သမ္မာကျမ်းစာရှုထောင့်
ကမ္ဘာမြေသည် မီးတွင် ဇာတ်သိမ်းသွားမည်လော
နျူကလီးယားမီးလောင်တိုက်ထဲတွင် ကျွမ်းလောင်ခဲ့သည်၊ ဖောင်းကားလာသောနေမင်းကြောင့် မီးလောင်ပြာကျခဲ့သည်၊ အမျက်ဒေါသထွက်နေသောဘုရားက မီးရှို့ခဲ့သည်—ဖျက်ဆီးနည်းကွဲပြားနိုင်သော်လည်း လူသားနေထိုင်သောကမ္ဘာဂြိုဟ်သည် တစ်စမကျန်လောင်ကျွမ်းသည့် မီးတောက်မီးလျှံ၊ ရုတ်တရက်ကပ်ဘေးကြီးဖြင့် ဇာတ်သိမ်းရမည်ဟု များစွာသောသူတို့က ယုံကြည်လက်ခံကြသည်။
မြေကြီးအပေါ်လူ့ကျူးလွန်မှုကို တုံ့ပြန်သည့်အနေနှင့် ဘုရားသခင်ကိုယ်တော်တိုင် မီးရှို့မည်ဖြစ်ကြောင်း ပြသည့်ကျမ်းချက်များကို အချို့ကထောက်ပြကြသည်။ ကမ္ဘာမြေသည် မီးတောက်မီးလျှံဖြင့် မလွဲမသွေဖျက်ဆီးခံရမည်ဟူသည့် အယူအဆကို ရေးသားသူ ဩစတြေးလျနိုင်ငံ အယ်ဒလ်အေ့ဒ်တက္ကသိုလ်မှ ပါမောက္ခပေါလ်ဒေးဗစ်၏ ယူဆချက်ကို တချို့သူများက သံယောင်လိုက်ကြသည်။ သူ၏ နောက်ဆုံးသုံးမိနစ် စာအုပ်တွင် ဤသို့ယူဆသည်– “နေမင်းသည် တဖြည်းဖြည်းဖောင်းကားလာသည်နှင့်အမျှ မီးလောင်အိုင်ထဲတွင် ကျရောက်နေသောကမ္ဘာမြေကြီးကို ဝါးမျိုပါလိမ့်မည်။ . . . ကျွန်ုပ်တို့၏ဂြိုဟ်သည် မီးသွေးခဲဘဝရောက်သွားလိမ့်မည်။” မြေကြီး၏နောင်ရေးနှင့်စပ်လျဉ်း၍ အမှန်တရားကားအဘယ်နည်း။ မီးလျှံအားဖြင့် လုံးဝဖျက်ဆီးခြင်းအကြောင်း တင်ကြိုဟောထားပုံရသော ကျမ်းချက်များကို ကျွန်ုပ်တို့ မည်သို့နားလည်ရန်ဖြစ်သနည်း။
ဘုရားသခင်ဂရုစိုက်တော်မူသလော
ယေရမိ ၁၀:၁၀-၁၂ ၌ကျွန်ုပ်တို့ကို ဤသို့သိရှိစေသည်– “ထာဝရဘုရားဟူမူကား၊ မှန်သောဘုရား . . . ဖြစ်တော်မူ၏။ . . . ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ကြက်တော်မူပြီ။” ဘုရားသခင်သည် မြေကြီးကို ဖန်ဆင်းတော်မူ၍ အခိုင်အခံ့တည်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် ဉာဏ်ပညာတော်၊ ချစ်ခြင်းမေတ္တာတော်၊ သိနားလည်မှုတို့အားဖြင့် လူသားများအတွက် လှပသောစံအိမ်တစ်လုံးအဖြစ် အချိန်အကန့်အသတ်မရှိတည်တံ့သွားရန် မြေကြီးကို ဂရုတစိုက်ပြင်ဆင်ပေးထားတော်မူသည်။
ဘုရားသခင်၏လူသားဖန်ဆင်းခြင်းအကြောင်းကို သမ္မာကျမ်းစာတွင် ဤသို့ဖော်ပြသည်– “လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊ အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍နိုင်ကြလော့ . . . ဟုမိန့်တော်မူ၍ သူတို့ကို ကောင်းချီးပေးတော်မူ၏။” (ကမ္ဘာဦး ၁:၂၇၊ ၂၈) ကိုယ်တော်၏ဖန်ဆင်းခြင်းလုပ်ငန်းတော် ပြီးဆုံးသောအခါ “အလွန်ကောင်းသည်” ဟုစိတ်ချလက်ချ ကြေညာနိုင်ခဲ့သည်။ (ကမ္ဘာဦး ၁:၃၁) ကိုယ်တော်သည် ထိုသို့ပင်နေစေလိုခဲ့၏။ မိခင်ဖခင်လောင်းအချို့သည် မိမိတို့၏မွေးဖွားလာမည့် ရင်သွေးအတွက် အိပ်ခန်းကို ပုံစံရေးဆွဲကာ ပြင်ဆင်ပေးတတ်သကဲ့သို့ ဘုရားသခင်သည် လှပသောဥယျာဉ်တစ်ခုကိုတည်ကာ ယင်းကို တိုးချဲ့ရန်နှင့် ပြုစုစောင့်ရှောက်ရန် လူသားအာဒံကို ဤတွင်နေရာချပေးခဲ့သည်။—ကမ္ဘာဦး ၂:၁၅။
စုံလင်မှုနှင့်မြေကြီးကိုစောင့်ရှောက်ရမည့် သူ၏တာဝန်ကို အာဒံစွန့်လွှတ်ခဲ့သည်။ သို့သော် ဖန်ဆင်းရှင်သည် မိမိ၏ရည်ရွယ်တော်မူချက်ကို စွန့်လွှတ်ခဲ့သလော။ စွန့်လွှတ်တော်မမူကြောင်း ဟေရှာယ ၄၅:၁၈ တွင် “မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောဘုရား၊ မြေကြီးကို . . . အမြဲတည်စေတော်မူအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူသော ဘုရားသခင်မိန့်တော်မူ” ၏ဟုဆိုသည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁ ကိုလည်းရှု) လူသားသည် မိမိ၏ထိန်းသိမ်းမှုတာဝန်ကို လစ်ဟင်းခဲ့သော်လည်း ဘုရားသခင်သည် မြေကြီးနှင့်တကွ သက်ရှိများနှင့်ပတ်သက်သည့် မိမိ၏ကတိစကားအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့၏။ ရှေးဣသရေလလူမျိုးကို ပေးခဲ့သောပညတ်တော်တွင် သတ္တမနှစ်တိုင်း “တစ်ပြည်လုံးငြိမ်ဝပ်စွာနေ၍၊ ဥပုသ်စောင့်” ရန်စီစဉ်ပေးတော်မူခဲ့သည်။ ယင်းတွင် တိရစ္ဆာန်တို့အား အတော်အတန်ကာကွယ်ပေးထားသည့် ထောက်ထားညှာတာသော ပညတ်များပါဝင်ခဲ့သည်။ (ဝတ်ပြုရာ ၂၅:၄; ထွက်မြောက်ရာ ၂၃:၄၊ ၅; တရားဟောရာ ၂၂:၁၊ ၂၊ ၆၊ ၇၊ ၁၀; ၂၅:၄; လုကာ ၁၄:၅) ၎င်းတို့သည် ဘုရားသခင်က လူသားနှင့် လူသားအားအပ်နှင်းထားသည့် တာဝန်အားလုံးကို အလွန်ဂရုစိုက်ကြောင်း ကျမ်းစာ၌ ရှင်းလင်းစွာဖော်ပြထားသော ဥပမာအချို့သာဖြစ်သည်။
“ရှေးမြေကြီး”
ထို့ကြောင့် ဆန့်ကျင်ပုံရှိသော ကျမ်းစာသားတို့ကို ညီညွတ်အောင် မည်သို့ပြုလုပ်မည်နည်း။ ၂ ပေတရု ၃:၇ တွင်ပါသည့် စာသားတစ်ခုတွင် “ယခုရှိသော မိုးကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ [တရားမဲ့] လူတို့ကို ဖျက်ဆီးသောနေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပါဌ်တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း” ဟုဆိုသည်။ နောက်ကျမ်းချက် ဗျာဒိတ် ၂၁:၁ တွင် “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ” ဟူ၍ဖော်ပြထားသည်။
ပေတရု၏စကားများကို စာသားအတိုင်းကောက်ယူကာ ကမ္ဘာဂြိုဟ်သည် ပကတိမီးအားဖြင့် လောင်ကျွမ်းခံရလျှင် ပကတိမိုးကောင်းကင်—ကြယ်များနှင့် အခြားနေ၊ လ၊ နက္ခတ်—တို့သည်လည်း မီးအားဖြင့် ဖျက်ဆီးခံရမည်သာဖြစ်သည်။ သို့ရာတွင် အဆိုပါရှင်းပြချက်သည် မဿဲ ၆:၁၀ တွင် “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” နှင့်ဆာလံ ၃၇:၂၉ တွင် “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံရ၍ အစဉ်အမြဲနေရကြလိမ့်မည်” ကဲ့သို့သော ကျမ်းချက်များ၌ တွေ့ရသည့်အာမခံချက်နှင့် ဆန့်ကျင်နေသည်။ ထို့အပြင် နျူကလီးယားပေါက်ကွဲမှု အဆက်မပြတ်ဖြစ်ပေါ်နေသည့် အလွန်ပူပြင်းလှသော နေနှင့်ကြယ်များအပေါ် မီးကမည်သို့အရာထင်မည်နည်း။
အခြားတစ်ဖက်တွင်မူ သမ္မာကျမ်းစာသည် “မြေကြီး” ဟူသည့်ဝေါဟာရကို ပုံဆောင်သဘောဖြင့် မကြာခဏအသုံးပြုလေ့ရှိသည်။ ဥပမာ၊ ကမ္ဘာဦး ၁၁:၁၊ ကဘ တွင် ‘ယခုတွင် မြေကြီးခပ်သိမ်းသည် ဘာသာစကားတစ်မျိုးတည်း ဆက်ရှိနေမည်ဖြစ်သည်’ ဟုဆိုသည်။ ဤနေရာတွင် “မြေကြီး” စကားရပ်သည် သာမန်လူသားထု သို့တည်းမဟုတ် လူ့အဖွဲ့အစည်းကို ရည်ညွှန်းခြင်းဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၂:၁၊ ၂; ၁ ရာဇဝင်ချုပ် ၁၆:၃၁ ကိုလည်းရှု) ၂ ပေတရု ၃:၅၊ ၆ ၏ရှေ့နောက်စကားအရ “မြေကြီး” ကိုအလားတူပုံဆောင်အသုံးပြုနေသည်ဟု သဘောသက်ရောက်သည်။ ယင်းသည် ဆိုးသွမ်းသောလူ့အဖွဲ့အစည်းကို ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခဲ့သော်လည်း နောဧနှင့်သူ့မိသားစုအပြင် ကမ္ဘာမြေကြီးကိုယ်နှိုက်ကိုလည်း မပျက်မယွင်းအောင်ထိန်းသိမ်းထားသည့် နောဧခေတ်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။ (ကမ္ဘာဦး ၉:၁၁) ထိုနည်းတူ ဖျက်ဆီးခံရမည့်သူများသည် “[တရားမဲ့] လူတို့” ဖြစ်ကြောင်း ၂ ပေတရု ၃:၇ တွင်ဆိုထားသည်။ ယင်းသုံးသပ်ချက်သည် သမ္မာကျမ်းစာ၏ကျန်အပိုင်းနှင့် ကိုက်ညီပါသည်။ ဖျက်ဆီးဖို့လျာထားသည့် ဆိုးသွမ်းသောအဖွဲ့အစည်းသည် အစပိုင်း၌ကိုးကားထားသော ဗျာဒိတ် ၂၁:၁ တွင်ညွှန်းထားသည့် “ရှေးမြေကြီး” လည်းဖြစ်သည်။
မှန်ပါသည်၊ ဂရုစိုက်တတ်သော မြေကြီးဆိုင်ရာဖခင်တစ်ဦးသည် မိမိအိမ်ထောင်စု ဘေးနှင့် မတွေ့ရစေရန် အတတ်နိုင်ဆုံးလုပ်ဆောင်မည်ဖြစ်သည့်အတိုင်း ယေဟောဝါဘုရားသခင်သည် မိမိဖန်ဆင်းထားသော သတ္တဝါများကို ကောင်းစွာဂရုစိုက်ပေးနေပါသည်။ ကိုယ်တော်သည် အကျင့်ယိုယွင်းဆိုးသွမ်းသောသူကို မြေသြဇာကောင်းသော ယော်ဒန်ချိုင့်ဝှမ်းမှ တစ်ခါကနှင်ထုတ်ခဲ့သည်။ အကယ်၍ သူတို့သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ကြလျှင် ‘သူတို့ရှေ့၌ရှိသောပြည်သားတို့သည် ထိုသို့သောရွံ့ရှာဖွယ်အမှုတို့ကို ပြုသောအားဖြင့် ပြည်ကို ညစ်ညူးခြင်းအတွက် အော့အံခံရသကဲ့သို့ သူတို့သည် အော့အံခံရမည်မဟုတ်’ ကြောင်း ကိုယ်တော်နှင့်ပဋိညာဉ်ဖွဲ့ထားသော တိုင်းပြည်ကို ကြည့်ရှုစောင့်ရှောက်သူအသစ်များအား အခိုင်အမာပြောဆိုခဲ့သည်။—ဝတ်ပြုရာ ၁၈:၂၄-၂၈။
“မြေကြီးသစ်”
ယနေ့ လိင်အကျင့်ယိုယွင်းပျက်ပြား၊ ရက်စက်ကြမ်းကြုတ်ပြီး . . . ယိုယွင်းသောလူ့အဖွဲ့အစည်းက မြေကြီးကိုညစ်ညူးစေခဲ့သည်။ ဘုရားသခင်သာ ယင်းကို ကယ်နိုင်သည်။ ကိုယ်တော်သည် ထိုအတိုင်းပြုလုပ်ပေးမည်။ ဗျာဒိတ် ၁၁:၁၈ ၌ကိုယ်တော်က “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးသောအချိန်ရောက်” မည်ဟုကတိပြုထားသည်။ ပြန်လည်တည်ထောင်မွမ်းမံထားသည့် မြေကြီးတွင် ဘုရားသခင်အား ကြောက်ရွံ့ပြီး လူသားအချင်းချင်းကို စိတ်ရင်းမှန်ဖြင့် ချစ်ကြသူများ မှီတင်းနေထိုင်ကြမည်ဖြစ်သည်။ (ဟေဗြဲ ၂:၅; လုကာ ၁၀:၂၅-၂၈ နှိုင်းယှဉ်။) ဘုရားသခင့်ကောင်းကင်နိုင်ငံတော်အောက်တွင် လုံးလုံးလျားလျားပြောင်းလဲသွားလိမ့်မည်ဖြစ်သောကြောင့် သမ္မာကျမ်းစာက “မြေကြီးသစ်”—လူ့အဖွဲ့အစည်းသစ်တစ်ခု—ဟူ၍ဆိုထားခြင်းဖြစ်ပါသည်။
ဆာလံ ၃၇:၂၉ ကဲ့သို့သောကျမ်းချက်များကို ဖတ်ရှုပြီး မဿဲ ၆:၁၀ တွင် ခရစ်တော်၏ဖော်ပြထားချက်ကို သဘောပေါက်လာသောအခါ အထိန်းမဲ့သဘာဝစွမ်းအားစုများဖြစ်စေ၊ လူသားနှင့်သူ၏အဖျက်စွမ်းအားရှိသမျှသည် ကျွန်ုပ်တို့ဂြိုဟ်ကို ဖျက်ဆီးမည်မဟုတ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။ ယင်းတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်ကို ပျက်ပြားစေမည်မဟုတ်ချေ။ (ဆာလံ ၁၁၉:၉၀; ဟေရှာယ ၄၀:၁၅၊ ၂၆) သစ္စာရှိသူတို့သည် အတိုင်းမသိသော အလှကျက်သရေနှင့်ရွှင်လန်း၍ မကုန်နိုင်သော အခြေအနေအပေါင်း ခညောင်းရာမြေကြီးပေါ်တွင် နေထိုင်ရပါလိမ့်မည်။ ယင်းသည် ကမ္ဘာမြေကြီး၏နောင်ရေးနှင့်ပတ်သက်၍ အမှန်တရားဖြစ်သည်။ အကြောင်းမှာ လူသားတို့ကိုချစ်မြတ်နိုးသော ဖန်ဆင်းရှင်၏ရည်ရွယ်ချက်ဖြစ်ကာ အစဉ်ထိုသို့ပင်ဖြစ်ခဲ့သည်။—ကမ္ဘာဦး ၂:၇-၉၊ ၁၅; ဗျာဒိတ် ၂၁:၁-၅။