ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • re အခန်း ၄၀ စာ. ၂၈၆-၂၉၅
  • မြွေ၏ခေါင်းကိုကြိတ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြွေ၏ခေါင်းကိုကြိတ်ခြင်း
  • ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာတန် တွင်းနက်ကြီးထဲသို့ ပစ်ချခံရခြင်း
  • အနှစ်တစ်ထောင်အတွက် တရားသူကြီးများ
  • ကျန်ကြွင်းသောလူသေများ
  • ပထမထမြောက်ခြင်း
  • နောက်ဆုံးစမ်းသပ်မှု
  • ကန့်မီးအိုင်
  • နိစ္စထာဝရ နေ့ညမပြတ် ညှဉ်းဆဲခြင်း
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ကောင်းမွန်တဲ့အနာဂတ်
    လူသေတွေရဲ့ဝိညာဉ်—ကောင်းကျိုးပြုနိုင်သလား၊ အန္တရာယ်ပေးနိုင်သလား။ တကယ်ကော တည်ရှိရဲ့လား။
  • စာတန်မာရ်နတ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဝိညာဏဘောင်တွင်ရှိ အစိုးရသူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
re အခန်း ၄၀ စာ. ၂၈၆-၂၉၅

အခန်း ၄၀

မြွေ၏ခေါင်းကိုကြိတ်ခြင်း

ရူပါရုံ ၁၄ ဗျာဒိတ် ၂၀:၁-၁၀

အကြောင်းအရာ– စာတန်ကို တွင်းနက်ထဲသို့ပစ်ချခြင်း၊ အနှစ်တစ်ထောင်အုပ်စိုးခြင်း၊ လူသားများခံရသော နောက်ဆုံး စမ်းသပ်ခြင်းနှင့် စာတန်ဖျက်ဆီးခံရခြင်း

ပြည့်စုံချိန်– ဆင်းရဲဒုက္ခကြီးအဆုံးမှ စာတန်ဖျက်ဆီးခံရခြင်းအထိ

၁။ ပထမဆုံး ကျမ်းစာပရောဖက်ပြုချက် မည်သို့ဆက်လက် ပြည့်စုံလာသနည်း။

ပထမဆုံး ကျမ်းစာပရောဖက်ပြုချက်ကို သင်သတိရသေးသလော။ “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်” ဟုမြွေအား ယေဟောဝါဘုရားသခင် မိန့်ကြားစဉ် မြွက်ဆိုခဲ့ရာဖြစ်သည်။ (ကမ္ဘာဦး ၃:၁၅) ၎င်းပရောဖက်ပြုချက်၏ ပြည့်စုံခြင်းသည် ယခုအထွတ်အထိပ်သို့ ရောက်လေပြီ။ ယေဟောဝါ၏ မိန်းမနှင့်တူသော ကောင်းကင်ဆိုင်ရာ အဖွဲ့အစည်းအား စာတန်တိုက်ခိုက်သောသမိုင်းကို ကျွန်ုပ်တို့ ခြေရာခံခဲ့ပြီဖြစ်၏။ (ဗျာဒိတ် ၁၂:၁၊ ၉) စာတန်၏မြေကြီးဆိုင်ရာ အမျိုးအနွယ်သည် ၎င်း၏ဘာသာရေး၊ နိုင်ငံရေး၊ ဧရာမစီးပွားရေးတို့ ပူးပေါင်း၍ မိန်းမ၏အမျိုးအနွယ် ယေရှုခရစ်နှင့် မြေကြီးပေါ်ရှိ ၁၄၄,၀၀၀ သော ဘိသိက်ခံ နောက်တော်လိုက်များကို ရက်စက်ကြမ်းကြုတ်စွာ အကြီးအကျယ် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီ။ (ယောဟန် ၈:၃၇၊ ၄၄; ဂလာတိ ၃:၁၆၊ ၂၉) စာတန်သည် ယေရှုအား ပြင်းထန်သော ဝေဒနာကိုခံစားလျက် သေစေခဲ့သည်။ သို့ရာတွင် ၎င်းသည် ဖနောင့်ဒဏ်ရာလောက်သာဖြစ်၏။ အကြောင်းမှာ တတိယနေ့၌ မိမိ၏သစ္စာရှိသားတော်ကို ဘုရားသခင် ထမြောက်စေတော်မူ၏။​—တမန်တော် ၁၀:၃၈-၄၀။

၂။ မြွေသည် မည်သို့ကြိတ်ခံရပြီး ၎င်း၏မြေကြီးဆိုင်ရာ အမျိုးအနွယ်သည် အဘယ်အဖြစ်နှင့် တွေ့ကြုံရသနည်း။

၂ မြွေနှင့် မြွေ၏အမျိုးအနွယ်ကော။ အေဒီ ၅၆ ခုနှစ်ခန့်၌ ရောမမြို့ရှိ ခရစ်ယာန်များထံ တမန်တော်ပေါလု စာရှည်တစ်စောင် ရေးခဲ့သည်။ စာ၏နိဂုံး၌ “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက် [“ကြိတ်၊” ကဘ] တော်မူမည်” ဟုဆိုကာ သူတို့ကို အားပေးလိုက်သည်။ (ရောမ ၁၆:၂၀) ၎င်းသည် အပေါ်ယံလောက်သာ ထိခိုက်ဒဏ်ရာရစေခြင်းမဟုတ်။ စာတန်သည် ကြိတ်ခြင်းခံရမည်တည်း။ ဤနေရာ၌ ပေါလုက ဂျယ်လီနှင့်တူသော အခြေအနေဖြစ်အောင် ထုခြေသည်၊ နင်းခြေသည်၊ ကြိတ်၍ဖျက်ဆီးပစ်သည် ဟူ၍အဓိပ္ပာယ်ရှိသော ဂရိစကားလုံး syn·triʹbo (စင်ထရစ်ဘို) ကိုအသုံးပြု၏။ မြွေ၏လူသားဆိုင်ရာ အမျိုးအနွယ်မှာမူ သခင့်နေ့တော်၌ ကပ်တိုက်ခြင်းကို ကောင်းစွာခံရမည်ဖြစ်ပြီး ဆင်းရဲဒုက္ခကြီး၌ မဟာဗာဗုလုန်နှင့် ကမ္ဘာ့နိုင်ငံရေးစနစ်တို့သည် ၎င်းတို့၏စီးပွားရေး၊ စစ်ရေးဆိုင်ရာ လက်ပါးစေများနှင့်အတူ ချေမှုန်းခြင်းခံရသောအခါ ဇာတ်သိမ်းကြလိမ့်မည်။ (ဗျာဒိတ်အခန်းကြီး ၁၈ နှင့် ၁၉) ဤနည်းဖြင့် ယေဟောဝါသည် အမျိုးအနွယ်နှစ်ခုစပ်ကြားရှိရန်ငြိုးကို အထွတ်အထိပ်သို့ ရောက်စေတော်မူလိမ့်မည်။ ဘုရားသခင့်မိန်းမ၏ အမျိုးအနွယ်သည် မြွေ၏မြေကြီးဆိုင်ရာ အမျိုးအနွယ်အပေါ် အောင်ပွဲခံသဖြင့် မြွေ၏အမျိုးအနွယ် ရှိတော့မည်မဟုတ်။

စာတန် တွင်းနက်ကြီးထဲသို့ ပစ်ချခံရခြင်း

၃။ စာတန်သည် အဘယ်အဖြစ်နှင့် တွေ့ကြုံရမည်ဟု ယောဟန်ဆိုသနည်း။

၃ သို့ဖြစ်၍ စာတန်နှင့်သူ၏ နတ်ဆိုးများအဖို့ အဘယ်အရာသိုထားသနည်း။ ယောဟန်ဤသို့ဆို၏– “ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် လက်ထဲ၌ တွင်းနက်ကြီး၏သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်မှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ သူသည် မာရ်နတ် စာတန်ဖြစ်သူ မူလမြွေ နဂါးကြီးကို ဖမ်းဆီး၍ အနှစ်တစ်ထောင် ချည်နှောင်လေ၏။ ထိုအနှစ်တစ်ထောင် မကုန်မချင်း လူမျိုးတို့ကို နောက်တစ်ဖန် မလှည့်ဖြားနိုင်စေရန် ကောင်းကင်တမန်က သူ့ကို တွင်းနက်ကြီးထဲသို့ ပစ်ချ၍ တွင်းကိုပိတ်ပြီးလျှင် သူ့အပေါ်၌ တွင်းကို တံဆိပ်ခတ်လေ၏။ ဤအမှုအရာများနောက်၌ သူ့ကို တစ်ခဏ လွှတ်ရလိမ့်မည်။”​—ဗျာဒိတ် ၂၀:၁-၃။

၄။ တွင်းနက်ကြီး၏သော့ကိုကိုင်သော ကောင်းကင်တမန်ကား မည်သူဖြစ်၍ ကျွန်ုပ်တို့ မည်သို့သိနိုင်သနည်း။

၄ ဤကောင်းကင်တမန်ကား မည်သူနည်း။ သူသည် ယေဟောဝါ၏ အဓိကရန်သူကို ရှင်းပစ်နိုင်လောက်အောင် ကြီးမားသောအစွမ်းတန်ခိုး ရှိရပေမည်။ သူ့လက်၌ “တွင်းနက်ကြီး၏သော့နှင့် သံကြိုးကြီး” ရှိ၏။ ယင်းအချက်က စောစောပိုင်းကရူပါရုံကို သတိမရစေပေလော။ မှန်ပေသည်၊ ကျိုင်းကောင်များ၏ဘုရင်ကို “တွင်းနက်ကြီး၏ ကောင်းကင်တမန်” ဟုခေါ်တွင်၏။ (ဗျာဒိတ် ၉:၁၁) သို့ဖြစ်၍ ဤနေရာ၌ ယေဟောဝါအား အဓိက သင်္ကာယနကင်းစေသူ၊ ဘုန်းပွင့်သောယေရှုခရစ် လှုပ်ရှားဆောင်ရွက်သည်ကို ကျွန်ုပ်တို့တွေ့ရပြန်ပြီ။ စာတန်ကို ကောင်းကင်မှပစ်ချခဲ့သူ၊ မဟာဗာဗုလုန်ကို တရားစီရင်ခဲ့သူ၊ အာမဂေဒုန်၌ “မြေကြီးဘုရင်များ [နှင့်] သူတို့၏တပ်များ” ကိုရှင်းပစ်ခဲ့သူ ဤကောင်းကင်တမန်မင်းသည် စာတန်ကို လက်သံပြောင်စွာ တွင်းနက်ကြီးထဲသို့ ပစ်ချသည့်ကိစ္စကို ကိုယ်တိုင်မဆောင်ရွက်ဘဲ လက်ပိုက်၍နေပြီး မိမိထက်အဆင့်နိမ့်သော ကောင်းကင်တမန်အား ဆောင်ရွက်စေမည်မဟုတ်။​—ဗျာဒိတ် ၁၂:၇-၉; ၁၈:၁၊ ၂; ၁၉:၁၁-၂၁။

၅။ တွင်းနက်ကြီး၏ကောင်းကင်တမန်သည် စာတန်မာရ်နတ်အား မည်သို့ပြုသနည်း၊ အဘယ်ကြောင့်နည်း။

၅ မီးနီရောင် နဂါးကြီးသည် ကောင်းကင်မှ ပစ်ချခံရသောအခါ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသော မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း ခေါ်ဝေါ်ခြင်းခံရသူ မူလမြွေ” ဟု သမုတ်ခံရ၏။ (ဗျာဒိတ် ၁၂:၃၊ ၉) ဖမ်းဆီးခံရ၍ တွင်းနက်ကြီးထဲသို့ ပစ်ချခံရသည့် ယခုအခိုက်မှာလည်း “မာရ်နတ် စာတန်ဖြစ်သူ မူလမြွေ နဂါးကြီး” ဟူ၍ အမည်အပြည့်အစုံဖြင့် ဖော်ပြခြင်းခံရပြန်၏။ နာမည်ဆိုး ဟိုးဟိုးကျော်သော ဤဝါးမျိုသူ၊ လှည့်ဖြားသူ၊ အသရေရှုတ်ချသူ၊ ဆန့်ကျင်သူသည် သံကြိုးဖြင့်ချည်နှောင်၍ “တွင်းနက်ကြီးထဲသို့” ပစ်ချခံရလေ၏။ “လူမျိုးများကို နောက်တစ်ဖန် မလှည့်ဖြားနိုင်စေရန်” တွင်းနက်ကြီးကိုပိတ်၍ တင်းတင်းကျပ်ကျပ် တံဆိပ်ခတ်လိုက်၏။ စာတန်ကို တွင်းနက်ကြီးထဲ၌ အနှစ်တစ်ထောင် ချုပ်နှောင်ထားရန်ဖြစ်၏။ ထိုအချိန်အတွင်း လူသားများအပေါ် စာတန်သြဇာလွှမ်းမိုးနိုင်သော အတိုင်းအတာမှာ မြေအောက်အကျဉ်းတိုက်ထဲမှ အကျဉ်းသား၏ ဩဇာလောက်သာရှိမည်။ တွင်းနက်ကြီး၏ ကောင်းကင်တမန်က စာတန်ကို ဖြောင့်မတ်သောနိုင်ငံတော်နှင့် လုံးဝအဆက်အသွယ် ပြတ်စေ၏။ လူသားများအဖို့ စိတ်သက်သာရာ ရခြင်းပါတကား။

၆။ (က) နတ်ဆိုးများလည်း တွင်းနက်ကြီးသို့လားကြကြောင်း အဘယ်သာဓကရှိသနည်း။ (ခ) ယခု အဘယ်အရာစတင်နိုင်ပြီနည်း၊ အဘယ်ကြောင့်နည်း။

၆ နတ်ဆိုးများ မည်သို့ဖြစ်ကြသနည်း။ သူတို့လည်း “စစ်ကြောစီရင်ခြင်းအလိုငှာ ချုပ်ထား” ခြင်းခံရကြ၏။ (၂ ပေတရု ၂:၄) စာတန်ကို “နတ်ဆိုးမင်း ဗေလဇေဗုလ” ဟုခေါ်၏။ (လုကာ ၁၁:၁၅၊ ၁၈; မဿဲ ၁၀:၂၅) နတ်ဆိုးများသည် စာတန်နှင့် နှစ်ရှည်လများ ကြံရာပါလုပ်လာကြသည်ဖြစ်ရာ ထပ်တူစီရင်ချက်ခံဖို့ မသင့်ပေလော။ နတ်ဆိုးများ တွင်းနက်ကြီးကို ကြောက်ခဲ့ကြသည်မှာ ကြာလှပြီ။ တစ်ခါက သူတို့ကိုယေရှု ရင်ဆိုင်တော်မူသောအခါ သူတို့က “‘အကျွန်ုပ်တို့အား တွင်းနက်ကြီးထဲသို့ လားစေရန် အမိန့်ပေးတော်မမူပါနှင့်’ ဟု တောင်းပန်ကြ၏။” (လုကာ ၈:၃၁၊ ခမ) သို့သော် စာတန် တွင်းနက်ကြီးထဲသို့ ပစ်ချခံရသောအခါ သူ၏ကောင်းကင်တမန်များလည်း သူနှင့်အတူ တွင်းနက်ကြီးထဲသို့ ပစ်ချခံရမည်မုချ။ (ဟေရှာယ ၂၄:၂၁၊ ၂၂ နှိုင်းယှဉ်။) စာတန်နှင့် သူ၏နတ်ဆိုးတို့ကို တွင်းနက်ကြီးထဲသို့ ပစ်ချလိုက်သောအခါ ယေရှုခရစ်၏ အနှစ်တစ်ထောင်အုပ်စိုးမှု စတင်နိုင်ပြီဖြစ်၏။

၇။ (က) စာတန်နှင့်အပေါင်းပါနတ်ဆိုးများသည် တွင်းနက်ကြီးထဲရှိနေစဉ် အဘယ်အခြေအနေ၌ရှိမည်နည်း၊ ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။ (ခ) ဟေးဒီးစ်နှင့် တွင်းနက်ကြီးတို့သည် အတူတူလော။ (အောက်ခြေမှတ်ချက်ကိုရှု။)

၇ စာတန်နှင့် သူ၏နတ်ဆိုးတို့သည် တွင်းနက်ကြီးထဲ၌ရှိကြစဉ် တက်ကြွလှုပ်ရှားလျက်နေမည်လော။ “အစ၌ရှိသော်လည်း ယခုမရှိ၊ သို့တမူ၊ မကြာမီ တွင်းနက်ကြီးထဲမှတက်လာ” မည့် ခေါင်းခုနစ်လုံးရှိသည့် နီမြန်းသောသားရဲကို ပြန်သတိရပါ။ (ဗျာဒိတ် ၁၇:၈) ၎င်းသည် တွင်းနက်ကြီးထဲ၌ရှိစဉ် “မ [တည်] ရှိ” ချေ။ လုပ်ဆောင်ခြင်း၊ လှုပ်ရှားခြင်းမရှိ၊ သေသည်နှင့်မခြား ကြံစည်ရည်ရွယ်ခြင်းမရှိ။ ထို့နည်းတူ ယေရှုနှင့်ပတ်သက်၍ တမန်တော်ပေါလုက “ခရစ်တော်ကို သေခြင်းမှထမြောက်စေခြင်းငှာ နက်နဲရာ [“တွင်းနက်ကြီး၊” ကဘ] ထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်း” ဟုဆို၏။ (ရောမ ၁၀:၇) ယေရှုသည် တွင်းနက်ကြီးထဲ၌ရှိစဉ် သေလျက်ရှိတော်မူ၏။a သို့ဖြစ်၍ စာတန်နှင့် သူ၏နတ်ဆိုးများသည် အနှစ်တစ်ထောင်အတွင်း တွင်းနက်ကြီးထဲ၌ရှိစဉ် သေသည်နှင့်မခြား မလှုပ်မယှက်ဘဲနေသည်ဟု ဆိုနိုင်သည်။ ဖြောင့်မတ်ခြင်းတရား မြတ်နိုးသူများအဖို့ သတင်းကောင်းပါတကား။

အနှစ်တစ်ထောင်အတွက် တရားသူကြီးများ

၈၊ ၉။ ပလ္လင်များပေါ်တွင် ထိုင်နေသူများနှင့်ပတ်သက်၍ ယောဟန်မည်သို့ဆိုသနည်း၊ ထိုသူတို့ကား မည်သူများနည်း။

၈ အနှစ်တစ်ထောင်ပြီးနောက် စာတန်သည် တွင်းနက်ကြီးထဲမှ တစ်ခဏလွတ်လာ၏။ အဘယ်ကြောင့်နည်း။ အဖြေမပေးမီ ထိုအချိန်ပိုင်း၏အစကို ကျွန်ုပ်တို့အား ယောဟန် အာရုံပြုစေ၏။ ဤသို့ဖတ်ရပါသည်– “ထို့နောက် ပလ္လင်များကို ငါမြင်ရ၏။ ထိုပလ္လင်များပေါ်တွင် ထိုင်နေသူများလည်းရှိ၏။ တရားစီရင်ခြင်း တန်ခိုးအာဏာကို သူတို့အား အပ်နှင်းတော်မူ၏။” (ဗျာဒိတ် ၂၀:၄က) ကောင်းကင်ဘုံ၌ ဘုန်းပွင့်သောယေရှုနှင့်အတူ ပလ္လင်များပေါ်ထိုင်ပြီးအုပ်စိုးသော ဤသူတို့မှာ မည်သူများနည်း။

၉ သူတို့ကား “လူသားနှင့်တူသောသူ” နှင့်အတူ နိုင်ငံတော်၌ အုပ်စိုးကြသူများအဖြစ် ဒံယေလဖော်ပြသည့် “သန့်ရှင်းသူတို့” ဖြစ်ကြ၏။ (ဒံယေလ ၇:၁၃၊ ၁၄၊ ၁၈) ယေဟောဝါရှေ့တော် ကောင်းကင်ပလ္လင်များပေါ်မှာထိုင်သော အကြီးအကဲ ၂၄ ပါးနှင့် အတူတူပင်ဖြစ်၏။ (ဗျာဒိတ် ၄:၄) သူတို့တွင် တမန်တော် ၁၂ ပါးပါဝင်၏။ တမန်တော်များအား ယေရှုက “အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ့်နှစ်ခုသော ပလ္လင်ပေါ်မှာထိုင်လျက် ဣသရေလလူတစ်ဆယ့်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတ္တံ့” ဟု ကတိပေးတော်မူ၏။ (မဿဲ ၁၉:၂၈) ပေါလုနှင့် သစ္စာတည်ကြည်သူ ကောရိန္သုခရစ်ယာန်များလည်းပါဝင်၏။ (၁ ကောရိန္သု ၄:၈; ၆:၂၊ ၃) အောင်နိုင်သူ လောဒိကိအသင်းတော်သားများလည်း ပါဝင်ကြမည်။​—ဗျာဒိတ် ၃:၂၁။

၁၀။ (က) ၁၄၄,၀၀၀ သောဘုရင်များအကြောင်းကို ယောဟန် ယခု မည်သို့ဆိုသနည်း။ (ခ) စောစောပိုင်းက ယောဟန်အဆိုအရ မည်သူများသည် ၁၄၄,၀၀၀ သောဘုရင်များတွင် ပါဝင်သနည်း။

၁၀ ပလ္လင် ၁၄၄,၀၀၀ ခု ပြင်ဆင်ထား၏။ “ဘုရားသခင်နှင့် သိုးသငယ်အဖို့ အသီးဦးများအဖြစ် လူသားတို့ထဲမှ ဝယ်ယူတော်မူသော” ဤဘိသိက်ခံ အောင်နိုင်သူများအဖို့ဖြစ်၏။ (ဗျာဒိတ် ၁၄:၁၊ ၄) ယောဟန် ဆက်၍ဆို၏– “မှန်ပေ၏၊ ယေရှုအတွက် သက်သေခံခြင်း၊ ဘုရားသခင်အကြောင်း ဟောပြောခြင်း အတွက်ကြောင့် ပုဆိန်ဖြင့် ကွပ်မျက်ခံရသော သူတို့ကိုလည်းကောင်း၊ သားရဲကိုဖြစ်စေ၊ သားရဲ၏ ရုပ်တုကိုဖြစ်စေ မကိုးကွယ်၊ နဖူးနှင့်လက်ပေါ်တွင် အမှတ်တံဆိပ်ကို မခံသောသူတို့ကိုလည်းကောင်း ငါမြင်ရ၏။” (ဗျာဒိတ် ၂၀:၄ခ) သို့ဖြစ်၍၊ စောစောပိုင်း၌ ပဉ္စမတံဆိပ်ဖွင့်စဉ် မိမိတို့သွေးအတွက် လက်စားချေရန် မည်မျှကြာကြာ စောင့်ဆိုင်းတော်မူမည်နည်းဟု ယေဟောဝါအား မေးလျှောက်ကြသည့် ဘိသိက်ခံခရစ်ယာန် အာဇာနည်များသည် ထိုဘုရင်များတွင် ပါဝင်ကြ၏။ ထိုသို့မေးလျှောက်ကြစဉ် သူတို့အား ဝတ်လုံဖြူကိုပေးပြီး နောက်ထပ်အချိန်အနည်းငယ် စောင့်ဆိုင်းကြရန် မှာတော်မူ၏။ ယခုသော် မဟာဗာဗုလုန်ကိုဖျက်ဆီးခြင်း၊ လူမျိုးများကို ဘုရင်တကာတို့၏ဘုရင် သခင်တကာတို့၏သခင်က ဖျက်ဆီးခြင်း၊ စာတန်ကိုတွင်းနက်ကြီးထဲသို့ ပစ်ချခြင်းအားဖြင့် သူတို့အဖို့ လက်စားချေတော်မူပြီ။​—ဗျာဒိတ် ၆:၉-၁၁; ၁၇:၁၆; ၁၉:၁၅၊ ၁၆။

၁၁။ (က) “ပုဆိန်ဖြင့်ကွပ်မျက်ခံရ” ဟူသောစကားကို ကျွန်ုပ်တို့ မည်သို့နားလည်ရမည်နည်း။ (ခ) ၁၄၄,၀၀၀ ရှိသမျှ “ယဇ်ပူဇော်ရာသေခြင်း” ဖြင့် သေကြသည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။

၁၁ ၁၄၄,၀၀၀ သော ဤသမာဓိရှင် တရားသူကြီးအားလုံး ပကတိ “ပုဆိန်ဖြင့် ကွပ်မျက်ခံ” ရသလော။ စာသားအတိုင်း ထိုသို့ကွပ်မျက်ခံရသူ အနည်းငယ်သာရှိဟန်တူသည်။ သို့တစေ၊ တစ်နည်းမဟုတ် တစ်နည်းဖြင့် အာဇာနည်အဖြစ် အသက်စတေးခံသူ ဘိသိက်ခံခရစ်ယာန်အားလုံးကို ရည်ညွှန်းသည့်သဘောအရ ထိုသို့သုံးနှုန်းခြင်းဖြစ်သည်။b (မဿဲ ၁၀:၂၂၊ ၂၈) စာတန်သည် ထိုသူ အားလုံးကို ပုဆိန်ဖြင့်သတ်ဖြတ်ချင်သည်မှာ ဆိုဖွယ်မရှိ။ သို့ရာတွင် ယေရှု၏ဘိသိက်ခံညီတော်အားလုံး အာဇာနည်များအဖြစ် သေဆုံးခဲ့ကြသည်မဟုတ်။ သူတို့ထဲမှများစွာမှာ ရောဂါဖြင့်၊ သို့မဟုတ် အသက်ကြီး၍သေကြ၏။ သို့တစေ၊ ဤသူများလည်း ယခုယောဟန်မြင်ရသောအုပ်စု၌ ပါဝင်ကြသည်။ သူတို့အားလုံး၏သေခြင်းသည် တစ်နည်းအားဖြင့် ယဇ်ပူဇော်ရာသေခြင်းဖြစ်၏။ (ရောမ ၆:၃-၅) ထို့ပြင် သူတို့တစ်ယောက်မျှ လောက၏အစိတ်အပိုင်းမဟုတ်။ ထို့ကြောင့် လောကသည် သူတို့အားလုံးကိုမုန်း၍ လူသေများအဖြစ် မြင်ကြ၏။ (ယောဟန် ၁၅:၁၉; ၁ ကောရိန္သု ၄:၁၃) သူတို့တစ်ယောက်မျှ သားရဲနှင့်သားရဲ၏ ရုပ်တုကိုမကိုးကွယ်၊ သေသောအခါလည်း တစ်ယောက်မျှ သားရဲ၏အမှတ်တံဆိပ် ပါမသွားကြချေ။ သူတို့အားလုံး အောင်နိုင်သူများအဖြစ် သေဆုံးကြသည်။​—၁ ယောဟန် ၅:၄; ဗျာဒိတ် ၂:၇; ၃:၁၂; ၁၂:၁၁။

၁၂။ ၁၄၄,၀၀၀ သောဘုရင်များနှင့်ပတ်သက်၍ ယောဟန် မည်သို့တင်ပြသနည်း၊ သူတို့သည် အဘယ်အချိန်၌ အသက်ရှင်လာကြသနည်း။

၁၂ ဤအောင်နိုင်သူတို့သည် ပြန်ရှင်လာကြပြီ။ ယောဟန်ဤသို့တင်ပြ၏– “သူတို့သည် အသက်ရှင်လာကြပြီးလျှင် ဘုရင်များအဖြစ် ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင် အုပ်စိုးကြရ၏။” (ဗျာဒိတ် ၂၀:၄ ဂ) ဤအချက်က လူမျိုးများကိုဖျက်ဆီးခြင်း၊ စာတန်နှင့် သူ၏နတ်ဆိုးများကို တွင်းနက်ကြီးထဲ၌ ချုပ်ထားခြင်း မပြီးမချင်း ထိုတရားသူကြီးတို့သည် မထမြောက်ဟု ဆိုလိုသလော။ မဆိုလိုပါ။ သူတို့သည် ယေရှုနှင့်အတူ အာမဂေဒုန်၌ တိုင်းနိုင်ငံများကို ချီတက်တိုက်ခိုက်ခဲ့ပြီဖြစ်ရာ သူတို့အနက် အများထုသည် အသက်ရှင်နေပြီဖြစ်၏။ (ဗျာဒိတ် ၂:၂၆၊ ၂၇; ၁၉:၁၄) အမှန်မှာ သူတို့၏ထမြောက်ခြင်းသည် ၁၉၁၄ ခုနှစ်တွင် ယေရှုရောက်ရှိတော်မူခြင်း ဖြစ်ပျက်၍မကြာမီမှာပင် စတင်ကြောင်း၊ အချို့သည် အခြားသူများထက်စော၍ ထမြောက်ကြောင်း ပေါလုတင်ပြ၏။ (၁ ကောရိန္သု ၁၅:၅၁-၅၄; ၁ သက်သာလောနိတ် ၄:၁၅-၁၇) ထို့ကြောင့် သူတို့သည် မသေနိုင်သော ကောင်းကင်အသက်ဆုကို တစ်ဦးချင်းရရှိကြသည်နှင့်အမျှ အချိန်ကာလပိုင်းတစ်ခုအတွင်း အသက်ပြန်ရှင်လာကြခြင်းဖြစ်သည်။​—၂ သက်သာလောနိတ် ၁:၇; ၂ ပေတရု ၃:၁၁-၁၄။

၁၃။ (က) ၁၄၄,၀၀၀ အုပ်စိုးရာ အနှစ်တစ်ထောင်ကို ကျွန်ုပ်တို့ မည်သို့ယူမှတ်သင့်သနည်း၊ အဘယ်ကြောင့်နည်း။ (ခ) ဟိုင်ရပ်ပလစ္စမြို့သား ပပိုင်းယပ်စ်က အနှစ်တစ်ထောင်ကို မည်သို့ယူမှတ်သနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)

၁၃ သူတို့၏အုပ်ချုပ်ခြင်းနှင့် တရားစီရင်ခြင်းသည် အနှစ်တစ်ထောင် တာရှည်လိမ့်မည်။ ၎င်းသည် ပကတိ အနှစ်တစ်ထောင်လော။ သို့မဟုတ် သတ်မှတ်ထားခြင်းမရှိသော ရှည်လျားသည့်ကာလပိုင်းကို ပုံခိုင်းသည်ဟု ယူမှတ်ရန်လော။ “ထောင်” ဂဏန်းသည် ၁ ဓမ္မရာဇဝင် ၂၁:၁၁ မှာကဲ့သို့ ကြီးမားသော အကန့်အသတ်မဲ့ အရေအတွက်ကို ဆိုလိုနိုင်သည်။ သို့သော် ဗျာဒိတ် ၂၀:၅-၇ ၌ “ထို အနှစ်တစ်ထောင်” ဟူ၍ သုံးကြိမ်ဖော်ပြထားသည်ဖြစ်၍ ၎င်းသည် ပကတိ ထောင်ဂဏန်းဖြစ်၏။ “လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ” ဟု ပေါလုဆိုသောအခါ ဤတရားစီရင်ရာကာလကို “နေ့ရက်” ဟုသမုတ်၏။ (တမန်တော် ၁၇:၃၁) ပေတရုက ယေဟောဝါအဖို့ တစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့ ဖြစ်သည်ဟုဆိုသောကြောင့် ထိုတရားစီရင်ရာနေ့ရက်သည် ပကတိ အနှစ်တစ်ထောင်ဖြစ်သည်မှာ ဆီလျော်၏။c​—၂ ပေတရု ၃:၈။

ကျန်ကြွင်းသောလူသေများ

၁၄။ (က) “ကျန်ကြွင်းသောလူသေတို့” နှင့်ပတ်သက်၍ ယောဟန် ဘာထည့်ရေးသနည်း။ (ခ) တမန်တော်ပေါလု၏ အဘယ်ရေးသားချက်များက “အသက်ရှင်လာ” ဟူသောအသုံးအနှုန်းကို ရှင်းလင်းစေသနည်း။

၁၄ ဤနေရာ၌ တမန်တော်ယောဟန် ထည့်သွင်းရေးသားသည့်အတိုင်း “(ကျန်ကြွင်းသော လူသေတို့သည် ထိုအနှစ်တစ်ထောင် မကုန်မီ အသက်ရှင်မလာကြ)” လျှင် ထိုဘုရင်တို့သည် မည်သူများကို တရားစီရင်ကြမည်နည်း။ (ဗျာဒိတ် ၂၀:၅က) ‘အသက်ရှင်လာ’ ဟူသောစကားကို ရှေ့နောက်စကားနှင့်အညီ နားလည်ရန် လိုပြန်သည်။ ဤအသုံးအနှုန်းသည် အခြေအနေအလိုက် အဓိပ္ပာယ်ပြောင်းသွားနိုင်သည်။ ဥပမာ၊ ပေါလုက မိမိ၏ ဘိသိက်ခံခရစ်ယာန်ချင်းတို့နှင့် စပ်လျဉ်း၍ ဤသို့ဆို၏– “ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။” (ဧဖက် ၂:၁) မှန်ပေသည်၊ ဝိညာဉ်တော်ဖွား ခရစ်ယာန်များအား ပထမရာစုမှာပင် “အသက်ရှင်စေတော်မူပြီ။” သူတို့သည် ယေရှု၏ယဇ်ကို ယုံကြည်ခြင်းအပေါ် အခြေခံ၍ ဖြောင့်မတ်သည်ဟု ကြေညာတော်မူခြင်းကို ခံရကြပြီဖြစ်၏။​—ရောမ ၃:၂၃၊ ၂၄။

၁၅။ (က) ခရစ်ယာန်အကြိုခေတ်က ယေဟောဝါသက်သေများသည် ဘုရားသခင်ရှေ့၌ အဘယ်ရပ်တည်မှုမျိုးရှိသနည်း။ (ခ) အခြားသိုးများ မည်သို့ “အသက်ရှင်လာ” ကြသနည်း၊ အဘယ်အချိန်တွင် မြေကြီးကို အပြည့်အဝ အပိုင်ရကြမည်နည်း။

၁၅ ထို့နည်းတူ၊ ခရစ်ယာန်အကြိုခေတ်က ယေဟောဝါသက်သေများလည်း ဘုရားသခင့် မိတ်သဟာယနှင့်ဆိုင်၍ ဖြောင့်မတ်သူများအဖြစ် ကြေညာတော်မူခြင်း ခံရကြသည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့သည် ရုပ်ခန္ဓာ၌ သေလွန်ပြီဖြစ်သော်လည်း “အသက်ရှင်” လျက်ရှိသည်ဟု ဆိုထား၏။ (မဿဲ ၂၂:၃၁၊ ၃၂; ယာကုပ် ၂:၂၁၊ ၂၃) သို့တစေ၊ သူတို့နှင့် အခြားထမြောက်လာသူများအပြင် အာမဂေဒုန်ကိုကပ်ကျော်သော အခြားသိုးများနှင့် ကမ္ဘာသစ်၌ မွေးဖွားလာကြမည့် ကလေးများသည် လူ့စုံလင်ခြင်းအဖြစ်သို့ တက်လှမ်းရန်လိုသေး၏။ ခရစ်တော်နှင့် ကိုယ်တော်၏ တွဲဖက်ဘုရင်များက အနှစ်တစ်ထောင် တရားစီရင်ရာနေ့အတွင်း ယေရှု၏ရွေးနုတ်ဖိုးယဇ်ကို အခြေပြု၍ ၎င်းကိုဖြစ်မြောက်စေကြမည်။ ထိုနေ့ရက်ကုန်ဆုံးသောအခါ “ကျန်ကြွင်းသော လူသေတို့” သည် စုံလင်သောလူသားများဖြစ်လာကြသည် ဟူသောအဓိပ္ပာယ်မျိုးဖြင့် “အသက်ရှင်လာ” ကြမည်။ ကျွန်ုပ်တို့ တွေ့ရမည်ဖြစ်သည့်အတိုင်း ထိုအချိန်၌ သူတို့သည် နောက်ဆုံးစမ်းသပ်ခြင်းကို ခံရကြမည်။ သို့သော် စုံလင်သောလူသားအဖြစ် ၎င်းကိုရင်ဆိုင်ရမည်ဖြစ်၏။ ၎င်းစမ်းသပ်မှုကို ကျော်လွှားအောင်မြင်သောအခါ ဘုရားသခင်က သူတို့ကို ထာဝစဉ်အသက်ရှင်ထိုက်သူများ၊ အပြည့်အဝ ဖြောင့်မတ်သူများအဖြစ် ကြေညာတော်မူမည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအပိုင်ရ၍ အစဉ်အမြဲ နေထိုင်ရကြလိမ့်မည်” ဟူသောကတိတော် လုံးလုံးလျားလျားပြည့်စုံလာသည်ကို သူတို့တွေ့ကြုံရလိမ့်မည်။ (ဆာလံ ၃၇:၂၉၊ သမ္မာ) နာခံသူလူသားများအဖို့ နှစ်လို့ဖွယ် အနာဂတ်ပါတကား။

ပထမထမြောက်ခြင်း

၁၆။ ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ် စိုးစံကြသောသူများ ကြုံကြိုက်သည့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ယောဟန်မည်သို့ဖော်ပြသနည်း၊ အဘယ်ကြောင့်နည်း။

၁၆ ယောဟန်က “အသက်ရှင်လာကြပြီး ဘုရင်များအဖြစ် ခရစ်တော်နှင့်အတူ အုပ်စိုးကြ” သူများအကြောင်းကို ပြန်ဖော်ပြပြီး “ဤကား ပထမထမြောက်ခြင်းပင်ဖြစ်သည်” ဟုရေး၏။ (ဗျာဒိတ် ၂၀:၅ခ) မည်သို့မည်ပုံ ပထမဖြစ်သနည်း။ အချိန်ကာလအရ “ပထမထမြောက်ခြင်း” ဖြစ်၏။ အကြောင်းမှာ ထိုသို့ထမြောက်သူတို့သည် “ဘုရားသခင်နှင့် သိုးသငယ်အဖို့ အသီးဦးများ” ဖြစ်ကြ၏။ (ဗျာဒိတ် ၁၄:၄) အရေးပါမှု၌လည်း ပထမဖြစ်၏။ အကြောင်းမှာ ထိုထမြောက်ခြင်းတွင် ပါဝင်သူများသည် ကောင်းကင်နိုင်ငံတော်၌ ယေရှု၏ တွဲဖက်အုပ်စိုးရှင်များ ဖြစ်လာကြပြီး ကျန်လူသားများအပေါ် တရားစီရင်ကြရ၏။ နောက်ဆုံးတစ်ချက်အနေနှင့် ၎င်းသည် အရည်အသွေး၌လည်း ပထမဖြစ်၏။ ယေရှုခရစ်မှလွဲလျှင် ပထမထမြောက်ခြင်း၌ ထမြောက်လာသူများသာ ကျမ်းစာထဲတွင် မသေနိုင်သောအဖြစ်ကိုရကြသည့် သတ္တဝါများအဖြစ် ဖော်ပြခံရကြသည်။​—၁ ကောရိန္သု ၁၅:၅၃; ၁ တိမောသေ ၆:၁၆။

၁၇။ (က) ဘိသိက်ခံခရစ်ယာန်များ၏ ကောင်းချီးပြည့်ဝသည့် အနာဂတ်အလားအလာအကြောင်းကို ယောဟန်မည်သို့ဖော်ပြသနည်း။ (ခ) “ဒုတိယသေခြင်း” ကား အဘယ်အရာဖြစ်သနည်း၊ ၎င်းသည် အဘယ်ကြောင့် ၁၄၄,၀၀၀ သော အောင်နိုင်သူများအပေါ် “အခွင့်အာဏာမရှိ” သနည်း။

၁၇ ဤဘိသိက်ခံများအဖို့ မွန်မြတ်လှသော အနာဂတ်ပါတကား။ ယောဟန် ကြေညာသည့်အတိုင်း “ပထမထမြောက်ခြင်း၌ ပါဝင်သောသူ မည်သူမဆို ပျော်ရွှင်၏၊ သန့်ရှင်း၏။ ဒုတိယသေခြင်းသည် သူတို့အပေါ် အခွင့်အာဏာမရှိ။” (ဗျာဒိတ် ၂၀:၆က) စမုရနမြို့မှ ခရစ်ယာန်များအား ယေရှုကတိပြုတော်မူသည့်အတိုင်း “ပထမထမြောက်ခြင်း” ၌ပါဝင်သော ဤအောင်နိုင်သူတို့သည် ထမြောက်ခြင်းမျှော်လင့်ချက်မရှိသော ဖျက်ဆီးခြင်း၊ ပျက်သုဉ်းခြင်းတည်းဟူသော “ဒုတိယသေခြင်း” ၏ဘေးပြုခြင်းကို ခံရတော့မည်မဟုတ်။ (ဗျာဒိတ် ၂:၁၁; ၂၀:၁၄) ဒုတိယသေခြင်းသည် ထိုအောင်နိုင်သူများအပေါ် အခွင့်အာဏာမရှိ။ အကြောင်းမှာ သူတို့သည် မပုပ်ပျက် မသေပျောက်နိုင်သည့်အဖြစ်ကို ဝတ်ဆောင်ထားပြီဖြစ်၏။​—၁ ကောရိန္သု ၁၅:၅၃။

၁၈။ မြေကြီး၏ဘုရင်သစ်များနှင့်ပတ်သက်၍ ယောဟန်ယခုဘာပြောသနည်း။ သူတို့သည် အဘယ်အမှုကို ပြီးမြောက်စေမည်နည်း။

၁၈ သူတို့သည် စာတန့်သြဇာ လွှမ်းမိုးရာကာလရှိ မြေကြီးဘုရင်များနှင့် အခြားကြီး ခြားနားလှသည်တကား။ ထိုဘုရင်များသည် အများဆုံး အနှစ် ၅၀ သို့မဟုတ် ၆၀ သာ အုပ်စိုးနိုင်ပြီး အများစုမှာ နှစ်အနည်းငယ်သာ အုပ်စိုးကြရ၏။ ထိုဘုရင်အများသည် လူသားများကို ဖိနှိပ်ချုပ်ချယ်ခဲ့ကြ၏။ မည်သို့ပင်ဖြစ်စေ၊ လူမျိုးတို့သည် တစ်မင်းတက်တစ်မင်းဆင်းပြီး ပေါ်လစီအမြဲပြောင်းလဲနေသော အုပ်စိုးရှင်များလက်အောက်၌ အဓွန့်ရှည်သောအကျိုးကျေးဇူးကို မည်သို့ခံစားနိုင်ကြမည်နည်း။ မြေကြီး၏အုပ်စိုးရှင် အသစ်များသည် ဤသူတို့နှင့်မတူ၊ “သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်တို့၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြလိမ့်မည်။ ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင် အုပ်စိုးကြရလိမ့်မည်” ဟု ယောဟန်ဆို၏။ (ဗျာဒိတ် ၂၀:၆ခ) သူတို့သည် ယေရှုနှင့်အတူ အနှစ်တစ်ထောင်အတွက် တစ်ခုတည်းသောအစိုးရအဖြစ် ဖွဲ့စည်းကြလိမ့်မည်။ သူတို့၏ယဇ်ပုရောဟိတ်လုပ်ငန်းသည် ယေရှု၏စုံလင်သော လူသားယဇ်အကျိုးကိုအသုံးပြု၍ နာခံသောလူများအား ဝိညာဏ၊ စာရိတ္တနှင့် ကာယဆိုင်ရာ စုံလင်ခြင်းအဖြစ်သို့ တက်လှမ်းစေလိမ့်မည်။ သူတို့၏ဘုရင်ဆိုင်ရာလုပ်ငန်းကြောင့် ယေဟောဝါ၏ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို ရောင်ပြန်ဟပ်သော ကမ္ဘာလုံးဆိုင်ရာ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာလိမ့်မည်။ ယေရှုနှင့်အတူ တရားသူကြီးများအနေနှင့် သူတို့သည် လက်ခံလိုက်နာသောလူသားများအား မေတ္တာရှေ့ထား၍ ထာဝရအသက်ပန်းတိုင်သို့ လမ်းညွှန်ကြလိမ့်မည်။​—ယောဟန် ၃:၁၆။

နောက်ဆုံးစမ်းသပ်မှု

၁၉။ အနှစ်တစ်ထောင်အုပ်ချုပ်မှုအဆုံး၌ မြေကြီးနှင့် လူသားတို့အခြေအနေ မည်သို့ဖြစ်လာမည်နည်း။ ယေရှုဘာပြုတော်မူမည်နည်း။

၁၉ အနှစ်တစ်ထောင် အုပ်စိုးခြင်းအဆုံး၌ တစ်ကမ္ဘာလုံး မူလဧဒင်ကဲ့သို့ ဖြစ်လာလိမ့်မည်။ ပရဒိသု ဧကန်စင်စစ် ဖြစ်လာမည်။ အာဒံ၏အပြစ်သည် အစအနမကျန် ပယ်ရှားခံရ၍ နောက်ဆုံးရန်သူ သေခြင်းလည်း ပျောက်ကွယ်သွားပြီဖြစ်ရာ စုံလင်သောလူသားများအဖို့ ဘုရားသခင့်ရှေ့တော်၌ ကြားဖျန်ပေးသော ယဇ်ပုရောဟိတ်မင်းတစ်ပါး ရှိရန်မလိုတော့။ ခရစ်တော်၏နိုင်ငံတော်သည် ကမ္ဘာတစ်ခု အစိုးရတစ်ခု ဟူသော ဘုရားသခင့်ရည်ရွယ်ချက်ကို ဖော်ဆောင်ခဲ့ပြီးဖြစ်လိမ့်မည်။ ထိုအခါ ယေရှုသည် “မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူ” မည်။​—၁ ကောရိန္သု ၁၅:၂၂-၂၆; ရောမ ၁၅:၁၂။

၂၀။ နောက်ဆုံးစမ်းသပ်ရန် အချိန်တန်သောအခါ ဘာဖြစ်မည်ဟု ယောဟန်ဆိုသနည်း။

၂၀ နောက်ဆုံးစမ်းသပ်ချိန်တန်ပြီ။ စုံလင်ခြင်းသို့ရောက်ပြီဖြစ်သော ထိုလူသားလောကသည် ဧဒင်မှ ပထမလူသားများနှင့်မတူဘဲ သမာဓိစောင့်ထိန်းကြမည်လော။ ယောဟန်ဤသို့ဖော်ပြ၏– “ထိုအနှစ်တစ်ထောင် ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် စာတန်သည် ထောင်ထဲမှ လွတ်လာပြီးလျှင် ဂေါဂနှင့် မာဂေါဂ တည်းဟူသော မြေကြီး၏ လေးမျက်နှာမှ ထိုလူမျိုးများကို လှည့်ဖြားရန် ထွက်သွား၍ သူတို့အား စစ်တိုက်ရန် စုဝေးစေလိမ့်မည်။ ဤသူတို့၏ အရေအတွက်သည် သမုဒ္ဒရာသဲလုံးတမျှ ဖြစ်၏။ သူတို့သည် မြေကြီးအနှံ့အပြားသို့ ချီတက်လာပြီးလျှင် သန့်ရှင်းသူတို့၏ တပ်စခန်းနှင့် မြတ်နိုးတော်မူသောမြို့ကို ဝိုင်းကြ၏။”​—ဗျာဒိတ် ၂၀:၇-၉က။

၂၁။ နောက်ဆုံးအားထုတ်သည့်အနေနှင့် စာတန်မည်သို့ပြုမည်နည်း၊ အနှစ်တစ်ထောင်အကုန်မှာပင် အချို့လူများ စာတန့်နောက်သို့လိုက်ကြမည်ကို အဘယ်ကြောင့် မအံ့သြသင့်သနည်း။

၂၁ စာတန်၏ နောက်ဆုံးအားထုတ်မှုသည် ဘာဖြစ်မည်နည်း။ သူသည် “ဂေါဂနှင့် မာဂေါဂ တည်းဟူသော မြေကြီး၏ လေးမျက်နှာမှ ထိုလူမျိုးများကို” လှည့်ဖြား၍ သူတို့ကို “စစ်တိုက်ရန်” ခေါ်ဆောင်သွား၏။ ရွှင်လန်းအားရဖွယ် သီအိုကရက်တစ်အုပ်ချုပ်မှု၏ အနှစ်တစ်ထောင်နောက်ပိုင်း၌ အဘယ်သူသည် စာတန်ဘက်သို့ လိုက်ဖို့အကြောင်း ရှိနိုင်မည်နည်း။ စုံလင်သောအာဒံနှင့်ဧဝ ဧဒင်ပရဒိသု၌ ဘဝမွေ့လျော်နေကြစဉ် သူတို့ကို စာတန်လှည့်ဖြားနိုင်ခဲ့ကြောင်း မမေ့ပါနှင့်။ မူလပထမပုန်ကန်မှု၏ ဆိုးကျိုးများကိုမြင်ခဲ့ကြသော ကောင်းကင်တမန်များကိုလည်း စာတန်လမ်းလွဲစေနိုင်ခဲ့သည်။ (၂ ပေတရု ၂:၄; ယုဒ ၆) ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်၏ ကြည်နူးနှစ်သက်ဖွယ် အုပ်ချုပ်မှု အနှစ်တစ်ထောင်နောက်ပိုင်းမှာပင် စုံလင်သောလူသားအချို့ စာတန်နောက်သို့ လိုက်လိုသောဆန္ဒ ဖြစ်ပေါ်လာမည်ကို ကျွန်ုပ်တို့မအံ့သြသင့်။

၂၂။ (က) “မြေကြီး၏လေးမျက်နှာမှ ထိုတိုင်းနိုင်ငံများ” ဟူသောအသုံးအနှုန်းက ဘာကိုပြသနည်း။ (ခ) ပုန်ကန်သူများကို “ဂေါဂနှင့်မာဂေါဂ” ဟူ၍ အဘယ်ကြောင့်ခေါ်သနည်း။

၂၂ သမ္မာကျမ်းစာက ထိုပုန်ကန်သူများကို “မြေကြီး၏ လေးမျက်နှာမှ . . . လူမျိုးများ” ဟုခေါ်ဆို၏။ ဤအချက်က လူသားများသည် တသီးတခြားစီရပ်တည်သော အမျိုးသားနိုင်ငံရေးအဖွဲ့များအဖြစ်သို့ တစ်ဖန်ကွဲပြားသွားကြမည်ဟု မဆိုလိုပါ။ သူတို့သည် ဖြောင့်မတ်၍ သစ္စာစောင့်သိသော ယေဟောဝါ၏လူများနှင့် အုပ်စုခွဲကာ ယနေ့လူမျိုးများ၏ ဉာဉ်ဆိုးမျိုး ပြကြမည်ဟုသာ ဆိုလို၏။ သူတို့သည် မြေကြီးပေါ်က သီအိုကရက်တစ်အစိုးရကို ဖျက်ဆီးရန်ကြံရွယ်လျက် ယေဇကျေလ ပရောဖက်ပြုချက်ပါ မာဂေါဂပြည်သား ဂေါဂမင်းကဲ့သို့ “မကောင်းသောအကြံကိုကြံစည်” ကြလိမ့်မည်။ (ယေဇကျေလ ၃၈:၃၊ ၁၀-၁၂) ထို့ကြောင့် သူတို့အား “ဂေါဂနှင့် မာဂေါဂ” ဟူ၍ခေါ်ခြင်းဖြစ်သည်။

၂၃။ ပုန်ကန်သူများ၏အရေအတွက်သည် “သမုဒ္ဒရာသဲလုံးတမျှဖြစ်၏” ဟူသောအချက်က ဘာကိုပြသနည်း။

၂၃ စာတန်နှင့်ပူးပေါင်း၍ ပုန်ကန်ကြသောသူတို့သည် “သမုဒ္ဒရာသဲလုံးတမျှဖြစ်၏။” ၎င်းသည် မည်မျှများသနည်း။ တင်ကူး၍ သတ်မှတ်ထားခြင်းမရှိပါ။ (ယောရှု ၁၁:၄; တရားသူကြီး ၇:၁၂ နှိုင်းယှဉ်။) ပုန်ကန်သူတို့၏ နောက်ဆုံး စုစုပေါင်းအရေအတွက်မှာ စာတန်၏လှည့်ဖြားချက်ကို လူတစ်ဦးချင်း မည်သို့တုံ့ပြန်သည်အပေါ် မူတည်သည်။ သို့တစေ၊ သူတို့သည် “သန့်ရှင်းသူတို့၏ တပ်စခန်းနှင့် မြတ်နိုးတော်မူသောမြို့” ကိုသိမ်းပိုက်နိုင်မည်ဟု ထင်ကြသည်ဖြစ်၍ အရေအတွက် တော်တော်များပေလိမ့်မည်။

၂၄။ (က) “မြတ်နိုးတော်မူသောမြို့တော်” ကား အဘယ်အရာဖြစ်သနည်း၊ ၎င်းကို မည်သို့ဝိုင်းနိုင်သနည်း။ (ခ) “သန့်ရှင်းသူများ၏စခန်း” က ဘာကိုတင်စားသနည်း။

၂၄ “မြတ်နိုးတော်မူသောမြို့” ကား ဗျာဒိတ် ၃:၁၂ ၌ ယေရှုခရစ်က မိမိနောက်တော်လိုက်များအား မိန့်မြွက်သောမြို့၊ “ငါ၏ဘုရားသခင့် အထံတော်၊ ကောင်းကင်မှ ဆင်းသက်သည့် ယေရုရှလင်မြို့သစ် တည်းဟူသော ငါ၏ဘုရားသခင့်မြို့တော်” ဖြစ်ရပေမည်။ ၎င်းသည် ကောင်းကင်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ရကား အဆိုပါမြေကြီးဆိုင်ရာ တပ်များက မည်သို့ ‘ဝိုင်း’ နိုင်မည်နည်း။ “သန့်ရှင်းသူတို့၏ တပ်စခန်းကို” ဝိုင်းခြင်းဖြင့်ဖြစ်၏။ တပ်စခန်းသည် မြို့ပြင်၌ရှိ၏။ ထို့ကြောင့် “သန့်ရှင်းသူတို့၏ တပ်စခန်း” သည် ယေဟောဝါ၏ အစိုးရအစီအစဉ်ကို သစ္စာရှိရှိထောက်ခံသော၊ ယေရုရှလင်မြို့သစ်၏ ကောင်းကင်ဆိုင်ရာတည်နေရာ အပြင်ဘက်ရှိ မြေကြီးပေါ်ရှိ ပုဂ္ဂိုလ်များကို တင်စားခြင်းဖြစ်ရမည်။ စာတန့်လက်အောက်ခံ သူပုန်များ ထိုသစ္စာရှိများကို တိုက်ခိုက်ကြသောအခါ သခင်ယေရှုက မိမိကိုတိုက်သည်ဟု ယူမှတ်တော်မူ၏။ (မဿဲ ၂၅:၄၀၊ ၄၅) မြေကြီးကို ပရဒိသုဖြစ်စေခြင်းတွင် ကောင်းကင်ဆိုင်ရာ ယေရုရှလင်မြို့သစ် လုပ်ဆောင်ခဲ့သမျှကို “ထိုလူမျိုးများ” က ပယ်ဖျက်ရန် အားထုတ်ကြလိမ့်မည်။ ထို့ကြောင့် “သန့်ရှင်းသူတို့၏ တပ်စခန်း” ကိုတိုက်ခိုက်သောအခါ “မြတ်နိုးတော်မူသောမြို့တော်” ကိုပါ တိုက်ခိုက်ရာရောက်၏။

ကန့်မီးအိုင်

၂၅။ “သန့်ရှင်းသူများ၏စခန်း” ကိုတိုက်ခိုက်ရာမှ အဘယ်ရလဒ်ဖြစ်ပေါ်လာကြောင်း ယောဟန်တင်ပြသနည်း၊ ၎င်းသည် စာတန့်အဖို့ အဘယ်အဓိပ္ပာယ်ရှိသနည်း။

၂၅ ဤနောက်ဆုံးသော စာတန့်အားထုတ်မှုသည် အောင်မြင်မည်လော။ မုချ အောင်မြင်မည်မဟုတ်။ ကျွန်ုပ်တို့ခေတ်၌ ဝိညာဏဣသရေလအပေါ် ဆင်နွှဲလတ္တံ့သော မာဂေါဂပြည်သား ဂေါဂမင်း၏တိုက်ခိုက်မှုသည် အောင်မြင်မည် မဟုတ်သကဲ့သို့ပင်။ (ယေဇကျေလ ၃၈:၁၈-၂၃) ယောဟန်က ရလဒ်ကို ဤသို့ကွင်းကွင်းကွက်ကွက်တင်ပြ၏– “သို့သော် ကောင်းကင်မှမီးကျ၍ သူတို့ကို ဝါးမျိုဖျက်ဆီးလေ၏။ သူတို့ကို လှည့်ဖြားသောသူ မာရ်နတ်သည်လည်း သားရဲနှင့် မိစ္ဆာပရောဖက်တို့ ရောက်နှင့်ရာ ကန့်မီးအိုင်ထဲသို့ ပစ်ချခံရ၏။” (ဗျာဒိတ် ၂၀:၉ခ-၁၀က) ဤတစ်ကြိမ်တွင် မူလမြွေစာတန်သည် တွင်းနက်ကြီးထဲသို့ ပစ်ချခံရမည့်အစား ပျောက်ပျက်သည်တိုင် ကြိတ်နယ်ခြင်း၊ ချေမှုန်းခြင်းခံရမည်၊ မီးဖြင့်ကျွမ်းလောင်သည့်အလား လုံးလုံးဖျက်ဆီးခြင်း အမှန်တကယ် ခံရလိမ့်မည်။

၂၆။ “ကန့်မီးအိုင်” သည် အဘယ်ကြောင့် ပကတိညှဉ်းဆဲရာနေရာ မဖြစ်နိုင်သနည်း။

၂၆ “ကန့်မီးအိုင်” သည် ပကတိညှဉ်းဆဲရာနေရာတစ်ခု မဟုတ်နိုင်ကြောင်း ကျွန်ုပ်တို့သိခဲ့ရပြီဖြစ်၏။ (ဗျာဒိတ် ၁၉:၂၀) ယေဟောဝါသည် စာတန်အား ပြင်းပြသောညှဉ်းဆဲခြင်းကို ထာဝစဉ်ခံစေမည်ဆိုလျှင် သူ့ကိုအရှင်ထားရပါလိမ့်မည်။ သို့သော် အသက်ဟူသည် ဆုလာဘ်ဖြစ်၍ အပြစ်ဒဏ်မဟုတ်။ သေခြင်းသာလျှင် အပြစ်ဒဏ်ဖြစ်၏။ သေသောသတ္တဝါများဆိုလျှင်လည်း ကျမ်းစာအရ ဝေဒနာမခံရကြ။ (ရောမ ၆:၂၃; ဒေသနာ ၉:၅၊ ၁၀) ထို့ပြင် သေခြင်းကိုယ်နှိုက် ဟေးဒီးစ်နှင့်အတူ ကန့်မီးအိုင်ထဲသို့ ပစ်ချခံရသည်ဟု နောက်ပိုင်း၌ ကျွန်ုပ်တို့ဖတ်ရ၏။ သေခြင်းနှင့်ဟေးဒီးစ်တို့သည် ဘယ်နည်းနှင့်မျှ ဝေဒနာခံစားနိုင်သည်မဟုတ်။​—ဗျာဒိတ် ၂၀:၁၄။

၂၇။ သောဒုံနှင့် ဂေါမောရမြို့တို့၏အဖြစ်သနစ်က ကန့်မီးအိုင်အကြောင်းကိုနားလည်ရန် မည်သို့အထောက်အကူပြုသနည်း။

၂၇ ဤအချက်အလုံးစုံက ကန့်မီးအိုင်သည် ပုံခိုင်းချက်မျှသာဖြစ်သည်ဟူသော အမြင်ကို ခိုင်လုံစေ၏။ ထို့ပြင် မီးနှင့်ကန့်အကြောင်းက ကြီးလေးသောဆိုးသွမ်းမှုကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကိုခံရသော ရှေးသောဒုံနှင့် ဂေါမောရမြို့များကို သတိရစေသည်။ အချိန်စေ့သောအခါ “ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့်မီးမိုးကို ရွာစေတော်မူ၏။” (ကမ္ဘာဦး ၁၉:၂၄) ထိုမြို့နှစ်မြို့ ကြုံရသောအဖြစ်ကို ‘ထာဝရမီးဒဏ်’ ဟုခေါ်သည်။ (ယုဒ ၇) သို့တစေ ထိုမြို့နှစ်မြို့သည် ထာဝစဉ်ညှဉ်းဆဲခြင်း မခံရပါ။ အကျင့်ယုတ်ညံ့သော ထိုမြို့သားများနှင့်တကွ ထာဝစဉ်ပယ်ရှားခြင်း၊ အစအနမကျန် ဖျောက်ဖျက်ခြင်းကိုသာ ခံရ၏။ ထိုမြို့တို့သည် ယနေ့ မတည်ရှိတော့ချေ။ ၎င်းတို့၏တည်နေရာကိုလည်း မည်သူမျှ တပ်အပ်မသိ။

၂၈။ ကန့်မီးအိုင်ကား အဘယ်အရာဖြစ်သနည်း၊ ၎င်းသည် သေခြင်း၊ ဟေးဒီးစ်၊ တွင်းနက်ကြီးတို့နှင့် မည်သို့ခြားနားသနည်း။

၂၈ ယင်းအချက်နှင့်အညီ ကျမ်းစာကိုယ်နှိုက်က ကန့်မီးအိုင်၏အဓိပ္ပာယ်ကို ဤသို့ရှင်းပြ၏– “၎င်းသည် ဒုတိယသေခြင်း၊ မီးအိုင်ကိုဆိုလို၏။” (ဗျာဒိတ် ၂၀:၁၄) ၎င်းသည် ဆိုးယုတ်သူများ ထာဝစဉ်ညှဉ်းဆဲခံရာမဟုတ်ဘဲ ထာဝစဉ်ဖျက်ဆီးခြင်း ခံရာအရပ်တည်းဟူသော ယေရှုမိန့်ဆိုသည့်ဂေဟင်္နာနှင့် အတူတူပင်ဖြစ်သည်မှာ ထင်ရှား၏။ (မဿဲ ၂၀:၂၈) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်မရှိ၊ အပြီးအငြိမ်း လုံးဝဖျက်ဆီးခြင်းဖြစ်၏။ ထို့ကြောင့် သေခြင်း၊ ဟေးဒီးစ်နှင့် တွင်းနက်ကြီးတို့ကိုဖွင့်ရန် သော့များရှိသော်လည်း ကန့်မီးအိုင်ကိုဖွင့်သော သော့အကြောင်း ဆိုမထားချေ။ (ဗျာဒိတ် ၁:၁၈; ၂၀:၁) မီးအိုင်သည် မိမိ၏အကျဉ်းသားများကို ဘယ်တော့မျှလွှတ်မည်မဟုတ်။​—မာကု ၉:၄၃-၄၇ နှိုင်းယှဉ်။

နိစ္စထာဝရ နေ့ညမပြတ် ညှဉ်းဆဲခြင်း

၂၉၊ ၃၀။ မာရ်နတ်၊ သားရဲနှင့် မိစ္ဆာပရောဖက်တို့အကြောင်း ယောဟန်ဘာပြောသနည်း၊ ၎င်းကို မည်သို့နားလည်ရန်ဖြစ်သနည်း။

၂၉ ယောဟန်က မာရ်နတ်၊ သားရဲ၊ မိစ္ဆာပရောဖက်တို့နှင့်ပတ်သက်၍ ဤသို့ဆို၏– “သူတို့သည် နိစ္စထာဝရ နေ့ညမပြတ် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။” (ဗျာဒိတ် ၂၀:၁၀ခ) ဘာကိုဆိုလိုခြင်း ဖြစ်နိုင်သနည်း။ အထက်ကဆိုခဲ့သည့်အတိုင်း သားရဲနှင့် မိစ္ဆာပရောဖက်အပြင် သေခြင်းနှင့်ဟေးဒီးစ် အစရှိသော အထိမ်းအမှတ်များသည် ပကတိညှဉ်းဆဲခြင်းကို ခံစားနိုင်သည်ဟုဆိုခြင်းသည် မဆီလျော်ချေ။ သို့ဖြစ်၍ စာတန်သည် ထာဝစဉ် ဆင်းရဲခံမည်ဟု ယုံကြည်ရန်အကြောင်းမရှိ။ သူသည် လုံးလုံးဖျက်ဆီးခြင်း ခံရမည်ဖြစ်၏။

၃၀ “ညှဉ်းဆဲ” ဟု ဤတွင်အသုံးပြုသော ဂရိစကားလုံး ba·sa·niʹzo (ဘာဆာနီးဇိုး) သည် “(သတ္ထုကို) မှတ်ကျောက်ဖြင့်စစ်ခြင်း” ကို အဓိကဆိုလို၏။ ဒုတိယအဓိပ္ပာယ်မှာ “ညှဉ်း၍စစ်မေးခြင်း” ဖြစ်သည်။ (သေယာ၏ ဓမ္မသစ်ကျမ်း ဂရိ-အင်္ဂလိပ် အဘိဓာန်သစ်) ရှေ့နောက်စကား၌ ဤဂရိစကားလုံးကိုသုံးနှုန်းခြင်းက ယေဟောဝါ၌ အုပ်ချုပ်ပိုင်ခွင့်ရှိမရှိ၊ ၎င်းအုပ်ချုပ်မှု ဖြောင့်မတ်ခြင်းရှိမရှိ ဟူသောအရေးကိစ္စတွင် စာတန့်အဖြစ်သနစ်သည် ထာဝရမှတ်ကျောက် ဖြစ်မည်ကိုပြ၏။ အချုပ်အခြာအာဏာ အုပ်စိုးပိုင်ခွင့်ဆိုင်ရာ ထိုအရေးကိစ္စသည် ထာဝစဉ်အပြီးအပြတ် ဖြေရှင်းပြီးသားဖြစ်လိမ့်မည်။ နောင်တွင် တစ်ဦးဦးက ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို စိန်ခေါ်လာပြန်လျှင် ၎င်းစိန်ခေါ်ချက်မှားကြောင်း သက်သေထူဖို့အရေး ကာလကြာရှည်စွာ စမ်းသပ်ရန် လိုတော့မည်မဟုတ်။​—ဆာလံ ၉၂:၁၊ ၁၅ နှိုင်းယှဉ်။

၃၁။ “ညှဉ်းဆဲ” ဟူ၍အဓိပ္ပာယ်ရှိသော ဂရိစကားလုံးနှစ်လုံးက စာတန်မာရ်နတ်ခံရသော အပြစ်ဒဏ်အကြောင်းကို နားလည်ရန် မည်သို့ထောက်ကူသနည်း။

၃၁ ၎င်းပြင်၊ ba·sa·niʹzo နှင့်ဆက်စပ်သော ba·sa·ni·stesʹ (ဘာဆာနစ်စတဲ့စ်) “ညှဉ်းဆဲသူ” ဟူသောစကားလုံးကို “ထောင်မှူး” ဟူသောအဓိပ္ပာယ်ဖြင့် ကျမ်းစာ၌သုံးစွဲထားသည်။ (မဿဲ ၁၈:၃၄၊ Kingdom Interlinear) ဤအချက်နှင့်အညီ စာတန်သည် မီးအိုင်ထဲ၌ ထာဝစဉ်ချုပ်နှောင်ခံရလိမ့်မည်။ ဘယ်တော့မျှ လွတ်လာမည်မဟုတ်။ နောက်ဆုံးအချက်အနေနှင့်၊ ယောဟန်အကျွမ်းဝင်သော ဂရိ Septuagint (ခုနစ်ကျိပ်ကျမ်း) ၌ ba·sa·niʹzo နှင့်ဆက်စပ်သော baʹsa·nos (ဘားဆာနော့စ်) ကို သေသည်အထိ အရှက်ခွဲညှဉ်းဆဲခြင်းကို ရည်ညွှန်း၍ သုံးစွဲထားသည်။ (ယေဇကျေလ ၃၂:၂၄၊ ၃၀) ဤအချက်က စာတန်ခံရသောအပြစ်ဒဏ်သည် ကန့်မီးအိုင်ထဲ၌ အရှက်တကွဲဖြစ်သော ထာဝရသေခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့အား သိမြင်စေ၏။ သူ၏လုပ်ဆောင်ချက်များလည်း သူနှင့်အတူ ချုပ်ငြိမ်းလေ၏။—၁ ယောဟန် ၃:၈။

၃၂။ နတ်ဆိုးများသည် အဘယ်အပြစ်ဒဏ်ကို ခံရကြမည်နည်း၊ ကျွန်ုပ်တို့ မည်သို့သိနိုင်သနည်း။

၃၂ တစ်ဖန်၊ ဤကျမ်းချက်၌ နတ်ဆိုးများအကြောင်း ဆိုမထားချေ။ သူတို့သည် အနှစ်တစ်ထောင်အဆုံး၌ စာတန်နှင့်အတူလွတ်လာပြီးနောက် စာတန်နှင့်အတူ ထာဝရသေခြင်းအပြစ်ဒဏ် ခံရကြမည်လော။ သက်သေသာဓကက ခံရကြမည်ကိုပြ၏။ သိုးနှင့်ဆိတ်ပုံဥပမာ၌ ယေရှုက ဆိတ်တို့သည် “မာရ်နတ်နှင့်သူ၏တမန်တို့အဖို့ပြင်ဆင်သော ထာဝရမီးထဲ” သို့လားရမည်ဟု မိန့်တော်မူ၏။ (မဿဲ ၂၅:၄၁) “ထာဝရမီး” ဟူသောအသုံးအနှုန်းသည် စာတန်ပစ်ချခံရမည့် ကန့်မီးအိုင်ကို ရည်ညွှန်းခြင်းဖြစ်ရမည်။ မာရ်နတ်၏တမန်များသည် သူနှင့်အတူ ကောင်းကင်မှပစ်ချခံရကြ၏။ သူတို့သည် အနှစ်တစ်ထောင်အစပိုင်း၌ တွင်းနက်ကြီးထဲသို့ အတူရောက်သွားခဲ့သည်မှာ ထင်ရှား၏။ ၎င်းနှင့်အညီ ကန့်မီးအိုင်ထဲ၌ သူနှင့်အတူ ဖျက်ဆီးခြင်းကိုပါ ခံရကြလိမ့်မည်။​—မဿဲ ၈:၂၉။

၃၃။ ကမ္ဘာဦး ၃:၁၅ ၏ အဘယ်နောက်ဆုံး အသေးစိတ်အချက်အလက်များ ပြည့်စုံလာမည်နည်း၊ ယေဟောဝါ၏ ဝိညာဉ်တော်က ယခု ယောဟန်အား အဘယ်ကိစ္စပေါ် အာရုံစူးစိုက်စေသနည်း။

၃၃ ဤနည်းအားဖြင့် ကမ္ဘာဦး ၃:၁၅ ၌မှတ်တမ်းတင်သော ပရောဖက်ပြုချက်၏ နောက်ဆုံးသော အသေးစိတ်အချက်အလက်များ ပြည့်စုံလာ၏။ စာတန်သည် မီးအိုင်ထဲသို့ပစ်ချခံရသောအခါ ဦးခေါင်းတွင် သံဖနောင့်ဖြင့် အကြိတ်ခံရသောမြွေကဲ့သို့ အသက်ချုပ်ငြိမ်းသွားပါလိမ့်မည်။ သူနှင့်အပေါင်းပါ နတ်ဆိုးများသည် ထာဝစဉ်ပပျောက်သွားလိမ့်မည်။ ၎င်းတို့အကြောင်း ဗျာဒိတ်ကျမ်း၌ ထပ်မံမဖော်ပြတော့။ ပရောဖက်ပြုချက်အရ ၎င်းတို့ကိုသုတ်သင်ပြီးသည့်နောက် ယေဟောဝါ၏ ဝိညာဉ်တော်သည် မြေကြီးမျှော်လင့်ချက်ရှိသူများ အထူးစိတ်ဝင်စားသည့်ကိစ္စကို တင်ပြလေသည်။ “ဘုရင်တကာတို့၏ဘုရင်” နှင့် “ကိုယ်တော်နှင့်အတူ ခေါ်ယူရွေးကောက်တော်မူခြင်းခံရသူ သစ္စာရှိတို့” ၏အုပ်ချုပ်မှုသည် လူသားများအပေါ် အဘယ်အကျိုး သက်ရောက်မည်နည်း။ (ဗျာဒိတ် ၁၇:၁၄) ယောဟန်က အနှစ်တစ်ထောင်အုပ်ချုပ်မှု၏ အစပိုင်းသို့ပြန်သွား၍ အဖြေကိုပေး၏။

[အောက်ခြေမှတ်ချက်]

a အခြားကျမ်းချက်များက ယေရှုသေရာ၌ ဟေးဒီးစ်ထဲ၌ ရှိသည်ဟုဆို၏။ (တမန်တော် ၂:၃၁၊ ကဘ) သို့ရာတွင် ဟေးဒီးစ်နှင့် တွင်းနက်ကြီးသည် အမြဲပင် အတူတူဖြစ်သည်ဟု မယူမှတ်သင့်။ သားရဲနှင့် စာတန်တို့သည် တွင်းနက်ကြီးထဲသို့သွားသော်လည်း လူသားများသာ ဟေးဒီးစ်သို့သွားသည်ဟုဆို၏။ ထိုနေရာ၌ သူတို့သည် ထမြောက်ချိန်တိုင်အောင် သေခြင်း၌အိပ်ပျော်နေကြ၏။​—ယောဘ ၁၄:၁၃; ဗျာဒိတ် ၂၀:၁၃။

b ယောဟန်လက်ထက်သို့ ရောက်သောအခါ ဓားကို စီရင်ကွပ်မျက်ခြင်း ကိရိယာအဖြစ် ပို၍အသုံးများလာသည် မှန်သော်လည်း ပုဆိန် (ဂရိ peʹle·kus [ပဲလဲကပ်စ်]) သည် ရောမနိုင်ငံတွင် အစဉ်အလာ ကွပ်မျက်ခြင်းကိရိယာ ဖြစ်ဟန်တူသည်။ (တမန်တော် ၁၂:၂) ထို့ကြောင့် ဤနေရာ၌သုံးစွဲသော ဂရိစကားလုံး pe·pe·le·kis·meʹnon (ပဲပဲလဲကစ္စမဲနုန်း) (“ပုဆိန်ဖြင့်ကွပ်မျက်”) သည် “ကွပ်မျက်” ဟုသာဆိုလို၏။

c စိတ်ဝင်စားဖွယ်မှာ၊ ခရစ်တော်အုပ်ချုပ်ခြင်းသည် ပကတိအနှစ်တစ်ထောင်ဖြစ်၏ ဟူသောအယူကို စတုတ္ထရာစု သမိုင်းပညာရှင် ယူစီးဘီးယပ်စ်က လုံးဝဆန့်ကျင်သော်လည်း ဗျာဒိတ်ကျမ်းရေးသူ ယောဟန်၏တပည့်များထံမှ ကျမ်းစာအသိပညာအချို့ ဆည်းပူးခဲ့သည်ဟု လူတို့နားလည်ထားသော ဟိုင်ရပ်ပလစ္စမြို့သား ပပိုင်းယပ်စ်ကမူ ထိုအယူကိုယုံကြည်ကြောင်း ယူစီးဘီးယပ်စ်က ရေးသားဖော်ပြ၏။ —ယူစီးဘီးယပ်စ်ရေးသော ချာ့ချ်သမိုင်း၊ အတွဲ ၃၊ စာမျက်နှာ ၃၉။

[စာမျက်နှာ ၂၉၃ ပါ ရုပ်ပုံ]

ပင်လယ်သေ။ သောဒုံနှင့် ဂေါမောရ တည်ရှိခဲ့ရာဒေသ ဖြစ်နိုင်ဖွယ်ရှိ

[စာမျက်နှာ ၂၉၄ ပါ ရုပ်ပုံ]

“သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည်  ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ