-
မေရှိယရောက်ရှိနေခြင်းနှင့်ကိုယ်တော်၏အုပ်စိုးမှုကင်းမျှော်စင်—၁၉၉၂ | အောက်တိုဘာ ၁
-
-
ခရစ်တော်ပြန်လာသည့်နည်း
၃။ ခရစ်တော်၏ပြန်လာခြင်းအကြောင်း လူအများ မည်သို့ယူဆသနည်း။
၃ An Evangelical Christology စာအုပ်အရ “ခရစ်တော်၏ဒုတိယကြွလာခြင်း သို့မဟုတ် ပြန်လာခြင်းသည် (ပါရိုစီးယား) ဘုရားသခင့်နိုင်ငံတော်ကို အပြီးသတ်လူသိရှင်ကြား ထာဝရတည်ထောင်စေမည်” ဖြစ်၏။ ခရစ်တော်၏ပြန်လာခြင်းကို ဤဂြိုဟ်ပေါ်ရှိသူတိုင်း ပကတိမျက်စိဖြင့်တွေ့မြင်ကြမည်ဟု အများကယူဆကြသည်။ ဤအယူအဆကိုထောက်ခံသည့်အနေနှင့် ဗျာဒိတ် ၁:၇ ကိုညွှန်းကြသည်။ ဖတ်ရသည်က ဤသို့။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော်ကိုထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။” သို့သော်ဤကျမ်းပိုဒ်ကို စာသားအတိုင်းနားလည်ရန်ဖြစ်သလော။
၄၊ ၅။ (က) ဗျာဒိတ် ၁:၇ ကိုစာသားအတိုင်းယူမှတ်ရမည်မဟုတ်ကြောင်း မည်သို့သိရှိရသနည်း။ (ခ) ဤနားလည်မှုကိုယေရှု၏စကားများကိုယ်နှိုက်က မည်သို့ထောက်ခံသနည်း။
၄ ဗျာဒိတ်ကျမ်းကို “ဗျာဒိတ်တော်အရိပ်” ဖြင့်ပြထားကြောင်း သတိရပါ။ (ဗျာဒိတ် ၁:၁) ထိုကြောင့်ဤကျမ်းပိုဒ်သည် ပုံဆောင်ချက်ဖြစ်ရမည်။ အမှန်ဆိုလျှင် “ကိုယ်တော်ကိုထိုးဖောက်သောသူတို့” သည်ခရစ်တော်အား မည်သို့တွေ့မြင်နိုင်ကြမည်နည်း။ သူတို့သေလွန်ခဲ့သည်မှာ ရာစုပေါင်း ၂၀ နီးပါးပင်ရှိပေပြီ။ ထို့ပြင် ခရစ်တော်ခွဲခွာသွားခဲ့သည့် “နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့” ဟုကောင်းကင်တမန်များ အားပေးခဲ့သည်။ သို့ဖြစ်၍ ကိုယ်တော်မည်သို့ခွဲခွာခဲ့သနည်း။ သန်းပေါင်းများစွာသောသူတို့ ရှုစားနေစဉ်လော။ မဟုတ်ပါ။ သစ္စာရှိသူ လူနည်းစုမျှသာ ထိုအဖြစ်အပျက်ကိုတွေ့မြင်ခဲ့ပါသည်။ ထို့ပြင် ကောင်းကင်တမန်များက တမန်တော်များအားစကားပြောဆိုကြသောအခါ ကောင်းကင်သို့ခရစ်တော်၏ခရီးစဉ်ကို သူတို့စိုက်ကြည့်ခဲ့ပါသလော။ မကြည့်နိုင်ကြချေ။ တိမ်ဖုံးကွယ်သွားသဖြင့် သူတို့မြင်ကွင်းမှ ယေရှုပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်နောက်ပိုင်းတွင် လူ့မျက်စိဖြင့်မမြင်နိုင်သည့် နာမ်ဝိညာဉ်သားအဖြစ် နာမ်ဝိညာဉ်ဘောင်ကောင်းကင်အရပ်သို့ ကိုယ်တော်ဝင်ရောက်ခဲ့ပေမည်။ (၁ ကောရိန္သု ၁၅:၅၀) ထိုကြောင့်အလွန်ဆုံးဆိုလျှင် ယေရှု၏ခရီးစဉ်အစကိုသာ တမန်တော်များတွေ့မြင်ခဲ့ကြမည်။ ကိုယ်တော်၏ကောင်းကင်ခမည်းတော်ယေဟောဝါရှေ့မှောက် ကောင်းကင်အရပ်သို့ပြန်ရောက်သွားသည့် ခရီးဆုံးကိုကား သူတို့မြင်နိုင်ကြမည်မဟုတ်ပါ။ ယင်းကို ယုံကြည်ခြင်းမျက်လုံးများဖြင့် သူတို့တွေးကြည့်၍သာ တွေ့မြင်နိုင်မည်ဖြစ်သည်။—ယောဟန် ၂၀:၁၇။
၅ ယေရှုသည် ထပ်တူနည်းမျိုးဖြင့်ပင် ပြန်လာမည်ဟု သမ္မာကျမ်းစာကသွန်သင်ပေးသည်။ မိမိမသေမီအချိန်တိုကလေးတွင် ယေရှုကိုယ်တိုင် ဤသို့ဆိုသည်။ “ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။” (ယောဟန် ၁၄:၁၉) “ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌မတည်” ဟုကိုယ်တော်မိန့်တော်မူသေးသည်။ (လုကာ ၁၇:၂၀) ထိုကြောင့် အဘယ်သဘောမျိုးဖြင့် ‘ရှိသမျှသောသူတို့ကိုယ်တော်ကိုရှုမြင်ရကြ’ မည်နည်း။ အဖြေပေးနိုင်ရန် ယေရှု၏ပြန်လာခြင်းနှင့်ပတ်သက်၍ ကိုယ်တော်နှင့်တပည့်နောက်တော်လိုက်များ အသုံးပြုခဲ့သောစကားလုံးကို ဦးဆုံးနားလည်ရန်လိုသည်။
၆။ (က) “ပြန်လာခြင်း၊” “ရောက်ရှိခြင်း၊” “ပေါ်ထွန်းခြင်း” နှင့် “ကြွလာခြင်း” ကဲ့သို့သောစကားလုံးများသည် ဂရိစကားလုံးပါရိုစီးယားအတွက် အဓိပ္ပာယ်လုံလောက်သောစကားလုံးများ အဘယ်ကြောင့်မဖြစ်သနည်း။ (ခ) ပါရိုစီးယား သို့မဟုတ် “ရောက်ရှိနေခြင်း” သည်မည်သည့်ခေတ္တယာယီအဖြစ်အပျက်မျှမကကြာမြင့်ကြောင်း အဘယ်အချက်ကဖော်ပြသနည်း။
၆ အမှန်မှာ၊ ခရစ်တော်သည် “ပြန်လာ” ရုံထက်မကပြုတော်မူသည်။ ထိုစကားလုံးသည် “ကြွလာခြင်း၊” “ရောက်ရှိခြင်း” သို့မဟုတ် “ပေါ်ထွန်းခြင်း” ကဲ့သို့ပင် အချိန်တိုကလေးတွင်ပင်ဖြစ်ပျက်သော အခြင်းအရာတစ်ခုကိုဆိုလိုနေခြင်းဖြစ်သည်။ သို့သော် ယေရှုနှင့်နောက်တော်လိုက်များ အသုံးပြုခဲ့သည့်ဂရိစကားလုံးသည် ထိုထက်မကအဓိပ္ပာယ်ရှိပါသည်။ ပါရိုစီးယား စကားလုံးသည် စာသားအရ “အပါး၌ရှိနေခြင်း” သို့မဟုတ် “ရောက်ရှိနေခြင်း” အဓိပ္ပာယ်ရှိသည်။ ဤစကားလုံးအားဖြင့် ရောက်လာခြင်းကိုသာမဟုတ် တိုင်းနိုင်ငံ၏အရာရှိတစ်ဦးတစ်ယောက် အလည်အပတ်ရောက်ရှိနေခြင်းကိုလည်းဆိုလိုကြောင်း ပညာရှင်အများသဘောတူညီကြသည်။ ဤသို့ရောက်ရှိနေခြင်းသည် တစ်ခဏမျှကြာသောအဖြစ်အပျက်မဟုတ်ဘဲ အထူးဖြစ်သောအချိန်၊ ထူးခြားသောခေတ်ကာလတစ်ခုဖြစ်ပေသည်။ မဿဲ ၂၄:၃၇-၃၉ (ကဘ) တွင်ယေရှုက “လူသားရောက်ရှိနေခြင်း [ပါရိုစီးယား]” သည် ရေလွှမ်းမိုးဘေးနှင့် နိဂုံးချုပ်ခဲ့သော “နောဧလက်ထက်” ကဲ့သို့ဖြစ်မည်ဟုမိန့်တော်မူသည်။ ရေလွှမ်းမိုးဘေးရောက်၍ ပျက်စီးယိုယွင်းသောထိုလောကစနစ်ကို သုတ်သင်ရှင်းလင်းမပစ်မီ ဆယ်စုနှစ်များစွာအတွင်း နောဧသည် သင်္ဘောဆောက်လုပ်၍ လူဆိုးတို့ကိုသတိပေးနေပါသည်။ ယင်းကြောင့် ခရစ်တော်၏မျက်မြင်မရရောက်ရှိနေခြင်းသည်လည်း ကြီးစွာသောဖျက်ဆီးခြင်းဖြင့်အဆုံးမတိုင်မီ ဆယ်စုနှစ်များစွာကြာရှည်မည်တည်း။
၇။ (က) ပါရိုစီးယားကိုလူ့မျက်စိဖြင့်မမြင်နိုင်ကြောင်း အဘယ်အရာကသက်သေထူသနည်း။ (ခ) ခရစ်တော်၏ပြန်ကြွလာခြင်းကို “ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်” ဟုဖော်ပြသောကျမ်းချက်များသည် အဘယ်နည်းဖြင့် အဘယ်အချိန်တွင် ပြည့်စုံမည်နည်း။
၇ ပါရိုစီးယားကို လူ့မျက်စိဖြင့်တွေ့မြင်နိုင်မည်မဟုတ်သည်ကား အမှန်ပါ။ ထိုသို့သာဆိုလျှင် ဤရောက်ရှိခြင်းကိုပိုင်းခြားနိုင်ရန် အကူအညီဖြစ်စေမည့်နိမိတ်ကို တပည့်နောက်လိုက်များအားဖော်ပြရန် ယေရှုအဘယ်ကြောင့်ဤမျှတိုင်အချိန်ကုန်ခံခဲ့ပါမည်နည်း။aသို့ရာတွင် စာတန့်လောကစနစ်ကိုဖျက်ဆီးပစ်ရန် ခရစ်တော်ကြွရောက်လာသည့်အခါ ကိုယ်တော်၏ရောက်ရှိနေခြင်းဖြစ်ရပ်မှန်ကို လူသိရှင်ကြားဖြစ်ရမည်အမှန်။ ထိုအခါ “ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။” ယေရှု၏ရန်သူများပင်လျှင် ခရစ်တော်၏မင်းရိုက်ရာသည် အမှန်တကယ်ဖြစ်ပျက်နေကြောင်းကို တွေးကြည့်၍တွေ့မြင်နိုင်သည့်အတွက် ရတက်မအေးဖြစ်ရလိမ့်မည်။—မဿဲ ၂၄:၃၀။ ၂ သက်သာလောနိတ် ၂:၈။ ဗျာဒိတ် ၁:၅၊ ၆။
-
-
မေရှိယရောက်ရှိနေခြင်းနှင့်ကိုယ်တော်၏အုပ်စိုးမှုကင်းမျှော်စင်—၁၉၉၂ | အောက်တိုဘာ ၁
-
-
a ၁၈၆၄ တွင်ဓမ္မပညာဆရာ အာရ်၊ ဂိုဗက် ဤသို့ဆိုသည်။ “ယင်းသည်သာ ကျွန်ုပ်အတွက်အဖြေဖြစ်သည်။ ရောက်ရှိနေခြင်းအတွက် ပုပ္ပနိမိတ်ပေးရခြင်းကား ယင်းကိုမသိနိုင်သည့်လျှို့ဝှက်ရာဖြစ်၍သာတည်း။ တွေ့မြင်နိုင်သည့်အရာတစ်ခု ရောက်ရှိနေခြင်းကိုသိနိုင်ဖို့အတွက် နိမိတ်ဖော်ပြနေစရာမလိုပါ။”
-