကို ချိုးဖောက်ရာရောက်မယ်။ အဲဒါလည်း ခင်ဗျားအတွက်အရေးကြီးတယ်။ အဲ၊ ကျွန်တော်ဒီလိုအကြံပေးချင်တယ်။ သွေးကိုလက်ခံပြီး ခင်ဗျားအသက်ကိုကယ်လိုက်ပေါ့။ ပြီးမှ ခင်ဗျားအပြစ်လုပ်မိပြီဆိုတာ ဘုရားဆီမှာဝန်ခံပြီးနောင်တယူပေါ့။ အဲဒီလိုဆိုရင် ခင်ဗျားရဲ့ဘာသာကလည်း ခင်ဗျားကိုဆက် လက်ခံမယ်။”
စေတနာကောင်းသောဆရာဝန်သည် တိကျမှန်ကန်သည့်အဖြေကိုမိမိတွေ့ပြီဟု ထင်မှတ်ခဲ့သည်။ သူ၏လူနာသည် ကရုဏာရှင်ဘုရားတစ်ပါးကိုယုံကြည်ကြောင်း သူသတိထားမိသည်။ ဤအချိန်သည် ဘုရားသခင့်ကရုဏာတော်မှ အကျိုးအမြတ်ရယူရမည့်အခွင့်အခါကောင်းဖြစ်သည်မှာ သေချာသည်! သို့သော် သူ့အကြံပြုချက်သည် ဆိုသလောက်ကျိုးကြောင်းညီညွတ်မှုရှိပါသလော။
ကျွန်ုပ်တို့ ထိုသို့စဉ်းစားဖူးသလော
တစ်ခါတစ်ရံ ဆရာဝန်စဉ်းစားသည့်နည်းအတိုင်း ကျွန်ုပ်တို့စဉ်းစားမိပေမည်။ ကျွန်ုပ်တို့သည် ကျောင်းတွင် သို့မဟုတ် အလုပ်တွင် မမျှော်လင့်သောဆန့်ကျင်မှုကို ကြောက်လန့်နေကောင်းကြောက်လန့်နေမည်။ သို့မဟုတ် ကျွန်ုပ်တို့၏သြတ္တပ္ပစိတ်ကိုဆန့်ကျင်သည့်အရာတစ်စုံတစ်ခုကို ပြုရန် ဖိစီးခံရသောအခါ ကျွန်ုပ်တို့ဘာလုပ်ရမှန်းမသိဖြစ်နေပေမည်။ ရုတ်တရက်ဆိုလျှင် လမ်းလွယ်လိုက်ရန်စိတ်ညွှတ်ကာ မှားသည်ဟုကျွန်ုပ်တို့သိထားသည့်အရာကိုလုပ်ပြီး နောက်မှခွင့်လွှတ်ခြင်းကိုတောင်းခံရန် ရည်ရွယ်တတ်သည်။
သို့မဟုတ် တစ်ဦးစီသည် မိမိတို့၏မှားယွင်းသောသဘောများသို့လိုက်ပါရန် သွေးဆောင်ခံရတတ်သည်။ ဥပမာ၊ လူငယ်တစ်ဦးသည် အကျင့်စာရိတ္တဖောက်ပြန်မှုကိုကျူးလွန်ရန် ပြင်းထန်စွာသွေးဆောင်ခံရသည့်အခြေအနေတွင် ရောက်နေမည်။ မှားယွင်းသည့်ဆန္ဒကိုတိုက်လှန်မည့်အစား အရှုံးပေးလိုက်ပြီး နောက်မှ ဘုရားနှင့်ကြည့်ရှင်းမည်ဟုရည်ရွယ်သည်။ အချို့တို့သည် ခရစ်ယာန်အသင်းတော်မှနှင်ထုတ်ခံရနိုင်သည်ကို သိလျက်နှင့်ပင် ဤကဲ့သို့ကြီးလေးသောအပြစ်များကို ကျူးလွန်ခဲ့ကြသည်။ သူတို့က “ခဏလောက်ငါအချိန်ကုန်ခံလိုက်မယ်။ နောက် နောင်တယူပြီး ပြန်ဝင်မယ်” ဟု သာမန်ကာလျှံကာစဉ်းစားခဲ့ကြသည်။
ဤအခြေအနေအားလုံးတို့တွင် ဖြစ်လေ့ရှိသည့်အရာနှစ်ခုရှိသည်။ ပထမတစ်ခုမှာ လူတို့သည် မှန်ရာကိုတိုက်လှန်မည့်အစား အလျှော့ပေးခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ သူတို့အမှားပြုပြီးနောက် သူတို့တောင်းဆိုရုံနှင့် ဘုရားသခင်ကသူတို့အား ခွင့်လွှတ်ပြီးသားဖြစ်မည်ဟုယူမှတ်ကြခြင်းဖြစ်သည်။
မှန်ကန်သောအမြင်ကားအဘယ်နည်း
ယင်းက ဘုရားသခင့်ကရုဏာတော်ကို တော်လျော်သည့်နည်းဖြင့်လေးမြတ်ကြောင်း တင်ပြရာရောက်သလော။ ထိုကရုဏာတော်အကြောင်း ခေတ္တစဉ်းစားကြည့်ပါ။ ယေရှုက “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟူမိန့်တော်မူခဲ့သည်။ (ယောဟန် ၃:၁၆) တမန်တော်ယောဟန်က ထိုကရုဏာတော်မည်သို့အကျိုးသက်ရောက်ကြောင်း ဤသို့ရှင်းပြခဲ့သည်– “သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အားငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင် ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။” (၁ ယောဟန် ၂:၁) ထို့ကြောင့် ကျွန်ုပ်တို့သည် မစုံလင်မှုကြောင့်အပြစ်ပြုမိလျှင် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ထံသို့ချဉ်းကပ်ပြီး ယေရှု၏ပူဇော်သက္ကာကိုအမှီပြုကာ ခွင့်လွှတ်မှုကိုတောင်းခံနိုင်သည်။
သို့သော် နောက်မှခွင့်လွှတ်မှုကိုတောင်းခံနေသရွေ့ ကျွန်ုပ်တို့အပြစ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အရေးမကြီးဟုဆိုလိုပါသလော။ လုံးဝမဆိုလိုပါ။ အထက်ပါကိုးကားချက်၏ ပထမပိုင်းကိုသတိရပါ–“သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အားငါရေး၍ပေးလိုက်၏။” ထိုအခန်းငယ်ပါ ယောဟန်၏နောက်ထပ်စကားများက ကျွန်ုပ်တို့၏မစုံလင်မှုနှင့်ဆက်ဆံရာတွင် ယေဟောဝါ၏မေတ္တာပါသောအစီအစဉ်ကို တင်ပြထားသည်။ မည်သို့ဆိုစေ အပြစ်ပြုခြင်းကိုရှောင်နိုင်ရန် ကျွန်ုပ်တို့အတတ်နိုင်ဆုံး ပြင်းပြင်းထန်ထန်ကြိုးစားကြရမည်။ သို့မဟုတ်ပါက အကျင့်ယိုယွင်းရန်အတွက် ကင်းလွတ်ခွင့်အဖြစ် ဘုရားသခင့်မခံစားထိုက်သောကရုဏာတော်ကို အသုံးပြုသည်ဟု ယုဒဖော်ပြသောလူများကဲ့သို့ ဝမ်းနည်းဖွယ်ကောင်းစွာဖြင့် ဘုရားသခင့်မေတ္တာတော်ကို မလေးစားကြောင်း ကျွန်ုပ်တို့တင်ပြရရောက်သည်။—ယုဒ ၄။
ကျွန်ုပ်တို့ဘာလုပ်လုပ် ဘုရားသခင့်ကရုဏာတော်ကို အောက်တွင်ခံထားပေးသည့်အသက်ကယ်ပိုက်ကဲ့သို့ ရှုမြင်လျှင် ကိုယ်တော့်ကရုဏာတော်ကိုအပေါစားဖြစ်စေပြီး အပြစ်သည်ဆိုသလောက်မဆိုးပါဟုထင်ရစေသည်။ ယင်းက လုံးဝမှားသည်။ တမန်တော်ပေါလုက တိတုကိုဤသို့ပြောခဲ့သည်– “လူမျိုးအားလုံးတို့ထံကယ်တင်ခြင်းယူဆောင်ပေးသော ဘုရားသခင့်ချစ်ခင်ကြင်နာမှုသည် ထင်ရှားခဲ့ပြီး၊ ဤလက်ရှိအစီအစဉ်စနစ်၏အလယ်တွင် ဘုရားတရားမဲ့ခြင်းနှင့်လောကီတပ်မက်ခြင်းတို့ကို ငြင်းပယ်၍ သမာသတိရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းများအားဖြင့်နေထိုင်ရန် ငါတို့အားညွှန်ကြားသည်။”—တိတု ၂:၁၁၊ ၁၂၊ ကဘ။
ပေါလုသည် မိမိ၏မစုံလင်မှုကိုတွန်းလှန်ရာ၌ ဘုရားသခင့်ကရုဏာတော်ကိုလေးမြတ်ကြောင်း တင်ပြခဲ့သည်။ သူက “သူတစ်ပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည့်အကြောင်း ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏” ဟုပြောခဲ့သည်။ (၁ ကောရိန္သု ၉:၂၇) ပေါလုသည် အခါအားလျှော်စွာ အပြစ်၏ချုပ်နှောင်မှုအောက်ရောက်သွားရသည့်အဖြစ်ကို အခွင့်အရေးယူအကြောင်းပြခြင်းမရှိခဲ့ပါ။ ကျွန်ုပ်တို့ထိုသို့ပြုသင့်သလော။
ယေရှု၏အမြင်
မှန်ရာလုပ်ခြင်းကိုအလျှော့ပေးလိုက်ပြီး ဆင်းရဲဒုက္ခကိုရှောင်နိုင်ရန်အလို့ငှာ သာ၍လွယ်ကူသည့်လမ်းစဉ်လိုက်ခြင်းကို မိမိမည်သို့ရှုမြင်ကြောင်း အဖြစ်အပျက်တစ်ခုတွင်ယေရှုတင်ပြခဲ့သည်။ ပူဇော်သက္ကာအဖြစ်မိမိအသေခံရမည့်အကြောင်းကို တပည့်တော်များအားစပြောလာသောအခါ ပေတရုက ကိုယ်တော်အား ယင်းသို့မပြုရန်ဖျောင်းဖျသည့်အနေနှင့် ဤသို့ပြောခဲ့သည်– “ကိုယ့်ကိုယ်ကိုသနားပါ၊ သခင်; ကိုယ်တော်ဤသို့လုံးဝမဖြစ်ရပါ။” ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း။ “အချင်းစာတန်ငါ့နောက်သို့ဆုတ်လော့! အသင်သည် ငါတိုက်မိ၍လဲစရာအကြောင်းဖြစ်၏၊ အသင်သည် ဘုရားသခင့်အကြံအစည်များကို မစဉ်းစား၊ လူသားတို့၏အကြံအစည်များကိုသာ စဉ်းစားတတ်၏ဟုမိန့်တော်မူ၏။”—မဿဲ ၁၆:၂၂၊ ၂၃၊ ကဘ။
ပေတရုအားပြင်းထန်စွာဆုံးမခြင်းက ဘုရားသခင့်အလိုတော်ဆန့်ကျင်ခြင်းပါဝင်သည့် လွယ်ကူသောလမ်းစဉ်ကို ယေရှုငြင်းပယ်ကြောင်း အာရုံစူးစိုက်ဖွယ်တင်ပြခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်သည် မှန်ကန်သည့်လမ်းစဉ်ကို ချီတုံချတုံမဖြစ်ဘဲလိုက်လျှောက်ခဲ့ပြီး စာတန်၏လက်ထဲတွင် ဆက်တိုက်သောကမွှေနှောက်မှုခံခဲ့ရကြောင်း မှတ်တမ်းကဖော်ပြသည်။ အဆုံးတွင် ကိုယ်တော်သည် ကဲ့ရဲ့ခြင်း၊ ပြင်းထန်စွာရိုက်နှက်ခြင်းခံရပြီး ပြင်းထန်သည့်ဝေဒနာဖြင့်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ သို့သော် ကိုယ်တော်အလျှော့မပေးခဲ့ပါ။ ယင်းကြောင့် မိမိ၏အသက်တာကို ကျွန်ုပ်တို့အတွက်ရွေးဖိုးအဖြစ် ကိုယ်တော်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အခက်အခဲ သို့မဟုတ် စုံစမ်းခြင်းများပေါ်ပေါက်လာသောအခါ ကျွန်ုပ်တို့သည် ‘ကိုယ့်ကိုယ်ကိုသနား’ နိုင်ရန်အတွက် ထိုအရာအားလုံးကို ကိုယ်တော်ခံရပ်ခဲ့ခြင်းမဟုတ်သည်မှာ သေချာသည်။
ယေရှုနှင့်ပတ်သက်၍ ဤသို့ပြောဆိုထားသည်–“ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍ မတရားသောအမှုကို မုန်းတော်မူ၏။” (ဟေဗြဲ ၁:၉) သက်သောင့်သက်သာရှိသည့်လမ်းစဉ်ကိုလိုက်ခြင်းတွင် မတရားမှုပါဝင်ပတ်သက်လေ့ရှိသည်။ ထို့ကြောင့် ယင်းကိုကျွန်ုပ်တို့အမှန်မုန်းလျှင်—ယေရှုပြုသကဲ့သို့—ကျွန်ုပ်တို့သည် အလျှော့ပေးခြင်းကို အမြဲငြင်းဆန်မည်။ နယပုံပြင်ကျမ်းစာစောင်တွင် ယေဟောဝါဤသို့ပြောသည်– “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကိုငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။” (သု. ၂၇:၁၁) ယေရှု၏ မျှတသော်လည်းအလျှော့မပေးသည့်ဖြောင့်မတ်မှုသည် ယေဟောဝါ၏နှလုံးတော်ကို ကြီးမားစွာရွှင်လန်းစေခဲ့သည်။ ယေရှု၏သမာဓိစောင့်သည့်လမ်းစဉ်ကို ကျွန်ုပ်တို့လိုက်လျှောက်ပါက ယေဟောဝါအား အလားတူပျော်ရွှင်မှုကိုပေးစွမ်းနိုင်ကြမည်။—၁ ပေတရု ၂:၂၃။
သည်းခံခြင်းအားဖြင့်လေ့ကျင့်ခံရ
တမန်တော်ပေတရုဤသို့ရေးခဲ့သည်–“အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း ပျက်စီးတတ်သောရွှေကိုစစ်ကြောစုံစမ်းခြင်းထက် သင်တို့ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည် သာ၍မြတ်သည်နှင့် ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလို့ငှာဖြစ်မည်အကြောင်း အထူးထူးအပြားပြားသောစုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင် သင်တို့သည် ယခုခဏခံရ၍ဝမ်းနည်းသော်လည်း အထက်ကဆိုခဲ့ပြီးသောကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။” (၁ ပေတရု ၁:၆၊ ၇) ကျွန်ုပ်တို့သည် စုံလင်မှုမရှိ၊ စာတန့်လောကတွင်အသက်ရှင်နေကြရသောကြောင့် စမ်းသပ်မှုများနှင့်စုံစမ်းမှုများကို အစဉ်တစိုက်ရင်ဆိုင်သွားကြရမည်သာဖြစ်သည်။ ပေတရုတင်ပြသည့်အတိုင်း ယင်းတို့သည် ကောင်းသောရည်ရွယ်ချက်အတွက်ဖြစ်နိုင်သည်။ ယင်းတို့က ကျွန်ုပ်တို့၏ယုံကြည်ခြင်းအားနည်းသည်၊ သန်စွမ်းသည်ကို စမ်းသပ်သည်။
ယင်းတို့သည် ကျွန်ုပ်တို့အားလေ့ကျင့်ပေးရန်အတွက်လည်း လုပ်ဆောင်သည်။ ယေရှုသည် “ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကိုသင်တော်မူ၏။” (ဟေဗြဲ ၅:၈) ကျွန်ုပ်တို့လည်း စမ်းသပ်မှုခံရသောအခါတွင် ယေဟောဝါကိုအားကိုးခြင်းနှင့်အတူ နာခံမှုကိုသင်ယူနိုင်သည်။ ယင်းသင်ယူမှုအစီအစဉ်သည် ပေတရုပြောသကဲ့သို့ ပြည့်စုံသည်အထိ ဆက်လက်ရှိသွားမည်။ “ဘုရားသခင်သည် . . . ကိုယ်တော်တိုင် သင်တို့၏လေ့ကျင့်မှုကိုပြီးစီးစေမည်၊ သင်တို့အားတည်ကြည်မြဲမြံစေမည်၊ သင်တို့အား သန်စွမ်းစေမည်။”—၁ ပေတရု ၅:၁၀၊ ကဘ။
သို့သော် စမ်းသပ်မှုအောက် ကျွန်ုပ်တို့အလျှော့ပေးလိုက်ပါက ကျွန်ုပ်တို့သည် သတ္တိမရှိ သို့မဟုတ် အားနည်းကြောင်း၊ ယေဟောဝါနှင့်ဖြောင့်မတ်ခြင်းကို အားကြီးစွာချစ်ခြင်းမရှိကြောင်း သို့မဟုတ် ချုပ်တည်းမှုမရှိကြောင်းကို တင်ပြရာရောက်သည်။ ထိုကဲ့သို့သောမည်သည့်အားနည်းမှုမျိုးမဆို ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို အန္တရာယ်ကြီးမားစွာထိခိုက်နိုင်သည်။ ဤကျွန်ုပ်တို့၏ကိစ္စတွင် ပေါလု၏သတိပေးချက်မှန်ကန်သည်–“သမ္မာတရားကိုသိပြီးမှ ကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်လျှင် နောက်တစ်ဖန်အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိ။” (ဟေဗြဲ ၁၀:၂၆) အားနည်းချက်ကိုအရှုံးပေးပြီး အသက်အတွက်မျှော်လင့်ချက်ဆုံးရှုံးရခြင်းထက် အစကတည်းကအပြစ်မလုပ်လျှင် မည်မျှကောင်းလေစွတကား!
ခြွင်းချက်မရှိသောသမာဓိ
ပရောဖက်ဒံယေလအချိန်က ဟေဗြဲသုံးဦးတို့သည် ရုပ်တစ်ခုကိုဝတ်မပြုပါက မီးရှို့သတ်ခံရမည်ဟု ခြိမ်းခြောက်ခံခဲ့ကြရသည်။ သူတို့မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ “ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည် မီးလောင်လျက်ရှိသောမီးဖိုထဲက ကျွန်ုပ်တို့ကိုကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။ ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသောရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟုပြန်လျှောက်ကြ၏။”—ဒံယေလ ၃:၁၇၊ ၁၈။
သူတို့သည် မှန်ရာကိုပြုလိုကြသောကြောင့် ထိုသို့ရပ်တည်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့်အသေခံရမည်ဆိုလျှင်လည်း အသင့်ရှိခဲ့ကြသည်။ ရှင်ပြန်ထမြောက်ခြင်း၌ သူတို့ယုံကြည်စိတ်ချခဲ့ကြသည်။ မည်သို့ဆိုစေ သူတို့အားဘုရားသခင်ကယ်လွှတ်ခဲ့လျှင် သာ၍ကောင်းပေမည်။ သို့သော် သူတို့၏ခိုင်မာသည့်ရပ်တည်မှုသည် ခြွင်းချက်မရှိဖြစ်သည်။ ဘုရားသခင့်ကျေးကျွန်များလည်း ထိုသို့ပင်ဖြစ်သင့်သည်။
ကျွန်ုပ်တို့ခေတ်တွင် အလျှော့ပေးလိုက်လျောရန်ငြင်းဆန်သူအချို့တို့သည် ထောင်ချခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အသေသတ်ခြင်းကိုပင်ခံခဲ့ကြရသည်။ အချို့တို့မူ မှန်ကန်သည့်စည်းမျဉ်းများကိုစွန့်လွှတ်၍ချမ်းသာရခြင်းထက် ဆင်းရဲခြင်းကိုသာ၍နှစ်သက်သောကြောင့် ရုပ်ပစ္စည်းများကို စွန့်လွှတ်ခဲ့ကြသည်။ ဤဆောင်းပါးအစပိုင်းတွင်ဖော်ပြသော ခရစ်ယာန်အမျိုးသမီးဘာဖြစ်ခဲ့သနည်း။ လွဲမှားနေသည့်တိုင် ကြင်နာမှုပါသည့်ဆရာဝန်၏စိတ်သဘောထားကို လေးမြတ်ခဲ့သော်လည်း မိမိ၏ယုံကြည်ခြင်းကို အထိအခိုက်မခံခဲ့ပါ။ ယင်းအစား ယေဟောဝါ၏ပညတ်တော်ကိုလေးစားခြင်းက သူမအား ခွဲစိတ်မှုကိုငြင်းပယ်စေခဲ့သည်။ ဝမ်းသာစရာကား တစ်နည်းနည်းဖြင့်သူမပြန်ကျန်းမာလာပြီး တက်ကြွစွာဖြင့် ဘုရားအမှုတော်ဆက်လက်ဆောင်ရွက်နေသည်။ သို့သော် သူမအခိုင်အမာရပ်တည်ခဲ့စဉ်က ဘာဖြစ်လာမည်ကိုမသိခဲ့သော်လည်း အရာအားလုံးကို ယေဟောဝါ၏လက်တော်၌အပ်ထားရန် သူမအဆင်သင့်ဖြစ်ခဲ့သည်။
ဖိစီးမှုအောက်တွင် သူမအား ဤမျှတည်ကြည်ခိုင်မာစေခဲ့သည့်အရာကား အဘယ်နည်း။ သူမသည် မိမိအစွမ်းသတ္တိဖြင့်ရပ်တည်ရန် မကြိုးစားခဲ့၊ မည်သည့်ဘုရားကျေးကျွန်မျှလည်း ထိုသို့မပြုသင့်ချေ။ “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည့်ကာလ အထူးသဖြင့်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ” ကြောင်းသတိရပါ။ (ဆာလံ ၄၆:၁) အပြစ်ပြုပြီးမှ ဘုရားသခင့်ကရုဏာတော်ကို ပြန်လည်တောင်းခံရမည့်အစား စမ်းသပ်မှုအောက်တွင် ဘုရားသခင့်အကူအညီရယူခြင်းသည် မည်မျှကောင်းလေစွတကား!
မှန်ပါသည်၊ ဘုရားသခင်၏ကြီးမားသောကရုဏာတော်ကို မည်သည့်အခါမျှပေါ့ပေါ့တန်တန်သဘောမထားပါနှင့်။ ယင်းအစား အခက်အခဲများကြားမှပင် မှန်ရာကိုလုပ်လိုသည့်ဆန္ဒမှန်ကို တိုးပွားစေကြစို့။ ယင်းက ဘုရားသခင်နှင့်ကျွန်ုပ်တို့ဆက်ဆံရေးကို ပိုမိုလေးနက်စေပြီး ထာဝရအသက်အတွက်ကျွန်ုပ်တို့လိုအပ်သည့်လေ့ကျင့်မှုကိုပေးကာ ဘုရားသခင့်ကရုဏာတော်ကို တော်လျော်စွာလေးစားကြောင်း တင်ပြရာရောက်သည်။ ပညာရှိသောထိုအကျင့်အကြံမျိုးသည် ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်၏နှလုံးကို ရွှင်လန်းစေမည်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ရှင်ပြန်ထမြောက်ခြင်းကိုလုံးဝယုံကြည်ခြင်းက ဟေဗြဲသုံးဦးတို့အား သမာဓိစောင့်သိနိုင်ရန်အကူအညီပေးခဲ့