ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၂/၁၅ စာ. ၅-၉
  • စိတ်ဓာတ် ကျဆင်းမှုကို အောင်နိုင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဓာတ် ကျဆင်းမှုကို အောင်နိုင်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ခံစားချက်များကိုဖွင့်ထုတ်ပါ
  • သင့်ပကတိတန်ဖိုးကိုအသိအမှတ်ပြုခြင်း
  • အမှားများနှင့်အထင်လွဲမှုများကိုကိုင်တွယ်ခြင်း
  • ခံနိုင်ရည်အစွမ်းတန်ခိုး
  • စိတ်ဓာတ်ကျစရာမရှိသည့်ကမ္ဘာသစ်
  • ငါဘာကြောင့် ဒီလောက်တောင်စိတ်ညှိုးငယ်ရသလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • စိတ်ဓာတ်ကျစရာ များကြားမှ ရွှင်လန်းမှု သင်ရှာတွေ့နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • စိတ်ဓာတ်ကျဆင်းသူများအတွက် နှစ်သိမ့်မှု
    စိတ်ဓာတ်ကျဆင်းသူများအတွက် နှစ်သိမ့်မှု
  • ‘နှစ်သိမ့်ခြင်း၏ ဘုရားသခင်’ ထံမှ ရရှိသော အကူအညီ
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၂/၁၅ စာ. ၅-၉

စိတ်ဓာတ် ကျဆင်းမှုကို အောင်နိုင်ခြင်း

“ကျွန်မမခံမရပ်နိုင်လောက်အောင် ဖိစီးမှုဖြစ်စေတဲ့အရာကတော့ မျှော်လင့်ချက်ကင်းမဲ့တယ်လို့ခံစားနေရခြင်းပဲ။ ယေဟောဝါရဲ့ကျေးကျွန်တစ်ဦးအနေနဲ့ ဒီလိုမဖြစ်သင့်ဘူးလို့ထင်တယ်” ဟု လော်လာဝန်ခံသည်။ ဤဖြစ်နေကျအတွေးချော်မှုသည် စိတ်ဓာတ်ကျနေသည့်ခရစ်ယာန်တစ်ဦးပထမဆုံး အောင်မြင်ရမည့် ရန်သူဖြစ်သည်။ လော်လာဤသို့ဆက်ပြောသည်။ “တစ်ခါကျတော့ လုပ်ခဲ့တာတွေနဲ့ပတ်သက်လို့ပြန်ခံစားနေရတဲ့စိတ်ကိုဖျောက်ပစ်လိုက်ပြီး အကောင်းဖြစ်လာဖို့ကိုအာရုံစူးစိုက်လိုက်တယ်။ စိတ်ဓာတ်ကျဆင်းမှုကိုကျွန်မအောင်နိုင်ခဲ့တယ်။” မှန်ပါသည်။ စိတ်ဓာတ်ကျဆင်းမှုကိုယ်နှိုက်သည် ဘုရားသခင်အပေါ် သင်ပျက်ကွက်သည်ဟုထင်မှတ်ရန်ခိုင်လုံသောအကြောင်းမဟုတ်ပါ။

ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သကဲ့သို့ စိတ်ဓာတ်ကျဆင်းမှုသည် ကိုယ်ကာယနှင့်သက်ဆိုင်သောကြောင့်လည်းဖြစ်နိုင်သည်။ ကာယဖျားနာမှုများစွာနှင့်စိတ်ဓာတ်ကျဆင်းမှုတို့ မည်သို့ဆက်စပ်နေသည်ကို ကြာရှည်စွာလေ့လာပြီးနောက်ပိုင်း ၁၉၁၅ ခုနှစ်တွင် ကင်းမျှော်စင်မဂ္ဂဇင်း၌ဖော်ပြသည်မှာ “ဤသို့စိတ်ဖိစီးမှုခံရခြင်း၊ သို့မဟုတ် အထီးကျန်သည်ဟုခံစားရပြီး စိတ်ဓာတ်ကျဆင်းမှုသည် လူသားအားလုံးအခါအားလျော်စွာခံစားရသည်မှာ သဘာဝပင်ဖြစ်သည်။ ယင်းသည် ကာယကျန်းမာရေးအခြေအနေအပေါ်မူတည်၍ အနည်းနှင့်အများဖြစ်ပေါ်တတ်သည်။” ထို့ကြောင့် စိတ်ဓာတ်ကျဆင်းသည့်သဘောသည် စွဲစွဲမြဲမြဲဖြစ်နေပါက ဆရာဝန်နှင့်ပြသစစ်ဆေးသင့်သည်။ အခြေအနေအလွန်ဆိုးရွားပါက စိတ်ဓာတ်ကျဆင်းမှုဝေဒနာအထူးကုဆရာဝန်နှင့် ကုသသင့်သည်။a

သို့သော် ကာယရေးဆိုင်ရာပြဿနာကြောင့်မဟုတ်သည့်တိုင်၊ ဘုရားသခင်၏ကျေးကျွန်တစ်ဦးသည် ဝမ်းနည်းစရာမရှိတော့၊ သို့မဟုတ် စိတ်ဓာတ်ကျစရာမရှိတော့ဟုမျှော်လင့်ခြင်းသည် ယုတ္တိမတန်ပါ။ သစ္စာရှိသူဟန္နပင်လျှင် “ညှိုးငယ်သောစိတ်နှင့်မျက်ရည်များစွာကျ” ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁:၇၊ ၁၀) နေဟမိလည်း ‘ရက်ပေါင်းများစွာငိုကြွေးမြည်တမ်း’ ခဲ့ပြီး ‘စိတ်ညှိုးငယ်’ ခဲ့သည်။ (နေဟမိ ၁:၄။ ၂:၂) ယောဘသည် မိမိ၏ဘဝကိုရှုတ်ချခဲ့ပြီး သူ့ကိုဘုရားသခင်စွန့်ပစ်ပြီဟုခံစားခဲ့ရသည်။ (ယောဘ ၁၀:၁။ ၂၉:၂၊ ၄၊ ၅) ရှင်ဘုရင်ဒါဝိဒ်က သူသည်စိတ်ပျက်၍နှလုံးကြေကွဲခဲ့ကြောင်းပြောခဲ့သည်။ (ဆာလံ ၁၄၃:၄) တမန်တော်ပေါလုသည် “အတွင်း၌စိုးရိမ်ခြင်း”၊ “အောက်သို့လှဲခံရခြင်း”၊ “ညှဉ်းဆဲခံရခြင်း” တို့အကြောင်းပြောခဲ့သည်။—၂ ကောရိန္သု ၄:၉။ ၇:၅၊ ၆။

ဤသူအားလုံးတို့သည် ဘုရား၏သစ္စာရှိကျေးကျွန်များဖြစ်ကြသော်လည်း အမျိုးမျိုးသောဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများ၊ ဆိုးရွားသောစိတ်ပျက်စရာများတို့သည် တစ်ခါတစ်ရံသူတို့အတွက်ဝမ်းနည်းစရာဖြစ်စေခဲ့သည်။ သို့သော် ဘုရားသခင်သူတို့ကိုစွန့်မပစ်ခဲ့ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကိုရုပ်သိမ်းတော်မမူခဲ့ပါ။ သူတို့ခံစားရသည့်စိတ်ဓာတ်ကျဆင်းမှုသည် ဝိညာဉ်ရေးတွင်သူတို့ပျက်ကွက်မှုကြောင့်မဟုတ်ပါ။ ဒါဝိဒ်စိတ်ဆင်းရဲမှုခံစားရသည့်တစ်ချိန်တွင် “ကိုယ်တော်၏ကျွန်သည်ဝမ်းမြောက်မည်အကြောင်းပြုတော်မူ” ရန်ဆုတောင်းအသနားခံခဲ့သည်။ “ဘေးရောက်သည်ကာလ” တွင်ဒါဝိဒ်ကိုဘုရားသခင်နှစ်သိမ့်မှုပေးခဲ့ပြီး အချိန်မီပြန်လည်ဝမ်းမြောက်နိုင်စေတော်မူခဲ့သည်။ (ဆာလံ ၈၆:၁၊ ၄၊ ၇) ယခုလည်း ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ဤသို့ပင်အကူအညီပေးမည်ဖြစ်သည်။

စိတ်ဓာတ်ကျဆင်းခြင်းကိုယ်နှိုက်သည် ဝိညာဏပျက်ကွက်မှု၊ သို့မဟုတ် စိတ်ပျော့ညံ့ခြင်းသက်သေမဟုတ်သောကြောင့် ယင်းသို့ခံစားနေရသောခရစ်ယာန်တစ်ဦးသည် ဤအကြပ်အတည်းကိုမျိုသိပ်မထားသင့်ပါ။ ယင်းအစား ဤဝေဒနာကိုအောင်နိုင်ရန်အရေးကြီးသောခြေလှမ်းများကို တက်လှမ်းသင့်သည်။ ယင်းခြေလှမ်းများကားအဘယ်နည်း။

သင့်ခံစားချက်များကိုဖွင့်ထုတ်ပါ

တစ်ဦးတစ်ယောက်ကိုပြောပြသင့်သည်။ သု၊ ၁၂:၂၅ က “ဝမ်းနည်းခြင်းအကြောင်းသည်ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကားရွှင်လန်းစေတတ်၏” ဟုဖော်ပြထားသည်။ ဖွင့်ပြောဆိုခြင်းမပြုဘဲ သင့်စိတ်ထဲတွင်ရှိသည့်ဝမ်းနည်းမှုအတိုင်းအတာကို အခြားသူတစ်ယောက်မသိနိုင်ပါ။ သင့်ကိုအကူအညီပေးနိုင်သောကိုယ်ချင်းစာနာတတ်သူနှင့် နှစ်ကိုယ်ကြားပြောဆိုပါက၊ အခြားသူများလည်း အလားတူခံစားချက်နှင့်ပြဿနာများရှိကြောင်း သင်သိနိုင်သည်။ ခံစားချက်ကို စကားအဖြစ်ဖွင့်ပြောဆိုလိုက်ခြင်းသည်လည်း ကုသနည်းတစ်ခုဖြစ်သည်။ အကြောင်းမှာ နာကြည်းသည့်ခံစားချက်များကိုသိုမှီးထားမည့်အစား နှလုံးသားမှဖွင့်အံစေခြင်းအားဖြင့် သက်သာမှုရစေသည်။ ထို့ကြောင့် စိတ်ဓာတ်ကျဆင်းသူသည် မိမိ၏အိမ်ထောင်ဖက်၊ မိဘ၊ သို့မဟုတ် ကြင်နာမှုရှိပြီးဝိညာဏအရည်အချင်းပြည့်မီသောမိတ်ဆွေနှင့်ဆွေးနွေးပြောဆိုပါ။—ဂလာတိ ၆:၁။

(ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သော) မာရီ၏ပြဿနာအစိတ်အပိုင်းတစ်ခုမှာ စိတ်ဒုက္ခကိုသိုမှီးထားသောကြောင့် စိတ်ဓာတ်ကျဆင်းရခြင်းဖြစ်သည်။ “နှစ်ပေါင်းများစွာကျွန်မဟန်ဆောင်နေခဲ့တယ်။” “ကျွန်မကိုယ်ကိုတန်ဖိုးမရှိတော့ဘူးလို့ခံစားနေရတဲ့ဒုက္ခကို တခြားလူတွေလုံးဝသိခဲ့မှာမဟုတ်ဘူး” ဟုမာရီပြောသည်။ သို့သော် အသင်းတော်အကြီးအကဲတစ်ဦးအား မာရီရင်ဖွင့်လိုက်သည်။ အကြီးအကဲက ပိုင်းခြားဝေဖန်စေသည့်မေးခွန်းများဖြင့် သူမ၏ဝန်ပိနေသောပူပင်သောကများကိုပယ်ရှားပေးပြီး မိမိကိုယ်ကိုကောင်းစွာနားလည်ရန်အကူအညီပေးခဲ့သည်။ (သု၊ ၂၀:၅) အကြီးအကဲ၏ကျမ်းအခြေပြုသြဝါဒက သူမကိုပြန်လည်စိတ်ချမှုပေးသည်။ “ကျွန်မရဲ့စိတ်ဓာတ်ကျဆင်းမှုနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ်အကူအညီရရှိခြင်းပါပဲ” ဟုသူမရှင်းပြသည်။

နားလည်မှုရှိသော အကြီးအကဲနှင့်စကားပြောရခြင်းသည် ‘ခြောက်သွေ့သောမြေနှင့်တူသောဝိညာဉ်’ အတွက် ဝိညာဏလန်းဆန်းမှု ‘ရေ’ ကိုရရှိနိုင်သည်။ (ဟေရှာယ ၃၂:၁၊ ၂။ ဆာလံ ၁၄၃:၆) စဉ်းစားဆင်ခြင်တတ်သော ဝိညာဉ်ရေးရာအကြံပေးသူသည် မျှော်လင့်ချက်မဲ့နေသည်ဟုထင်ရသော အခြေအနေကိုရင်ဆိုင်နိုင်ရန် လက်တွေ့ကျကျမည်သို့အဆင့်ဆင့်လုပ်ကိုင်ရမည်ကိုပင် အကူအညီပေးနိုင်သည်။ (သု၊ ၂၄:၆) သို့သော် တစ်ဦးတစ်ယောက်နှင့် ဆွေးနွေးခြင်းထက် ပို၍လိုအပ်ပါသေးသည်။

သင့်ပကတိတန်ဖိုးကိုအသိအမှတ်ပြုခြင်း

ကိုယ့်ကိုယ်ကိုတန်ဖိုးမရှိဟုခံစားရခြင်းသည် စိတ်ဓာတ်ကျဆင်းစေသည့်အကြောင်းကြီးတစ်ခုဖြစ်သည်။ ကလေးဘဝကမပျော်ရွှင်နိုင်သဖြင့် အချို့ခရစ်ယာန်များ မိမိသိက္ခာကိုယုံကြည်စိတ်ချမှုကင်းမဲ့ရခြင်းဖြစ်နိုင်သည်။ သို့သော် ခန္ဓာ၊ စိတ္တ၊ လိင်ကိစ္စတို့တွင် မတော်မလျော်ဖြစ်ခဲ့ပြီး စိတ်ဒဏ်ရာကျန်နေခြင်းကလူတစ်ဦးတန်ဖိုးကိုပြောင်းလဲမသွားစေပါ။ ထို့ကြောင့် ပုဂ္ဂိုလ်တစ်ဦးအဖြစ်သင်၏တန်ဖိုးကို အမြင်မှန်ဖြင့်မြင်တတ်ရန်ကြိုးစားရမည်။ တမန်တော်ပေါလုက “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးအသီးတို့အား ယုံကြည်ခြင်းကိုဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည်အကြောင်း ငါသည်ကိုယ်ခံရသောကျေးဇူးတော်ကို အမှီပြုလျက်၊ သင်တို့တွင်ရှိသမျှသောသူတို့ကို မှာထား၏” (ရောမ ၁၂:၃) ထောင်လွှားခြင်းကိုသတိပြုရမည်ဖြစ်သော်လည်း အခြားတစ်ဖက်စွန်းသို့လည်းမရောက်သင့်ချေ။ ဘုရားသခင်နှင့်ဆက်ဆံရေးရှိသူသည် တန်ဖိုးရှိ၍ ကိုယ်တော်နှစ်လိုသူဖြစ်သည်။ ‘အထူးပိုင်ဆိုင်ရာများ’ ဖြစ်လာရန်လူသားများကို ကိုယ်တော်ရွေးချယ်တော်မူသောကြောင့်ဖြစ်သည်။ အထင်ကရ အခွင့်ထူးကြီးပါတကား။—မာလခိ ၃:၁၇။ ဟဂ္ဂဲ ၂:၈။

တပည့်ဖြစ်စေခြင်းဆိုင်ရာ ခရစ်ယာန်လုပ်ငန်းတွင်ပါဝင်ခြင်းအားဖြင့် “ဘုရားသခင့်လုပ်ဖော်ဆောင်ဖက်” ဖြစ်ရခြင်းကား မည်မျှဂုဏ်ယူဖွယ်ပါတကား။ (၁ ကောရိန္သု ၃:၉။ မဿဲ ၂၈:၁၉၊ ၂၀) ဤလုပ်ငန်းသည် စိတ်ဓာတ်ကျဆင်းသည့်ခရစ်ယာန်တို့အား မိမိတို့တန်ဖိုးကိုနားလည်လာအောင် တည်ဆောက်ပေးသည်ဟုသူတို့သိလာကြသည်။ “ခရစ်ယာန်ဖြစ်လာပြီးတာတောင်တကယ့်ကိုအသုံးမကျသေးဘူးလို့ကျွန်မခံစားရတယ်” ဟုမာရီဝန်ခံပြောဆိုသည်။ သို့သော် ဟောပြောခြင်းလုပ်ငန်းတွင် တစိုက်မတ်မတ်သူမဆက်၍ပါဝင်လာရာ တစ်နေ့တွင် ဦးနှောက်ထိခိုက်ထားသည့်ကျမ်းစာသင်လိုသောအမျိုးသမီးငယ်တစ်ဦးနှင့်တွေ့ကြသည်။ “သူဟာသင်ယူမှုနှေးကွေးတဲ့ အတွက် သူ့အပေါ်စိတ်ရှည်တဲ့သူတစ်ယောက်လိုတယ်။ သူ့ကိုဂရုစိုက်ရလွန်းလို့ ကိုယ့်ကိုယ်နဲ့ တန်ဖိုးမရှိဘူးလို့ခံစားရတဲ့ခံစားချက်တွေကို မေ့သွားတယ်။ ကျွန်မရဲ့အကူအညီကိုသူလိုအပ်တယ်။ ယေဟောဝါပေးတဲ့ခွန်အားနဲ့ အဲဒီအကူအညီကိုကျွန်မပေးနိုင်တယ်ဆိုတာသဘောပေါက်လာတယ်” ဟုမာရီပြောပြသည်။ “သူတစ်ပါးကိုရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်” ဟူသောကျမ်းစကားမှန်လိုက်လေခြင်း။—သု၊ ၁၁:၂၅။

“သန့်ရှင်းရေး၊ ချက်ပြုတ်ရေး၊ ဧည့်ဝတ်ကျေပွန်ရေးတွေအတွက် ကျွန်မဘယ်လောက်ပဲကြိုးစား၊ ကြိုးစား ချွတ်ချော်မှုလေးတွေတွေ့ရင် အဲဒီအတွက်ကိုယ့်ကိုယ်ကိုအပြစ်တင်မိတယ်” ဟုပြောသော အလွန်အမင်းစိတ်ဓာတ်ကျနေသည့် ခရစ်ယာန်အမျိုးသမီးတစ်ဦးကဲ့သို့ပင် စိတ်ဓာတ်ကျဆင်းမှုကိုလူအများတုံ့ပြန်ကြသည်။ ထိုသို့ယုတ္တိမတန်သောအပြစ်ရှာခြင်းသည် မိမိကိုယ်ကိုစိတ်ချယုံကြည်ခြင်းကို တစ်စတစ်စနှင့် အကြီးအကျယ်ယိုယွင်းစေသည်။ ကျွန်ုပ်တို့၏ဘုရားသခင်သည် နားလည်မှုရှိပြီး “အချိန်တိုင်းအပြစ်ရှာနေတော်မမူ” ကြောင်းသတိရပါလေ။ (ဆာလံ ၁၀၃:၈-၁၀၊ ၁၄)အမှန်တရားဖက်တွင် ကျွန်ုပ်တို့ထက်သာလွန်သည့်အမြင်ရှိသောယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်အသေးအမွှားအားလုံးအတွက် အနှောင့်အယှက်ပြုတော်မမူဘဲ၊ သည်းခံရန်အသင့်ဖြစ်နေလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ယူမှတ်သကဲ့သို့ပင် မိမိကိုယ်ကို မယူမှတ်သင့်ပေလော။

ကျွန်ုပ်တို့အားလုံး အားနည်းချက်အနာအဆာမကင်းကြပါ။ သို့သော် ကျွန်ုပ်တို့တွင်အစွမ်းသတ္တိများရှိကြပါသည်။ တမန်တော်ပေါလုသည် မိမိ၏ကြိုးစားအားထုတ်မှုတိုင်းတွင် ထူးကဲစွာကောင်းမွန်ရမည်ဟု မမျှော်လင့်ခဲ့ပါ။ “အဟောအပြောညံ့သော်လည်း အသိပညာမညံ့” ဟု မိမိကိုယ်ကိုဖော်ပြခဲ့သည်။ ပေါလုသည် လူထုရှေ့ဟောပြောရာတွင် အထူးကောင်းမွန်ပုံမရသော်လည်းမိမိကိုယ်ကို ညံ့ဖျင်းသူဟုမယူဆခဲ့ပါ။ (၂ ကောရိန္သု ၁၁:၆။ သမ) ထိုနည်းတူ စိတ်ဓာတ်ကျနေသူတို့သည် မိမိတို့ကောင်းစွာလုပ်ကိုင်နိုင်သည့်အရာများအပေါ် အာရုံစိုက်သင့်သည်။

“ဉာဏ်ပညာသည် ကျိုးနွံသူနှင့်အတူရှိသည်” သို့မဟုတ် မိမိအတိုင်းအတာကို အသိအမှတ်ပြုလက်ခံသူနှင့်အတူရှိသည်။ (သု၊ ၁၁:၂) ကျွန်ုပ်တို့တစ်ဦးစီသည် ကွာခြားသောအခြေအနေ၊ ခံနိုင်ရည်နှင့် အရည်အချင်းများဖြင့် ထူးခြားသည့်စိုးလ်များဖြစ်ကြသည်။ ယေဟောဝါကို စိုးလ်အကြွင်းမဲ့အမှုဆောင်ပြီး အတတ်နိုင်ဆုံး ‘သင်’ လုပ်ဆောင်ပါက ကိုယ်တော်ကျေနပ်တော်မူသည်။ (မာကု ၁၂:၃၀-၃၃) ဘုရားသခင်သည် မိမိအားဆက်ကပ်အပ်နှံထားသည့်ဝတ်ပြုသူများ၏ ကြိုးစားလုပ်ဆောင်မှုကို ဘယ်တော့မျှကျေနပ်မှုမရှိသောဘုရားမဟုတ်ပါ။ စိတ်ဓာတ်ကျဆင်းမှုကိုအောင်မြင်စွာတိုက်လှန်နိုင်ခဲ့သောခရစ်ယာန်တစ်ဦးဖြစ်သူ လီယိုရာက “တစ်ခုခုကိုလုပ်ရင် တခြားသူအားလုံးလုပ်သလောက်ကျွန်မမလုပ်နိုင်ဘူး။ လယ်ကွင်းဓမ္မအမှုလိုကိစ္စမျိုးမှာပေါ့။ ဒါပေမယ့် ကျွန်မကြိုးစားတယ်။ ကျွန်မ ရဲ့အကောင်းဆုံးကို ကျွန်မလုပ်ဆောင်တယ်” ဟုပြောခဲ့သည်။

အမှားများနှင့်အထင်လွဲမှုများကိုကိုင်တွယ်ခြင်း

သင်အမှားကြီးမှားမိသည်ဆိုကောမည်သို့နည်း။ မိမိ၏အပြစ် သို့မဟုတ် အမှားများကြောင့် ‘တစ်နေ့လုံးဝမ်းနည်းပူဆွေးစွာလျှောက်သွား’ နေသောဒါဝိဒ်ကဲ့သို့ သင်ခံစားရကောင်းခံစားရမည်။ သို့သော် ဤခံစားမှုသည် သင့်အခြေအနေသိပ်မဆိုးသေးကြောင်း၊ သင့်အပြစ်သည် ခွင့်မလွတ်နိုင်သည့်အပြစ်မဟုတ်ကြောင်း အထောက်အထားဖြစ်နိုင်သည်။ (ဆာလံ ၃၈:၃-၆၊ ၈) ဤသို့ဆိုးရွားသည့်ခံစားချက်က အပြစ်ပြုမိသူသည်ရိုးသားသည့်နှလုံးရှိပြီး ကောင်းသောသြတ္တပ္ပစိတ်ရှိကြောင်း တင်ပြရာရောက်နိုင်သည်။ သို့ဖြစ်၍ အပြစ်ပြုမိခြင်းကိုမည်သို့ကိုင်တွယ်နိုင်မည်နည်း။ ဘုရားသခင်ထံခွင့်လွှတ်မှုတောင်းခံပြီး အမှားမှအမှန်သို့ပြုပြင်တည့်မတ်သည့်ခြေလှမ်းများလှမ်းသလော။ (၂ ကောရိန္သု ၇:၉-၁၁) သို့ဆိုလျှင် အပြစ်ကိုထပ်ခါတလဲပြန်မပြုမိရန်သန္နိဌာန်ချမှတ်ရင်း သဘောထားကြီးစွာခွင့်လွှတ်တတ်သောကိုယ်တော်၏ ကရုဏာတော်ကို ယုံကြည်စိတ်ချပါ။ (ဟေရှာယ ၅၅:၇) သင်သည်ဆုံးမခံရလျှင် “ပဲ့ပြင်တည့်မတ်ခံရသောကြောင့် စိတ်မပျက်နှင့်။” (ဟေဗြဲ ၁၂:၅၊ ၆။ ကဘ) ထိုသို့သောပဲ့ပြင်မှုသည် လမ်းမှားသည့်သိုးကို လမ်းမှန်သို့ပြန်ရောက်စေလိုသောရည်ရွယ်ချက်ရှိသည်။ ယင်းသည် ပုဂ္ဂိုလ်တစ်ဦး၏တန်ဖိုးကိုယုတ်လျော့မသွားစေပါ။

ကျွန်ုပ်တို့၏နှလုံးသည် ကျွန်ုပ်တို့ကိုယ်ကိုအပြစ်တင်သည့်တိုင် ယေဟောဝါကျွန်ုပ်တို့ကိုအပြစ်တင်မည်ဟုမယူမှတ်သင့်ပါ။ “ဘုရားသခင်ရှေ့တော်၌ကိုယ်စိတ်နှလုံးကိုသက်သာစေကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကိုအပြစ်တင်လျှင် ဘုရားသခင်သည်ငါတို့စိတ်နှလုံးထက်သာ၍ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူသည်ကိုငါတို့သိကြ၏။” (၁ ယောဟန် ၃:၁၉၊ ၂၀) ကျွန်ုပ်တို့၏အပြစ်နှင့်အမှားများထက်မက ယေဟောဝါမြင်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏နုန့်နဲ့သောအခြေအနေ၊ ကျွန်ုပ်တို့၏ဘဝတစ်ခုလုံး၊ ကျွန်ုပ်တို့၏ဦးတည်ချက်နှင့် ရည်မှန်းချက်များကိုသိတော်မူသည်။ ဒါဝိဒ်၏ဆုတောင်းခြင်းကိုနားညောင်းတော်မူသကဲ့သို့ ကျွန်ုပ်တို့ခွင့်လွှတ်ခံရရန် ထက်သန်စွာဆုတောင်းချက်တို့ကို ကိုယ်တော်စာနာစွာနားညောင်းတော်မူရန် ကြီးမြတ်သောဉာဏ်ပညာတော်ကဖြစ်စေသည်။

အခြားသူတို့ကိုအမြင်လွဲမှားခြင်းနှင့် သူတို့စိတ်နှင့်မတွေ့မည်ကို အလွန်အမင်းစိုးရိမ်ပူပန်ခြင်းတို့သည် ကိုယ်ကိုယ်ကိုတန်ဖိုးထားသည့်သဘောကင်းမဲ့စေသည်။ ဝိုင်းပယ်ခံရသည်ဟုပင်ယူဆလာစေနိုင်သည်။ မစုံလင်မှုကြောင့် ခရစ်ယာန်မိတ်ဆွေတစ်ဦးသည် နားလည်မှုသို့မဟုတ်ကြင်နာမှုမရှိပုံရသောနည်းဖြင့် သင့်အားစကားပြောဆိုလာနိုင်သည်။ သူ့စကားကသင့်ကိုမည်သို့ထိခိုက်ကြောင်း သူ့ကိုပြောပြခြင်းအားဖြင့် အထင်လွဲမှုများကိုဖြေဖျောက်နိုင်သည်။ (မဿဲ ၅:၂၃၊ ၂၄ နှုန်းယှဉ်) ရှောလမုန်ကလည်းဤသို့အကြံပြုသည်။ “သူတစ်ပါးပြောသမျှသောစကားတို့ကိုမမှတ်နှင့်။” အဘယ့်ကြောင့်နည်း။ “သင်သည် ကိုယ်တိုင်သူတစ်ပါးကိုအဖန်ဖန်ကြိမ်ဆဲကြောင်းကို ကိုယ်စိတ်နှလုံးထဲမှာသိ၏။” (ဒေသနာ ၇:၂၁၊ ၂၂) သင့်ကိုယ်ကိုလည်းကောင်း၊ မစုံလင်သောအခြားသူတို့နှင့်ဆက်ဆံရေးတွင်လည်းကောင်း စုံလင်ရန်မျှော်လင့်ခြင်းသည် လက်တွေ့မကျသောကြောင့် ယင်းသို့မပြုသင့်ပါ။ ခွင့်လွှတ်ရန်အသင့်ဖြစ်ပြီး သူတစ်ပါးနှင့်သင့်တင့်အောင်နေပါ။—ကောလောသဲ ၃:၁၃။

ထို့ပြင် သင့်ပကတိတန်ဖိုးသည် အခြေခံအားဖြင့် သူတစ်ပါးကသင့်ကိုချစ်သည်၊ မချစ်သည်ဟူသောအချက်နှင့်တိုင်းတာ၍မရပါ။ ခရစ်တော်သည် “သူတစ်ပါးဂရုစိုက်ခြင်း” မခံရဘဲ “လူအများအမြင်တွင် တန်ဖိုး” အနည်းငယ်သာရှိခဲ့သည်။ (ဟေရှာယ ၅၃:၃။ ဇာခရိ ၁၁:၁၃) ယင်းက ကိုယ်တော်၏ပကတိတန်ဖိုး၊ သို့မဟုတ် ဘုရားသခင်ကကိုယ်တော်အားသတ်မှတ်သည့်တန်ဖိုးကို ပြောင်းလဲမသွားစေပါ။ ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ပင်စုံလင်ဦးတော့ လူတိုင်းစိတ်နှင့်တွေ့ရန်မဖြစ်နိုင်သောကြောင့်ဖြစ်သည်။

ခံနိုင်ရည်အစွမ်းတန်ခိုး

တစ်ခါတစ်ရံ အလွန်အကျွံစိတ်ဓာတ်ကျဆင်းမှုကို အောင်နိုင်ရန်ကျွန်ုပ်တို့ကြိုးစားနေသည့်ကြားမှ စွဲမြဲစွာဖြစ်ပေါ်နေတတ်သည်။ စိတ်ပိုင်းဆိုင်ရာနာကျင်မှုသည် အချို့ခရစ်ယာန်များအတွက် ယောနခံစားရသကဲ့သို့ဖြစ်စေနိုင်သည်။ “အကျွန်ုပ်အသက်ရှင်ခြင်းထက်သေခြင်းသည် သာ၍ကောင်းပါသည်။” (ယောန ၄:၁-၃) သို့သော် ယင်းသို့အစဉ်အမြဲသူမခံစားရပါ။ ယင်းကိုသူအောင်နိုင်သွားခဲ့သည်။ ထို့ကြောင့်သင့်ဘဝတွင်စိတ်ဓာတ်ကျဆင်းမှုသည် မခံမရပ်နိုင်လောက်အောင်ဖြစ်နေသည်ဟုထင်ရပါက ဘေးဒုက္ခသည် “ခဏ” သာဖြစ်ကြောင်း ပေါလုပြောခဲ့သည့်စကားကိုပြန်သတိရပါ။ (၂ ကောရိန္သု ၄:၈၊ ၉၊ ၁၆-၁၈) အဆုံးသတ်သွားပါလိမ့်မည်။ မျှော်လင့်ချက်မဲ့သည့်အခြေအနေမဟုတ်ပါ။ ယေဟောဝါက “နှလုံးနာကျင်သောသူတို့ကိုပြန်လည်ကောင်းမွန်စေရန်” ကတိထားတော်မူသည်။—ဟေရှာယ ၅၇:၁၅။ Lamsa။

သင့်ဆုတောင်းခြင်းသည်အချည်းနှီးဖြစ်သည်ဟုထင် ရသည့်တိုင် ဆုတောင်းခြင်းကိုမရပ်ဆိုင်းလိုက်ပါနှင့်။ ဒါဝိဒ်က “အိုဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကိုနားထောင်၍ အကျွန်ုပ်၏ပတ္ထနာစကားကိုမှတ်တော်မူပါ။ စိတ်နှလုံးညှိုးငယ်လျက်. . .အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌မြင့်သောကျောက်သို့အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ” ဟုတောင်းလျှောက်ခဲ့၏။ (ဆာလံ ၆၁:၁၊ ၂) ကျွန်ုပ်တို့ကိုယ်ပိုင်ခွန်အားဖြင့်ရရန်လွယ်ကူပုံမရသော အတွင်းယုံကြည်စိတ်ချမှုကိုရရန် ဘုရားသခင်မည်သို့လုပ်ဆောင်ပေးနိုင်သနည်း။ စိတ်ဓာတ်ကျဆင်းမှုနှင့် နှစ်ရှည်လများရုန်းကန်ခဲ့သူ အီလင်း ဤသို့ဖြေသည်။ “ယေဟောဝါက ကျွန်မကိုလက်လျှော့ခွင့်မပေးဘူး။ အဲဒါက၊ ကျွန်မဆက်ကြိုးစားရင် ကိုယ်တော်ကျွန်မကိုကူညီမယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးတယ်။ ကျမ်းစာသမ္မာတရားကိုသိရှိခြင်းဟာ စာသားအတိုင်းကျွန်မကိုဆက်လက်ရှင်သန်စေတယ်။ ဆုတောင်းခြင်း၊ အမှုဆောင်ခြင်း၊ အစည်းအဝေးတွေ၊ စာပေစာတမ်းတွေ၊ မိသားစုနဲ့မိတ်ဆွေတွေအားဖြင့် ယေဟောဝါဟာကျွန်မဆက်ကြိုးစားနိုင်ဖို့ နည်းအမျိုးမျိုးနဲ့ခွန်အားပေးတယ်။”

ဤခံစားရခြင်းကို သင့်ယုံကြည်ခြင်းစမ်းသပ်မှုဟုယူမှတ်ပါ။ တမန်တော်ပေါလုက “ဘုရားသခင်ကိုသင်ယုံစားနိုင်သည်” ဟုအာမခံသည်။ “သင်တို့ခံနိုင်သည်ထက်ပို၍အစမ်းသပ်ခံခွင့်ကို ဘုရားသခင်မပြုပါ။ သို့သော်၊ သင်တို့စမ်းသပ်ခံရသောအခါ သင်တို့ခံနိုင်ဖို့ရန်လွတ်မြောက်ရာလမ်းကို ကိုယ်တော်ဖွင့်ပေးတော်မူမည်။” (၁ ကောရိန္သု ၁၀:၁၃။ Beck) မှန်ပါသည်။ စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးများကိုခံနိုင်ရန် ဘုရားသခင်သည်သင့်ကို ‘သာမန်ထက်ထူးကဲသောအစွမ်းသတ္တိ’ ကိုပေးသနားတော်မူမည်—၂ ကောရိန္သု ၄:၇

စိတ်ဓာတ်ကျစရာမရှိသည့်ကမ္ဘာသစ်

ဘုရားသခင်သည် ကောင်းကင်နိုင်ငံတော်အားဖြင့် ကျွန်ုပ်တို့ကမ္ဘာရှိစိတ်ဓာတ်ကျဆင်းစရာအားလုံးကို ပယ်ရှားပစ်ရန်ကတိရှိထားသည်။ ကိုယ်တော်၏နှုတ်ကပါဌ်တော်က ဤသို့ဆိုသည်။ “မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့်မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။” (ဟေရှာယ ၆၅:၁၇၊ ၁၈) ဤစကားတို့သည် လွန်ခဲ့သည့် ဘီစီအီး ၅၃၇ ခုနှစ်က ဣသရေလလူမျိုးများပြည်တော်ပြန်စဉ်က ဦးဆုံးအကြိမ်ပြည့်စုံခဲ့သည်။ ထိုစဉ်ကကိုယ်တော့်လူမျိုးတော်ဤသို့သီချင်းဆိုခဲ့ကြသည်။ “ငါတို့သည်၊ အိပ်မက်သောသူကဲ့သို့ဖြစ်ကြ၏။ ထိုအခါ ငါတို့နှုတ်သည်ရယ်ခြင်းနှင့်လည်းကောင်း၊ ငါတို့လျှာသည်သီချင်းဆိုခြင်းနှင့်လည်းကောင်း ပြည့်ဝ၏။” (ဆာလံ ၁၂၆:၁၊ ၂) မကြာမီဘုရားသခင့်စနစ်သစ်တွင်ပြည့်စုံလာမည့် ဤနှလုံးနွေးထွေးဖွယ်ပရောဖက်ပြုချက်၏ပြည့်စုံမှုတို့ကား မည်မျှကြီးကျယ်ခမ်းနားလိုက်မည်ဖြစ်ခြင်း။—၂ ပေတရု ၃:၁၃။ ဗျာဒိတ် ၂၁:၁-၄။

ဘုရားသခင့်နိုင်ငံတော် (“ကောင်းကင်သစ်”) အောက်တွင် မြေကြီးပေါ်ရှိဖြောင့်မတ်သောလူ့အဖွဲ့အစည်း (“မြေကြီးသစ်”) သည် စုံလင်သော စိတ္တ၊ ကာယ၊ ဝိညာဏကျန်းမာမှုတို့ကိုပြန်လည်ရရှိမည်။ အတိတ်ကိုပြန်လည်သတိမရတော့ဟုကားဆိုလိုခြင်းမဟုတ်ဘဲ၊ တွေ့ကြုံခံစားနေရသည့်နှစ်လိုဖွယ်အရာများကိုတွေးတောပြီး မည်သူတစ်ဦးတစ်ယောက်မျှ အတိတ်ကိုစိတ်ပြန်လည်မည်မဟုတ်တော့ဘဲ၊ အလွန်ပျော်ရွှင်နေကြမည်။ အတိတ်ကဝမ်းနည်းစရာများကိုပြန်လည်သတိရရန် သို့မဟုတ် တွေးတောရန်အကြောင်းလုံးဝမရှိတော့ပါ။ မနက်တိုင်း အလွန်ကြည်လင်ရွှင်ပြသည့်စိတ်ဖြင့်နိုးထပြီး၊ တစ်နေ့တာလုပ်ငန်းဆောင်တာများကိုလုပ်ရန် စိတ်စောနေပေမည်။ စိတ်ဓာတ်ကျဆင်းမှုအခြေအနေများကဟန့်တားနှောင့်ယှက်ခြင်း ရှိတော့မည်မဟုတ်ပါ။

ဤမျှော်လင့်ချက်အဖြစ်မှန်ကိုအပြည့်အဝယုံကြည်သူ (အစတွင်ဖော်ပြထားသူ) လော်လာက “ဒီပြဿနာတွေကို ဘုရားသခင့်နိုင်ငံတော်ကသုတ်သင်ပစ်မှာကိုသတိရခြင်းဟာ ကျွန်မအတွက်အကောင်းဆုံးအကူအညီပါပဲ။ စိတ်ဓာတ်ကျဆင်းမှုဟာ အမြဲရှိသွားမှာမဟုတ်ဘူးဆိုတာ ကျွန်မသိပြီ။” မှန်ပါသည်။ စိတ်ဓာတ်ကျဆင်းမှုများကိုအောင်နိုင်ရန် မကြာမီဘုရားသခင်လုပ်ပေးတော့မည်ကို သင်စိတ်ချနိုင်ပါသည်။

[အောက်ခြေမှတ်ချက်များ]

a “Depression: All in One’s Head?” October 22, 1987 နိုးလော့ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ