ရှင်ပြန်ထမြောက်ခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– “ရှင်ပြန်ထမြောက်ခြင်း” ဟုပြန်ဆိုသော ဂရိစကားလုံး A·naʹsta·sis, (အနားစတေးစစ်စ်) ၏ပကတိအဓိပ္ပာယ်မှာ “တစ်ဖန်မတ်တတ်ရပ်ခြင်း” ဖြစ်၍ သေခြင်းမှထမြောက်သည်ကိုရည်ညွှန်းသည်။ “လူသေ (သေရာမှ) ရှင်ပြန်ထမြောက်ခြင်း” ဟူသော သာ၍ပြည့်စုံသည့်အသုံးအနှုန်းကို ကျမ်းစာ၌ ထပ်ခါတလဲလဲ သုံးစွဲထားသည်။ (မ. ၂၂:၃၁; တ. ၄:၂; ၁ ကော. ၁၅:၁၂) ဟေဗြဲစကားမှာ techi·yathʹ ham·me·thimʹ (တက်ချီရပ်သ် ဟမ်မယ်သင်းမ်) ဖြစ်၍ “လူသေပြန်ရှင်ခြင်း” ကိုဆိုလိုသည်။ (မ. ၂၂:၂၃၊ ကဘ ကျမ်းညွှန်းပါအတွဲ၏အောက်ခြေမှတ်ချက်) ရှင်ပြန်ထမြောက်ခြင်းဆိုရာ၌ လူတစ်ဦး၏ဘဝပုံစံ ပြန်၍အသက်ဝင်လာခြင်းကိစ္စ ပါဝင်သည်။ ထိုပုံစံကို ဘုရားသခင့်မှတ်ဉာဏ်အတွင်း သိမ်းဆည်းထားသည်။ ဘုရားသခင့်အလိုတော်အတိုင်း ပုဂ္ဂိုလ်တစ်ဦးသည် လူအဖြစ်၌သော်လည်းကောင်း၊ နာမ်ခန္ဓာဖြင့်သော်လည်းကောင်း ပြန်ရှင်လာသော်လည်း သေစဉ်က ပင်ကိုစရိုက်နှင့်မှတ်ဉာဏ် နဂိုအတိုင်းရှိ၏။ ရှင်ပြန်ထမြောက်ခြင်းအစီအစဉ်က မခံစားထိုက်သော ယေဟောဝါ၏ကရုဏာတော်ကို အထူးပေါ်လွင်စေသည်။ ပညာတော်၊ တန်ခိုးတော်ကိုထင်ရှားစေရုံမက၊ မြေကြီးဆိုင်ရာ ကိုယ်တော့်မူလရည်ရွယ်ချက်ကို ဖြစ်မြောက်စေသောကိရိယာလည်းဖြစ်၏။
ရှင်ပြန်ထမြောက်ခြင်းဟူသည် ရုပ်မဲ့စိုးလ်နှင့် သွေးသားခန္ဓာပေါင်းစပ်ခြင်းလော
ထိုသို့ ဖြစ်နိုင်ရန်၊ လူ၌ သွေးသားခန္ဓာမှ ခွဲထွက်နိုင်သော ရုပ်မဲ့စိုးလ်တစ်ခု ရှိဖို့လိုသည်။ ကျမ်းစာက ဤသို့မသွန်သင်ပါ။ ထိုအယူအဆကို ဂရိအတွေးအခေါ်မှရယူခဲ့ခြင်းဖြစ်သည်။ စိုးလ်နှင့်ပတ်သက်သော ကျမ်းစာသွန်သင်ချက်အကြောင်းကို စာမျက်နှာ ၈၇-၈၉ ၌ဖော်ပြထား၏။ ခရစ်ယာန်ဘောင်၏ မသေနိုင်သော ရုပ်မဲ့စိုးလ် အယူဆိုင်ရာဇာစ်မြစ်ကိုသိလိုလျှင် စာမျက်နှာ ၉၀၊ ၉၁ တွင်ရှု။
ယေရှုသည်သွေးသားခန္ဓာဖြင့်ထမြောက်သလော။ ယခုကောင်းကင်၌ ထိုခန္ဓာမျိုးဖြင့်နေသလော
၁ ပေ. ၃:၁၈၊ သမ– “ခရစ်တော်လည်း သင်တို့ကို ဘုရားသခင့်ထံ ပို့သွင်းရအံ့သောငှာ သူတော်ကောင်းအဖြစ်၊ မသူတော်တို့အဖို့ အပြစ်များအတွက် တစ်ကြိမ်တည်းအသေခံတော်မူ၏။ ရုပ်ခန္ဓာ၌ သေဒဏ်ခံသော်လည်း နာမ်ခန္ဓာ၌ [“နာမ်ဝိညာဉ်အားဖြင့်၊” သမ္မာ; “ဝိညာဉ်တော်အားဖြင့်၊” သမ္မာကျမ်း; “ဝိညာဉ်အားဖြင့်၊” သက] ရှင်တော်မူ [၏။]” (ယေရှု သေရာမှထမြောက်စဉ် နာမ်ခန္ဓာဖြင့်ဖြစ်၏။ ဂရိစာ၌ “အသွေးအသား” နှင့် “နာမ်ဝိညာဉ်” တို့ကို ဆန့်ကျင်သောတရားများအဖြစ် တင်ပြထားပြီး နှစ်ခုစလုံးလည်း သွယ်ဝိုက်ကံနှင့်ဆိုင်သော ကာရကအမျိုးအစားဖြစ်သည်။ ထို့ကြောင့် ဘာသာပြန်သူသည် “နာမ်ဝိညာဉ်အားဖြင့်” ဟူ၍ပြန်ဆိုလျှင် ၎င်းနှင့်အညီ “ကိုယ်ခန္ဓာအားဖြင့်” ဟူ၍ ပြန်ဆိုသင့်သည်။ “ကိုယ်ခန္ဓာ၌” ဟူ၍ပြန်ဆိုလျှင် “နာမ်ဝိညာဉ် ၌” ဟူ၍ တစ်သမတ်တည်း ပြန်ဆိုသင့်၏။)
တ. ၁၀:၄၀၊ ၄၁– “သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည် [ယေရှုခရစ်ကို] ထမြောက်စေတော်မူ၍ လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ။ ဘုရားသခင်ခန့်ထားတော်မူနှင့်သော သက်သေခံတည်းဟူသော ငါတို့အား ထင်ရှားစွာပြတော်မူ၏။” (အခြားသူများလည်း ကိုယ်တော့်ကို အဘယ်ကြောင့်မမြင်ရကြသနည်း။ နာမ်ဝိညာဉ်သတ္တဝါဖြစ်တော်မူသောကြောင့်တည်း။ ထို့ ပြင် ရှေးကကောင်းကင်တမန်များနည်းတူ အသွေးအသားကိုယ်ခန္ဓာဖြင့်ထင်ရှားသောအခါ တပည့်တော်များရှေ့မှာသာ ပြတော်မူသည်။)
၁ ကော. ၁၅:၄၅– “ရှေ့ ဦးစွာသောလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်၏ဟုလာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သောအာဒံ [ဖန်ဆင်းစကအာဒံကဲ့သို့စုံလင်သောယေရှုခရစ်] မူကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။”
ယေရှုထမြောက်စဉ်က ခန္ဓာမျိုးနှင့်ပတ်သက်၍ လုကာ ၂၄:၃၆-၃၉ က ဘာကိုဆိုလိုသနည်း
လု. ၂၄:၃၆-၃၉– “[တပည့်တော်တို့] ထိုသို့အချင်းချင်းပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက် သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟုစိတ်ထင်နှင့် ထိတ်လန့်ကြောက်ရွံ့ ခြင်းသို့ရောက်ကြ၏။ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသောစိတ်ရှိကြသနည်း။ ငါ့လက်ကိုကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့မပြည့်စုံဟု မိန့်တော်မူ [၏။]”
လူသားတို့သည် နာမ်ဝိညာဉ်များကိုမမြင်နိုင်။ ထို့ကြောင့် တပည့်တော်တို့က မိမိတို့သည် တစ္ဆေ သို့မဟုတ် ရူပါရုံမြင်သည်ဟု ထင်ကြသည်။ (မာကု ၆:၄၉၊ ၅၀ နှင့်နှိုင်းယှဉ်။) ယေရှုက မိမိ တစ္ဆေမဟုတ်ကြောင်း သူတို့ကိုစိတ်ချစေတော်မူ၏။ သူတို့သည် ကိုယ်တော့်အသွေးအသားခန္ဓာကိုမြင်နိုင် ကိုင်နိုင်ပြီး အရိုးတော်ကိုလည်းထိတွေ့နိုင်၏။ သူတို့ရှေ့ မှာလည်း စားတော်ခေါ်၏။ ထို့နည်းတူ၊ ရှေးကလည်း ကောင်းကင်တမန်များသည် ရုပ်ခန္ဓာကိုဆောင်ပြီး လူတို့ရှေ့ ကိုယ်ယောင်ပြကြသည်။ စားသောက်ကြသည်။ အချို့ဆိုလျှင် အိမ်ထောင်ပြုပြီး သားသမီးများပင်ထွန်းကားကြသည်။ (က. ၆:၄; ၁၉:၁-၃) ယေရှုထမြောက်တော်မူသည့်နောက်၌ တစ်မျိုးတည်းသောရုပ်ခန္ဓာဖြင့် အစဉ်ထင်ရှားတော်မမူ။ (မိမိသည် နာမ်ဝိညာဉ်ဖြစ်ပြီဟူသောအချက်ကို တပည့်တော်တို့စိတ်ထဲစွဲမှတ်စေလို၍ထိုသို့ ပြုခြင်းဖြစ်နိုင်၏။) ထို့ကြောင့်လည်း ကိုယ်တော်နှင့်ရင်းနှီးစွာပေါင်းဖော်သူများပင် ကိုယ်တော့်အား မြင်မြင်ချင်း မှတ်မိကြသည်မဟုတ်။ (ယော. ၂၀:၁၄၊ ၁၅; ၂၁:၄-၇) သို့ရာတွင် ရုပ်ခန္ဓာဖြင့် သူတို့ရှေ့ အဖန်ဖန်ပေါ်ထွန်းပြီး သူတို့ပြန်၍သတိရလောက်သော စကားနှင့်အပြုအမူများကို ပြောဆိုပြုမူခြင်းအားဖြင့် မိမိ အမှန်ပင် သေခြင်းမှထမြောက်ကြောင်း ခိုင်မာစွာယုံကြည်စေတော်မူ၏။
တပည့်တော်တို့သည် ယခုယေရှုကောင်းကင်၌ရှိသောခန္ဓာတော်ဖြင့် ကိုယ်တော်ကို တကယ်မြင်ကြခြင်းဖြစ်ခဲ့ပါမူ ဘုန်းပွင့်သောခရစ်တော်ကို “[ဘုရားသခင်၏] ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်” ဟူ၍ တမန်တော်ပေါလု ညွှန်းဆိုတော့မည်မဟုတ်။ အကြောင်းမှာ၊ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်၍ ဘယ်အခါကမျှ အသွေးအသားဖြစ်ခဲ့တော်မမူ။—ဟေဗြဲ ၁:၃; ၁ တိမောသေ ၆:၁၆ နှင့်နှိုင်း။
စာမျက်နှာ ၃၃၄ ၌ ကိုးကားသော ၁ ပေတရု ၃:၁၈ နှင့် ၁ ကောရိန္သု ၁၅:၄၅ တို့ကို စွဲမှတ်ထားလျှင် ယေရှုထမြောက်သည့်နောက်ပိုင်း ကိုယ်ယောင်တော်ပြခြင်းအကြောင်းတို့ကိုဖတ်ရှုသောအခါ မှန်ကန်စွာသဘောပေါက်နိုင်ပေမည်။
“ယေရှုခရစ်” အောက်၊ စာမျက်နှာ ၂၄၂၊ ၂၄၃ တို့ကိုလည်းရှု။
ခရစ်တော်နှင့်အတူ ကောင်းကင်အသက်တာကိုခံစားစေရန် မည်သူများအား ထမြောက်စေတော်မူမည်နည်း။ သူတို့ ကောင်းကင်၌ ဘာပြုကြမည်နည်း
လု. ၁၂:၃၂– “သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှာ အလိုရှိတော်မူ၏။” (ယုံကြည်သူတိုင်း သိုးစုငယ်၌ ပါဝင်သည်မဟုတ်။ အရေအတွက်အကန့်အသတ်ရှိသည်။ ရည်ရွယ်ချက်တစ်ခုဖြင့် သူတို့ကောင်းကင်သို့သွားရခြင်းဖြစ်သည်။)
ဗျာ. ၂၀:၄၊ ၆– “ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင်ရသောအခွင့်ကိုရကြ၏။ . . . ပထမထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏လက်နှင့်ကင်းလွတ်လျက် ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။”
“ကောင်းကင်” ဟူသောခေါင်းစဉ်အောက်၊ စာမျက်နှာ ၃၈-၄၅ တို့ကိုလည်းရှု။
ကောင်းကင်အသက်တာသို့ထမြောက်သောသူတို့သည် အဆုံး၌ ကောင်းကင်တွင် ဘုန်းပွင့်သောရုပ်ခန္ဓာကိုရကြမည်လော
ဖိ. ၃:၂၀၊ ၂၁၊ သက– “သခင်ယေရှုခရစ် [သည်] . . . တန်ခိုးတော်အားဖြင့် ငါတို့၏သေကျေပျက်စီးတတ်သောကိုယ်ခန္ဓာကို ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်တော်၏ကိုယ်ခန္ဓာနှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။” (သူတို့၏သွေးသားခန္ဓာသည် အဆုံး၌ ကောင်းကင်တွင် ဘုန်းပွင့်မည်ဟု ဆိုနေခြင်းဖြစ်သလော။ သို့တည်းမဟုတ်၊ သူတို့သည် ထမြောက်သောအခါ၊ နိမ့်ကျသောသွေးသားခန္ဓာအစား၊ ဘုန်းရှိသောဝိညာဉ်ခန္ဓာကိုရကြမည်ဟု ဆိုနေခြင်းလော။ အောက်ပါကျမ်းချက်များ ဖြေဆိုပါစေ။)
၁ ကော. ၁၅:၄၀၊ ၄၂-၄၄၊ ၄၇-၅၀၊ သမ္မာ– “ကောင်းကင်ကိုယ်လည်းရှိ၏။ မြေကြီးကိုယ်လည်းရှိ၏။ ကောင်းကင်ကိုယ်၏ဂုဏ်အသရေလည်းတစ်မျိုး၊ မြေကြီးကိုယ်၏ဂုဏ်အသရေလည်းတစ်မျိုးဖြစ်၏။ ထိုနည်းတူပင်၊ သေသောသူတို့၏ထမြောက်ခြင်းအကြောင်းအရာဖြစ်၏။ . . . စိုက်သောအခါ ဇာတိပကတိကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ . . . ရှေ့ ဦးစွာသောလူ [အာဒံ] သည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူ [ယေရှုခရစ်] သည် ကောင်းကင်ဘုံက ဖြစ်တော်မူသတည်း။ မြေသားတို့သည် ထိုမြေသားကဲ့သို့ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြ၏။ ငါတို့သည် မြေသား၏ပုံသဏ္ဌာန်ကိုဆောင်သကဲ့သို့၊ ကောင်းကင်သား၏ပုံသဏ္ဌာန်ကို ဆောင်ကြလိမ့်မည်။ ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူ့အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်။” (ခန္ဓာနှစ်မျိုးရောနှောခြင်း၊ ကောင်းကင်သို့ သွေးသားခန္ဓာကိုဆောင်သွားခြင်း မရှိနိုင်။)
ရှင်ပြန်ထမြောက်ခြင်းသည် လူသားတို့အဖို့ အဘယ်အဓိပ္ပာယ်ရှိမည်ဖြစ်ကြောင်း ယေရှုမည်သို့သာဓကပြတော်မူသနည်း
ယော. ၁၁:၁၁၊ ၁၄-၄၄၊ သမ္မာ– “[ယေရှုက တပည့်တော်တို့အား] ငါတို့အဆွေလာဇရုသည် အိပ်ပျော်ပြီ။ သို့သော်လည်း သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်ဟု မိန့်တော်မူ၏။ . . . ယေရှုကလာဇရုသေပြီ။ . . . ဟုအတည့်အလင်းမိန့်တော်မူ၏။ . . . ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုသည် သင်္ချိုင်းဂူ၌ လေးရက်ရှိနှင့်သည်ကို တွေ့တော်မူ၏။ . . . ယေရှုကလည်း [လာဇရု၏အစ်မတစ်ယောက်ဖြစ်သူ မာသအား] ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏ [ဟုမိန့်တော်မူ၏] . . . လာဇရု၊ ထွက်လာလော့ဟု ကြီးသောအသံနှင့်ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် ခြေလက်၌ ပုဆိုးနံငယ်နှင့် ပတ်ရစ်လျက် မျက်နှာကိုလည်း ပဝါနှင့်စည်းလျက်ထွက်လာ၏။ ယေရှုက သူ့ကိုဖြေ၍လွှတ်ကြလော့ဟု မိန့်တော်မူ၏။” (အကယ်၍ ယေရှုသည် လာဇရုအား နောက်တစ်ဘဝဖြစ်သော သုခဘုံမှ ပြန်ခေါ်ခဲ့သည်မှန်လျှင် သူ့အားကျေးဇူးပြုရာရောက်တော့မည်မဟုတ်။ သို့သော် လာဇရုအား သက်မဲ့အဖြစ်မှ ထမြောက်စေတော်မူခြင်းဖြစ်၍ သူနှင့်သူ့အစ်မများအပေါ် ကျေးဇူးပြုခြင်းဖြစ်ပေသည်။ လာဇရုသည် အသက်ရှင်သူတစ်ဦးဖြစ်လာပြန်၏။)
မာ. ၅:၃၅-၄၂– “တရားဇရပ်မှူးအိမ်မှလူလာ၍ ကိုယ်တော်၏သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာကိုနှောင့်ယှက်သေးသနည်းဟု ဆိုကြ၏။ ထိုစကားကို ယေရှုသည် ကြားလျှင် မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလော့ဟု တရားဇရပ်မှူးအား ချက်ချင်းမိန့်တော်မူ၏။ [ကိုယ်တော်သည်] သူငယ်၏မိဘတို့ကိုလည်းကောင်း၊ ကိုယ်တော်နှင့်ပါသောသူတို့ကိုလည်းကောင်း ခေါ်ပြီးလျှင် သူငယ်လျောင်းရာအရပ်သို့ဝင်၍ သူငယ်၏လက်ကိုကိုင်တော်မူလျက် တလိသကုမိ ဟု မိန့်တော်မူ၏။ အနက်ကား မိန်းမငယ် ထလော့၊ ငါဆို၏ဟုဆိုလိုသတည်း။ ထိုခဏချင်းတွင် မိန်းမငယ်သည် ထ၍လှမ်းသွား၏။ သူသည် တစ်ဆယ့်နှစ်နှစ်အရွယ်ရှိ၏။ ထိုသူတို့သည် [“ပီတိအဟုန်ဖြင့်၊” ကဘ] အလွန်မိန်းမောတွေဝေခြင်းသို့ရောက်ကြ၏။” (ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်စိုးမှုအတွင်း အထွေထွေထမြောက်ခြင်းဖြစ်ပျက်သောအခါ သန်းပေါင်းများစွာသောမိဘများနှင့် သားသမီးများ ပြန်လည်ဆုံစည်းကြရသဖြင့် ဝမ်းမြောက်ခြင်းပီတိ လျှမ်းဝေယိုဖိတ်ကြရှာမည်။)
ကမ္ဘာပေါ်သို့ထမြောက်လာသူများ အဘယ်မျှော်လင့်ချက်ရှိကြမည်နည်း
လု. ၂၃:၄၃၊ ကဘ– “သင့်အားယနေ့ ငါအမှန်ဆို၏။ သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်။” (ဘုရင်ခရစ်တော်အုပ်ချုပ်မှုအောက်၌ တစ်ကမ္ဘာလုံး ပရဒိသုအဖြစ်သို့ ပြောင်းလဲသွားမည်။)
ဗျာ. ၂၀:၁၂၊ ၁၃– “သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့ မှာ ရပ်နေကြသည်ကိုငါမြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသော စာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။ . . . လူအသီးအသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကိုခံရကြ၏။” (စာစောင်များကိုဖွင့်ခြင်းက ဟေရှာယ ၂၆:၉ နှင့်အညီ ဘုရားသခင့်အလိုတော်ဆိုင်ရာ ပညာပေးခြင်းအချိန်ကို ညွှန်းနေပေသည်။ “အသက်စာစောင်” ကိုဖွင့်ခြင်းကလည်း ထိုပညာရေးစနစ်ကိုနာခံသူတို့ မိမိတို့နာမည် ထိုစာစောင်ထဲ၌ စာရင်းထည့်သွင်းခံရဖို့အခွင့်ရှိကြောင်းကိုပြပေသည်။ သူတို့သည် စုံလင်သောလူသားများအဖြစ် ထာဝစဉ်အသက်ရှင်ခြင်းတည်းဟူသော မျှော်လင့်ချက်ရှိပေသည်။)
“နိုင်ငံတော်” အောက် စာမျက်နှာ ၁၄၅-၁၅၀ ကိုလည်းရှု။
အချို့သူတို့ထမြောက်ရခြင်းမှာ တရားစီရင်ချက်ချခံရပြီးနောက် ဒုတိယသေခြင်းအပြစ်ဒဏ်ကိုခံဖို့သာလော
ယောဟန် ၅:၂၈၊ ၂၉ ၏အဓိပ္ပာယ်ကား အဘယ်နည်း။ ယင်းကျမ်းချက်က ဤသို့ဆိုသည်– “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။” ယေရှုမိန့်ဆိုသောအထက်ပါစကားများကို နောက်ပိုင်း၌ ယောဟန်အား ပေးတော်မူသောဗျာဒိတ်တော်နှင့်အညီ နားလည်ရန်ဖြစ်သည်။ (စာမျက်နှာ ၂၇၅ ၌ကိုးကားသော ဗျာဒိတ် ၂၀:၁၂၊ ၁၃ ကိုရှု။) ယခင် ကောင်းမှုပြုသူကော၊ မကောင်းမှုပြုလေ့ရှိသူပါ “မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကိုခံရကြ” မည်။ အဘယ်အကျင့်များနည်း။ လူတို့သည် ယခင်ဘဝကအကျင့်အကြံကြောင့် အပြစ်စီရင်ခံရမည်ဟု ကျွန်ုပ်တို့ယူမှတ်လျှင် “သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏” ဟုဆိုသော ရောမ ၆:၇ နှင့်ကိုက်ညီမည်မဟုတ်။ လူတို့အား၊ ဖျက်ဆီးဖို့အတွက် ထမြောက်စေလျှင်လည်း အဓိပ္ပာယ်မဲ့သောလုပ်ရပ်ဖြစ်မည်။ ထို့ကြောင့် ယောဟန် ၅:၂၈၊ ၂၉ (က) ၌၊ ရှင်ပြန်ထမြောက်ခြင်းကို ယေရှုကြိုပြောနေခြင်းဖြစ်၍ အခန်းငယ် ၂၉ ၏ကျန်အပိုင်း၌ ထမြောက်လာသူများ လူ့စုံလင်မှုသို့ရောက်ပြီး တရားစီရင်ခံရသည့်နောက်ပိုင်း ခံရသောအကျိုးအပြစ်အကြောင်း မိန့်ဆိုနေခြင်းဖြစ်သည်။
မြေကြီးပေါ်ထမြောက်လာသူများနှင့်ပတ်သက်၍ ဗျာဒိတ် ၂၀:၄-၆ က ဘာကိုပြသနည်း
ဗျာ. ၂၀:၄-၆၊ ကဘ– “ငါသည် ပလ္လင်များကိုမြင်၏။ ပလ္လင်များပေါ်မှာ ထိုင်နေကြသူများလည်း ရှိ၏။ တရားစီရင်ခြင်းအာဏာကို သူတို့အား အပ်နှင်းတော်မူသည်။ မှန်ပေ၏၊ ယေရှုအတွက် သက်သေခံ၍ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုဟောပြောသည့်အတွက် ပုဆိန်ဖြင့်ကွပ်မျက်ခံရသောသူတို့၏စိုးလ်များကို ငါမြင်၏။ . . . သူတို့သည် အသက်ရှင်လာကြပြီး ဘုရင်များအဖြစ် ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်အုပ်စိုးကြလေသည်။ (ကျန်လူသေတို့သည် အနှစ်တစ်ထောင်မကုန်မီ အသက်မရှင်ကြပါ။) ဤကား ပထမထမြောက်ခြင်းတည်း။ ပထမထမြောက်ခြင်း၌ပါဝင်သောမည်သူမဆို မင်္ဂလာရှိ၍သန့်ရှင်း၏။ ဒုတိယသေခြင်းသည် သူတို့အပေါ် ဩဇာမရှိ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြလိမ့်မည်။ ဘုရင်များအဖြစ်ဖြင့်လည်း ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင် အုပ်စိုးကြလိမ့်မည်။”
ကဘ၊ Mo နှင့် သက တို့၌ပါသော (ကွင်းထဲမှ) စကားညှပ်တို့က ၎င်း၏အထက်စကားကို အောက်စကားများနှင့် ဆက်စပ်ပေးသည်။ ရှင်းလင်းစွာတင်ပြထားသည့်အတိုင်း “ကျန်လူသေတို့” သည် ပထမထမြောက်ခြင်းကိုဝင်စားသူများမဟုတ်။ ထိုထမြောက်ခြင်းမှာ ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်စိုးစံကြသူများအဖို့ဖြစ်သည်။ သို့ ဖြစ်လျှင် ခရစ်တော်နှင့်အတူ၊ ကောင်းကင်တွင် အနှစ်တစ်ထောင်အုပ်စိုးမည့်သူများမှလွဲ၍ အခြားလူသားများ အသက်ရှင်ကြမည်မဟုတ်ဟု ဆိုလိုသလော။ မဆိုလို။ ထိုသို့သာဆိုလိုလျှင် သူတို့သည် ယဇ်ပုရောဟိတ်လုပ်ငန်းလုပ်ဆောင်ကြလျက်နှင့် အကျိုးရမည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။ သူတို့အုပ်ချုပ်သောနယ်ပယ်သည်လည်း လူနေမဲ့ကမ္ဘာဖြစ်ရချေအံ့။
သို့ဖြစ်လျှင် “ကျန်လူသေတို့” သည် မည်သူများနည်း။ အာဒံ့အပြစ်ကြောင့် သေလွန်သော လူသားအားလုံးဖြစ်၏။ ထို့ ပြင်၊ ဆင်းရဲဒုက္ခကြီးကိုကပ်ကျော်သူ၊ သို့မဟုတ် အနှစ်တစ်ထောင်အတွင်း မွေးဖွားသူများဖြစ်ကြသော်လည်း ထိုအပြစ်၏သေဆိပ်မှ ချမ်းသာရရန် လိုသေးသူများလည်းပါဝင်သည်။—ဧဖက် ၂:၁၊ ၂ နှင့်နှိုင်း။
အနှစ်တစ်ထောင်မကုန်မီ “အသက်မရှင်ကြ” ဟုဆိုရာ၌ အဘယ်အဓိပ္ပာယ်နည်း။ သူတို့၏ထမြောက်ခြင်းအကြောင်းကို ပြောနေသည်မဟုတ်။ ဤ ‘အသက်ရှင်ခြင်း’ သည် လူသားများအဖြစ် ရှင်နေခြင်းသာမဟုတ်။ လူ့စုံလင်မှုကိုရ၍ အာဒံ့အပြစ်၏အာနိသင်ရှိသမျှနှင့် ကင်းလွတ်ခြင်းကိုဆိုလိုသည်။ ကောင်းကင်သွားသူများ “အသက်ရှင်လာကြ” သည်ဟု ဆိုပြီးသည့်နောက် တစ်ဆက်တည်း အခန်း ၅ တွင် အထက်ပါအတိုင်းဆိုသည်ကို သတိပြုပါ။ ကောင်းကင်သွားသူများအဖို့ဆိုလျှင် အပြစ်၏ဆိုးကျိုးရှိသမျှနှင့်ကင်းလွတ်သောအသက်ကိုဆိုလို၏။ သူတို့သည် အထူးမျက်နှာသာတော်ကြောင့် မသေနိုင်သောအဖြစ်ကိုပင် ဝင်စားရ၏။ (၁ ကော. ၁၅:၅၄) ထို့ကြောင့် “ကျန်လူသေတို့” အဖို့ဆိုလျှင် လူ့စုံလင်မှုဖြင့် အပြည့်အဝအသက်ရှင်ခြင်းဖြစ်ပေမည်။
မြေကြီးဆိုင်ရာထမြောက်ခြင်း၌ မည်သူများပါဝင်ကြမည်နည်း
ယော. ၅:၂၈၊ ၂၉– “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်း [“အောက်မေ့ရာဂူသင်္ချိုင်း၊” ကဘ] များမှာရှိသောသူအပေါင်းတို့သည် သားတော် [ယေရှု] ၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။” (“အောက်မေ့ရာဂူသင်္ချိုင်း” ဟုပြန်ဆိုသော ဂရိစကားလုံးသည် taʹphos [“တားဖော့၊” တစ်ခုသောသင်္ချိုင်း] သို့မဟုတ် haiʹdes [လူသေတို့၏သင်္ချိုင်း] ၏ဗဟုဝုစ်ကိန်းမဟုတ်။ mne·meiʹon [အောက်မေ့ခြင်း၊ အောက်မေ့ရာဂူသင်္ချိုင်း] ၏သွယ်ဝိုက်ကံနှင့်ဆိုင်သောပုံစံဖြစ်သည်။ သေလွန်သူနှင့်ဆိုင်သောအကြောင်း မှတ်ဉာဏ်၌ ထိန်းသိမ်းခြင်းကို အလေးအနက်ပြုသည်။ ထာဝရအသက်ရှင်ခွင့်နှင့်တကွ ထမြောက်လာမည့်သူများမှာ ခွင့်မလွှတ်နိုင်သောအပြစ်ကျူးလွန်သဖြင့် ဘုရားသခင့်မှတ်ဉာဏ်အထဲမှချေဖျက်ခံရပြီး ဂေဟင်္နာသို့ရောက်သွားသော ပုဂ္ဂိုလ်များမဟုတ်။ သတိရအောက်မေ့တော်မူခြင်းခံရသော ပုဂ္ဂိုလ်များတည်း။—မ. ၁၀:၂၈; မာ. ၃:၂၉; ဟေဗြဲ ၁၀:၂၆; မာလ. ၃:၁၆။)
တ. ၂၄:၁၅– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ . . . အကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။” (ဘုရားသခင့်ဖြောင့်မတ်သောလမ်းစဉ်နှင့်အညီ အသက်ရှင်ခဲ့သူများကော၊ မသိ၍ မတရားမှုများပြုလုပ်ခဲ့သူတို့ပါ ထမြောက်လာကြမည်။ သေလွန်သူ မည်သူမည်ဝါ ထမြောက်မည် မထမြောက်မည်နှင့်ပတ်သက်သောကျွန်ုပ်တို့၏မေးခွန်းအားလုံးကို သမ္မာကျမ်းစာက ဖြေကြားခြင်းမပြုပါ။ သို့သော်၊ အကြောင်းစုံသိသူ ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းစံများကို မပစ်ပယ်သော်လည်း ကရုဏာတော်ဖြင့် တရားမျှတမှုကိုထိန်းကာ မျက်နှာမလိုက်ဘဲ စီရင်တော်မူလိမ့်မည်။ ကမ္ဘာဦး ၁၈:၂၅ နှင့်နှိုင်း။)
ဗျာ. ၂၀:၁၃၊ ၁၄– “သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကို အပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏာနှင့်မရဏာနိုင်ငံ [“ဟေးဒီးစ်၊” ကဘ] ကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။” (အာဒံ့အပြစ်ကြောင့် သေရသူတို့သည် ပင်လယ်ထဲ၌ရှိသည်ဖြစ်စေ၊ လူသေတို့၏မြေကြီးသင်္ချိုင်းထဲ၌မြှုပ်နှံသည်ဖြစ်စေ ရှင်ပြန်ထမြောက်လာကြလိမ့်မည်။)
“ကယ်တင်ခြင်း” ဟူသောအဓိကခေါင်းစဉ်ကိုလည်းရှု။
ကုဋေပေါင်းများစွာသောသူများ သေရာမှထမြောက်လာလျှင် အဘယ်မှာနေထိုင်ကြမည်နည်း
ခပ်များများခန့်မှန်းရလျှင် ကမ္ဘာပေါ်အသက်ရှင်ခဲ့သူအရေအတွက် ၂၀,၀၀၀,၀၀၀,၀၀၀ ရှိ၏။ ကျွန်ုပ်တို့သိရသည့်အတိုင်း သူတို့အားလုံး ထမြောက်လာကြမည်မဟုတ်။ အားလုံးထမြောက်လာသည်ပဲထား၊ နေရာလပ် ကျယ်ကျယ်ပြောပြောရှိဦးမည်။ လက်ရှိကမ္ဘာ့ကုန်းမြေမျက်နှာပြင် အကျယ်အဝန်းမှာ ၅၇,၀၀၀,၀၀၀ စတုရန်းမိုင် (၁၄၇,၆၀၀,၀၀၀ စတုရန်းကီလိုမီတာ) ဖြစ်သည်။ ထက်ဝက်ကိုအခြားစီမံကိန်းအတွက် ဖယ်ထားပါက လူတစ်ဦးလျှင် တစ်ဧက (၀.၃၇ ဟက်တာခန့်) နီးပါးရှိဦးမည်။ ၎င်းမှ လိုသည်ထက် ပိုပိုလျှံလျှံရိက္ခာရယူနိုင်သည်။ ယနေ့ရိက္ခာရှားပါးမှု၏ရင်းမြစ်မှာ ကမ္ဘာကြီးက လုံလောက်အောင် မထုတ်လုပ်နိုင်၍မဟုတ်။ နိုင်ငံရေးဘက်ပြိုင်မှုနှင့် စီးပွားရေးလောဘကြောင့်တည်း။
“မြေကြီး” ဟူသောခေါင်းစဉ်အောက်၊ စာမျက်နှာ ၂၃၁ ကိုလည်းရှု။