ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၁/၁၅ စာ. ၂၅-၂၇
  • ‘ဘုရားတရားမဲ့သူ ပျက်စီးစေ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ဘုရားတရားမဲ့သူ ပျက်စီးစေ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပေါ်လီကာ့ပ်၏ ငယ်စဉ်တောင်ကျေးဘဝ
  • အခြေခံသမ္မာတရားတို့ကို ထောက်ခံခဲ့
  • စမုရနမြို့တွင် သူ၏လုပ်ငန်း
  • ဘုရားတရားမဲ့သူတို့ကား မည်သူများနည်း
  • အောင်မြင်သူများဖြစ်ရန် ကြိုးပမ်းခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • တမန်တော်များနောက်ပိုင်း ချာ့ချ်ခေါင်းဆောင်များသည် တမန်တော်များ၏သွန်သင်ချက်ကို အမှန်ထောက်ခံပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယုံကြည်သည်ဟု အများဆိုကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • အသင်းတော်များကို ခရစ်တော် မိန့်ဆို၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၁/၁၅ စာ. ၂၅-၂၇

‘ဘုရားတရားမဲ့သူ ပျက်စီးစေ’

လူ ထုကသူ့အား ဘုရားတရားမဲ့သူဟူ၍ သတ်မှတ်သည်။ ဝတ်ပြုကိုးကွယ်ခြင်းကိုဖျက်လိုဖျက်ဆီးပြုကာ သူတို့၏ဘုရားများကို ဖျက်ဆီးလိုသူဟူ၍မြင်ကြသည်။ အထင်သေးအမြင်သေး၊ ရွံရှာခံရလျက် လူထုရှေ့မှောက်ဝယ်အသွင်းခံရလေသည်။ ဘုရင်ခံ၏စစ်ဆေးချက်အရ၊ အသက် ၈၆ နှစ်အရွယ်ရှိခန့်ညားသောသက်ကြီးရွယ်အိုတစ်ဦးရှေ့သို့ထွက်လာကာ မည်သူမည်ဝါဖြစ်ကြောင်း ဖေါ်ပြသည်။ ဤသူကား ပေါ်လီကာ့ပ်အမည်ရှိသူတည်း။

ရောမတိုင်းမှူး စတဲတီယပ်စ်ကွာဒရာတပ်စ်သည် ဤစကားများကိုဆက်ပြောဆိုသည်။ “ကဲသာ၏ပါရမီဖြင့် ကျိန်ဆိုပါ။ သင့်စိတ်ကိုပြောင်းလဲပြီး၊ ‘ဘုရားရှိသည်ဟု မယုံကြည်သူများ ပျက်စီးပါစေ’ ဟုဆိုပါ။” ထိုအခါ ပေါ်လီကာ့ပ်သည် ကစားကွင်းအပြည့်နှင့်ရှိနေသော ဥပဒေမဲ့ ဒိဌိများအစုအဝေးကို စူးစိုက်ကြည့်သည်။ သူတို့အားလက်ဟန်အမူအရာပြ၍ ကောင်းကင်သို့မော်ကြည့်လျက် “ဘုရားရှိသည်ဟုမယုံကြည်သူများ ပျက်စီးပါစေ။” အမှန်ကား ‘ဘုရားတရားမဲ့သူ ပျက်စီးစေ’ ဟုပြောခဲ့သည်။

ထိုနောက် ဘုရင်ခံကသာ၍အရေးတစ်ကြီးဖြင့် ဤသို့ပြောဆိုသည်။ “ကျိန်ဆိုလိုက်ရင်ငါလွှတ်ပေးမယ်။ ခရစ်တော်ကိုဆဲဆိုလိုက်။” သို့သော် ပေါ်လီကာ့ပ်ဤသို့တုံ့ပြန်ခဲ့သည်။ “ကိုယ်တော်၏အမှုကို ၈၆ နှစ်တိုင်တိုင်ကျွန်ုပ်အမှုထမ်းဆောင်ခဲ့ပြီ။ ကျွန်ုပ်အပေါ် အဘယ်ဆိုးကျိုးမှ ပြုတော်မမူခဲ့။ အကျွန်ုပ်ကို ကယ်တင်တော်မူခဲ့သောမင်းကြီးကို အဘယ်နည်းဖြင့် ပြစ်တင်ရှုတ်ချနိုင်မည်နည်း။”

ထိုအခါ သက်ကြီးရွယ်အိုကို သတ်ပစ်ရန် စီစဉ်ကြလေသည်။ သူ့အသားကို မီးရှို့ပစ်ကြမည်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ပေါ်လီကာ့ပ်ကားမည်သူနည်း။ သူအသတ်ခံရရန် အဘယ်အဖြစ်အပျက်များဖြစ်ပျက်ခဲ့သနည်း။

ပေါ်လီကာ့ပ်၏ ငယ်စဉ်တောင်ကျေးဘဝ

အာရှမိုင်းနား စမုရနမြို့ (မျက်မှောက်ခေတ် အစ္စမီရ်အမည်ရှိ တူရကီမြို့တစ်မြို့) တွင် စီအီး ၆၉ ခန့်ကပေါ်လီကာ့ပ် မွေးဖွားခဲ့သည်။ ခရစ်ယာန်မိဘများလက်အောက်တွင် သူကြီးပြင်းလာသည်ဟုဆိုကြသည်။ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်လာသောအခါ၊ ပေါ်လီကာ့ပ်သည် ရက်ရောမှု၊ ကိုယ်ကျိုးစွန့်မှု၊ သူတစ်ပါးအား ကြင်နာစွာဆက်ဆံသူ၊ ကျမ်းစာကို ဝီရိယစိုက်ထုတ်လေ့လာသူတစ်ဦးအဖြစ် နာမည်ရခဲ့သည်။ အတန်ကြာသော် စမုရနအသင်းတော်တွင် အကြီးအကဲတစ်ဦးဖြစ်ခဲ့သည်။

ငယ်စဉ်အချိန်ကပင် ပေါ်လီကာ့ပ်သည် တမန်တော်များထံ၌ နည်းနိဿယနာယူခဲ့သည်ဟုဆိုကြသည်။ သူ့အားသွန်သင်ပို့ချသူတို့တွင် တမန်တော်ယောဟန်ပါဝင်ခဲ့ပေမည်။ ပေါ်လီကာ့ပ်သည် “တမန်တော်များ၏သွန်သင်ပို့ချမှုကိုရရှိခဲ့ရုံမက၊ ခရစ်တော်ကိုတွေ့မြင်ခဲ့ဖူးသူတို့နှင့် ပေါင်းသင်းဆက်ဆံမှုရှိခဲ့ပြီး စမုရနမြို့ရှိအသင်းတော်တွင် အာရှအတွက်အကြီးအကဲတစ်ဦးအဖြစ် တမန်တော်များကိုယ်တိုင် သူ့အားခန့်အပ်ထားကြောင်း” အီရေးနေအပ်စ်ကိုယ်တိုင်ပြောဖူးသည်။ ဤမျှအားရှိစရာကောင်းလှသည့် ပေါင်းသင်းဆက်ဆံမှုမှ ပေါ်လီကာ့ပ်သည် မည်မျှပျော်ရွှင်ကြေနပ်မှုရရှိခဲ့မည်ကို တွေးတောကြည့်နိုင်သည်။ အသင်းတော်တွင် အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းရခြင်းအတွက် ယင်းတို့ကသူ့အားအသင့်ပြင်ဆင်ပေးခဲ့ပေမည်။—တမန်တော် ၂၀:၂၈။ ၁ ပေတရု ၅:၁-၄။

အခြေခံသမ္မာတရားတို့ကို ထောက်ခံခဲ့

အသင်းတော်ကို ပေါ်လီကာ့ပ်ကြီးကြပ်ရသည့်တာဝန်သည် ကြိုတင်ဟောပြောထားသည့် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သောဖောက်ပြန်ခြင်းကာလအတွင်း စတင်ခဲ့သည်။ (၂ သက်သာလောနိတ် ၂:၁-၃) သူတစ်ပါးအကျိုးအလိုငှာ သူ့ကိုယ်သူအသုံးပြုရန် အသင့်ရှိကြောင်း ထင်ရှားသည်။ သို့ဖြစ်သောကြောင့် ရှုရိပြည်၊ အန္တိအုတ်မြို့မှ အစ်ဂ်နေးရှပ်စ်သည် ရောမမြို့၌အသတ်ခံရရန် ခရီးစဉ်တွင် သူ၏ဒေသခံအသင်းတော်သို့ စာတစ်စောင်ပို့ပေးရန် ဖိလိပ္ပိသားအချို့ကိုတောင်းခံခဲ့သောအခါ စမုရနမြို့ရှိ ပေါ်လီကာ့ပ်တာဝန်ယူပို့ပေးခဲ့သည်။ ထိုအချိန်အခါတွင် မိမိ၏စာကိုပါထည့်ပို့ပေးသည်။

ဖိလိပ္ပိမြို့သားများထံပေးပို့သော ပေါ်လီကာ့ပ်စာတွင် ကျမ်းစာဆိုင်ရာသမ္မာတရားအချို့၏ထောက်ခံချက်ကို ကျွန်ုပ်တို့တွေ့ရှိရသည်။ ဘုရားသခင်နှင့်ခရစ်တော်သည် ဖခင်နှင့်သားတော်ဖြစ်ကြောင်း သီးခြားဖေါ်ပြပြီး “ယေရှုခရစ်မှတစ်ဆင့်ဘုရားသခင်၏အလိုတော်အားဖြင့်” ကျွန်ုပ်တို့ကယ်တင်ခြင်းရရှိသည်ဟုဆိုသည်။ ပေါ်လီကာ့ပ်သည် ငွေမတပ်မက်ရန်သတိပေးပြီး၊ မတရားမေထုန်ပြုသူနှင့် ယောက်ျားချင်းမေထုန်ပြုသူများ ဘုရားသခင့်နိုင်ငံတော်မဝင်စားရကြောင်း စာရှုသူတို့အား သတိပေးသည်။ (၁ တိမောသေ ၆:၁၀၊ ၁ ကောရိန္သု ၆:၉၊ ၁၀ နှင့်နှိုင်းယှဉ်ပါ။) ဇနီးသည်များ ကိုယ့်လင်သားများကိုချစ်ရန်၊ အကြီးအကဲများလည်း “သနားကြင်နာကရုဏာရှိကြရန်” မှာကြားသေးသည်။ “ကောင်းမှုကိုကြိုးစားပြုရာတွင် ဇွဲလုံ့လရှိကြရန်” တိုက်တွန်းအားပေးထားသည်။ နောက်ဆုံး၌ ပေါ်လီကာ့ပ်ဤသို့တောင်းပန်သည်။ “သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်နှင့် ဘုရားသခင်၏သားတော်လည်းဖြစ်၊ ကျွန်ုပ်တို့၏ထာဝရယဇ်ပုရောဟိတ်လည်းဖြစ်တော်မူသော ယေရှုခရစ်ကိုယ်တော်တိုင်သည် ယုံကြည်ခြင်းနှင့်သမ္မာတရားဖက်သော်လည်းကောင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ညှာတာခြင်းနှင့်စင်ကြယ်ခြင်းဖက်၌လည်းကောင်း သင်တို့အားတည်ဆောက်ပေးပါလေစေ။”

ကျမ်းစာမှကျမ်းချက်များစွာ ပေါ်လီကာ့ပ် ကိုးကားခဲ့သည်။ ဖိလိပ္ပိအသင်းတော်ထံရေးသားသော သူ၏စာစောင်တွင် မဿဲ၊ တမန်တော်၊ ရောမ၊ ၁ ကောရိန္သု၊ ၂ ကောရိန္သု၊ ဂလာတိ၊ ဧဖက်၊ ၂ သက်သာလောနိတ်၊ ၁ တိမောသေ၊ ၁ ပေတရု နှင့် အခြားကျမ်းချက်များကိုပါ သူကိုးကားခဲ့သည်။ ထိုကြောင့် တမန်တော်များသေဆုံးပြီးနောက် ခဲယဉ်းသောအချိန်ကာလအတွင်း ကျမ်းစာမူများကို ကြိုးစားမှီဝဲသောခရစ်ယာန်အမည်ခံသူအချို့ရှိသေးကြောင်း ယင်းကတင်ပြသည်။

စမုရနမြို့တွင် သူ၏လုပ်ငန်း

အာရှမိုင်းနားတွင် ရှေးကမ်းခြေမြို့တော်ဖြစ်သော စမုရနမြို့သည် စည်ကားသောရောင်းဝယ်ရာမြို့တစ်မြို့ဖြစ်ခဲ့သည်။ နိုင်ငံတော်ကိုးကွယ်ရာဗဟိုလည်းဖြစ်ခဲ့သည်။ ဥပမာ၊ ရောမဧကရာဇ်မင်းများကို ငွေပြားနှင့်ကျောက်ပြားများပေါ်တွင် ဘုရားများအဖြစ်ထင်ရှားစွာဖေါ်ပြလေ့ရှိသည်။ ဧကရာဇ်အာဏာပိုင်ကလည်း ဒိဌိဘာသာရေးအတွေးအခေါ်များကို အားပေးထောက်ခံခဲ့သည်။

စမုရနအသင်းတော်နှင့် ပေါင်းသင်းသူအချို့သည် စီးပွားရေးအရ ဆင်းရဲကြသည်မှာထင်ရှား၏။ သို့သော် တစ်ချိန်တစ်ခါက ဝိညာဉ်ရေးဖက်၌ကြွယ်ဝခဲ့သဖြင့် ချီးကျူးခံခဲ့ရသည်။ တမန်တော်ယောဟန်မှတ်တမ်းတင်ထားသည့် ယေရှု၏စကားများကို စမုရနမြို့ရှိခရစ်ယာန်များ ကြားနာခဲ့ရသောအခါ မည်မျှအားရှိခဲ့မည်တကား။ စမုရနမြို့ရှိ ဘိသိက်ခံအကြီးအကဲများတည်းဟူသော “ကောင်းကင်တမန်” အားခရစ်တော် ဤသို့မိန့်တော်မူခဲ့သည်။ “သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကိုငါသိ၏။ သို့သော်လည်း သင်သည်ကြွယ်ဝပြည့်စုံခြင်းရှိ၏။ ယုဒလူဖြစ်ယောင်ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏အပေါင်းအသင်းဖြစ်သောသူတို့၏ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။ သင်သည်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှမကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌လှောင်ထား၍ သင်တို့သည်ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက်သရဖူကိုငါပေးမည်။”—ဗျာဒိတ် ၂:၈-၁၀။

စမုရနမြို့ရှိအမည်ခံခရစ်ယာန်များ၌ ဝိညာဏကြွယ်ဝမှုကျန်ရှိသေးပါက အသင်းတော်အကြီးအကဲများ၏ ကွပ်ကဲကြီးကြပ်မှုကောင်းသည့်အတွက်ဖြစ်ပါသည်။ ထိုခေတ်အခါတွင် ဘာသာရေးကနောင်းကနင်းနိုင်ထက်စီးနင်းဖြစ်ခဲ့ရာ အသင်းသားများသည် ကွဲပြားဆန့်ကျင်သောအယူအဆ၊ ဂိုဏ်းဂဏများအလယ်တွင် ဝတ်ပြုကိုးကွယ်ခဲ့ရသည်။ သူတို့သက်သေခံရသည့်ရပ်ကွက်သည်လည်း စုန်းကဝေအတတ်၊ နက္ခတ်ဗေဒင်အတတ်ပါအပါအဝင် နတ်ဆိုးနှင့်ဆိုင်သောအကျင့်များလွှမ်းမိုးခဲ့သည်။

ဒိဌိပြည်သားတို့၏ရန်ငြိုးအပြင် ဂျူးများ၏ရွံမုန်းခြင်းကိုလည်းသူတို့ခံရကြသည်။ စီအီး ၁၅၅ ခုနှစ်တွင် ပေါ်လီကာ့ပ်အသတ်ခံရချိန်တွင် အယူသည်းသောဂျူးများလည်း မီးပုံအတွက်ထင်းဝိုင်းဝန်းကောက်ပေးခဲ့ကြောင်းဟုဆိုသည်။ ဥပုသ်ထပ်သည့်နေ့ကြီးတွင် တရားစီရင်ခဲ့လျက်ပင် ယင်းသို့သူတို့ပြုလုပ်ခဲ့သည်။

ဘုရားတရားမဲ့သူတို့ကား မည်သူများနည်း

စမုရနမြို့တွင်နေပြီး သူ၏ရန်သူများ သူ့အားလာဖမ်းဆီးမည့်ရန်ကိုရင်ဆိုင်ရန် သူဆုံးဖြတ်ခဲ့သည်။ သို့သော် အခြားသူတို့၏တိုက်တွန်းမှုကြောင့် အနီးအနားရှိ စိုက်ပျိုးရေးခြံတစ်ခြံ၌ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ သူ့နေရာထိုင်ခင်းကို ရန်သူများသိရှိလာကြောင်း သတင်းရသောအခါ အခြားတစ်နေရာသို့ပုန်းရှောင်မနေတော့ဘဲ “ဘုရားသခင်၏အလိုတော်အတိုင်းဖြစ်ပါလေစေ” ဟူ၍သာဖြေဆိုသည်။

ပေါ်လီကာ့ပ်သည် ကစားကွင်းထဲသို့ဝင်လာကာ ဘုရင်ခံနှင့် ဆူညံနေသောလူအုပ်ရှေ့ရပ်လေသည်။ ကဲသာကို ကိုးကွယ်ဝတ်ပြုဂုဏ်တင်ရန် သူ့အားဘုရင်ခံဆက်တိုက်တွန်းသော်လည်း ပေါ်လီကာ့ပ်က “ငါသည် ခရစ်ယာန်တစ်ဦးဖြစ်သည်။ . . . ခရစ်ယာန်ဘာသာတရားစစ်၏အနက်ကို သင်သိလိုလျှင် ရက်သတ်မှတ်ပေးပြီး နားဆင်ပါ” ဟုရှင်းရှင်းပြောဆိုခဲ့သည်။ ဘုရင်ခံက “လူအုပ်အားဆွေးနွေးတင်ပြကြည့်ပါ” ဟုဖြေဆိုလေသည်။ သို့သော် ပေါ်လီကာ့ပ်က “မင်းအာဏာတို့သည် ကျွန်ုပ်တို့ယုံကြည်ခြင်းကိုမဖောက်ပြန်စေလျှင် မင်းအာဏာကို ထိုက်သင့်စွာရိုသေသမှုပြုရန် ကျွန်ုပ်တို့ပို့ချခံရသဖြင့် တရားတော်ကို ဘုရင်ခံနှင့်ပင် ဆွေးနွေးထိုက်သည်ဟု အကျွန်ုပ်ယူဆသည်။” များမကြာမီပင် ပေါ်လီကာ့ပ်သည် နှက်တိုင်တင်မီးရှို့သတ်ခံခဲ့ရသည်။ သူ၏ပြစ်မှုကား ယေရှုခရစ်တော်ကို မငြင်းပယ်ခြင်းပင်ဖြစ်သည်။

ခရစ်ယာန်တစ်ဦးအနေနှင့် ပေါ်လီကာ့ပ်အနေအထားကို ဘုရားသခင်သာဆုံးဖြတ်ပေးနိုင်တော်မူသည်။ ယနေ့ကော။ ခရစ်ယာန်စစ်မြောက်မြားစွာတို့သည်လည်း ခရစ်တော်ကိုငြင်းပယ်ကြမည်မဟုတ်ပေ။ ထို့အစား ကိုယ်တော်သည် ကောင်းကင်တွင် နန်းထိုင်နေတော်မူသော ဘုရားသခင့်မေရှိယဘုရင်ဖြစ်ကြောင်း သူတို့ကြွေးကြော်ကြသည်။ ကမ္ဘာသူကမ္ဘာသားများကြုံကြိုက်ရမည့် အကြီးမားဆုံးပြောင်းလဲမှုဖြစ်သော “ကြီးစွာသောဒုက္ခ” နှင့်ပတ်သက်သည့် ယေရှု၏ပရောဖက်ပြုချက် ပြည့်စုံရမည်အကြောင်း ယေဟောဝါ၏ဤသက်သေခံများ တင်ပြနေကြသည်။ သို့ရာတွင် ယင်းက လူသားအပေါင်းပျက်စီးသွားမည်ကိုဆိုလိုနေခြင်းမဟုတ်ဘဲ ဆိုးသွမ်းမှုနိဂုံးချုပ်မည်ကိုဆိုလိုနေပါသည်။ ဖြောင့်မတ်သောငြိမ်းချမ်းသာယာသည့် ကမ္ဘာသစ်အတွင်း ကယ်တင်ခွင့်ရရှိနိုင်ပေသည်။—မဿဲ ၂၄:၁၃၊ ၂၁၊ ၃၄။ ၂ ပေတရု ၃:၁၃။

ဤသတင်းကောင်းသယ်ဆောင်သူတို့အား မည်သူအတိုက်အခံပြုလိုသနည်း။ “ဘုရားဝတ်၌မွေ့လျော်ဟန်ဆောင်သော်လည်း” ဘုရားတရားမဲ့သူများသာလျှင် အတိုက်အခံပြုကြပေမည်။ (၂ တိမောသေ ၃:၅) မှောက်မှားသောဘာသာရေးသွန်သင်ချက်များက လူအချို့အားမျက်စိကွယ်စေခဲ့ပြီ။ များစွာသောသူတို့သည် “လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သောသြဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်” နေကြသည်။(၁ တိမောသေ ၄:၁) မျက်မှောက်ခေတ်ခရစ်ယာန်များ သေသည်တိုင် ဘုရားတရားမဲ့သူတို့လက်ချက်ဖြင့် ဆင်းရဲခြင်းအမျိုးမျိုးခံခဲ့ရပြီ။ သို့သော် ယေဟောဝါ၏သစ္စာရှိကျေးကျွန်များသည် ဘယ်သောအခါမျှ ရှုံးနိမ့်မည်မဟုတ်ပါ။ အကြောင်းမူကား၊ အဆုံး၌သူတို့သည်ဘုရားသခင်ထံမှ ထာဝရအသက်ဆုကို ရရှိမည်အမှန်။ ဤအချိန်အတောအတွင်း ဘုရားသခင့်နိုင်ငံတော်သတင်းကို သစ္စာရှိရှိကြွေးကြော်သောဤသူတို့သည် ကျမ်းစာဆိုင်ရာသမ္မာတရားကို ခိုင်မာစွာအားပေးထောက်ခံကြမည်တည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ