ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၆/၁ စာ. ၁၄-၁၉
  • ‘ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ပါ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ပါ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျင့်ယိုယွင်းမှုကို တိုက်လှန်ခြင်း
  • ဘုရားသခင်ပေးအခွင့်အာဏာကို လေးစားပါ
  • ‘ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်လော့’
  • အမှန်တရားထဲမှာ ရှိနေဖို့ တိုက်လှန်ရမယ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဖောက်ပြန်သူတို့ကို သတိပြု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မိစ္ဆာအယူမှားဆရာတို့ကို သတိပြု!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယုဒသြဝါဒစာ ဂရုမူပါ
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၆/၁ စာ. ၁၄-၁၉

‘ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ပါ’

“သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်းတရားဘက်မှာ သင်တို့သည်ကြိုးစား၍တိုက်လှန်” ပါ။—ယုဒ ၃။

၁။ ယနေ့ စစ်မှန်သောခရစ်ယာန်များသည် မည်သည့်သဘောမျိုးဖြင့် စစ်ပွဲတွင်ပါဝင်ကြသနည်း။

တိုက်ပွဲဝင် စစ်သားများ၏ဘဝသည် အစဉ်သဖြင့် ခံနိုင်ရည်လိုသည်။ စစ်ကိရိယာအပြည့်ဝတ်ဆင်ပြီး မရေမတွက်နိုင်သော ခရီးမိုင်ပေါင်းများစွာကို ရာသီမရွေးချီတက်ခြင်း၊ လက်နက်အသုံးပြုခြင်းကို အပြင်းအထန်လေ့ကျင့်ယူရခြင်း၊ သို့မဟုတ် အသက်အန္တရာယ်ဖြစ်စေသည့် အကြမ်းဖက်မှုအဖုံဖုံမှ မိမိကိုယ်ကိုကာကွယ်ရခြင်းတို့ကို စဉ်းစားကြည့်ပါ။ သို့ရာတွင် စစ်မှန်သောခရစ်ယာန်များသည် တိုင်းနိုင်ငံများ၏စစ်ပွဲများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြပေ။ (ဟေရှာယ ၂:၂-၄; ယောဟန် ၁၇:၁၄) သို့တိုင် ကျွန်ုပ်တို့အားလုံးသည် တစ်နည်းတစ်ဖုံအားဖြင့် တိုက်ပွဲဝင်နေသူများဖြစ်ကြောင်း ဘယ်တော့မျှမမေ့သင့်။ စာတန်သည် ယေရှုခရစ်နှင့် ကမ္ဘာပေါ်ရှိ ကိုယ်တော့်နောက်လိုက်များကို လွန်စွာမုန်းတီးသည်။ (ဗျာဒိတ် ၁၂:၁၇) အမှန်မှာ ယေဟောဝါဘုရားသခင်အားအမှုဆောင်ရန် စိတ်ပိုင်းဖြတ်ကြသော ကျွန်ုပ်တို့အားလုံးသည် ဝိညာဉ်ရေးစစ်ပွဲဆင်နွှဲရန် စစ်သားများအဖြစ် စာရင်းသွင်းနေသူများဖြစ်သည်။—၂ ကောရိန္သု ၁၀:၄။

၂။ ယုဒသည် ခရစ်ယာန်စစ်ပွဲကို မည်သို့ဖော်ပြပြီး သူ၏စာက ၎င်းတွင်ခံနိုင်ရည်ရှိရန် မည်သို့အကူအညီပေးနိုင်သနည်း။

၂ ယေရှု၏မိတူဖကွဲညီ ယုဒက ဤသို့ရေးသားခဲ့ခြင်းသည် ဆီလျော်လှပေသည်– “ချစ်သူတို့၊ အညီအမျှဆက်ဆံသောကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ပေးလိုက်ခြင်းငှာ ငါသည်အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသောယုံကြည်ခြင်းတရားဘက်မှာ သင်တို့သည်ကြိုးစား၍တိုက်လှန်စေခြင်းငှာ၊ နှိုးဆော်သွေးဆောင်၍ရေးလိုက်သောအကြောင်းရှိ၏။” (ယုဒ ၃) ‘ယုံကြည်ခြင်းအတွက် ကြိုးစား၍တိုက်လှန်’ ရန်ခရစ်ယာန်များကို ယုဒတိုက်တွန်းသောအခါ “ပြင်းထန်သောဝေဒနာ” ဟူသည့်စကားလုံးနှင့်ဆက်နွှယ်သည့် အသုံးအနှုန်းတစ်ခုကို အသုံးပြုခဲ့သည်။ မှန်ပါသည်၊ ၎င်းတိုက်ပွဲသည် အပြင်းအထန်ဝေဒနာခံစားရသည့်အထိ ခက်ခဲနိုင်ပါသည်တကား! ဤတိုက်ပွဲတွင်ခံနိုင်ရည်ရှိဖို့ခက်ကြောင်း တစ်ခါတစ်ရံတွေ့ရပါသလော။ ယုဒ၏ တိုတုတ်သော်လည်း တန်ခိုးပါသောစာက သင့်အား ကူညီပေးနိုင်ပါသည်။ ယင်းက အကျင့်ယိုယွင်းမှုကိုတိုက်လှန်ရန်၊ ဘုရားသခင်ပေးအခွင့်အာဏာရထားသူများကိုလေးစားရန်နှင့် ဘုရားသခင့်မေတ္တာတော်တွင် မိမိတို့ကိုယ်ကိုရှိနေစေရန် တိုက်တွန်းထားသည်။ ဤသွန်သင်ချက်ကို မည်သို့ကျင့်သုံးနိုင်ကြောင်း ကြည့်ကြစို့။

အကျင့်ယိုယွင်းမှုကို တိုက်လှန်ခြင်း

၃။ ယုဒခေတ်က ခရစ်ယာန်အသင်းတော်သည် မည်သည့်အရေးတကြီးအခြေအနေနှင့် ရင်ဆိုင်ခဲ့ရသနည်း။

၃ မိမိ၏ခရစ်ယာန်ချင်းများအားလုံးသည် စာတန်နှင့်တိုက်သည့်စစ်ပွဲကို မအောင်မြင်နေကြကြောင်း ယုဒတွေ့ရှိပါသည်။ သိုးတော်စုသည် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ခဲ့သည်။ ယိုယွင်းသောသူတို့သည် “လျှို့တဝှက်ဝင်လာ” ကြသည်ဟု ယုဒကရေးသည်။ ထိုသူတို့သည် အကျင့်ယိုယွင်းမှုကို မသိမသာတိုးပွားစေကြသည်။ သူတို့၏အပြုအမူများကို လိမ္မာပါးနပ်စွာ ယုတ္တိရှိရှိတင်ပြကြပြီး “ငါတို့ဘုရားသခင့်ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအကြောင်းဖြစ်စေ” ကြသည်။ (ယုဒ ၄၊ သမ) ရှေးအသိပညာပဓာနဝါဒီအချို့တို့ကဲ့သို့ အပြစ်ပို၍ပြုလေ ဘုရားသခင့်ကရုဏာတော်ပိုရရှိနိုင်လေဖြစ်ရာ—အမှန်တွင် အပြစ်ပို၍ပြုလေ သာ၍ကောင်းလေဟု ဆင်ခြင်ယူဆကြသည်! သို့မဟုတ် ကြင်နာတတ်သော ဘုရားသခင်သည် သူတို့အား မည်သည့်အခါမျှ အပြစ်ပေးမည်မဟုတ်ဟု တွက်ဆကြဖွယ်ရှိသည်။ မည်သို့ပင်ဖြစ်ပါစေ၊ သူတို့မှားကြသည်။—၁ ကောရိန္သု ၃:၁၉။

၄။ ယေဟောဝါ၏ အတိတ်ကစီရင်ချက်များဆိုင်ရာ မည်သည့်ကျမ်းစာပုံနမူနာသုံးခုကို ယုဒကိုးကားခဲ့သနည်း။

၄ ယုဒသည် အတိတ်ကာလက ယေဟောဝါ၏တရားစီရင်ခြင်းဆိုင်ရာ ပုံနမူနာသုံးခုကို ကိုးကားပြကာ သူတို့၏ ဆိုးယုတ်သောဆင်ခြေများကို ချေပခဲ့သည်– ‘ယုံကြည်ခြင်းမတင်ပြ’ သည့်ဣသရေလလူမျိုးအပေါ်ဒဏ်စီရင်ချက်; အမျိုးသမီးများနှင့်ပြစ်မှားရန်အတွက် “မိမိအခွင့်အရာကိုမစောင့်၊ မိမိနေရာအရပ်ကိုစွန့်ပစ်သောကောင်းကင်တမန်တို့” အပေါ်ဒဏ်စီရင်ချက်; “မတရားသောမေထုန်ကိုအလွန်ပြု၍၊ ကိုယ်ခင်ပွန်းမဟုတ်သောသူတို့နှင့် မှားယွင်းခြင်းအမှု၌ကျင်လည်ကြသော” သောဒုံမြို့နှင့်ဂေါမောရမြို့သားတို့အပေါ် ဒဏ်စီရင်ချက်။ (ယုဒ ၅-၇; ကမ္ဘာဦး ၆:၂-၄; ၁၉:၄-၂၅; တောလည်ရာ ၁၄:၃၅) အမှုကိစ္စတစ်ခုစီတွင် အပြစ်ပြုသူများအပေါ် ယေဟောဝါ ပြတ်ပြတ်သားသားစီရင်ချက်ချတော်မူခဲ့သည်။

၅။ ယုဒသည် မည်သည့်ရှေးပရောဖက်ကို ကိုးကားခဲ့သနည်း၊ ၎င်း၏ပြည့်စုံချက်သည် လုံးဝသေချာကြောင်း ထိုပရောဖက်ပြုချက်က မည်သို့ဖော်ပြသနည်း။

၅ နောက်ပိုင်းတွင် ပို၍ပြင်းထန်သောတရားစီရင်ခြင်းကိုပင် ယုဒ ရည်ညွှန်းခဲ့သည်။ ဧနောက်၏ပရောဖက်ပြုချက်တစ်ခု—မှုတ်သွင်းခံကျမ်းစောင်တွင် အခြားမည်သည့်နေရာ၌မျှမတွေ့ရသော ကျမ်းပိုဒ်တစ်ခု—ကိုကိုးကားခဲ့သည်။a (ယုဒ ၁၄၊ ၁၅) ဧနောက်သည် ဘုရားတရားမဲ့သူအားလုံးနှင့် သူတို့၏ ဘုရားတရားမဲ့အကျင့်အကြံများအပေါ် ယေဟောဝါတရားစီရင်မည့်အချိန်ကို ကြိုတင်ဟောပြောခဲ့သည်။ စိတ်ဝင်စားစရာကား၊ ဘုရားသခင်၏တရားစီရင်ချက်များသည် ဖြစ်ခဲ့ပြီးသည့်အလား သေချာသည့်အတွက် ဧနောက်သည် ယင်းတို့အကြောင်း အတိတ်ကာလသဏ္ဌာန်ကိုသုံး၍ ပြောခဲ့ခြင်းဖြစ်သည်။ လူတို့သည် ဧနောက်နှင့် နောက်ပိုင်းတွင် နောဧကို မထီမဲ့မြင်ပြုခဲ့ကြသော်လည်း ထိုကဲ့ရဲ့ပြစ်တင်ကြသူအားလုံးတို့သည် ကမ္ဘာချီရေလွှမ်းမိုးဘေးကြီးတွင် နစ်မြုပ်ခဲ့ကြသည်။

၆။ (က) ယုဒခေတ်က ခရစ်ယာန်များသည် မည်သည့်နှိုးဆော်သတိပေးချက်ကို လိုအပ်ခဲ့ကြသနည်း။ (ခ) ယုဒ၏နှိုးဆော်သတိပေးချက်များကို ကျွန်ုပ်တို့ အဘယ်ကြောင့် နှလုံးသွင်းသင့်သနည်း။

၆ ထိုဘုရားသခင့်စီရင်ချက်များကို အဘယ်ကြောင့် ယုဒရေးခဲ့သနည်း။ သူ့ခေတ်က ခရစ်ယာန်အသင်းတော်နှင့်ပေါင်းသင်းကြသူအချို့တို့သည် အဆိုပါအတိတ်က တရားစီရင်ချက်များကို ဖြစ်ပေါ်စေခဲ့သူများကဲ့သို့ပင် စက်ဆုပ်ဖွယ်ကောင်းပြီး အပြစ်တင်ထိုက်သည့်အပြစ်များကို ကျူးလွန်နေကြကြောင်းကို သူသိထားသောကြောင့်ဖြစ်သည်။ သို့ဖြင့် ယုဒသည် အသင်းတော်များအား အခြေခံဝိညာဉ်ရေးသမ္မာတရားအချို့နှင့်ပတ်သက်၍ သတိပေးနှိုးဆော်ရန်လိုအပ်ကြောင်း ရေးသားခဲ့သည်။ (ယုဒ ၅) သူတို့ပြုလုပ်နေသည့်အရာကို ယေဟောဝါဘုရားသခင်တွေ့မြင်ကြောင်း မေ့လျော့နေကြသည်မှာ ထင်ရှားသည်။ မှန်ပါသည်၊ မိမိ၏ကျေးကျွန်များက ကိုယ်တော့်ပညတ်တော်များကို တမင်တကာကျူးလွန်ကာ သူတို့ကိုယ်နှိုက်နှင့် အခြားသူများကို ညစ်ညူးစေခြင်းကို ကိုယ်တော်တွေ့မြင်တော်မူ၏။ (သု. ၁၅:၃) ထိုသို့သောလုပ်ရပ်များသည် ကိုယ်တော်အား လွန်စွာနာကျင်စေ၏။ (ကမ္ဘာဦး ၆:၆; ဆာလံ ၇၈:၄၀) လူသားမျှသာဖြစ်သော ကျွန်ုပ်တို့ကြောင့် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၏ခံစားချက်များကို ထိခိုက်စေနိုင်ခြင်းသည် ကြောက်ရွံ့တုန်လှုပ်စရာဖြစ်သည်။ ကျွန်ုပ်တို့အား နေ့စဉ်စောင့်ကြည့်တော်မူကာ မိမိ၏သားတော် ယေရှုခရစ်၏ခြေရာကိုလိုက်လျှောက်ရန် အကောင်းဆုံးလုပ်ဆောင်ကြသောအခါ ကျွန်ုပ်တို့၏အပြုအမူက ကိုယ်တော့်နှလုံးကိုရွှင်ပြုံးစေတော်မူ၏။ ထို့ကြောင့် ယုဒပေးသည့် အဆိုပါသတိပေးချက်မျိုးများကို ဘယ်တော့မျှ မကျေမချမ်းမဖြစ်ဘဲ ၎င်းတို့ကို နှလုံးသွင်းကြစို့။—သု. ၂၇:၁၁; ၁ ပေတရု ၂:၂၁။

၇။ (က) ကြီးလေးသောမှားယွင်းမှုနှင့် ပါဝင်ပတ်သက်သူများသည် ချက်ချင်းအကူအညီရှာယူရန် အဘယ်ကြောင့် အရေးကြီးသနည်း။ (ခ) ကျွန်ုပ်တို့အားလုံး အကျင့်ယိုယွင်းမှုကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။

၇ ယေဟောဝါသည် မြင်ရုံမျှသာမဟုတ်ဘဲ အရေးယူလုပ်ဆောင်တော်မူ၏။ တရားသဖြင့်ပြုတော်မူသော ဘုရားသခင်သည် ဆိုးသွမ်းသူများအပေါ်—အနှေးနှင့်အမြန် အပြစ်ဒဏ်ပေးတော်မူသည်။ (၁ တိမောသေ ၅:၂၄) ကိုယ်တော်၏တရားစီရင်ချက်များသည် ရှေးသမိုင်းမျှသာဖြစ်သည်ဟုဆိုပြီး ဆိုးသွမ်းမှုကို ကိုယ်တော်စိတ်ဝင်စားတော်မမူဟူ၍ ဆင်ခြင်သူများသည် မိမိတို့ကိုယ်ကို အရူးလုပ်နေသူများဖြစ်ကြသည်။ ယနေ့ အကျင့်ယိုယွင်းမှုတွင် ပါဝင်ပတ်သက်သူ မည်သူမဆိုသည် ခရစ်ယာန်အကြီးအကဲများထံမှ ချက်ချင်းအကူအညီရှာယူရန်အတွက် အလွန်ပင် အရေးတကြီးဖြစ်နေသည်! (ယာကုပ် ၅:၁၄၊ ၁၅) ကျွန်ုပ်တို့၏ဝိညာဉ်ရေးတိုက်ပွဲတွင် အကျင့်ယိုယွင်းမှုဖြစ်စေသည့်ဘေးအန္တရာယ်ကြောင့် ကျွန်ုပ်တို့အားလုံး ဆင်ဆင်ခြင်ခြင်ရှိကြပေမည်။ နှစ်စဉ်ပင် အထိအခိုက်ခံရသူများ—ကျွန်ုပ်တို့အထဲမှထုတ်ပယ်ခံသူများ—ရှိပြီး အများစုမှာ နောင်တမယူဘဲ အကျင့်ယိုယွင်းသည့်လုပ်ရပ်များကိုကျူးလွန်သူများဖြစ်ကြသည်။ ထိုသို့သောဦးတည်ရာသို့ ကျွန်ုပ်တို့အား ပို့ဆောင်ပေးရန်အစပြုစေသည့် မည်သည့်သွေးဆောင်မှုမျိုးကိုမဆို တိုက်လှန်ရန် ခိုင်မြဲစွာ သန္နိဋ္ဌာန်ချထားရမည်။—မဿဲ ၂၆:၄၁ နှိုင်းယှဉ်။

ဘုရားသခင်ပေးအခွင့်အာဏာကို လေးစားပါ

၈။ ယုဒ ၈ တွင်ဖော်ပြထားသော “ဘုန်းတန်ခိုးကြီးသောသူတို့” ကားမည်သူတို့နည်း။

၈ ယုဒဖော်ပြသည့် နောက်ထပ်ပြဿနာတစ်ခုမှာ ဘုရားသခင်ပေးအခွင့်အာဏာကို လေးစားမှုကင်းမဲ့ခြင်းဖြစ်သည်။ သာဓကအနေဖြင့် အခန်းငယ် ၈ တွင် အဆိုပါဆိုးသွမ်းသူတို့သည် “ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ” ကြောင်းစွဲချက်တင်လိုက်သည်။ “ဘုန်းတန်ခိုးကြီးသောသူတို့” ကား မည်သူတို့နည်း။ သူတို့သည် မစုံလင်သောသူများဖြစ်ကြသည်၊ သို့သော် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ဖြင့် သူတို့အပေါ်အပ်နှင်းထားသည့် တာဝန်များရှိသည်။ ဥပမာ၊ အသင်းတော်များတွင် ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းရသည့်တာဝန်ရှိသော အကြီးအကဲများရှိသည်။ (၁ ပေတရု ၅:၂) ထိုတွင် တမန်တော်ပေါလုကဲ့သို့သော နယ်လှည့်ကြီးကြပ်မှူးများလည်းပါဝင်သည်။ ထို့ပြင် ယေရုရှလင်မြို့ရှိ အကြီးအကဲအဖွဲ့သည် အုပ်ချုပ်ရေးအဖွဲ့အဖြစ်လုပ်ဆောင်ခဲ့ပြီး ခရစ်ယာန်အသင်းတော်တစ်ခုလုံးကို အကျိုးပြုသည့် ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။ (တမန်တော် ၁၅:၆) ယုဒသည် အသင်းတော်များရှိ အချို့သူတို့က ထိုသို့သောသူများအား ကဲ့ရဲ့ပြစ်တင်ပြောဆိုနေကြသည်ကို အလွန်ပင်စိုးရိမ်မကင်းဖြစ်ခဲ့သည်။

၉။ ယုဒသည် အခွင့်အာဏာကိုမလေးစားခြင်းနှင့်ပတ်သက်၍ မည်သည့်ပုံနမူနာများကို ကိုးကားခဲ့သနည်း။

၉ ယုဒသည် ထိုသို့သော မလေးမစားပြောဆိုချက်ကိုရှုတ်ချရန် အခန်းငယ် ၁၁ တွင် သတိပေးချက်များအဖြစ် နောက်ထပ် ပုံနမူနာသုံးခုကို ကိုးကားခဲ့သည်– ကာဣန၊ ဗာလမ်၊ ကောရတို့ဖြစ်ကြသည်။ ကာဣနသည် ယေဟောဝါ၏မေတ္တာပါသွန်သင်ချက်ကို လျစ်လျူရှုကာ မုန်းတီးသတ်ဖြတ်သည့်လမ်းစဉ်ကို တမင်တကာလိုက်လျှောက်ခဲ့သည်။ (ကမ္ဘာဦး ၄:၄-၈) ဗာလမ်သည် သာမန်ထက်ထူးကဲသည့်ပင်ရင်းအမြစ်မှလာသည်မှာ ယုံမှားဖွယ်မရှိသော သတိပေးချက်များကို အကြိမ်ကြိမ်ရရှိခဲ့သည်—သူ၏မြည်းမကပင် သူ့အား စကားပြောခဲ့သည်! သို့သော် ဗာလမ်သည် ဘုရားသခင့်လူမျိုးတော်ကိုဆန့်ကျင်ကာ တစ်ကိုယ်ကောင်းဆန်စွာ ဆက်၍ကြံစည်ခဲ့သည်။ (တောလည်ရာ ၂၂:၂၈၊ ၃၂-၃၄; တရားဟောရာ ၂၃:၅) ကောရသည် သူ၏ကိုယ်ပိုင် တာဝန်ရှိအနေအထားကို ရရှိထားသော်လည်း ၎င်းနှင့်ကျေနပ်တင်းတိမ်ခြင်းမရှိပေ။ သူသည် ကမ္ဘာပေါ်တွင် အနူးညံ့ဆုံးသောလူသားဖြစ်သူ မောရှေကို ပုန်ကန်ခဲ့သည်။—တောလည်ရာ ၁၂:၃; ၁၆:၁-၃၊ ၃၂။

၁၀။ ယနေ့ အချို့သူတို့သည် “ဘုန်းတန်ခိုးကြီးသောသူတို့ကိုကဲ့ရဲ့တတ်” သည့်ထောင်ချောက်ထဲသို့ မည်သို့ဆင်းသက်သွားနိုင်ပြီး ထိုသို့သောပြောဆိုမှုကို အဘယ်ကြောင့် ရှောင်ကြဉ်သင့်သနည်း။

၁၀ ကွက်ကွက်ကွင်းကွင်းပေါ်လွင်စေသော ဤပုံနမူနာများက တာဝန်ရှိအနေအထားတွင် ယေဟောဝါအသုံးပြုသောသူများ၏သွန်သင်ချက်ကို နားထောင်ရန်နှင့် သူတို့ကိုလေးစားရန် ကျွန်ုပ်တို့ကို သင်ကြားပေးပါသည်တကား! (ဟေဗြဲ ၁၃:၁၇) သူတို့သည် ကျွန်ုပ်တို့ကဲ့သို့ပင် မစုံလင်သောသူများဖြစ်ကြသည့်အတွက် ခန့်အပ်ခံအကြီးအကဲများကိုအပြစ်ရှာဖို့ အလွန်လွယ်ကူပါသည်။ သို့သော် သူတို့၏ချွတ်ယွင်းချက်များကို တနုံ့နုံ့တွေးပြီး လေးစားမှုလျော့သွားပါက “ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့” မှုဖြစ်စေနိုင်သလော။ အခန်းငယ် ၁၀ တွင် “မိမိတို့နားမလည်သောအရာများကို ကဲ့ရဲ့တတ်ကြ” သူတို့ကိုဖော်ပြထားသည်။ တစ်ခါတစ်ရံ အချို့သူတို့က အကြီးအကဲအဖွဲ့ သို့မဟုတ် တရားရေးကော်မတီကချမှတ်သော ဆုံးဖြတ်ချက်ကို အပြစ်ရှာဝေဖန်ကြပေမည်။ သို့တိုင် ဆုံးဖြတ်ချက်ချရန် အကြီးအကဲများဆင်ခြင်သုံးသပ်ခဲ့ရသည့် အသေးစိတ်အချက်အလက်အားလုံးကို သူတို့ သိရှိခွင့်မရှိကြပါ။ ထို့ကြောင့် သူတို့အမှန်မသိရှိသောအကြောင်းအရာကို အဘယ်ကြောင့် ကဲ့ရဲ့ပြောဆိုကြသနည်း။ (သု. ၁၈:၁၃) ထိုသို့သောအကျိုးမပြုသည့်ပြောဆိုချက်ကို အဆက်မပြတ်ပြုလုပ်သူတို့သည် အသင်းတော်အတွင်းကွဲပြားမှုဖြစ်စေနိုင်ပြီး ယုံကြည်သူချင်းများ၏ စုရုံးမှုများတွင် အန္တရာယ်ရှိသည့် “ရေအောက်ရှိ ပုန်းကွယ်နေသောကျောက်များ” ကဲ့သို့ပင်ဖြစ်နိုင်ပါသည်။ (ယုဒ ၁၂၊ ကဘ၊ ၁၆၊ ၁၉) ကျွန်ုပ်တို့သည် အခြားသူများကို ဘယ်တော့မျှ ဝိညာဉ်ရေးဘေးအန္တရာယ် သက်ရောက်စေလိုကြမည်မဟုတ်။ ယင်းအစား၊ ကျွန်ုပ်တို့တစ်ဦးစီသည် တာဝန်ရှိသူများအား သူတို့၏ကြိုးပမ်းလုပ်ဆောင်မှုနှင့် ဘုရားသခင့်သိုးတော်စုအတွက် ပေးဆက်လုပ်ဆောင်မှုတို့ကို ကျေးဇူးတင်လေးမြတ်ရန် သန္နိဋ္ဌာန်ချထားကြစို့။—၁ တိမောသေ ၅:၁၇။

၁၁။ မိက္ခေလသည် စာတန်အပေါ် ကဲ့ရဲ့ပြစ်တင်ကာ စီရင်မိခြင်းမှ အဘယ်ကြောင့် ကြဉ်ရှောင်ခဲ့သနည်း။

၁၁ အခွင့်အာဏာရထားသူအား တော်လျော်စွာလေးစားသူတစ်ဦး၏ ပုံနမူနာတစ်ခုကို ယုဒကိုးကားခဲ့သည်။ သူဤသို့ရေးသည်– “ကောင်းကင်တမန်မင်းမိက္ခေလမူကား၊ မောရှေ၏ကိုယ်ကိုအကြောင်းပြု၍ မာရ်နတ် [စာတန်] နှင့်ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသောပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေသတည်းဟူ၍သာ ပြောဆို၏။” (ယုဒ ၉) မှုတ်သွင်းခံကျမ်းစောင်များတွင် ယုဒတစ်ဦးတည်းသာမှတ်တမ်းတင်ထားသည့် ဤစိတ်ဝင်စားဖွယ်မှတ်တမ်းက ခြားနားသောသင်ခန်းစာနှစ်ခုကို သင်ကြားပေးသည်။ အခြားတစ်ဖက်တွင်မူ တရားစီရင်ခြင်းကို ယေဟောဝါလက်ထဲတွင်သာထားရန် သင်ကြားပေးသည်။ စာတန်သည် မှားယွင်းသောကိုးကွယ်မှုကိုတိုးပွားစေရန်အတွက် သစ္စာရှိလူသားမောရှေ၏ကိုယ်ခန္ဓာကို တလွဲအသုံးပြုလိုခဲ့သည်မှာ ထင်ရှားပါသည်။ ဆိုးယုတ်လိုက်လေခြင်း! သို့တိုင် မိက္ခေလမူကား စီရင်ချက်ချမိမည့်အရေးမှ နှိမ့်ချစွာ ကြဉ်ရှောင်ခဲ့သည်၊ အကြောင်းမှာ ယေဟောဝါတစ်ပါးတည်းသာ အခွင့်အာဏာရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါအား ကြိုးစားအမှုဆောင်နေကြသော သစ္စာရှိအမျိုးသားများကိုစီရင်မိခြင်းမှ ပို၍ရှောင်ကြဉ်သင့်ပါသည်။

၁၂။ ခရစ်ယာန်အသင်းတော်တွင် တာဝန်ရှိအနေအထားကိုရရှိသူတို့သည် မိက္ခေလ၏ပုံသက်သေမှ မည်သည့်သင်ခန်းစာယူနိုင်သနည်း။

၁၂ အခြားတစ်ဖက်တွင်မူ အသင်းတော်တွင် အခွင့်အာဏာ အတော်အသင့်ရှိသူတို့သည်လည်း မိက္ခေလထံမှ သင်ခန်းစာယူနိုင်သည်။ အမှန်မှာ မိက္ခေလသည် ကောင်းကင်တမန်အားလုံးတို့၏အကြီးအမှူးဖြစ်သော “ကောင်းကင်တမန်မင်း” ဖြစ်သော်လည်း အမျက်နှိုးဆော်ခံရသည့်အခြေအနေအောက်၌ပင် မိမိ၏တန်ခိုးရှိရာထူးကို အလွဲအသုံးမပြုချေ။ သစ္စာရှိအကြီးအကဲများသည် သူတို့၏အခွင့်အာဏာကိုအလွဲအသုံးပြုခြင်းက ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို မလေးစားရာရောက်စေကြောင်း အသိအမှတ်ပြုလျက် ထိုနမူနာကိုအနီးကပ်လိုက်လျှောက်ကြရမည်။ ယုဒ၏စာတွင် အသင်းတော်များ၌ လေးစားအပ်သော အခွင့်အရာများပိုင်ဆိုင်ထားသော်လည်း မိမိတို့၏အစွမ်းကို အလွဲသုံးစားပြုသည့် အမျိုးသားများအကြောင်း ပြောစရာများစွာရှိပါသည်။ သာဓကအနေဖြင့် အခန်းငယ် ၁၂ မှ ၁၄ [ကဘ] အထိတွင် “မကြောက်မရွံ့ဘဲ ကိုယ်ကိုကျွေးမွေးသော သိုးထိန်းများ” ကို အပြင်းအထန်ရှုတ်ချရေးသားခဲ့သည်။ (ယေဇကျေလ ၃၄:၇-၁၀ နှိုင်းယှဉ်။) တစ်နည်းဆိုရသော် သူတို့၏ဦးဆုံးစိတ်ဝင်စားရာကား ယေဟောဝါ၏သိုးတော်စုအရေးမဟုတ်ဘဲ ကိုယ့်အကျိုးရရေးဖြစ်သည်။ ယနေ့ အကြီးအကဲများသည် ထိုမကောင်းသောပုံနမူနာများမှ များစွာသင်ခန်းစာယူနိုင်ပါသည်။ အမှန်ဆိုရလျှင် ယုဒ၏စကားများက ကျွန်ုပ်တို့မဖြစ်လိုကြသည့်အရာနှင့်ပတ်သက်၍ ကွက်ကွက်ကွင်းကွင်းဖော်ပြသည်။ တစ်ကိုယ်ကောင်းဆန်မှုကို ကျွန်ုပ်တို့လက်လျော့အရှုံးပေးမည်ဆိုလျှင် ခရစ်တော်၏စစ်သားများမဖြစ်နိုင်ပေ; ကိုယ့်အရေးအတွက်သာအလုပ်များနေသူများဖြစ်ကြသည်။ ယင်းအစား ကျွန်ုပ်တို့အားလုံးသည် “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” ဟူသော ယေရှု၏စကားတော်နှင့်အညီ အသက်ရှင်ကြစို့။—တမန်တော် ၂၀:၃၅၊ ကဘ။

‘ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်လော့’

၁၃။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏မေတ္တာတော်၌တည်နေရန် အဘယ်ကြောင့် စိတ်ဆန္ဒပြင်းပြသင့်သနည်း။

၁၃ ယုဒသည် မိမိစာ၏နိဂုံးပိုင်းတွင် ဤနှလုံးနွေးထွေးစေသည့်သြဝါဒကို ပေးထားပါသည်– ‘ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်လော့။’ (ယုဒ ၂၁) ခရစ်ယာန်စစ်ပွဲဆင်နွှဲရန် ထောက်ကူပေးသည့်အရာမှာ ယေဟောဝါဘုရားသခင့်မေတ္တာတော် ခံစားရမှုတွင် တည်မြဲနေခြင်းမှတစ်ပါး အခြားမရှိပေ။ မေတ္တာသည် ယေဟောဝါ၏ အဓိကဂုဏ်ရည်ပင်။ (၁ ယောဟန် ၄:၈) ရောမမြို့ရှိ ခရစ်ယာန်များထံ ပေါလုဤသို့ရေးသားခဲ့သည်– “သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။” (ရောမ ၈:၃၈၊ ၃၉) သို့သော် ထိုမေတ္တာတွင် မည်သို့ ကျွန်ုပ်တို့တည်မြဲနိုင်မည်နည်း။ ယုဒ၏အဆိုအရ ကျွန်ုပ်တို့ချမှတ်ဆောင်ရွက်နိုင်သည့် အရာသုံးခုကိုသတိပြုပါ။

၁၄၊ ၁၅။ (က) မိမိတို့၏ “အသန့်ရှင်းဆုံးယုံကြည်ခြင်း” အပေါ်တွင် ကျွန်ုပ်တို့ကိုယ်ကိုတည်ဆောက်ရန်ဟူသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ (ခ) ကျွန်ုပ်တို့၏ဝိညာဉ်ရေးသံချပ်အခြေအနေကို မည်သို့စစ်ဆေးနိုင်သနည်း။

၁၄ ဦးဆုံး၊ ကျွန်ုပ်တို့၏ “အသန့်ရှင်းဆုံးယုံကြည်ခြင်း” အပေါ်တွင် ကျွန်ုပ်တို့ကိုယ်ကို ဆက်၍တည်ဆောက်နေရန် ယုဒကဆိုထားသည်။ (ယုဒ ၂၀၊ ကဘ) ရှေ့ဆောင်းပါးတွင်တွေ့ခဲ့ကြသည့်အတိုင်း ၎င်းသည် ဆက်တိုက်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆိုးဝါးသောရာသီဥတုဒဏ်ကို ပို၍ကြံ့ကြံ့ခံနိုင်ရန်ပြုဖို့လိုအပ်သည့် အဆောက်အဦများနှင့်တူသည်။ (မဿဲ ၇:၂၄၊ ၂၅ နှိုင်းယှဉ်။) ထို့ကြောင့် ယုံကြည်စိတ်ချလွန်းသူများ ဘယ်တော့မျှမဖြစ်ကြစို့နှင့်။ ယင်းအစား၊ ပို၍ခိုင်ခံ့ပြီး ပို၍သစ္စာရှိသော ခရစ်တော်၏စစ်သားများဖြစ်လာရန် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအုတ်မြစ်အပေါ် ကျွန်ုပ်တို့ကိုယ်ကိုတည်ဆောက်နိုင်သောနေရာကို သတိပြုကြစို့။ ဥပမာ၊ ဧဖက် ၆:၁၁-၁၈ တွင်ဖော်ပြထားသော ဝိညာဉ်ရေးသံချပ်ဝတ်စုံကို ကြည့်နိုင်ပါသည်။

၁၅ ကျွန်ုပ်တို့ကိုယ်နှိုက်၏ ဝိညာဉ်ရေးသံချပ်အခြေအနေကား မည်သို့ရှိသနည်း။ ကျွန်ုပ်တို့၏ “ယုံကြည်ခြင်းတည်းဟူသော လွှား” သည် လိုအပ်သလောက် ခိုင်မာမှုရှိ၏လော။ မကြာသေးမီကနှစ်များကို ကျွန်ုပ်တို့ပြန်ကြည့်သည့်အခါ အစည်းအဝေးတက်ရောက်မှုလျော့နည်းခြင်း၊ ဓမ္မအမှုတွင် ဇွဲမရှိတော့ခြင်း၊ သို့မဟုတ် ကိုယ်ပိုင်လေ့လာမှုအတွက် စိတ်အားထက်သန်မှုလျော့သွားခြင်း အစရှိသော ပေါ့လျော့သည့်လက္ခဏာများကို ကျွန်ုပ်တို့တွေ့ရသလော။ ထိုသို့သောလက္ခဏာများသည် စိုးရိမ်ဖွယ်ဖြစ်နေပါသည်တကား! ကျွန်ုပ်တို့သည် သမ္မာတရားတွင် မိမိတို့ကိုယ်ကိုတည်ဆောက်ရန်နှင့် သန်မာစေရန် ယခုပင်လုပ်ဆောင်ရန်လိုသည်။—၁ တိမောသေ ၄:၁၅; ၂ တိမောသေ ၄:၂; ဟေဗြဲ ၁၀:၂၄၊ ၂၅။

၁၆။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဆုတောင်းခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိပြီး ယေဟောဝါအား မှန်မှန်တောင်းလျှောက်သင့်သည့်အရာတစ်ခုကား အဘယ်နည်း။

၁၆ ဘုရားသခင်၏မေတ္တာ၌တည်မြဲစေသည့် ဒုတိယနည်းကား “သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း” ခြင်းဆက်ပြုနေရန်ဖြစ်သည်။ (ယုဒ ၂၀) ယင်းက ယေဟောဝါ၏ဝိညာဉ်တော်သြဇာသက်ရောက်မှုအောက်နှင့် ကိုယ်တော်၏ ဝိညာဉ်တော်မှုတ်သွင်းခံစကားတော်နှင့်အညီ ဆုတောင်းခြင်းကိုဆိုလိုသည်။ ဆုတောင်းခြင်းသည် ပုဂ္ဂိုလ်ရေးအရ ယေဟောဝါနှင့် နီးကပ်လာစေရေးနှင့် ကိုယ်တော်ထံ ကျွန်ုပ်တို့၏ဆည်းကပ်ဝတ်ပြုမှုကို တင်ပြရေးအတွက် အရေးပါသောနည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအံ့ဖွယ်အခွင့်ထူးကို ဘယ်တော့မျှလျစ်လျူမရှုသင့်ပါ! ထို့ပြင် ကျွန်ုပ်တို့ဆုတောင်းကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်အတွက် တောင်းဆို—အမှန်မှာ ဆက်လက်၍တောင်းဆိုနေနိုင်ပါသည်။ (လုကာ ၁၁:၁၃) ယင်းသည် ကျွန်ုပ်တို့ရရှိနိုင်သော အသန်မာဆုံးအစွမ်းခွန်အားဖြစ်သည်။ ထိုသို့သောအကူအညီဖြင့် အစဉ် ဘုရားသခင့်မေတ္တာတော်၌တည်မြဲစေနိုင်ပြီး ခရစ်တော်၏စစ်သားများအဖြစ် ခံနိုင်ရည်ရှိစေနိုင်ပါသည်။

၁၇။ (က) ကရုဏာထားသည့်ကိစ္စတွင် ယုဒ၏ပုံသက်သေသည် အဘယ်ကြောင့် အလွန်မှတ်သားလောက်ဖွယ်ဖြစ်သနည်း။ (ခ) ကျွန်ုပ်တို့တစ်ဦးစီသည် မည်သို့ ဆက်၍ကရုဏာပြနိုင်သနည်း။

၁၇ တတိယအချက်မှာ ကရုဏာကိုဆက်၍ပြသရန် ကျွန်ုပ်တို့အား ယုဒကတိုက်တွန်းသည်။ (ယုဒ ၂၂) ဤကိစ္စတွင် သူကိုယ်တိုင်၏ပုံသက်သေသည် မှတ်သားလောက်ဖွယ်ဖြစ်သည်။ အထူးသဖြင့် ခရစ်ယာန်အသင်းတော်တွင်းသို့ ချွတ်နင်းဝင်ရောက်လာနေသော ယိုယွင်းမှု၊ အကျင့်ပျက်မှုနှင့် အယူဖောက်ပြန်မှုတို့အပေါ် အမှန်ပင် စိုးရိမ်သောကရောက်ခဲ့သည်။ သို့သော်လည်း “ပျော့ပျောင်း” သည့်အရည်အသွေးကဲ့သို့သော ကရုဏာကိုပြသခြင်းသည် ထိုခေတ်အခါတွင် တစ်နည်းနည်းဖြင့် အလွန်အန္တရာယ်ရှိသောအချိန်အခါဟူသည့် အမြင်ကိုပိုက်ကာ ကြောက်ဒူးမတုန်ခဲ့ပေ။ ဤသို့မဖြစ်ဘဲ အတတ်နိုင်ဆုံး ကရုဏာကိုဆက်၍ပြကြရန်၊ သံသယဝင်နေသူများနှင့် ကြင်နာစွာဆင်ခြင်မှုပြုကာ ကြီးလေးသောအပြစ်ကိုပြု၍ လေလွင့်နေသူများကိုပင် ‘မီးထဲမှဆယ်နုတ်’ ရန် သူ၏ညီအစ်ကိုများအား တိုက်တွန်းခဲ့သည်။ (ယုဒ ၂၃; ဂလာတိ ၆:၁) ဤဆင်းရဲခြင်းကာလတွင် အကြီးအကဲများအတွက် အလွန်ကောင်းသော တိုက်တွန်းနှိုးဆော်မှုပါတကား! သူတို့သည်လည်း လိုအပ်သည့်အခါ ခိုင်မာရမည်ဖြစ်သော်လည်း ကရုဏာပြနိုင်သည့်အခြေအမြစ်ရှိသည့်အခါတိုင်းပြသရန် ကြိုးစားကြသည်။ ကျွန်ုပ်တို့အားလုံးသည် အလားတူပင် တစ်ဦးကိုတစ်ဦး ကရုဏာပြလိုကြသည်။ ဥပမာ၊ အသေးအဖွဲကိစ္စများတွင် အခဲမကြေဖြစ်နေမည့်အစား ရှောရှောရှူရှူပင် ကျွန်ုပ်တို့ ခွင့်လွှတ်နိုင်ပါသည်။—ကောလောသဲ ၃:၁၃။

၁၈။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးစစ်ပွဲတွင် အောင်မြင်မှုရမည်ဖြစ်ကြောင်း မည်သို့သေချာနိုင်သနည်း။

၁၈ ကျွန်ုပ်တို့တိုက်သည့်စစ်ပွဲသည် လွယ်ကူသောအရာမဟုတ်ပေ။ ယုဒကဆိုသည့်အတိုင်း ၎င်းသည် “ကြိုးစား၍တိုက်လှန်” ရမည့်အရာဖြစ်သည်။ (ယုဒ ၃) ကျွန်ုပ်တို့၏ရန်သူများသည် တန်ခိုးကြီးမားသူများဖြစ်ကြသည်။ ကျွန်ုပ်တို့ကိုတိုက်ခိုက်သူတို့မှာ စာတန်တစ်ဦးတည်းသာမဟုတ်ဘဲ သူ၏ဆိုးသွမ်းသောလောကနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ မစုံလင်မှုများဖြင့်စီတန်းနေပါသည်။ သို့တိုင် အောင်ပွဲခံမည်ဖြစ်ကြောင်း လုံးဝယုံကြည်စိတ်ချနိုင်ပါသည်! အဘယ်ကြောင့်နည်း။ ယေဟောဝါဘက်၌ ကျွန်ုပ်တို့ရှိနေကြသောကြောင့်ဖြစ်သည်။ ယုဒသည် မိမိ၏စာကို “ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုးနှင့်အစွမ်းသတ္တိအာဏာစက်ရှိတော်မူ” သော ယေဟောဝါ၏ဂုဏ်ရည်တော်ကို အမှတ်ရစေခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ (ယုဒ ၂၅) စိုးရွံ့မိန်းမောဖွယ်ရာမဟုတ်ပေလော။ ထိုဘုရားသခင်သည် “ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကိုစောင့်ရှောက်ခြင်းငှာ . . . တတ်နိုင်တော်မူသော” အရှင်ဖြစ်ကြောင်း သံသယဝင်နိုင်စရာရှိပါသလော။ (ယုဒ ၂၄) လုံးဝမရှိနိုင်ပါ! ကျွန်ုပ်တို့တစ်ဦးစီသည် အကျင့်ယိုယွင်းမှုကိုတိုက်လှန်ရန်၊ ဘုရားသခင်ပေးအခွင့်အာဏာရထားသူကိုလေးစားရန်နှင့် ဘုရားသခင့်မေတ္တာတော်၌ ကျွန်ုပ်တို့ကိုယ်ကိုတည်နေစေရန် စိတ်ပိုင်းဖြတ်ကြစို့။ ထိုသို့ပြုခြင်းဖြင့် ကြီးကျယ်ခမ်းနားသောအောင်ပွဲကို အတူတကွခံစားကြပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ယုဒသည် ကျမ်းပိုဖြစ်သော ဧနောက်ဝတ္ထု မှကိုးကားခြင်းဖြစ်သည်ဟု အချို့သုတေသီများက အခိုင်အမာပြောဆိုကြသည်။ သို့ရာတွင် အာရ်. စီ. အိပ်ချ်. လဲန်းစကီက ဤသို့မှတ်သားဖော်ပြထားသည်– “ကျွန်ုပ်တို့မေးမြန်းလိုသည်ကား ‘ဤဧနောက်ဝတ္ထု အပိုင်းအစ၏ မူလအရင်းခံကား အဘယ်နည်း’ ဟူ၍ဖြစ်သည်။ ယင်းစာအုပ်သည် ထပ်ပေါင်းထားသောစာအုပ်တစ်အုပ်ဖြစ်ပြီး ၎င်းတို့၏ များပြားလှသောအစိတ်အပိုင်းများ၏ရက်စွဲများကို မည်သူကမျှ တပ်အပ်မသိ . . . ယင်း၏ဖော်ပြချက်အချို့သည် ယုဒသြဝါဒစာမှယူမယူကို မည်သူမျှတပ်အပ်မဆိုနိုင်ပါ။”

ပြန်လည်သုံးသပ်ရန်မေးခွန်းများ

◻ အကျင့်ယိုယွင်းမှုကိုတိုက်လှန်ရန် ယုဒ၏စာက မည်သို့သွန်သင်ပေးသနည်း။

◻ ဘုရားပေးအခွင့်အာဏာကို လေးစားခြင်းသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။

◻ အသင်းတော်အခွင့်အာဏာကို အလွဲသုံးစားပြုခြင်းနှင့်ပတ်သက်၍ မည်သည့်အချက်သည် အလွန်အရေးကြီးသနည်း။

◻ ဘုရားသခင့်မေတ္တာ၌တည်နေရန် မည်သို့လုပ်ဆောင်နိုင်သနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ခရစ်ယာန်များသည် ရောမစစ်သားများနှင့်မတူဘဲ ဝိညာဉ်ရေးစစ်ပွဲကိုဆင်နွှဲကြသည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခရစ်ယာန်သိုးထိန်းများသည် ကိုယ်ကျိုးရှာဖို့မဟုတ်ဘဲ မေတ္တာကြောင့်အမှုဆောင်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ