ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • re အခန်း ၁၀ စာ. ၄၇-၅၄
  • “စာတန်၏နက်နဲရာများ” ကို ရွံရှာခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “စာတန်၏နက်နဲရာများ” ကို ရွံရှာခြင်း
  • ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ထိုမိန်းမ ယေဇဗေလ”
  • “ရှိရင်းစွဲကို မြဲမြဲကိုင်စွဲထားပါ”
  • သမာဓိ စောင့်ထိန်းပါ
  • ဝိညာဉ်တော်ဆင့်ဆိုရာကို နားထောင်လော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • မိဖုရားဆိုး ယေဇဗေလအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • အသင်းတော်တို့အား ဝိညာဉ်တော် ဆင့်ဆိုရာကို ကြားနာပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မိဖုရားဆိုးကို အပြစ်ပေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
re အခန်း ၁၀ စာ. ၄၇-၅၄

အခန်း ၁၀

“စာတန်၏နက်နဲရာများ” ကို ရွံရှာခြင်း

သွာတိရ

၁။ သွာတိရသည် အခြားအသင်းတော်များနှင့် မည်သို့ဆက်စပ်တည်ရှိသနည်း။ အဘယ်ဘာသာရေး အသိုင်းအဝိုင်း၌ တည်ရှိသနည်း။

ဘာဂမာ (ပေရဂံမြို့) ၏အရှေ့တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင် စည်ပင်ဖွံ့ဖြိုးသော အခီစာအမည်ရှိ တူရကီမြို့ တည်ရှိသည်။ ၎င်းမြို့သည် လွန်ခဲ့သောအနှစ် ၁,၉၀၀ ခန့်တွင် သွာတိရမြို့၏ တည်နေရာဖြစ်သည်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအနေနှင့် ပေရဂံမြို့မှ ကုန်းတွင်းလမ်းဖြင့် သွာတိရမြို့သို့ အလွယ်တကူ သွားရောက်နိုင်သည်။ ထို့မှတစ်ဆင့် ဗျာဒိတ်အခန်းကြီး ၃ ပါ ကျန်အသင်းတော်သုံးခု​—သာဒိ၊ ဖိလဒေလဖိနှင့် လောဒိကိ​—သို့ ခရီးဆက်လှည့်ပတ်နိုင်သည်။ သွာတိရမြို့သည် ပေရဂံမြို့ကဲ့သို့ ဧကရာဇ်ကိုးကွယ်မှု၏ အရေးပါသောဗဟိုချက် ဖြစ်ဟန်မတူ။ သို့ရာတွင် တိတ္ထိဘုရားများအတွက် ရည်စူးသော ဗိမာန်များ၊ ကျောင်းများရှိသည်။ သွာတိရမြို့သည် ကူးသန်းရောင်းဝယ်ရာ စီးပွားရေးအချက်အချာအဖြစ် ထင်ရှားသည်။

၂၊ ၃။ (က) ခရစ်ယာန်ဖြစ်လာသော သွာတိရမြို့သူတစ်ဦးနှင့်ပတ်သက်၍ စောစောပိုင်း၌ ဘာကိုမှတ်တမ်းတင်ခဲ့သနည်း။ (ခ) ယေရှုသည် “ဘုရားသခင့် သားတော်” ဖြစ်၍ “မီးလျှံနှင့်တူသော မျက်စိတော်များ” ရှိသည်ဟူသော အချက်သည် သွာတိရမြို့ရှိ ခရစ်ယာန်များအဖို့ အဘယ်အဓိပ္ပာယ်ထူး ရှိသနည်း။

၂ ပေါလုသည် မာကေဒေါနိပြည်၌ ဟောပြောစဉ် ခရမ်းရောင်အထည်ရောင်းသော လုဒိအမည်ရှိ သွာတိရမြို့သူတစ်ဦးနှင့် တွေ့ခဲ့သည်။ လုဒိနှင့် အိမ်သားအားလုံး ပေါလု ဟောသောသတင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံသည့်ပြင် အတိုင်းထက်အလွန် ဧည့်ဝတ်ပြုခဲ့ပေသည်။ (တမန်တော် ၁၆:၁၄၊ ၁၅) လုဒိသည် ခရစ်ယာန်ဘာသာကို ပထမဦးဆုံး လက်ခံသော သွာတိရမြို့သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ နောက်သော် သွာတိရမြို့တွင် ခရစ်ယာန်အသင်းတော်တစ်ခု ရှိလာသည်။ ယေရှုသည် အရှည်လျားဆုံးသော သတင်းတော်ကို ထိုမြို့သို့ပို့လိုက်သည်– “သွာတိရမြို့ရှိ အသင်းတော်၏ ကောင်းကင်တမန်ထံ ဤသို့ရေးလော့– ဤကား မီးလျှံနှင့်တူသော မျက်စိတော်များ၊ ကြေးနီစစ်နှင့်တူသော ခြေတော်များရှိသော ဘုရားသခင့် သားတော်၏ မိန့်ဆိုချက်များတည်း။”​—ဗျာဒိတ် ၂:၁၈။

၃ အခြားနေရာများ၌ ယေဟောဝါကို “ငါ့ခမည်းတော်” ဟူ၍ ယေရှု ညွှန်းဆိုသော်လည်း ဤတစ်နေရာတည်း၌သာ “ဘုရားသခင့် သားတော်” ဟူသော အသုံးအနှုန်းကို တွေ့ရသည်။ (ဗျာဒိတ် ၂:၂၆၊ ၂၇; ၃:၅၊ ၂၁) ဤဘွဲ့ကို သုံးထားသည့်အတွက် သွာတိရမြို့သားတို့သည် ယေရှုနှင့် ယေဟောဝါ၏ ရင်းနှီးမှုကို သတိရစေပေမည်။ ဤသားတော်၌ “မီးလျှံနှင့်တူသော မျက်စိတော်များ” ရှိ၏။ ဤအချက်က အကြင်သူသည် အသင်းတော်ကို ညစ်ညူးစေကြောင်း ကိုယ်တော်တွေ့ရှိ၏၊ ထိုသူအပေါ် ကိုယ်တော့် တရားစီရင်ချက်မီးလျှံ ကျရောက်လိမ့်မည်ဖြစ်ကြောင်း သွာတိရမြို့ရှိ ခရစ်ယာန်တို့အား သတိပေး၏။ မိမိ၏ ဖိတ်ဖိတ်တောက် ကြေးနီစစ်နှင့်တူသော ခြေတော်များအကြောင်း ဒုတိယအကြိမ် ညွှန်းဆိုခြင်းဖြင့် ကမ္ဘာပေါ်ရှိစဉ်က မိမိ၏ထွန်းတောက်သော သစ္စာရှိခြင်း ပုံသက်သေကို အလေးအနက် ပြုတော်မူသည်။ သွာတိရမြို့ရှိ ခရစ်ယာန်တို့သည် ကိုယ်တော့်သြဝါဒကို နာခံခဲ့မည်မုချ။ ယနေ့ကျွန်ုပ်တို့လည်း နာခံရမည်။​—၁ ပေတရု ၂:၂၁။

၄၊ ၅။ (က) သွာတိရမြို့ရှိ ခရစ်ယာန်များကို ယေရှုအဘယ်အတွက် ချီးမွမ်းနိုင်သနည်း။ (ခ) သွာတိရအသင်းတော်သည် ယနေ့ ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေတို့၏ အသင်းတော်များနှင့် မည်သို့ပုံစံတူသနည်း။

၄ သွာတိရမြို့မှ ထိုသူတို့ကို ယေရှု ချီးမွမ်းနိုင်သည်မှာ ဝမ်းသာစရာပင်– “သင်ပြုသောအမှုများ၊ သင်၏မေတ္တာ၊ ယုံကြည်ခြင်း၊ ဓမ္မအမှုနှင့် ခံနိုင်ရည်တို့ကို ငါသိ၏။ နောက်ပိုင်း၌ သင်ပြုသောအမှုများသည် ယခင်ကထက် များကြောင်းကိုလည်း ငါသိ၏။” (ဗျာဒိတ် ၂:၁၉) ထိုမြို့ရှိ ဘိသိက်ခံ ခရစ်ယာန်တို့သည် ဧဖက်မြို့သားတို့နှင့် တူသည်မဟုတ်၊ ယေဟောဝါပေါ်ထားရှိသော ကနဦးမေတ္တာ မပြယ်ပျောက်ပါ။ သူတို့၏ယုံကြည်ခြင်းသည် ခိုင်ခံ့၏။ ထို့ပြင် သူတို့ပြုသောအမှုများလည်း ယခင်ကထက်များရုံမက အထက်က အသင်းတော်များကဲ့သို့ ခံနိုင်ရည်ရှိသည်။ ယနေ့ ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေများ၏ အသင်းတော် ၁၀၀,၀၀၀ နီးပါးနှင့် ပုံစံတူပေစွ။ ဓမ္မအမှု၌ ထက်သန်သောစိတ်သည် အဖွဲ့အစည်းတစ်ခုလုံးတွင် ပျံ့နှံ့နေသည်နှင့်အမျှ ယေဟောဝါကိုချစ်သော မေတ္တာလည်း ထွန်းပလျက်ရှိသဖြင့် လူကြီးလူငယ်အားလုံးကို လှုံ့ဆော်နေသည်။ မိမိတို့ကိုယ်ကို ရှေ့ဆောင်အဖြစ် အသုံးတော်ခံကာ ကျန်ကြွင်းသောအချိန်ကို ပညာရှိစွာသုံး၍ ဆိုက်ရောက်လျက်ရှိသော ဘုရားသခင့် နိုင်ငံတော်ဆိုင်ရာ ဘုန်းကွန့်သော မျှော်လင့်ချက်ကို ကြွေးကြော်သောသူတို့သည် တိုးပွားများပြားလျက်ရှိ၏။​—မဿဲ ၂၄:၁၄; မာကု ၁၃:၁၀။

၅ ဆယ်စုနှစ်များအတွင်း ဘိသိက်ခံအကြွင်းအကျန်နှင့် လူအုပ်ကြီးထဲက သစ္စာရှိသူ အမြောက်အမြားတို့သည် ဘုရားသခင့်အမှုတော်၌ အတုယူဖွယ် ခံနိုင်ရည်ကို တင်ပြလျက်ရှိကြစဉ် ပတ်ဝန်းကျင်လောကမှာမူ မျှော်လင့်ရာမဲ့ အမှောင်ထုထဲသို့ နက်သည်ထက်နက်ရှိုင်းစွာ ကျဆင်းနေသည်။ သို့သော် အားယူကြစို့။ ဗျာဒိတ်ကျမ်းက ဘုရားသခင့် ရှေးပရောဖက်များ၏ ထွက်ဆိုချက်ကို ထောက်ခံသည်။ “ထာဝရဘုရား၏ နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။”​—ဇေဖနိ ၁:၁၄; ယောလ ၂:၁; ဟဗက္ကုတ် ၂:၃; ဗျာဒိတ် ၇:၉; ၂၂:၁၂၊ ၁၃။

“ထိုမိန်းမ ယေဇဗေလ”

၆။ (က) သွာတိရအသင်းတော်သည် ချီးမွမ်းဖွယ်အချက်များရှိသော်လည်း ချက်ချင်းအရေးယူရမည့် အဘယ်ပြဿနာတစ်ရပ်ကို ယေရှု သတိပြုမိသနည်း။ (ခ) ယေဇဗေလကား မည်သူနည်း။ သူသည် ပရောဖက်မအမည်ကို တရားဝင်ခံယူနိုင်သလော။

၆ ယေရှု၏ မီးလျှံကဲ့သို့သော မျက်စိတော်သည် တစ်ဆင့်တိုး၍ ထိုးဖောက်ရှုမြင်သဖြင့် ချက်ချင်းအရေးယူရမည့် ကိစ္စတစ်ရပ်ကို တွေ့တော်မူသည်။ သွာတိရမြို့ရှိ ခရစ်ယာန်များအား ဤသို့မိန့်ကြားတော်မူသည်– “သို့ရာတွင် မိမိကိုယ်ကို ပရောဖက်မ ဟုခေါ်၍ ငါ့ကျွန်တို့အား မတရားမေထုန် ပြုစေရန်လည်းကောင်း၊ ရုပ်တုတို့ကို ပူဇော်သောအရာများကို စားစေရန်လည်းကောင်း သွန်သင်ကာ လမ်းလွဲစေသော ထိုမိန်းမ ယေဇဗေလကို သင်သည် သည်းခံသောကြောင့် သင့်ကို ငါအပြစ်တင်စရာ ရှိ၏။” (ဗျာဒိတ် ၂:၂၀) ဘီစီ ဆယ်ရာစု၌ ဣသရေလမင်း အာဟပ်၏မိဖုရား ဗာလဝတ်ပြုသူ ယေဇဗေလသည် လူသတ်မှု၊ ဖောက်ပြားမှု၊ ကြီးစိုးမှုဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ယေဟုသည် ယေဟောဝါ၏ ဘိသိက်ခံအနေနှင့် သူ့ကို အဆုံးစီရင်လိုက်သည်။ (၃ ဓမ္မရာဇဝင် ၁၆:၃၁; ၁၈:၄; ၂၁:၁-၁၆; ၄ ဓမ္မရာဇဝင် ၉:၁-၇၊ ၂၂၊ ၃၀၊ ၃၃) ရုပ်တုကိုးကွယ်သော ယေဇဗေလသည် ပရောဖက်မအမည် မခံယူပိုင်။ သူသည် သစ္စာရှိ ပရောဖက်မများအနေနှင့် ဣသရေလလူတို့တွင် အမှုတော်ထမ်းသော မိရိအံနှင့် ဒေဗောရ ကဲ့သို့မဟုတ်။ (ထွက်မြောက်ရာ ၁၅:၂၀၊ ၂၁; တရားသူကြီး ၄:၄; ၅:၁-၃၁) ယေဟောဝါ၏ ဝိညာဉ်တော်သည် အဘွားအိုအန္နနှင့် ဧဝံဂေလိကြေညာသူ ဖိလိပ္ပု၏ သမီးလေးဦးတို့အား လှုံ့ဆော်၍ ပရောဖက်ပြုစေသကဲ့သို့ ယေဇဗေလအား လှုံ့ဆော်တော်မမူ။​—လုကာ ၂:၃၆-၃၈; တမန်တော် ၂၁:၉။

၇။ (က) “ထိုမိန်းမ ယေဇဗေလ” ဟု ယေရှုဆိုရာ၌ အဘယ်သြဇာကို ရည်ညွှန်းနေကြောင်း ထင်ရှားသနည်း။ (ခ) အသင်းတော်နှင့် ပူးပေါင်းနေသောအမျိုးသမီးအချို့သည် မိမိတို့၏ ထင်ရာစိုင်းလမ်းစဉ်ကို မည်သို့ကာကွယ်ပြောဆိုချင် ပြောဆိုခဲ့မည်နည်း။

၇ သို့ဖြစ်၍ သွာတိရမြို့မှ ပရောဖက်အမည်ခံ၊ “ထိုမိန်းမ ယေဇဗေလ” သည် အတုအယောင်ဖြစ်ကြောင်း သိသာ၏။ သူ၌ ဘုရားသခင့်ဝိညာဉ်တော် ကျောထောက်နောက်ခံမရှိ။ သူသည် မည်သူဖြစ်သနည်း။ အသင်းတော်အတွင်း အရှက်မရှိ အခြားသူများကို ပျက်စီးစေသော ဩဇာအဖြစ် ပြုမူနေသည့် မိန်းမတစ်ဦး သို့မဟုတ် မိန်းမတစ်စု ဖြစ်နိုင်သည်။ အသင်းတော်နှင့် ပူးပေါင်းနေသော မိန်းမအချို့သည် ကျမ်းချက်များကို အလွဲသုံးကာ မိမိတို့၏ ထင်ရာစိုင်းလမ်းစဉ်ကို အတင့်ရဲစွာ ကာကွယ်ပြောဆိုလျက် အသင်းဝင်တို့အား သီလပျက်မှုတွင် ပါဝင်စေခြင်း ဖြစ်ချင်ဖြစ်မည်။ တကယ့်မှောက်မှားသော ပရောဖက်ပြုခြင်း ပါတကား။ “မတရားသောမေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကြူးခြင်း” တည်းဟူသော မိမိတို့၏လမ်းစဉ်ထဲသို့ ကျရောက်စေရန် အခြားသူတို့ပေါ် ဩဇာလွှမ်းကြမည်။ (ကောလောသဲ ၃:၅) သူတို့သည် အခြားအသင်းတော်သားများအား မိမိတို့၏သီလပျက် ကိုယ်ကျိုးရှာ နေထိုင်ပုံအတိုင်း နေထိုင်စေလို၏။ ထိုသို့သောနေထိုင်ပုံကို ခရစ်ယာန်ဘောင် ဘာသာတရားအများစုတွင် လက်ပိုက်ကြည့်၍ သည်းခံခွင့်ပြုထားကြသည်။

၈။ (က) သွာတိရမြို့ရှိ “ယေဇဗေလ” နှင့်ပတ်သက်သော ယေရှု၏စီရင်ချက်မှာ မည်သို့နည်း။ (ခ) ယခုခေတ်၌ မလျောက်ပတ်သော အမျိုးသမီးသြဇာလွှမ်းမိုးမှုကို မည်သို့တွေ့ရသနည်း။

၈ သွာတိရမြို့ရှိ အကြီးအကဲများအား ယေရှုဤသို့ဆက်၍ မိန့်ကြားတော်မူသည်– “နောင်တရရန် သူ့အား ငါ အချိန်ပေးသော်လည်း သူ၏ မတရားမေထုန်အတွက် နောင်တရလိုစိတ် မရှိ။ ကြည့်ပါ။ သူ့ကို လူနာအိပ်ရာပေါ်သို့ ငါလှဲချတော့မည်။ သူနှင့်ဖောက်ပြားသော သူတို့ကိုလည်း သူပြုသော အမှုများအတွက် နောင်တမရကြလျှင် ကြီးစွာသောဒုက္ခထဲသို့ ငါပစ်ချတော့မည်။” (ဗျာဒိတ် ၂:၂၁၊ ၂၂) မူလယေဇဗေလသည် အာဟပ်အပေါ်ကြီးစိုး၍ ဘုရားသခင့်အာဏာသား ယေဟုကို အန်တုသကဲ့သို့ ဤမိန်းမသြဇာသည်လည်း လင်ယောက်ျားများနှင့် အကြီးအကဲများကို ခြယ်လှယ်ချင်ခြယ်လှယ်မည်။ သွာတိရမြို့ရှိ အကြီးအကဲတို့သည် ရဲတင်းသော ထိုမိန်းမသြဇာကို သည်းခံနေဟန်ရှိသည်။ ဤတွင် ယေရှုက သူတို့ကိုလည်းကောင်း၊ ယနေ့ ယေဟောဝါလူမျိုးတော်၏ ကမ္ဘာလုံးဆိုင်ရာ အသင်းတော်ကိုလည်းကောင်း ပြင်းထန်သော သတိပေးချက် ထုတ်ပြန်တော်မူသည်။ ယခုခေတ်၌ ထင်ရာစိုင်းသော ထိုမိန်းမအချို့သည် ခင်ပွန်းဖြစ်သူတို့အား မိမိတို့နှင့်အတူ အယူဖောက်ပြန်သူများဖြစ်စေရန် သွေးဆောင်ခဲ့သည့်ပြင် ယေဟောဝါ၏ သစ္စာရှိအစေခံများကို ရုံးတင်တရားစွဲရန်ပင် သွေးထိုးခဲ့ကြသည်။​—ယုဒ ၅-၈ နှိုင်းယှဉ်။

၉။ (က) ယေဇဗေလနှင့်ပတ်သက်သော ယေရှု၏မိန့်ဆိုချက်များက ခရစ်ယာန်အသင်းတော်ထဲရှိ အမျိုးသမီးအားလုံး၏ ဂုဏ်သတင်းကို အဘယ်ကြောင့် မထိခိုက်သနည်း။ (ခ) အဘယ်အခါ၌သာ ယေဇဗေလသြဇာ ဖြစ်ပေါ်လာသနည်း။

၉ ဤအချက်က ခရစ်ယာန်အသင်းတော်ထဲမှ သစ္စာရှိမိန်းမများ၏ ဂုဏ်သတင်းကို မထိခိုက်စေပါ။ ယခုအခါတွင် သစ္စာရှိညီအစ်မများသည် သက်သေခံလုပ်ငန်း၏ ကြီးမားသောအပိုင်းကို ပြီးစီးစေလျက်ရှိသည်။ သူတို့သည် အိမ်တွင်းကျမ်းစာသင်အံမှုများအားဖြင့် လူသစ်များကို အစုလိုက်အပြုံလိုက် အသင်းတော်ထဲသို့ ခေါ်ဆောင်လာကြသည်။ ဆာလံ ၆၈:၁၁ (သမ္မာ) က “ဘုရားရှင်သည် အမိန့်တော်ရှိ၍ သတင်းကောင်းကို ကြားပြောသောမိန်းမတို့သည် အလွန်များကြပါ၏” ဟုဆိုသည့်အတိုင်း ဤအစီအစဉ်ကို ဘုရားသခင်ကိုယ်တော်တိုင် ကောင်းချီးပေးတော်မူ၏။ လင်သားတို့သည် “ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်” သော မိမိတို့ဇနီးများ၏ နူးညံ့သိမ်မွေ့လေးစားသော အကျင့်ကြောင့် အကောင်းဘက်သို့ ဩဇာလွှမ်းမိုး ခံရချင်ခံရမည်။ (၁ ပေတရု ၃:၁-၄) အစွမ်းအစနှင့် ဝီရိယရှိသောမိန်းမကို လေမွေလဘုရင်က ချီးမွမ်း၏။ (သုတ္တံ ၃၁:၁၀-၃၁) မိန်းမတို့သည် ယောက်ျားများကို သွေးဆောင်၍ဖြစ်စေ၊ ဦးစီးမှုကိုအန်တုပြီး အရေးမလုပ်ပဲ နေခြင်းဖြင့်ဖြစ်စေ စည်းကျော်သောအခါမှသာ ယေဇဗေလသြဇာ ဖြစ်ပေါ်လာသည်။​—ဧဖက် ၅:၂၂၊ ၂၃; ၁ ကောရိန္သု ၁၁:၃။

၁၀။ (က) ယေဇဗေလနှင့် သူ၏သားသမီးများ အဘယ်ကြောင့် စီရင်ချက် ချခံရသနည်း။ (ခ) ယေဇဗေလ၏ သားသမီးများ ဖြစ်လာသူတို့သည် အန္တရာယ်ထူသော အဘယ်အခြေအနေအောက်၌ ရှိကြသနည်း။

၁၀ “ထိုမိန်းမ ယေဇဗေလ” ကိုရည်ညွှန်းလျက် ယေရှု ဤသို့ဆက်လက် မိန့်ကြား၏– “သူ၏ သားသမီးများကိုလည်း သေစေနိုင်သော ကပ်ဆိုးဖြင့် ငါသတ်မည်။ ဤသို့ဖြင့် ငါသည် ကျောက်ကပ်များနှင့် နှလုံးများကို စိစစ်စူးစမ်းသော အရှင်ဖြစ်ကြောင်း အသင်းတော်အပေါင်းတို့ သိရှိကြလိမ့်မည်။ သင်တို့ပြုသော အမှုများအတိုင်း သင်တို့တစ်ဦးစီအား ငါပေးဆပ်မည်။” (ဗျာဒိတ် ၂:၂၃) ယေရှုသည် ယေဇဗေလနှင့် သူ့သားသမီးများအား နောင်တရရန် အချိန်ပေးခဲ့ပြီ။ သို့သော် သူတို့သည် မိမိတို့၏ သီလပျက်လမ်းစဉ်များကို တစ်ဇွတ်ထိုးလိုက်ကြသဖြင့် တရားစီရင်ခံရမည်။ ဤတွင် ယနေ့ခရစ်ယာန်များအဖို့ အားပါသောသတင်းတစ်ရပ် ပါရှိ၏။ ဦးစီးမှုနှင့် သီလဆိုင်ရာ ကျမ်းစာမူများကို ချိုးဖောက်ခြင်းဖြင့် သူ၏သားသမီးများ ဖြစ်လာသူတို့ဖြစ်စေ၊ သီအိုကရက်တစ်အစီအစဉ်ကို အရေးမလုပ်ဘဲ ခေါင်းမာ၍နေခြင်းဖြင့်ဖြစ်စေ ယေဇဗေလကိုတုပသူ ကျားမ မရွေးသည် ဝိညာဉ်ရေးဘက် အန္တရာယ်မကင်း အပြင်းဖျားနေသော အခြေအနေတွင် ရှိကြသည်။ ထိုသို့သောသူသည် အသင်းတော်အကြီးအကဲများကို ဖိတ်ခေါ်၍ မိမိအတွက် ဆုတောင်းစေလျှင် ‘ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကိုကယ်ဆယ်၍ ဘုရားသခင်သည် သူ့ကိုထမြောက်စေတော်မူမည်’ မှန်၏။​—သို့သော် သူသည် ၎င်းပတ္ထနာနှင့်အညီ နှိမ့်ချစွာ ကျင့်ကြံရမည်။ သီလပျက်အကျင့်အကြံကို ဖုံးဖိရန်ကြိုးစား၍ဖြစ်စေ၊ အမှုတော်၌ စိတ်ထက်သန်သယောင် ဟန်ပြ၍ဖြစ်စေ ဘုရားသခင် သို့မဟုတ် ခရစ်တော်ကို လှည့်စားနိုင်မည်ဟု မည်သူမျှ မထင်စေနှင့်။​—ယာကုပ် ၅:၁၄၊ ၁၅။

၁၁။ ယနေ့ ခရစ်ယာန်အသင်းတော်များသည် တရားနည်းလမ်းမကျသော အမျိုးသမီးသြဇာလွှမ်းမှု ထိုးဖောက်ဝင်ရောက်လာခြင်းကို သတိပြုနိုင်ရန် မည်သို့ကူညီခံရသနည်း။

၁၁ ဝမ်းသာစရာမှာ ယနေ့ ယေဟောဝါသက်သေများ၏ အသင်းတော်အများက ထိုအန္တရာယ်ကို သတိပြုမိကြပေသည်။ အကြီးအကဲတို့သည် အသင်းသားများ သီအိုကရက်တစ် မဆန်သောစိတ်ထားနှင့် မှားယွင်းမှုဘက်သို့ တိမ်းယိမ်းခြင်းရှိမရှိ ဂရုပြုကြသည်။ သူတို့သည် အန္တရာယ်လမ်းပေါ်ရှိ အမျိုးသား၊ အမျိုးသမီးများအား ဝိညာဉ်ရေး ဆောက်တည်နိုင်ရန်၊ အချိန်မနှောင်းမီ ပြုပြင်နိုင်ရန် ကြိုးစားကူညီ၏။ (ဂလာတိ ၅:၁၆; ၆:၁) အမျိုးသမီးလွတ်မြောက်ရေးနှင့် အလားတူသော လှုပ်ရှားမှုများကို အုပ်စုဖွဲ့စည်းရုံးရန် အမျိုးသမီးများ အားထုတ်လာလျှင် ခရစ်ယာန်ကြီးကြပ်မှူးက မေတ္တာပါပါ၊ ပြတ်ပြတ်သားသား တားဆီးကြပါသည်။ ထိုမျှမက၊ ယေဟောဝါသက်သေတို့၏ စာပေများတွင်လည်း အခါအားလျော်စွာ အချိန်တန်သြဝါဒများ ပါရှိပါသည်။a

၁၂။ ယနေ့ ယောဟန်အတန်းအစားသည် ယေဟုကဲ့သို့သော စိတ်ထက်သန်မှုကို မည်သည့်နည်းဖြင့် တင်ပြခဲ့ပြီနည်း။

၁၂ သို့ရာတွင် ကြီးလေးသော သီလပျက်မှုဖြစ်ပေါ်လျှင်၊ အထူးသဖြင့် ၎င်းသည် အလေ့အထတစ်ခု ဖြစ်လာလျှင် နောင်တမရသော အပြစ်ပြုသူများကို နှင်ထုတ်ရမည်။ ယေဇဗေလသြဇာကို ဣသရေလနိုင်ငံမှ အစအနမကျန် သုတ်သင်ရာ၌ ယေဟု စိတ်အားပြင်းပြခဲ့သည်ကို ကျွန်ုပ်တို့ ပြန်သတိရသည်။ ထို့အတူ၊ ယနေ့ ယောဟန်အတန်းအစားလည်း ပြတ်သားစွာ အရေးယူခြင်းဖြင့် သူတို့၏ “ယောနဒတ်” အပေါင်းပါများအဖို့ ပုံသက်သေထားကာ မိမိတို့သည် ပေါက်လွှတ်ပဲစားပြုသော ခရစ်ယာန်ဘောင် ဓမ္မဆရာများနှင့် အခြားကြီးခြားနားကြောင်း ထင်ရှားစေသည်။​—၄ ဓမ္မရာဇဝင် ၉:၂၂၊ ၃၀-၃၇; ၁၀:၁၂-၁၇။

၁၃။ မှားယွင်းသော အမျိုးသမီးသြဇာကို အောက်ကျို့သူတို့သည် မည်သို့ဖြစ်မည်နည်း။

၁၃ ယေဟောဝါ၏ စေတမန်နှင့် တရားသူကြီးအနေနှင့် ဘုရားသခင့်သားတော်သည် ခေတ်သစ်ယေဇဗေလကို ခွဲခြားဖော်ထုတ်၍ လူနာအိပ်ရာပေါ်သို့ လှဲချတော်မူသည်မှာ သင့်မြတ်လှ၏။ အကြောင်းမှာ သူသည် ဝိညာဉ်ရေးတွင် နာတာရှည်ရောဂါ စွဲကပ်နေ၍ဖြစ်သည်။ (မာလခိ ၃:၁၊ ၅) အနှီမှားယွင်းသော မိန်းမသြဇာကို အောက်ကျို့သောသူတို့လည်း လူသေပမာ ခရစ်ယာန်အသင်းတော်မှ ဖြတ်တောက်နှင်ထုတ်ခြင်း တည်းဟူသော​—ကြီးစွာသောဒုက္ခ ခံရကြမည်။ နောင်တရ၍ လှည့်လာကာ အသင်းတော်ထဲသို့ ပြန်မဝင်လျှင် ယုတ်စွအဆုံး ကြီးစွာသောဒုက္ခ၌ “သေစေနိုင်သော ကပ်ဆိုး” ဖြင့် ပကတိ အသေသတ်ခံရမည့်ကိန်းနှင့်လည်း ရင်ဆိုင်နေရသည်။ စပ်ကြားကာလအတွင်း မိမိတို့၏အမှားများကို လုံးဝနောင်တရလျှင်မူ နဂိုအခြေအနေ ပြန်ရောက်ရှိနိုင်ပါသည်။​—မဿဲ ၂၄:၂၁၊ ၂၂; ၂ ကောရိန္သု ၇:၁၀။

၁၄။ (က) ယေရှုသည် အကြီးအကဲများကိုသုံး၍ ယေဇဗေလသြဇာ အစရှိသည့် ပြဿနာအချို့ကို မည်သို့ကိုင်တွယ်တော်မူသနည်း။ (ခ) ထိုသို့သောပြဿနာများ ကိုင်တွယ်သည့်အကြီးအကဲများကို အသင်းတော်က မည်သို့ထောက်ခံသင့်သနည်း။

၁၄ ယေရှုသည် အနက်ရှိုင်းဆုံးသော စိတ်ခံစားမှုတည်းဟူသော “ကျောက်ကပ်” ကိုလည်းကောင်း၊ စိတ်ရင်းခံအပါအဝင် အတွင်းလူတည်းဟူသော “နှလုံး” ကိုလည်းကောင်း စိစစ်စူးစမ်းကြောင်း “အသင်းတော်အပေါင်းတို့” သိရလိမ့်မည်။ ထို့အတွက် ကိုယ်တော်သည် အားထားလောက်သောကြယ်၊ သို့မဟုတ် အကြီးအကဲများကိုသုံး၍ ပေါ်ပေါက်လာသည့် ယေဇဗေလသြဇာကဲ့သို့သော ပြဿနာများကို ကိုင်တွယ်တော်မူသည်။ (ဗျာဒိတ် ၁:၂၀) ထိုသို့သောကိစ္စကို ဤအကြီးအကဲများက စေ့စေ့စပ်စပ်စိစစ်၍ ဆုံးဖြတ်ပြီးနောက်၌ အခြားပုဂ္ဂိုလ်များက ဘာကြောင့်၊ ဘာအတွက် ထိုသို့အရေးယူသည်ကို စစ်ဆေးစူးစမ်းရန်မဟုတ်။ လူအားလုံး အကြီးအကဲများ၏ စီရင်ပိုင်းဖြတ်ချက်ကို နှိမ့်ချစွာလက်ခံလျက် ဤအသင်းတော်ကြယ်များကို ဆက်လက်ထောက်ခံသင့်သည်။ ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်း အစီအစဉ်ပေါ် သစ္စာစောင့်လျှင် ဆုကျေးဇူးတော်ခံစားရမည်။ (ဆာလံ ၃၇:၂၇-၂၉; ဟေဗြဲ ၁၃:၇၊ ၁၇) ကိုယ်ပြုသောအမှုအလျောက် တစ်ဦးစီအား ယေရှု ပေးဆပ်သောအခါ သင့်အနေနှင့် ကောင်းချီးဝေစုရပါစေ။​—ဂလာတိ ၅:၁၉-၂၄; ၆:၇-၉။

“ရှိရင်းစွဲကို မြဲမြဲကိုင်စွဲထားပါ”

၁၅။ (က) ယေဇဗေလကြောင့် ယိုယွင်းခြင်းမရှိသူတို့အား ယေရှု ဘာပြောစရာရှိသနည်း။ (ခ) ၁၉၁၈ ခုနှစ်၌ ဖောက်ပြန်သော ခရစ်ယာန်ဘောင်ကြောင့် ခရစ်ယာန်အမည်ခံအားလုံး ယိုယွင်းခြင်းမရှိကြောင်း ဘာကပြသနည်း။

၁၅ ယေရှု၏ နောက်စကားများက နှစ်သိမ့်မှုပေး၏– “သို့ရာတွင် သွာတိရမြို့မှ ကျန်သောသူများဖြစ်သည့် အသင်တို့၊ ဤအယူကို မခံသောသူအားလုံး၊ အများအခေါ် ‘စာတန်၏ နက်နဲရာများ’ ကို မသိသောသူတို့အား ငါဆိုသည်ကား– သင်တို့အပေါ်သို့ အခြားဝန်ထုပ်ကို ငါတင်မည်မဟုတ်။ သို့သော် ငါလာသည်တိုင်အောင် ရှိရင်းစွဲကို မြဲမြဲကိုင်စွဲထားပါ။” (ဗျာဒိတ် ၂:၂၄၊ ၂၅) သွာတိရမြို့၌ ယေဇဗေလ၏ ဩဇာလွှမ်းမိုးမှုကိုမခံသော သစ္စာရှိသူများ ရှိပေသည်။ ထို့နည်းတူ၊ ၁၉၁၈ ခုနှစ်မတိုင်မီ အနှစ် ၄၀ အထက်ကလည်းကောင်း၊ ၁၉၁၈ ခုနှစ်နောက်၌လည်းကောင်း ခရစ်ယာန်အမည်ခံအားလုံးသည် ခရစ်ယာန်ဘောင်အတွင်း နှံ့ပြားလှသော သီလပျက်ဖောက်ပြန်သည့် လမ်းစဉ်များကို သည်းခံခွင့်ပြုကြသည် မဟုတ်။ ခရစ်ယာန်ဘောင်၏ အယူဝါဒများစွာမှာ ခရစ်ယာန်မဆန်သောဇာစ်မြစ်မှ ပေါက်ဖွားလာကြောင်း ချာ့ချ်အသင်းသားများ သဘောပေါက်စေရန် ကူညီပေးခဲ့ကြသည့် ယခု ယေဟောဝါသက်သေများအဖြစ် လူသိများသော ကျမ်းစာကျောင်းသား အုပ်စုလေးသည် အယူဖောက်ပြန်သော ခရစ်ယာန်ဘောင်မှတစ်ဆင့် ခံယူရရှိသော ဗာဗုလုန်ယုံကြည်ချက်များ၊ အကျင့်ဓလေ့များနှင့် ကင်းစင်အောင် မိမိတို့ကိုယ်ကို သုတ်သင်ဆေးကြောခဲ့ကြပြီ။ ၎င်း၌ “ထိုမိန်းမ ယေဇဗေလ” ၏ ပေါက်လွှတ်ပဲစားအယူ ပါဝင်သည်။

၁၆။ ယေရှုနှင့် ပထမရာစု ခရစ်ယာန်အုပ်ချုပ်ရေးအဖွဲ့က ဝန်ထုပ် ထပ်မတင်သော်လည်း အဘယ်အရာများကိုကား ရှောင်ရမည်နည်း။

၁၆ ယနေ့ ယောဟန်အတန်းအစားလည်း မိမိတို့၏အပေါင်းပါ လူအုပ်ကြီးအား ယုတ်ညံ့သော အပန်းဖြေလောကမှ သီလပျက်သြဇာများကို သတိပြုရန် တိုက်တွန်းသည်။ သိလိုဇောဖြင့်ဖြစ်စေ၊ ရှောင်ရမည့်အရာကို နားလည်ရန်အတွက်ဖြစ်စေ ဖောက်ပြန်ပုပ်ပျက်သောအရာကို ကြည့်ဖို့၊ ကိုယ်တွေ့ခံစားကြည့်ဖို့ မလိုပါ။ “စာတန်၏ နက်နဲရာများ” ကို ဝေးဝေးရှောင်ခြင်းသည် ပညာလမ်းစဉ်ပင်။ ယေရှုဆိုသည့်အတိုင်း “သင့်အပေါ်မှာ အခြားဝန်ထုပ်ကို ငါတင်မည်မဟုတ်။” ဤအချက်က ပထမရာစု ခရစ်ယာန် အုပ်ချုပ်ရေးအဖွဲ့၏ ပြဋ္ဌာန်းချက်ကို ပြန်သတိရစေသည်– “ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း၊ ကြဉ်ရှောင်ရမည် ဟူသောပညတ်မှတစ်ပါး အခြားသောဝန် သင်တို့၏အပေါ်၌ တင်ခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။” (တမန်တော် ၁၅:၂၈၊ ၂၉) ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန် မိစ္ဆာဘာသာ၊ (သွေးသွင်းခြင်းကဲ့သို့သော) သွေးအလွဲသုံးမှုနှင့် သီလပျက်မှုတို့ကို ရှောင်ပါ။ သင့်ကာယကျန်းမာမှုပါ အကာအကွယ်ရနိုင်သည်။

၁၇။ (က) စာတန်သည် “နက်နဲသောအရာများ” ကိုသုံးလျက် ယနေ့လူတို့အား မည်သို့သွေးဆောင်သနည်း။ (ခ) စာတန်၏ ရှုပ်ထွေးဆန်းပြားသော လောက၏ “နက်နဲရာများ” ကို ကျွန်ုပ်တို့ မည်သို့သဘော ထားသင့်သနည်း။

၁၇ ယခုခေတ်၌ ပညာရှင်များအား ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်စေသော နက်နဲရှုပ်ထွေးသည့် မှန်းဆချက်များနှင့် အဘိဓမ္မာများစသော အခြား “စာတန်၏ နက်နဲရာများ” ရှိသေးသည်။ ၎င်းတို့တွင် ပေါက်လွှတ်ပဲစား သီလပျက် အတွေးအခေါ်များအပြင် နတ်ဝိဇ္ဇာအတတ်နှင့် ဆင့်ကဲဖြစ်စဉ်ဝါဒလည်း ပါဝင်သည်။ ဉာဏ်တော်အလုံးစုံနှင့် ပြည့်စုံသော ဖန်ဆင်းရှင်အနေနှင့် ဤ “နက်နဲရာများ” ကို မည်သို့ ရှုမှတ်တော်မူသနည်း။ ကိုယ်တော်က “ပညာရှိတို့၏ပညာကို ငါဖျက်ဆီးမည်” ဟု မိန့်ဆိုကြောင်း တမန်တော်ပေါလုက ကိုးကားဖော်ပြလိုက်သည်။ “ဘုရားသခင်၏ နက်နဲသောအရာ” များမှာမူ၊ ရိုးရိုးရှင်းရှင်းဖြစ်၍ စိတ်နှလုံးကို ကြည်နူးစေသည်။ ပညာရှိ ခရစ်ယာန်တို့သည် စာတန်၏ ရှုပ်ထွေးဆန်းပြားသော လောက၏ “နက်နဲရာများ” ကိုရှောင်၏။ “လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်” ကြောင်း စွဲမှတ်ပါ။​—၁ ကောရိန္သု ၁:၁၉; ၂:၁၀; ၁ ယောဟန် ၂: ၁၇။

၁၈။ အဆုံးတိုင်အောင် သစ္စာစောင့်သော ဘိသိက်ခံခရစ်ယာန်တို့အား အဘယ်ကောင်းချီးများပေးရန် ယေရှုကတိပြုသနည်း။ ထမြောက်လာသော ဤပုဂ္ဂိုလ်များသည် အာမဂေဒုန်၌ အဘယ်အခွင့်အရေး ရကြမည်နည်း။

၁၈ သွာတိရမြို့ရှိ ထိုခရစ်ယာန်တို့အား ကြည်နူးအားရဖွယ်စကားကို ယေရှုဆက်၍ မိန့်ကြားလေသည်။ ယနေ့ ဘိသိက်ခံ ခရစ်ယာန်များအတွက်လည်း အားရှိစရာဖြစ်၏– “အောင်နိုင်၍ အဆုံးတိုင်အောင် ငါ့အမှုများကို စောင့်ထိန်းသောသူအား ငါ့ခမည်းတော်ထံမှ အာဏာကို ငါလက်ခံရရှိသည်နည်းတူ လူမျိုးများအပေါ် စိုးမိုးသောအာဏာကို ငါပေးမည်။ သူသည်လည်း လူတို့ကို သံလှံတံဖြင့် ထိန်းကျောင်းမည်ဖြစ်သောကြောင့် လူတို့သည် မြေအိုးများ အစိတ်စိတ် ကွဲသကဲ့သို့ ကွဲကြလိမ့်မည်။” (ဗျာဒိတ် ၂:၂၆၊ ၂၇) တကယ့်အခွင့်ထူး ပါတကား။ ဘိသိက်ခံအောင်နိုင်သူတို့ ထမြောက်စဉ်ရကြသော ၎င်းအာဏာမှာ ယေရှုနှင့်အတူ အာမဂေဒုန်၌ ပုန်ကန်သောလူမျိုးများအား သံလှံတံဖြင့်ဖျက်ဆီးခြင်း အာဏာပင်တည်း။ မြေအိုးများကို အစိတ်စိတ်ကွဲအောင် ရိုက်ခွဲသကဲ့သို့ ရန်သူတို့ကို ခရစ်တော် ချေမှုန်းသောအခါ ထိုလူမျိုးများ၏ အစွမ်းထက်ဆုံး နျူကလီးယားလက်နက်များပင် ရေစိုသောဗြောက်အိုးပမာ တဖျစ်ဖျစ်သာ မြည်လိမ့်မည်။​—ဆာလံ ၂:၈၊ ၉; ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၉:၁၁-၁၃၊ ၁၅။

၁၉။ (က) “မိုးသောက်ကြယ်” ကား မည်သူနည်း။ ကိုယ်တော်သည် အောင်နိုင်သူတို့အား မိမိကိုယ်ကို မည်သို့ပေးအပ်တော်မူမည်နည်း။ (ခ) လူအုပ်ကြီးအား အဘယ်သို့ အားပေးထားသနည်း။

၁၉ “မိုးသောက်ကြယ်ကိုလည်း ထိုသူ့အား ငါပေးမည်” ဟု ယေရှုထပ်ဆင့် မိန့်ဆို၏။ (ဗျာဒိတ် ၂:၂၈) နောက်ပိုင်း၌ ယေရှုကိုယ်တော်တိုင် ၎င်း “မိုးသောက်ကြယ်” ဘာကိုဆိုလိုကြောင်း ဤသို့မိန့်ဆိုသည်– “ငါသည် ဒါဝိဒ်၏အမြစ်၊ ဒါဝိဒ်၏အနွယ် ဖြစ်၏၊ ထွန်းပသော မိုးသောက်ကြယ်လည်း ဖြစ်၏။” (ဗျာဒိတ် ၂၂:၁၆) မှန်ပေသည်။ မဟချင်သော ဗာလမ်၏ပါးစပ်ထဲမှ ယေဟောဝါ အတင်းမိန့်ဆိုစေသော အောက်ပါ ပရောဖက်ပြုချက်ကို ပြည့်စုံစေသူမှာ ယေရှုပင်တည်း– “ကြယ်တစ်လုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍ ရာဇလှံတံသည် ဣသရေလအမျိုး၌ ထင်ရှားလိမ့်မည်။” (တောလည်ရာ ၂၄:၁၇) အောင်နိုင်သူတို့အား “မိုးသောက်ကြယ်” ကို ယေရှုမည်သို့ ပေးတော်မူမည်နည်း။ မိမိကိုယ်ကို သူတို့အား ပေးအပ်ခြင်း၊ မိမိနှင့်အနီးကပ်ဆုံး အရင်းနှီးဆုံး ဆက်ဆံရေးဘောင်အတွင်းသို့ သူတို့ကို ဆောင်သွင်းခြင်းအားဖြင့် ဖြစ်သည်မှာ ထင်ရှားသည်။ (ယောဟန် ၁၄:၂၊ ၃) ကြံ့ကြံ့ခံလိုသောဆန္ဒကို ဖြစ်ပေါ်စေသော အားပါသည့်စေ့ဆော်ချက်ပါတကား။ “မိုးသောက်ကြယ်” သည် မကြာမီ နိုင်ငံတော်အာဏာဖြင့် ဤကမ္ဘာပေါ် ပရဒိသု ပြန်လည်ထူထောင်တော်မူမည် ဟူသောအချက်ကို သိရသည်မှာ လူအုပ်ကြီးအဖို့လည်း အားတက်စရာပင်။

သမာဓိ စောင့်ထိန်းပါ

၂၀။ ခရစ်ယာန်ဘောင်၏ အဘယ်အဖြစ်အပျက်များက သွာတိရအသင်းတော်၏ အားနည်းချက်အချို့ကို သတိရစေသနည်း။

၂၀ အထက်ပါ သတင်းတော်ကြောင့် သွာတိရမြို့ရှိ ခရစ်ယာန်များ များစွာအားတက်ခဲ့ပေမည်။ စဉ်းစားကြည့်လေ။ ကောင်းကင်ဘုံမှ ဘုရားသခင့် ဘုန်းပွင့်သားတော်ကိုယ်တိုင် သွာတိရမြို့ရှိ ခရစ်ယာန်များအား သူတို့၏ ပြဿနာအချို့အကြောင်း မိန့်ဆိုခဲ့သည်။ မေတ္တာပါသော ထိုထိန်းကျောင်းမှုကို ယုတ်စွအဆုံး အသင်းတော်ရှိအချို့သူများ လက်ခံတုံ့ပြန်ခဲ့မည်မုချ။ သတင်းတော်ခုနစ်ခုအနက် အရှည်လျားဆုံးသော ဤသတင်းတော်သည် ယနေ့ခရစ်ယာန် အသင်းတော်အစစ်အမှန်ကို ခွဲခြားသိမြင်နိုင်စေရန်လည်း အထောက်အကူပြု၏။ ၁၉၁၈ ခုနှစ်၌ တရားစီရင်ရန် ယေဟောဝါ၏ ဗိမာန်တော်သို့ ယေရှုကြွလာစဉ် ခရစ်ယာန်အမည်ခံ အဖွဲ့အစည်းအများထုသည် ရုပ်တုကိုးကွယ်မှုနှင့် ဝိညာဉ်ရေးသီလပျက်မှုတို့ဖြင့် ညစ်ပေလျက်နေကြသည်။ (ယာကုပ် ၄:၄) အချို့တို့သည် မိမိတို့၏ ယုံကြည်ချက်များကို သတ္တမနေ့ ဥပုသ်အသင်းမှ အယ်လင် ဝှိုက်၊ ခရစ်ယာန် သိပ္ပံပညာရှင်များအသင်းမှ မေရီ ဘေကာ အယ်ဒီ စသော ၁၉ ရာစုမှ ထက်မြက်သည့် အမျိုးသမီးများ၏ သွန်သင်ချက်များပေါ် အခြေပြုကြသည်။ မကြာသေးမီကလည်း စင်မြင့်ပေါ်မှာ ဟောပြောသောအမျိုးသမီး များသည်ထက်များလာသည်။ (၁ တိမောသေ ၂:၁၁၊ ၁၂ နှိုင်းယှဉ်။) ကက်သလစ်ဝါဒ အမျိုးမျိုးမှာလည်း မာရိကို ဘုရားသခင်နှင့် ခရစ်တော်ထက် ဦးစားပေး၍ သိဒ္ဓိတင်ကိုးကွယ်၏။ မာရိကို ယေရှုထိုသို့ ဂုဏ်မတင်ခဲ့ပါ။ (ယောဟန် ၂:၄; ၁၉:၂၆) ထိုသို့သော တရားနည်းလမ်းမကျသည့် အမျိုးသမီးသြဇာကိုခွင့်ပြုသော အဖွဲ့အစည်းများကို ခရစ်ယာန်အဖြစ် လက်ခံနိုင်မည်လော။

၂၁။ သွာတိရမြို့ကိုပေးသော ယေရှု၏သတင်းတော်တွင် လူတစ်ဦးစီအတွက် အဘယ်သင်ခန်းစာများ ပါရှိသနည်း။

၂၁ ယောဟန်အတန်းအစားဝင်ဖြစ်စေ၊ အခြားသိုးစုဝင်ဖြစ်စေ ခရစ်ယာန်တစ်ဦးစီအနေနှင့် ဤသတင်းတော်ကို ဆင်ခြင်သင့်သည်။ (ယောဟန် ၁၀:၁၆) အချို့တို့က သွာတိရမြို့မှ ယေဇဗေလ၏ တပည့်များနည်းတူ လမ်းလွယ်လိုက်လိုသောသဘော ရှိချင်ရှိမည်။ အညံ့ခံ အလျှော့ပေးချင်စိတ်လည်း ရှိသေးသည်။ ယခုခေတ်တွင် သွေးပါသော စားသောက်ကုန်များစားခြင်း၊ သို့မဟုတ် သွေးသွင်းခြင်းစသော ပြဿနာများကို ရင်ဆိုင်ရသည်။ အချို့က မိမိတို့သည် လယ်ကွင်းအမှုတော်နှင့် ဟောပြောချက်ပေးရာ၌ စိတ်ထက်သန်လျှင် ဇာတ်ကြမ်းနှင့် သီလပျက်ရုပ်ရှင်၊ ဗွီဒီယိုခွေများကြည့်ခြင်း၊ သို့မဟုတ် သောက်ကြူးခြင်းတို့၌ အထူးစောင့်စည်းရန်မလိုဟု ထင်ချင်ထင်မည်။ သွာတိရမြို့ရှိ ခရစ်ယာန်များအား ယေရှုပေးသော သတိပေးချက်က ကျွန်ုပ်တို့အား စည်းလွတ်ဝါးလွတ် မပြုမူရန် စေ့ဆော်၏။ ကျွန်ုပ်တို့သည် သွာတိရမြို့ရှိ ခရစ်ယာန်များစွာတို့ကဲ့သို့ စိတ်နှစ်ခွမရှိ၊ စိုးလ်အကြွင်းမဲ့ဖြစ်ပြီး စင်ကြယ်ရန် ယေဟောဝါ အလိုတော်ရှိ၏။

၂၂။ ကြားတတ်သောနားရှိဖို့ အရေးကြီးကြောင်း ယေရှုမည်သို့ အလေးအနက် ပြုတော်မူသနည်း။

၂၂ နောက်ဆုံး ယေရှု ဤသို့ကြေညာ၏– “အသင်းတော်တို့အား ဝိညာဉ်တော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ။” (ဗျာဒိတ် ၂:၂၉) ယေရှုသည် အထက်ပါထပ်ကြော့ ဆော်သြပုဒ်ကို စတုတ္ထအကြိမ် မိန့်ဆိုသည်။ ကျန်သည့် သတင်းတော်သုံးပုဒ်ကိုလည်း ထိုသို့နိဂုံးချုပ်လိမ့်မည်။ သင်၌ ထိုသို့တုံ့ပြန်တတ်သော နားရှိသလော။ ရှိလျှင်၊ မိမိ၏ ဝိညာဉ်တော်အားဖြင့် ဆက်သွယ်ရေး လမ်းကြောင်းတော်မှတစ်ဆင့် ဘုရားသခင် အဆက်မပြတ် ဩဝါဒပေးတော်မူသည်ကို စူးစိုက်နားထောင်ပါလေ။

[အောက်ခြေမှတ်ချက်]

a ဥပမာ၊ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက် ကင်းမျှော်စင် ပါ “တည်ကြည်သော ခရစ်ယာန်အမျိုးသမီးများ​—ဘုရားသခင်၏ အဖိုးထိုက် ဝတ်ပြုသူများ” ဟူသော ဆောင်းပါးကိုရှု။

[စာမျက်နှာ ၅၁ ပါ ရုပ်ပုံ]

ယနေ့ သီအိုကရက်တစ် အခွင့်အာဏာကို ကျိုးနွံစွာ အားပေးထောက်ခံသော သစ္စာရှိညီအစ်မများသည် သက်သေခံခြင်းလုပ်ငန်းတွင် အကြီးအကျယ်ပါဝင်နေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ