အပေါကလစ်မှ‘ဝမ်းမြောက်ဖွယ်သတင်းများ’
“မြေကြီးပေါ်မှာနေထိုင်သောသူ . . . တို့အား ဟောပြောရန် ထာဝရဝမ်းမြောက်ဖွယ်သတင်းတရားပါရှိသော အခြားကောင်းကင်တမန်တစ်ပါး . . . ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်ရ၏။”—ဗျာဒိတ် ၁၄:၆၊ သမ္မာ။
၁။ အပေါကလစ်ကျမ်းစောင်သည် မှုတ်သွင်းခံရကြောင်းကို ယေဟောဝါသက်သေများ ယုံကြည်ကြသော်လည်း သူတို့သည် အဘယ်ကြောင့် “အပေါကလစ်အသင်း” မဟုတ်သနည်း။
ယေဟောဝါသက်သေများသည် သူတို့အားစွပ်စွဲကြသည့်အတိုင်း “အပေါကလစ်အသင်း” သို့မဟုတ် “ကမ္ဘာပျက်မည်ဆိုသောဂိုဏ်း” တစ်ခုမဟုတ်ပါ။ သို့သော် အပေါကလစ် သို့မဟုတ် ဗျာဒိတ်ကျမ်းကို ဘုရားသခင့်မှုတ်သွင်းခံ နှုတ်မြွက်စကားတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သူတို့လက်ခံထားကြ၏။ ဗျာဒိတ်ကျမ်း၌ လူဆိုးတို့ကို တရားစီရင်သည့်သတင်းများပါသည်ကား မှန်၏။ သို့ရာတွင် ဘုရားသခင့်ကျေးကျွန်တို့သည် လူတို့အားသက်သေခံရာ၌ အပေါကလစ် သို့မဟုတ် ဗျာဒိတ်ကျမ်းအပါအဝင် သမ္မာကျမ်းစာ၌ ဖော်ပြထားသည့် ထူးမြတ်သောမျှော်လင့်ချက်ကို အဓိကအာရုံစိုက်ဖော်ပြကြ၏။ သို့ဖြစ်၍ သူတို့သည် ပရောဖက်ပြုချက်ဆိုင်ရာ စကားတော်ထဲ ထပ်ဖြည့်စွက်ခြင်း သို့မဟုတ် ယင်းမှ မည်သည့်အရာကိုမဆို ထုတ်ပစ်ခြင်းတို့ကို မပြုကြပါ။—ဗျာဒိတ် ၂၂:၁၈၊ ၁၉။
ဝမ်းမြောက်ဖွယ်သတင်းကြွေးကြော်သူများ
၂။ ဟောပြောခြင်းလုပ်ငန်း၌ ယေဟောဝါသက်သေများ အသုံးပြုလေ့ရှိသော ကျမ်းချက်အချို့ကားအဘယ်နည်း။
၂ ယေဟောဝါသက်သေများ အမှုဆောင်ရခြင်းအတွက် မကြာခဏကိုးကားဖော်ပြသည့် ကျမ်းစာအခြေခံအကြောင်းရင်းမှာ ယေရှု၏ ဤမိန့်တော်မူချက်ကြောင့်ဖြစ်သည်– “[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော [“သတင်းကောင်း၊” ကဘ] ကိုလော[က]နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄၊ အောက်ခြေမှတ်ချက်) ‘နိုင်ငံတော်နှင့်ယှဉ်သောဤသတင်းကောင်း’ ကားအဘယ်နည်း။ ယေဟောဝါသက်သေများသည် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှု၊ ကိုယ်တော့်နိုင်ငံတော်အစိုးရနှင့် သေခြင်း၊ ညည်းတွားမြည်တမ်းခြင်း၊ နာကျင်ခြင်းမရှိတော့မည့် လူ့ဘောင်အဖွဲ့အစည်းကိုရည်ညွှန်းထားသည့် ဗျာဒိတ်အခန်းကြီး ၂၀ နှင့် ၂၁ မှအခန်းငယ်များကို ကိုးကားဖြေဆိုကြပါလိမ့်မည်။—ဗျာဒိတ် ၂၀:၆; ၂၁:၁၊ ၄။
၃။ ယေဟောဝါသက်သေများ၏အမှုဆောင်ခြင်းသည် အဘယ်တာဝန်နှင့်ကိုက်ညီသနည်း။
၃ ဤဝမ်းမြောက်ဖွယ်သတင်းကြွေးကြော်သူများအဖြစ်၊ ယေဟောဝါသက်သေတို့သည် အမှန်မှာ ပုံဆောင်ကောင်းကင်စေတမန်တစ်ပါး၏ ကိုယ်စားပြုပြောဆိုသူဖြစ်၍ သူ၏တာဝန်ကိုလည်း ဗျာဒိတ်ကျမ်း၌ဖော်ပြထား၏။ “မြေကြီးပေါ်မှာနေထိုင်သောသူ အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ဟောပြောရန် ထာဝရဝမ်းမြောက်ဖွယ်သတင်းတရားပါရှိသော အခြားကောင်းကင်တမန်တစ်ပါး . . . ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်ရ၏။” (ဗျာဒိတ် ၁၄:၆၊ သမ္မာ) ‘ထာဝရသတင်းကောင်း’ တွင် ‘လောကနိုင်ငံ [သို့မဟုတ်၊ အုပ်စိုးမှု] သည် ကျွန်ုပ်တို့အရှင်၏နိုင်ငံ၊ ထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လာ’ ပြီး “မြေကြီးကိုဖျက်ဆီးသောသူတို့ကိုဖျက်ဆီး” မည့် ယေဟောဝါ ‘သတ်မှတ်ထားချိန်’ ရောက်ပြီဖြစ်ကြောင်း ကြေညာချက်ပါရှိသည်။ (ဗျာဒိတ် ၁၁:၁၅၊ ၁၇၊ ၁၈) ယင်းသည် အမှန်ပင်သတင်းကောင်းမဟုတ်ပေလော။
ကျွန်ုပ်တို့အတွက်ဗျာဒိတ်ကျမ်းတွင်ပါသည့်အကြောင်း
၄။ (က) ဗျာဒိတ်ကျမ်း အခန်းကြီး ၁ တွင် အဘယ်အခြေခံအမှန်တရားများကို အကြမ်းဖျင်း ဖော်ပြထားသနည်း။ (ခ) ဝမ်းမြောက်ဖွယ်သတင်း၏ အကျိုးကျေးဇူးကိုခံစားလိုသူတို့ထံမှ အဘယ်အရာ တောင်းဆိုထားသနည်း။
၄ ဗျာဒိတ်ကျမ်း၏အဖွင့်အခန်းကြီးက ယေဟောဝါအား “အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏ . . . တန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူ” သောအရှင်အဖြစ်ဖော်ပြထားသည်။ ကိုယ်တော်၏သားတော် ယေရှုခရစ်အား “သစ္စာစောင့်သောသက်သေခံ၊” “သေသောသူတို့တွင် သားဦး” နှင့် “လော[က]ဘုရင်တို့၏အထွတ်” ဟုဖော်ပြထား၏။ “ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကိုဆေးကြောတော်မူ” သောသူအဖြစ်လည်း ယေရှုအား ဆိုထားသည်။ (ဗျာဒိတ် ၁:၅၊ ၈) သို့ဖြစ်၍ အစကတည်းက ဗျာဒိတ်ကျမ်းသည် အခြေခံ အသက်ကယ်အမှန်တရားများကို အသေးစိတ်ရှင်းပြ၏။ “မြေကြီးပေါ်မှာနေထိုင်သောသူတို့” သည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို အသိအမှတ်မပြု၊ ယေရှု သွန်းလောင်းတော်မူသောအသွေးတော်၌ ယုံကြည်ခြင်းမရှိ၊ ယေဟောဝါသည် ကိုယ်တော်အား ထမြောက်စေတော်မူ၍ ခရစ်တော်သည် ယခုအခါတွင် ဘုရားသခင်ခန့်ထားသော မြေကြီးအုပ်စိုးရှင်ဖြစ်ကြောင်း မယုံကြည်လျှင် သူတို့ထံယူဆောင်လာသော ဝမ်းမြောက်ဖွယ်သတင်း၏ အကျိုးကျေးဇူးကို ခံစားရမည်မဟုတ်ချေ။—ဆာလံ ၂:၆-၈။
၅။ ဗျာဒိတ်ကျမ်းအခန်းကြီး ၂ နှင့် ၃ တွင် ခရစ်တော်အား အဘယ်အခန်းကဏ္ဍဖြင့် ပုံဖော်ပြထားသနည်း။
၅ နောက်အခန်းကြီးနှစ်ခန်းက ယေရှုခရစ်အား မြေကြီးပေါ်ရှိ ကိုယ်တော့်တပည့်တော်များ၏ အသင်းတော်များ၏ မေတ္တာရှိသောကောင်းကင်ကြီးကြပ်မှူးအဖြစ် ဖော်ပြထားသည်။ စီ.အီး. ပထမရာစုတွင် အာရှမိုင်းနား၌ရှိခဲ့သော ရွေးချယ်ဖော်ပြခံရသည့် ခရစ်ယာန်အသင်းတော်ခုနစ်ခုထံသို့ ရေးပို့ခဲ့သောစာလိပ်ထဲတွင် ယနေ့ထက်တိုင် သက်ဆိုင်သည့် အားပေးမှုနှင့် ခိုင်မာသောဆုံးမစကားများပါရှိ၏။ အသင်းတော်များထံပို့ခဲ့သည့် သတင်းများသည် “သင်ပြုသောအမှုကို ငါသိ၏” သို့မဟုတ် ‘သင် ဆင်းရဲသည်ကိုငါသိ၏’ စသောစကားဖြင့် အစချီလေ့ရှိသည်။ (ဗျာဒိတ် ၂:၂၊ ၉၊ သက) မှန်ပါသည်၊ မိမိတပည့်တော်များ၏အသင်းတော်များ၌ အဘယ်အရာဖြစ်ပျက်နေကြောင်းကို ခရစ်တော်အတိအကျသိတော်မူ၏။ ကိုယ်တော်သည် မိမိ၏နာမတော်၊ စကားတော်နှင့်ပတ်သက်၍ အချို့သူတို့တင်ပြခဲ့သောမေတ္တာ၊ ယုံကြည်ခြင်း၊ အမှုဆောင်ခြင်း၌လုပ်ဆောင်မှု၊ ခံနိုင်ရည်နှင့် သစ္စာရှိမှုတို့ကို ချီးမွမ်းတော်မူခဲ့သည်။ အခြားသူတို့မူကား ယေဟောဝါနှင့် ကိုယ်တော်၏သားတော်အပေါ်ထားရှိသော သူတို့၏မေတ္တာကို အေးစက်သွားစေခဲ့ခြင်း၊ သို့မဟုတ် အကျင့်ယိုယွင်းခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်း၊ အယူဖောက်ပြန်ခဲ့ကြခြင်းတို့ကြောင့် သူတို့ကို ကိုယ်တော်ပြစ်တင်ဆုံးမခဲ့၏။
၆။ အခန်းကြီး ၄ တွင် မှတ်တမ်းတင်ထားသော အဆင်းအာရုံက လူတို့ကို အဘယ်အရာနားလည်စေသနည်း။
၆ အခန်းကြီး ၄ တွင် ယေဟောဝါဘုရားသခင့် ကောင်းကင်ပလ္လင်တော်၏ စိုးရွံ့ဖွယ်အဆင်းအာရုံတစ်ခုကို ဖော်ပြထားသည်။ ယေဟောဝါ၏ရောက်ရှိခြင်းဘုန်းနှင့် ကိုယ်တော်အသုံးပြုတော်မူမည့် ကောင်းကင်အုပ်ချုပ်ရေး ဖွဲ့စည်းတည်ဆောက်ပုံကို ရေးရေးဖော်ပြထား၏။ စကြဝဠာအလယ်ဗဟိုရှိ ပလ္လင်တော်ကိုဝန်းရံထားသည့် ပလ္လင်များပေါ်မှစိုးစံသူတို့သည် ယေဟောဝါအား ရိုသေပျပ်ဝပ်လျက် ဤသို့ကြွေးကြော်ကြသည်– “အို [“ယေဟောဝါ၊” ကဘ] ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။”—ဗျာဒိတ် ၄:၁၁။
၇။ (က) မြေကြီးသားတို့အား အဘယ်အရာကိုပြုလုပ်ဖို့ ကောင်းကင်တမန်ဆင့်ခေါ်သနည်း။ (ခ) ကျွန်ုပ်တို့၏ပညာရေးလုပ်ငန်း၏ အရေးပါသောလုပ်ငန်းတစ်ခုကား အဘယ်နည်း။
၇ ယင်းက ယနေ့လူတို့အတွက် အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိသလော။ အမှန်ပင်ရှိပေသည်။ အနှစ်တစ်ထောင်နိုင်ငံတော်အောက် အသက်တာကို လူတို့ရလိုလျှင် ‘ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသော ကောင်းကင်တမန်’ ၏ဤကြွေးကြော်ချက်ကို သူတို့ဂရုစိုက်ကြရမည်ဖြစ်သည်– “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။” (ဗျာဒိတ် ၁၄:၆၊ ၇) ယေဟောဝါသက်သေများ လုပ်ဆောင်နေကြသော သမ္မာကျမ်းစာအသိပညာပေးရေးလုပ်ငန်း၏ အဓိကရည်ရွယ်ချက်များမှတစ်ခုမှာ “မြေကြီးပေါ်မှာနေထိုင်သောသူ” တို့သည် ယေဟောဝါအားသိကျွမ်း၍ ဝတ်ပြုကိုးကွယ်ကြကာ၊ ကိုယ်တော်၏ဖန်ဆင်းရှင်အဖြစ်ကို အသိအမှတ်ပြုပြီး ကိုယ်တော်၏ဖြောင့်မတ်သောပိုင်သအုပ်စိုးမှုကို တလိုတလားလက်အောက်ခံကြစေရန် ဖြစ်သည်။
ချီးမြှောက်ခံထိုက်သည့်သိုးသငယ်
၈။ (က) အခန်းကြီး ၅ နှင့် ၆ တွင် ခရစ်တော်အား မည်သို့ပုံဖော်ထားသနည်း။ (ခ) ဝမ်းမြောက်ဖွယ်သတင်းကို နားထောင်သူအားလုံး ဤအဆင်းအာရုံမှ အဘယ်အရာကိုသင်ယူနိုင်သနည်း။
၈ နောက်ထပ်အခန်းကြီး ၅ နှင့် ၆ က ယေရှုခရစ်အား တံဆိပ်ခုနစ်ချက်ခတ်ထားသောစာစောင်ကို ဖွင့်ပြထိုက်သောသိုးသငယ်အဖြစ် ဖော်ပြထားပြီး သို့ဖြစ်၍ ကျွန်ုပ်တို့ခေတ်တွင် ဖြစ်ပျက်နေသည့်ဖြစ်ရပ်များကို ပုံဆောင်စကားဖြင့်ဖော်ပြနေသည်။ (ယောဟန် ၁:၂၉၊ နှိုင်းယှဉ်။) ဤပုံဆောင်သိုးသငယ်အား ကောင်းကင်မှအသံတော်များက ဤသို့ဆိုသည်– “ကိုယ်တော်သည် အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့်ဘုရားသခင်အဖို့ရွေးနုတ်တော်မူ၏။ အကျွန်ုပ်တို့၏ဘုရားသခင်ရှေ့မှာ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထား၍ မြေကြီး [“အပေါ်၊” ကဘ] စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကိုဖွင့်ထိုက်တော်မူ၏။” (ဗျာဒိတ် ၅:၉၊ ၁၀) ဤအဆင်းအာရုံက ခရစ်တော်သွန်းလောင်းတော်မူသော အသွေးတော်ကြောင့် ဇာစ်မြစ်အသီးသီးမှလူအချို့တို့သည် ခေါ်တော်မူခြင်းခံရပြီး ကိုယ်တော်နှင့်အတူ ကောင်းကင်တွင် ‘ရှင်ဘုရင်အရာ၌ . . . မြေကြီးအပေါ် စိုးစံ’ ကြရမည်ဟု ဖော်ပြသည်။ (ဗျာဒိတ် ၁:၅၊ ၆ နှိုင်းယှဉ်။) ၎င်းတို့၏ ကန့်သတ်ထားသောအရေအတွက်ကို နောက်ပိုင်းတွင် ဗျာဒိတ်ကျမ်း၌ဖော်ပြခဲ့သည်။
၉။ အခန်းကြီး ၆ တွင် ခရစ်တော်အား မည်သို့ပုံဖော်ထားသနည်း။
၉ ဤအဆင်းအာရုံ၌ပင် ခရစ်တော်အား “အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း” ထွက်လာသော သရဖူဆောင်းသည့် မြင်းဖြူစီးသူရဲတစ်ဦးအဖြစ်လည်း ဖော်ပြထားသည်။ ဝမ်းသာစရာမှာ အချက်အချာနှစ်ဖြစ်သော ၁၉၁၄ ကတည်းက ဒုန်းစိုင်းစီးနင်းလာခဲ့၍ လူသားတို့အပေါ် စစ်၊ ငတ်မွတ်ခြင်းနှင့် သေခြင်းတို့ဖြစ်ပေါ်စေခဲ့သော အပေါကလစ်၏ အခြားမြင်းစီးသူရဲသုံးဦးအားဖြင့် ပုံဆောင်ထားသည့် ဆိုးကျိုးများကို ကိုယ်တော်အောင်မြင်လိမ့်မည်ဖြစ်သည်။ (ဗျာဒိတ် ၆:၁-၈) လူသားတို့ကယ်တင်ခြင်းရရေးနှင့် ယေဟောဝါ၏ထူးမြတ်လှသောရည်ရွယ်တော်မူချက်များ ပြီးမြောက်ရေးတွင် ဘုရားသခင့်သိုးသငယ်၊ ခရစ်တော်၏ ထူးခြားသောအခန်းကဏ္ဍသည် ယေဟောဝါသက်သေများ၏ သမ္မာကျမ်းစာသွန်သင်ခြင်းလုပ်ငန်း၏ အဓိကအချက်တစ်ချက်ဖြစ်သည်။
၁၀။ (က) အခန်းကြီး ၇ မှ အဘယ်အရေးပါသောအချက်ကို သိရှိရသနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော် ပေးအပ်ခံရသူတို့နှင့်ပတ်သက်၍ ခရစ်တော် မည်သို့မိန့်ဆိုခဲ့သနည်း။
၁၀ အခန်းကြီး ၇ ၌ ဝမ်းမြောက်ဖွယ်သတင်းများ အမှန်ပင်ပါရှိသည်။ သိုးသငယ်၏အဖပေးသည့် ဘုရားသခင့်နိုင်ငံတော်ကိုရသော “သိုးစုငယ်” ဟုယေရှုခေါ်ဆိုသူတို့၏အရေအတွက်ကို ဗျာဒိတ်ကျမ်း တစ်ကျမ်းတည်း၌သာ ကျွန်ုပ်တို့တွေ့ရှိရသည်။ (လုကာ ၁၂:၃၂; ၂၂:၂၈-၃၀) ဤသူတို့သည် ယေဟောဝါဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် တံဆိပ်ခတ်ခြင်းခံကြရ၏။ (၂ ကောရိန္သု ၁:၂၁၊ ၂၂) ဗျာဒိတ်ကျမ်းကို လက်ခံရရှိသော တမန်တော်ယောဟန်က ဤသို့အထင်အရှားဖော်ပြသည်– “တံဆိပ်ခတ်ခြင်းကိုခံရသောသူအရေအတွက်ကို ငါကြား၍ . . . လူတစ်သိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။” (ဗျာဒိတ် ၇:၄) ဤအရေအတွက်အတိအကျသည် ကောင်းကင်ဇိအုန်တောင်ပေါ်တွင် သိုးသငယ်နှင့်အတူအုပ်ချုပ်ရန် “လူတို့အထဲကရွေးနုတ်” ခံရမည့်သူစုစုပေါင်းဖြစ်၏ဟု နောက်ပိုင်းအခန်းကြီးတစ်ခု၌ အတည်ပြုဖော်ပြထားသည်။ (ဗျာဒိတ် ၁၄:၁-၄) ခရစ်ယာန်ဘောင်ချာ့ချ်များက ဤအရေအတွက်နှင့်ပတ်သက်၍ မသဲမကွဲ၊ ယုံနိုင်ဖွယ်မရှိသောရှင်းပြချက်များကို ဖော်ပြကြသော်လည်း စိတ်ဝင်စားစရာမှာ ယင်းနှင့်ပတ်သက်၍ ကျမ်းပညာရှင် အီး. ဒဗလျူ. ဘူလင်းဂါက ဤသို့ဆိုသည်– “ယင်းသည် အဖြစ်မှန်၏ ရိုးရှင်းသောဖော်ပြချက်ဖြစ်သည်– ဤအခန်းကြီးတစ်ခုတည်းတွင် မတိကျသောအရေအတွက်နှင့် ခြားနားသော တိကျသည့်အရေအတွက် ဖြစ်သည်။”
၁၁။ (က) အခန်းကြီး ၇ တွင် အဘယ်ဝမ်းမြောက်ဖွယ်သတင်းများကို တွေ့ရှိကြရသနည်း။ (ခ) “လူအုပ်ကြီး” အဝင်များအတွက် အဘယ်အလားအလာများ ရှိသနည်း။
၁၁ ဘူလင်းဂါရည်ညွှန်းသည့် မတိကျသောအရေအတွက်ကား အဘယ်နည်း။ အခန်းငယ် ၉ တွင် တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ ထွက်၍ အဘယ်သူမျှမရေမတွက်နိုင်သော လူများအပေါင်းတို့သည် . . . ရပ်နေကြ၏။” (ဗျာဒိတ် ၇:၉) ဤလူအုပ်ကြီးကို မည်သူတို့ဖြင့် ဖွဲ့စည်းထားသနည်း၊ ဘုရားသခင့်ရှေ့တော်တွင် သူတို့၏လက်ရှိအနေအထားကား အဘယ်နည်း၊ သူတို့အတွက် အနာဂတ်ကား အဘယ်နည်း။ အပေါကလစ်ဆိုင်ရာအဖြေမှာ ကမ္ဘာပေါ်နေထိုင်သူတို့အတွက် သတင်းကောင်းဖြစ်၏။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ဤသူတို့သည် ကြီးစွာသောဆင်းရဲ . . . ထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ဖြူစေသောသူ ဖြစ်ကြသတည်း။” ခရစ်တော်သွန်းလောင်းတော်မူသော အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် သူတို့သည် “ကြီးစွာသောဆင်းရဲ” ကာလအတွင်း ကာကွယ်ခြင်းခံရကြလိမ့်မည်။ ခရစ်တော်သည် “အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။” (ဗျာဒိတ် ၇:၁၄-၁၇) မှန်ပါ၏၊ ယနေ့အသက်ရှင်နေကြသော သန်းနှင့်ချီသည့်လူတို့သည် . . . စနစ်၏အဆုံးမှ လွတ်မြောက်ကြမည့် ရေတွက်၍မရသည့် လူအုပ်ကြီးအဝင်ဖြစ်လာနိုင်ပါလိမ့်မည်။ ဘုရင်ယေရှုခရစ်၏ အနှစ်တစ်ထောင်အုပ်စိုးချိန်ကာလအတွင်း လက်အောက်ခံနေထိုင်မည့်သူများအနေဖြင့် သူတို့သည် ကမ္ဘာပေါ်တွင် ထာဝရအသက်ရရှိဖို့ ကိုယ်တော်၏လမ်းပြညွှန်ကြားခြင်း ခံရပေမည်။ ယင်းသည် သတင်းကောင်းမဟုတ်ပေလော။
“စီရင်တော်မူခြင်းအရာတို့သည်ဟုတ်မှန်ဖြောင့်မတ်ကြပါ၏”
၁၂၊ ၁၃။ (က) အခန်းကြီး ၈ မှ ၁၉ တွင် အဘယ်အကြောင်းပါရှိသနည်း။ (ခ) ထိုပရောဖက်ပြုချက်များကြောင့် စိတ်နှလုံးရိုးဖြောင့်သူတို့သည် အဘယ်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်သင့်သနည်း။
၁၂ အခန်းကြီး ၈ မှ ၁၉ ကြောင့် အပေါကလစ် သို့မဟုတ် ဗျာဒိတ်ကျမ်းသည် ကြောက်မက်ဖွယ်ရာဘေးဒဏ်များကို တင်ကူးဖော်ပြသည့်စာစောင်ဟု လူသိများရခြင်းဖြစ်၏။ ၎င်းတို့တွင် (ကျယ်လောင်သောခရာသံများ၊ ဘေးဒဏ်များနှင့် ဘုရားသခင်၏အမျက်ဒေါသခွက်ဖလားများဖြင့် တင်စားဖော်ပြထားသည့်) အထိနာသောတရားစီရင်ချက်သတင်းများပါရှိပြီး စာတန့်အစီအစဉ်စနစ်၏အင်အားစုအသီးသီးအပေါ် စီရင်ခြင်းဖြစ်၏။ ဤတရားစီရင်ချက်များမှာ ဦးစွာမှောက်မှားသောဘာသာ (“မဟာဗာဗုလုန်”)၊ ထို့နောက်တွင် သားရဲဖြင့်တင်စားထားသည့် ဘုရားတရားမဲ့ . . . စနစ်များအပေါ် အပြစ်ဒဏ်ပေးခြင်းဖြစ်လိမ့်မည်။—ဗျာဒိတ် ၁၃:၁၊ ၂; ၁၇:၅-၇၊ ၁၅၊ ၁၆။a
၁၃ ဤအခန်းကြီးများက ကောင်းကင်ကိုသန့်ရှင်းစေခြင်းအပြင် စာတန်နှင့်သူ၏နတ်ဆိုးများကို မြေကြီးဝန်းကျင်သို့ ချပစ်လိုက်ခြင်းအကြောင်းဖော်ပြထား၏။ ယင်းက ၁၉၁၄ ခုနှစ်ကတည်းက မဖြစ်စဖူးသော ကမ္ဘာချီဘေးအန္တရာယ်တွေ့မှုအတွက် ကျိုးကြောင်းဆီလျော်သည့် တစ်ခုတည်းသောဖြေရှင်းချက်ဖြစ်သည်။ (ဗျာဒိတ် ၁၂:၇-၁၂) ကမ္ဘာပေါ်ရှိ စာတန့်စနစ်ဆိုး ဖျက်ဆီးခံရခြင်းကိုလည်း ပုံဆောင်စကားအားဖြင့် ဖော်ပြသည်။ (ဗျာဒိတ် ၁၉:၁၉-၂၁) ဤထူးခြားသောဖြစ်ရပ်များကြောင့် စိတ်နှလုံးရိုးဖြောင့်သူတို့အနေဖြင့် တုန်လှုပ်သင့်ပါသလော။ မတုန်လှုပ်သင့်ပါ၊ အကြောင်းမှာ ဘုရားသခင့်တရားစီရင်ရာအတွင်းတွင် ကောင်းကင်ဗိုလ်ခြေတို့က ဤသို့ဟစ်ကြွေးသည်– “ဟာလေလုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။ စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်ကြ၏။”—ဗျာဒိတ် ၁၉:၁၊ ၂။
၁၄၊ ၁၅။ (က) . . . စနစ် . . . ဆုံးခန်းက ဖြောင့်မတ်မှုကို မည်သို့ဖြစ်ပေါ်စေမည်နည်း။ (ခ) စိတ်နှလုံးရိုးဖြောင့်သူတို့အတွက် အပေါကလစ်၏ဤအပိုင်းသည် အဘယ်ကြောင့် ဝမ်းမြောက်ဖွယ်ရာအကြောင်း ဖြစ်သင့်သနည်း။
၁၄ ယေဟောဝါသည် ကမ္ဘာမြေကြီးကို ဖျက်ဆီးသူတို့ကို မဖျက်ဆီးဘဲ ဖြောင့်မတ်သောအစီအစဉ်စနစ်တစ်ခုကို ဆောင်ကြဉ်းလိမ့်မည်မဟုတ်ချေ။ (ဗျာဒိတ် ၁၁:၁၇၊ ၁၈; ၁၉:၁၁-၁၆; ၂၀:၁၊ ၂) သို့သော် ဤအမှုကိုဆောင်ရွက်ပေးနိုင်မည့် အခွင့်အာဏာ သို့မဟုတ် တန်ခိုးရှိသောလူသား၊ သို့မဟုတ် အုပ်ချုပ်မှုတစ်ခုမျှ မရှိချေ။ ယေဟောဝါတစ်ပါးတည်းနှင့် ကိုယ်တော့်ခန့်အပ်ခံဘုရင်၊ တရားသူကြီး ယေရှုခရစ်သာလျှင် ယင်းကို ဖြောင့်မတ်စွာလုပ်ဆောင်နိုင်သည်။—၂ သက်သာလောနိတ် ၁:၆-၉။
၁၅ . . . အဆုံးတိုင်စေဖို့ ယေဟောဝါရည်ရွယ်ကြောင်း အပေါကလစ်မှ အထင်အရှားဖော်ပြခဲ့ပြီးဖြစ်သည်။ ဤအချက်က “ပြုသမျှသောစက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေး” နေကြသည့်အမျိုးသား၊ အမျိုးသမီးတို့အတွက် ဝမ်းမြောက်ဖွယ်ရာအကြောင်းဖြစ်သင့်သည်။ (ယေဇကျေလ ၉:၄) ယင်းက ဝမ်းမြောက်ဖွယ်သတင်းကြွေးကြော်သော ကောင်းကင်တမန်၏ဤဆင့်ခေါ်ချက်ကို ဂရုစိုက်ဖို့ အရေးတကြီးလိုအပ်ကြောင်း သူတို့ စိတ်စွဲမှတ်သင့်သည်– “ဘုရားသခင်ကိုကြောက်ရွံ့ . . . ကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး . . . ကိုဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။” (ဗျာဒိတ် ၁၄:၇) ထိုသူတို့သည် “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော” ကိုယ်တော်၏သက်သေများနှင့်အတူ ရင်ပေါင်တန်းလျက် ယေဟောဝါအားဝတ်ပြုကိုးကွယ်ကြပါစေ။—ဗျာဒိတ် ၁၂:၁၇။
ဘုန်းထွန်းတောက်သော အနှစ်တစ်ထောင်အုပ်ချုပ်မှု
၁၆။ (က) ခရစ်ယာန်ဘောင်ချာ့ချ်များသည် အနှစ်တစ်ထောင်မျှော်လင့်ချက်ကို အဘယ်ကြောင့် ငြင်းပယ်ခဲ့ကြပြီနည်း။ (ခ) စံပြဆုတောင်းချက်သည် ပြည့်စုံလိမ့်မည်ဟု ယေဟောဝါသက်သေများ အဘယ်ကြောင့် ယုံကြည်ကြသနည်း။
၁၆ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၀ မှ ၂၂ တွင် အနှစ်တစ်ထောင်ကို မျှော်လင့်ရသည့် ကျမ်းဆိုင်ရာအခြေခံအကြောင်းပါရှိ၏။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ထာဝစဉ်ပျော်ရွှင်မှု၏ ပဏာမဖြစ်သည့် အနှစ်တစ်ထောင်ကာလကို ကျမ်းစာ၏ ဤအပိုင်း၌သာ ဖော်ပြသည်။ ခရစ်ယာန်ဘောင်ချာ့ချ်များသည် အနှစ်တစ်ထောင်မျှော်လင့်ချက်ကို ငြင်းပယ်ခဲ့ကြပြီ။ ချာ့ချ်တွင် တရားသေလက်ခံထားသောအယူဝါဒမှာ ဖြောင့်မတ်သောသူတို့သည် ကောင်းကင်သို့သွား၍ လူဆိုးတို့သည် ငရဲသို့လားသည်ဟုဆိုသောကြောင့် ယင်းတွင် ကမ္ဘာ့ပရဒိသုအတွက် နေရာလုံးဝမရှိချေ။ ဘုရားသခင့် “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုတောင်းသည့် စံပြဆုတောင်းချက်သည် ခရစ်ယာန်ဘောင်ချာ့ချ်များ၏ အဖွဲ့ဝင်အများစုအတွက် အဓိပ္ပာယ်လုံးဝမရှိချေ။ (မဿဲ ၆:၁၀) သို့သော် ယေဟောဝါသက်သေများအတွက်မူ ထိုသို့မဟုတ်ပေ။ ယေဟောဝါဘုရားသခင်သည် မြေကြီးကို “အချည်းနှီးဖန်ဆင်းသည်မဟုတ်၊” “သတ္တဝါနေစရာဖို့” ဖန်ဆင်းသည်ကို သူတို့အခိုင်အမာယုံကြည်ကြ၏။ (ဟေရှာယ ၄၅:၁၂၊ ၁၈) သို့နှင့် ရှေးပရောဖက်ပြုချက်၊ စံပြဆုတောင်းချက်နှင့် အနှစ်တစ်ထောင်နှင့်ဆိုင်သည့် အပေါကလစ်မျှော်လင့်ချက်အားလုံးကို သဘောတူညီကြသည်။ မိမိ၏ အနှစ်တစ်ထောင်အုပ်စိုးစဉ်ကာလအတွင်း ယေဟောဝါ၏အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌ပြည့်စုံစေရန် ခရစ်တော်သည် တာဝန်ယူဆောင်ရွက်လိမ့်မည်။
၁၇။ “အနှစ်တစ်ထောင်” ကိုပကတိအဖြစ်ယူမှတ်ရမည်ဟု အဘယ်အရာကညွှန်ပြသနည်း။
၁၇ “အနှစ်တစ်ထောင်” ဟူသောအသုံးအနှုန်းကို ဗျာဒိတ်ကျမ်းအခန်းကြီး ၂၀ ၏ပထမအခန်းငယ်ခုနစ်ခုတွင် ခြောက်ကြိမ်တွေ့ရှိရသည်။ သတိပြုစရာမှာ တိကျအညွှန်းစကားလုံး “the” နှင့်တွဲ၍ လေးကြိမ်အသုံးပြုထားရာ ခရစ်ယာန်ဘောင်၏အစီရင်ခံသူများ ယုံကြည်စေလိုသကဲ့သို့ အတိအကျမသိသော ကာလရှည်တစ်ခုမျှကိုမဟုတ်ဘဲ ပကတိအနှစ်တစ်ထောင်ကို ရည်ညွှန်းနေကြောင်း ဖော်ပြခြင်းဖြစ်သည်။ အနှစ်တစ်ထောင်ကာလအတွင်း အဘယ်အရာဖြစ်ပျက်လိမ့်မည်နည်း။ ဦးဆုံးအနေနှင့် အဆိုပါကာလတစ်လျှောက်လုံး စာတန်ကို အစွမ်းမဲ့ဖြစ်စေလိမ့်မည်။ (ဗျာဒိတ် ၂၀:၁-၃; ဟေဗြဲ ၂:၁၄၊ ၁၅၊ နှိုင်းယှဉ်။) ယင်းသည် တကယ့်သတင်းကောင်းပါတကား!
၁၈။ (က) အနှစ်တစ်ထောင်ကာလကို တရားစီရင်ရာ “နေ့ရက်” ဟု အဘယ်ကြောင့်ခေါ်ဆိုနိုင်သနည်း။ (ခ) အနှစ်တစ်ထောင်၏အဆုံးတွင် အဘယ်အရာဖြစ်ပျက်လိမ့်မည်နည်း။
၁၈ “တရားစီရင်ရသောအခွင့်” ကို “အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ” မည့်သူများအား ပေးအပ်ခဲ့ခြင်းကြောင့် အမှန်မှာ အဆိုပါကာလသည် အနှစ်တစ်ထောင်တရားစီရင်ရာ “နေ့ရက်” ဖြစ်သည်။ (ဗျာဒိတ် ၂၀:၄၊ ၆; တမန်တော် ၁၇:၃၁; ၂ ပေတရု ၃:၈၊ နှိုင်းယှဉ်။) လူသေများ ပြန်ရှင်လာမည်ဖြစ်ပြီး၊ “ကြီးစွာသောဆင်းရဲ” ခြင်းကိုကပ်ကျော်သူတို့နှင့်အတူ ထိုအချိန်အတွင်း သူတို့အကျင့်များအတိုင်း မျှတစွာ တရားစီရင်ခြင်းခံရကြလိမ့်မည်။ (ဗျာဒိတ် ၂၀:၁၂၊ ၁၃) အနှစ်တစ်ထောင်အဆုံးတွင် နောက်ဆုံးစမ်းသပ်ခြင်းကို လူသားတို့ခံရရန် စာတန်ကိုခဏလွှတ်ဦးမည်၊ ထို့နောက်တွင် သူနှင့် သူ၏နတ်ဆိုးများနှင့် သူ့နောက်လိုက်သော ပုန်ကန်သူ မည်သူမဆို ထာဝရဖျက်ဆီးခြင်းခံရကြမည်။ (ဗျာဒိတ် ၂၀:၇-၁၀) အဆိုပါစမ်းသပ်ချက်ကိုအောင်မြင်သူတို့၏အမည်များမှာ “အသက်စာစောင်” တွင်ဖျက်မရအောင် ရေးမှတ်ခံရမည်ဖြစ်ပြီး မြေကြီးပရဒိသုပေါ်တွင် ယေဟောဝါအား ဝတ်ပြုကိုးကွယ်လျက် ထာဝစဉ်ပျော်ရွှင်သောအသက်တာကို ရရှိကြလိမ့်မည်ဖြစ်သည်။—ဗျာဒိတ် ၂၀:၁၄၊ ၁၅; ဆာလံ ၃၇:၉၊ ၂၉; ဟေရှာယ ၆၆:၂၂၊ ၂၃။
၁၉။ (က) ဗျာဒိတ်ကျမ်း၌ဖော်ပြထားသော ထူးမြတ်လှသည့်ကတိတော်များမှာ မပြည့်စုံဘဲနေလိမ့်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့်သေချာပေါက်ဆိုနိုင်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို သုံးသပ်ကြမည်နည်း။
၁၉ ၎င်းတို့သည် အပေါကလစ်တွင်ပါသော ဝမ်းမြောက်ဖွယ်သတင်းများဖြစ်သည်။ ၎င်းတို့မှာ လူသားတို့ပြုကြသည့် တန်ဖိုးမဲ့ကတိများမဟုတ်ချေ။ တမန်တော်ယောဟန်က ဤသို့ရေးသားသည်– “ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်း၊ ‘ငါသည် ခပ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းသည်’ ဟု မိန့်တော်မူ၏။ တစ်ဖန်တုံ ‘ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။’” (ဗျာဒိတ် ၂၁:၅) ဤဝမ်းမြောက်ဖွယ်သတင်းများ ပြည့်စုံခြင်း၌ ကျွန်ုပ်တို့ပါဝင်လိုပါက အဘယ်အရာကို ပြုလုပ်ရမည်နည်း။ ဘုရားသခင့်အလိုတော်နှင့်တွေ့လိုသူတို့အတွက် ဗျာဒိတ်ကျမ်း၌ ဆုံးမစကားများစွာပါရှိ၏။ ထိုဆုံးမစကားကို လိုက်လျှောက်ခြင်းဖြင့် နောက်ဆောင်းပါးတွင်ဖော်ပြမည်ဖြစ်သည့်အတိုင်း ယခုနှင့် ထာဝစဉ် အတိုင်းအဆမရှိ ပျော်ရွှင်မှုခံစားရပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ဗျာဒိတ်ကျမ်း၏ရှင်းပြချက် အပြည့်အစုံအတွက် ၁၉၈၈ နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်] စာအုပ်ကိုရှု။
ပြန်လည်သုံးသပ်ရန်အချက်များ
◻ ဗျာဒိတ်ကျမ်း အခန်းကြီး ၄ မှ ၆ တွင်တွေ့ရသော အဘယ်အခြေခံအမှန်တရားများသည် ဝမ်းမြောက်ဖွယ်သတင်းများ၏ အရေးကြီးအပိုင်းဖြစ်လာသနည်း။
◻ ဗျာဒိတ်ကျမ်း အခန်းကြီး ၇ တွင် အဘယ်ဝမ်းမြောက်ဖွယ်သတင်းများတွေ့ရသနည်း။
◻ စိတ်နှလုံးရိုးဖြောင့်သူတို့သည် ဗျာဒိတ်ကျမ်း၌တွေ့ ရှိရသော တရားစီရင်ချက်သတင်းများဖြင့် အဘယ်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်သင့်သနည်း။
◻ အနှစ်တစ်ထောင်ကာလသည် အဘယ်နည်းများဖြင့် တရားစီရင်ရာ “နေ့ရက်” ဖြစ်လိမ့်မည်နည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဘုရင်ယေရှုခရစ်သည် ကမ္ဘာပေါ်မှ စစ်၊ ငတ်မွတ်ခြင်းနှင့် သေခြင်းကိုလုံးဝဖယ်ရှားလိမ့်မည်