ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၈/၁ စာ. ၄-၇
  • တရားစီရင်ရာနေ့—မျှော်လင့်ချက်ချိန်ခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တရားစီရင်ရာနေ့—မျှော်လင့်ချက်ချိန်ခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တရားစီရင်ရာနေ့အတွက်အခြေခံ
  • တရားစီရာနေ့
  • ဘယ်သောအခါဖြစ်မည်နည်း
  • မည်သူတို့တရားစီရင်ခံရမည်နည်း
  • တရားစီရင်ချက်
  • တရားစီရာနေ့—မျှော်လင့်ချက်ချိန်ခါ
  • တရားစီရင်ရာနေ့နှင့် ၎င်းနောက်ပိုင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • တရားစီရင်ရာနေ့ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • တရားဆုံးဖြတ်ရာနေ့မှာ ဘာတွေဖြစ်ပျက်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၈/၁ စာ. ၄-၇

တရားစီရင်ရာနေ့—မျှော်လင့်ချက်ချိန်ခါ

တရားစီရင်ရာနေ့ အဆိုသည်သင့်အား ကြောက်ရွံ့စေလျှင် ယင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းကဘာပြောသည်ကို ဆန်းစစ်လျှင်မကောင်းပေလော။ ဥပမာ၊ ဘုရားရှင်သည် အပြစ်သားများကို တရားစီရင်ရာတွင် သူတို့အားငရဲမီးထဲသို့ ချသည်မှာမှန်ပါသလော။

ပထမဆုံးသော ဘုရားရှင်၏တရားစီရင်ချက်သည် လူ့သမိုင်း၏အစဦးပိုင်းကတည်းတွင်ရှိသည်။ အာဒံနှင့်ဧဝသည် ပရဒိသုမြေကြီးတွင် ထာဝစဉ်နေရန် အခွင့်အရေးရှိခဲ့သည်။ (ကမ္ဘာဦး ၁:၂၆-၂၈။ ၂:၇-၉၊ ၁၅-၂၅) သို့သော်သူတို့သည် ပြစ်မှားကြပြီး ဘုရားရှင်၏ကြီးလေးသော တရားစီရင်ချက်အောက် ရောက်ရှိသွားသည်။ ရလဒ်ကားအဘယ်နည်း။ ဘုရားရှင်သည် အသက်ဆုကို ရုပ်သိမ်းလိုက်သည်။ အခြားစကားနှင့်ဆိုလျှင် သူတို့သေဆုံးခဲ့သည်။ ဘုရားရှင်ကသူတို့အား “သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။”—ကမ္ဘာဦး ၃:၁၆-၁၉။

ယင်းသည်ပြင်းထန်သော စီရင်ချက်ဖြစ်သည်။ သို့သော်ယင်းသည် တရားမျှတ၏။ ယင်းသည်အမှန်ပင် ငရဲမီးနှင့်မပတ်သက်ချေ။ အာဒံနှင့်ဧဝသေဆုံးသောအခါ သူတို့သည်မြေမှုန့်သို့ ပြန်သွားကြသည်။ သူတို့အသက်မရှင်ကြတော့။ သမ္မာကျမ်းစာက၊ အာဒံ (ဝါ) အခြားလူတစ်ဦး၏ အစိတ်အပိုင်းတစ်ခုသည် တစ်နေရာရာတွင် ထာဝစဉ်ညှဉ်းဆဲခံရရန် သေပြီးနောက်ဆက်ရှင်နေသည်ဟု ဘယ်နေရာတွင်မှ မဖော်ပြချေ။ သို့အစား၊ “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ” ဟုကျွန်ုပ်တို့ဖတ်ရသည်။—ဒေသနာ ၉:၅။

သမ္မာကျမ်းစာကထိုသို့ပြောသည်ကို သင်သိပါသလော။ သမ္မာကျမ်းစာသည် “မသေနိုင်သောဝိညာဉ်” အသုံးအနှုန်းကို တစ်ခါမျှမသုံးသည်ကို သင်သိပါသလော။ သို့အစား “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်” ဟုဆိုသည်။ (ယေဇကျေလ ၁၈:၄) ယင်းသည်သမ္မာကျမ်းမူနှင့် လုံးဝညီညွတ်လေသည်။ “အပြစ်၏အခကား သေခြင်းပေတည်း။” (ရောမ ၆:၂၃) ထိုပညတ်သည် ကျွန်ုပ်တို့အားလုံးကို ထိခိုက်လေသည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်သားအာဒံမှ ဆင်းသက်သောကြောင့် ကျွန်ုပ်တို့အားလုံးသည် အပြစ်ပြုကြပြီး အပြစ်၏အခသေခြင်းကိုရသည်။ သမ္မာကျမ်းစာဆိုသကဲ့သို့ပင် “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) တရားစီရင်ရာနေ့သည် ဤအခြေအနေအောက်မှ ကျွန်ုပ်တို့အားကယ်တင်ရန် ဘုရားအစီအစဉ်တွင် သော့ချက်ကဏ္ဍဖြစ်သည်။

တရားစီရင်ရာနေ့အတွက်အခြေခံ

သမ္မာကျမ်းအရ၊ တရားစီရင်ရာနေ့တွင် ဘာဖြစ်မည်အကြောင်း၏အခြေခံကို နှစ်ပေါင်း ၂၀၀၀ နီးပါးခန့်က ချမှတ်ခဲ့သည်။ ယင်းကားယေရှုမြေကြီးပေါ်လာခဲ့စဉ် ကျွန်ုပ်တို့အတွက် ကိုယ်တော်၏စုံလင်သောလူသားအသက်ကို ပေးဆက်ခဲ့စဉ်ဖြစ်သည်။ ယေရှုကိုယ်နှိုက် ရှင်းပြခဲ့သည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကိုရခြင်းငှာ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆။

ကျွန်ုပ်တို့သည်ယေရှု၌ ယုံကြည်ခြင်းကျင့်သုံးပါက ကိုယ်တော်၏ပူဇော်သက္ကာမှယခုတွင်ပင် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့အကျိုးခံစားရပါသည်။ ဘုရားရှင်သည်ကျွန်ုပ်တို့အပြစ်များကိုခွင့်လွှတ်ပြီး ကိုယ်တော်အားချဉ်းကပ်ခွင့်ပြုတော်မူသည်။ (ယောဟန် ၁၄:၆။ ၁ ယောဟန် ၂:၁၊ ၂) သို့သော်ကျွန်ုပ်တို့သည် မစုံလင်ဘဲအပြစ်သားများ ဖြစ်နေဆဲဖြစ်သောကြောင့် ကိုယ်ကာယအရ ဖျားနာလျက် နောက်ဆုံးသေနေကြရတုန်းပင်။ ယေရှုကတိပြုခဲ့သော ထာဝရအသက်ကို ကျွန်ုပ်တို့မရရှိကြသေးချေ။ ယင်းသည်တရားစီရာနေ့၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာပါလိမ့်မည်။

တရားစီရာနေ့

တမန်တော်ယောဟန်သည် တရားစီရင်ရာနေ့ရူပါရုံကို မြင်တွေ့ခဲ့ရပြီး သူကအောက်ပါအတိုင်းဖော်ပြသည်။ “ဖြူသောပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသော သူကိုလည်းကောင်းငါမြင်၏။ ကောင်းကင်နှင့်မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာ အရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသောစာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။”—ဗျာဒိတ် ၂၀:၁၁၊ ၁၂။

မှန်ပါသည်၊ ယောဟန်၏ရူပါရုံအရ တရားစီရင်ရာနေ့ကို ဘုရားရှင်ကိုယ်နှိုက် ဦးစီးပါလိမ့်မည်။ သို့သော်အခြားသူတစ်ဦးလည်း ပတ်သက်နေသည်။ တမန်တော်ပေါလုက ရှင်းပြသည်။ “[ဘုရားရှင်သည်] ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်လျော်ညီစွာ စစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။” (တမန်တော် ၁၇:၃၁) ထိုသူကားမည်သူနည်း။ ယေရှုကိုယ်နှိုက်က “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။” (ယောဟန် ၅:၂၂) ထို့ကြောင့်ယေရှုသည် တရားစီရင်ရာနေ့တွင် ဘုရားရှင်၏ ခန့်အပ်ခံတရားသူကြီးဖြစ်မည်။

၄င်းသည်လူသားများအတွက် သတင်းကောင်းဖြစ်သည်။ ခရစ်ဝင်ကျမ်းများက ယေရှုကိုအလွန်သနားစာနာတတ်သူအဖြစ် ဖော်ပြသည်။ ကိုယ်တော်သည်စိတ်နေမမြင့် (ဝါ) အမိန့်နှင့်တောင်းဆိုသူမဟုတ်ဘဲ “နူးညံ့၊ သိမ်မွေ့၊ နှိမ့်ချသောစိတ်သဘော” ရှိသူဖြစ်သည်။ (မဿဲ ၁၁:၂၉။ ၁၄:၁၄။ ၂၀:၃၄) ကျွန်ုပ်တို့သည် ထိုသို့သောတရားသူကြီး၏ လက်တွင်ရှိရခြင်းကို ဝမ်းမြောက်ကြသည်။

ဘယ်သောအခါဖြစ်မည်နည်း

သို့ဖြစ်လျှင်တရားစီရင်ရာနေ့သည် ဘယ်သောအခါ ဖြစ်မည်နည်း။ ဗျာဒိတ်ကျမ်းကယင်းသည် “ကောင်းကင်နှင့်မြေကြီး. . . ပြေးလွင့်” သွားသောအခါ ဖြစ်မည်ဟုဆိုသည်။ ယင်းကတမန်တော်ပေတရု၏ စကားကိုသတိရစေသည်။ “ယခုရှိသောမိုးကောင်းကင်နှင့် မြေကြီးမူကား တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက်တိုင်အောင်. . . သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။” (၂ ပေတရု ၃:၇) ပကတိမြေကြီးသည် မီးလောင်ကျွမ်းသွားမည်လော။ မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဤအချက်တွင် ရှင်းနေသည်။ ပကတိမြေကြီးသည် ဘယ်တော့မှဖျက်ဆီးခံရမည်မဟုတ်။ “မြေကြီး. . . ကိုကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူ” ၏။ (ဆာလံ ၁၀၄:၅) ပေတရု၏အထက်အောက်စကားများက လက်ရှိဘုရားတရားမဲ့ကမ္ဘာ့အစီအစဉ်စနစ်များ ဖျက်ဆီးခံရမည်ကို တင်ပြသည်။ လက်ရှိမြေကြီးမဟုတ်ဘဲ ဘုရားတရားမဲ့သူများသာ ပျက်စီးမည်။—ယောဟန် ၁၂:၃၁။ ၁၄:၃၀။ ၁ယောဟန် ၅:၁၉။

ဤဘုရားတရားမဲ့သူများသည် ဤမဂ္ဂဇင်းက မကြာခဏတင်ပြသည့်အတိုင်း သမ္မာကျမ်းစာ၌ အာမဂေဒုန်ဟုခေါ်သည့် စစ်ပွဲတွင်ဖျက်ဆီးခံရမည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ထို့နောက်၊ စာတန်ကိုယ်နှိုက် တွင်းနက်ထဲသို့ချပစ်ခံရမည်ဖြစ်ကာ အနှစ်တစ်ထောင်လုံးလုံး လူသားတို့ကို မနှောင့်ယှက်ရန် တားဆီးခံရမည်။ ဤအနှစ်တစ်ထောင်သည် တရားစီရင်ရာနေ့ချိန်ခါ အစစ်အမှန်ဖြစ်မည်။ (ဗျာဒိတ် ၁၉:၁၇–၂၀:၃) ဘုရားတရားမဲ့သူများသည် အာမဂေဒုန်တွင်ပျက်စီးသောအခါ သစ္စာရှိသူများသည် ဘာဖြစ်မည်နည်း။ သူတို့သည်တရားစီရင်ရာနေ့ထဲသို့တောက်လျှောက် လွတ်မြောက်သွားမည်။ “[အပြစ်တင်ခွင့်မဲ့] သောသူတို့သည် [မြေကြီးတွင်] နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား ပြည်တော် [မြေကြီး] မှပယ်ရှင်းခြင်း. . . ခံရကြလိမ့်မည်။”—သု၊ ၂:၂၁၊ ၂၂။

ယင်းကိုထောက်ခံချက်အနေနှင့် သမ္မာကျမ်းစာက အာမဂေဒုန်မတိုင်မီ မြေကြီးပေါ်တွင်ပေါ်ပေါက်မည့် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်းတို့” အကြောင်းဆိုထားသည်။ သူတို့သည် “ကြီးစွာသောဆင်းရဲဒုက္ခ အထဲကထွက်မြောက်” လာကြသည်။ အခြားတစ်နည်းဖြင့်ပြောရလျှင်၊ နောဧသည်သူ့လက်ထက်ရှိ ကမ္ဘာ၏ဆုံးခန်းကို လွတ်မြောက်ခဲ့သကဲ့သို့ သူတို့သည်ဤဘုရားတရားမဲ့ကမ္ဘာ၏ဆုံးခန်းကို လွတ်မြောက်မည်။ (ဗျာဒိတ် ၇:၉-၁၇။ ၂ ပေတရု ၂:၅) ယခုတွင်ပင်၊ တက်ကြွသောကမ္ဘာချီလူအုပ်ကြီးရှိသည်ကို သင်သိရှိပါသလော။ သူတို့သည်ကြီးစွာသောဒုက္ခကို လွတ်မြောက်၍ မြေကြီးပေါ်တွင်ထာဝစဉ်နေရန်မျှော်လင့်ကြသည်။ သူတို့တည်ရှိနေခြင်းက တရားစီရင်ရာနေ့နီးခြင်း၏ သေချာသောအထောက်အထားပင်ဖြစ်သည်။

မည်သူတို့တရားစီရင်ခံရမည်နည်း

ဤလူအုပ်ကြီးသည် တရားစီရင်ရာနေ့တွင် တရားစီရင်ခံရမည်။ သို့သော်သူတို့သာရှိမည်မဟုတ်ချေ။ ယောဟန်၏မှတ်တမ်းက ဆက်လက်ဖော်ပြသည်။ “သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကို အပ်ပေး၏။ သေခြင်းနှင့်ငရဲသည် မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းခံရကြ၏။” (ဗျာဒိတ် ၂၀:၁၃၊ King James Version) လူတို့သည်ငရဲတွင် ထာဝစဉ်မခံရကြောင်း ယင်းသည်နောက်ထပ် သက်သေတစ်ခုဖြစ်သည်။ ငရဲသည်မိမိတွင်ရှိသော လူသေများကို ပေးအပ်လျှင် ထိုတွင်လူများမည်သို့ ထာဝစဉ်ရှိနိုင်မည်နည်း။ ထို့ပြင်၊ သမ္မာကျမ်းငရဲသည် လူတို့၏သင်္ချိုင်းဖြစ်၍ ထိုတွင်လူသေများသည် ဘာမျှမသိကာ ထမြောက်ခြင်းကို စောင့်ဆိုင်းနေကြသည်။ တရားစီရင်ရာနေ့တွင် ငရဲသည်ယင်းတွင်ရှိသော လူသေအားလုံးကို အပ်ပေးရမည်။—ဒေသနာ ၉:၁၀။

တရားစီရင်ရာနေ့တွင် သေခြင်းမှမည်သူများ ထမြောက်လာမည်နည်း။ တမန်တော်ပေါလုက၊ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ ရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဟုဆိုသည်။ (တမန်တော် ၂၄:၁၅) ထို့ကြောင့်၊ ဘုရားသခင်၏ သစ္စာရှိကျေးကျွန်များဖြစ်သည့် “ဖြောင့်မတ်သောသူ” များသည်ထမြောက်ကြလိမ့်မည်။ အခြား “မဖြောင့်မတ်သောသူများလည်း” ထမြောက်ကြမည်။ အပြစ်အလွန်ကြီးမား၍ ထမြောက်ခြင်းလုံးဝမရထိုက်ကြောင်း ဘုရားစီရင်ခဲ့ပြီးသူများမှအပ သေဆုံးခဲ့သူများနှင့် သင်္ချိုင်းတွင်ရှိနေသူအားလုံး ထမြောက်လာမည်။—မဿဲ ၁၂:၃၁။

တရားစီရင်ချက်

ကပ်ကျော်သူလူအုပ်ကြီးနှင့် တရားစီရင်ရာနေ့တွင် ထမြောက်လာသူများ ဘာဖြစ်မည်နည်း။ သမ္မာကျမ်းစာက “သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။” ထိုအချိန်သည် စေ့စပ်စွာစစ်ဆေးရမည့်အချိန်ဖြစ်သည်။ ထိုအချိန်တွင် လူသားများအတွက် ဘုရားပညတ်တော်များဖြစ်သည့် ‘စာစောင်တို့၌ ရေးထားချက်’ နှင့်အညီ ကျင့်ဆောင်ရန်အသင့်ရှိသောသူအားလုံးကို “အသက်စာစောင်” တွင် မှတ်တမ်းတင်ထားမည်။ (ဗျာဒိတ် ၂၀:၁၂) သူတို့သည် ထာဝရအသက်ရရှိမည့်လမ်းပေါ်တွင်ရှိလိမ့်မည်။

သို့နှင့်နောက်ဆုံးတွင်၊ ခရစ်တော်၏ပူဇော်သက္ကာသေခြင်းသည်ကိုယ်ကာယအကျိုးကျေးဇူများ ဖြစ်ပေါ်စေပါမည်တကား။ ထိုအချိန်တွင် အသက်စာစောင်၌ စာရင်းဝင်သောသူများသည် ဖျားနာခြင်းနှင့် သေခြင်းတွင်နစ်မွန်းကြတော့မည်မဟုတ်ချေ။ သို့အစား၊ သူတို့သည်လူ့စုံလင်မှုသို့ တဖြည်းဖြည်းနှင့် ရောက်ရှိလျက် ယေရှုကိုယုံကြည်သူများအား ကတိပြုထားသည့် ထာဝရအသက်ရရှိမည်။ ထူးခြားလှသည့် မျှော်လင့်ရာပါတကား။ သို့ပင်ငြားလည်း၊ အချို့သည် ‘စာစောင်တို့၌ ရေးထားချက်နှင့်အညီ’ ကျင့်ရန်ငြင်းဆန်ကြမည့်အကြောင်း ထင်ရှားသည်။ သူတို့ဘာဖြစ်မည်နည်း။ သူတို့ထာဝရအသက် မရရှိကြ။ သို့အစား၊ ကျမ်းစာက “အသက်စာစောင်၌ စာရင်းမဝင်သော သူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ချပစ်လေ၏။”—ဗျာဒိတ် ၂၀:၁၅။

ယင်းသည်ခရစ်ယာန်ဘောင်ကပြောနေသော ငရဲမီးဖြစ်ပါသလော။ မဟုတ်ပါ၊ အကြောင်းမှာ မတိုင်မီကျမ်းပိုဒ်တွင် “သေခြင်းနှင့်ငရဲကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း” ဟုကျွန်ုပ်တို့ဖတ်ရသည်။ (ဗျာဒိတ် ၂၀:၁၄။ KJ) ငရဲကိုမီးအိုင်ထဲသို့ချပစ်လျှင် မီးအိုင်ကိုယ်နှိုက်သည် ငရဲမီးမဖြစ်နိုင်ချေ။ ထို့ပြင်သေခြင်းသည် ကောက်ကိုင်၍ တစ်နေရာသို့ပစ်ချနိုင်လောက်အောင် ဆုပ်ကိုင်နိုင်သောအရာတစ်ခု မဟုတ်ချေ။ ထို့ကြောင့်မီးအိုင်သည် ပုံဆောင်ချက်ဖြစ်ရမည်။ ဘာကိုနည်း။ သမ္မာကျမ်းစာက ယင်းကား “ဒုတိယသေခြင်းဖြစ်သတည်း” ဟုဆိုသည်။ သေခြင်းနှင့်ဟေးဒီးစ်ကို မီးအိုင်ထဲသို့ချပစ်လိုက်သောအခါ ယင်းတို့သည် “သေဆုံး”၊ ဆက်မရှင်တော့။ အလားတူပင်၊ ထိုတွင်လမ်းဆုံးသော ပုန်ကန်သူများသည်သေဆုံး သို့မဟုတ် ဆက်မရှင်တော့ချေ။ ယင်းသည် ထမြောက်ခြင်းမျှော်လင့်ချက်မဲ့သော ဒုတိယသေခြင်းဖြစ်သည်။

တရားစီရာနေ့—မျှော်လင့်ချက်ချိန်ခါ

ထို့ကြောင့်တရားစီရင်ရာနေ့အကြောင်း ကျွန်ုပ်တို့စဉ်းစားသောအခါ ကျွန်ုပ်တို့သည်ကြောက်ရွံ့ခြင်း သို့မဟုတ် ရွံရှာခြင်းမဖြစ်သင့်ချေ။ သို့အစားတရားစီရင်ရာနေ့သည် မျှော်လင့်ချက်ချိန်ခါ၊ အာဒံဆုံးရှုံးခဲ့သော ထာဝရအသက်ကို လူသားတို့ထံပြန်လည်တည်ထောင်ပေးရန်အချိန်ဖြစ်သည်။ သစ္စာရှိသည်ဟုစီရင်ခံရသည့် သူများအပေါ် သက်ရောက်လာသည့် ကောင်းချီးများကို နားထောင်ကြည့်ပါ။ “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည်ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။

အနှစ်တစ်ထောင်တရားစီရင်ရာနေ့ အကုန်ပိုင်းတွင်၊ မြေကြီးတစ်ပြင်လုံးရှိ သစ္စာရှိလူများသည် နောက်ဆုံးတွင်စုံလင်သွားမည်။ သူတို့သည် အပြည့်အဝသဘောဖြင့် “အသက်. . . ရှင်ရကြ” ကာ တရားစီရင်ရာနေ့သည် ယင်း၏ရည်ရွယ်ချက်ပြီးမြောက်သွားမည်။ (ဗျာဒိတ် ၂၀:၅) သို့နှင့်၊ သမ္မာကျမ်းစာက စာတန်သည်နောက်ဆုံးအနေနှင့် လူသားများထံ ချဉ်းကပ်ခွင့်ရမည့်အကြောင်းဆိုထားသည်။ (ဗျာဒိတ် ၂၀:၃၊ ၇-၁၀) သူ့အားဤနောက်ဆုံးပိုင်းတွင် တွန်းလှန်သူများသည် “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး၊ NW] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဟူသည့်သမ္မာကျမ်း ကတိတော်လုံးဝ ပြည့်စုံခြင်းကို ခံစားရကြမည်။—ဆာလံ ၃၇:၂၉။

တရားစီရင်ရာနေ့သည် မည်မျှထူးမြတ်သော ပြင်ဆင်ပေးချက်ပါတကား။ သမ္မာကျမ်းစာကို လေ့လာခြင်း၊ ဘုရားရှင့်အလိုတော်ကို သင်ကြားခြင်းနှင့် ဤအလိုတော်ကို ကျွန်ုပ်တို့အသက်တာတွင် ကျင့်သုံးခြင်းဖြင့် ယင်းအတွက်ကျွန်ုပ်တို့ယခုပင်ပြင်ဆင်နိုင်ခြင်းသည် မည်မျှထူးမြတ်လှပါသည်တကား။ ဆာလံဆရာသည် ဘုရားရှင့်တရားစီရင်ခြင်းကို စဉ်းစားသောအခါ ရွှင်လန်းပုံကို ဤသို့ရေးသားခဲ့သည်မှာ အံ့ဩစရာမဟုတ်ချေ။ “ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ပင်လယ်နှင့်ပင်လယ်တန်ဆာသည် အသံဗလံကိုပြုစေ။ လယ်ပြင်နှင့်လယ်ပြင်၌ရှိသမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါတော၌ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည်ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။”—ဆာလံ ၉၆:၁၁-၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ