ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wt အခန်း ၁၃ စာ. ၆၄-၆၇
  • ယေဟောဝါ၏ ပလ္လင်တော်ရှေ့ရောက် လူအုပ်ကြီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏ ပလ္လင်တော်ရှေ့ရောက် လူအုပ်ကြီး
  • စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူအုပ်ကြီး မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိခြင်း
  • ထိုက်တန်ကြောင်း သက်သေထူခြင်း
  • ယခုပင် ခံစားရသည့် အကျိုးကျေးဇူးများ
  • ဧရာမ လူအုပ်ကြီး
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • “လူအုပ်ကြီးတစ်အုပ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • လူအုပ်ကြီးတစ်အုပ် ဘုရားသခင်ကိုဝတ်ပြုနေကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အသက်စမ်းရေတွင်းသို့ လမ်းပြခံထိုက်သူများအဖြစ် ယူမှတ်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
wt အခန်း ၁၃ စာ. ၆၄-၆၇

အခန်း တစ်ဆယ့်သုံး

ယေဟောဝါ၏ ပလ္လင်တော်ရှေ့ရောက် လူအုပ်ကြီး

၁။ (က) ခရစ်ယာန်ခေတ် မတိုင်မီက ဘုရားသခင့် အစေခံများဖြစ်စေ၊ ၁၄၄,၀၀၀ ဖြစ်စေ ၎င်းတို့၏ဆုလာဘ် လက်ခံရရှိခြင်းမရှိမီ အဘယ်အရာကို တွေ့ကြုံကြရမည်နည်း။ (ခ) ယခုခေတ်တွင် အသက်ရှင်နေသည့် “လူအုပ်ကြီး” အတွက် အဘယ်အလားအလာ ဖြစ်ပျက်နိုင်သနည်း။

အာဗေလမှစ၍ နှစ်ခြင်းဆရာ ယောဟန်အထိ သစ္စာရှိသော အစေခံများသည် ဘုရားသခင့် အလိုတော်ဆောင်ခြင်းကို သူတို့၏အသက်တာတွင် ဦးထိပ်ထားခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံး သေဆုံးခဲ့ကြပြီး ဘုရားသခင့် ကမ္ဘာသစ် မြေကြီးပေါ်တွင် အသက်ရှင်ရန် ရှင်ပြန်ထမြောက်ခြင်းကို စောင့်မျှော်လျက်ရှိကြသည်။ ဘုရားသခင့် ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ အုပ်စိုးကြမည့် ၁၄၄,၀၀၀ တို့လည်း ၎င်းတို့၏ဆုလာဘ်ကို မရယူမီ သေဆုံးရကြမည်ဖြစ်သည်။ သို့ရာတွင် ဤနောက်ဆုံးသော နေ့ရက်များအတွင်း သေခြင်းနှင့် တွေ့ဆုံရခြင်းမရှိဘဲ မြေကြီးပေါ်တွင် ထာဝရအသက်ရှင်ခွင့် အလားအလာရှိကြသည့် “လူအုပ်ကြီးတစ်အုပ်” လူမျိုးအပေါင်းတို့အထဲမှ ထွက်လာမည့်အကြောင်း ဗျာဒိတ် ၇:၉ (ကဘ) ကဖော်ပြသည်။ သင်သည် ထိုသူတို့ထဲတွင် ပါဝင်သလော။

လူအုပ်ကြီး မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိခြင်း

၂။ ဗျာဒိတ် ၇:၉ မှ လူအုပ်ကြီး မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာ သဘောပေါက်ရန် အဘယ်အရာများက လမ်းခင်းပေးခဲ့သနည်း။

၂ ၁၉၂၃ ခုနှစ်တွင် ယေဟောဝါ၏ အစေခံများက မဿဲ ၂၅:၃၁-၄၆ တွင်တွေ့ရသော ယေရှု၏ ပုံဥပမာမှ “သိုးများ” နှင့် ယောဟန် ၁၀:၁၆ တွင် မှတ်တမ်းတင်ထားသည့် “အခြားသိုးများ” သည် မြေကြီးပေါ်တွင် ထာဝစဉ် အသက်ရှင်ရန် အခွင့်အလမ်း ရှိသူများဖြစ်ကြောင်း သိမြင်လာကြသည်။ ၁၉၃၁ ခုနှစ်တွင် ယေဇကျေလ ၉:၁-၁၁ တွင် နဖူး၌ မှတ်သားခံရသူများအဖြစ် ဖော်ပြထားသူတို့သည်လည်း မြေကြီးဆိုင်ရာ မျှော်လင့်ချက်ရှိသူများဖြစ်ကြောင်း သိမြင်လာကြသည်။ ထို့နောက် ၁၉၃၅ ခုနှစ်တွင် လူအုပ်ကြီးသည် ယေရှု မိန့်ဆိုခဲ့သည့် အခြားသိုးအတန်းအစား၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း သိရှိလာသည်။ ယနေ့တွင် မျက်နှာသာတော် ခံစားရသော လူအုပ်ကြီးသည် အရေအတွက် သန်းနှင့်ချီ၍ ဖြစ်လာလေပြီ။

၃။ “ပလ္လင်တော်ရှေ့” တွင် ရပ်နေသည် ဟူသောစကားက ကောင်းကင်အတန်းအစားတစ်ရပ်ကို အဘယ်ကြောင့် မရည်ညွှန်းသနည်း။

၃ ထိုလူအုပ်ကြီးသည် ကောင်းကင်ဘုံ၌ ရှိသည်ဟု ဗျာဒိတ် ၇:၉ ကမဖော်ပြပါ။ သူတို့သည် ဘုရားသခင့် “ပလ္လင်တော်ရှေ့” ရပ်လျက်ရှိသည်ဟုဆိုရာ၌ ကောင်းကင်ဘုံတွင် ရောက်ရှိနေစရာ မလိုပါ။ သူတို့သည် ဘုရားသခင့် မြင်ကွင်းတွင် ရောက်ရှိနေခြင်းမျှသာဖြစ်သည်။ (ဆာလံ ၁၁:၄) “မည်သူမျှ မရေတွက်နိုင်သော” ဤလူအုပ်ကြီးသည် ကောင်းကင်အတန်းအစား မဟုတ်ကြောင်း ယင်း၏ အတိအကျ ဖော်ပြခြင်းမရှိသည့် အရေအတွက်ကို ဗျာဒိတ် ၇:၄-၈ နှင့် ဗျာဒိတ် ၁၄:၁-၄ မှရေးသားချက်နှင့် နှိုင်းယှဉ်ခြင်းဖြင့် သိရှိနိုင်သည်။ ထိုကျမ်းချက်များတွင် မြေကြီးမှ ကောင်းကင်ဘုံသို့ ခေါ်ဆောင်ခံရသူတို့၏ အရေအတွက်ကို ၁၄၄,၀၀၀ ဖြစ်ကြောင်း ဖော်ပြထားသည်။

၄။ (က) လူအုပ်ကြီး ကပ်ကျော်သည့် “ဆင်းရဲဒုက္ခကြီး” ကား အဘယ်နည်း။ (ခ) ဗျာဒိတ် ၇:၁၁၊ ၁၂ တွင်ဖော်ပြထားသည့်အတိုင်း လူအုပ်ကြီးကို မည်သူတို့ စောင့်ကြည့်နေပြီး သူတို့နှင့်အတူ ကိုးကွယ်မှုတွင် ပါဝင်ကြသနည်း။

၄ လူအုပ်ကြီးနှင့်ပတ်သက်၍ ဗျာဒိတ် ၇:၁၄ [ကဘ] က “ဤသူတို့မှာ ဆင်းရဲဒုက္ခကြီးထဲက ထွက်လာကြသူများဖြစ်ကြ” သည်ဟုဆို၏။ လူ့သမိုင်းတွင် ကြုံဖူးသမျှ ဘေးဒုက္ခများအနက် အဆိုးဆုံးသော ဘေးဒုက္ခကြီးကို သူတို့ ကပ်ကျော်ကြသည်။ (မဿဲ ၂၄:၂၁) သူတို့၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်နှင့် ခရစ်တော်တို့ကို ကျေးဇူးတင် ချီးမွမ်းကြသည့်အခါ၌ ကောင်းကင်ဘုံရှိ သစ္စာရှိသတ္တဝါ ခပ်သိမ်းတို့သည် သူတို့နှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် “အာမင်၊ ငါတို့၏ ဘုရားသခင်၌ ကောင်းချီး၊ ဘုန်းတော်၊ ပညာတော်၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်တော်၊ တန်ခိုးတော်နှင့် ခွန်အားတော် နိစ္စထာဝရ ရှိပါစေသော။ အာမင်” ဟုလျှောက်ဆိုကြလိမ့်မည်။—ဗျာဒိတ် ၇:၁၁၊ ၁၂။

ထိုက်တန်ကြောင်း သက်သေထူခြင်း

၅။ လူအုပ်ကြီးအဝင်ဖြစ်ရန် အဘယ်အရာလိုအပ်ကြောင်း ကျွန်ုပ်တို့ မည်သို့သိနိုင်သနည်း။

၅ ဆင်းရဲဒုက္ခကြီးမှ လူအုပ်ကြီး ကာကွယ်စောင့်ရှောက်ခံရခြင်းသည် ယေဟောဝါ၏ ဖြောင့်မတ်သောစံနှုန်းများနှင့် အညီဖြစ်သည်။ ကယ်တင်ခံရမည့် ဤသူတို့၏ ထင်ရှားသော စရိုက်လက္ခဏာများကို သမ္မာကျမ်းစာတွင် ရှင်းလင်းစွာ ဆွေးနွေးတင်ပြထားသည်။ ထို့ကြောင့် ဖြောင့်မတ်ခြင်းတရား မြတ်နိုးသူတို့အနေဖြင့် ကပ်ကျော်ခြင်းနှင့်ထိုက်တန်အောင် ယခုပင် လုပ်ဆောင်နိုင်ကြပေသည်။ ဤသူတို့ အဘယ်အရာ လုပ်ဆောင်ကြရမည်နည်း။

၆။ လူအုပ်ကြီးကို သိုးများနှင့် အဘယ်ကြောင့် လျောက်ပတ်စွာ ပုံခိုင်းနိုင်သနည်း။

၆ သိုးဆိုသည်မှာ နူးညံ့သိမ်မွေ့၍ ကျိုးနွံတတ်သည့် တိရစ္ဆာန်ဖြစ်သည်။ ထို့ကြောင့် ယေရှုက မိမိ၌ ကောင်းကင်အတန်းအစားဝင် မဟုတ်သော အခြားသိုးများရှိသည်ဟု မိန့်ဆိုရာ၌ မြေကြီးပေါ်တွင် ထာဝစဉ် အသက်ရှင်လိုရုံမက မိမိ၏ ဒေသနာတော်များကို ကျိုးနွံနာခံမည့်သူများကို ကိုယ်တော် ဆိုလိုခြင်းဖြစ်သည်။ “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏” ဟု ယေရှုမိန့်တော်မူ၏။ (ယောဟန် ၁၀:၁၆၊ ၂၇) ဤသူတို့သည် ယေရှု မိန့်တော်မူသမျှကို အမှန် နားထောင်၍ လိုက်နာကျင့်ဆောင်ကာ ကိုယ်တော့်တပည့်တော်များ ဖြစ်လာကြသူများ ဖြစ်ကြသည်။

၇။ ယေရှု၏ နောက်တော်လိုက်များသည် အဘယ် အရည်အသွေးများကို ပြုစုပျိုးထောင်ရန် လိုသနည်း။

၇ ယေရှု၏ ဤနောက်တော်လိုက် တစ်ဦးစီအနေဖြင့် အခြား အဘယ် အရည်အသွေးများကို ပြုစုပျိုးထောင်ရန် လိုသနည်း။ “အထက်က အပြုအမူနှင့် လျော်ညီသော . . . စရိုက်လက္ခဏာဟောင်းကို ချွတ်ပယ်၍ . . . မှန်သောဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်ခြင်းအားဖြင့် ဘုရားသခင့်အလိုတော်နှင့်အညီ ဖန်ဆင်းသော စရိုက်လက္ခဏာသစ်ကို ဝတ်ဆင်ရာ၏” ဟု ဘုရားသခင့် နှုတ်ကပါဌ်တော်က ဖြေဆိုသည်။ (ဧဖက် ၄:၂၂-၂၄၊ ကဘ) သူတို့သည် ဘုရားသခင့် အစေခံများ၏ စည်းလုံးမှုကို တိုးပွားစေသော အရည်အသွေးများဖြစ်သည့် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း” တို့ကို ပြုစုပျိုးထောင်ကြ၏။—ဂလာတိ ၅:၂၂၊ ၂၃။

၈။ လူအုပ်ကြီးသည် အကြွင်းအကျန်များကို ထောက်ခံအားပေးခြင်းကြောင့် အဘယ်အရာကို ရင်ဆိုင်ရမည်နည်း။

၈ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်လျက်ရှိသည့် ကောင်းကင်မျှော်လင့်ချက်ရှိသူ အနည်းစုကို လူအုပ်ကြီးက အားပေးထောက်ခံကြ၏။ (မဿဲ ၂၄:၁၄; ၂၅:၄၀) ဤနောက်ဆုံးနေ့ရက်များ၏ အစပိုင်းတွင် ခရစ်တော်ယေရှုနှင့် ကိုယ်တော့် ကောင်းကင်တမန်တို့သည် စာတန်နှင့် သူ၏နတ်ဆိုးများကို ကောင်းကင်မှ ပစ်ချခဲ့သောကြောင့် အခြားသိုးများက ဆန့်ကျင်ခြင်း ရင်ဆိုင်ရမည်ကို သိလျက်နှင့် ဤသို့ အားပေးထောက်ခံကြသည်။ ဤကား ‘မြေကြီးအဖို့ အမင်္ဂလာရှိခြင်း’ မည်၏။ “အကြောင်းမှာ၊ မာရ်နတ်သည် မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ။” (ဗျာဒိတ် ၁၂:၇-၁၂၊ ကဘ) ထို့ကြောင့် ဤစနစ်၏အဆုံး နီးကပ်လာသည်နှင့်အမျှ စာတန်သည် ဘုရားသခင့် အစေခံများအား တိုး၍ ဆန့်ကျင်တိုက်ခိုက်လာသည်။

၉။ သတင်းကောင်း ဟောပြောရာ၌ ဘုရားသခင့် အစေခံများသည် မည်မျှ အောင်မြင်သနည်း။ အဘယ်ကြောင့်နည်း။

၉ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် ခံရသည့်ကြားမှ ဟောပြောခြင်းလုပ်ငန်းသည် ဆက်၍တိုးပွားလျက်ရှိသည်။ ပထမကမ္ဘာစစ် ပြီးဆုံးချိန်၌ နိုင်ငံတော်သတင်း ဟောပြောသူ ထောင်ဂဏန်း အနည်းငယ်မျှသာ ရှိခဲ့ရာမှ ယခု သန်းနှင့်ချီ၍ ရှိလာသည်။ အဘယ်ကြောင့်ဆိုသော် “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ” ဟူ၍ ယေဟောဝါ ကတိပြုထား၍ဖြစ်သည်။ (ဟေရှာယ ၅၄:၁၇) ဘုရားသခင့် လုပ်ငန်းတော်သည် ရှုံးနိမ့်မည် မဟုတ်ကြောင်း ဂျူးလွှတ်တော်ချုပ် အဖွဲ့ဝင်တစ်ဦးကပင် အသိအမှတ်ပြုခဲ့သည်။ တပည့်တော်များနှင့်စပ်လျဉ်း၍ ပထမရာစုရှိ ဖာရိရှဲတို့အား သူက “ဤသူတို့ကို အရေးမယူဘဲ ရှိနေပါစေ၊ ဤအကြံအစည်၊ အခြင်းအရာသည် လူမှဖြစ်လျှင် ပျက်ရမည်။ ဘုရားမှဖြစ်လျှင်မူကား ထိုသူတို့ကို သင်တို့ မဖျက်နိုင်သည့်ပြင်၊ ဘုရားသခင်ကို တော်လှန်ရာ ရောက်ကြမည့် စိုးရိမ်ရန်ရှိသည်” ဟုပြောကြားခဲ့၏။—တမန်တော် ၅:၃၈၊ ၃၉၊ သမ။

၁၀။ (က) လူအုပ်ကြီး၌ ပါဝင်သူများပေါ်တွင်ရှိသော “အမှတ်” ကားအဘယ် အဓိပ္ပာယ်ရှိသနည်း။ (ခ) ‘ကောင်းကင်မှအသံ’ ကို ဘုရားသခင့် အစေခံများ မည်သို့နာခံကြသနည်း။

၁၀ လူအုပ်ကြီးအဝင်တို့ကို ကပ်ကျော်ရန် မှတ်သားခံရသူများအဖြစ် ပုံဖော်ထားသည်။ (ယေဇကျေလ ၉:၄-၆) “အမှတ်” ဆိုသည်မှာ သူတို့ ယေဟောဝါထံ အပ်နှံ၍ ယေရှု၏ တပည့်တော်များအဖြစ် နှစ်ခြင်းခံပြီးလျှင် ခရစ်တော်ကဲ့သို့သော စရိုက်လက္ခဏာကို ကြိုးစား၍ ပြုစုပျိုးထောင်လျက်ရှိခြင်း၏ သက်သေအထောက်အထားဖြစ်သည်။ သူတို့သည် စာတန်၏ မိစ္ဆာဘာသာ ကမ္ဘာ့အင်ပါယာနှင့်ပတ်သက်၍ “ငါ၏လူတို့၊ သင်တို့သည် သူ၏အပြစ်နှင့် မဆက်ဆံလို၊ သူခံရသောကပ်များကို မခံလိုလျှင် သူ၏အထဲမှ ထွက်လာကြလော့” ဟူသော ‘ကောင်းကင်မှအသံ’ ကိုနာခံကြ၏။—ဗျာဒိတ် ၁၈:၁-၅၊ ကဘ။

၁၁။ လူအုပ်ကြီးသည် ယေဟောဝါ၏ အစေခံများဖြစ်ကြောင်း အဘယ်အရေးကြီးသည့်နည်းဖြင့် တင်ပြကြသနည်း။

၁၁ ၎င်းပြင်၊ ယေရှုက နောက်တော်လိုက်များအား “သင်တို့သည် အချင်းချင်း ချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟူ၍လည်း မိန့်တော်မူခဲ့၏။ (ယောဟန် ၁၃:၃၅) ယင်းနှင့်ဆန့်ကျင်လျက် ဤလောကရှိ ဘာသာတရားများ၏ အသင်းသားများသည် လူမျိုးရေး ကွဲပြားမှုသက်သက်ဖြင့် အခြားဘာသာဝင်များကို စစ်ပွဲတွင် သတ်ဖြတ်ကြသည်။ “ထိုသို့သော လက္ခဏာအားဖြင့် ဘုရားသခင်၏ သားတို့နှင့် မာရ်နတ်၏ သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိညီအစ်ကိုကို မချစ်သောသူ မည်သည်ကား ဘုရားသခင်နှင့်မဆိုင်။ . . . မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်း ချစ်ရကြမည်” ဟု ဘုရားသခင့် နှုတ်ကပါဌ်တော်ကဆို၏။—၁ ယောဟန် ၃:၁၀-၁၂။

၁၂။ ဆင်းရဲဒုက္ခကြီးတွင် မကောင်းသောအသီး,သီးသော ဘာသာရေး “အပင်များ” ကို ယေဟောဝါ မည်သို့ပြုတော်မူမည်နည်း။

၁၂ “ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။ ကောင်းသောအသီး မသီးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်တတ်၏။ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိရကြလိမ့်မည်” ဟုယေရှုက အတိအလင်းဆိုခဲ့သည်။ (မဿဲ ၇:၁၇-၂၀) ဤလောက၏ ဘာသာတရားများ သီးသောအသီးက ၎င်းတို့သည် မကောင်းသော “အပင်များ” ဖြစ်ကြောင်း၊ များမကြာမီ ဆင်းရဲဒုက္ခကြီးတွင် ယေဟောဝါ၏ ဖျက်ဆီးခြင်းခံရမည်ဖြစ်ကြောင်း ထင်ရှားစေသည်။—ဗျာဒိတ် ၁၇:၁၆။

၁၃။ လူအုပ်ကြီးသည် ယေဟောဝါ၏ “ပလ္လင်တော်ရှေ့” စည်းလုံးစွာ ရပ်လျက်ရှိကြောင်း မည်သို့ပြသကြသနည်း။

၁၃ ဗျာဒိတ် ၇:၉-၁၅ (ကဘ) က လူအုပ်ကြီး ကာကွယ်စောင့်ရှောက်ခံရသည့် အခြေခံအကြောင်းများကို အာရုံပြုစေသည်။ သူတို့သည် တညီတညွတ်တည်း ယေဟောဝါ၏ ‘ပလ္လင်တော်ရှေ့ရပ်လျက်’ ကိုယ်တော်၏ စကြဝဠာ အချုပ်အခြာအာဏာတော်ကို ထောက်ခံလျက်ရှိကြကြောင်း ဖော်ပြထားသည်။ သူတို့သည် “သိုးသငယ်၏သွေး၌ မိမိတို့၏ ဝတ်လုံကို ဖြူအောင်လျှော်ကြ” ခြင်းက ယေရှု၏ အပြစ်ဖြေရာယဇ်ကို အသိအမှတ်ပြုကြောင်း ပြသသည်။ (ယောဟန် ၁:၂၉) သူတို့သည် ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုအပ်နှံပြီး ရေတွင်နှစ်မြှုပ်ခြင်းဖြင့် အမှတ်သင်္ကေတ ပြခဲ့ကြပြီ။ ထို့ကြောင့် သူတို့သည် ဘုရားသခင့် ရှေ့တော်တွင် စင်ကြယ်သည့်အနေအထား ရရှိခံစားကြရသည်။ ဤအချက်ကို ဖြူသောဝတ်လုံများနှင့် “မြင့်မြတ်သော အမှုတော်ကို နေ့ညမပြတ်” ထမ်းဆောင်ခြင်းတို့ဖြင့် ပုံဖော်ထား၏။ ဤတွင် ဖော်ပြထားသည့် အရာများနှင့် ပိုမိုကိုက်ညီရလေအောင် သင့်အသက်တာတွင် ပြုပြင်စရာများ ရှိပါသလော။

ယခုပင် ခံစားရသည့် အကျိုးကျေးဇူးများ

၁၄။ ယေဟောဝါ၏ အစေခံများ ယခုပင် ခံစားနေရသည့် ထူးကဲသည့် အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။

၁၄ ယေဟောဝါအား ဝတ်ပြုသူတို့ ယခုပင် ခံစားရသည့် ထူးကဲသော အကျိုးကျေးဇူးများကို သင်တွေ့မြင်ရပေမည်။ သာဓကတစ်ခုအနေနှင့် ယေဟောဝါ၏ ဖြောင့်မတ်သော ရည်ရွယ်ချက်များအကြောင်းကို သိလာသည့်အခါ အနာဂတ်တွင် တောက်ပသော မျှော်လင့်ချက်တစ်ခုရှိကြောင်း သင်သိနားလည်ခဲ့သည်။ ထို့ကြောင့် ယခု သင်၌ စစ်မှန်သည့် ရည်ရွယ်ချက် ရှိလာသည်။ ၎င်းမှာ ပရဒိသု မြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ခြင်း တည်းဟူသော ပျော်ရွှင်ဖွယ် အလားအလာနှင့်အတူ မှန်သောဘုရားသခင်အား ဝတ်ပြုခြင်းပင်ဖြစ်သည်။ မှန်ပေသည်၊ ရှင်ဘုရင် ယေရှုခရစ်သည် လူအုပ်ကြီးကို “အသက်စမ်းရေဝများဆီသို့ ပို့ဆောင်တော်မူမည်။”—ဗျာဒိတ် ၇:၁၇၊ ကဘ။

၁၅။ ယေဟောဝါသက်သေများသည် နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စများ၌ သမ္မာကျမ်းစာ အခြေခံမူများကို ကိုင်စွဲခြင်းဖြင့် မည်သို့ အကျိုးကျေးဇူး ခံစားရသနည်း။

၁၅ လူအုပ်ကြီး ခံစားရသည့် အံ့ချီးဖွယ် အကျိုးကျေးဇူးတစ်ခုမှာ မြေတစ်ပြင်လုံးတွင် ယေဟောဝါ၏ အစေခံများဘောင်တွင် တွေ့ရှိရသည့် မေတ္တာနှင့် စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ဝိညာဉ်အစာ တစ်မျိုးတည်းကို သုံးဆောင်ကြသည်ဖြစ်၍ ဘုရားသခင့် နှုတ်ကပါဌ်တော်တွင်တွေ့ရသည့် တစ်မျိုးတည်းသော ပညတ်တရားနှင့် အခြေခံမူများကို လိုက်နာကြ၏။ ယင်းအကြောင်းကြောင့် ကျွန်ုပ်တို့သည် နိုင်ငံရေး သို့မဟုတ် လူမျိုးရေး သဘောတရားများကြောင့် သွေးကွဲခြင်းမရှိကြချေ။ ၎င်းပြင်၊ လူမျိုးတော်ကို ဘုရားသခင် တောင်းဆိုသည့် မြင့်မားသော ကိုယ်ကျင့်တရား စံနှုန်းများကို ကျွန်ုပ်တို့ စောင့်ထိန်းကြသည်။ (၁ ကောရိန္သု ၆:၉-၁၁) သို့ဖြင့်၊ လောက၌ နေရာအနှံ့ တွေ့နေရသည့် ပဋိပက္ခ၊ သွေးကွဲမှုနှင့် ကိုယ်ကျင့်တရား ပျက်ပြားမှုတို့ကို တွေ့ကြုံရမည့်အစား ယေဟောဝါ၏ လူမျိုးတော်သည် ဝိညာဉ်ရေး ပရဒိသုဟု ခေါ်လောက်သောအရာကို မွေ့လျော်ခံစားရကြသည်။ ဤအကြောင်းကို ဟေရှာယ ၆၅:၁၃၊ ၁၄ တွင် ဖော်ပြထားပုံကို ဂရုပြုပါ။

၁၆။ သာမန်ဖြစ်သော ဘဝပြဿနာများကို တွေ့ကြုံရသည့်တိုင်အောင် လူအုပ်ကြီး၌ပါဝင်သူတို့သည် အဘယ် မျှော်လင့်ချက်ရှိကြသနည်း။

၁၆ ယေဟောဝါ၏ လူသားအစေခံများသည် မစုံလင်သူများ ဖြစ်ကြသည်။ ၎င်းပြင် အခက်အခဲ အကျပ်အတည်းများ ကြုံရခြင်း၊ သို့မဟုတ် တိုင်းနိုင်ငံများ တိုက်ခိုက်သည့်စစ်ပွဲများ၌ အပြစ်မဲ့သော သားကောင်များဖြစ်ရခြင်း ကဲ့သို့သော ဤလောက၌ တွေ့ကြုံနေကျ ပြဿနာများနှင့်လည်း မကင်းကြချေ။ ဖျားနာခြင်း၊ ဒုက္ခဆင်းရဲနှင့် သေခြင်းတို့ကိုလည်း ကြုံရကြသည်။ သို့သော် သူတို့သည် ကမ္ဘာသစ်ကို ယုံကြည်ကြသည်။ ဘုရားသခင်သည် “သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းလည်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။”—ဗျာဒိတ် ၂၁:၄၊ ကဘ။

၁၇။ ယခုအခါ ကျွန်ုပ်တို့ အဘယ်အရာပင် ကြုံတွေ့ရသည်ဖြစ်စေ မှန်သောဘုရားသခင်အား ကိုးကွယ်သူတို့အဖို့ အဘယ်အံ့ချီးဖွယ် အနာဂတ် စောင့်ကြိုလျက်ရှိသနည်း။

၁၇ အိုမင်းခြင်း၊ ဖျားနာခြင်း၊ မတော်တဆဖြစ်ခြင်း၊ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် ယခု အသက်ဆုံးရသည့်တိုင်အောင် ယေဟောဝါသည် သင့်အား ပရဒိသုတွင် အသက်ရှင်ရန် ရှင်ပြန်ထမြောက်စေတော်မူမည်။ (တမန်တော် ၂၄:၁၅) ထိုအခါ သင်သည် ခရစ်တော်၏ အနှစ်တစ်ထောင် စိုးစံချိန်အတွင်း ဝိညာဉ်ရေး ခဲဖွယ်စားဖွယ်ကို ဆက်လက်၍ သုံးဆောင်သွားရပေမည်။ ဘုရားသခင့် ရည်ရွယ်ချက်များ ခမ်းနားထည်ဝါစွာ အကောင်အထည် ပေါ်လာသည်ကို တွေ့မြင်ရသည်နှင့်အမျှ ကိုယ်တော်ကိုချစ်သော သင်၏မေတ္တာလည်း နက်ရှိုင်းလာပေမည်။ ထိုအချိန်တွင် ယေဟောဝါ ထပ်ဆင့်ပေးမည့် ရုပ်ပိုင်းဆိုင်ရာ ကောင်းချီးများကလည်း ကိုယ်တော်ပေါ်ထားရှိသည့် သင့်မေတ္တာကို တိုး၍နက်ရှိုင်းစေပါလိမ့်မည်။ (ဟေရှာယ ၂၅:၆-၉) ဘုရားသခင့် လူမျိုးတော်အဖို့ အံ့ချီးဖွယ်အနာဂတ် စောင့်ကြိုလျက် ရှိသည်တကား!

ပြန်လည်သုံးသပ်ဆွေးနွေးခြင်း

• သမ္မာကျမ်းစာက အဘယ်ထူးခြားသည့် ဖြစ်ရပ်နှင့် လူအုပ်ကြီးကို ဆက်စပ်ထားသနည်း။

• ဘုရားသခင့် မျက်နှာသာတော် ခံစားရသည့် လူအုပ်ကြီးတွင် အမှန်တကယ် ပါဝင်လိုပါက ယခု ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်ရမည်နည်း။

• လူအုပ်ကြီး ယခု ခံစားနေရသည့် ကောင်းချီးများနှင့် ဘုရားသခင့် ကမ္ဘာသစ်တွင် နောက်ထပ်ခံစားရမည့် ကောင်းချီးများသည် သင့်အတွက် မည်မျှ အရေးကြီးသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ