ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • re အခန်း ၁၉ စာ. ၁၁၃-၁၁၉
  • ဘုရားသခင်၏ ဣသရေလလူမျိုးကို တံဆိပ်ခတ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်၏ ဣသရေလလူမျိုးကို တံဆိပ်ခတ်ခြင်း
  • ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လေးမျက်နှာလေများ
  • ဘုရားသခင့်ကျွန်များကို တံဆိပ်ခတ်ခြင်း
  • မည်မျှတံဆိပ်ခတ်ခံရသနည်း
  • ယနေ့ ဘုရားသခင်၏ ဣသရေလလူမျိုး
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကောင်းကင်နိုင်ငံသားဖြစ်သော ခရစ်ယာန်သက်သေခံများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
re အခန်း ၁၉ စာ. ၁၁၃-၁၁၉

အခန်း ၁၉

ဘုရားသခင်၏ ဣသရေလလူမျိုးကို တံဆိပ်ခတ်ခြင်း

ရူပါရုံ ၄ ဗျာဒိတ် ၇:၁-၁၇

အကြောင်းအရာ– ၁၄၄,၀၀၀ ကိုတံဆိပ်ခတ်သည်။ ယေဟောဝါ၏ပလ္လင်တော်နှင့် သိုးသငယ်ရှေ့တွင် လူအုပ်ကြီးတစ်အုပ် ရပ်နေသည်ကို တွေ့ရသည်။

ပြည့်စုံချိန်– ၁၉၁၄ ခုနှစ်၊ ခရစ်တော်ယေရှု နန်းထိုင်ချိန်မှ အနှစ်တစ်ထောင် အုပ်စိုးချိန်အထိ

၁။ အမျက်တော်နေ့ကြီး၌ “မည်သူ ခံရပ်နိုင်မည်နည်း။”

“မည်သူခံရပ်နိုင်မည်နည်း။” (ဗျာဒိတ် ၆:၁၇) တကယ်ပါ၊ မည်သူခံရပ်နိုင်မည်နည်း။ ဘုရားသခင့် အမျက်တော်နေ့ကြီးက စာတန့်စနစ်ကို ချေမှုန်းသောအခါ လောကီအုပ်စိုးသူများနှင့် လောကီသားတို့သည် ထိုသို့မေးကြပေမည်။ သူတို့အမြင်အရ ကျလုဆဲကပ်ဆိုးကြီးသည် လူသားမှန်သမျှကို သုတ်သင်ပစ်လိမ့်မည်။ သို့သော် ထိုသို့ဖြစ်မည်လော။ ဝမ်းသာစရာမှာ ဘုရားသခင့် ပရောဖက်က “ယေဟောဝါ၏ နာမတော်ကို ပတ္ထနာပြုသူတိုင်း အသက်ချမ်းသာရလိမ့်မည်” ဟု အာမခံ၏။ (ယောလ ၂:၃၂၊ ကဘ) တမန်တော်ပေတရုနှင့် ပေါလုတို့ကလည်း ယင်းအချက်ကို ထောက်ခံ၏။ (တမန်တော် ၂:၁၉-၂၁; ရောမ ၁၀:၁၃) မှန်ပေသည် ယေဟောဝါ၏ နာမတော်ကို ပတ္ထနာပြုသူတို့သည် ကပ်ကျော်ရလိမ့်မည်။ ဤသူတို့ကား မည်သူများနည်း။ နောက်ရူပါရုံလှစ်ဟသည့်အခါ ကျွန်ုပ်တို့သိရကြမည်။

၂။ ယေဟောဝါ၏ တရားစီရင်ရာနေ့ကို ကပ်ကျော်မည့်သူများရှိမည် ဟူသောအချက်သည် အဘယ်ကြောင့်ထူးခြားသနည်း။

၂ ယေဟောဝါ၏ တရားစီရင်ရာနေ့ကို အရှင်လတ်လတ် ကပ်ကျော်နိုင်သည်မှာ တကယ်ပင်ထူးလှ၏။ အကြောင်းမှာ ဘုရားသခင်၏ နောက်ပရောဖက်တစ်ပါးက ထိုနေ့တော်အကြောင်းကို ဤသို့ဖော်ပြလိုက်သည်– “ထာဝရဘုရား၏ လေပွေတော်သည် ပူသောအရှိန်နှင့်ထွက်၏။ ပြင်းစွာသောလေပွေဖြစ်၍ မတရားသောသူတို့ခေါင်းပေါ်မှာ ပြင်းစွာတိုက်လိမ့်မည်။ ထာဝရဘုရားသည် လက်စသတ်၍ အကြံအစည်တော်ကို ပြည့်စုံစေတော်မမူမီ ပြင်းစွာသောအမျက်တော် မငြိမ်းရ။” (ယေရမိ ၃၀:၂၃၊၂၄) ထိုမုန်တိုင်းကို ခံရပ်နိုင်ရန် ပြင်ဆင်ဖို့ အရေးကြီးလှပြီ။​—သုတ္တံ ၂:၂၂; ဟေရှာယ ၅၅:၆၊ ၇; ဇေဖနိ ၂:၂၊ ၃။

လေးမျက်နှာလေများ

၃။ (က) ကောင်းကင်တမန်များဆောင်ရွက်သော အဘယ်အမှုတော်ထူးကို ယောဟန်မြင်ရသနည်း။ (ခ) “လေးမျက်နှာလေများ” က ဘာကိုအထိမ်းအမှတ်ပြုသနည်း။

၃ ၎င်းအမျက်တော်ကို ယေဟောဝါ လွှတ်တော်မမူမီ ကောင်းကင်တမန်များ အမှုတော်ထူးကို ဆောင်ရွက်ကြသည်။ ၎င်းကို ရူပါရုံ၌ ယောဟန်မြင်ရ၏။ “ထိုနောက် ကောင်းကင်တမန်လေးပါးသည် မြေကြီးစွန်း လေးထောင့်ပေါ်တွင်ရပ်လျက် မြေကြီးပေါ်၊ ပင်လယ်ပေါ်၊ မည်သည့်သစ်ပင်ပေါ်မျှ လေမတိုက်စေရန် မြေကြီး၏ လေးမျက်နှာလေတို့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို ငါမြင်ရ၏။” (ဗျာဒိတ် ၇:၁) ၎င်းသည် ယနေ့ကျွန်ုပ်တို့အဖို့ ဘာအဓိပ္ပာယ်ရှိသနည်း။ “လေးမျက်နှာလေများ” မှာ ဖျက်ဆီးခြင်းစီရင်ချက်၏ ပီပြင်သော အထိမ်းအမှတ်ဖြစ်သည်။ ၎င်းကို ဆိုးယုတ်သောမြေကြီးဆိုင်ရာ အဖွဲ့အစည်း ပေါ်သို့လည်းကောင်း၊ လှိုင်းထန်သည့် “ပင်လယ်” တည်းဟူသော တရားမဲ့လူသားများ ပေါ်သို့လည်းကောင်း၊ မြေကြီးသား၏ ထောက်ခံအားပေးမှုကိုရသော သစ်ပင်နှင့်တူသည့် ဘဝင်မြင့်သူ အုပ်စိုးရှင်များ ပေါ်သို့လည်းကောင်း လွှတ်လုနီးပြီ။​—ဟေရှာယ ၅၇:၂၀; ဆာလံ ၃၇:၃၅၊ ၃၆။

၄။ (က) ကောင်းကင်တမန်လေးပါးသည် ဘာကိုကိုယ်စားပြုသနည်း။ (ခ) လေးမျက်နှာလေများကိုလွှတ်သောအခါ စာတန်၏မြေကြီးအဖွဲ့အစည်းအပေါ် အဘယ်သက်ရောက်မှု ရှိမည်နည်း။

၄ ထိုကောင်းကင်တမန်လေးပါးက ကောင်းကင်တမန်လေးစုကို ကိုယ်စားပြုသည်မှာ သံသယမရှိ။ ခန့်အပ်ချိန်မတိုင်မီ တရားစီရင်ခြင်းမပြုဘဲ ထိန်းချုပ်ထားရန် သူတို့ကို ယေဟောဝါ အသုံးပြုတော်မူ၏။ ကောင်းကင်တမန်များ ထိုအမျက်တော်လေများကိုလွှတ်၍ အရှေ့အနောက်တောင်မြောက်မှ တစ်ချိန်တည်း တိုက်ခတ်စေသောအခါ ကြီးစွာသောပျက်စီးခြင်း ဖြစ်လိမ့်မည်။ လေးမျက်နှာလေများကိုသုံး၍ ဧလံလူတို့ကို ယေဟောဝါ ကစဉ့်ကလျားဖြစ်စေလျက် သုတ်သင်တော်မူသည့်နည်းတူ ဖြစ်လိမ့်မည်။ သို့သော် ထို့ထက်မက ကြီးကျယ်လိမ့်မည်။ (ယေရမိ ၄၉:၃၆-၃၈) အမ္မုန်နိုင်ငံကို ယေဟောဝါ ချေမှုန်းစဉ်က သုံးတော်မူသော “မုန်တိုင်း” ထက် အဖျက်အဆီးပြင်းထန်သော မိုးသက်မုန်တိုင်းကြီး ဖြစ်လိမ့်မည်။ (အာမုတ် ၁:၁၃-၁၅) မိမိ၏ အချုပ်အခြာအာဏာတော်ကို အပြီးအငြိမ်း သင်္ကာယနကင်းရှင်းအောင် ယေဟောဝါ ပြုတော်မူသော အမျက်တော်နေ့၌ ကမ္ဘာပေါ်ရှိ စာတန့်အဖွဲ့အစည်း၏ အဘယ်အပိုင်းကမျှ ခံရပ်နိုင်မည်မဟုတ်။​—ဆာလံ ၈၃:၁၅၊ ၁၈; ဟေရှာယ ၂၉:၅၊ ၆။

၅။ ဘုရားသခင့် တရားစီရင်ချက်များသည် တစ်ကမ္ဘာလုံးကိုခြုံ၍ ထိခိုက်စေမည်ဖြစ်ကြောင်း နားလည်နိုင်ရန် ယေရမိပရောဖက်ပြုချက်က မည်သို့ကူညီသနည်း။

၅ ဘုရားသခင့် တရားစီရင်ချက်များကြောင့် တစ်ကမ္ဘာလုံး မွှေနှောက်ခံရမည်လော။ ကိုယ်တော့်ပရောဖက် ယေရမိကိုနားထောင်ပါ။ “ဘေးသည် တစ်ပြည်မှတစ်ပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသောလေပွေသည် ထလိမ့်မည်။ ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှ တစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကိုမမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။” (ယေရမိ ၂၅:၃၂၊ ၃၃) ဤလေပြင်းမုန်တိုင်း တိုက်ခတ်စဉ် ဤလောကတစ်ခုလုံးကို အမှောင်ထုဖုံးလွှမ်းလိမ့်မည်။ လောက၏အုပ်စိုးရေးအဖွဲ့များ ကိုင်လှုပ်ခံရ၍ ပျောက်ကွယ်ရလိမ့်မည်။ (ဗျာဒိတ် ၆:၁၂-၁၄) သို့သော် လူတိုင်းအတွက် အနာဂတ်သည် မှောင်မည်းမည်မဟုတ်။ သို့ဖြစ်လျှင် မည်သူများအတွက် ထိုလေးမျက်နှာလေများကို ကိုင်ထားခြင်းဖြစ်သနည်း။

ဘုရားသခင့်ကျွန်များကို တံဆိပ်ခတ်ခြင်း

၆။ လေးမျက်နှာလေများကို ဆုပ်ကိုင်ထားရန် ကောင်းကင်တမန်များအား မည်သူမိန့်မှာသနည်း။ ၎င်းက ဘာအတွက် အချိန်ပေးသနည်း။

၆ အချို့သူများ ကပ်ကျော်ရန် မည်သို့မှတ်သားခံရကြောင်းကို ယောဟန် ဤသို့ဆက်လက်ဖော်ပြသည်– “ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်တော်ကို ကိုင်ဆောင်သော အခြားကောင်းကင်တမန်တစ်ပါးသည် နေထွက်ရာအရပ်မှ တက်လာသည်ကို ငါမြင်ရ၏။ သူသည် မြေကြီးနှင့် ပင်လယ်တို့ကို ဘေးပြုခွင့်ရထားသော ကောင်းကင်တမန် လေးပါးတို့အား ကျယ်သောအသံဖြင့် ဟစ်လျက် ‘ငါတို့ဘုရားသခင်၏ ကျွန်များကို နဖူးပေါ်တွင် ငါတို့ တံဆိပ်မခတ်မချင်း မြေကြီး၊ ပင်လယ်၊ သစ်ပင်တို့ကို ဘေးမပြုကြပါနှင့်’ ဟုဆို၏။”​—ဗျာဒိတ် ၇:၂၊ ၃။

၇။ ပဉ္စမကောင်းကင်တမန်မှာ စင်စစ် မည်သူနည်း၊ အဘယ်အထောက်အထား ရှိသနည်း။

၇ ဤပဉ္စမမြောက် ကောင်းကင်တမန်၏နာမကို မဖော်ပြသော်လည်း သာဓကရပ်အားလုံးက ဘုန်းပွင့်သခင်ယေရှု ဖြစ်ရမည်ကိုပြ၏။ ယေရှုသည် ကောင်းကင်တမန်မင်းဖြစ်သည်နှင့်အညီ ကိုယ်တော်သည် အခြားကောင်းကင်တမန်များအပေါ် အာဏာရှိကြောင်း ဤတွင်ဖော်ပြ၏။ (၁ သက်သာလောနိတ် ၄:၁၆; ယုဒ ၉) ကိုယ်တော်သည် အရှေ့အရပ်မှ တက်ကြွလာ၏။ ဒါရိနှင့် ကုရုမင်းတို့ချီတက်ကာ ရှေးဗာဗုလုန်ကို နှိမ်နင်းခဲ့သကဲ့သို့ “နေထွက်ရာအရပ်မှ ဘုရင်များ” တည်းဟူသော ယေဟောဝါနှင့် ခရစ်တော် ချီကြွလာသည့်နည်းတူဖြစ်သည်။ (ဗျာဒိတ် ၁၆:၁၂; ဟေရှာယ ၄၅:၁; ယေရမိ ၅၁:၁၁; ဒံယေလ ၅:၃၁) ဤကောင်းကင်တမန်သည် ဘိသိက်ခံခရစ်ယာန်များကို တံဆိပ်ခတ်ခြင်းတာဝန် အပ်နှင်းခံရခြင်းကလည်း ယေရှုနှင့်တူသည်။ (ဧဖက် ၁:၁၃၊ ၁၄) ထို့ပြင် လေများကိုလွှတ်သောအခါ လူမျိုးများကို စီရင်သုတ်သင်ခြင်း၌ ကောင်းကင်တပ်မများကို ဦးစီးသူမှာ ယေရှုပင်ဖြစ်၏။ (ဗျာဒိတ် ၁၉:၁၁-၁၆) သို့ဖြစ်၍ ဘုရားသခင့်ကျွန်များကို တံဆိပ်မခတ်မချင်း စာတန့်မြေကြီးအဖွဲ့အစည်းကို မဖျက်ဆီးသေးဘဲနေရန် အမိန့်ထုတ်သူမှာ ယေရှုပင်ဖြစ်ရပေမည်။

၈။ တံဆိပ်ခတ်ခြင်းမှာ ဘာကိုဆိုလိုသနည်း၊ အဘယ်အချိန်မှ အစပြုသနည်း။

၈ ဤတံဆိပ်ခတ်ခြင်းမှာ ဘာကိုဆိုလို၍ ဘုရားသခင်၏ ဤကျွန်များမှာ မည်သူများနည်း။ တံဆိပ်ခတ်ခြင်းသည် အဦးဆုံးသော ဂျူးခရစ်ယာန်များ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ခံရာ အေဒီ ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့မှ အစပြုသည်။ ၎င်းနောက် “တစ်ပါးအမျိုးသားတို့” ထဲမှလူတို့ကို ဘုရားသခင်ခေါ်တော်မူ၍ ဘိသိက်ပေးတော်မူ၏။ (ရောမ ၃:၂၉; တမန်တော် ၂:၁-၄၊ ၁၄၊ ၃၂၊ ၃၃; ၁၅:၁၄) တမန်တော်ပေါလုက ဘိသိက်ခံခရစ်ယာန်များသည် “ခရစ်တော်၌တည်” သည်ကိုပြသော အာမခံချက်ရှိကြောင်း ရေးသားပြီးနောက် ဘုရားသခင်သည် “ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသောစရန် [“တိုကင်၊” ကဘ] ကို သွင်းပေးတော်မူ၏” ဟုထပ်ဆင့်တင်ပြ၏။ (၂ ကောရိန္သု ၁:၂၁၊ ၂၂; ဗျာဒိတ် ၁၄:၁ နှိုင်းယှဉ်။) သို့ဖြင့် ဤကျွန်များသည် ဘုရားသခင့်ဝိညာဏသားများအဖြစ် မွေးစားခံရသောအခါ မိမိတို့ကောင်းကင်အမွေ၏ တိုကင်တည်းဟူသောတံဆိပ် သို့မဟုတ် အာမခံပစ္စည်းကို စရန်အဖြစ်ရကြ၏။ (၂ ကောရိန္သု ၅:၁၊ ၅; ဧဖက် ၁:၁၀၊ ၁၁) သို့ဖြင့် သူတို့က “ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင် ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏” ဟုဆိုနိုင်ကြ၏။​—ရောမ ၈:၁၅-၁၇။

၉။ (က) ကျန်ကြွင်းသော ဘုရားသခင့် ဝိညာဉ်တော်ဖွား သားများအနေနှင့် အဘယ်ကြံ့ကြံ့ခံနိုင်မှု ရှိဖို့လိုသနည်း။ (ခ) ဘိသိက်ခံများကို စမ်းသပ်ခြင်းသည် မည်မျှတာရှည်မည်နည်း။

၉ “ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်” ဟူသောအချက်မှာ ဘာအဓိပ္ပာယ်နည်း။ ဘိသိက်ခံခရစ်ယာန်များသည် အသက်သရဖူရဖို့ သေသည်တိုင် သစ္စာရှိရှိကြံ့ကြံ့ခံရမည်။ (ဗျာဒိတ် ၂:၁၀) ‘တစ်ခါကယ်တင်ခြင်းရလျှင် အစဉ်ကယ်တင်ခြင်းရ’ သည်မဟုတ်။ (မဿဲ ၁၀:၂၂; လုကာ ၁၃:၂၄) သို့အစား၊ “သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှာ သာ၍ကြိုးစားအားထုတ်ကြလော့” ဟုတိုက်တွန်းခံရကြသည်။ အဆုံး၌ “ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ” ဟုတမန်တော်ပေါလုကဲ့သို့ သူတို့ဆိုနိုင်ရမည်။ (၂ ပေတရု ၁:၁၀၊ ၁၁; ၂ တိမောသေ ၄:၇၊ ၈) ထို့ကြောင့် ကျန်ကြွင်းသော ဝိညာဉ်တော်ဖွား ဘုရားသခင့်သားတို့ကို ယေရှုနှင့် အခြွေအရံကောင်းကင်တမန်များက ‘နဖူးပေါ်တွင်’ အခိုင်အမာတံဆိပ်ခတ်ခြင်းဖြင့် သူတို့ကို စမ်းသပ်ခံပြီးသော “ငါတို့ဘုရားသခင်၏” သစ္စာရှိ “ကျွန်များ” အဖြစ် တစ်ချက်လွှတ်အမိန့်ဖြင့် အပြီးအပြတ် မသတ်မှတ်မချင်း သူတို့သည် ဤကမ္ဘာပေါ်တွင် ဆက်လက်၍စမ်းသပ်ခြင်း၊ ဆန်ခါချခြင်းခံရကြလိမ့်မည်။ ထိုတံဆိပ်သည် ထာဝရအမှတ်အသား ဖြစ်လာလိမ့်မည်။ သို့ဖြစ်၍ ဆင်းရဲဒုက္ခတည်းဟူသော လေးမျက်နှာလေများကို လွှတ်သောအခါ ဝိညာဏဣသရေလလူအချို့ အသွေးအသား၌ ကျန်ကြွင်းလျက်ရှိမည်ဖြစ်သော်လည်း သူတို့အားလုံး အပြီးအပြတ် တံဆိပ်ခတ်ခံရပြီးဖြစ်မည်မှာ ထင်ရှား၏။ (မဿဲ ၂၄:၁၃; ဗျာဒိတ် ၁၉:၇) အဖွဲ့ဝင်ဦးရေ ပြည့်သွားလိမ့်မည်။​—ရောမ ၁၁:၂၅၊ ၂၆။

မည်မျှတံဆိပ်ခတ်ခံရသနည်း

၁၀။ (က) တံဆိပ်ခတ်ခံရသူအရေအတွက် အကန့်အသတ်ရှိကြောင်း အဘယ်ကျမ်းချက်များကပြသနည်း။ (ခ) တံဆိပ်ခတ်ခံရသူ စုစုပေါင်းမည်မျှရှိ၍ သူတို့ကိုမည်သို့စာရင်းပြသနည်း။

၁၀ တံဆိပ်ခတ်ခံရန် အလားအလာရှိသူများအား ယေရှုက “သိုးစုငယ် သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှာ အလိုရှိတော်မူ၏” ဟုမိန့်တော်မူ၏။ (လုကာ ၁၂:၃၂) ဗျာဒိတ် ၆:၁၁ နှင့် ရောမ ၁၁:၂၅ စသောကျမ်းချက်များက ဤသိုးစုငယ်အရေအတွက်သည် အမှန်ပင်အကန့်အသတ်ရှိပြီး တင်ကူး၍ပင် သတ်မှတ်ထားကြောင်းကို ပြသည်။ ယင်းကို ယောဟန်၏ဤစကားများက ထောက်ခံသည်– “တံဆိပ်ခတ်ခံရသူတို့၏ အရေအတွက်ကို ငါကြားရ၏။ ဣသရေလအမျိုး အနွယ်အသီးသီးမှ တံဆိပ်ခတ်ခံရသူ တစ်သိန်းလေးသောင်းလေးထောင် ဖြစ်၏။ ယုဒအနွယ်မှ တစ်သောင်းနှစ်ထောင် တံဆိပ်ခတ်ခံရ၏၊ ရုဗင်အနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဂဒ်အနွယ်မှ တစ်သောင်းနှစ်ထောင်၊ အာရှာအနွယ်မှ တစ်သောင်းနှစ်ထောင်၊ နဿလိအနွယ်မှ တစ်သောင်းနှစ်ထောင်၊ မနာရှေအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ရှိမောင်အနွယ်မှ တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဇာဗုလုန်အနွယ်မှ တစ်သောင်းနှစ်ထောင်၊ ယောသပ်အနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဗင်ယာမိန်အနွယ်မှ တစ်သောင်းနှစ်ထောင် တံဆိပ်ခတ်ခံရကြ၏။”​—ဗျာဒိတ် ၇:၄-၈။

၁၁။ (က) ၁၂ နွယ်မှာ ဇာတိပကတိ ဣသရေလလူမျိုးကို ရည်ညွှန်းခြင်း အဘယ်ကြောင့် မဖြစ်နိုင်သနည်း။ (ခ) ဗျာဒိတ်ကျမ်းက အဘယ်ကြောင့် ၁၂ နွယ်ကို စာရင်းပြသနည်း။ (ဂ) ဘုရားသခင့် ဣသရေလလူမျိုးတွင် သီးသန့်မင်းမျိုးမင်းနွယ် သို့မဟုတ် သီးသန့်ယဇ်ပုရောဟိတ်အနွယ်ဟူ၍ အဘယ်ကြောင့်မရှိသနည်း။

၁၁ ၎င်းသည် ဇာတိပကတိ ဣသရေလအမျိုးကို ရည်ညွှန်းခြင်း မဖြစ်နိုင်သလော။ မဖြစ်နိုင်။ အကြောင်းမှာ ဗျာဒိတ် ၇:၄-၈ သည် ဖော်ပြနေကျ အနွယ်စာရင်းတင်ပြပုံနှင့် ကွဲလွဲ၏။ (တောလည်ရာ ၁:၁၇၊ ၄၇) ယခုစာရင်းမှာ ဇာတိဂျူးများကို ခွဲခြားသိမြင်စေရန်အတွက်မဟုတ်၊ ဝိညာဏဣသရေလအမျိုးလည်း အလားတူ ဖွဲ့စည်းဆောက်တည်ထားကြောင်း ပြလို၍ဖြစ်သည်မှာ ထင်ရှားသည်။ ညီညာမျှတသော ဆောက်တည်ပုံဖြစ်၏။ ဤလူမျိုးသစ်၏ အရေအတွက်မှာ ၁၄၄,၀၀၀ အတိအကျဖြစ်၍​—အနွယ် ၁၂ နွယ်မှ တစ်နွယ်လျှင် ၁၂,၀၀၀ စီဖြစ်သည်။ ဤဘုရားသခင့် ဣသရေလအမျိုးတွင် သီးသန့်မင်းမျိုး သို့မဟုတ် ယဇ်ပုရောဟိတ်မျိုး ဟူ၍မရှိ။ လူမျိုးတစ်မျိုးလုံး ဘုရင်အဖြစ်အုပ်စိုး၍ လူမျိုးတစ်မျိုးလုံး ယဇ်ပုရောဟိတ်အဖြစ် အမှုထမ်းရန်ဖြစ်သည်။​—ဂလာတိ ၆:၁၆; ဗျာဒိတ် ၂၀:၄၊ ၆။

၁၂။ အကြီးအကဲ ၂၄ ပါးသည် သိုးသငယ်ရှေ့ ဗျာဒိတ် ၅:၉၊ ၁၀ ပါ တေးသားများကိုသီဆိုကြသည်မှာ အဘယ်ကြောင့်လျောက်ပတ်သနည်း။

၁၂ ဇာတိဂျူးများနှင့် ဂျူးဘာသာဝင်များသည် ဝိညာဏဣသရေလလူမျိုးအဖြစ် ရွေးချယ်ခံခွင့် အဦးဆုံးရကြသော်လည်း လူနည်းစုသာ လက်ခံခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် တစ်ပါးအမျိုးသားများအား ထိုခေါ်ဖိတ်ချက်ကို ကမ်းလှမ်းတော်မူ၏။ (ယောဟန် ၁:၁၀-၁၃; တမန်တော် ၂:၄၊ ၇-၁၁; ရောမ ၁၁:၇) ဂျူးမဟုတ်သူတို့သည် တစ်ချိန်က “ဣသရေလ အပေါင်းအသင်း၌မဝင်” သောဧဖက်လူတို့နည်းတူ၊ ယခုဘုရားသခင့် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်ခံရပြီး ဘိသိက်ခံခရစ်ယာန် အသင်းတော်သားများ ဖြစ်ခွင့်ရကြလေပြီ။ (ဧဖက် ၂:၁၁-၁၃; ၃:၅၊ ၆; တမန်တော် ၁၅:၁၄) သို့ဖြစ်၍ အကြီးအကဲ ၂၄ ပါးက “ကိုယ်တော်သည် အသတ်ခံ၍ အသွေးတော်ဖြင့် ဘုရားသခင်အဖို့ လူမျိုးနွယ်၊ ဘာသာစကား၊ လူပုဂ္ဂိုလ်၊ လူမျိုးအသီးသီးအထဲမှ လူတို့ကို ဝယ်ယူတော်မူပြီး သူတို့ကို ကျွန်တော်တို့၏ ဘုရားသခင်အဖို့ နိုင်ငံတော်နှင့် ယဇ်ပုရောဟိတ်များ ဖြစ်စေတော်မူ၍ သူတို့သည် ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုးရလိမ့်မည်” ဟူ၍ သိုးသငယ်ရှေ့၌ သီဆိုကြသည်မှာ လျောက်ပတ်လှ၏။​—ဗျာဒိတ် ၅:၉၊ ၁၀။

၁၃။ ယေရှု၏ မိတူဖကွဲညီတော် ယာကုပ်က “အရပ်ရပ်တို့၌ကွဲပြားသော တစ်ဆယ့်နှစ်ပါးသောအမျိုးတို့” ဟူ၍လိပ်မူရေးသည်မှာ အဘယ်ကြောင့်သင့်တော်သနည်း။

၁၃ ခရစ်ယာန်အသင်းတော်သည် ‘ရွေးချယ်တော်မူသောအမျိုး၊ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး’ ဖြစ်၏။ (၁ ပေတရု ၂:၉) ၎င်းသည် ဘုရားသခင့် လူမျိုးတော်အဖြစ် ဇာတိဣသရေလလူမျိုးနေရာကို အစားဝင်ယူလိုက်သဖြင့် “ဣသရေလလူမှန်” ဖြစ်သော ဣသရေလလူမျိုးသစ် ဖြစ်လာသည်။ (ရောမ ၉:၆-၈; မဿဲ ၂၁:၄၃)a ယင်းကြောင့် ယေရှု၏မိတူဖကွဲညီ ယာကုပ်က မိမိ၏သြဝါဒစာကို “အရပ်ရပ်တို့၌ကွဲပြားသော တစ်ဆယ့်နှစ်ပါးသောအမျိုးတို့” ထံလိပ်တပ်၍ ရေးပို့လိုက်သည်မှာ သင့်လျော်ပေသည်။ အချိန်တန်လျှင် အရေအတွက် ၁၄၄,၀၀၀ ဖြစ်လာမည့် ဘိသိက်ခံခရစ်ယာန်များ၏ ကမ္ဘာချီအသင်းတော်ထံ ရေးလိုက်ခြင်းဖြစ်သည်။​—ယာကုပ် ၁:၁။

ယနေ့ ဘုရားသခင်၏ ဣသရေလလူမျိုး

၁၄။ ၁၄၄,၀၀၀ သည် ဝိညာဏဣသရေလဝင် ပကတိအရေအတွက်ဖြစ်သည်ဟူ၍ ယေဟောဝါသက်သေများ တစ်သမတ်တည်း ယုံကြည်လာခဲ့ကြောင်း ဘာကပြသနည်း။

၁၄ ၁၄၄,၀၀၀ မှာ ဝိညာဏဣသရေလလူမျိုး၏ ပကတိအရေအတွက်ဖြစ်ကြောင်း ချားလ်စ် တီ၊ ရပ်စဲလ်သတိပြုမိသည်မှာ စိတ်ဝင်စားဖွယ်ပင်။ ၁၉၀၄ ခုနှစ်၌ထုတ်ဝေသော ကျမ်းစာလေ့လာချက်များ၊ အတွဲ ၆၊ သတ္တဝါသစ် ဟူသောစာအုပ်၌ သူဤသို့ရေး၏– “လက်ရွေးစင် [အရွေးခံ ဘိသိက်ခံများ] ၏သတ်မှတ်ထားသော အရေအတွက်အတိအကျမှာ ဗျာဒိတ်ကျမ်း၌ တစ်ကြိမ်ထက်မက (၇:၄; ၁၄;၁) ဖော်ပြသည့် ‘လူတို့ အထဲမှ ရွေးချယ်သော’ ၁၄၄,၀၀၀ ပင်ဖြစ်သည်။” ၁၉၃၀ ပြည့်နှစ်၌ ကျမ်းစာကျောင်းသားများ ထုတ်ဝေသော အလင်း စာအုပ် အတွဲတစ်တွင် အလားတူစွာ ဤသို့တင်ပြထားသည်–“သို့ဖြင့် ခရစ်တော်၏ ကိုယ်ခန္ဓာအဝင် ၁၄၄,၀၀၀ တို့ကို အစည်းအဝေး၌ ရွေးချယ်ခံရသူများ၊ ဘိသိက်ပေးခံရသူများ၊ တံဆိပ်ခတ်ခံရသူများအဖြစ် တင်ပြထားသည်။” ဝိညာဏဣသရေလလူမျိုးကို စာသားအတိုင်း ဘိသိက်ခံခရစ်ယာန် ၁၄၄,၀၀၀ ဖြင့်ဖွဲ့စည်းထားသည်ဟု ယေဟောဝါသက်သေများ တစ်သမတ်တည်း ခံယူခဲ့ကြသည်။

၁၅။ သခင့်နေ့တော် မတိုင်မီကလေးတွင် စိတ်ရင်းမှန်သော ကျမ်းစာကျောင်းသားများက တစ်ပါးအမျိုးသားကာလ ကုန်ဆုံးသည့်နောက်၌ ဇာတိဂျူးများ ဘာခံစားရမည်ဟု ထင်မှတ်ခဲ့ကြသနည်း။

၁၅ သို့တစေ၊ ယနေ့ဇာတိဣသရေလလူမျိုး (အစ္စရေးလ်) သည် အထူးမျက်နှာသာ အချို့ မရထိုက်ပေလော။ စိတ်ရင်းမှန်သော ကျမ်းစာကျောင်းသားများသည် သခင့်နေ့တော်မတိုင်မီလေးတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အခြေခံသမ္မာတရားများစွာကို ရှာဖွေတွေ့ရှိနေဆဲဖြစ်သဖြင့် ၎င်းအချိန်၌ တစ်ပါးအမျိုးသားကာလကုန်သည်နှင့် ဂျူးများ ဘုရားသခင့်ရှေ့တော်တွင် အခွင့်ထူးပြန်ရကြမည်ဟု ထင်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ၁၈၈၉ ခုနှစ်၌ထုတ်ဝေသော စီ၊ တီ၊ ရပ်စဲလ်၏ အချိန်တိုင်ပြီ (ကျမ်းစာလေ့လာချက်များ ၏ဒုတိယတွဲ) ဟူသောစာအုပ်က ယေရမိ ၃၁:၂၉-၃၄ ကို ဇာတိဂျူးများနှင့်ပတ်သက်၍ ဤသို့ဖွင့်ဆိုခဲ့သည်– “ဣသရေလလူမျိုး တစ်ပါးအမျိုးသားများ စိုးမိုးမှုအောက် ဒဏ်ခံရသည့်အဖြစ်သည် ဘီစီ [၆၀၇] ခုနှစ်မှအစပြု၍ ယနေ့တိုင်အောင် အဆက်မပြတ်သေးကြောင်း၊ သူတို့၏ ‘ခုနစ်ကာလ’ တည်းဟူသော အနှစ် ၂၅၂၀ ၏အဆုံးဖြစ်သော အေဒီ ၁၉၁၄ ခုနှစ်ထက်စောပြီး သူတို့၏နိုင်ငံ ပြန်လည်ဖွဲ့စည်းတည်ထောင်ရန် မျှော်လင့်စရာမရှိကြောင်း ကမ္ဘာက သက်သေဖြစ်ပါသည်။” ၁၉၁၄ ခုနှစ်ရောက်သော် ဂျူးများ နိုင်ငံပြန်ထူမည်ဟု ထင်မှတ်ခဲ့ကြသည်။ ၁၉၁၇ ခုနှစ်တွင်၊ ဘဲလ်ဖောကြေညာချက်၌ ဗြိတိန်က ပါလက်စတိုင်းကို ဂျူးနေပြည်တော်ဖြစ်စေရန် ထောက်ခံမည်ဟု ကတိပေးသောခါ ထိုအလားအလာမှာ ပို၍တောက်ပလာသည်။ 

၁၆။ ဇာတိဂျူးများအား ခရစ်ယာန်သတင်းတရားဟောကြားရန် ယေဟောဝါသက်သေများ မည်သို့ကြိုးပမ်းခဲ့ကြသနည်း၊ အဘယ်ရလဒ် ရခဲ့သနည်း။

၁၆ ပထမကမ္ဘာစစ်ပြီးနောက် ပါလက်စတိုင်းသည် ဂရိတ်ဗြိတိန်၏ ဩဇာခံနယ်ဖြစ်လာပြီး ဂျူးအမြောက်အမြား ထိုနယ်မြေသို့ပြန်လာရန် လမ်းပွင့်ခဲ့သည်။ ၁၉၄၈ ခုနှစ်၌ အစ္စရေးလ် (ဣသရေလ) နိုင်ငံပေါက်ဖွားလာသည်။ ဤအချက်က ဂျူးများ ဘုရားသခင့် ကောင်းချီးများရမည့် အလားအလာရှိကြောင်း မပြပေလော။ ယေဟောဝါသက်သေများ အနှစ်များစွာ ဤသို့ပင်ယုံကြည်ခဲ့ကြသည်။ သို့နှင့် ၁၉၂၅ ခုနှစ်၌ စာမျက်နှာ ၁၂၈ ပါသော ဂျူးများအဖို့ နှစ်သိမ့်စရာ ဟူသောစာအုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၂၉ ခု၌ စာမျက်နှာ ၃၆၀ ပါသည့် ဘဝဟူသော ဖတ်ချင်စဖွယ်စာအုပ်ကို ထုတ်ဝေခဲ့သည်။ ဂျူးများနှစ်လို့ဖွယ်ဖြစ်အောင် ရေးထားပြီး ယောဘဝတ္ထုကိုလည်း ဆွေးနွေးထားသည်။ မေရှိယဆိုင်ရာဤသတင်းကို ဂျူးများကြားသိနိုင်ရန် အထူးသဖြင့် နယူးယောက်မြို့၌ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ပုဂ္ဂိုလ်အချို့က လက်ခံခဲ့ကြသဖြင့် ဝမ်းသာစရာဖြစ်သော်လည်း ဂျူးအများထုက မိမိတို့၏ပထမရာစု ဘိုးဘေးများနည်းတူ မေရှိယရောက်ရှိသည့်သာဓကကို ငြင်းပယ်ကြ၏။

၁၇၊ ၁၈။ မြေကြီးပေါ်ရှိ ဘုရားသခင့်ကျွန်များသည် ပဋိညာဉ်သစ်နှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ကျမ်းစာပရောဖက်ပြုချက်များနှင့်စပ်လျဉ်း၍ မည်သို့နားလည်လာကြသနည်း။

၁၇ ဂျူးအသိုင်းအဝိုင်းသည် လူတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံအနေနှင့် ဗျာဒိတ် ၇:၄-၈ သို့မဟုတ် သခင့်နေ့တော်ဆိုင်ရာ အခြားကျမ်းစာ ပရောဖက်ပြုချက်များထဲမှ ဣသရေလမဟုတ်ကြောင်း ထင်ရှားခဲ့သည်။ ဂျူးတို့သည် မိရိုးဖလာအလိုက် ဘုရားသခင့်နာမတော်ကို မသုံးဘဲ နေလာကြသည်။ (မဿဲ ၁၅:၁-၃၊ ၇-၉) ၁၉၃၄ ခုနှစ်တွင် ယေဟောဝါသက်သေများ ထုတ်ဝေသော ယေဟောဝါ ဟူသည့်စာအုပ်က ယေရမိ ၃၁:၃၁-၃၄ ကိုဆွေးနွေးစဉ် ဤသို့ပြတ်သားစွာ တင်ပြလိုက်သည်– “ပဋိညာဉ်သစ်သည် ဣသရေလ၏ ဇာတိသားစဉ်မြေးဆက်များနှင့်လည်းကောင်း၊ သာမန်လူသားထုနှင့်လည်းကောင်း ဘာမျှမပတ်သက်။ . . . ဝိညာဏဣသရေလလူမျိုးနှင့်သာ သီးသန့်သက်ဆိုင်သည်။” ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ကျမ်းစာပရောဖက်ပြုချက်များသည် ဇာတိဂျူးများနှင့်ဖြစ်စေ၊ အစ္စရေးလ်နိုင်ငံနှင့်ဖြစ်စေ မဆိုင်။ အစ္စရေးလ်နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သည့်ပြင် ယောဟန် ၁၄:၁၉၊ ၃၀ နှင့် ၁၈:၃၆ ၌ ယေရှုဖော်ပြသော လောက၏အစိတ်အပိုင်းလည်း ဖြစ်သည်။

၁၈ ၁၉၃၁ ခုနှစ်၌ ကမ္ဘာပေါ်ရှိ ဘုရားသခင့်ကျွန်များသည် ယေဟောဝါသက်သေများ ဟူသောအမည်ကို ဝမ်းသာအားရ ခံယူခဲ့လေပြီ။ “အလင်းသည် တရားသောသူအဖို့၊ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သောသူတို့အဖို့ ပျိုးကြဲလျက်ရှိ၏။ (“ပြိုးပြက်ဝင်းလက်ခဲ့ပြီ။” ကဘ)” ဟူသောဆာလံ ၉၇:၁၁ ပါစကားများကို သူတို့စိတ်နှလုံးအပြည့်အဝ သဘောတူနိုင်ခဲ့ကြ၏။ ဝိညာဏဣသရေလလူမျိုးသာလျှင် ပဋိညာဉ်သစ်ထဲသို့ ဆောင်သွင်းခံရကြောင်း သူတို့ရှင်းလင်းစွာ ဝေဖန်ပိုင်းခြားနိုင်ခဲ့သည်။ (ဟေဗြဲ ၉:၁၅; ၁၂:၂၂၊ ၂၄) တုံ့ပြန်မှုမရှိသော ဇာတိဣသရေလဖြစ်စေ သာမန်လူသားထုဖြစ်စေ ၎င်းနှင့် လုံးဝမပတ်သက်။ ဤနားလည်ချက်ကြောင့် ဘုရားသခင့်အလင်းတော် ထိန်ထိန်ညီးအောင် ပြိုးပြက်ဝင်းလက်ရန် လမ်းစပွင့်သွားကာ သီအိုကရက်တစ်သမိုင်းတွင် ထူးကဲသောမော်ကွန်းဖြစ်ခဲ့သည်။ ဤအချက်က အထံတော်သို့ချဉ်းကပ်သော လူသားများအား မိမိ၏ကရုဏာ၊ ချစ်ခင်ကြင်နာမှုနှင့် သမ္မာတရားကို ယေဟောဝါ မည်မျှကြွယ်ဝစွာ ပေးသနားတော်မူကြောင်း ပေါ်လွင်စေမည်ဖြစ်၏။ (ထွက်မြောက်ရာ ၃၄:၆; ယာကုပ် ၄:၈) မှန်ပေသည်။ ဖျက်ဆီးခြင်း၏ လေးမျက်နှာလေများကို ကောင်းကင်တမန်များ ကိုင်ထားခြင်းကြောင့် ဘုရားသခင့်ဣသရေလလူမျိုးအပြင် အခြားသူများပါ ကောင်းကျိုးရကြမည်ဖြစ်သည်။ မည်သူများဖြစ်နိုင်သနည်း။ သင်သည် သူတို့ထဲကတစ်ယောက် ဖြစ်နိုင်မည်လော။ ကြည့်ကြပါစို့။

[အောက်ခြေမှတ်ချက်]

a ဣသရေလဟူသောအမည်သည် “ဘုရားသခင်ဆိုင်ပြိုင်သည်၊ ဘုရားသခင်နှင့် ဆိုင်ပြိုင်သူ (ဇွဲလုံ့လကောင်းသူ)” ဟူသောအဓိပ္ပာယ်ရှိသည်မှာ လျောက်ပတ်၏။​—ကမ္ဘာဦး ၃၂:၂၈၊ ကမ္ဘာသစ် ဘာသာပြန် ရည်ညွှန်ကျမ်းစာ၊ အောက်ခြေမှတ်ချက်။

[စာမျက်နှာ ၁၁၄ ပါ ရုပ်ပုံ]

[စာမျက်နှာ ၁၁၇ ပါ ရုပ်ပုံ]

ဘုရားသခင်၏ စစ်မှန်သော ဣသရေလလူမျိုးကို အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့မှ ၁၉၃၅ ခုနှစ်အထိ ရွေးချယ်ခဲ့သည်။ ထိုနှစ်တွင် ဝါရှင်တန် ဒီ၊စီ၊ ၌ကျင်းပသော ယေဟောဝါသက်သေများ၏ သမိုင်းဝင်စည်းဝေးကြီးတွင် မြေကြီးအသက်တာရရန် မျှော်လင့်ချက် ရှိသူ လူအုပ်ကြီးကို စုသိမ်းဖို့ အာရုံစိုက်လာကြ (ဗျာဒိတ် ၇:၉)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ