-
အရောင်အဝါ ထိန်ညီးသည့် ရွှေမြို့တော်ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
-
-
၆။ (က) မြို့တော်တိုင်းတာခြင်းအကြောင်းကို ယောဟန် မည်သို့ဖော်ပြသနည်း၊ ဤတိုင်းတာခြင်းက ဘာကိုပြသနည်း။ (ခ) ထိုတိုင်းတာခြင်းသည် “ကောင်းကင်တမန်၏ အတိုင်းအတာဖြစ်သော လူတို့၏ အတိုင်းအတာအရ” ဖြစ်သည်ဟူသောအချက်ကို အဘယ်အရာက ရှင်းပြနိုင်သနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)
၆ ယောဟန် ဤသို့ဆက်ဖော်ပြ၏– “ငါနှင့်စကားပြောသောသူသည် မြို့တော်၊ မြို့တံခါးများနှင့် မြို့ရိုးတို့ကို တိုင်းတာရန် တိုင်းတာစရာအဖြစ် ရွှေကျူရိုးတစ်ချောင်းကို ကိုင်ထား၏။ မြို့တော်သည် စတုရန်းပုံဖြစ်၍ အလျားနှင့်အနံ တူညီ၏။ သူသည် မြို့တော်ကို ကျူရိုးဖြင့်တိုင်းတာရာ ဖာလုံ တစ်သောင်းနှစ်ထောင် ရှိ၏။ အလျား၊ အနံ၊ အမြင့်တို့သည် တူညီ၏။ သူသည် မြို့ရိုးကိုလည်း တိုင်းတာ၏။ ကောင်းကင်တမန်၏ အတိုင်းအတာဖြစ်သော လူတို့၏ အတိုင်းအတာအရ တစ်ရာ့လေးဆယ့်လေးတောင် ရှိ၏။” (ဗျာဒိတ် ၂၁:၁၅-၁၇) ဗိမာန်တော် ကျိန်းဝပ်ရာဌာနကိုတိုင်းတာခြင်းက ယင်းနှင့်ဆိုင်သော ယေဟောဝါ၏ကတိတော်များ ပြည့်စုံလာမည်ကိုအာမခံ၏။ (ဗျာဒိတ် ၁၁:၁) ယခု ယေရုရှလင်မြို့သစ်ကို ကောင်းကင်တမန်တိုင်းတာခြင်းက ဘုန်းရှိသောဤမြို့တော်နှင့်ဆိုင်သည့် ယေဟောဝါ၏ရည်ရွယ်ချက်များ ပြောင်းလဲခြင်းမရှိကြောင်းကိုပြ၏။a
၇။ မြို့တော်၏အတိုင်းအတာသည် အဘယ်သို့ထူးခြားသနည်း။
၇ မည်မျှထူးခြားလှသော မြို့တော်ပါတကား။ အတောင် ၁၄၄ သို့မဟုတ် ပေ ၂၁၀ မြင့်သောမြို့ရိုးဖြင့် ကာရံထားပြီး ပတ်လည်အနား ဖာလုံ ၁၂,၀၀၀ (မိုင် ၁,၃၈၀ ခန့်) ရှိသည့် ညီညာသော ကုဗတုံးဖြစ်ပေသည်။ မည်သည့်ပကတိမြို့မျှ ထိုသို့သောအတိုင်းအတာမရှိနိုင်။ ရှိလျှင် ယခုခေတ် အစ္စရေးလ်နိုင်ငံ၏ ၁၄ ဆခန့် ကျယ်ဝန်းပြီး ပြင်ပအာကာသသို့ မိုင် ၃၅၀ ထိုးထွက်လျက်ရှိမည်ဖြစ်၏။ ဗျာဒိတ်တော်ကို နိမိတ်လက္ခဏာဖြင့် ပေးတော်မူခြင်းဖြစ်၏။ ထို့ကြောင့် ဤအတိုင်းအတာများက ကောင်းကင်ယေရုရှလင်မြို့သစ်နှင့်ပတ်သက်၍ ဘာကိုဖော်ပြသနည်း။
၈။ (က) ၁၄၄ တောင်မြင့်သော မြို့ရိုးများ၊ (ခ) ဖာလုံ ၁၂,၀၀၀ ရှိသော မြို့၏အတိုင်းအတာ၊ (ဂ) မြို့တော်သည် ညီညာသောကုဗတုံး ပုံသဏ္ဌာန်ရှိခြင်းတို့က အသီးအသီးဘာကို ဆိုလိုသနည်း။
၈ ၁၄၄ တောင်မြင့်သော မြို့ရိုးက ထိုမြို့တော်သည် ဝိညာဉ်ရေးအရ ဘုရားသခင် မွေးစားတော်မူသော သားများ ၁၄၄,၀၀၀ တို့ဖြင့် ဖွဲ့စည်းထားကြောင်းကို သတိရစေ၏။ အလျား၊ အနံ၊ အမြင့်တူသော မြို့တော်၏အတိုင်းအတာ ဖာလုံ ၁၂,၀၀၀ မှ ၁၂ ဂဏန်းကို ကျမ်းစာပရောဖက်ပြုချက်တွင် အဖွဲ့အစည်းနှင့်ပတ်သက်၍ ပုံဆောင်စကားအဖြစ် သုံးထားခြင်းဖြစ်၏။ သို့ဖြစ်၍ ယေရုရှလင်မြို့သစ်သည် ဘုရားသခင့် ထာဝရရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် အကောင်းမွန်ဆုံးနည်းဖြင့်စီမံထားသော အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်တစ်ရပ်ပင်ဖြစ်၏။ ဘုရင်ယေရှုခရစ်နှင့်တကွ ယေရုရှလင်မြို့သစ်သည် ယေဟောဝါ၏နိုင်ငံတော် အဖွဲ့အစည်းဖြစ်၏။ မြို့တော်၏ပုံပန်းကိုလည်း ပြောစရာရှိသေး၏။ ညီညာသောကုဗပုံဖြစ်ပေသည်။ ရှောလမုန်၏ဗိမာန်တော်ထဲ၌ ယေဟောဝါ၏ရောက်ရှိခြင်းကို ပုံခိုင်း၍ကိုယ်စားပြုသော အသန့်ရှင်းဆုံးဌာနတော်သည် ညီညာသောကုဗပုံဖြစ်၏။ (၃ ဓမ္မရာဇဝင် ၆:၁၉၊ ၂၀) သို့ဖြစ်၍ ယေဟောဝါကိုယ်တော်တိုင်၏ ဘုန်းတော်ကြောင့်ထွန်းလင်းသော ယေရုရှလင်မြို့သစ်ကို ညီညာသောကုဗတုံးကြီးအဖြစ် မြင်ရသည်မှာ လျောက်ပတ်လှလေခြင်း။ ၎င်း၏အတိုင်းအတာရှိသမျှသည် ဆိုဖွယ်မရှိ ညီညာမျှတလှ၏။ မညီမညာမှု သို့မဟုတ် ချွတ်ယွင်းချက်မရှိသော ရွှေမြို့တော်ပင်ဖြစ်၏။—ဗျာဒိတ် ၂၁:၂၂။
-
-
အရောင်အဝါ ထိန်ညီးသည့် ရွှေမြို့တော်ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
-
-
a အသုံးပြုသောအတိုင်းအတာမှာ “ကောင်းကင်တမန်၏ အတိုင်းအတာဖြစ်သော လူတို့၏ အတိုင်းအတာ” ဖြစ်သည်ဟူသောအချက်က အစ၌လူသား၊ နောက်ပိုင်း၌ ကောင်းကင်တမန်များအလယ်တွင် ဝိညာဉ်သတ္တဝါများဖြစ်လာကြသော ၁၄၄,၀၀၀ တို့ဖြင့် မြို့တော်ကိုဖွဲ့စည်းထားသည် ဟူသောအချက်နှင့် ပတ်သက်ကောင်းပတ်သက်မည်။
-